ရွှီရှောင်ရှို့သည် လိမ္မာပါးနပ်စွာဖြင့် ပါးစပ်ပိတ်ထားလိုက်သည်။
ဒီခေတ် လူတွေက ဘာလို့ ဒီလောက်တောင် ဒေါသထွက်လွယ်ကြတာလဲ။
ဆရာကြီးစန်းက သူ့ကို မျက်စောင်းထိုးကြည့်ပြီးနောက် မြေပြင်ပေါ်တွင် ဖိတ်စင်နေသော ဆေးလုံးများကို ကောက်ယူကာ ပုလင်းထဲသို့ ပြန်ထည့်လိုက်သည်။ ထို့နောက် ထိုပုလင်းကို ရွှီရှောင်ရှို့ထံသို့ ကမ်းပေးလိုက်ရင်း-
“ဒါကို ဆရာတင်လက်ဆောင်လို့ သတ်မှတ်လိုက်”
ရွှီရှောင်ရှို့ မျက်လုံးပြူးသွားပြီး မဝံ့မရဲဖြင့်
“ဒါ... ကျွန်တော့်အတွက်လား” ဟု မေးလိုက်သည်။
“ဒီအခန်းထဲမှာ တခြားလူ ရှိသေးလို့လား။” ဆရာကြီးစန်းက မျက်လုံးပင့်ကြည့်ကာ “’ဝိညာဉ်အရင်းခံဆေးလုံး’ ၃၆ လုံး... ကောင်းကင်နတ်မင်း အရေအတွက်နဲ့ ကွက်တိပဲ။ တကယ့်ကို မင်္ဂလာရှိတဲ့ ဂဏန်းပဲ”
“ဝိညာဉ်အရင်းခံ ဆေးလုံး?”
“မင်း မသိဘူးလား”
ဆရာကြီးစန်းက လူငယ်လေး၏ ကြောင်တောင်တောင် မျက်နှာပေးကို ကြည့်ပြီး “အနည်းဆုံးတော့ ‘ဝိညာဉ်ကျင့်ကြံခြင်း ဆေးလုံး’ ကိုတော့ သိတယ်မလား”
“ကျင့်စဉ်အဆင့် အဓိကအဆင့်တိုင်းမှာ ကျင့်ကြံခြင်းအရှိန်ကို မြှင့်တင်ပေးမယ့် သက်ဆိုင်ရာ ဆေးဝါးတွေ ရှိကြတယ်။ အဲ့ဒီဆေးလုံးတွေက အဲ့ဒီအဆင့်တွေမှာ အဖိုးတန်ဆုံးအရာတွေပဲ။ ‘ဝိညာဉ်ကျင့်ကြံခြင်း ဆေးလုံး’ ဆိုတာက ‘ဝိညာဉ်ကျင့်ကြံခြင်း အဆင့်’ ဆယ်ဆင့်မှာ ရှိနေတဲ့သူတွေအတွက် သီးသန့်ပဲ”
“ပြီးတော့ နောက်တစ်ချက်က... သာမန်အဆင့် နှစ်ဆင့်က အဓိကအဆင့် တစ်ဆင့်နဲ့ ညီမျှတယ်။ ‘ဝိညာဉ်ကျင့်ကြံခြင်း ဆေးလုံး’ တွေကို ‘လူသားအဆင့်’ လို့ သတ်မှတ်ပြီး အဆင့်ကိုး ဆေးလုံးလို့ သတ်မှတ်တယ်။”
ရွှီရှောင်ရှို့က မြေပြင်ပေါ်က ပုလင်းကို လက်ညှိုးထိုးကာ “ဒါဆို ဒီအရာတွေက...”
“ဒါတွေကတော့ ‘မွေးရာပါအဆင့်’ ဆေးလုံးတွေပေါ့။ အဆင့်ခုနစ် ဆေးလုံးတွေပဲ။”
ရွှီရှောင်ရှို့၏ မေးရိုး ချက်ချင်း ပြုတ်ကျမတတ် ဖြစ်သွားရသည်။
ဆရာကြီးစန်းက ရယ်မောကာ “ဪ... ငါကတော့ ဒါကို...”
သူ စကားပင် မဆုံးသေးခင်မှာပဲ သူ့ရှေ့က လူငယ်လေးက ဆတ်ခနဲ ဦးညွှတ်လိုက်ပြီး သူ့လည်ဆွဲ ထွက်ပေါ်လာသည်။ မြေပြင်ပေါ်ရှိ ပုလင်းကြီးသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။ “ဆရာကြီး... ကျေးဇူးအများကြီး တင်ပါတယ်ဗျာ!”
ဆရာကြီးစန်း ကြောင်အသွားရသည်။
‘ဒီကလေးကတော့ တကယ်ပဲ...’
‘ငါကပဲ သူက လက်ခံဖို့ တွန့်ဆုတ်နေလိမ့်မယ်လို့ မိုက်မိုက်မဲမဲ ထင်နေမိတာ’
ထိုသို့ထင်မိခြင်းမှာ သူ တကယ်ပင် မိုက်မဲလွန်းခြင်း ဖြစ်သည်။
ရွှီရှောင်ရှို့အနေဖြင့် ဤအရာကို ငြင်းပယ်စရာ အကြောင်း လုံးဝမရှိချေ။ သူသည် စောစောက အံ့သြသွားရုံသက်သက်သာ ဖြစ်သည်။
အဆင့်ခုနစ် ဆေးလုံးများကို ဤမျှ အစုလိုက်အပြုံလိုက် ဖော်စပ်နိုင်ခြင်းကို သူ အံ့အားသင့်သွားရခြင်း ဖြစ်သည်။ ဤအရာများကို ဖော်စပ်ရန် ရင်းနှီးငွေ မလိုဘူးလား။
သူ အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။
သူ့လက်စွပ်ထဲတွင် စုဆောင်းထားသော ‘ဝိညာဉ်ကျင့်ကြံခြင်း ဆေးလုံး’ အားလုံးပေါင်းလျှင်တောင်မှ ယခု ‘ဝိညာဉ်အရင်းခံ ဆေးလုံး’ တစ်လုံးတည်း၏ တန်ဖိုးကို မမီနိုင်ကြောင်း သူ တွေးမိသည်။
အဆင့်ခုနစ် ဆေးလုံးတွေဗျာ...
‘ငါ ‘မိုးသက်မုန်တိုင်း ပြိုင်ပွဲ’ မှာ ချန်ပီယံဖြစ်တုန်းကတောင်မှ ‘ မွေးရာပါအဆင့် ဆေးလုံး’ တစ်လုံးပဲ ရခဲ့တာ၊ အဲ့ဒါတောင် အဆင့်ရှစ် ဆေးလုံးပဲ ရှိသေးတယ်’ ဟု သူ စိတ်ထဲက တွေးလိုက်သည်။
ဆရာကြီးစန်းကတော့ ထိုအရာကို ဂရုမစိုက်ပေ။ ဆေးပစ္စည်း ကုန်ကြမ်းသာ လုံလောက်အောင် ရှိနေပါက ဤကဲ့သို့ ဆေးလုံးမျိုး ထပ်မံဖော်စပ်ရန် သူ့အတွက် နာရီပိုင်းမျှသာ ကြာမြင့်မည် ဖြစ်သည်။
“ဒါတွေက မင်းအတွက် တော်တော်ကြာကြာ ခံမှာပါ။” သူက ပြောလိုက်သည်။ “ဒါပေမဲ့ မှတ်ထား။ ‘မွေးရာပါအဆင့်’ ကို မရောက်မချင်း ဒါတွေကို မသုံးဖို့ ကြိုးစားပါ။ စွမ်းအားတွေက မင်းကို ဝါးမြိုသွားလိမ့်မယ်”
“ဒါပေမဲ့လည်း... မင်းမှာ ‘မွေးရာပါအဆင့် ခန္ဓာကိုယ်’ ရှိနေတာပဲ။ ထားပါတော့... မင်းဘာသာမင်းပဲ အခြေအနေကြည့်ပြီး သုံးတော့”
သူက လက်ဝှေ့ယမ်းကာ “ကုန်သွားရင် နောက်ထပ် လာယူချေ” ဟု ပြောလိုက်သည်။
ရွှီရှောင်ရှို့ မှင်သက်သွားရသည်။
‘ကုန်ရင် နောက်ထပ် လာယူရမယ်?’
‘ဒီလောက် ဖြုန်းတီးနိုင်တာကြီးကလား!’
‘ငါ အရမ်းကြိုက်တယ်!’
ဆရာကြီးစန်းက ရွှီရှောင်ရှို့၏ လောဘဇောတက်နေသော မျက်နှာပေးကို မြင်သောအခါ မပြောဘဲ မနေနိုင်တော့ချေ- “အံ့သြနေဖို့ မလိုပါဘူး။ ‘ဆေးဖော်စပ်သူ’ တွေမှာ ဘယ်တော့မှ မခေါင်းပါးတဲ့အရာ ရှိရင် အဲ့ဒါ ဆေးဝါးပဲ။ တစ်နေ့ကျရင် မင်းလည်း ဒီလို ဖြစ်လာမှာမလို့ အသားကျအောင် လုပ်ထားစမ်း”
ရွှီရှောင်ရှို့က မျက်နှာသေဖြင့် ခေါင်းညိတ်လိုက်သည်။
အမှန်အတိုင်းပြောရလျှင် သူသည် ယခင်က ဆေးဖော်စပ်ခြင်းပညာရပ်ကို စိတ်ဝင်စားမှု မရှိသလောက်ပင်။ သို့သော် ဆရာကြီးစန်းက သူ့ကို ဤပညာရပ် သင်ယူရန် တိုက်တွန်းလာခြင်းက သူ့ကို စိတ်အားထက်သန်လာစေသည်။
‘ဒါ ချမ်းသာဖို့အတွက် အကောင်းဆုံး နည်းလမ်းပဲဟ!’
‘အလိုအလျောက် ရမှတ်တွေက အရေးကြီးတာ မှန်ပေမယ့်၊ ရုပ်ဝတ္ထု ပစ္စည်းတွေ ချမ်းသာမှုကိုလည်း ငါ လက်လွှတ်မခံနိုင်ဘူး!’
‘ဒါ့အပြင်... ဒီနှစ်ခုက တစ်ပြိုင်တည်း ဒွန်တွဲနေတာပဲဥစ္စာ’
အကယ်၍ နောင်တစ်ချိန်တွင် သူသည် ဆေးပုလင်း ပေါင်းများစွာကို ဤကဲ့သို့ ပေါ့ပေါ့ပါးပါး ထုတ်ပြနိုင်လျှင် ဘေးလူများက သူ့ကို မည်မျှတောင် အထင်ကြီး လေးစားမည့် အကြည့်များဖြင့် ကြည့်ကြမည်ကို သူ စိတ်ကူးယဉ်ကြည့်လိုက်မိသည်။
စုပ်...
သူ တံတွေးပင် သွားရည်ကျမိလုနီးပါး ဖြစ်သွားသည်။
သို့သော် မကြာမီမှာပင် သူ အဓိက ပြဿနာတစ်ခုကို သတိပြုမိသွားသည်
‘ငါ့မှာ ပါရမီ သိပ်မရှိတာ။ ငါ ဆေးဖော်စပ်နည်းကို တကယ် တတ်မြောက်ပါ့မလား’
ဆရာကြီးစန်းက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်
“မင်း အများကြီး သင်နေဖို့ မလိုပါဘူး။ မင်းရဲ့ ပါရမီက ဒါကို မကြာခင် တတ်မြောက်ဖို့ လုံလောက်ပါတယ်”
‘ မွေးရာပါအဆင့် ဓားအသိ’ ကိုတောင် ဖော်ထုတ်နိုင်တဲ့သူက ပါရမီ နိမ့်ပါးတယ်လို့ ရှိနိုင်ပါ့မလား။
ဆရာကြီးစန်းက စိတ်ထဲကနေ ရယ်မောလိုက်ပြီး သူ့ရဲ့ ဤတပည့်က တကယ့်ကို ဟန်ဆောင်ကောင်းလွန်းသည်ဟု တွေးလိုက်သည်။
ရွှီရှောင်ရှို့ “.....”
ဒီအဖိုးကြီးက သူ့အပေါ် ဘာကြောင့် ယုံကြည်မှုလွန်ကဲနေရသလဲ သူ မသိသော်လည်း၊ ဆရာကြီးစန်းသည် ဝါရင့် ကျင့်ကြံသူတစ်ဦး ဖြစ်ခြင်းကြောင့် သူ့ကိုယ်သူတောင် သတိမထားမိသော အစွမ်းတစ်ခုခုကို မြင်ထား၍ ဖြစ်ရမည်။
အင်း...
သေချာပေါက် အဲ့ဒါပဲ ဖြစ်ရမည်!
ရွှီရှောင်ရှို့ လက်သီးကို တင်းတင်းဆုပ်ကာ “ကျွန်တော် မစောင့်နိုင်တော့ဘူး။ အခုပဲ စလိုက်ကြရအောင်!”
ဆရာကြီးစန်းသည် သူ့တပည့်က ဤမျှ စိတ်အားထက်သန်နေသည်ကို မြင်ရသဖြင့် သဘောကျသွားသည်။ သူက ခေါင်းညိတ်ကာ “မစခင်မှာ နောက်ထပ် တစ်ချက် ရှိသေးတယ်” ဟု ထပ်လောင်းပြောလိုက်သည်။
“ငါတို့ ‘ငရဲလောက ကျင့်စဉ်မျိုးနွယ်’ ရဲ့ ဆေးဖော်စပ်နည်းက တခြား ဆေးဖော်စပ်သူတွေနဲ့ မတူဘူးဆိုတာ မင်းလည်း စောစောက မြင်လိုက်မှာပါ”
“’ငရဲလောက ကောင်းကင်မီးတောက်’ ရဲ့ ပြင်းထန်လှတဲ့ စွမ်းအားကြောင့်၊ ငါတို့ရဲ့ ဆေးဖော်စပ်မှု အဆင့်ဆင့်ကလည်း အဲ့ဒီမီးလိုပဲ ကြမ်းတမ်းပြီး ပွင့်လင်းလွန်းတယ်။ တည့်တည့်ပြောရရင် ငါတို့မှာ ဘာနည်းစနစ်မှ မရှိဘူး။ သတိထားရမယ့် တစ်ခုတည်းသောအချက်က မီးတောက်ကို တိတိကျကျ ထိန်းချုပ်နိုင်ဖို့ပဲ”
ရွှီရှောင်ရှို့က နားလည်ကြောင်း အမူအရာ ပြလိုက်သည်။
စောစောက ဆရာကြီးစန်း ဆေးဖော်စပ်စဉ်က ဆေးပင်များကို အပုံလိုက်၊ အစုလိုက် ပစ်ထည့်နေပြီး သစ်သီးများကိုပင် တစ်လုံးချင်းစီ ခွဲမထည့်ဘဲ ဇွတ်ပစ်ထည့်နေသည်ကို သူ စောင့်ကြည့်ခဲ့ရသည်။
အခြေအနေကို မသိသောလူဆိုပါက ထိုအဖိုးကြီးက ဆေးဖော်နေခြင်း မဟုတ်ဘဲ ဟင်းချိုချက်နေသည်ဟု ထင်မှတ်ကြပေလိမ့်မည်။
တခြားသော သာမန် ဆေးဖော်စပ်သူများသာ မြင်ပါက စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်ကြပေလိမ့်မည်
သို့သော် ဆရာကြီးက မီးတောက်ကို အလွန်အမင်း တိကျစွာ ထိန်းချုပ်နိုင်ခြင်းကြောင့် ဆေးပစ္စည်းအားလုံးကို ချက်ချင်း သီးခြားစီ ခွဲထုတ်နိုင်ခဲ့ပြီး တစ်ပြိုင်တည်း ချက်ပြုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤအချက်တစ်ခုတည်းနှင့်ပင် ဆေးပင်များ၏ အဆီအနှစ်ကို ထုတ်ယူရန် လိုအပ်သော အချိန်ကို အလွန်အမင်း လျှော့ချနိုင်ခဲ့ပြီး တစ်ကြိမ်တည်းနှင့် ထွက်လာမည့် ဆေးလုံးအရေအတွက်ကိုပါ တိုးပွားစေခဲ့သည်
အရေအတွက်က တကယ်ကို များပြားလှသည်။
ဆရာကြီးစန်းက လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြတင်းပေါက်နားသို့ လျှောက်သွားပြီး၊ တည်ကြည်လေးနက်သော လေသံဖြင့် “ဆေးဖော်စပ်ခြင်းဆိုတာ ဘေးပန်းအလုပ်တစ်ခု သက်သက်ပဲ။ ဒါက မင်းကို ကြီးမားတဲ့ ချမ်းသာမှုကို ပေးနိုင်တာ မှန်ပေမယ့်၊ အဲ့ဒီအထဲမှာတင် စိတ်နှစ်မနေဖို့ မှတ်ထားပါ”
“’ဝိညာဉ်ကျင့်ကြံခြင်း’ ကသာ မင်းနောင်အနာဂတ်မှာ လျှောက်လှမ်းရမယ့် ပဓာန လမ်းကြောင်းပဲ။ အဲ့ဒီအချက်က ဘယ်တော့မှ မပြောင်းလဲသင့်ဘူး”
သူသည် လှည့်ကြည့်လိုက်ပြီး မျက်ကွင်းညိုကြီးများဖြင့် ရွှီရှောင်ရှို့ကို စိုက်ကြည့်ကာ
“တကယ်လို့ မင်းရဲ့ စွမ်းအားက ကျမလာဘဲ၊ ဆေးဖော်စပ်ခြင်းပညာကပဲ ပိုတော်လာမယ်ဆိုရင် မင်းရဲ့ဘဝက ပိုပြီး ဆိုးရွားလာလိမ့်မယ်။ ဒါကို ဘယ်တော့မှ မမေ့နဲ့!”
ရွှီရှောင်ရှို့သည် သူတို့နှစ်ဦး တရားဝင် ဆရာတပည့် ဖြစ်ခဲ့ကြသည့် ပထမဆုံး သင်ခန်းစာကို မတွေးဘဲ မနေနိုင်တော့ချေ
“လှောင်အိမ်အကြောင်း ထပ်ပြောပြန်ပြီလား”
“မှန်တယ်”
ဆရာကြီးစန်းက ခေါင်းညိတ်ကာ
“တကယ်လို့ အဲ့လိုသာ ဖြစ်လာခဲ့ရင်၊ မင်းက ပုန်းကွယ်မနေနိုင်ဘူးဆိုရင်၊ မင်းက ကြီးမားတဲ့ ကျင့်ကြံခြင်းအဖွဲ့အစည်းတွေအတွက် ဆေးဖော်ပေးရတဲ့ ရိုးရှင်းတဲ့ ကိရိယာတစ်ခုအဖြစ်ပဲ နေပေးရလိမ့်မယ် ဆိုလိုတာက မင်းရဲ့ လွတ်လပ်ခွင့်အားလုံးကို လုံးဝ ဆုံးရှုံးရလိမ့်မယ်”
“နားလည်ပါပြီ!”
ရွှီရှောင်ရှို့ အနည်းငယ် တုန်လှုပ်သွားရသည်။ ဤအဖိုးကြီးသည် ကမ္ဘာကြီး၏ ရက်စက်လှသော အမှန်တရားကို ဤမျှအထိ နက်နက်ရှိုင်းရှိုင်း သိရှိနေရအောင် ဘာတွေများ ဖြတ်သန်းခဲ့ရပါလိမ့်။
“ဒါဆို... အခု ဆရာကြီးက ပုန်းနေတာပေါ့ ဟုတ်လား” သူက မေးလိုက်သည်။
ဆရာကြီးစန်း စကားတစ်လုံးမှ မထွက်ဘဲ ဆို့အသွားပြီး သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သော်လည်း ပြန်မချေပခဲ့ချေ
“ငါက အဖမ်းမခံရအောင် နေရာအနှံ့ လှည့်လည်သွားလာနေတာကွ”
ရွှီရှောင်ရှို့က စိတ်ထဲရှိသည့်အတိုင်း ရုတ်တရက် မေးလိုက်ခြင်း ဖြစ်ပြီး၊ ခမောက်ဆောင်းထားသော ဤအဖိုးကြီးကို တကယ်တမ်း မျက်စိဒေါက်ထောက် ကြည့်နေသည့် အဖွဲ့အစည်းအချို့ ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့သဖြင့် အနည်းငယ် ပျာယာခတ်သွားရသည်
“ဒါဆို... ကျွန်တော်က ဆရာကြီးရဲ့ တပည့်ဖြစ်သွားပြီဆိုတော့ အန္တရာယ်ရှိနေပြီပေါ့?”
ဆရာကြီးစန်း ဆွံ့အသွားရသည်။
[အထင်သေးခံရခြင်း၊ အလိုအလျောက် ရမှတ် +၁]
“မင်းရဲ့ အခုရှိနေတဲ့ အဆင့်နဲ့ဆိုရင် စစ်တုရင်ခုံပေါ်က နယ်ရုပ်လေးတစ်ရုပ် ဖြစ်ဖို့တောင် အရည်အချင်း မပြည့်သေးဘူး! မလိုဘဲ စိုးရိမ်မနေစမ်းနဲ့!” ဆရာကြီးစန်းသည် ဤကလေးနှင့် စကားပြောရန်အတွက် သံမဏိလို ခိုင်မာတဲ့ စိတ်ဓာတ် လိုအပ်ကြောင်း သဘောပေါက်လိုက်သည်
[လှောင်ပြောင်ခံရခြင်း၊ အလိုအလျောက် ရမှတ် +၁]
ရွှီရှောင်ရှို့က သူ့ရင်ဘတ်ကို ပုတ်ကာ သက်ပြင်းချလိုက်ရင်း “တော်သေးတာပေါ့...”
ဆရာကြီးစန်းက ထိုအိုးကြီးကို ထိလိုက်ပြီး
“လောလောဆယ် ဒီအရာကိုပဲ သုံးစမ်း”
“မှတ်ထား။ ငါတို့ ‘ငရဲလောက ကျင့်စဉ်မျိုးနွယ်’ ရဲ့ ဆေးဖော်စပ်နည်းက အလွန်အမင်း စွမ်းအားကြီးတယ်။ တခြားမျိုးနွယ်စုက ဆေးဖော်စပ်သူတွေကတော့ တိုက်ခိုက်နိုင်စွမ်း မရှိချေ။ ဒါပေမဲ့ ငါတို့ကတော့ မတူဘူး”
“ဆေးဖော်စပ်ခြင်းက ဒုတိယပန်းတိုင်ပဲ။ အဓိက ပန်းတိုင်ကတော့ ဆေးဖော်စပ်တဲ့ လုပ်ငန်းစဉ်ကတစ်ဆင့် ‘ငရဲလောက ကောင်းကင်မီးတောက်’ ကို မင်း စုံလင်စွာ ထိန်းချုပ်နိုင်ဖို့ လေ့ကျင့်ပေးဖို့ပဲ။ ဒါမှ တစ်နေ့နေ့မှာ အစွမ်းထက်တဲ့ ရန်သူတွေနဲ့ တွေ့ရင် သူတို့ကို ချက်ပြုတ်ရမယ့် ဆေးလုံးတွေလိုပဲ မင်း မြင်လာလိမ့်မယ်”
ရွှီရှောင်ရှို့၏ မေးရိုး ချက်ချင်း ပြုတ်ကျမတတ် ဖြစ်သွားရပြီး၊ အတော်ကြာမှ သူ အပြင်ထုတ်ပြောနိုင်သည့် တစ်ခုတည်းသော စကားမှာ “ဒါ... အလန်းကြီးပဲ” ဟူ၍ ဖြစ်သည်။
ဆရာကြီးစန်းက သူ့ထံသို့ လက်စွပ်တစ်ကွင်း ပစ်ပေးလိုက်သည်
“မကြာခင် မင်း ဆေးအဆီအနှစ်တွေ ထုတ်ယူတဲ့အခါ မီးတောက်ကို ထိန်းချုပ်ဖို့အတွက်ပဲ မင်းရဲ့ အာရုံအားလုံးကို နှစ်ထားလိုက်။ တခြားဘာကိုမှ တွေးနေဖို့ မလိုဘူး”
“မင်းရဲ့ နောက်ထပ် ပန်းတိုင်က... ဒီလက်စွပ်ထဲက ဆေးပစ္စည်းအားလုံးကို သုံးပြီးတော့ ဆေးအဆီအနှစ် ‘တစ်စက်တည်း’ ထွက်လာအောင် ထုတ်ယူဖို့ပဲ”
“ဒီထဲမှာ ကျောက်စိမ်းပေလွှာ တစ်ခု ပါတယ်၊ အဲ့ဒီအထဲမှာ ဆေးဖော်စပ်ခြင်းရဲ့ အခြေခံ အသိပညာတွေ အကုန်ရှိတယ်။ အဲ့ဒါကို အရင်ဆုံး ဖတ်ရှုဖို့ မမေ့နဲ့”
“ကဲ... ငါ သွားတော့မယ်။ မင်းဘာသာမင်း အေးဆေး လုပ်တော့”
ရွှီရှောင်ရှို့ တစ်ခုခု ပြန်ပြောရန် ပြင်လိုက်သော်လည်း၊ ဆရာကြီးစန်းသည် သူရပ်နေသည့် နေရာမှနေ၍ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သူသည် ထိုအလွန်ကြီးမားလှသော အိုးကြီးကို ကြည့်ပြီး ဆွံ့အကျန်ရစ်ခဲ့သည်။
‘ဒါဆို... ငါတစ်ယောက်တည်း ကျန်ခဲ့တာပေါ့?’ သူ တွေးလိုက်သည်။
‘ဆရာကြီးက ငါ့ကို တစ်ကြိမ်ပဲ ပြဖူးပြီးတော့၊ ငါ့ဘာသာငါ အကုန်လုပ်နိုင်လိမ့်မယ်လို့ ထင်နေတာလား’
‘သူက ငါ့ကို တကယ်ပဲ ပါရမီရှင်တစ်ယောက်လို့ ထင်နေတာလား’
သူသည် လက်စွပ်ထဲကို ကြည့်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ စိတ်ပျက်လက်ပျက်ဖြင့် ထိုင်ချလိုက်တော့သည်။
လက်စွပ်ထဲတွင် တောင်လိုပုံနေသော ဆေးပင်များ၏ အရေအတွက်က အလွန်အမင်း များပြားလှရာ၊ ဤဆေးပင်များသာ အပြင်ထုတ်လိုက်ပါက စာကြည့်တိုက်၏ ပထမထပ်တစ်ခုလုံး ပြည့်သွားမလားဟု သူ သံသယဝင်မိသည်။
ဆရာကြီးက သူ့ကို ဘာလို့ ပစ်ထားခဲ့သလဲဆိုတာကို သူ သဘောပေါက်လိုက်သည်။
အကယ်၍ သူသာ ဤလက်စွပ်ထဲက အရာအားလုံးကို ကုန်အောင် သုံးနိုင်မည်ဆိုပါက၊ သူ တတ်မြောက်သင့်သည့်အရာအားလုံးကို သေချာပေါက် တတ်မြောက်သွားပေလိမ့်မည်
ရွှီရှောင်ရှို့တွင် လိုအပ်ချက်များစွာ ရှိသော်လည်း၊ ဇွဲလုံ့လကတော့ သူ့တွင် အပြည့် ရှိသည်။ သူသည် သွားကို တင်းတင်းကြိတ်ကာ ထိုအိုးကြီးကို စိုက်ကြည့်လိုက်သည်။
“စလိုက်ကြရအောင်!”