အခန်း (၁၁၆) လင်းရှီးအာ ထိတ်လန့်သွားခြင်း
“ဒင်! ရွေးချယ်ခံ ချန်ဖျင်အန်း ၏ ကံတရား အမှတ်များ ၅၀၀ လျော့နည်းသွားပါသည်။ ဂုဏ်ယူပါတယ် ဗီလိန်အမှတ် +10000 ရရှိသွားပါပြီ!”
စနစ် အသိပေးသံ ထွက်ပေါ်လာပြီး၊ ချင်းလန် ဖုန်းထဲက ကျန်းမင်ချန် ပို့ထားတဲ့ မက်ဆေ့ခ်ျကို ကြည့်ပြီး အနည်းငယ် ရယ်ချင်စရာ ကောင်းတယ်လို့ ခံစားလိုက်ရလေသည်။
အဖမ်းခံရမှတော့၊ ရက်အနည်းငယ်လောက် အထဲမှာ နေလိုက်ပါစေတော့။ အဲ့ဒါက နောက်ဆက်တွဲ ကိစ္စတွေ လုပ်ဆောင်ရတာ ပိုလွယ်ကူစေမှာလေ။
မြို့ပြ ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ကျန့် ကိုယ်တိုင် ဘာလို့ သွားခဲ့ရတာလဲ ဆိုတာနဲ့ ပတ်သက်လို့လား။
စဉ်းစားနေစရာတောင် မလိုပါဘူး၊ သူက ဖုန်းဆက်လိုက်လို့ပေါ့။
ကျန်းမင်ချန် အချိန်နဲ့တပြေးညီ သတင်းပို့ဖို့ မလိုဘဲ ချန်ဇီချီကို ခေါ်သွားကတည်းက သူက အဆက်အသွယ်တွေကနေတဆင့် ညွှန်ကြားရေးမှူး ကျန့် ကို ဆက်သွယ်ထားပြီးသားလေ။
ငါ မင်းကို မသိဘူး၊ ပြီးတော့ ငါ မင်းဆီ တစ်ခါမှ လာမလည်ဖူးဘူး။
ကိစ္စမရှိဘူး.......
အဆက်အသွယ်တွေ ဆိုတာ လူကိုယ်တိုင် တွေ့ဆုံဖို့ မလိုအပ်ဘူး။ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ဈေးကွက်ရှာဖွေခြင်းဆိုတာ အလွန် ခေတ်စားနေပြီပဲ။
မဟုတ်ရင် ကောင်မလေး ချန်ဇီချီ ကဘာလုပ်ပေးနိုင်မှာမို့လို့လဲ သူမက ကိုယ့်ကိုယ်ကို ဒေါသထွက်နေတဲ့ကြားက ချန်ဖျင်အန်း ကို ပြန်လွှတ်ပေးလိုက်မှာ သေချာနေတာပဲ။
“အစ်ကို ချင်း...”
လဲလျောင်းနေတဲ့ လင်းရှီးအာ က အလွန်အမင်း ရှက်ရွံ့နေတဲ့ လေသံနဲ့ ပြောလိုက်လေသည်။
အစ်ကို ချင်း က သူမရဲ့ တင်ပါးကို တမင်တကာ ကိုင်ထားပြီး၊ ပြန်မလွှတ်ပေးဘူးလို့ သူမ သံသယ ဝင်စပြုလာလေသည်။
“ဘာဖြစ်လို့လဲ”
ချင်းလန် က နားမလည်သလို ဟန်ဆောင်ပြီး ဖုန်းကို ပြန်သိမ်းလိုက်သည်။ သူ့လက် ဘယ်နေရာ ရောက်နေလဲ ကြည့်လိုက်ပြီး၊ ဖိချလိုက်ကာ ချက်ချင်း ပြန်မြှောက်လိုက်ပြီး၊ ကိုးရိုးကားရား ပြောလိုက်လေသည်။
“တောင်းပန်ပါတယ်၊ အစ်ကို စိတ်နည်းနည်း လွင့်သွားပြီး ညီမလေးကို အခွင့်ကောင်း ယူမိသလို ဖြစ်သွားတယ်။”
“မဟုတ်ပါဘူး၊ ကိစ္စမရှိပါဘူး...”
လင်းရှီးအာ မျက်နှာ ရဲသွားပြီး တိုးတိုးလေး ပြောလိုက်လေသည်။
“ကျွန်မကမှ တောင်းပန်ရမှာပါ အစ်ကို ချင်း။ အစ်ကို ဒီနေ့ အရမ်း အလုပ်ရှုပ်နေတာတောင်၊ ကျွန်မကို အပ်စိုက်ကုထုံး လုပ်ပေးဖို့ အထူး တကူး လာခဲ့ပေးတာ။ အစ်ကို့ အလုပ်တွေ ကြန့်ကြာသွားပြီ ထင်တယ်။”
ချင်းလန် ပြုံးလိုက်လေသည်။ နေ့ခင်းဘက် မလာခဲ့ရတဲ့ အကြောင်းရင်းက သံသယ မဖြစ်စေဖို့နဲ့ ချန်ဖျင်အန်း က ကျန်းမင်ချန် နဲ့ သူ့ရဲ့ ဆက်ဆံရေးကို မသိရှိသွားစေဖို့ ရည်ရွယ်ချက် သက်သက်ပင်။
ဒါပေမဲ့ လင်းရှီးအာ က အဲ့ဒီလို မတွေးပေ။ အစ်ကို ချင်း က အလုပ်ရှုပ်လွန်းလို့ လာဖို့ အချိန်မရှိဘူး ဆိုတာ သိထားပေမယ့်၊ ညနေပိုင်းမှာ သူမကို အပ်စိုက်ကုထုံး လုပ်ပေးဖို့ လာခဲ့သေးတယ်လေ။
ဒီလို ခင်မင်ရင်းနှီးမှုကို ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ။
နားလည်မှုလွဲပါစေတော့.....
ချင်းလန် လည်း လင်းရှီးအာ ရဲ့အတွေးကို မြင်နိုင်ပြီး၊ နားလည်မှုလွဲခံရတာကို ဂရုမစိုက်ပေ။
သူ လက်ဝှေ့ယမ်းပြလိုက်ပြီး ပြောလိုက်လေသည်။
“ကိစ္စမရှိပါဘူး။ အစ်ကို နည်းနည်း အလုပ်ရှုပ်ပေမယ့်၊ ရှီးအာ ရဲ့ ခြေထောက်တွေက တကယ် ကုသမှု လိုအပ်နေတာလေ။ ဘယ်လောက်ပဲ အလုပ်ရှုပ်ပါစေ၊ လာဖို့ အချိန်ပေးရမှာပေါ့”
“အစ်ကို ချင်း...”
လင်းရှီးအာ စကားထစ်သွားပြီး၊ သူမပါးပြင်တွေ ရုတ်တရက် နီရဲလာလေသည်။
ချင်းလန် ကုတင်ပေါ် ထိုင်လိုက်ပြီး စိတ်ဝင်တစား မေးလိုက်လေသည်။
“ဘာဖြစ်လို့လဲ”
လင်းရှီးအာ ခဏလောက် စဉ်းစားပြီး ခေါင်းခါလိုက်လေသည်။
“ဘာမှ မဟုတ်ပါဘူး၊ ဘာမှ မဟုတ်ပါဘူး။”
သူမ နည်းနည်း ရယ်စရာကောင်းတယ်လို့ ခံစားလိုက်ရသည်။ သူမက အစ်ကို ချင်း ကို ကိုင်ရတာ ကြိုက်လားလို့ မေးချင်ခဲ့တာ။
တကယ်လို့ သူက သူမကို ကိုင်ချင်နေရင်ကော
အစ်ကိုချင်း ကိုကိုင်ခွင့်ပြုသင့်လား။
နင် မရှက်ဘူးလား.....
ရယ်စရာ ကောင်းလိုက်တာ၊ ဟားတိုက် ရယ်ချင်စရာပဲ။
အရှက်မရှိဘူး.....
လင်းရှီးအာ စိတ်ထဲကနေ ကိုယ့်ကိုယ်ကို ပြန်အပြစ်တင်လိုက်လေသည်။
အဲ့ဒီအချိန်မှာပဲ အလုပ်ပြီးကာစ ကျိုးဇယ်ချင်း က အဖြူရောင် တီရှပ်နဲ့ အနက်ရောင် စကတ်ကျပ် ဝတ်ဆင်ထားလျက် ဝင်ရောက်လာလေသည်။
သူမ မျက်မှန်ကို ပင့်တင်လိုက်ပြီး၊ နဖူးပေါ်မှာ ချွေးသီးလေးတွေနဲ့ လဲလျောင်းနေတဲ့ လင်းရှီးအာ ကို ကြည့်ကာ ပြုံးလိုက်လေသည်။
“အပ်စိုက်ကုထုံး ပြီးသွားပြီလား”
ချင်းလန် ခေါင်းညိတ်လိုက်လေသည်။
“ကွက်တိပဲ။ ဒီမှာ အခန်းတစ်ခန်း ရှိနေလို့သာ တော်သေးတယ်။ မဟုတ်ရင် အခုထိ အပြန်လမ်းမှာ ရှိနေဦးမှာ။”
“ချင်းလန်၊ ငါ နင့်ကို မျက်နှာသာ အများကြီး ပေးထားတယ်နော်၊ ဒါပေမဲ့ နင်က ငါ့စကားတွေကို နှလုံးသွင်းပုံ မရဘူး။”
ကျိုးဇယ်ချင်း ရှေ့တိုးလာပြီး၊ ချင်းလန် ကို စူးစိုက်ကြည့်ကာ သူမရဲ့ နူးညံ့တဲ့ မျက်လုံးတွေထဲမှာ စစ်ဆေးမေးမြန်းလိုစိတ်တွေ ပြည့်နှက်နေလေသည်။
“ဒီနေ့ တနင်္လာနေ့လို့ ငါ နင့်ကို မနေ့ညက ပြောခဲ့တယ် မဟုတ်လား ဒီနေ့ ဘာနေ့လဲ ဆိုတာ နင် မမေ့သေးပါဘူးနော် ဟို ချန်ဖျင်အန်း ဆိုတဲ့ ကောင်တောင် အတန်းထဲ ရောက်နေပြီ၊ နင်က ဒီလောက် ညဉ့်နက်မှ ရောက်လာတယ်ပေါ့”
“ဒီနေ့ ကိစ္စလေး တစ်ခု ရှိနေလို့ပါ၊ ဒါပေမဲ့ ဒီလို ဆိုမှတော့၊ ကျွန်တော်လည်း အဲ့ဒီ ချန်ဖျင်အန်း ဆိုတဲ့ ကောင်ကို စံနမူနာ ယူသင့်တယ် ထင်တယ်။”
ချင်းလန် ရယ်ချင်စိတ် ဖြစ်သွားလေသည်။
ချန်ဖျင်အန်း အချုပ်ထဲ ရောက်နေပြီလေ။ အနည်းဆုံး ရက်အနည်းငယ်လောက် အထဲမှာ နေရဦးမှာ။ ဘယ်တော့ ပြန်လွတ်မလဲ ဘယ်သူ သိမှာလဲ။
“ဒါမှပေါ့။ နင် မှားမှန်းသိပြီး အမှားကို ပြင်ဆင်နိုင်ရင်၊ ဒီတစ်ခါတော့ ငါ အပြစ်မတင်တော့ပါဘူး။”
ကျိုးဇယ်ချင်း ပြုံးလိုက်ပြီး၊ သူ့ကို တမင်တကာ စနောက်လိုက်ခြင်း ဖြစ်လေသည်။
ထို့နောက် လင်းရှီးအာ ကို ကြည့်ပြီး စိုးရိမ်တကြီး ပြောလိုက်လေသည်။
“ရှီးအာ၊ ဒီနေ့ ဟွမ်ဝမ်ဘင်နင့်ကို ထပ်ပြီး ရည်းစားစကားထပ် ပြောတယ်လို့ ကြားတယ်။”
နေရာလေးက ကျဉ်းကျဉ်းလေး၊ ဘာဖြစ်ဖြစ် လူတိုင်း မြင်နေရတာပဲ။
လေနည်းနည်း တိုက်တာနဲ့ အတင်းအဖျင်း ပြောသူတွေကြား ပျံ့နှံ့သွားတော့တာပဲ။
ကျိုးဇယ်ချင်း ဒီကိစ္စ သိနေတာ အံ့ဩစရာ မဟုတ်ပါဘူး။
လင်းရှီးအာ ခေါင်းညိတ်လိုက်လေသည်။
“ကျွန်မ ရှင်းရှင်းလင်းလင်း ငြင်းလိုက်ပါတယ်၊ ဒါပေမဲ့ သူက လက်လျှော့မယ့်ပုံ မပြဘူး။”
“ရှီးအာ၊ နောက်ပိုင်း ပိုသတိထားဖို့ လိုတယ်။ ညဘက် အိမ်ပြန်တဲ့အခါ နင့်မိဘတွေ လာမကြိုရင်၊ ငါ့ကို ပြော၊ ငါ လိုက်ပို့ပေးမယ်။”
ကျိုးဇယ်ချင်း မပြောဘဲ မနေနိုင်တော့ပေ။
သူမ အတွေးလွန်နေတာ မဟုတ်ပေ။ ဟွမ်ဝမ်ဘင် ရဲ့ ဂုဏ်သတင်းက တကယ် မကောင်းလို့ပင်ဖြစ်သည်။
သခင်လေး ဝမ်၊ သခင်လေး လီ တို့နဲ့အတူ သူတို့က
“ထျန်ဟိုင် ရဲ့ သခင်လေး လေးဦး” လို့ လူသိများပြီး၊ သူတို့ လုပ်ခဲ့တဲ့ မကောင်းမှုတွေက မရေမတွက်နိုင်အောင်ပဲလို့ ကျိုးဇယ်ချင်း ကြားဖူးတယ်လေ။
သို့သော် တစ်ဖက်လူမှာ အာဏာရှိတဲ့ မိသားစု နောက်ခံ ရှိပြီး မကောင်းမှုတွေ အများကြီး ကျူးလွန်ထားတာကြောင့်၊ သူတို့ လုပ်ခဲ့တဲ့ အမှားတွေ အားလုံး ဖုံးကွယ်ခံထားရတာ။
မူလက ကျိုးဇယ်ချင်း ထင်ခဲ့တာက ဟွမ်ဝမ်ဘင် က ခဏတာ စိတ်ဝင်စားရုံပဲ၊ သူ့အပေါင်းအပါတွေနဲ့ လောင်းကြေးထပ်ထားရုံပဲလို့ပေါ့။
ဒါပေမဲ့ အခု ဒုတိယအကြိမ် ရည်းစားစကား ပြောလာတာ အထူးသဖြင့် လူအများရှေ့မှာ ပြောတာက သူမ မျှော်လင့်ထားတာထက် နည်းနည်း ပိုလွန်သွားပြီ။
ဟွမ်ဝမ်ဘင် က အရင်တုန်းက မိန်းကလေးတွေကို လိုက်ပိုးပန်းဖို့ ယုတ်မာတဲ့ နည်းလမ်းတွေ တစ်ကြိမ်မက သုံးခဲ့ဖူးပြီး၊ ဖြားယောင်းသွေးဆောင်ပြီးမှ စွန့်ပစ်ခဲ့တာ၊ ကိုယ်ဝန်ဖျက်ချခိုင်းတာတွေတောင် ရှိခဲ့ဖူးလေသည်။
“မဖြစ်နိုင်ဘူး၊ ကျွန်မ အဲ့ဒါ တစ်ခါမှ မကြားဖူးဘူး”
လင်းရှီးအာ ကြောက်ရွံ့စွာ ခြေထောက်တွေကို တွန့်ဆုတ်လိုက်လေသည်။
ကျိုးဇယ်ချင်း လေးလေးနက်နက် ပြောလိုက်လေသည်။
“အဲ့ဒါက နင်က ပုံမှန်အားဖြင့် အရမ်း တိတ်ဆိတ်ပြီး တခြားသူတွေနဲ့ စကားပြောခဲလို့၊ ဒီသတင်းတွေကို မကြားရတာ သဘာဝပါပဲ။”
သူမနဲ့ မတူပေ သူမက
“ထျန်ဟိုင် ရဲ့ သခင်လေး လေးဦး” အကြောင်း သတင်းတွေကို ရုံးခန်းထဲမှာ မကြာခဏ ကြားနေရလေသည်။
သူတို့ တစ်ယောက်စီက တစ်ယောက်ထက် တစ်ယောက် ပိုယုတ်မာတဲ့ ကိစ္စတွေ လုပ်ကြလေသည်။ ဟွမ်ဝမ်ဘင် က စံပြ ဥပမာပင် သူက မိန်းကလေး တစ်ယောက်ကို မိဘတွေရဲ့ အလုပ်အကိုင်နဲ့တောင် ခြိမ်းခြောက်ခဲ့ဖူးတယ်။
တစ်ဖက်လူ ငြင်းဆန်ရင်တောင်၊ မိသားစု စားဝတ်နေရေးက အရေးကြီးနေတော့၊ အရှုံးပေးပြီး သူ့နောက် လိုက်ရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။ နောက်ဆုံးတော့ ကလေး ဖျက်ချခိုင်းခံရပြီး သနားစရာ ကောင်းတဲ့ ကံကြမ္မာနဲ့ ကြုံတွေ့ရတော့တာပဲ။
“ကျွန်မ... ကျွန်မအမေက ပြောတယ်၊ ဒီည သူ အလုပ်ရှုပ်လွန်းလို့ ကျွန်မကို လာမကြိုနိုင်ဘူးတဲ့။”
လင်းရှီးအာ နည်းနည်း ပျာယာခတ်စွာ ပြောလိုက်လေသည်။
ကျိုးဇယ်ချင်း လက်လှမ်းပြီး လင်းရှီးအာ ရဲ့ နဖူးကို ဖွဖွလေး ခေါက်လိုက်ကာ၊ အလိုလိုက်တဲ့ အပြုံးနဲ့ ပြောလိုက်လေသည်။
“မကြောက်ပါနဲ့။ ကောလာဟလ ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ငါ ကိုယ်တိုင် မြင်ခဲ့တာမှ မဟုတ်တာ။ ဒါပေမဲ့ နင် ကြောက်ရင် ငါ လိုက်ပို့ပေးမယ်။”
“အဟွတ် အဟွတ်...”
ချင်းလန် လက်သီးဆုပ်လိုက်ပြီး၊ ဖွဖွလေး ချောင်းဟန့်ကာ၊ ဘေးဘက်ကို တစ်ချက် ကြည့်လိုက်ပြီး၊ ပြီးမှ နံရံဖြူဖြူ ဘက်ကို ခေါင်းပြန်လှည့်ကာ နှစ်ချက်လောက် ထပ်ချောင်းဟန့်လိုက်လေသည်။
ကျိုးဇယ်ချင်း က ကစားချင်စိတ် ဝင်လာပြီး၊ ဘာကြောင့်မှန်း မသိပေမယ့် ချင်းလန် ကို ကြည့်ပြီး စနောက်ချင်စိတ် ပေါ်လာတာကြောင့် တမင်တကာ ပြောလိုက်လေသည်။
“နင် အအေးမိနေတာလား တိုက်ဆိုင်လိုက်တာ၊ ငါ့ဆီမှာ အအေးမိပျောက်ဆေး တချို့ ရှိတယ်။”
လင်းရှီးအာ က အခြေအနေကို ချောမွေ့အောင် အမြန် ဝင်ပြောလိုက်လေသည်။
“အစ်ကို ချင်း ကို မစပါနဲ့၊ သူက ကြင်နာတတ်လို့...”
ပြောရင်းနဲ့ သူမ ချင်းလန် ဘက် လှည့်ပြီး စိုးရိမ်တကြီး မေးလိုက်လေသည်။
“အစ်ကို ချင်း၊ ကျွန်မကို အိမ်လိုက်ပို့ပေးမလို့လား အစ်ကို့မှာ လုပ်စရာတွေ မရှိဘူးလား”
ချင်းလန် ပခုံးတွန့်လိုက်လေသည်။
“သူ့ကို လိုက်ပို့ခိုင်းလို့ မဖြစ်ဘူးလေ။ သူက ကိုယ့်ကိုယ်ကိုတောင် ကောင်းကောင်း ကာကွယ်နိုင်တာ မဟုတ်ဘူး။”
“အဓိပ္ပာယ် ရှိသားပဲ။”
ကျိုးဇယ်ချင်း က ချင်းလန် နဲ့ စတွေ့တုန်းက အဖြစ်အပျက်ကို ပြန်သတိရပြီး မရယ်ဘဲ မနေနိုင်တော့ပေ။
ခဏလောက် စကားပြောပြီးနောက်၊ လင်းရှီးအာ ကို အိမ်လိုက်ပို့ရမယ့် တာဝန်က ချင်းလန် ပခုံးပေါ် ကျရောက်သွားလေသည်။
အားစိုက်စရာ မလိုသလောက် ဖြစ်တဲ့ လျှပ်စစ် ဘီးတပ်ကုလားထိုင်ကို တွန်းရင်း၊ ချင်းလန် က လက်ကိုင်ပေါ် လက်တင်ကာ ခေါက်ဆွဲဆိုင်ဆီ သွားနေရင်း လင်းရှီးအာ နဲ့ စကားစမြည် ပြောနေလေသည်။
ပုံမှန်အားဖြင့် စကားနည်းတဲ့ လင်းရှီးအာ က ချင်းလန် ရှေ့မှာ ဘီလုံးငှက်လေးလို တရစပ် စကားတွေ ပြောနေတော့လေသည်။
ချင်းလန် က စိတ်ရှုပ်တဲ့ လက္ခဏာ လုံးဝ မပြဘဲ၊ တစ်ခွန်းချင်းစီ ပြန်ဖြေပေးနေလေသည်။
ဆိုင်တွေရှိတဲ့ လမ်းကို ရောက်တဲ့အခါ၊ လင်းရှီးအာ သူမအိမ် ရှိရာဘက်မှာ လူအုပ်ကြီး စုဝေးနေတာ တွေ့လိုက်ရလေသည်။
လူအုပ်ကြားကနေ ရိုက်ခွဲခံထားရတဲ့ ခေါက်သိမ်း စားပွဲ၊ ကုလားထိုင်တွေကိုတောင် သူမ မြင်လိုက်ရပြီး၊ သူမမျက်နှာ ချက်ချင်း ဖြူဖျော့သွားလေသည်။