အခန်း(၁၀)ယန်ကျင်းက ချင်းမိသားစု
ချိုက်ယုံကဒီနေ့ သူရှုံးသွားပြီဆိုတာကို ဝန်ခံလိုက်လေသည်။
လူငယ်လေးတစ်ယောက်ရဲ့ လက်ထဲကို ရောက်သွားလိမ့်မယ်လို့ သူဘယ်တုန်း
ကမှမမျှော်လင့်ခဲ့ပေမယ့် အဲဒါကသူ လက်နက်ချ လိုက်တယ်လို့မဆိုလိုပေ။
အဲဒီအစားသူက ပြင်ဆင်မှုနှစ်ခု
ကိုလုပ်ခဲ့လေသည်။
သူခေါ်ထားတဲ့လူမိုက်တွေကချင်းလန်
ကိုမသန်စွမ်းဖြစ်အောင် လုပ်နိုင်ခဲ့ရင်
အဲ့ဒါကို လုပ်ခဲ့တဲ့လူမိုက်တွေကို ထောင်ထဲကနေထုတ်ဖို့ ဖို့ ပိုက်ဆံနည်းနည်း သုံးလိုက်ရုံပင်။
အခုအခြေအနေအတွက်ကတော့
ချင်းလန် နဲ့ သူ့ရဲ့ကိုယ်ရံတော်ကို
ထောင်ထဲ ပို့လိုက်ဖို့ပဲရှိတော့တာပင်။
သူ စိတ်မသက်မသာဖြစ်နေသေးပေမယ့်
မကြာခင်မှာချင်းချင်ရှန် ကသူ့သားကို
ခေါ်လာပြီး သူ့ကိုလာတောင်းပန်ရတော့မယ်လို့ တွေးလိုက်တဲ့အခါသူဒီကောင်ကို
ဘယ်လိုအရှက်ခွဲရမလဲ စဥ်းစားနေပြီ ဖြစ်လေသည်။
“ကျေးဇူးပြုပြီးဖယ်ပေးကြပါ။ ကျေးဇူးပြုပြီး ဖယ်ပေးကြပါ။”
“လမ်းကို မပိတ်ကြပါနဲ့။”
“ဒီမှာ ဘာဖြစ်သွားတာလဲ။ဘာလို့
လူတွေ ဒီလောက်ဒဏ်ရာရနေတာလဲ”
“……”
ဈေးဝယ်စင်တာရဲ့ အမှုဆောင်တွေက လုံခြုံရေးဝန်ထမ်းတွေနဲ့အတူ မျက်နှာဖြူဖပ်ဖြူလျော် နဲ့အလျင်အမြန်ပြေးလာကြ
လေသည်။
ချိုက်ယုံ ကရောက်လာသူတွေကို မြင်တော့ သူ့မျက်နှာကပျော်ရွှင်မှု နဲ့ချက်ချင်းလင်းလက်သွားပြီးသူ့လက်မောင်းကိုကိုင်ကာ နှုတ်ဆက်ဖို့ သွားခဲ့လေသည်။
“မန်နေဂျာ ဝမ် ကျွန်တော့်ကိုမှတ်မိသေးလား”
ဝမ်ဝေရှန် မျက်မှောင်ကြုတ်ပြီး သူ့ရှေ့က ချိုက်ယုံကိုကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ မထေမဲ့မြင်အမူအရာတစ်ချို့ လျှပ်ခနဲ ဖြစ်သွားလေသည်။
“မင်းက”
ချိုက်ယုံက ရှက်ပြုံးပြုံးပြီး
“ကျွန်တော်ရှောင်ချိုက်ပါ။ဒီဈေးဝယ်စင်တာ ဆောက်တုန်းကကျွန်တော်မြေကြီးကန်ထရိုက်တာ လုပ်ခဲ့တာလေ။ခင်ဗျား
ကို ထမင်းတောင်ကျွေးဖူးပါသေးတယ်။
ဒီနေ့ ကျွန်တော်ဒီမှာပြဿနာတချို့ကြုံပြီး အရိုက်ခံရလိုက်တယ်။မန်နေဂျာ ဝမ် လုံခြုံရေး ကင်မရာမှတ်တမ်းကိုထုတ်ပေးလို့ရမလား”
ကုမ္ပဏီဥက္ကဋ္ဌ တစ်ယောက်အနေနဲ့
ချိုက်ယုံကမန်နေဂျာအဆင့် လူတစ်ယောက်ရဲ့ ရှေ့မှာဒီလောက်နှိမ့်ချနေစရာ
မလိုပေ။
ဒါပေမယ့် ဝမ်ဝေရှန်ရဲ့နောက်ကွယ်မှာ ပိုင်ဆိုင်မှု သန်းပေါင်းများစွာရှိတဲ့ထန်ရှီအုပ်စု လိုဧရာမကြီးလုပ်ငန်းစုကြီးတစ်ခု ရပ်တည်နေလေသည်။
မန်နေဂျာငယ် တစ်ယောက်ကတောင်
ချိုက်ယုံ မယှဉ်နိုင်တဲ့အရင်းအမြစ်
တွေကိုစုစည်းနိုင်ပေသည်။
ချိုက်ယုံက သူ့ရဲ့ကျိုးနေတဲ့
လက်ကိုပြလိုက်ကာ
“မန်နေဂျာဝမ် ဒီမှာကြည့်ပါဦး။ကျွန်တော့်လက်ကကျိုးသွားပြီ။ကျွန်တော့်ကိုကူညီနိုင်မလား”
ဝမ်ဝေရှန်ကသူ့မျက်နှာကိုပင်မကြည့်ပဲ ပြောလိုက်လေသည်။
“ဈေးဝယ်စင်တာရဲ့ ကင်မရာတွေကစက် ချို့ယွင်း နေလို့ပိတ်ထားတယ်။ ဗီဒီယိုမှတ်တမ်းမရှိဘူး။”
ချိုက်ယုံက သံသယဝင်သွားပြီး
“အားလုံး ချို့ယွင်းနေတာလား”
ဝမ်ဝေရှန်က အေးစက်စွာပြောလိုက်သည်။
“ဟုတ်တယ်”
ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ
အချိန်ကြာကြာ လုပ်ကိုင်ခဲ့တဲ့ချိုက်ယုံက
ဒီနေရာမှာ ပုံမှန်မဟုတ်တာကို ခံစားမိလိုက်ကာ ပေါ့ပေါ့ပါးပါးဖြစ်နေတဲ့
ချင်းလန်ကို ကြည့်လိုက်ပြီး သူ့နှလုံးသားမှာအန္တရာယ်ခံစားမှုတွေနဲ့ပြည့်နှက်သွားလေသည်။
“အား! ကျွန်တော့်ခြေထောက်”
ရုတ်တရက် လုံခြုံရေးအစောင့်
တစ်ယောက် နာကျင်စွာအော်ဟစ်လိုက်
ပြီးမြေပြင်ပေါ် လဲကျသွားကာ ချိုက်ယုံ
ခေါ်ထားတဲ့ လူမိုက်တစ်ယောက်ကို လက်ညှိုးထိုးပြလိုက်တယ်။
“သူ့ရဲ့ အင်္ကျီလက်အောက်မှာ
ဓားမြှောင် ဝှက်ထားတယ်”
ကျယ်လောင်တဲ့ အော်ဟစ်သံနဲ့အတူ အကြိမ်ဒါဇင်ပေါင်းများစွာလေ့ကျင့်ထား သလိုမျိုး ဝမ်ဝေရှန် ခေါ်လာတဲ့လုံခြုံရေးအစောင့်အားလုံးပြေးတက်သွားပြီး ဒဏ်ရာပြင်းထန်နေတဲ့ လူမိုက်တွေနဲ့ထပ်ပြီး ရောထွေးသွားလေသည်။
ချိုက်ယုံ ဆွံ့အသွားလေသည်။သူ့ရဲ့ တုံ့ပြန်မှုဘယ်လောက်ပဲနှေးကွေးနေပါစေ ဝမ်ဝေရှန် ရောက်လာတာကလုံးဝ မတော်တဆ မဟုတ်ဘဲချင်းလန်ရဲ့
အရှုပ်ကိုရှင်းဖို့ ရောက်လာတာဖြစ်တယ်
ဆိုတာသူသိလိုက်လေသည်။
သူစိတ်မကျေနပ်ဖြစ်သွားပြီး
“မန်နေဂျာဝမ်ဒီကောင်နဲ့ ခင်ဗျားဘာပတ်သက်မှု ရှိလဲဆိုတာ ကျွန်တော်မသိဘူး။ဒါပေမယ့်ကျွန်တော့ကို ဒီလိုတော့
မလုပ်သင့်ဘူးလေ”
ဝမ်ဝေရှန် မျက်လုံးကကျဉ်းသွားပြီး
သူတို့နှစ်ယောက်တည်း ကြားနိုင်တဲ့
အသံနဲ့ မေးခွန်းထုတ်လိုက်လေသည်။
“သူက ချင်းမိသားစုကဆိုတာမင်းသိလား”
ချိုက်ယုံက လှောင်ပြောင်လိုက်လေသည်။
“ဟုတ်တယ် သိတာပေါ့။ထျန်ဟိုင်မြို့
မှာချင်းမိသားစု တစ်ခုပဲရှိတယ်။အဲ့ဒီ
ချင်းချင်ရှန် ဆိုတဲ့လူက ကျွန်တော့်ကုမ္ပဏီကို မှီခိုပြီး အသက်မွေးနေရတာ”
ချင်းချင်ရှန်?
သူ ဘယ်သူလဲ?
ဝမ်ဝေရှန် မသိပေမယ့်ချိုက်ယုံရဲ့စကားတွေကနေ ဒီလူကလူမှား နေတယ်ဆိုတာ သူ ခန့်မှန်းနိုင်လေသည်။
သူကတကယ့်ကို ငတုံးပဲ။
“သူက ထျန်ဟိုင်မြို့ကမဟုတ်ဘူး။
သူ ယန်ကျင်း က”
ဘန်း!
တိုးတိုးလေး ပြောပြီးနောက် ဝမ်ဝေရှန်
က ချိုက်ယုံရဲ့ဝမ်းဗိုက်ကိုကန်လိုက်ပြီးကျယ်လောင်စွာအော်ဟစ်လိုက်လေသည်။
“ဒီကောင့်ဆီမှာလည်း လက်နက်ပါလာတယ်။လူနှစ်ယောက် လာပြီးသူ့ကိုပါ ဖမ်းထားလိုက်”
မကြာခင်မှာပဲ ဦးထုပ်ဆောင်းထားတဲ့ မိန်းကလေးငယ် နှစ်ယောက်က သူရဲကောင်းဆန်စွာလူအုပ်ထဲကနေ
ပြေးထွက်လာပြီးချိုက်ယုံရဲ့ကိုယ်အောက်ပိုင်း ကိုပစ်မှတ်ထားကန်ကျောက်သွားကြလေသည်။
လမ်းဘေးခွေးတစ်ကောင်လို
မြေပြင်ပေါ်မှာ ကွေးနေတဲ့ချိုက်ယုံက
နာကျင်မှုကြောင့် လန့်နိုးသွားလေသည်။
ချင်းမိသားစု!
ထျန်ဟိုင်မြို့ကမဟုတ်ဘဲယန်ကျင်း
ကလား။
ယန်ကျင်း ရဲ့ချင်းမိသားစုလား။
ချိုက်ယုံး ရဲ့ နှလုံးသားတုန်ယင်သွားလေသည်။ယန်ကျင်း ရဲ့စီးပွားရေးလောက
ကချင်းမိသားစုလား။တီဗီမှာ မကြာခဏ မြင်ရတဲ့အဲ့ဒီ့ ခေါင်းဆောင်ကြီးရဲ့
ချင်းမိသားစုလား။
ဟူး.......
ဒီအကြောင်းကို တွေးလိုက်တဲ့အခါ အရာအားလုံး ရှင်းလင်းသွားလေသည်။
ထန်ရှီအုပ်စု ရဲ့ထန်ရှောင်းကယန်ကျင်း
က ဖြစ်ပြီးထန်ရှောင်းမှလွဲလို့ တခြားဘယ်သူမှ ထန်ရှီအုပ်စု ကိုဒီလို လူအများရှေ့ မျက်နှာပျက်အောင် မလုပ်ခိုင်းနိုင်ချေ။
ဒါဟာ ယန်ကျင်းကအဲဒီခေါင်းဆောင်ကြီး ရဲ့မိသားစု ဖြစ်ရမယ်။
အဲဒီ ချင်းမိသားစုကသာ ထန်ရှောင်း
ကိုဒီလိုလုပ်ဖို့ ဖိအားပေးနိုင်တာ။
အိုး ဘုရားရေ။
ငါဘယ်သူ့ကို စော်ကားမိပြီလဲ။
ချိုက်ယုံက မြေပြင်ပေါ်မှာကွေးနေရင်း မိန်းကလေးနှစ်ယောက်ရဲ့ ခြေထောက်ကြားကနေ ချင်းလန် ကို ကြည့်လိုက်လေသည်။
သူ့စိတ်ထဲမှာတော့သူအခုချက်ချင်း
အရိုက်ခံပြီး သေသွားချင်ခဲ့လေသည်။
သူကချင်းလန်က ယန်ကျင်းကအဲဒီ
ချင်းမိသားစု ကမှန်း အစောကတည်းက
သိခဲ့ရင် သူ့ရဲ့လက်မောင်းတစ်ဖက်
ကျိုးတာထား လက်ရောခြေရောလေးချောင်းလုံး ကျိုးသွားရင်တောင် ကြမ်းတမ်းတဲ့ စကားလုံးတစ်လုံး တောင် ပြောရဲမှာ မဟုတ်ပေ။
ချိုက်ယုံရဲ့ အမျိုးသမီးကသူမရဲ့
ယောက်ျားက ဒီလိုအရိုက်ခံနေရတာ
မြင်တော့အခြေအနေ မကောင်းမှန်းသိပြီး သူမရဲ့တင်ပါးကို လျင်မြန်စွာလှည့်ကာ ထွက်ပြေးသွားလေသည်။
စုရှောင်းရှောင်းကချင်းလန် ကိုတွေဝေစွာ ကြည့်လိုက်ပြီး
“သခင်လေး ဒီဈေးဝယ်စင်တာက လုံခြုံရေးအစောင့်တွေဘာဖြစ်နေတာလဲ”
ချင်းလန်က ပခုံးတွန့်ပြလိုက်ပြီး
“ငါ ခေါ်ထားတဲ့သူတွေလေ။ငါလူခေါ်မယ်လို့ ပြောခဲ့တယ်။ဒါပေမယ့် ကျွင်းဇီ တစ်ယောက်တည်းပဲ ခေါ်တယ်လို့ မပြောခဲ့ဘူး။သွားရအောင်နောက်ကျနေပြီ နေ့လယ်ငါသွားစရာ ရှိတယ်။”
စုရှောင်းရှောင်း ကနာခံစွာ ခေါင်းညိတ်ပြီး
သူ့ဘေးနားကနေ လိုက်ပါသွားလေသည်။
“”နေ့လယ်စာအတွက် သခင်လေးဘာစားချင်လဲ”
“ဒီနေ့ နေ့လယ်စာ အိမ်မှာ မစားဘူး။ မင်း ကိုယ့်ဘာသာ တစ်ခုခု လုပ်စားလိုက်။”
“……”
ကျွင်းဇီ က ကားယူဖို့ မြေအောက် ကားဂိုဒေါင်ကို သွားခဲ့ပြီး ချင်းလန် နဲ့
စုရှောင်းရှောင်းက ဈေးဝယ်စင်တာ ဝင်ပေါက်မှာ စောင့်နေလေသည်။
ဗိုက်ပူပူနဲ့နတ်ဆရာလို ပြုံးနေတဲ့ ခပ်ဝဝ အမျိုးသား တစ်ဦးက ရိုးလ်ရွိုက်စ်ကား နောက်ခန်းကနေ ထွက်လာပြီး ချင်းလန်
ဆီကိုလျှောက်လာကာ သူ့လက်တွေကို ပွတ်သပ်ပြီး မြှောက်ပင့်တဲ့ အပြုံးနဲ့ပြောလိုက်လေသည်။
“ရှောင်ချင်း ဘယ်လိုလဲ။ကိစ္စတွေပြေလည်သွားပြီလား။အိမ်ကနေဖုန်းရတာနဲ့ ချက်ချင်းထပြီး အမြန်လာခဲ့တာ။အဆင်ပြေရဲ့လား။ဘာဒဏ်ရာမှ
မရလိုက်ဘူးမလား”
ရောက်လာတဲ့သူကယန်ကျင်း ထန်မိသားစုရဲ့သားအကြီးဆုံးထန်ထျန်ဖေ ဖြစ်ပြီးနှစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်လေသည်။သုံးနှစ်အကြာက သူကချောမောတဲ့လူငယ်လေး တစ်ယောက်ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာမိသားစုအတွင်းရေး ကိစ္စတချို့ကြောင့်အမှားလုပ်မိပြီး
ယန်ကျင်းကနေနှင်ထုတ် ခံခဲ့ရလေသည်။
သူတို့အားလုံး ယန်ကျင်းဒုတိယမျိုးဆက် အသိုင်းအဝိုင်းမှာပေါင်းသင်းခဲ့ကြတာမို့ တစ်ဦးနဲ့တစ်ဦး အဆက်အသွယ်အချက်အလက်တွေ ရှိနေတာသဘာဝပင်။
သို့သော်လည်း အချိန်တွေကမတူတော့ပေ။ အရင်ကထန်ထျန်ဖေဟာချင်းလန်ထက်နည်းနည်း ပိုမြင့်တဲ့အနေအထားကနေ စကားပြောနိုင်ခဲ့လေသည်။
ဒါပေမယ့် အခုတော့
ထန်ထျန်ဖေ ကယန်ကျင်းကနေနှင်ထုတ် ခံထားရတဲ့ အပယ်ခံတစ်ယောက်ဖြစ်ပြီး ချင်းလန် ကတော့ယန်ကျင်းချင်းမိသားစု ရဲ့တိုက်ရိုက်မျိုးဆက်အနာဂတ်ရဲ့တစ်ဦးတည်းသော အမွေခံ ဖြစ်လေသည်။
သူတို့ကို ယှဉ်လို့ပင်မရတော့ပေ။
“ခင်ဗျားကိစ္စတွေကို ကောင်းကောင်း ကိုင်တွယ်ခဲ့တာပဲကျေးဇူးတင်ပါတယ်
အစ်ကိုထျန်ဖေ”
ချင်းလန်က နွေးထွေးစွာ ပြုံးလိုက်ပြီး
“ဒီနေ့ ကျွန်တော်ချင်းလန်က အစ်ကိုထျန် ကို ကျေးဇူးကျွေးတင်သွားပြီ။နောက်တစ်ကြိမ် အခွင့်အရေးရှိရင်ဒီကျေးဇူးကို သေချာပေါက် ပြန်ဆပ်ပါ့မယ်။”
ထန်ထျန်ဖေ ရဲ့ မျက်နှာကမပျော်မရွှင် တောင့်တင်းသွားပြီး
“ရှောင်ချင်း မင်းဘာတွေပြောနေတာလဲ။သူစိမ်းမြို့မှာ သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ တွေ့ပြီးဒီလိုကိစ္စသေးသေးလေးကို ကူညီရတာကို ဘာလို့ကျေးဇူအကြောင်း ပြောနေတာလဲ။”
“ပြီးတော့ မင်းသာအဆင့်အတန်းအမှန်ကိုချပြလိုက်ရင် ဘယ်သူမှ နှောင့်ယှက်ရဲမှာတောင်မဟုတ်ဘူး”
“အမှန်တော့ ငါလာခဲ့တာက မင်းကိုနောက်ရက်အနည်းငယ်မှာ ကျင်းပတဲ့စုဝေးပွဲကိုဖိတ်ချင်လို့။အဲ့မှာထျန်ဟိုင် မြို့ကအထက်တန်းလွှာတွေအားလုံးနီးပါးလာ
ကြမှာ”