အခန်း (၁၁၁) ညီလေး မင်းရဲ့ကောင်မလေးက မကောင်းတဲ့နေရာကလာတာကွ
ခဏကြာတော့ ဖိုင် ပွင့်လာလေသည်။
ချန်ဇီချီ သေချာ ဖတ်ကြည့်လိုက်ရာ၊ အဲ့ဒီ ရေတွင်းတွေကို လှူဒါန်းခဲ့တာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အပြည့်အနှက် ရေးသားထားတာ တွေ့ရလေသည်။
သူမ မျက်မှောင်ကြုတ်လိုက်ကာ
“ဒီသတင်းအရ၊ ရေတွင်း ဆောက်လုပ်ရေး တာဝန်ရှိသူနဲ့ အဲ့ဒီတုန်းက ဆက်စပ်ပတ်သက်ခဲ့တဲ့ ဝန်ထမ်းတချို့ကို ရှာတွေ့နိုင်တာ မှန်ပေမယ့်၊ နောက်ကွယ်က လူက ဒီသတင်းအချက်အလက်တွေကို တမင်တကာ ဖျောက်ဖျက်ထားတယ်။ အဲ့ဒီတုန်းက သက်ဆိုင်တဲ့ ဝန်ထမ်းတွေကို ရှာတွေ့ရင်တောင်၊ နောက်ကွယ်က ကြိုးကိုင်သူကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး”
“မှန်တယ်”
ချင်းလန် ခေါင်းညိတ်လိုက်လေသည်။
“ဒါက သေးငယ်တဲ့ အစိတ်အပိုင်းလေး တစ်ခုပဲ၊ နောက်ကွယ်က ကြိုးကိုင်သူကို သေချာပေါက် ရှာတွေ့နိုင်မှာ မဟုတ်ဘူး။”
သက်ဆိုင်ရာသတင်းကို ရဖို့ အတိုင်းအတာ တစ်ခုထိ ပေးဆပ်ရမယ်လေ။
သူက ချန်ဇီချီ ရဲ့ သေးငယ်ပြီး နီရဲနေတဲ့ နှုတ်ခမ်းတွေကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်လေသည်။
ဆိုလိုရင်းက ရှင်းနေတာပဲ။
“ဒင်! ဇာတ်လိုက်မင်းသမီး ချန်ဇီချီ ၏ ဒေါသ အဆင့် တိုးလာပါသည်။ ဂုဏ်ယူပါတယ် ဗီလိန်အမှတ် +500 ရရှိသွားပါပြီ။”
ချန်ဇီချီ ဒေါသကို မြိုသိပ်ပြီး ဘေးနားက ညီမဖြစ်သူကို တစ်ချက် ကြည့်လိုက်လေသည်။
“နောက်တစ်ခါမှ ပြောကြတာပေါ့။”
သွေးနီရောင် မန်ဒါလာ သံသယဖြင့် မေးလိုက်လေသည်။
“နင်တို့ ဘာတွေ ပြောနေကြတာလဲ”
သူမ အမှောင်ထဲမှာ ထားခံရသလို ခံစားနေရပြီး၊ အခြေအနေကို လုံးဝ နားမလည် ဖြစ်နေလေသည်။
ချန်ဇီချီ သက်ပြင်းချပြီး ဖြည်းညှင်းစွာ ပြောလိုက်လေသည်။
“မကြာသေးမီက မဖြေရှင်းရသေးတဲ့ အမှုတစ်ခု ရှိတယ်၊ လူသတ်သမားကို ဥပဒေဘောင်အတွင်း မခေါ်သွင်းနိုင်သေးဘူး။”
သူမအဒေါ်ရဲ့ အလောင်းကို ရှာတွေ့တဲ့အကြောင်း ညီမဖြစ်သူကို ပြောပြဖို့ သူမ မရည်ရွယ်ပေ။ မဟုတ်ရင် ဘယ်လို ပြဿနာတွေ တက်လာမလဲ ဆိုတာ မသိနိုင်ဘူးလေ။
ဘာပဲဖြစ်ဖြစ်၊ အဲ့ဒါက သွေးနီရောင် မန်ဒါလာ ရဲ့ မိခင်အရင်းလေ။
သူမအစွန်းရောက်တဲ့ လုပ်ရပ်တွေ လုပ်မိဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောလို့ မရဘူး။
သွေးနီရောင် မန်ဒါလာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားပြီး၊ ရယ်စရာတောင် ကောင်းနေသလို ခံစားလိုက်ရလေသည်။
“အစ်မတောင် ရှာမတွေ့တဲ့ ဒီသတင်းအချက်အလက်ကို၊ ဒီကောင်က သိနေတယ် ဟုတ်လား”
သူမ ချင်းလန် ရဲ့ နှာခေါင်းကို လက်ညှိုးထိုးပြီး၊ သူမရဲ့ အမြင်ဇောက်ထိုး ပြောင်းပြန် ဖြစ်သွားသလို ခံစားလိုက်ရလေသည်။
ရဲမေတစ်ယောက်က သဲလွန်စ ရဖို့ ဘာကိစ္စ ချင်းလန် ကို မေးရတာလဲ။
ပေးဆပ်မှုတွေ ရှိရင်တောင်မှလား။
“သွားတော့၊ ဒါ မင်းနဲ့ မဆိုင်ဘူး။ ရေတွေ နောက်အောင် ထပ်မလုပ်နဲ့တော့၊ ပြီးတော့ ဘာပဲဖြစ်ဖြစ် ဒီနေရာကို ထပ်မလာနဲ့”
ချန်ဇီချီ က သွေးနီရောင် မန်ဒါလာ ကို ဆွဲခေါ်သွားလေသည်။
ဒီအမုန်းတရားကို သူမ တစ်ယောက်တည်း ခံစားပါစေတော့။
သူမ အဒေါ်ရဲ့ မိသားစုကို တင်ရှိနေတဲ့ ကျေးဇူးကြွေးက ဆပ်လို့ မကုန်နိုင်လောက်အောင် လေးလံလွန်းနေပြီ။ သူမရဲ့ ကျန်ရစ်နေတဲ့ တစ်ဦးတည်းသော ညီမလေးကို အန္တရာယ်ထဲ အရောက်ခံလို့ မဖြစ်ဘူး။
သူတို့နှစ်ယောက် ထွက်သွားပြီး အချိန်အကြာကြီး နေတာတောင် စုရှောင်းရှောင်း ရေချိုးခန်းထဲက ထွက်မလာသေးပေ။
မိန်းကလေးတွေက ရေချိုးတဲ့ နေရာမှာ အချိန်ကုန်ခံရတာကို အထူး နှစ်သက်ကြတယ်လေ။
ချင်းလန် နည်းနည်း စိတ်မရှည် ဖြစ်လာပြီး ကိုယ်တိုင် ဝင်သွားလိုက်လေသည်။
ရေချိုးခန်းက ကျယ်ဝန်းပြီး၊ အလယ်မှာ လိုက်ကာ တစ်ခု ကာထားလေသည်။ ရေကျသံတွေကြောင့် အထဲက စုရှောင်းရှောင်း က ချင်းလန် ရောက်လာတာကို သတိမထားမိပေ။
သူမနောက်မှာ တစ်ယောက်ယောက် ရှိနေတာ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရတဲ့ အချိန်ကျမှ၊
သူမ လန့်ဖျပ်ပြီး ချက်ချင်း လှည့်ကြည့်လိုက်ရာ ချင်းလန် ဖြစ်နေမှန်း သိလိုက်ရတော့ သူမရဲ့ ကြောက်ရွံ့မှုက ရှက်ရွံ့မှု အဖြစ် ပြောင်းလဲသွားလေသည်။ သူမ နွဲ့နှောင်းတဲ့ လေသံလေးနဲ့ ရေရွတ်လိုက်လေသည်။
“သခင်လေး၊ ဘာလုပ်နေတာလဲ”
“ငါ့ကို ရေချိုးပေးလေ။ မင်း လက်လှမ်းမမီတဲ့ နေရာတွေကို ငါ ကူညီပေးလို့ ရတာပေါ့။”
…
နောက်တစ်နေ့၊ မနက်စောစော....
အိပ်ပျော်နေဆဲ ဖြစ်တဲ့ စုရှောင်းရှောင်း ကို နှုတ်ဆက်ပြီးနောက်၊ ချင်းလန် က ကျွင်းဇီ ရဲ့ လိုက်ပို့မှုနဲ့ ထျန်ဟိုင် တက္ကသိုလ် ကို ရောက်ရှိလာလေသည်။
ဒီနေ့ အတန်းတက်ရမှာ ဖြစ်ပြီး၊ ကျောင်းပြောင်းထားတာကြောင့်၊ သူ့ရဲ့ စစ်မြေပြင်ကို ပြောင်းလဲဖို့ အချိန်တန်ပြီလေ။
ဘာပဲဖြစ်ဖြစ် ဒီဝဖြိုးနေတဲ့ဝက် ချန်ဖျင်အန်း က သူ့ရဲ့ အခွင့်အရေး အများစုကို ထျန်ဟိုင် တက္ကသိုလ် မှာ ရရှိခဲ့တာလေ။
ကျောင်းဝင်းထဲ ဝင်ပြီး မကြာခင်မှာပဲ၊ လူအုပ်ကြီး ဝိုင်းအုံကြည့်နေတဲ့ မြင်ကွင်းတစ်ခုနဲ့ ကြုံတွေ့လိုက်ရလေသည်။
“ကျန်းမင်ချန် ငါ နင့်ကို ဘယ်နှခါ ပြောရမလဲ ငါ နင့်ကို မကြိုက်တော့ပါဘူးဆို။ ကျေးဇူးပြုပြီး ငါ့ကို လာမရှုပ်ပါနဲ့တော့ ငါက သခင်လေးဝမ် ရဲ့ ရည်းစား ဖြစ်နေပြီ”
မိတ်ကပ် ပါးပါးလိမ်းထားတဲ့ ကျောင်းသူတစ်ယောက်က သူမကို တွယ်ကပ်နေတဲ့ ကောင်လေးရဲ့ လက်ကို ရွံရှာစွာ ခါချလိုက်ပြီး၊ သူမမျက်နှာပေါ်မှာ အထင်သေးမှုတွေ ပြည့်နှက်နေလေသည်။
ကျန်းမင်ချန် လို့ ခေါ်တဲ့ ကောင်လေးက ကြမ်းပြင်ပေါ် ဒူးထောက်လိုက်ပြီး၊ မျက်နှာမှာ နာကျင်မှုတွေ ပြည့်နှက်နေလေသည်။
“ယွမ်ယွမ် မဖြစ်နိုင်ဘူး၊ နင် အဲ့ဒီကောင့်ရဲ့ အတင်းအကျပ် စေခိုင်းခံရတာ မဟုတ်လား”
“ငါ မကြောက်ဘူး။ ငါ နင့်ကို အရမ်း ချစ်တယ်။ နင် ငါနဲ့ အတူ ရှိနေသရွေ့၊ ငါတို့ ဘယ်လို မုန်တိုင်းမျိုးကို မဆို အတူတူ ကျော်ဖြတ်နိုင်မှာပါ”
ဖန်ယွမ်ယွမ်က မျက်လုံး လှန်ကြည့်လိုက်လေသည်။
“ဘယ်သူက နင်နဲ့ အတူတူ ဆင်းရဲဒုက္ခ ခံချင်မှာလဲ နင်ကဆင်းရဲသား တစ်ယောက်ပဲ။ ငါ့အတွက် ဖုန်းတစ်လုံး ဝယ်ပေးဖို့တောင် နွေရာသီ ကျောင်းပိတ်ရက်မှာအလုပ်လုပ်ရတာ။ ငါက နင့်နောက် ဆက်လိုက်နေရဦးမှာလား နင်နဲ့အတူ ဒုက္ခခံရဦးမှာလား”
“ငါ့ကို လာမရှုပ်နဲ့တော့ နင့်ကို ကြည့်ရတာနဲ့တင် ငါ စိတ်ပျက်နေပြီ”
ဖန်ယွမ်ယွမ် အေးစက်စွာ နှာမှုတ်လိုက်ပြီး၊ စိတ်ပျက်စွာ မျက်လုံး လှန်ကြည့်ကာ တင်ပါးလှုပ်ပြီး ထွက်ခွာသွားလေသည်။
စိတ်လှုပ်ရှားစရာ ဘာမှ မရှိတော့တာ မြင်တော့၊ ကျောင်းသားအုပ်စုက စိတ်ဝင်စားမှု လျော့နည်းသွားပြီး လူစုခွဲ ထွက်သွားကြလေသည်။
ကျန်းမင်ချန် တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး၊ ကြမ်းပြင်ပေါ်မှာ နာကျင်စွာ ဒူးထောက်ရင်း မျက်ရည်တွေ စီးကျနေလေသည်။
အကြာကြီး ငိုကြွေးပြီးနောက် ကျန်းမင်ချန် နောက်ဆုံးမှာ ခေါင်းမော့လိုက်ပြီး သွားကြိတ်ကာ ပြောလိုက်လေသည်။
“ယွမ်ယွမ်၊ မဟုတ်ဘူး၊ နင် ငါ့ကို ချစ်နေသေးတယ်လို့ ငါ ယုံတယ်”
သူက ခေါင်းမာပြီး သခင်လေး ဝမ် ကို သွားရှာကာ အဖြစ်မှန် ပေါ်ပေါက်ဖို့ တိုက်ရိုက် ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်လေသည်။
သူ လူသွားရှာဖို့ ထရပ်လိုက်စဉ်မှာပဲ၊ လက်တစ်ဖက် သူ့ပခုံးပေါ် ကျရောက်လာလေသည်။
ကျန်းမင်ချန် လှည့်ကြည့်လိုက်ပြီး မရင်းနှီးတဲ့ ချင်းလန် ကို တွေ့လိုက်ရလေသည်။ တခဏတာ ချင်းလန် ရဲ့ သာလွန်တဲ့ အရှိန်အဝါကြောင့် လွှမ်းမိုးခံလိုက်ရပြီး၊ သူ အနည်းငယ် နိမ့်ကျသလို ခံစားလိုက်ရကာ အားနည်းတဲ့ အသံနဲ့ မေးလိုက်လေသည်။
“ခင်ဗျား ဘယ်သူလဲ”
ချင်းလန် နွေးထွေးစွာ ပြုံးလိုက်ပြီး ပြောလိုက်လေသည်။
“ငါ ဘယ်သူလဲ ဆိုတာ အရေးမကြီးပါဘူး။ ဖန်ယွမ်ယွမ် ရဲ့ နောက်ခံကို မင်း သိလား သူကမကောင်းတဲ့မိသားစုက လာတာကွ။”
ကျန်းမင်ချန် အံကြိတ်လိုက်လေသည်။
“ယွမ်ယွမ်က ဘယ်လိုနေရာက လာတယ် ဆိုတာ ငါ ဂရုမစိုက်ဘူး၊ သူက ငါ့ကောင်မလေး ဆိုတာပဲ ငါ သိတယ်၊ ပြီးတော့ သူ့ကို ထိခိုက်အောင် ငါ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး။ သူ အတင်းအကျပ် စေခိုင်းခံခဲ့ရတာ ဖြစ်မယ်လို့ ငါ ယုံတယ်”
အင်း...
အဲ့လောက် ပြောပြီးတာတောင် ကျန်းမင်ချန် က အရူးတစ်ယောက်လို ဖြစ်နေသေးတာ မြင်တော့၊ ချင်းလန် သူ့စိတ်ရှည်မှုတွေ ကုန်ဆုံးစပြုလာပြီလို့ ခံစားလိုက်ရလေသည်။
ဖန်ယွမ်ယွမ် ကမကောင်းတဲ့နေရာ ကလာတာလို့ ပြောပြီးပြီလေ၊ ဒါကို သူက ခေါင်းမာမာနဲ့ ဆန့်ကျင်ဘက် လုပ်ချင်နေသေးတယ် နောက်ဆုံးတော့ သခင်လေး ဝမ် ကိုယ်တိုင်ရဲ့ အနိုင်ကျင့် နှိပ်ကွပ်မှုကို ခံလိုက်ရတာပေါ့။
အဲ့ဒါပြီးတော့နောက်ဆုံးမှာ သူက ဖြတ်သွားတဲ့ ချန်ဖျင်အန်း နဲ့ တွေ့ဆုံခဲ့ပြီး၊ ကယ်တင်ခြင်း ခံရကာ သူ့ရဲ့ သစ္စာရှိ နောက်လိုက် ဖြစ်လာခဲ့တာပင်။
ကျန်းမင်ချန် မှာ မူရင်း ဇာတ်လမ်းထဲမှာ ဩဇာအာဏာ အနည်းငယ် ရှိပြီး၊ ချန်ဖျင်အန်း ကို စောင့်ကြည့်ဖို့ သတင်းပေး တစ်ယောက် လိုအပ်နေလို့သာ၊ မဟုတ်ရင် သူ ဒီကောင့်ကို ဂရုစိုက်နေမှာ မဟုတ်ဘူး။
“ကောင်းပြီ၊ ငါ မင်းကို ဖန်ယွမ်ယွမ် ရှာဖို့ ခေါ်သွားပေးမယ်”
ချင်းလန် အတန်းတက်ရုံ သက်သက်အတွက် ကျန်းမင်ချန် လို သတင်းပေးကောင်း တစ်ယောက်ကို လက်လွှတ်မခံလိုပေ။
ဒီကောင်က လုံးဝ ခေါင်းမာတဲ့ကောင်။ သူ အခု ကြုံလို့ တွေ့လိုက်ရတာ။မဟုတ်ရင် ဘယ်အချိန်ကျရင် အဲ့ဒီ သောက်သခင်လေး ဝမ် ကို သွားရှာမလဲ ဘယ်သူ သိမှာလဲ။
တကယ်လို့ ချန်ဖျင်အန်းဆီ အရင် ရောက်သွားရင်၊ ကျန်းမင်ချန် လို သတင်းပေးကောင်း တစ်ယောက်ကို သူ ဆုံးရှုံးလိုက်ရမှာ မဟုတ်ဘူးလား။
သူ ကျွင်းဇီ ကို ဖုန်းဆက်ပြီး ကျောင်းပေါက်ဝမှာ စောင့်ခိုင်းလိုက်လေသည်။
သူက ဖုန်းနဲ့ သီးသန့်ခန်း တစ်ခန်း ကြိုတင် မှာယူထားပြီး၊ တစ်နာရီလောက်ခေါ်ထားလိုက်လေသည်။
ထို့နောက် ချင်းလန် ရဲ့ မနားမနေ စည်းရုံးမှုအောက်မှာ၊ ကျန်းမင်ချန် ကိုကား နောက်ခန်းထဲ အတင်းအကျပ် ဆွဲခေါ်ထည့်လိုက်လေသည်။
ထျန်ဟိုင် တက္ကသိုလ် ကနေ ထွက်ခွာပြီး၊ စည်ကားတဲ့ မြို့လယ်ခေါင်ကနေရာဆီ တန်းတန်းမတ်မတ် ဦးတည်သွားကြလေသည်။
သီးသန့်ခန်းထဲ ထိုင်လိုက်ပြီးမှ ကျန်းမင်ချန်ကခမ်းနားတဲ့ အပြင်အဆင်တွေကို ကြောက်ရွံ့စွာ လိုက်ကြည့်နေလေသည်။
“ဒါ... ဒါ ကလပ်ဟောက်စ်မဟုတ်လား”
ကျန်းမင်ချန် တံတွေး မျိုချလိုက်ပြီး နည်းနည်း နေရခက်သလို ခံစားလိုက်ရလေသည်။ သူက ရိုးသားတဲ့ လူငယ်လေး တစ်ယောက်ပဲ ရှိပါသေးသည်။ သူ ဖန်ယွမ်ယွမ် နဲ့ စတွဲကတည်းက အခုထိ၊ သူတို့ လက်ကိုင်ရုံလောက်ပဲ ရှိပြီး အနမ်းတောင် မနမ်းဖူးသေးပေ။
ဒီလို နေရာမျိုးကို သူတို့ ဘယ်လိုလုပ် ရောက်ဖူးမှာလဲ။
“ခင်ဗျား ကျွန်တော့်ကို ယွမ်ယွမ် ရှာဖို့ ခေါ်သွားမယ် ဆို ကျွန်တော်တို့ ဒီမှာ ဘာလုပ်နေကြတာလဲ”
ကျန်းမင်ချန် ထူးဆန်းတဲ့ အမူအရာနဲ့ မေးလိုက်လေသည်။
ဒေါက် ဒေါက်...
တံခါးခေါက်သံ ကြားလိုက်ရကာ
ရင်းနှီးနေတဲ့ အသံတစ်ခု ထွက်ပေါ်လာပြီး ကျန်းမင်ချန် ကို ကြောင်အသွားစေခဲ့လေသည်။
“မင်္ဂလာပါ ရှင့်၊ ကျွန်မ ဝင်ခဲ့လို့ ရမလား”