လက်စွပ်ထဲရှိ ဆေးပင်ပုံကြီး၏ အပေါ်တွင် ခရမ်းရောင် ကျောက်စိမ်းပေလွှာတစ်ခု ငြိမ်သက်စွာ ရှိနေသည်။
“ကြည့်ရတာ တော်တော်တော့ ရိုးရှင်းပုံရတယ်...”
ကျောက်စိမ်းပေလွှာထဲတွင် အထွေထွေ ဆေးဖော်စပ်ခြင်းဆိုင်ရာ အခြေခံဗဟုသုတများကို အသေးစိတ် ဖော်ပြထားသော်လည်း အတွင်းစာသားအများစုမှာ မီးတောက်ထိန်းချုပ်မှု နည်းစနစ်များအကြောင်းသာ ဖြစ်သည်
ရွှီရှောင်ရှို့သည် လက်ဖဝါးကို ဖြန့်လိုက်ပြီး ဝိညာဉ်အရင်းအမြစ်ကို ဖိသိပ်လိုက်ရာ ဖောက်ခနဲ၊ ဖောက်ခနဲ အသံများ ထွက်ပေါ်လာသည်။
အကယ်၍ သူ့တွင် အာရုံခံစားမှုသာ မရှိပါက ဤဒြပ်မဲ့မီးတောက်စေ့လေးကို ထိန်းချုပ်ရန် အလွန်ပင် ခဲယဉ်းပေလိမ့်မည်။
“မီးတောက်ကို မူလအရွယ်အစားရဲ့ ဆယ်ဆလောက်အထိ ရောက်အောင် အစွမ်းကုန် ဖိသိပ်ပြီး စွမ်းအားအားလုံးကို ဗဟိုချက်မှာ စုစည်းရမယ်။ တကယ်လို့ ပေါက်ကွဲသွားရင်တော့ ကြောက်စရာကောင်းတဲ့ ဖျက်ဆီးမှုကို သယ်ဆောင်လာလိမ့်မယ်...”
“အင်း... နောက်ဆုံးအပိုင်းကတော့ အဓိကအချက် မဟုတ်လောက်ပါဘူး။ အဓိကအချက်က အပြင်ဘက်အလွှာမှာ အားပျော့သွားတဲ့ မီးတောက်စွမ်းအင်ကို သုံးပြီး ဆေးဖော်ဖို့ပဲ ဖြစ်ရမယ်...”
သူသည် ကျောက်စိမ်းပေလွှာထဲက အကြောင်းအရာများကို ပြန်တွေးမိပြီး အနည်းငယ် လန့်သွားရသည်။
‘ငရဲလောက ကောင်းကင်မီးတောက်’ က ဆေးဖော်စပ်ရန်အတွက် အစကတည်းက အလွန်အမင်း ပြင်းထန်လွန်းလှသည်။ ဤမျှ ကြောက်စရာကောင်းသော အရာကို ဆေးဖော်ရန်အတွက် အသုံးပြုရန် စတင်တွေးတောခဲ့သည့် တည်ထောင်သူက ဘာကို တွေးနေခဲ့မှန်း သူ မသိတော့ချေ
ထိန်းချုပ်မှု လွဲချော်သွားသည်နှင့် ပေါက်ကွဲသွားလိမ့်မည်...
သူသည် ခေါင်းပေါ်ရှိ ကြီးမားသော အနီရောင် ပုလဲလုံးကြီးကို မော့ကြည့်လိုက်သည်။ ပေလွှာထဲတွင် ဖော်ပြချက်အရ ထိုပုလဲလုံးသည် အပူစွမ်းအင်ကို စုပ်ယူနိုင်စွမ်းရှိပြီး ပေါက်ကွဲမှုဒဏ်ကိုလည်း ခံနိုင်ရည်ရှိလိမ့်မည်ဟု သူ ခန့်မှန်းလိုက်သည်။
“ဒါဆိုလည်း စမ်းကြည့်ကြတာပေါ့”
သူ၏ စိတ်အာရုံ ထိန်းချုပ်မှုအောက်တွင် လက်ဖဝါးထဲရှိ မီးတောက်များသည် အပြင်သို့ စွမ်းအားများ ဖြာထွက်မလာတော့ချေ။ ထိုအစား စွမ်းအင်များသည် အတွင်းသို့ လိပ်ဝင်သွားပြီး လူခေါင်းနီးပါးကြီးသော မီးလုံးတစ်လုံးအဖြစ် တဖြည်းဖြည်း ပုံသွင်းလာသည်။
သို့သော်လည်း ပူပြင်းလှသော အပူစွမ်းအင်အချို့က အပြင်သို့ ယိုစိမ့်နေဆဲဖြစ်ပြီး ထိုမီးလုံးမှာ ပို၍ပင် ရုန်းကန်ကြမ်းတမ်းလာပုံရသည်။
သူ သွားကို တင်းတင်းကြိတ်ကာ ထိုမီးလုံးကို ဆက်လက် ဖိသိပ်လိုက်သည်
ဖျစ်...
လူခေါင်းနီးပါးကြီးသော မီးလုံးကြီးသည် ပိုမိုသိပ်သည်းသွားပြီး လက်သီးဆုပ်ခန့်အထိ သေးငယ်သွားကာ သေးငယ်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော အပူရှိန်များ ပြန့်လွင့်လာပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကိုပင် ပုံပျက်သွားစေသဖြင့် သူ လုံးဝ ကြောင်အသွားရသည်။
“ဒါ ဘာဖြစ်တာလဲ"
"စွမ်းအင်တွေက အထဲက အူတိုင်ထဲ ရောက်သွားရမှာ မဟုတ်ဘူးလား။ ဘာလို့ အပူချိန်က ဒီလောက်တောင် မြင့်နေရတာလဲ”
သူသည် လက်ထဲက မီးလုံးကို ဇဝေဇဝါဖြင့် ကြည့်လိုက်ပြီးနောက် စိတ်အာရုံကို စုစည်းကာ လည်ပတ်စေလိုက်သည်။ ထိုမီးလုံးသည် အရှိန်အဟုန်ပြင်းစွာဖြင့် စတင်လည်ပတ်လာတော့သည်။
ဒါ... ရာဆန်ဂန် ကြီးလား။
“တောက်... မဟုတ်သေးပါဘူး! ငါ သွားရမယ့် လမ်းကြောင်းက ဒါမဟုတ်ဘူး!” ရွှီရှောင်ရှို့၏ မျက်နှာ ပျက်သွားသည်။
ကျောက်စိမ်းပေလွှာအရ ဆိုလျှင် ထိုအရာကို လက်သည်းခွံခန့်အထိ ချုံ့ပစ်နိုင်မှသာ အပူစွမ်းအင်အားလုံးသည် အတွင်းသို့ လိပ်ဝင်သွားပြီး “အစွန်းရောက်မီးတောက်” ဖြစ်လာမည်ဖြစ်ကာ ကျန်ရစ်သောအရာက “အကြွင်းအကျန်မီးတောက်” အလွှာအဖြစ် ဖြစ်ပေါ်လာမည် ဖြစ်သည်။
အပူချိန် သိသိသာသာ လျော့နည်းသွားသော အကြွင်းအကျန်မီးတောက်သည် ဆေးဖော်ရန်အတွက် လိုအပ်သောအရာ ဖြစ်သည်။
သို့သော် ထိုမျှတင် မကသေးချေ
ဆေးဖော်စပ်သည့် လုပ်ငန်းစဉ်တစ်ခုလုံးတွင် အကြွင်းအကျန်မီးတောက်ကို သင့်တော်သော အပူချိန်၌ ထိန်းထားရုံတင်မကဘဲ လက်သည်းခွံခန့်အထိ ဖိသိပ်ထားသော ထိုအစွန်းရောက်မီးတောက်ကိုလည်း အစဉ်သတိထားနေရမည် ဖြစ်သည်။
အမှားအယွင်း အနည်းငယ်ရှိရုံနှင့် ဆေးဖော်ခြင်း ပျက်စီးသွားမည့်အပြင် ကိုယ့်ကိုယ်ကိုယ်လည်း သေစေနိုင်သည်
သူသည် လက်ထဲက မီးလုံးကို ကြည့်ပြီး ဒုက္ခလှလှတွေ့ပြီဟု ခံစားလိုက်ရသည်။ ဤမျှအရွယ်အစားအထိ ဖိသိပ်ထားပြီးတာတောင်မှ ထိုမီးလုံးကို ထိန်းထားနိုင်ရန် သူ အတော်လေး ရုန်းကန်နေရသည်။
သူ့နဖူးမှ ချွေးစက်များ တဖွဲဖွဲ စီးကျလာသော်လည်း သွားကို ကြိတ်ကာ ကြံ့ကြံ့ခံထားလိုက်သည်။ လက်ထဲက မီးလုံးသည် နှစ်ချက်မျှ တုန်ခါသွားပြီးနောက် လက်သည်းခွံခန့်အထိ ရုတ်ချည်း ချုံ့ဝင်သွားတော့သည်
သူ၏ အာရုံခံစားမှုအရ ဒြပ်မဲ့မြူခိုးစွန်းအချို့ ယိုစိမ့်လာပြီး အပြင်ဘက်အလွှာတစ်ခု ဖြစ်ပေါ်လာသည်ကို သူ သိလိုက်ရသည်။
အကြွင်းအကျန်မီးတောက်!
ငါ အောင်မြင်ပြီ!
သူ အလွန်အမင်း ဝမ်းသာသွားသော်လည်း နောက်တစ်စက္ကန့်တွင် သူ၏ အပြုံးများ အေးခဲသွားရသည်။
လက်ထဲက ဖိသိပ်ထားသော မီးတောက်သည် မငြိမ်မသက် နှစ်ချက်မျှ တုန်ခါသွားပြီးနောက် လုံးဝ ရပ်တန့်သွားသည်။
“အဆင်ပြေသွားတာလား..."
"နေဦး... မဟုတ်ဘူး! "
"အတွင်းက စွမ်းအင်တွေက လှုပ်ခတ်နေတုန်းပဲ! "
"ငါ ဆက်ပြီး ဖိနှိပ်မထားနိုင်တော့ဘူး!”
သူ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားပြီး တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထသွားကာ သေခြင်းတရား၏ အငွေ့အသက်ကို ခံစားလိုက်ရသည်။
သူသည် အပေါ်က အနီရောင် ပုလဲလုံးကြီးကို မော့ကြည့်လိုက်ပြီး အကယ်၍ ဤအရာကို ထိန်းချုပ်ရန် ပျက်ကွက်ပါက စာကြည့်တိုက်ကြီးတစ်ခုလုံး ပြာကျသွားမလားဟု တွေးမိသည်
“ဘာဖြစ်မလဲ ကြည့်ကြတာပေါ့!”
သူသည် ပြတင်းပေါက်နားသို့ အပြေးသွားကာ ထိုအရာကို အပြင်ဘက် ကောင်းကင်ယံသို့ လွှတ်တင်လိုက်သည်။
ဒိုင်း!
ကောင်းကင်ယံတွင် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံကြီး တစ်ချက် ထွက်ပေါ်လာသည်။ ပြင်းထန်ပြီး ပူပြင်းလှသော အပူလှိုင်းစွမ်းအင်များ ဖြာထွက်လာကာ စာကြည့်တိုက်၏ အပေါ်ဘက် လေထုကို လုံးဝ ဗုံးကြဲလိုက်သကဲ့သို့ ဖြစ်သွားတော့သည်။
လေစီးကြောင်းများ အပေါ်သို့ ပင့်တက်သွားပြီး ထိုလှုပ်ခတ်မှုများကြားတွင် သေးငယ်သော မှိုပွင့်ပုံစံ တိမ်တိုက်ကြီးတစ်ခု မထင်မရှား ဖြစ်ပေါ်လာသည်ကို သူ မြင်လိုက်ရသည်။
“ဘာကြီးလဲဟ!”
ရွှီရှောင်ရှို့ ဆွံ့အသွားရသည်
“ဒါကို ဆေးဖော်စပ်နည်းလို့ ခေါ်တာလား"
"ဒါက တကယ့်ကို အစွမ်းထက်တဲ့ တိုက်ကွက်ကြီး မဟုတ်ဘူးလား"
"ငါ ‘မျောလွင့်တိမ်ဖြူ စွမ်းရည်လေးကွက်’ ပြီးရင် နောက်ထပ် ကြောက်စရာကောင်းတဲ့ ဝိညာဉ်နည်းစနစ်တစ်ခုကို ဖန်တီးလိုက်မိတာလား "
"ပိုဆိုးတာက ဒါက ရန်သူ၊ မိတ်ဆွေ မခွဲခြားဘဲ အကုန် ထိခိုက်စေမယ့် ဧရိယာအလိုက် ဖျက်ဆီးတဲ့ တိုက်ကွက်ကြီးပဲ”
သူ ချက်ချင်းပင် စိတ်လှုပ်ရှားသွားရသည်။ ဤကဲ့သို့ ဖိသိပ်ထားသော မီးတောက်စေ့ကို တည်ငြိမ်အောင် ထိန်းထားရန် အလွန်ခက်ခဲသော်လည်း၊ ၎င်းကို မတည်မငြိမ်ဖြစ်အောင် လုပ်ရန်မှာမူ လက်ဖျောက်တစ်ချက်တီးရသကဲ့သို့ လွယ်ကူလှသည်။
သူသည် မိမိ၏ ဝိညာဉ်စွမ်းအင် အရည်အသွေးကို စစ်ဆေးကြည့်ရာ လက်သည်းခွံခန့် မီးတောက်စေ့လေး တစ်စေ့ကို ဖိသိပ်လိုက်ခြင်းက သူ၏ စွမ်းအင် သုံးဆယ်ရာခိုင်နှုန်းခန့်ကို ကုန်ခမ်းသွားစေကြောင်း တွေ့ရသည်။
သို့သော် သူ၏ ‘စိတ်ဓာတ်မြှင့်တင်ခြင်း’ အစွမ်းကြောင့် ကုန်ခမ်းသွားသော ဝိညာဉ်အရင်းအမြစ်သည် ရှစ်ဆယ်ရာခိုင်နှုန်းခန့်အထိ ချက်ချင်း ပြန်လည်ပြည့်တင်းလာပြီး မိနစ်ပိုင်းအတွင်း အပြည့်ပြန်ဖြစ်လာလိမ့်မည်ဟု သူ ခန့်မှန်းလိုက်သည်
“အပျော်သဘောနဲ့ နည်းနည်းလောက် ထပ်ဆော့ကြည့်ရင်ကော?”
သူသည် လက်နှစ်ဖက်လုံးကို ဖြန့်လိုက်ပြီး သူ၏ ဝိညာဉ်အရင်းအမြစ် ထက်ဝက်ခန့်ကို ညှစ်ထုတ်ကာ လက်ဖဝါးနှစ်ဖက်လုံးတွင် ဒြပ်မဲ့မီးလုံးနှစ်လုံးကို ဖန်တီးလိုက်သည်။
ဖျစ်... ဖျစ်...
ဖိသိပ်စမ်း... ပိုပြီး ဖိသိပ်စမ်း...
သူသည် သက်သောင့်သက်သာပင် ထိုမီးတောက်များကို လက်သည်းခွံခန့် အိုးစေ့ငယ်လေးများ ဖြစ်အောင် ဖိသိပ်လိုက်သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ၎င်းတို့ကို ထိန်းချုပ်ရန် စိတ်မကူးတော့သဖြင့် အတွင်းရှိ စွမ်းအင်များမှာ ယခင်ကထက် ပိုမို ကြမ်းတမ်းနေသည်
ဝူး...
ဝူး...
သူသည် လက်ကို ဝှေ့ယမ်းကာ ထိုဒြပ်မဲ့ မီးတောက်စေ့နှစ်စေ့ကို ကောင်းကင်ပေါ်သို့ ပစ်လွှတ်လိုက်ပြီး တစ်ခုနှင့်တစ်ခု တိုက်မိစေလိုက်သည်။
ဘုန်း!!
ပေါက်ကွဲမှု အရှိန်အဟုန်က မီးတောက်နှစ်စေ့ ပေါင်းစပ်ခြင်းထက်ပင် ပိုမို ပြင်းထန်လှသည်။ စာကြည့်တိုက်ကို ကာကွယ်ထားသော အစီအရင်အတားအဆီးများပင် ပေါ်ထွက်လာပြီး ထိုပြင်းထန်လှသော အပူလှိုင်းများကို ခုခံနေရသည်ကို သူ မြင်လိုက်ရသည်။
ဒါက ပေါက်ကွဲမှုရဲ့ ရိုက်ခတ်မှုအရှိန် သက်သက်ပဲ ရှိသေးသည်။
တကယ်လို့ ဒီလိုအရာမျိုးကို စာကြည့်တိုက်ထဲမှာသာ အများကြီး ပစ်ချလိုက်ရင်...
“ဟူး... မဟုတ်သေးပါဘူး၊ မဟုတ်သေးပါဘူး၊ အဲ့လို လျှောက်မတွေးရဘူး။” သူ တွေးလိုက်သည်။
ဒါပေမဲ့ စိတ်ကူးယဉ်ကြည့်စမ်း...
အကယ်၍ သူသည် ရန်သူအမြောက်အမြား၏ ဝိုင်းရံခြင်းကို ခံထားရချိန်တွင် ဓားကိုစီးပြီး ကောင်းကင်ပေါ်တက်ကာ ‘စိတ်ဓာတ်မြှင့်တင်ခြင်း’ အစွမ်းကို သုံးပြီး ဤအရာကို ဆက်တိုက် ဖိသိပ်ကာ တစ်လုံးပြီးတစ်လုံး အောက်သို့ ပစ်ချလိုက်မယ်ဆိုရင်...
ဒါဆို သူက လူသားဗုံးကြဲလေယာဉ်ကြီး ဖြစ်သွားမှာ မဟုတ်ဘူးလား
အဲ့ဒီကနေတင် သူ ဘယ်လောက်တောင် အထင်ကြီးလေးစားမှုတွေနဲ့ မုန်းတီးမှုတွေကို ရရှိလာမလဲ
“ဟီးဟီးဟီး...”
သူ့မျက်လုံးများမှာ ပိတ်သွားသည်အထိ ပြုံးလိုက်မိသည်။ သူသည် အစက ဆေးဖော်နည်း သင်ယူရန် ဤနေရာသို့ လာခဲ့ခြင်းဖြစ်သော်လည်း ယခုမူ အလွန်အမင်း ကြောက်စရာကောင်းသော တိုက်ကွက်တစ်ခုကို ဖန်တီးလိုက်မိပုံရသည်။
“ဟုတ်သားပဲ... ဒါကို နာမည်တစ်ခု ပေးရမယ်။”
“မျောလွင့်တိမ်ဖြူ စွမ်းရည်လေးကွက်လုံးမှာ နာမည်တွေ ရှိတာပဲ၊ ဒါကို ‘ဖိသိပ်ထားတဲ့ မီးတောက်စေ့’ လို့တော့ လျှောက်ခေါ်လို့ မဖြစ်ဘူးမလား"
"ဒါက သေးငယ်တယ်၊ မီးလုံးကနေ ဖိသိပ်ထားတာ၊ မီးဓာတ်လည်း ပါတယ်..."
"ဒါဆိုရင်... ဒါကို ‘မီးလုံးငယ်’ လို့ပဲ ခေါ်လိုက်တော့မယ်! ကွက်တိပဲ!”
သူသည် ပြတင်းပေါက်နားမှ ခွာလိုက်ပြီး ကျေနပ်အားရစွာဖြင့် လက်ကို ပွတ်လိုက်ကာ ခြေထောက်သုံးချောင်း တပ်ထားသော အိုးကြီးကို လှည့်ကြည့်လိုက်သည်။
“ဟူး... လမ်းချော်သွားပြန်ပြီ။ ဆေးဖော်စပ်နည်း... ဆေးဖော်စပ်နည်းဆီပဲ ပြန်သွားရအောင်...”
...
ကျောက်ရှီးတုန်း သည် မြက်ပင်တစ်ပင်ကို ပါးစပ်တွင် ကိုက်ထားပြီး လက်နှစ်ဖက်ကို ခေါင်းနောက်ပစ်ကာ အေးအေးလူလူ လမ်းလျှောက်နေသည်။
ဟယ်ယွီရှင်း ကို စစ်ဆေးရေးအဖွဲ့ထံ ပို့ဆောင်ပြီးနောက် သူ့တွင် လုပ်စရာ ဘာမှမရှိတော့ချေ
ဆုချန်ချန် အတွင်းခြံဝင်းထဲတွင် နေရာယူထားခြင်းနှင့် ပတ်သက်၍မူ...
လူမသေမချင်း အတွင်းစည်း ထဲက အသေးစား တိုက်ခိုက် မှုမျိုးကို ဂရုစိုက်နေစရာ မလိုဟု သူ ယူဆသည်။ သူ မျက်စိမှိတ်နေလိုက်လျှင် ဤကိစ္စက အလိုလို ပြီးဆုံးသွားပေလိမ့်မည်။
ထိုစဉ် ကောင်းကင်ယံမှ မိုးခြိမ်းသံကဲ့သို့ အသံကြီး တစ်ချက် ထွက်ပေါ်လာသည်။
ဒိုင်း!
မလှမ်းမကမ်း ကောင်းကင်ယံတွင် ကြောက်မက်ဖွယ်ကောင်းသော အပူလှိုင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ သူ့မျက်သူငယ်အိမ်များ ကျုံ့ဝင်သွားသည်
အဲ့ဒီနေရာက...
စာကြည့်တိုက်ပဲ!
မနေ့ညက မျက်နှာဖုံးစွပ် ကျူးကျော်သူအကြောင်းကို သူ ပြေးမြင်မိပြီး မကောင်းသော ခံစားချက်တစ်ခု ဝင်ရောက်လာသည်။
ဘုန်း!!
ယခင်ကထက် ပိုမိုပြင်းထန်သော ပေါက်ကွဲသံကြီးတစ်ခု ထပ်မံထွက်ပေါ်လာပြီး စာကြည့်တိုက်ကို ကာကွယ်ထားသော အစီအရင် အတားအဆီးပင် ပေါ်ထွက်လာသည်ကို သူ မြင်လိုက်ရသည်။
တစ်စုံတစ်ယောက်က နေ့ခင်းကြောင်တောင်ကြီး စာကြည့်တိုက်ကို လာရောက် တိုက်ခိုက်နေတာပဲ!
ဘယ်လောက်တောင် သတ္တိခဲ ဖြစ်နေလို့ ဒီလိုအရာမျိုးကို လုပ်ရဲရတာလဲ
သူ အလွန်အမင်း စိုးရိမ်သွားရသည်။ သူသည် ကောင်းကင်ပေါ်သို့ ပျံတက်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့သည်-
“ကျူးကျော်သူ ရှိတယ်!!”