အခန်း (၁၂၀) လင်းရှီးအာ ၏ကိုယ်ပိုင်အတွေး
“သူ့ကို ကျန်းဝမ်ရပ်ကွက်က ဗီလာကို အရင် ခေါ်သွားလိုက်”
ဟွမ်ချန် သူ့သက်တော်စောင့်တွေကို အမိန့်ပေးလိုက်ပြီး၊ နောက်လှည့်မကြည့်ဘဲ အေးစက်တဲ့ မျက်နှာထားနဲ့ ထွက်ခွာသွားလေသည်။
သူ့မှာ အရေးတကြီး ဖြေရှင်းစရာ တခြား စာရင်းတွေ ရှိနေသေးတာ၊ ဒီကောင်စုတ်နဲ့ ဖြေရှင်းဖို့ ဘယ်လိုလုပ် အချိန်ရှိမှာလဲ။
ဟွမ်ဝမ်ဘင် ရဲ့ မျက်နှာတစ်ခုလုံး သွေးတွေ၊ ဒဏ်ရာတွေနဲ့ ဖုံးလွှမ်းနေပြီး၊ သူ့အဖေ ရှိရာဘက်ကို လက်ဝှေ့ယမ်းပြကာ ငိုကြွေးနေလေသည်။
“အဖေ အဖေ ကျွန်တော့်ကို... ကျွန်တော့်ကို မစွန့်ပစ်ပါနဲ့၊ ကျွန်တော် ကြောက်တယ်...”
သူ့အော်သံတွေက တဖြည်းဖြည်း အက်ကွဲတဲ့ ဟိန်းဟောက်သံ အဖြစ် ပြောင်းလဲသွားပြီး နောက်ဆုံးမှာ သက်တော်စောင့်တွေရဲ့ အတင်းအကျပ် ဆွဲခေါ်သွားခြင်း ခံလိုက်ရလေသည်။
ကြာရှည်စွာ ဆက်လက် ထွက်ပေါ်နေတဲ့ သနားစရာ ကောင်းတဲ့ ငိုကြွေးသံတွေသာ ကျန်ရစ်ခဲ့လေသည်။
“အဖေက နှုတ်ဆက်ထွက်ခွာသွားတယ်၊ သားက အော်ဟစ်ငိုကြွေး ကျန်ရစ်ခဲ့တယ်”
သူ့ရှေ့က မြင်ကွင်းကို ကြည့်ပြီး၊ ချင်းလန် စိတ်ရင်းမှန်နဲ့ သက်ပြင်းချလိုက်လေသည်။
လင်း မိသားစု သုံးယောက်လုံး နောက်ကနေ လိုက်လာကြပြီး၊ တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ကြလေသည်။
အဲ့ဒီအချိန်မှာပဲ လင်းထျန်လင်း ရဲ့ ဖုန်းထဲကို ‘ဒင်’ ဆိုတဲ့ အသိပေးသံ တစ်ခု ဝင်ရောက်လာလေသည်။
သူ ဖုန်းဖွင့်ကြည့်လိုက်ရာ ငွေဝင်ကြောင်း အတည်ပြုတဲ့ မက်ဆေ့ခ်ျ တစ်စောင် တွေ့လိုက်ရလေသည်။
“ဆယ်၊ ရာ၊ ထောင်၊ သောင်း၊ သိန်း၊ သန်း”
လင်းထျန်လင်း စိတ်ထဲကနေ တိတ်ဆိတ်စွာ ရေတွက်လိုက်ပြီး၊ လုံးဝ အံ့ဩမှင်သက်သွားလေသည်။
ငါးသန်း ရောက်လာပြီ။
သူက မူလက ဒါ ဟွမ်ချန် ရဲ့ ဆင်ခြေတစ်ခုပဲ ဖြစ်မယ်၊ လျော်ကြေး ပမာဏ အတိအကျကို ညှိနှိုင်းရဦးမယ် ထင်ခဲ့တာ။ ဒါပေမဲ့ ဒီလောက် မြန်မြန်ဆန်ဆန် သူ့အကောင့်ထဲ ရောက်လာလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။
“ရှင် ဘာတွေ ဒီလောက် စိုက်ကြည့်နေတာလဲ”
ကျောက်မင်ယွဲ့ မျက်လုံး လှန်ကြည့်လိုက်ပြီး ရှေ့တိုးကာ ခင်ပွန်းသည်ရဲ့ ဖုန်းကို လှမ်းကြည့်လိုက်လေသည်။
ရှူး...
ကျောက်မင်ယွဲ့ လည်း အသက်ရှူမှားသွားပြီး၊ သူမရဲ့ မျက်ဆံတွေ ကျဉ်းမြောင်းသွားလေသည်။
သူမ မိသားစု နှစ်ပေါင်းများစွာ ဖွင့်လှစ်ခဲ့တဲ့ ခေါက်ဆွဲဆိုင်ကို ပြန်လှည့်ကြည့်လိုက်ရာ၊ သူမရင်ထဲမှာ ထူးဆန်းတဲ့ ခံစားချက် တစ်ခု ဝင်ရောက်လာလေသည်။
ဘာလို့ ငါတို့ ခေါက်ဆွဲဆိုင်ကို ပြန်မပြင်ဘဲ၊ ဟွမ်ဝမ်ဘင် ကို ပြန်ခေါ်ပြီး ထပ်ရိုက်ခွဲခိုင်းရင် မကောင်းဘူးလား။
မဟုတ်ရင် သူမ ဒီပိုက်ဆံကို သိမ်းထားရတာ သက်တောင့်သက်သာ ရှိမှာ မဟုတ်ဘူး။
“မစ္စတာ ချင်း၊ ဟွမ်ချန် ပြောတဲ့ လျော်ကြေးငွေ ၅ သန်း ရောက်လာပါပြီ။”
လင်းထျန်လင်း ပြောလိုက်လေသည်။
သူက လောဘကြီးတဲ့သူ မဟုတ်ပေ သူ့သမီးကို ကြည့်ရင် သိနိုင်လေသည်။
သာမန် မိသားစု တစ်စုသာ မသန်စွမ်းတဲ့ သမီးတစ်ယောက် မွေးလာခဲ့ရင်၊ သူမကို စွန့်ပစ်မလား မပစ်ဘူးလား ဆိုတာ မစဉ်းစားဘဲ၊ ဒုတိယ ကလေး ယူဖို့ ဆိုတာ ရှောင်လွှဲလို့ မရတဲ့ ကိစ္စ တစ်ခု ဖြစ်လာမှာပင်။
ဒါပေမဲ့ လင်းထျန်လင်း က အဲ့လို မလုပ်ခဲ့ပါဘူး။ သူ့သမီးလေး စိတ်မကောင်း မဖြစ်ရအောင်၊ နောက်ထပ် ကလေးယူဖို့ ကိစ္စကို ဘယ်တုန်းကမှ ထည့်မပြောခဲ့ပေ။
ငွေပမာဏ အများကြီး ဖြစ်တဲ့ ၅ သန်း ဆိုတာ ထားလိုက်ပါတော့။
သူ့ခေါက်ဆွဲဆိုင် ရိုက်ခွဲခံလိုက်ရတာ မှန်ပေမယ့် ဆုံးရှုံးမှု အားလုံး ထည့်တွက်ရင်တောင် အများဆုံး ၅ သိန်း၊ ၆ သိန်းလောက်ပဲ တန်တာပါ။ ဘာကိစ္စ ဒီလောက် ပိုက်ဆံ အများကြီး လိုအပ်နေမှာလဲ။
“မစ္စတာ ချင်း၊ ဒီလို လုပ်ရင်ကောကျွန်တော်တို့ ဒီတစ်ခါ ၅ သိန်း ယူလိုက်မယ်၊ ကျန်တဲ့ ၄.၅ သန်းကို မစ္စတာ ချင်း ယူလိုက်ပါလား”
လင်းထျန်လင်း လေးလေးနက်နက် ပြောလိုက်လေသည်။
“ကျန်တဲ့ ၅ သိန်းက ခေါက်ဆွဲဆိုင် ပြင်ဖို့ လုံလောက်ပါတယ်”
ချင်းလန် စိတ်ထဲကနေ ခပ်ဟဟ ရယ်မောလိုက်လေသည်။
စုစုပေါင်း ၅ သန်း သူက ၄.၅ သန်းယူ လင်း မိသားစုက ၅ သိန်း ယူ၊ ပြီးတော့ သူတို့က သူ့ကို မစ္စတာ ချင်း လို့ပဲ ဆက်တိုက် ခေါ်နေတယ်။
“ဦးလေး၊ အဒေါ်၊ ကျွန်တော့်ကို မစ္စတာလို့ ခေါ်နေတာ ရပ်လိုက်ပါဗျာ။ ရှီးအာ နဲ့ ကျွန်တော်က အခု အတန်းဖော်တွေလေ။ ကျွန်တော့်ကို ချင်းလန်၊ ဒါမှမဟုတ် ချင်းလေး လို့ ခေါ်ရင် ရပါပြီ။ အရမ်း ယဉ်ကျေးမနေပါနဲ့။”
ချင်းလန် ပြုံးပြီး ညင်သာစွာ ပြောလိုက်လေသည်။
“ဒီပိုက်ဆံနဲ့ ပတ်သက်လို့တော့၊ ကျွန်တော် ယူဖို့ အစီအစဉ် မရှိပါဘူး။ ပိုနေတဲ့ ပမာဏကို ဟွမ်ချန် နဲ့ သူ့သားဆီက ဦးလေးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အတွက် လျော်ကြေးလို့ပဲ သတ်မှတ်လိုက်ပါ။”
ဒါ့အပြင် ဆိုင်က ဒီလို အကြီးအကျယ် ရိုက်ခွဲခံလိုက်ရတာ ကောင်းတဲ့ ကိစ္စ မဟုတ်ဘူးလေ။ ဦးလေးတို့ ဒီပိုက်ဆံကို ယူပြီး ပိုကြီးတဲ့ ခေါက်ဆွဲဆိုင် တစ်ဆိုင် ဖွင့်သင့်တယ်။ တကယ်လို့ အလုပ်မနိုင်ရင်၊ လူအနည်းငယ် ငှားလိုက်ပေါ့။
“ဒါဆို ကျွန်တော် နောက်ပိုင်း ရှီးအာ နဲ့ အတူနေဖို့ အချိန် ပိုရလာမှာပေါ့၊ ဟုတ်တယ်မလား”
“ဒါက...”
လင်းထျန်လင်း က နားလည်မှု နည်းနည်း နှေးကွေးပြီး၊ ပိုက်ဆံ ကိုင်ထားရတာ မသက်မသာ ဖြစ်နေလေသည်။
ကျောက်မင်ယွဲ့ က သူ့လက်မောင်းကို ဆွဲပြီး တိုက်တွန်းလိုက်လေသည်။
“အထဲ ဝင်ကြစို့။ ဒီအကြောင်း အပြင်မှာ မပြောနဲ့။ ငါတို့ ချမ်းသာတာ ဘယ်သူမှ မသိမှာ ကြောက်နေတာလား သူခိုးတွေ ပစ်မှတ်ထားမှာ မကြောက်ဘူးလား”
မိသားစု သုံးယောက်လုံး အိမ်ထဲ ပြန်ဝင်သွားပြီး ဒီကိစ္စကို စတင် ဆွေးနွေးကြလေသည်။
ချင်းလန် ကတော့ ပါဝင်ပတ်သက်ဖို့ အစီအစဉ် မရှိတာကြောင့် လင်းရှီးအာ ရဲ့ အိပ်ခန်းထဲ ဝင်ပုန်းနေလိုက်လေသည်။
…
ခဏလောက် ဆွေးနွေးပြီးနောက်၊ လင်းရှီးအာ ဘီးတပ်ကုလားထိုင်ပေါ် ထိုင်လျက် တံခါးဖွင့်ပြီး ဝင်လာကာ တံခါးပြန်ပိတ်လိုက်သည်။ သူမ ချင်းလန် ဘေးနား ရောက်လာချိန်မှာ ပါးပြင်တွေ နီရဲနေဆဲ ဖြစ်လေသည်။
လင်းထျန်လင်း နဲ့ ကျောက်မင်ယွဲ့ တို့ ဘာတွေ ပြောခဲ့လဲ မသိပေမယ့်၊ ကောင်မလေးကို နည်းနည်း ရှက်သွားစေခဲ့ပုံ ရသည်။
သူမ ထစ်ငေါ့စွာ ပြောလိုက်လေသည်။
“အစ်ကို ချင်း၊ ကျွန်မ မိဘတွေနဲ့ ခုနက ဆွေးနွေးပြီးပါပြီ၊ ဒီပိုက်ဆံ ပမာဏက တကယ် များလွန်းပါတယ်။ ကျွန်မတို့ ဒီလောက် အများကြီး မယူသင့်ပါဘူး။”
ဒါပေမဲ့ အစ်ကိုက ပိုက်ဆံ မလိုချင်ဘူး ဆိုတော့။ ကျွန်မ မိဘတွေက ဒီပိုက်ဆံကို သုံးပြီး ခေါက်ဆွဲဆိုင် အကြီးကြီး တစ်ဆိုင် ဖွင့်ချင်ကြတယ်၊ ပြီးတော့ အစ်ကိုက ရင်းနှီးမြှုပ်နှံသူ အနေနဲ့ နှစ်စဉ် အမြတ်ငွေ ရာခိုင်နှုန်း ခွဲဝေယူပေါ့။ အဲ့ဒါ အဆင်ပြေမလား။
“ရတာပေါ့။”
ချင်းလန် ဒီနေရာမှာ ငြင်းခုံနေဖို့ အချိန်မရှိပေ။
“ဒါဆို အတည်ပြုလိုက်ပြီနော်။ မကြာခင် ဖွင့်မယ့် လင်း မိသားစု ခေါက်ဆွဲဆိုင် အသစ်ကြီး ကြီးကြီးမားမား အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။”
“အင်း”
လင်းရှီးအာ သူမရဲ့ ခေါင်းလေးကို လေးလေးနက်နက် ညိတ်ပြလိုက်လေသည်။
အခန်းထဲ တိတ်ဆိတ်သွားပြီး၊ နှစ်ယောက်စလုံး စကားမပြောကြတော့ပေ။
လင်းရှီးအာ ခေါင်းစောင်းလိုက်ပြီး၊ မျက်လုံးထောင့်ကနေ ချင်းလန် ကို တိတ်တဆိတ် သေချာ အကဲခတ်ကြည့်နေလေသည်။
သူမအကြည့်က မေးစေ့ကနေ ပါးစပ်၊ ပြီးတော့ အပေါ်ဘက်ကို ရွေ့သွားလေသည်။ သူမမျက်လုံးတွေ ချင်းလန် နဲ့ ဆုံသွားတဲ့အခါ၊ သူမ ခေါင်းကို အမြန် ငုံ့လိုက်ပြီး ပါးပြင်ပေါ်က အနီရောင်က ပိုမို တောက်ပြောင်လာလေသည်။
ချင်းလန် သူ့မျက်နှာကို ကိုင်လိုက်ပြီး ခါးသက်သက် ပြုံးကာ ပြောလိုက်လေသည်။
“ဘာဖြစ်လို့လဲ”
လင်းရှီးအာ နည်းနည်း စိတ်လှုပ်ရှားနေပြီး၊ အသံတွေ တုန်ယင်နေလေသည်။
“အစ်ကို ချင်း... အစ်ကို ချင်း၊ ဘာလို့... ဘာလို့ ကျွန်မအပေါ် ဒီလောက် ကောင်းရတာလဲ”
တကယ်လို့ ဒီနေ့ ချင်းလန် သာ မရှိရင်၊ သူမ မိသားစု သေချာပေါက် ကြောက်မက်ဖွယ်ရာ ကပ်ဘေးတစ်ခုနဲ့ ကြုံတွေ့ရလောက်ပြီ။
ချင်းလန် က ပိုက်ဆံ အများကြီးကိုတောင် လက်မခံဘဲ ငြင်းပယ်ခဲ့တယ်။
အကြောင်းပြချက် မရှိဘဲ သူမအပေါ် ကောင်းနိုင်ပါ့မလား။
သူမမိဘတွေ ခုနက ပြောခဲ့တာတွေကို ပြန်သတိရလိုက်တော့၊ လင်းရှီးအာ အဲ့ဒီဘက် ကို မတွေးဘဲ မနေနိုင်တော့ပေ။
“မင်း ဘယ်လို ထင်လဲ၊ ကောင်မလေး”
ချင်းလန် နေရာရွှေ့လိုက်ပြီး လင်းရှီးအာ ဘေးနားမှာ ဝင်ထိုင်လိုက်လေသည်။ သူ လက်လှမ်းပြီး သူမရဲ့ ဆံပင်တွေကို ချစ်ခင်မြတ်နိုးတဲ့ အကြည့်နဲ့ ပွတ်သပ်ပေးကာ၊ တစ်ခုခု ပြောချင်ပေမယ့် ထိန်းထားသလို၊ ရှင်းရှင်းလင်းလင်း ဘာမှ ထုတ်မပြောဘဲ နေလိုက်လေသည်။
လူယုတ်မာပဲ......
ဒီစကားရဲ့ နောက်မှာ ကြိုက်တာ ထည့်လို့ ရတယ်လေ
ဥပမာ
“မင်း ဘယ်လို ထင်လဲ ကလေးမလေး သေချာတာပေါ့ ငါက ချမ်းသာပြီး အလိုလိုက်ရတာ ကြိုက်လို့လေ”
ဒါမှမဟုတ်
“မင်း ဘယ်လို ထင်လဲ ကလေးမလေး သေချာတာပေါ့ ငါ မင်းကို ကြိုက်လို့လေ”
စာကြောင်း တစ်ကြောင်း ဖြည့်လိုက်တာနဲ့ အဓိပ္ပာယ် လုံးဝ ပြောင်းလဲသွားနိုင်လေသည်။
သေချာတာကတော့ လင်းရှီးအာ က နောက်တစ်မျိုး ကို စိတ်ကူးယဉ်သွားကာ၊ သူမခေါင်းကို ရှက်ရွံ့စွာ ငုံ့လိုက်ပြီး၊ သူမမျက်နှာကို သူ့ရဲ့ ကျယ်ပြန့်တဲ့ ရင်အုပ်ထဲ အတင်း တိုးဝင်ဖို့ ကြိုးစားနေသလိုပင်။
ဒါပေမဲ့ ခဏကြာတော့.....
သူမရဲ့ ခြေထောက်တွေကို တွေးမိပြီး လင်းရှီးအာ ဝမ်းနည်းသွားပြန်လေသည်။ သူမ ဘီးတပ်ကုလားထိုင်ကို စိတ်ပျက်လက်ပျက် ပုတ်လိုက်ပြီး ဝမ်းနည်းပက်လက် ပြောလိုက်လေသည်။
“တကယ်လို့သာ ကျွန်မ လမ်းလျှောက်နိုင်ရင်၊ တကယ်လို့သာ ဒီဘီးတပ်ကုလားထိုင် မရှိရင် ကောင်းမှာပဲ။”
တကယ်လို့သာ ဒီဘီးတပ်ကုလားထိုင် မရှိရင်၊ သူမသာ မတ်တပ်ရပ်နိုင်ရင်၊ သူမက သာမန် လူတစ်ယောက် ဖြစ်လာမှာ၊ ပြီးတော့ သူမ အစ်ကို ချင်း နဲ့ တကယ် အတူ ရှိနိုင်မှာ...
လင်းရှီးအာ တွေးလေလေ၊ ပိုဝမ်းနည်းလေလေ ဖြစ်လာသည်။
သူမ ဘီးတပ်ကုလားထိုင်ပေါ် ထိုင်ရတာ ကျင့်သားရနေပြီလို့ ထင်ခဲ့ပေမယ့်၊ အခုမှ သူမ သဘောပေါက်လိုက်တာက သူမကို မတ်တပ်ရပ်ချင်စိတ် ပြင်းပြလာအောင် လုပ်ပေးမယ့် သူနဲ့ မတွေ့ခဲ့ရသေးလို့ ဆိုတာပင်။
အခု အစ်ကို ချင်း နဲ့ တွေ့မှ၊ သူမရဲ့ အသုံးမကျတဲ့ ခြေထောက်တွေကို ပြန်ပြီး နောင်တရနေမိတော့သည်။
ချင်းလန် သူမကို နှစ်သိမ့်ပေးလိုက်လေသည်။
“စိတ်မပူပါနဲ့ အဆင်ပြေသွားမှာပါ။ မင်းခြေထောက်တွေ သေချာပေါက် ပြန်ကောင်းလာမယ်လို့ ကိုယ် ပြောခဲ့တယ် မဟုတ်လား မင်း အနာဂတ်မှာ ပြန်မတ်တပ်ရပ်နိုင်မှာပါ”
ဒါ့အပြင် အခု လင်းရှီးအာ ဒီဘီးတပ်ကုလားထိုင်ပေါ် ထိုင်နေရပေမယ့်၊ သူမလှဲလို့ ရသေးတယ်လေ။