အခန်း (၁၁၉) လူတွေရဲ့ စိတ်ကို ကြိုးကိုင်ခြယ်လှယ်ခြင်း
ဟွမ်ချန် ရဲ့ မျက်နှာက ဖြူဖျော့သွားပြီးနောက် ခရမ်းရောင် သမ်းလာလေသည်။
ဘယ်ယောကျ်ားမဆို တခြားလူရဲ့ ဖုန်းထဲမှာ ကိုယ့်မိန်းမရဲ့ ဓာတ်ပုံကို မြင်လိုက်ရရင် ဘယ်ခံစားနိုင်ပါ့မလဲ။
ဟုတ်ပါတယ်၊ အသားအရေအရောင်ကို မြင်နိုင်ရုံလေးပဲဆိုရင်တောင်၊ သက်တောင့်သက်သာ ရှိဖို့တော့ မဖြစ်နိုင်ပေ။
ဒါ့အပြင် ပိုဆိုးတာက ဟွမ်ချန် လို ကြမ်းတမ်းခက်ထန်တဲ့ လူမိုက်တစ်ယောက် အတွက်ဆို ပိုဆိုးတာပေါ့။
သူ ဒေါသကို မြိုသိပ်ထားပေမယ့်၊ ဆက်ပြီး မထိန်းနိုင်တော့ဘဲ၊ ချင်းလန် ကို ရင်ဆိုင်နေရတာတောင် သူ့လေသံက ကြမ်းတမ်းလာလေသည်။
သူက ချင်းလန် ကို တိုက်ခိုက်ချင်လို့ မဟုတ်ပေမဲ့ ဒါက သူ့ဝိညာဉ်ကို ထိုးနှက်လိုက်သလို ခံစားရလို့ပင်။
သူ့မျက်နှာ ကြွက်သားတွေ တုန်ယင်နေပြီး၊ သွားတွေက တဂျောက်ဂျောက် မြည်နေလေသည်။
“သခင်လေး ချင်း၊ ခင်ဗျား နည်းနည်း လွန်နေပြီ မဟုတ်ဘူးလား”
ချင်းလန် ရယ်မောလိုက်လေသည်။
“သူဌေးကြီး ဟွမ်၊ ခင်ဗျား နားလည်မှုလွဲနေပြီ ထင်တယ်။ ကျွန်တော်က အဲ့ဒီလို လူစားမျိုး မဟုတ်ပါဘူး။”
ဟွမ်ချန် လို နိမ့်ကျတဲ့ ဘဝကနေ တက်လာတဲ့ သူဌေးတွေ အားလုံးက မွဲတေခဲ့ဖူးတဲ့ အချိန်တွေကို ကြုံတွေ့ခဲ့ဖူးကြတယ် ဆိုတာ သူ သိပေသည်။
သူတို့ရဲ့ ဘဝနေထိုင်နည်းအရ၊ တကယ်လို့ ငါက မိန်းကလေးငယ်လေး တစ်ယောက်နဲ့ ကစားဖို့ ယွမ်၂၀၀၀ တတ်နိုင်ရင်၊ ဘာလို့ ယွမ် ၅၀၀ သုံးပြီး စျေးပေါတဲ့မိန်းမနဲ့ လေးခါမအိပ်ရမှာလဲ။ဒီလို ကြမ်းတမ်းတဲ့ သူဌေးတွေက ယုံနိုင်စရာ မရှိလောက်အောင် ခြိုးခြံချွေတာတတ်ကြလေသည်။
ဒါပေမဲ့ ချင်းလန် က အဲ့ဒီလို ကိစ္စတွေကို စိတ်မဝင်စားပေ။ သူ ဖျော့တော့စွာ ပြုံးပြီး ပြောလိုက်လေသည်။
“မရှက်ပါနဲ့။ ကျွန်တော့်ဆီမှာ ဒီလို သတင်းအချက်အလက်တွေ အများကြီး ရှိပါသေးတယ်။ ခင်ဗျားက သူတို့ထဲက တစ်ယောက်ပါပဲ၊ သေချာပေါက် တစ်ယောက်တည်း မဟုတ်ပါဘူး။”
“ကျွန်တော် ဒီနေ့ ခင်ဗျားကို ခေါ်လိုက်တာက လျော်ကြေး တောင်းဖို့ သက်သက် မဟုတ်ပါဘူး၊ တချို့ ကိစ္စတွေကို ပြောပြချင်လို့ပါ၊ ဒါမှ ခင်ဗျား သူများသားကို ကိုယ့်သားမှတ်ပြီး ပြုစုပျိုးထောင်ရင်း အမှောင်ထဲမှာ သေမသွားရအောင်လို့ပါ။”
အမ်......
ဟွမ်ချန် မော့ကြည့်လိုက်ရာ၊ သူ့မျက်လုံးထဲမှာ သံသယတွေနဲ့ ဖုံးကွယ်ထားတဲ့ ဒေါသတွေ ပြည့်နှက်နေလေသည်။
သူ ချင်းလန် ကို ကြောက်စရာ ကောင်းတယ်လို့ ခံစားလိုက်ရသည်။ သူ့ဖုန်းထဲမှာ သူ့မိန်းမရဲ့ ကိုယ်ပိုင် ဓာတ်ပုံတွေ ရှိနေတာက စိတ်ကူးလို့ မရနိုင်လောက်အောင် ကျယ်ပြန့်တဲ့ ထောက်လှမ်းရေး ကွန်ရက် ရှိကြောင်း ပြသနေလေသည်။
ဒါပေမဲ့ အခု၊ ဒီကောင်က သူ့သားအရင်း ကိစ္စကိုပါ ပြဿနာ ရှာနေတာလား။ ဒါ နည်းနည်း လွန်လွန်းနေပြီ မဟုတ်ဘူးလား။
“ခင်ဗျား ကျွန်တော့်ကို မယုံဘူးလား”
ချင်းလန် ဖုန်းမျက်နှာပြင်ကို ပွတ်ဆွဲလိုက်ရာ ဓာတ်ပုံတွေ ဆက်တိုက် ပေါ်လာလေသည်။
အမျိုးသမီး ဇာတ်ဆောင်က မပြောင်းလဲပေမယ့်၊ တခြား အဓိက အမျိုးသားဇာတ်ကောင် တွေကတော့ ဆက်တိုက် ပြောင်းလဲနေလေသည်။
လူငယ်လေးတွေ၊ ဗိုက်ရွှဲရွှဲနဲ့ သက်လတ်ပိုင်း အမျိုးသားတွေ၊ ပြီးတော့ အကြောက်စရာ အကောင်းဆုံးက ရွံရှာစရာ ကောင်းတဲ့ အသားမည်းမည်း လူကြီးတစ်ယောက်တောင် ပါသေးလေငည်။
ဟွမ်ချန် ရဲ့ မျက်နှာက မည်းမှောင်လိုက်၊ ဖြူဖျော့လိုက် ဖြစ်နေလေသည်။ နှစ်တွေ တောက်လျှောက် သူက ကုမ္ပဏီ ကိစ္စတွေနဲ့ အလုပ်ရှုပ်နေပြီး အပြင်မှာ လူမှုရေး ကိစ္စတွေ များနေလို့၊ အိမ်က မိန်းမကို လစ်လျူရှုထားမိခဲ့တာ။
ဒါပေမဲ့ ဒီမိန်းမကြီးက သူ့ထက်တောင် ပိုကောက်ကျစ်လိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့မိဘူး။
အသက်ပြင်းပြင်း ရှူသွင်းပြီးနောက်၊ ဟွမ်ချန် ပြန်ရောက်ရင် သူ့မိန်းမကို ရှင်းပစ်မယ်လို့ ဆုံးဖြတ်လိုက်ပေမယ့်၊ သူ့သားအပေါ် သံသယ မဝင်သေးပေ။ သူ တည်ငြိမ်စွာ ပြောလိုက်လေသည်။
“ကျေးဇူးတင်ပါတယ် သခင်လေး ချင်း၊ အလုပ်ရှုပ်တဲ့ ကြားကနေ မိသားစု ဂုဏ်သိက္ခာကို ဖျက်ဆီးနေတဲ့ ဒီမိန်းမ အကြောင်း ရှာဖွေပေးလို့။ ကျွန်တော် ပြန်ရောက်ရင် အိမ်တွင်းရေး ရှင်းပါ့မယ်။”
ချင်းလန် မျက်မှောင်ကြုတ်လိုက်လေသည်။ ကြည့်ရတာ ဟွမ်ချန် က ဟွမ်ဝမ်ဘင် ဟာ သူ့သားအရင်း ဖြစ်တယ်လို့ အခိုင်အမာ ယုံကြည်နေတုန်းပင်။
နှမြောစရာပဲ။ ဟွမ်ဝမ်ဘင် က ကောက်ကျစ်တဲ့ ကောင်။ ဒီကိစ္စ ပြီးသွားရင် လင်းရှီးအာ ရဲ့ မိသားစုကို သူ သေချာပေါက် လွှတ်ပေးမှာ မဟုတ်ဘူး။
ငါ ဝင်ပါပြီး သူ့ကို အလွယ်တကူ သတ်ပစ်လို့ ရပါတယ်၊ ဒါပေမဲ့ အခု ငါ့လက်ထဲ ဓားတစ်ချောင်း ထည့်ပေးလာမှတော့ ဘာလို့ မသုံးဘဲ နေမလဲ။
ဒါက ဟွမ်ချန် ကို သူ့အပေါ် ကျေးဇူးကြွေး တစ်ခု တင်စေလိမ့်မယ်၊ မကြာခင် သူ အသုံးပြုလို့ ရမယ့် ကျေးဇူးကြွေးမျိုးပေါ့။
“မစ္စတာ ဟွမ် က ကျွန်တော့်ကို မယုံဘူး ထင်တယ်”
ချင်းလန် မေးခွန်းမေးရင်း ဖုန်းကို တိတ်တဆိတ် ကလိနေလေသည်။
ဟွမ်ချန် ခါးသက်သက် ပြုံးလိုက်လေသည်။
“သခင်လေး ချင်း၊ လျှောက်မတွေးပါနဲ့။ ဝမ်ဘင် ရဲ့ နှာခေါင်းနဲ့ မျက်လုံးတွေက ကျွန်တော်နဲ့ တထပ်တည်း တူတာပါ။ တခြား အကြောင်းပြချက် မရှိပါဘူး။”
“ခင်ဗျား DNA စစ်ဆေးချက် လုပ်ဖူးလား ခင်ဗျားနဲ့ တူတဲ့သူက ခင်ဗျားသား တစ်ယောက်တည်း ရှိတာ မဟုတ်ဘူးလေ။”
ပြောရင်းနဲ့ ချင်းလန် ခုနက ကလိပြီးသွားတဲ့ ဖုန်းကို ဟွမ်ချန် ရှေ့မှာ ချပေးလိုက်လေသည်။
ဓာတ်ပုံထဲမှာ အမျိုးသမီးက ဟွမ်ချန် ရဲ့ မိန်းမ ဖြစ်နေဆဲပင် ဒါပေမဲ့ ဒီတစ်ခါ ဟွမ်ချန် ရဲ့ မိန်းမနဲ့ အတူတူ ရှိနေတဲ့ ယောကျ်ားက တခြားလူ တစ်ယောက် ဖြစ်နေတယ်။ သူက ဟွမ်ချန် နဲ့ အတော်လေး တူပေမယ့်၊ သူက သေချာပေါက် ဟွမ်ချန် ကိုယ်တိုင် မဟုတ်ပေ။
“အဲ့ဒီ မျိုးမစစ်တဲ့ကောင် ငါ သူ့ကို သတ်မယ်”
ဟွမ်ချန် ဓာတ်ပုံကို မြင်လိုက်ရတော့၊ အထူးသဖြင့် ဓာတ်ပုံထဲက ယောကျ်ားကို မြင်လိုက်ရတော့ ချက်ချင်း ဒေါသပေါက်ကွဲသွားလေသည်။
ဓာတ်ပုံထဲက ယောကျ်ားက သူ့ရဲ့ တူအရင်းမှတပါး တခြားသူ မဟုတ်ပေ။
အဲ့ဒီကောင်စုတ်.....
သူ ကိုယ်တိုင် ဒီကောင့်ကို ကုမ္ပဏီမှာ ရာထူးကြီး ပေးပြီး မြှောက်စားခဲ့တာ၊ အခု သူ လိုချင်တာ မှန်သမျှ ရနေပြီ၊ ဒါကို ဒီကောင်စုတ်က သူ့မိန်းမနဲ့ ဖောက်ပြန်ရဲသေးတယ်။
တကယ်လို့ တခြားသူသာ ဆိုရင်၊ ဟွမ်ချန် သူ့သားက သူ့သားအရင်း ဟုတ်မဟုတ်တောင် စဉ်းစားမှာ မဟုတ်ပေမယ့်၊ အခု သူ့တူတောင် ပါလာပြီ ဆိုတော့၊ သူ သံသယ မဝင်ဘဲ မနေနိုင်တော့ပေ။
ဘာလို့လဲဆိုတော့ သူ့တူက သူနဲ့ တော်တော် တူလို့ပင် ပြီးတော့ ဟွမ်ချန် တို့ ခေတ်တုန်းက မိသားစုတွေမှာ ကလေး အများကြီး ရှိတတ်ကြပြီး၊ အကြီးဆုံးနဲ့ အငယ်ဆုံးက အသက် ၂၀ လောက် ကွာခြားနိုင်တယ်လေ။
ဟွမ်ချန် ရဲ့ တူက သူ့အစ်မ အကြီးဆုံးက မွေးတာ ဖြစ်ပြီး၊ သူနဲ့ ၂ နှစ်လောက်ပဲ ငယ်တာဖြစ်သည်။
တကယ်လို့ သူ့မိန်းမက လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က သူ့တူနဲ့ တကယ် ဖောက်ပြန်ခဲ့မယ် ဆိုရင်၊ ဖြစ်နိုင်တာက ဟွမ်ဝမ်ဘင် က တကယ်ပဲ...
ဟွမ်ချန် သံသယ ဝင်လာတာ မြင်တော့၊ ချင်းလန် နောက်ထပ် အဆိပ်ပြင်း တစ်ခွက် ထပ်ထည့်ပေးလိုက်လေသည်။
“သူဌေးကြီး ဟွမ်၊ ခင်ဗျားလို အပြင်မှာ ပျော်ပါးတတ်တဲ့ သူတွေက စိတ်လှုပ်ရှားမှု အတွက် ဖြစ်ဖြစ်၊ မယားငယ် ထားဖို့ ဖြစ်ဖြစ်၊ ကြိုတင်ကာကွယ်မှုတွေ သိပ်မလုပ်တတ်ကြဘူး မဟုတ်လား”
“နှစ်တွေ ဒီလောက် ကြာသွားပြီ၊ ခင်ဗျားမှာ တရားမဝင် ကလေးတွေရှိလား။”
ဘုန်း.....
ဟွမ်ချန် ရဲ့ စိတ်အစဉ် ဗလာ ဖြစ်သွားလေသည်။
နည်းနည်း စိုးရိမ်ပြီး ကြောက်လန့်သလို ခံစားလိုက်ရကာ၊ ကျောပြင်မှာ ချွေးစေးတွေ ထွက်လာလေသည်။
“မကြောက်ပါနဲ့၊ ဒါက ရောဂါပါ၊ ဒါပေမဲ့ မကုသနိုင်တဲ့ ရောဂါ မဟုတ်ပါဘူး။ အခု အရေးအကြီးဆုံးက ရောဂါကုဖို့ မဟုတ်ဘူး၊ ကာကွယ်ဖို့ပဲ ခင်ဗျား ရှာဖွေထားတဲ့ စည်းစိမ်ဥစ္စာတွေ ပြင်ပလူ လက်ထဲ မရောက်သွားအောင် ကာကွယ်ရမှာ။”
ချင်းလန် သက်ပြင်းချပြီး၊ ဟွမ်ချန် ပခုံးကို ပုတ်လိုက်ကာ အပြင်ထွက်သွားလေသည်။
အချိန်အကြာကြီး တိတ်ဆိတ်နေပြီးနောက်၊ ဟွမ်ချန် အပြင်ထွက်လာပြီး သူ့အတွင်းရေးမှူးကို ဖုန်းဆက်ကာ လင်းထျန်လင်း ရဲ့ ဖုန်းအကောင့်ထဲကို ယွမ် ၅ သန်း တိတိ လွှဲပေးဖို့ ညွှန်ကြားလိုက်လေသည်။
အဲ့ဒီအခါကျမှ သူ သူ့သားဆီ လျှောက်သွားလိုက်လေသည်။
ဟွမ်ဝမ်ဘင် က အဲ့ဒီမှာ ရပ်နေပြီး၊ အမုန်းတရားတွေ တောက်လောင်နေဆဲပင်။ သူ့ဖခင် ရောက်လာတော့ သူ တိုးတိုးလေး ရေရွတ်လိုက်လေသည်။
“အဖေ၊ ဒီကောင့် နောက်ခံက ဘာလဲ အဖေပဲ သင်ပေးခဲ့တာလေ၊ ကိုယ် နစ်နာအောင် မခံရဘူးလို့။ ကျွန်တော်တို့ ဒီကောင့်ကို မနိုင်ရင်တောင်၊ နောက်တစ်ခါ လင်းရှီးအာ ကို ဖျက်ဆီးဖို့ အခွင့်အရေး ရှာရမယ်။ မဟုတ်ရင် ကျွန်တော် ဒီဒေါသကို မျိုသိပ်နိုင်မှာ မဟုတ်ဘူး။”
ဟွမ်ချန် လှည့်ကြည့်လိုက်ပြီး ဟွမ်ဝမ်ဘင် ကို အေးစက်စွာ ကြည့်လိုက်ရာ၊ သူ့မျက်လုံးတွေ တောက်ပနေလေသည်။
သူ့သက်တော်စောင့်ဆီက တုတ်တစ်ချောင်း ဆွဲယူလိုက်ပြီး၊ ဟွမ်ဝမ်ဘင် ဆီ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ ဟွမ်ဝမ်ဘင် စကားမပြောနိုင်ခင်၊ သူ တုတ်နဲ့ ခေါင်းကို ရိုက်ချလိုက်ပြီး အော်ဟစ်လိုက်လေသည်။
“ငါ မင်းကို ပြဿနာ မရှာတတ်အောင် သင်ပေးမယ် ကောင်စုတ် ဒီနေ့ ငါ မင်းကို သတ်မယ်”
ဟွမ်ချန် အားကုန်သုံးလိုက်ရာ၊ ရိုက်ချက်ကြောင့် ချက်ချင်း သွေးထွက်လာလေသည်။
သူ ဒေါသထွက်နေပြီ.....
ချင်းလန် မပြောခင်တုန်းက၊ ဟွမ်ဝမ်ဘင် ဟာ သူ့သားအရင်း ဖြစ်တယ်လို့ သူ အခိုင်အမာ ယုံကြည်ခဲ့ပေမယ့်၊ အခုသိသွားပြီးနောက်၊ တစ်ခုခု လွဲမှားနေတယ်လို့ သူ ခံစားလိုက်ရပြီ။
အထူးသဖြင့် သူ့ပါးစပ်၊ သူ့တူနဲ့ တထပ်တည်း တူနေတာပဲ။
သူပိုပိုပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်လေသည်။
“အား မရိုက်ပါနဲ့တော့ အဖေ၊ ချမ်းသာပေးပါ၊ မရိုက်ပါနဲ့တော့...”
ဟွမ်ဝမ်ဘင် နာကျင်စွာ အော်ဟစ်နေပြီး၊ ခေါင်းတစ်ခုလုံး သွေးတွေနဲ့ ဖုံးလွှမ်းနေလေသည်။
လင်းရှီးအာ ရဲ့ မိခင် နောက်ဆုတ်သွားပြီး တိုးတိုးလေး ရေရွတ်လိုက်လေသည်။
“ဒီလောက် ကြိုးစားပမ်းစား ရိုက်နေတာ၊ ကြည့်ရတာ သူက သူ့သားအရင်း မဟုတ်လောက်ဘူး ထင်တယ်နော်”