“ဟင်? မင်းက ဘယ်လိုလုပ် သိတာလဲ”
ရွှီရှောင်ရှို့ အံ့သြသွားရသည်။ သို့သော် ဆုချန်ချန် မိမိထံသို့ ရောက်လာသည့် နှုန်းကို ပြန်တွေးကြည့်မိမှ သူမ တစ်ခုခုကို ကြိုသိနေမှန်း ရိပ်မိလိုက်သည်။
“အဲ့ဒီလူက မနေ့ညက ကျွန်မဆီ လာခဲ့တာ။” သူမ ပြောလိုက်သည့် စကားကြောင့် ရွှီရှောင်ရှို့ ပို၍ပင် လန့်သွားရသည်။
သူ အံ့အားသင့်သွားပြီး စိတ်ထဲကနေ ‘ဒီကောင်မလေးက ရန်သူ လာတာကို သိနေရက်နဲ့ ဘာလို့ ပြုံးစိစိ လုပ်နေနိုင်ရတာလဲ’ ဟု တွေးလိုက်မိသည်။
တစ်ချိန်တည်းမှာပင် သူ နားလည်လိုက်သည်မှာ ‘ထျန်းစန်း ဝိညာဉ်နန်းတော်’ က အင်အားအားလုံးကို သုံးပြီးတော့ကို ဤမိန်းကလေး၏ အသက်အန္တရာယ်ကို ကာကွယ်ပေးနေခြင်း ဖြစ်ရမည်
ဆုချန်ချန်က စိုးရိမ်စရာမရှိကြောင်း ပြသသည့်အနေဖြင့် ရွှီရှောင်ရှို့၏ ပုခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
“ဒီကုန်းမြေတိုက်ကြီးမှာ နာမည်ကျော် ဓား ၂၁ လက် ရှိတယ်။ ပျောက်ဆုံးနေတဲ့ ဓားတွေကလွဲရင် ကျန်တဲ့ဓားတွေအားလုံးကို အစွမ်းထက်တဲ့ ဓားသမားတွေက အသီးသီး ပိုင်ဆိုင် စောင့်ရှောက်ထားကြတာ”
“’နှင်းမြို့တော် ကမ္ပည်းစာ’ ဓားရဲ့ ပထမပိုင်ရှင်က ကျွန်မရဲ့ အဖိုးပေါ့”
“ကျွန်မ ငယ်ငယ်တုန်းကဆိုရင် ညတိုင်း လူသတ်သမား ေတွေက တစ်ညကို ပျမ်းမျှ သုံးကြိမ်လောက် အိမ်ကို လာတတ်ကြတယ်။ အားလုံးက ဓားကို လုဖို့ လာကြတာလေ။ ဒါပေမဲ့ ထုံးစံအတိုင်းပဲ... လာသမျှလူ အကုန် သေတာပဲလေ”
“ကျွန်မကတော့ ဒီလိုအခြေအနေမျိုးတွေကို နေသားကျနေပါပြီ”
သူမက ဘာမှမဟုတ်သလိုမျိုး ပေါ့ပေါ့ပါးပါး ပြောနေသည်။
ရွှီရှောင်ရှို့ စိတ်ထဲ တုန်လှုပ်သွားရသည်။ ဤကောင်မလေးက သူမ၏ မိသားစုအကြောင်းကို ဤမျှ ပွင့်ပွင့်လင်းလင်း ပြောပြသည်မှာ ယခု ပထမဆုံးအကြိမ်ပင်။
ဆုချန်ချန်သည် လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး လူကြီးတစ်ယောက်လို ပုံစံဖမ်းလိုက်သည်။ သူမသည် အဖိုးဖြစ်သူ၏ ပုံစံကို တုပနေခြင်း ဖြစ်မှန်း အသိသာကြီးပင်
“ကျွန်မ အသက် ၁၀ နှစ်မှာ အဖိုးက နေမကောင်း ဖြစ်လာတယ်။ အဲ့ဒီမှာ အိမ်က လူတွေအားလုံးက ဓားကို စပြီး ကိုင်ကြည့်ကြတာပေါ့။ နာမည်ကျော် ဓားတွေဆိုတာက နောက်ထပ် သခင်အသစ်ကို သူတို့ဘာသာ ရွေးချယ်တတ်ကြတာကိုး”
“လူတိုင်းက ကျွန်မ အဖေအပေါ် မျှော်လင့်ချက်ကြီးကြီး ထားခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ အဖေက အဲ့ဒီနေ့အတွက် ဆယ်စုနှစ်ချီပြီး ပြင်ဆင်လာခဲ့တာမလို့လေ”
“ဒါပေမဲ့ တစ်နှစ်အကြာမှာတော့ အဲ့ဒီဓားရဲ့ အသိအမှတ်ပြုမှုကို ရခဲ့တာက ကျွန်မ ဖြစ်နေခဲ့တယ်။ ဒါနဲ့ပဲ ကျွန်မ အသက် ၁၁ နှစ်မှာ ဒီဓားရဲ့ သခင် ဖြစ်လာခဲ့တာပေါ့”
ဆုချန်ချန်၏ ပျော်ရွှင်ဟန်ဆောင်နေသော လေသံနောက်ကွယ်မှ ခါးသီးမှုကို ရွှီရှောင်ရှို့ ရိပ်မိလိုက်သည်။ ထို့ကြောင့် သူက “အဲ့ဒီနောက်ပိုင်း ရန်သူတွေ ပိုများလာတာပေါ့ ဟုတ်လား” ဟု မေးလိုက်သည်။
“အင်း။” ဆုချန်ချန် ခေါင်းညိတ်လိုက်ပြီး မျက်ဝန်းများ နီမြန်းလာကာ “ကျွန်မအဖေက... ကျွန်မကို ကာကွယ်ရင်း သေသွားခဲ့တာ...”
“တကယ်လို့ အဲ့ဒီဓားက အဖေ့လက်ထဲမှာသာ ရှိနေခဲ့ရင် အဖေ သေမှာ မဟုတ်ဘူး။ သူ အကြာကြီး ပြင်ဆင်ထားခဲ့တာကို...”
ထိုစဉ် ဓားဆီမှ ဝူးဝူးဝါးဝါး မြည်သံ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် အပူချိန်က ရုတ်ချည်း ထိုးကျသွားသည်။ ရွှီရှောင်ရှို့လည်း သူမ၏ ခေါင်းလေးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်ရသည်။
“လူတိုင်းမှာ ကိုယ်စီ ကံကြမ္မာတွေ ရှိကြတာပဲလေ။ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ်ပေါ့။”
“ဒီဓားက မင်းကို ရွေးချယ်ခဲ့တယ်ဆိုတော့ မင်းရဲ့ ပုခုံးပေါ်မှာ ထမ်းပိုးရမယ့် တာဝန်တွေ ပိုများလာတာပေါ့။ အရမ်းလည်း ဝမ်းမနည်းပါနဲ့တော့”
သူ့စိတ်ထဲတွင်လည်း ခံစားချက်များ ပြည့်လျှံလာရသည်။
ကံကြမ္မာ၏ အလှည့်အပြောင်းက ဤသို့ပင်။ မင်း ပြင်ဆင်ထားသည်ဖြစ်စေ၊ မပြင်ဆင်ထားသည်ဖြစ်စေ... ရောက်လာချိန်တန်လျှင် ရောက်လာတတ်စမြဲ။
အတိတ်မှာပဲ နစ်မွန်းနေလို့လည်း ဘာမှ ထူးမလာနိုင်ပေ။
ဒီဒဏ်ကို မင်း ဘယ်လို ကြံ့ကြံ့ခံ ကျော်ဖြတ်မလဲ၊ ကိုယ့်အတွက် ဘယ်လို အကျိုးရှိအောင် ပြောင်းလဲမလဲဆိုတာပဲ စဉ်းစားသင့်သည်။
သူ့အခြေအနေနှင့် ဆုချန်ချန်၏ အခြေအနေက ထပ်တူကျနေသည်။
အကယ်၍ တစ်နေ့နေ့တွင် သူ့စိတ်ထဲက လျှို့ဝှက်ချက် (စနစ်) ကို တစ်ပါးသူများ သိသွားလျှင် သို့မဟုတ် သူ့ထံတွင် ထူးဆန်းမှုတစ်ခုခု ရှိနေသည်ကို ရိပ်မိသွားလျှင် သူ့ကို ဖမ်းဆီးပြီး သုတေသန လုပ်ကြမလားဟု ရွှီရှောင်ရှို့ တွေးမိသည်
သူ ကြက်သီးတဖြန်းဖြန်း ထသွားပြီး ‘အကြီးအကဲး စန်း’ နှင့် ထိုမျက်နှာဖုံးစွပ်လူကို ပြေးမြင်မိသည်။
ထိုသို့သော ဘေးအန္တရာယ် ပုံစံမျိုးက ရှိနှင့်ပြီးသားပင်။
သို့သော် သူ့ခေါင်းထဲကအရာက လျှို့ဝှက်ထားဆဲ ဖြစ်ပြီး တစ်ယောက်ယောက်က ရိပ်မိသွားလျှင်တောင်မှ “ပါရမီရှင်မလို့”၊ “ကြိုးစားလို့” ဟူသော စကားလုံးများဖြင့် လှည့်ပတ် ပြောဆို၍ ရသေးသည်။
သို့သော် ဆုချန်ချန်ကမူ ထိုသို့မဟုတ်။
နာမည်ကျော် ဓားတစ်လက်၏ အရှင်သခင်...
ထိုအဆင့်အတန်းက လူအများရှေ့တွင် အမြဲတမ်း ဗူးပေါ်သလို ပေါ်နေမည့် အရာဖြစ်သည်။ သူမ ရင်ဆိုင်ရမည့်အရာမှာ တစ်ကမ္ဘာလုံးရှိ ကျင့်ကြံသူများ၏ လောဘဇောများပင် ဖြစ်သည်။
ဒါကို “ကံကြမ္မာ” လို့ ခေါ်မည့်အစား “ဝဋ်ကြွေး ကံတရား” လို့ ခေါ်ရင် ပိုမှန်လိမ့်မည်
အချို့လူများသည် မွေးဖွားလာကတည်းက အချို့သော အရာများကို ပုခုံးပေါ် ထမ်းပိုးရန် ဖန်တီးခံထားရသကဲ့သို့ပင်။
ရွှီရှောင်ရှို့က ကောင်မလေးကို နှစ်သိမ့်ရန် ဖက်လိုက်သော်လည်း ဘေးက ကြည့်နေသူများ၏ မျက်စိထဲတွင်မူ အဓိပ္ပာယ်တစ်မျိုး သက်ရောက်သွားသည်။
“တောက်! ရွှီရှောင်ရှို့... မင်း တကယ့် တိရစ္ဆာန်ပဲ”
“ဆုချန်ချန်က ကလေးပဲ ရှိသေးတာကို။ မင်း သူမကို ဘယ်လိုတောင် လုပ်ရက်တာလဲ”
“မဟုတ်ဘူး၊ ရွှီရှောင်ရှို့... တော်တော့။ မင်းက ‘အတွင်းစည်း’ ရဲ့ အဖွဲ့ဝင်တောင် ဖြစ်မလာသေးဘူး။ အတွင်းစည်းက အမျိုးသမီးတပည့်တစ်ယောက်ကို ဘယ်လိုတောင် စော်ကားရဲတာလဲ။”
“အား... ငါလည်း အဲ့ဒီလို အဖက်ခံချင်လိုက်တာ...”
ရွှီရှောင်ရှို့ ရှက်ကိုးရှက်ကန်းဖြင့် လွှတ်လိုက်ရပြီး၊ ကောင်မလေးလည်း မျက်နှာလေး ရဲတက်သွားသည်
“ကဲ... ကောင်းကင်ပေါ် တက်ကြစို့။ ဒီလူတွေကတော့ကွာ...”
သူက လက်ဝှေ့ယမ်းကာ ‘ဓားပြန်လှန်နှိမ်နင်းခြင်း’ နည်းစနစ်ကို သုံးပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။
အားလုံးက ထိုသူနှစ်ဦး ကောင်းကင်ပေါ်သို့ တရွေ့ရွေ့ ပျံတက်သွားသည်ကို ကြည့်ပြီး စိတ်ပျက်လက်ပျက် ဖြစ်ကျန်ခဲ့သည်။
‘မင်းက ငါတို့ မပျံနိုင်တာကို လာလှောင်နေတာမလား’ ဟု အားလုံးက စိတ်ထဲက ကျိန်ဆဲနေကြသည်။
“တောက်... ရွှီရှောင်ရှို့!”
[ကျိန်ဆဲခံရခြင်း၊ အလိုအလျောက် ရမှတ် +၁၁၂]
[မုန်းတီးခံရခြင်း၊ အလိုအလျောက်ရမှတ် +၆၉]
“...”
သူတို့နှစ်ဦး လမ်းတစ်လျှောက် စကားပြောရင်း ပျံသန်းလာရာ မကြာမီမှာပင် ‘အတွင်းစည်း’ သို့ ရောက်လုနီးပါး ဖြစ်လာသည်။
ဆုချန်ချန်လည်း ပြန်သွားခဲ့ပြီ ဖြစ်သည်။ သူမ လာရသည့် ရည်ရွယ်ချက်ဖြစ်သော ‘အစ်ကိုကြီး ရှောင်ရှို့ကို အတွင်းစည်းက လူတွေကို သတိထားဖို့’ မှာကြားပြီးပြီ ဖြစ်၍ ဖြစ်သည်
သူမကို ပို့ဆောင်ပေးပြီးချိန်တွင် ရွှီရှောင်ရှို့၏ စိတ်ထဲရှိ အလိုအလျောက်ရမှတ် များသည် ၅၀၀၀ ကျော်အထိ ရှိနေပြီ ဖြစ်သည်။
သူ ဝမ်းသာအားရဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။
ဤနည်းလမ်းက အမှတ်ရှာရန် အလွန်ကောင်းမွန်ကြောင်း သူ သဘောပေါက်လိုက်သည်။ နောင်တွင် တိုက်ပွဲများစွာ မရှိတော့လျှင်တောင်မှ လမ်းပေါ်ထွက်ပြီး အမှတ်များ လိုက်ရှာ၍ ရသေးသည်
သူ တစ်ယောက်တည်း ပျံသန်းနိုင်ခြင်းကပင် ‘အပြင်စည်း’ မှ တပည့်များစွာ၏ မနာလိုမှုကို ရရှိစေသည်။
ဘာကြောင့်လဲဆိုသော် သူတို့ထဲက ဘယ်သူမှ မပျံသန်းနိုင်ကြသောကြောင့် ဖြစ်သည်။
သူ အခြားအရာတစ်ခုကို တွေးမိသွားပြီး အတွင်းစည်း၏ တံခါးဝကို ငေးကြည့်နေမိသည်။
ထိုတံခါးဝတွင် ထူးခြားမှု ဘာမှမရှိပေ။ အကာအကွယ် အစီအရင်လည်း မရှိသလို၊ စောင့်ကြပ်နေသူလည်း မရှိချေ။ ဘာဖြစ်လို့လဲဆိုတော့ စောင့်နေဖို့ မလိုလို့ပင်
စည်းကမ်းအရ အပြင်စည်းမှ တပည့်များ ဝင်ခွင့်မရှိဘဲ၊ အကယ်၍ ခိုးဝင်သည်ကို မိပါက ပြင်းထန်သော အပြစ်ဒဏ်များ ခံရမည် ဖြစ်သည်။
သို့သော် ရွှီရှောင်ရှို့ကတော့ ဇွတ်တိုးကာ ဝင်လိုက်သည်။
ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် အခြားကမ္ဘာတစ်ခုသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုနေရာ၏ ဝိညာဉ်စွမ်းအင် သိပ်သည်းဆက အလွန်မြင့်မားလှသည်။ သို့သော် သူ၏ ‘အသက်ရှူနည်းစနစ်’ ကို အမြင့်ဆုံးအဆင့် သို့ မြှင့်တင်ထားပြီး ဖြစ်၍ သူ သိပ်တော့ မမှုပေ။
သို့သော် တစ်ကိုယ်လုံး ယားကျိကျိတော့ ဖြစ်လာသည်။
နေရခက်သလိုလို၊ သက်တောင့်သက်သာ ရှိသလိုလိုနှင့်...
ဒါကြောင့်မို့လည်း သူက ‘အသက်ရှူနည်းစနစ်’ ကို အဆင့်မမြှင့်ချင်ခဲ့ခြင်း ဖြစ်သည်။ ပတ်ဝန်းကျင် အပြောင်းအလဲတစ်ခုကို ရောက်တိုင်း ပြန်လည်အသားကျအောင် လုပ်ရသည်မှာ လက်ဝင်လှသည်
သို့သော် ဤအရာအားလုံးကို လက်ခံရန် အရေးကြီးကြောင်း သူ သိသည်။
သူ လက်သီးကို တင်းတင်းဆုပ်ကာ အောင့်ခံထားလိုက်သည်။
“အား...”
သူ မအောင့်နိုင်တော့ဘဲ ညည်းညူကာ စိတ်ကို လျှော့ချလိုက်မှ အသက်ရှူချောင်သွားတော့သည်။
စိတ်သက်သာရာ ရသွားပြီးနောက်၊ သူသည် အကြီးအကဲး စန်းကို ဦးချကာ ဆရာတင်ခဲ့သည့် နေ့ထွက်ချိန် မြင်ကွင်းကို ပြန်လည်အမှတ်ရမိသည်။
အိပ်မက်တစ်ခုလိုပင် အစစ်အမှန် မဟုတ်သယောင်...
အကြီးအကဲး စန်းကတော့ ထုံးစံအတိုင်း ထူးဆန်းသော လူကြီး ဖြစ်သည်။ ဆရာတင်ပွဲ ပြီးသည်နှင့် စည်းကမ်းချက်များကို ချက်ချင်း ချမှတ်ခဲ့သည်
ပထမအချက်၊ ရွှီရှောင်ရှို့အနေဖြင့် သူ့ကို “ဆရာ” ဟု မခေါ်ရ။
ဒုတိယအချက်၊ သူတို့နှစ်ဦး၏ ဆရာတပည့် ပတ်သက်မှုကို မည်သူ့ကိုမျှ မပြောရ။
တတိယအချက်၊ သုံးရက်အတွင်း ‘ဝိညာဉ်စာကြည့်တိုက်ဌာန’ သို့ လာရောက်တွေ့ဆုံရမည်။
ပထမ စည်းကမ်းချက် နှစ်ခုကို ရွှီရှောင်ရှို့ လက်ခံနိုင်သော်လည်း၊ တတိယအချက်ကတော့ သူ့ကို ခေါင်းခဲစေသည်။
ဆရာကြီးစန်းက သူ့ဆရာ ဖြစ်လာခဲ့သော်လည်း၊ ထိုအဖိုးကြီးကို ကိုယ့်သဘောနဲ့ကိုယ် သွားတွေ့ရမည်ကို တွေးမိရုံနှင့်ပင် သူ ပျာယာခတ်လာရသည်
သို့သော်လည်း ထိုအဖိုးကြီးက စည်းကမ်းအဖြစ် ချမှတ်ထားခြင်းကြောင့် ဤအရာက အလွန်အရေးကြီးကြောင်း သိသာနေသည်။
အကယ်၍ ရွှီရှောင်ရှို့သာ သူ့သဘောအတိုင်း အိမ်ထဲမှာပဲ အောင်းပြီး အိမ်ဆောက်နေမည်ဆိုပါက၊ ထိုအဖိုးကြီး ကိုယ်တိုင် လိုက်လာလျှင် သူ သေချာပေါက် အသတ်ခံရပေလိမ့်မည်။
“ထားလိုက်ပါတော့။ မြန်မြန်လုပ်၊ မြန်မြန်ပြီးတာပေါ့။ အကြီးအကဲးစန်းကို တွေ့ပြီးရင် ‘ဝိညာဉ်ရေးရာဌာန’ မှာ ပစ္စည်းသွားမှာရမယ်”
သူ အတွေးနှင့်အတူ ခြေလှမ်းများကို သွက်လိုက်ရာ၊ မကြာမီမှာပင် ဟောင်းနွမ်းစုတ်ပြတ်နေသော သုံးထပ်တိုက် အဆောက်အအုံလေး ရှေ့သို့ ရောက်လာခဲ့သည်။
၎င်းကတော့ ‘ဝိညာဉ်စာကြည့်တိုက်ဌာန’ ပင်။
သူ အနားသို့ မရောက်ခင်ကတည်းက တံခါးနှင့် အကာအကွယ် အစီအရင်များက ပွင့်ဟနေပြီးသား ဖြစ်သည်။
ရွှီရှောင်ရှို့ စိတ်ထဲကနေ ‘အဖိုးကြီးက ငါလာတာကို မြင်တောင်မမြင်ရဘဲ သိနေတာပဲ’ ဟု ချီးကျူးလိုက်မိသည်
သူ စိတ်ကို တင်းကာ အထဲသို့ လှမ်းဝင်လိုက်သည်။
ပထမထပ်သို့ ရောက်သည်နှင့် ရိုးအိုင်နေသော စာအုပ်စင်များကို မြင်လိုက်ရသည်။
သူ လမ်းလျှောက်ရင်း စာအုပ်စင်များကို လက်ဖြင့် ပွတ်ဆွဲသွားမိသည်။
“တတိယထပ်ကို တက်ခဲ့”
ဒေါသသံစွက်နေသော အသံတစ်ခုက သူ့ခေါင်းထဲတွင် မြည်ဟည်းသွားသည်။
တတိယထပ်?
ရွှီရှောင်ရှို့ စာအုပ်တစ်အုပ်ကို ဆွဲထုတ်ပြီး ခါကြည့်လိုက်သော်လည်း ဘာမှ ထွက်မလာပေ။
ပြီးခဲ့သည့်အကြိမ်က ‘ရှောင်ချီရှို့’ က တတိယထပ်ကို မတက်ရဟု တင်းတင်းကျပ်ကျပ် တားမြစ်ခဲ့ဖူးသဖြင့် ထိုနေရာက သူ့အတွက် အလွန်လျှို့ဝှက်ဆန်းပြားနေခဲ့သည်။
သူကတော့ ထိုနေရာတွင် ‘ဆရာသခင်အဆင့်’ ဝိညာဉ်နည်းစနစ်များ ရှိလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း၊ ယခုကြည့်ရသည်မှာ ထိုနေရာက အဖိုးကြီးစန်း နေထိုင်ရာ နေရာ ဖြစ်နေပုံရသည်။
‘စာကြည့်တိုက်မှူးအတွက် သီးသန့်ထားတဲ့ အထပ်ဆိုတော့လည်း ဘာမှ ထူးခြားမှာ မဟုတ်ပါဘူး’ ဟု သူ တွေးလိုက်သည်။
ခွပ်... ခွပ်... ခွပ်...
သူ ဒုတိယထပ်သို့ အပြေးတက်လာရာ ထိုနေရာရှိ လင်းလက်နေသော အလင်းကွင်း များကို မြင်ပြီး စိတ်ဝင်စားသွားရသည်။
ပြီးခဲ့သည့်အကြိမ်က သူက လိမ္မာလွန်းသဖြင့် ပထမထပ်မှာတင် စာအုပ်ဖတ်ခဲ့ပြီး၊ ဒုတိယထပ်ကို လှည့်ပင်မကြည့်ခဲ့ချေ
ထို့ကြောင့် ဒုတိယထပ်က ဤမျှ ထူးဆန်းနေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။
ဒီနေရာမှာ စာအုပ်စင်တွေ မရှိတော့ဘဲ၊ အလင်းကွင်းတွေပဲ ရှိနေတာလား...
“ဒါတွေက ဘာတွေလဲဟ...” သူ တွေးလိုက်မိသည်။
သူ သိလိုစိတ်ဖြင့် ထိုအလင်းကွင်းများဆီသို့ လျှောက်သွားလိုက်သည်။
“တတိယထပ်လို့ ပြောနေတယ်!” စိတ်ထဲက အသံက ထပ်မံ၍ တင်းကျပ်စွာ ထွက်ပေါ်လာပြန်သည်။
ရွှီရှောင်ရှို့ စိတ်ပျက်သွားရသည်။
‘ဒီအဖိုးကြီးကလည်း ဘာတွေ လောနေတာလဲ’ ဟု သူ စိတ်ထဲက ကျိန်ဆဲလိုက်သည်။ ‘တတိယထပ်မှာ လူဝင်စားဖို့ အချိန်မီနေလို့လား။
စည်းကမ်းမှာတော့ သုံးရက်အတွင်း လာရမယ်ဆို။
ငါ့ကို နှစ်ရက်လောက် စာအုပ်ဖတ်ခွင့်ပေးရင် ဘာဖြစ်သွားမှာမလို့လဲ။
ငါ လူ့ဘဝ နှစ်ဖန်ပြန်ဖြစ်တာတောင်မှ အခုမှပဲ စာဂျပိုး လုပ်ချင်စိတ် ပေါက်လာတာကို။’
ဟုတ်ပါသည်... ထိုစကားလုံးများကိုတော့ သူ အပြင်ထုတ်ပြီး မပြောရဲပါ။
သူ ချက်ချင်းပင် တတိယထပ်သို့ အပြေးတက်သွားလိုက်တော့သည်။
“လာပါပြီဗျာ... အခု တက်လာနေပါပြီ”