ကျောက်ရှီးတုန်းသည် ရွှီရှောင်ရှို့နှင့် စကားပြောရင်း အချိန်ဖြုန်းနေရန် စိတ်မပါတော့ချေ။ ကံကောင်းသည့်အချက်မှာ အခြားတစ်ယောက် ပြောနေသည့်အရာကို သူ နားမလည်ခြင်းပင် ဖြစ်သည်။
သို့သော် ဤအရာက ရွှီရှောင်ရှို့၏ ပြဿနာမဟုတ်ဘဲ ကျောက်ရှီးတုန်း၏ ပြဿနာသာ ဖြစ်သည်။
သူသည် လိုရင်းကိုသာ ဖြတ်ပြောရန် ဆုံးဖြတ်လိုက်သည်
“ပွင့်ပွင့်လင်းလင်း ပြောစမ်း။ ဘာက ပေါက်ကွဲမှုကို ဖြစ်စေတာလဲ”
ရွှီရှောင်ရှို့သည် ပြတင်းပေါက်ဘောင်ပေါ်တွင် သူ့လက်ချောင်းကို သာသာလေး တောက်လိုက်ပြီး မျက်နှာအမူအရာမရှိဘဲ ပြောလိုက်သည်။
“စမ်းသပ်မှုတစ်ခု”
ကျောက်ရှီးတုန်း၏ နှုတ်ခမ်းများ တွန့်သွားသည်။ သူ့မျက်နှာသည် ပထမတော့ မည်းမှောင်သွားပြီးနောက် ဖြူဖျော့သွားကာ ပြန်လည်မည်းမှောင်သွားပြန်သည်
စမ်းသပ်မှုတစ်ခု ဟုတ်လား။ ဒါဆို ရွှီရှောင်ရှို့က ပေါက်ကွဲမှုကို ဖြစ်စေတဲ့သူပေါ့လေ။
“ဘယ်လို စမ်းသပ်မှုမျိုးလဲ”
ကျောက်ရှီးတုန်းက မေးလိုက်သည်။
“မီးလုံးငယ်နဲ့ ပတ်သက်တဲ့ စမ်းသပ်မှုတစ်ခုပါ”
ရွှီရှောင်ရှို့သည် သူ့လက်ဖဝါးပေါ်ရှိ မီးလုံးနှစ်လုံးကို စိုက်ကြည့်လိုက်ပြီးနောက် အသာအယာ ငြှိမ်းသတ်လိုက်သည်။ အဆုံးသတ်တွင်မူ သူ ၎င်းတို့ကို လိုအပ်တော့မည် မဟုတ်ချေ
ကျန်တဲ့လူအားလုံးမှာ ဆွံ့အသွားကြရသည်။
...မီးလုံးငယ် ဟုတ်လား
ရွှီရှောင်ရှို့က ထိုကြောက်စရာကောင်းသော ပေါက်ကွဲမှုကြီးကို မီးလုံးငယ်တစ်ခုက ဖြစ်စေခဲ့တာလို့ သူတို့ကို တကယ်ပဲ ပြောလိုက်တာလား
သူက သူတို့ကို အရူးတွေလို့ ထင်နေတာလား။
[သံသယဝင်ခံရခြင်း၊ အလိုအလျောက် ရမှတ် +၂၇၅]
ကျောက်ရှီးတုန်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ့အတွင်း၌ ပွက်လောရိုက်နေသော စိတ်တိုမှုများကို ဖိနှိပ်လိုက်ရင်း
“အောက်ကို ဆင်းလာခဲ့စမ်း။” သူက မှုန်ကုပ်ကုပ်ဖြင့် ပြောလိုက်သည်
“ငါတို့ စကားပြောဖို့ လိုတယ်”
သူတို့ အခုလည်း စကားပြောနေကြတာပဲ မဟုတ်ဘူးလား။
ရွှီရှောင်ရှို့သည် ကျောက်ရှီးတုန်း၏ အမိန့်ကို လျစ်လျူရှုလိုက်သည်။ သူတို့ထံမှ ထွက်ပေါ်လာသော လူသတ်လိုသည့် ဒေါသအငွေ့အသက်များကို သူ ခပ်ရေးရေး အာရုံခံမိနေသည်
ဘာပဲဖြစ်ဖြစ် သူက လူသုံးယောက်ကို သတ်ခဲ့တာကိုး။
“ဒါဆို... မင်းတို့ အထဲကို ဝင်လာလို့မရဘူးပေါ့ ဟုတ်လား”
ထိုအချိန်တွင် ရွှီရှောင်ရှို့သည် ဤနေရာက ဝိညာဉ်ရေးရာ စာကြည့်တိုက်ဌာန ဖြစ်ကြောင်း ရုတ်တရက် သတိရသွားသည်။ သူတို့က စည်းကမ်းထိန်းသိမ်းရေးသမားများ ဖြစ်နိုင်သော်လည်း ဤဝိညာဉ်ရေးရာ စာကြည့်တိုက်ဌာနထဲသို့ အတင်းအဓမ္မ ဝင်ရောက်ရန် လုပ်ပိုင်ခွင့်အာဏာ ရှိပုံမရချေ
အမှန်တကယ်တော့ သူတို့ ဝင်ချင်လျှင်တောင်မှ အတင်းဝင်၍ ရနိုင်မည်မဟုတ်ပေ။
ဝိညာဉ်ရေးရာ စာကြည့်တိုက်ဌာနဆိုသည်မှာ ‘ထျန်းဆန်း ဝိညာဉ်နန်းတော်’ အခြေစိုက်ထားသည့် အခြေခံအုတ်မြစ် ဖြစ်သည်။ ၎င်း၏ လုံခြုံရေး အစီအမံများမှာ မနေ့ညက မျက်နှာဖုံးစွပ်သမားကဲ့သို့ အစွမ်းထက်သော လူများကိုပင် အပြင်၌ တားဆီးထားနိုင်စွမ်း ရှိသည်။ ၎င်းက သာမန်စည်းကမ်းထိန်းသိမ်းရေးသမားတစ်ဦး ဇွတ်တိုးဝင်နိုင်သည့် နေရာမျိုး မဟုတ်ချေ
အစကတည်းက အကြီးအကဲစန်းက သူ့ကို အထဲဝင်ခွင့်ပြုခဲ့၍သာ သူ ဤဝိညာဉ်ရေးရာ စာကြည့်တိုက်ဌာနထဲသို့ ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
“ဒါက သေးငယ်တဲ့ စမ်းသပ်မှုတစ်ခုပါပဲ...”
ရွှီရှောင်ရှို့သည် ထိုလူများ၏ မျက်လုံးထဲက ရန်လိုမှုများကို ကြည့်ကာ သူတို့ကို ဖျောင်းဖျရန် ကြိုးစားလိုက်သည်
“မလန့်ကြပါနဲ့။ ဒါက ကိစ္စကြီးမဟုတ်ပါဘူး”
ကျောက်ရှီးတုန်း၏ မျက်နှာပေးမှာမူ လုံးဝကို မုန်တိုင်းထန်နေတော့သည်။
အကယ်၍ ဤအရာက တခြားလူတစ်ယောက်ဆိုလျှင် သူ စိုးရိမ်နေမည်မဟုတ်ပေ။ သို့သော် သူတို့ ပြောနေသည့်သူက ရွှီရှောင်ရှို့ ဖြစ်နေသည်!
ဒါက ရွှီရှောင်ရှို့ပဲ!
တကယ့်ကို ပြဿနာရှာတဲ့ကောင်!
သူ ဘယ်လိုလုပ်ပြီး စိုးရိမ်စိတ် မဝင်ဘဲ နေနိုင်ပါ့မလဲ။
“မင်း အရင်ဆုံး အောက်ကို ဆင်းလာခဲ့ပါလား...”
ဤလူများသည် ရွှီရှောင်ရှို့၏ စကားကို ယုံကြည်ပုံမရကြချေ၊ ထို့ပြင် သူတို့က သူ့ကို အလိုအလျောက် ရမှတ်များလည်း လုံးဝ မပေးကြတော့ချေ။ ရွှီရှောင်ရှို့သည် ဤစကားဝိုင်းကို ဆက်လက်ဆွေးနွေးရန် စိတ်ဆန္ဒအားလုံး ပျောက်ဆုံးသွားတော့သည်။
သူတို့သည် သူ့ကို ဆေးလုံးဖော်စပ်ခြင်းမှ တားဆီးနေကြပြီး သူ့ရဲ့ အဖိုးတန်လှသော အချိန်များကို ဖြုန်းတီးနေကြသည်
သူသည် အခန်းထဲသို့ ပြန်ဝင်သွားပြီး ဟိုဟိုဒီဒီ မွှေနှောက်ရှာဖွေလိုက်သည်။ ဤနေရာက အကြီးအကဲစန်း၏ သီးသန့် အခန်းဖြစ်ပြီး အဖိုးတန်လွန်းခြင်း သို့မဟုတ် အရေးကြီးလွန်းခြင်း မရှိလှသော ပစ္စည်းများစွာဖြင့် ပြည့်နှက်နေသည်။
“ရှာတွေ့ပြီ!”
ရွှီရှောင်ရှို့အနေဖြင့် နက်မှောင်သော အနီရောင် တံဆိပ်ပြားတစ်ခုကို ရှာတွေ့ရန် ကြာမြင့်စွာ မစောင့်လိုက်ရချေ။ ဤအရာက သူ့ကို လိုအပ်သော လုပ်ပိုင်ခွင့်အာဏာကို ပေးစွမ်းနိုင်လိမ့်မည် ဖြစ်သည်။
သူသည် ပြတင်းပေါက်နားသို့ ပြန်လျှောက်သွားပြီး တံဆိပ်ပြားကို မြှောက်ပြလိုက်သည်။ “အကြီးအကဲစန်းရဲ့ အမိန့်အရ... မင်းတို့အားလုံး အခုချက်ချင်း ပြန်ကြတော့!”
ကျောက်ရှီးတုန်းသည် ထိုလူငယ်လေးကို စိုက်ကြည့်လိုက်သည်။ ဆုချန်ချန်ကဒီတံဆိပ်ပြားကိုပင် ဝှေ့ယမ်းပြခဲ့သည့် ပုံရိပ်က သူ့ခေါင်းထဲတွင် ပြေးမြင်လာသည်။ သူတို့က ပုံစံတစ်သမတ်တည်း ထွက်လာကြတာပဲ!
“မင်း...” သူ ရုတ်တရက် စကားရပ်သွားသည်။
နေဦး၊ ခဏလောက်။
ထိုကောင်က အစကတည်းက ထူးဆန်းစွာ ပြုမူနေခဲ့တာပဲ၊ စမ်းသပ်မှုတစ်ခုအကြောင်းကို ဇွတ်ပြောနေပြီး မီးလုံးငယ်နဲ့ ကစားပြနေတယ်...
သူက အကြောင်းပြချက်မရှိဘဲ သူတို့ကို ပြောင်လှောင်နေမှာ မဟုတ်ဘူး။
ထိုပေါက်ကွဲမှုက စိတ်ယောင်မှားခြင်း မဟုတ်ပေ။ ဒါက အမှန်တကယ် ဖြစ်ပျက်ခဲ့တာ။ ဆေးလုံးဖော်စပ်ခြင်းက ဤမျှကြီးမားသော ပေါက်ကွဲမှုကို မဖြစ်စေနိုင်ချေ။
တစ်ခုခုတော့ မမှန်ဘူး။
ဒါ့အပြင် ရွှီရှောင်ရှို့က အဆင့်ကိုးမှာပဲ ရှိသေးတာ။ သူက ဆေးလုံးကို လုံးဝ ဖော်စပ်နိုင်စွမ်း မရှိသင့်ဘူး!
ကျောက်ရှီးတုန်း၏ သူငယ်အိမ်များ ကျုံ့ဝင်သွားသည်။ ရွှီရှောင်ရှို့က အစကတည်းက သူတို့ကို တစ်ခုခု ပြောပြဖို့ ကြိုးစားနေခဲ့တာပဲ...
သေချာပေါက် အဲ့ဒါပဲ ဖြစ်ရမည်။
သူက ပေါက်ကွဲမှုကို ဖြစ်စေခဲ့တာ မဟုတ်ဘူး။ တခြားတစ်ယောက်ယောက်က လုပ်ခဲ့တာ။
ရွှီရှောင်ရှို့က...
...ပြန်ပေးဆွဲခံထားရတာပဲ!
သူ့ကို ဖမ်းဆီးထားတဲ့ ပြန်ပေးသမားကသာ ထိုကြောက်စရာကောင်းတဲ့ တိုက်ကွက်ကို ထုတ်လွှတ်ခဲ့တာ ဖြစ်ရမယ်!
ဤအတွေးက တကယ့်ကို ထိတ်လန့်စရာကောင်းလှသည်
ကျောက်ရှီးတုန်းသည် သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကြက်လိုက်သော်လည်း ပတ်ဝန်းကျင်တွင် သံသယဖြစ်ဖွယ်ရာ မည်သည့်အရာကိုမျှ ရှာမတွေ့ချေ။ သူ့မျက်လုံးများက ဝိညာဉ်ရေးရာ စာကြည့်တိုက်ဌာနပေါ်သို့ ထပ်မံ ကျရောက်သွားပြန်သည်။
အဖြေက သူတို့မျက်စိရှေ့မှာတင် ရှိနေတာပဲ။
ပြန်ပေးသမားကလည်း ဝိညာဉ်ရေးရာ စာကြည့်တိုက်ဌာနထဲမှာ ရှိနေတာ။
အမှန်တကယ်တော့ သူက အခုအချိန်မှာ ရွှီရှောင်ရှို့ရဲ့ နောက်ကွယ်မှာ ပုန်းနေပြီး၊ ကျောက်ရှီးတုန်းနဲ့ ကျန်တဲ့လူတွေကို ထွက်သွားခိုင်းဖို့အတွက် ရွှီရှောင်ရှို့ကို ခြိမ်းခြောက်ပြီး ထိတ်လန့်အောင် လုပ်နေတာ ဖြစ်နိုင်တယ်။
‘ဒါကြောင့်ကိုး... '
'ဒါကြောင့်မလို့ ရွှီရှောင်ရှို့က ငါတို့ကို အသည်းအသန် မောင်းထုတ်နေတာပဲ...'
ကျောက်ရှီးတုန်းသည် မိမိ၏ အတွေးက မှန်ကန်ကြောင်း ယုံကြည်သွားပြီး သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သမျှ အရာအားလုံးက အခုမှပဲ ကွက်တိ အဓိပ္ပာယ်ရှိသွားတော့သည်။
[သံသယဝင်ခံရခြင်း၊ အလိုအလျောက် ရမှတ် +၁]
[သံသယဝင်ခံရခြင်း၊ အလိုအလျောက် ရမှတ် +၁]
[သံသယဝင်ခံရခြင်း၊ အလိုအလျောက် ရမှတ် +၁]
“......”
ရွှီရှောင်ရှို့သည် ကျောက်ရှီးတုန်းကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်လိုက်ပြီး ထိုလူ့ခေါင်းထဲတွင် မည်သည့် ရူးနှိုက်လှသော အတွေးများ ဝင်ရောက်နေပါလိမ့်ဟု တွေးမိသည်။
သူ့ထံသို့ ထူးဆန်းသော လက်ဟန်ခြေဟန် အစုလိုက်အပြုံလိုက် ပြန်လည်ရောက်ရှိလာသည်။
ကျောက်ရှီးတုန်းက လက်ညှိုးတစ်ချောင်း ထုတ်ပြပြီး ၎င်းကို လှုပ်ခါပြကာ၊ ထို့နောက် အခြားလက်တစ်ဖက်ကို မြှောက်ပြီး ပထမလက်ရဲ့ နောက်ကွယ်မှာ ထားပြသည်ကို သူ စိုက်ကြည့်နေမိသည်။
ထိုလူက မျက်တောင်ခတ်ပြပြီး သူ့ကို မေးခွန်းထုတ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
သူ ဘာလိုချင်လို့လဲ။ ရွှီရှောင်ရှို့ ဇဝေဇဝါ ဖြစ်သွားရသည်
သူသည် ကျောက်ရှီးတုန်း၏ လက်ဟန်ခြေဟန်တစ်ခုကိုမျှ နားမလည်ချေ။ ထိုမျက်တောင်ခတ်ပြခြင်းနှင့် ပတ်သက်၍မူ...
...၎င်းက ဘာကို ဆိုလိုမှန်းလည်း သူ လုံးဝ မသိချေ။
သို့သော် ထိုအရာက သူ့ကို ပြန်လည် မျက်တောင်ခတ်ပြခြင်းမှ မတားဆီးနိုင်ခဲ့ချေ
“အခုချက်ချင်း ထွက်သွားကြစမ်း!”
ကျောက်ရှီးတုန်း၏ မျက်နှာပေါ်တွင် သဘောပေါက်သွားသည့် အမူအရာတစ်ခု ပေါ်လာလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ...
ဘာတွေ ဖြစ်ပျက်နေတာလဲ။
ကျောက်ရှီးတုန်းက သူ့ရဲ့ နောက်ကျောကို စိုက်ကြည့်နေပုံရသည်။
“သွားကြစို့!”
ရွှီရှောင်ရှို့ ဘာဖြစ်နေမှန်း နားမလည်ခင်မှာပဲ၊ ထိုဒိုင်လူကြီးဟောင်းက သူ့လက်ကောက်ဝတ်ကို ခါလိုက်သည်။ သူ့ပတ်ဝန်းကျင်ရှိ လူတိုင်း ရုတ်တရက် ငြိမ်သက်သွားပြီးနောက် နောက်တစ်စက္ကန့်တွင် ပျောက်ကွယ်သွားကြတော့သည်...
ဘာတွေများ ဖြစ်ပျက်နေတာလဲဟ။
ရွှီရှောင်ရှို့ လုံးဝကို စိတ်ရှုပ်ထွေးသွားရသည်။
...
သူတစ်ယောက်တည်း ဇဝေဇဝါ ဖြစ်နေခြင်း မဟုတ်ပေ။ ထွက်ခွာသွားကြသော စည်းကမ်းထိန်းသိမ်းရေးသမား အများစုသည်လည်း ကျောက်ရှီးတုန်းက ဘာကြောင့် ဆုတ်ခွာဖို့ အမိန့်ပေးခဲ့သလဲဆိုတာကို လုံးဝ နားမလည်ကြချေ
“ကျူးကျော်တိုက်ခိုက်မှု ရှိတယ်လို့ ကျွန်တော် ထင်နေတာ။ ဘာလို့ ထွက်သွားကြတာလဲ”
တစ်စုံတစ်ယောက်က မေးလိုက်သည်။
ကျောက်ရှီးတုန်းကတော့ အလွန်အမင်း အလျင်လိုနေပုံရသည်
“မြန်မြန်လုပ်စမ်း။ မင်းတို့တွေကို ‘ခေါင်းဆောင်ရှောင်’ ကို သွားရှာခိုင်းနေတာ၊ ငါကတော့ အကြီးအကဲစန်းကို သွားရှာမယ်။ ငါတို့ သူတို့နှစ်ယောက်လုံးကို လိုအပ်တယ်။ သူ့ကို ကယ်တင်ချင်ရင် ငါတို့ မြန်မြန် လှုပ်ရှားရမယ်!”
“ဘယ်သူ့ကို ကယ်ဖို့လဲ”
ကျောက်ရှီးတုန်း လမ်းလျှောက်နေရာမှ ရပ်တန့်လိုက်ပြီး ခေါင်းကို စောင်းကာ မေးခွန်းထုတ်ခဲ့သည့် လူကို စိုက်ကြည့်လိုက်ရင်း-
“မင်းတို့ မရိပ်မိကြဘူးလား။"
"တစ်စုံတစ်ယောက်က ရွှီရှောင်ရှို့ကို ပြန်ပေးဆွဲသွားပြီ။ သူ ဖမ်းဆီးခံထားရတာ!”
...
ဒုန်း!
ရွှီရှောင်ရှို့ ပြတင်းပေါက်ကို ပိတ်လိုက်သည်။
သူသည် အိုးကြီးဆီသို့ ပြန်လျှောက်သွားကာ ထိုင်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် သွားကို ကြိတ်လိုက်မိသည်။
သူ ဤအရာကို မျှော်လင့်ထားသင့်သည်။ တစ်စုံတစ်ယောက်က အလုပ်တစ်ခုခုကို အသည်းအသန် ကြိုးစားချင်စိတ် ရှိလာသည်နှင့်တစ်ပြိုင်နက် ဒုက္ခများက တံခါးလာခေါက်ပြီး အရာအားလုံးကို ဖျက်ဆီးရန် ကြိုးစားတတ်ကြသည်
“ငါ အာရုံပျံ့လွင့်လို့ မဖြစ်ဘူး။ ငါ ဆေးလုံးဖော်စပ်ဖို့ပဲ အာရုံစိုက်ရမယ်!”
သူသည် ဆေးပင်များကို ပြန်ထုတ်ပြီး ယခင်က လုပ်ဆောင်ခဲ့သည်များကို ထပ်ခါတလဲလဲ ပြုလုပ်ကာ၊ မိမိ၏ ‘အသက်ရှူကျင့်စဉ်’ ကို တောက်လောင်နေသော မီးလုံးနှင့် ပေါင်းစပ်ရန် ဆက်တိုက် ကြိုးစားနေခဲ့သည်။
ဖျစ်...
ဖျစ်...
ဖျစ်...
သူ့ရဲ့ ဆက်တိုက် ကျရှုံးမှုများက သူ့အတွင်း၌ တောက်လောင်နေသော စိတ်လှုပ်ရှားမှုများကို ငြှိမ်းသတ်လိုက်သကဲ့သို့ ဖြစ်သွားစေသည်။ ရွှီရှောင်ရှို့သည် အကြီးအကဲစန်း တစ်ခုခု မှားယွင်းသွားခြင်း ရှိ၊ မရှိ သံသယဝင်မိသည်။ ဖြစ်နိုင်သည်မှာ သူ့တွင် ဤအတွက် ပါရမီ မရှိခြင်း ဖြစ်နိုင်သည်။
သူ သိထားသင့်တာက...
သူက ‘တိမ်ဖြူဓားကျင့်စဉ်’ ရဲ့ ပထမဆုံး တိုက်ကွက်ကို သင်ယူဖို့အတွက် သုံးနှစ်တောင် အချိန်ယူခဲ့ရတဲ့ ကောင်ပဲဥစ္စာ...
“ဒါကတော့ လုံးဝကြီး မမှန်သေးပါဘူး။ ဒါက ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ပတ်သက်နေတာ ဖြစ်ရမယ်။”
ရွှီရှောင်ရှို့ လွယ်လွယ်နှင့် အရှုံးမပေးသေးချေ။ သူသည် ထိုကဲ့သို့ လွယ်လွယ်နှင့် အရှုံးပေးတတ်သည့် လူစားမျိုး မဟုတ်ပေ။
သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ‘လူသားအဆင့်’ မှာတင် ပိတ်မိနေသေးသော်လည်း၊ သူက ‘ပင်ကိုယ်အဆင့်’ စွမ်းရည်များကို ရရှိထားခဲ့သည်။ သူ့တွင် ကြီးမားသော စွမ်းအား ရှိသော်လည်း ၎င်းအပေါ် ထိန်းချုပ်မှုမှာမူ မပြည့်စုံဘဲ ချို့ယွင်းချက် ရှိနေဆဲ ဖြစ်သည်
သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က စံနှုန်းမမီသေးချေ။ ရလဒ်အနေဖြင့် သူ ပိုင်ဆိုင်ထားသော စွမ်းအားကို သူ အားစိုက်စရာမလိုဘဲ လွတ်လပ်စွာ မကိုင်တွယ်နိုင်ခြင်း ဖြစ်သည်။
ရွှီရှောင်ရှို့သည် ကြမ်းပြင်ပေါ်သို့ ပက်လက်လှန်ကာ စိတ်ပျက်လက်ပျက်ဖြင့် လှဲချလိုက်တော့သည်။ သူသည် အတွေးများကို လေလွင့်ခွင့်ပြုလိုက်ရာ သူ့ခေါင်းထဲတွင် အနီရောင် မျက်နှာပြင်တစ်ခု ပေါ်လာသည်
[အလိုအလျောက် ရမှတ် - ၆၄၄၂]
သူသည် ရမှတ် ခြောက်ထောင်ကျော်အထိ စုဆောင်းမိထားခဲ့ပြီ...
တကယ်လို့ သူက မီးဓာတ်နဲ့ ပတ်သက်ပြီး ကျွမ်းကျင်မှု ပေးစွမ်းနိုင်မယ့် စွမ်းရည်တစ်ခုခုကို ကံကောင်းထောက်မစွာဖြင့် ဆွဲယူနိုင်ခဲ့မယ်ဆိုရင် မကောင်းဘူးလား။
ရွှီရှောင်ရှို့ တကယ်ပင် စိတ်လှုပ်ရှားသွားသော်လည်း၊ သူ၏ တဖြည်းဖြည်း လျော့နည်းလာသော အောင်မြင်မှုနှုန်းကို ပြန်လည် သတိရမိသွားသဖြင့် ထိုအတွေးကို လက်လွှတ်လိုက်ရန် ဆုံးဖြတ်လိုက်သည်
သူ့တွင် အလိုအလျောက် ရမှတ် ခြောက်ထောင်သာ ရှိသေးသည်။ အမှန်အတိုင်းပြောရလျှင် စနစ်က တစ်ကြိမ်တည်းနှင့် အရာအားလုံးကို ဝါးမြိုသွားပြီးနောက် ထပ်မံ တောင်းဆိုနေဦးမည် ဖြစ်သည်။
သူသည် အတွေးများကို လက်ရှိ ပစ္စုပ္ပန်ဆီသို့ ပြန်လည် ဆွဲခေါ်လိုက်သည်
နေဝင်ရိုးရီ အလင်းတန်းများသည် ပြတင်းပေါက်မှတစ်ဆင့် ဖြာကျနေသည်။ နေဝင်ချိန်ကို ငေးကြည့်နေရင်း ရွှီရှောင်ရှို့သည် သူ့စိတ်ထဲတွင် အနည်းငယ် ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။
“ငါ့ဘာသာငါ အနားယူပြီး တစ်ယောက်တည်း အချိန်ကုန်ဆုံးခဲ့ရတာ တော်တော်လေး ကြာသွားပြီပဲ...”
တိတ်ဆိတ် ငြိမ်သက်လှသော တစ်ယောက်တည်း ရှိချိန်များတွင် လူသည် တစ်ခုခုကို ပြုလုပ်ချင်သည့် ရုတ်တရက် စိတ်လိုက်မာန်ပါ စိတ်ဆန္ဒများ ဝင်ရောက်လာတတ်သည်။
ရွှီရှောင်ရှို့သည် ဘာကိုမှ မစဉ်းစားတော့ဘဲ သူ၏ အလိုအလျောက် ရမှတ်များကို ‘အလိုအလျောက် သော့ချက်’ တစ်ခုအဖြစ် လဲလှယ်လိုက်ပြီး ၎င်းကို ကံစမ်းမဲ လှည့်ဘီးထဲသို့ ထည့်သွင်းလိုက်တော့သည်
သူ့တွင် အခုရှိနေသော အလိုအလျောက် ရမှတ် အရေအတွက်နှင့်ဆိုလျှင် မည်သည့် စွမ်းရည်ကိုမျှ အဆင့်မြှင့်တင်၍ မရချေ။ ၎င်းတို့ကို အသုံးမပြုဘဲ ထားရခြင်းက ဖြုန်းတီးရာ ရောက်ပုံရသည်။ ဘာပဲဖြစ်ဖြစ် သူ ကံကောင်းသွားနိုင်တာပဲ
သူ ရုတ်တရက် မတ်တတ်ထိုင်လိုက်သည်။
သူ ဘာကိုမှ မမြင်ရတော့ချေ။
ဘာတွေ ဖြစ်ပျက်နေတာလဲ။