“အဖိုးကြီး...”
သူသည် တတိယထပ် တံခါးဝမှနေ၍ ခေါင်းလေးပြူကာ ချောင်းကြည့်လိုက်သည်။ ထို “အဖိုးကြီး” ကို အခြားတစ်မျိုး ပြောင်းခေါ်ချင်သော်လည်း မရဲသဖြင့် စိတ်ထဲကသာ ခေါ်လိုက်ရသည်။
“ဝင်ခဲ့။”
ထို့နောက် သူ အထဲသို့ လှမ်းဝင်ခဲ့သည်။
‘ဒီထဲမှာ တော်တော်အေးတာပဲ’ ဟု တတိယထပ်ထဲသို့ ခြေချလိုက်သည်နှင့် သူ ပထမဆုံး တွေးမိလိုက်သည်။ မိုးရွာပြီးစ အပြင်က ပူအိုက်စပ်ပျန်းနေသည့် ရာသီဥတုနှင့် လုံးဝ ကွာခြားလှသည်။ အခန်းထဲက မည်မျှအေးသလဲဆိုလျှင် လေအေးပေးစက်ဖွင့်ထားသည့် အခန်းထဲ ရောက်နေသကဲ့သို့ပင်။
သူ မော့ကြည့်လိုက်သည်။
တတိယထပ်၏ မျက်နှာကြက် အလယ်ဗဟိုတွင် ကြီးမားသောအနီရောင် ပုလဲလုံးကြီးတစ်လုံး မြှုပ်နှံထားသည်ကို တွေ့ရသည်။ ဤပုလဲလုံးကို အပြင်ကနေကြည့်လျှင်လည်း လှမ်းမြင်ရသည်။
ထိုအခါမှ ဤပုလဲလုံးသည် အပူဓာတ်ကို စုပ်ယူရန်အတွက် ဖြစ်ကြောင်း သူ နားလည်သွားတော့သည်။ တတိယထပ်တစ်ခုလုံး ဤမျှ အေးစိမ့်နေရခြင်းမှာ ဤပုလဲလုံးကြောင့်ပင်။
ထိုအေးမြသော လေထုထဲတွင် သင်းပျံ့သော ရနံ့တစ်ခုလည်း စွက်နေသည်။
သူ အကြည့်ကို ပြန်စုစည်းပြီး ကြည့်လိုက်ရာ တတိယထပ်၏ အလယ်တည့်တည့်တွင် အလွန်ကြီးမားသော ရေချိုးကန်ကြီးတစ်ကန် ရှိနေသည်ကို တွေ့လိုက်ရသည်။ ၎င်း၏ အပြင်ဘက်မျက်နှာပြင်မှာ ချောမွတ်နေပြီး လူတစ်ဆယ်လောက် အေးဆေးဝင်ထိုင်နိုင်လောက်အောင် ကြီးမားလှသည်။
အမြင့်ကလည်း မနည်းလှပေ။ သူ့အရပ်နှင့် ယှဉ်ကြည့်လျှင် ထိုအိုးကြီး၏ တစ်ဝက်စာတောင် မရှိနိုင်ဟု သူ ခန့်မှန်းမိသည်။ ထိုအိုးကြီးကို ကြည့်ရင်း သူ့ရင်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခု ဖြတ်ပြေးသွားသည်။
သူ နောက်ပြန်လှည့်ပြီး ပြေးချင်စိတ် ပေါက်သွားသော်လည်း မပြဲချေ။
ဘာကြောင့်လဲဆိုသော် သူ၏ ‘အာရုံခံစားမှု’ အရ အကြီးအကဲးစန်းသည် ထိုအိုးကြီး၏ အခြားတစ်ဖက် ကောင်းကင်ယံထဲတွင် တင်ပျဉ်ခွေလျက် လေထဲ၌ ပျံဝဲနေသည်ကို သိနေရသောကြောင့် ဖြစ်သည်။
သူ ခေါင်းကို ကုတ်လိုက်သည်။ ဒီအဖိုးကြီး ဘာလုပ်နေတာပါလိမ့်
ထိုစဉ် အဖိုးကြီးက ဝိညာဉ်စွမ်းအင် မြင့်မားလှသော ဆေးဘက်ဝင်အပင် အမြောက်အမြားကို ကောက်ယူကာ ထိုအိုးကြီးထဲသို့ ပစ်ထည့်နေသည်ကို သူ မြင်လိုက်ရသည်။
ဟုတ်ပါသည် အရွက်တွေပါ ပါသေးသည့် သစ်သီး သုံးလေးဆယ်လုံးလောက်ကိုပါ ဇွတ်ပစ်ထည့်နေခြင်း ဖြစ်သည်။
ဖြောက်... ဖြောက်...
အလွန်ရင်းနှီးနေသော အသံတစ်ခုကို သူ ကြားလိုက်ရသည်။
‘ငရဲလောက ကောင်းကင်မီးတောက်’ လား။ သူ တစ်ခုခုကို ရိပ်မိသွားပုံရသည်။
သူ စိတ်ကို တည်ငြိမ်အောင်ထားပြီး အစွမ်းကုန် အာရုံခံကြည့်လိုက်မှသာ ထိုအိုးကြီး၏ အောက်တည့်တည့်တွင် တောက်လောင်နေသော ကြီးမားလှသည့် မီးပုံကြီး၏ ပုံရိပ်ကို မသဲမကွဲ မြင်လိုက်ရသည်
‘ဒါ ဘယ်လို ငရဲမီးတောက်မျိုးလဲ’ ဟု သူ တွေးလိုက်မိသည်
‘ငါ ဘာလို့ ချက်ချင်း အာရုံမခံမိရတာလဲ။ သွားစမ်းပါ... ဒါ တကယ် ကြောက်စရာကောင်းတာပဲ။’
‘ဒါပေမဲ့လည်း... အောက်ကမီးက အိုးထဲမှာ ရေတစ်စက်မှမရှိဘဲ ဖုတ်နေတာဆိုတော့ ရေချိုးဖို့တော့ မဟုတ်လောက်ပါဘူးနော်။’
‘အဖိုးကြီးက ဆေးပစ္စည်းတွေကို ဆက်တိုက် ထည့်နေတုန်းပဲ။ သူ ဘာလုပ်မလို့လဲ မသိဘူး။’
“ဆရာကြီးစန်း?” သူ လှမ်းခေါ်လိုက်သည်။
“ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်ကြည့်နေစမ်း” အကြီးအကဲးစန်းက မျက်စိကို မှိတ်ထားဆဲဖြစ်ပြီး အာရုံစိုက်နေသည်။
ရွှီရှောင်ရှို့လည်း သူ လုပ်နေသမျှကို သေချာ အကဲခတ်ကြည့်နေမိသည်။ ဤအရာသည် တစ်စုံတစ်ရာကို စမ်းသပ်နေခြင်း ဖြစ်ပြီး ပြီးသွားလျှင် သူ့ကို မေးခွန်းထုတ် ဉာဏ်စမ်းလိမ့်မည်ဟု သူ တွေးမိသည်။
ထိုသို့ ဖြစ်နိုင်ခြေက အလွန်မြင့်မားသည်။
လူကြီးတွေဆိုတာ လူတွေကို လန့်အောင် ထူးဆန်းတာတွေ လုပ်ပြတတ်ကြသည် မဟုတ်ပါလား။
သူကိုယ်တိုင်လည်း ဆုချန်ချန်ကို လန့်အောင် ဤနည်းအတိုင်း လုပ်ခဲ့ဖူးသဖြင့် ဤလှည့်ကွက်ကို အလွန် အတွေ့အကြုံရှိလှသည်။
‘ဒါပေမဲ့... အင်း...’ သူ တွေးလိုက်သည်။
‘ဘာလို့ တစ်ခုခု လွဲနေသလို ခံစားရတာလဲ။’
သူ့အာရုံခံစားမှုအရ အဖိုးကြီး ပစ်ထည့်လိုက်သမျှ ဆေးဘက်ဝင်အပင် အားလုံးသည် ‘ငရဲလောက ကောင်းကင်မီးတောက်’ ၏ အလွန်မြင့်မားလှသော အပူချိန်ကြောင့် ချက်ချင်းပင် ကျွမ်းပြီး ပြာအဖြစ် ပြောင်းလဲသွားသော်လည်း၊ တစ်ချိန်တည်းမှာပင် တစ်စုံတစ်ရာသော ဆေးရည်စက်အချို့ ကျန်ရစ်ခဲ့သည်ကို သူ သိလိုက်ရသည်။
ဒီလိုအရာမျိုးကို လုပ်နိုင်ဖို့ဆိုရင် တစ်ဦးတစ်ယောက်ရဲ့ စွမ်းအားထိန်းချုပ်မှုက ဘယ်လောက်တောင် တိကျနေရမလဲ။
‘ငရဲလောက ကောင်းကင်မီးတောက်’ လိုမျိုး ပြင်းထန်လှတဲ့ မီးကို သုံးပြီးတော့တောင် ဒီလို သိပ်သည်းတဲ့ စွမ်းအင်တွေကို ထုတ်ယူနိုင်တယ်ပေါ့လေ။
ရွှီရှောင်ရှို့ တွေးမိသည်မှာ... သူသာ အကြီးအကဲးစန်း နေရာတွင်ဆိုပါက ထိုဆေးပင်များ၏ အဆီအနှစ်ကို ထုတ်ဖို့နေနေသာသာ ဤစာကြည့်တိုက် အဆောက်အအုံတစ်ခုလုံးကိုပါ ပြာကျအောင် ရှို့မိလောက်သည်။
ဆေးပင်များ ပိုမိုပစ်ထည့်လေလေ၊ အိုးထဲတွင် ဆေးရည်စက်များ ပိုမို စုမိလာလေလေ ဖြစ်သော်လည်း ၎င်းတို့သည် တစ်ခုနှင့်တစ်ခု မရောနှောဘဲ သီးခြားစီ ရှိနေကြသည်။
အိုးထဲက နေရာလွတ်က အလွန်ကြီးမားသဖြင့် ၎င်းတို့သည် လုံးထွေးသွားခြင်း မရှိချေ။
နေပါဦး!
ထိုဆေးရည်စက်များသည် စတင် ပေါင်းစပ်လာကြပြီ ဖြစ်သည်။ လူခေါင်းနီးပါးကြီးသော ဆေးရည်လုံးကြီးက...
ရွှီရှောင်ရှို့၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ ဤအခြေအနေသည် လွဲမှားနေသလိုလိုနှင့် သူ့အတွက် တစ်နေရာရာတွင် ရင်းနှီးနေသကဲ့သို့ ခံစားရသည်။
ဝုန်း!
အိုးကြီး တုန်ခါသွားပြီး မိုးခြိမ်းသံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာသည်။ လူခေါင်းထက် အနည်းငယ် ပိုကြီးသော ဆေးရည်လုံးကြီးသည် ချက်ချင်းပင် ခဲသွားပြီး မီးခိုးရောင် သန်းနေသော အမည်းရောင် ဘောလုံးကြီးအဖြစ် ပြောင်းလဲသွားသည်။
ဖျစ်!
ထိုအမည်းရောင် ဘောလုံးကြီး ကွဲအက်သွားပြီး၊ ထူထပ်လှသော ဆေးနံ့များ အခန်းထဲတွင် ပျံ့လွင့်သွားတော့သည်။ သူ ချက်ချင်းပင် တုန်လှုပ်သွားပြီး ထိုဆေးနံ့များကို အဆုတ်ထဲ အကုန်ရှူသွင်းမိလုနီးပါး ဖြစ်သွားရသည်။
သူသည် ချက်ချင်းပင် နှာခေါင်းနှင့် ပါးစပ်ကို ပိတ်ကာ တစ်ကိုယ်လုံးရှိ ချွေးပေါက်များကိုပါ ပိတ်ပစ်လိုက်သည်။
ဂလု... ဂလု...
ဆေးလုံးများသည် အိုးကြီးထဲတွင် လိမ့်ဆင်းသွားကြပြီး၊ အောက်ခြေရှိ အပေါက်ငယ်လေးမှတစ်ဆင့် ကြိုတင်တပ်ဆင်ထားသော ပုလင်းကြီးထဲသို့ တဖွဲဖွဲ ဝင်ရောက်သွားကြသည်။
အသံအရဆိုလျှင် ဆေးလုံးပေါင်း ဆယ်လုံးကျော်လောက် ရှိမည်။
ရွှီရှောင်ရှို့ တစ်ယောက် အံ့သြလွန်း၍ ဆွံ့အသွားရသည်။
‘ဒါ... ဆေးဖော်စပ်နည်း လား။’
သူသည် ထိုအလွန်ကြီးမားလှသော အိုးကြီးကို ကြည့်လိုက်ပြီး၊ ထိုအိုးကြီး၏ အောက်ခြေရှိ ခြေထောက်သုံးချောင်းကို ကြည့်ကာ အမှန်တရားကို သဘောပေါက်သွားပြီးနောက် မေးထူးပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။
ဒါ... ဒါ... ဆေးဖော်စပ်တဲ့ အိုး ကြီးလား။
အကြီးအကဲးစန်းက မျက်လုံးကို ဖွင့်လိုက်ပြီး နှာခေါင်းကို အကြောင်းပြချက်မရှိ ပိတ်ထားသော သူ့ရှေ့က လူငယ်လေးကို ကြည့်လိုက်သည်။ ထို့နောက် ဆေးလုံးတစ်လုံးကို ကောက်ယူကာ နမ်းကြည့်လိုက်ရင်း
“မနံပါဘူး။ မင်းက ဘာလို့ နှာခေါင်းပိတ်ထားတာလဲ”
“ဪ... ဘာမှမဟုတ်ပါဘူး”
ရွှီရှောင်ရှို့ လက်ကို အမြန်ချကာ အနေအထားကို ပြင်လိုက်သည်။
‘တော်သေးတယ်... အကုန် ရှူမသွင်းမိလို့’ ဟု သူ စိတ်ထဲက တွေးလိုက်သည်။ ‘စိတ်လောပြီး ရှူမိလိုက်ရင် အဲ့ဒီ ဆေးလုံး ၃၀ လောက်က...’
သူ တွေးမိရုံနှင့်ပင် ကြက်သီးထသွားရသည်။
အကြီးအကဲးစန်းက ဆေးလုံးများကို သိမ်းဆည်းလိုက်ပြီး “ကဲ... မင်း ဘာတွေ သင်ယူမိလိုက်လဲ” ဟု မေးလိုက်သည်။
ရွှီရှောင်ရှို့ အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူသည် မယုံကြည်နိုင်လောက်သော လေသံဖြင့် “ဆရာကြီး... ဒီမှာ ဆေးဖော်နေတာလား” ဟု မေးလိုက်သည်။
အကြီးအကဲးစန်းက သူလုပ်လက်စကို ရပ်လိုက်ပြီး၊ ထိုလူငယ်လေးကို မယုံနိုင်သကဲ့သို့ စိုက်ကြည့်ကာ “မင်း အဲ့ဒီမှာ ရပ်ကြည့်နေတာ ဒီလောက်ကြာတာကို ဒါပဲ သိတာလား” ဟု အံ့သြတုန်လှုပ်စွာ မေးလိုက်သည်။
‘ငါက မင်းကို ဆေးဖော်စပ်တဲ့ နည်းလမ်းကို မေးနေတာကွ!’ ဟု သူ စိတ်ထဲက ကျိန်ဆဲလိုက်သည်။ ‘မင်း တစ်ချိန်လုံး ဘာကို ကြည့်နေတာလဲ အဘိုးကြီးရဲ့’
“ဒါတင် မကသေးပါဘူးဗျာ!” သူက အမြန် ထပ်ဖြည့်ပြောလိုက်သည်။
ရွှီရှောင်ရှို့၏ ထိုစကားကြောင့် ခမောက်ဆောင်းထားသော အဖိုးကြီးမှာ အနည်းငယ် စိတ်သက်သာရာ ရသွားပုံရသည်။
ထို့နောက် သူက ရွှီရှောင်ရှို့ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။
သူ့အမြင်အရ ဤလူငယ်လေးသည် ပါရမီရှိပြီး၊ ဇွဲရှိကာ ဘက်ပေါင်းစုံတွင် ထူးချွန်လွန်းသဖြင့် ပါရမီရှင်ဟုပင် သတ်မှတ်နိုင်သည်။
သူ့ပါရမီက ကမ္ဘာပေါ်မှာ အရှားဆုံး မဟုတ်ရင်တောင်မှ အလွန်အင်မတန် ရှားပါးလှသည်မှာ အမှန်ပင်။
‘ပင်ကိုယ်ဓားအသိ’ ကိုတောင် ဖော်ထုတ်နိုင်တဲ့သူက သူဒီမှာ ဘာလုပ်နေလဲဆိုတာကို မမြင်ဘဲ မနေနိုင်ပေ။
သို့သော်လည်း ရွှီရှောင်ရှို့က ထိုအိုးကြီးကို လက်ညှိုးထိုးကာ အသံကျယ်ကြီးဖြင့် ကြေညာလိုက်သည်
“ဒီအရာက တကယ်တော့ ဆေးဖော်စပ်တဲ့ အိုးကြီး ဖြစ်နေတာပဲ!”
ဒုတ်!
ချလွင်...
အကြီးအကဲးစန်းမှာ အလစ်အငိုက် မိသွားပြီး မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားကာ မြေပြင်ပေါ်ရှိ ပုလင်းငယ်အချို့ကို တိုက်မိသဖြင့် ဆေးလုံးများ မြေပြင်အနှံ့ ဖိတ်စင်သွားတော့သည်။
“မင်း မျက်စိကန်းနေလား။ ဒါက ဆေးဖော်စပ်တဲ့အိုး မဟုတ်ရင် ဘာဖြစ်ရမှာလဲ!!” အကြီးအကဲးစန်းက အော်ဟစ်လိုက်သည်။
ရွှီရှောင်ရှို့ ချက်ချင်းပင် နောက်သို့ တွန့်ဆုတ်သွားပြီး... ‘ဒါပေမဲ့ ဒါကို ကြည့်ရုံနဲ့ ဘယ်သူက သိမှာလဲ’ ဟု စိတ်ထဲက တွေးလိုက်သည်။ ‘ဒီလောက်ကြီးပြီး ထူးဆန်းတဲ့ ဆေးဖော်စပ်တဲ့အိုးမျိုး တကယ်ပဲ ရှိလို့လား။’
‘အရပ်ကလည်း မြင့်၊ အလုံးကလည်း ကြီး...’
‘ထားပါတော့... ဆရာကြီးမှာ ထူးခြားတဲ့ အကြိုက်ရှိလို့ ဒီလိုပုံစံမျိုးကို ကြိုက်တယ်လို့ပဲ သတ်မှတ်လိုက်ပါ့မယ်။’
‘ဒါပေမဲ့ အိုးရဲ့ အပြင်ဘက်ကို ကြည့်ပါဦး။ အရမ်းဖြူပြီး အရမ်းချောနေတာပဲ...’
‘ဆရာကြီးက ဒီလိုအိုးမျိုးကို ဘယ်ကနေ ဝယ်လာတာလဲ။ ဘာဖြစ်လို့ ဒီလိုအရာမျိုးကို ဝယ်ခဲ့တာလဲ။’
‘ဒီအရာပေါ်မှာ ထုဆစ်ထားတဲ့ ပုံရိပ်တစ်ခုတောင် မရှိဘူး! ဒါက ခြေထောက်သုံးချောင်း တပ်ထားတဲ့ အလွန်ကြီးမားတဲ့ ရေချိုးကန်ကြီး သက်သက်ပဲဥစ္စာ! အား... ဒါ တကယ် ရယ်ရတယ်!’
ထိုအိုးကြီးနှင့်ပတ်သက်၍ စိတ်ထဲတွင် လှောင်ပြောင်နေသော်လည်း၊ သူ အပြင်ထုတ်ပြီး ဘာမှမပြောရဲချေ။ သူက လေသံအေးလေးဖြင့်သာ-
“ကျွန်တော်ကတော့ အစက ဒါကို ရေချိုးကန်ကြီးလို့ ထင်နေတာ...”
“ရေချိုးကန်??”
အကြီးအကဲးစန်းမှာ ယခုအချိန်တွင် ဒေါသအိုး ပေါက်ကွဲနေပြီ ဖြစ်သည်။
‘ဒီ အသုံးမကျတဲ့ တပည့်ဆိုးလေး!’
‘မင်းက ငါ့ကို ပထမဆုံး စာသင်တဲ့နေ့မှာတင် ဒေါသထွက်ပြီး သေအောင် လုပ်နေတာလား’
သူသည် ဒေါသကို ထိန်းချုပ်ကာ ထိုအိုးကြီးကို ကြည့်လိုက်သည်။ ကြည့်လေလေ ထိုကလေး ပြောသည့် ပုံစံနှင့် ပိုတူလေလေ ဖြစ်နေသည်။
တောက်!
“ဒါက ငါတို့ ‘ငရဲလောက ကျင့်စဉ်မျိုးနွယ်’ တွေ ဆေးဖော်စပ်ဖို့အတွက် လိုအပ်တဲ့ သီးသန့် အိုးကြီးကွ။ ငါတို့က အပိုဆာဒါ အလှအပတွေကို ဖယ်ထုတ်ပြီး အပူဒဏ်အခံနိုင်ဆုံး ကျောက်တုံးတွေနဲ့ ထုဆစ်ထားတာ။”
“မင်းလည်း ‘ငရဲလောက ကောင်းကင်မီးတောက်’ ရဲ့ စွမ်းအားကို သိသင့်နေပြီ။ ‘ဝိညာဉ်ကျောက်ကျော’ တွေတောင်မှ ဒီမီးရဲ့ စွမ်းအားအောက်မှာ တစ်စက္ကန့်တောင် မခံဘူး။ တကယ်လို့ ဒီအိုးကို တခြားအရာနဲ့သာ လုပ်ထားရင် ဆေးလုံးမပြီးခင် အိုးက အရင် အရည်ပျော်သွားလိမ့်မယ်”
“ပြီးတော့... ဒီအိုးက ရုပ်ဆိုးချင်ဆိုးမယ်၊ ဒါပေမဲ့ ဈေးနှုန်းကတော့ ဒီလိုအရွယ်အစားတူ တခြားအိုးတွေထက် ဆယ်ဆမက ပိုပေးရတယ်ကွ။” အကြီးအကဲးစန်းက အမောတကောဖြင့် ရှင်းပြလိုက်သည်။
ရွှီရှောင်ရှို့၏ မျက်လုံးများ လင်းလက်သွားပြီး “အဲ့လောက်တောင် အစွမ်းထက်တာလား ဟုတ်လား”
“ဒါပေါ့!”
အကြီးအကဲးစန်း၏ လေသံတွင် ဂုဏ်ယူဝင့်ကြွားမှုများ ပြန်လည် ထွက်ပေါ်လာသည်
ထို့နောက် ရွှီရှောင်ရှို့က အိုး၏ နံရံကို လက်ဖြင့် ထိကြည့်လိုက်ရာ၊ ဆေးဖော်စပ်မှု ပြီးသွားသည်မှာ မကြာသေးသော်လည်း ၎င်း၏ အပူချိန်မှာ ပုံမှန်အတိုင်း လုံးဝ ပြန်အေးသွားသည်ကို တွေ့ရသဖြင့် အလွန်အံ့သြသွားရသည်။
သူက အိုးကို လက်သီးဖြင့် ခေါက်ကြည့်လိုက်သည်။ ထွက်လာသော အသံမှာ အလွန်လေးလံပြီး ခိုင်မာလှရာ... ဤအိုးကြီးက တကယ်ကို ခိုင်ခံ့ကြောင်း သက်သေပင်
သူသည် အံ့သြချီးကျူးနေသော မျက်နှာပေးဖြင့် လှည့်ကြည့်ကာ မေးလိုက်သည်-
“ဒီလောက် ခိုင်ခံ့တဲ့ အိုးကြီးနဲ့သာ လူတစ်ယောက်ကို အပေါ်ကနေ အုပ်ပြီး ပစ်ချလိုက်ရင် အဲ့ဒီလူတော့ သေလုမြောပါး နာကျင်သွားမှာပဲနော်?”
အကြီးအကဲးစန်း တစ်ယောက် ကြောင်အသွားရသည်။
သူသည် ထိုလူငယ်လေးကို အံ့သြမှင်သက်စွာဖြင့် ခေတ္တမျှ စိုက်ကြည့်နေပြီးနောက်၊ သူ့နဖူးပေါ်ရှိ သွေးကြောကြီးများ ထောင်တက်လာတော့သည်။
“ရွှီရှောင်ရှို့!”
“မင်း အခုချက်ချင်း ပါးစပ်ပိတ်စမ်း!!”
“...”
ရွှီရှောင်ရှို့ လန့်သွားပြီး ‘ဒီအဖိုးကြီး ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ’ ဟု တွေးမိလိုက်သည်။
သွေးဆုံးကိုင်နေတာလား မသိဘူး။
[မေးခွန်းထုတ်ခံရခြင်း၊ အလိုအလျောက်ရမှတ် +၁]