"ရွှီရှောင်ရှို့ နိုင်သွားတာလား?"
"ရွှီရှောင်ရှို့ တကယ်ပဲ နိုင်သွားပြီဟေ့!"
တိုက်ပွဲက ပြီးဆုံးသွားခဲ့ပြီ။ သိုင်းဝိုင်းကို ကာရံထားတဲ့ အကာအကွယ် စွမ်းအင်အတားအဆီးလည်း ပျောက်ကွယ်သွားခဲ့ပြီ။
ပွဲကြည့်စင်ဆီကနေ ထွက်ပေါ်လာတဲ့ ကျယ်လောင်လှတဲ့ အောင်ပွဲခံ အားပေးသံတွေကြောင့် ရွှီရှောင်ရှို့ လန့်သွားရတယ်။ သူ ဘေးပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရင်း— ဝါး... ဘယ်အချိန်ကတည်းက ဒီလောက် လူတွေအများကြီး ရောက်နေကြတာလဲ? လို့ စိတ်ထဲက ရေရွတ်လိုက်မိတယ်။
ချူယွင်စင်မြင့် မှာ ရှိနေတဲ့ အပြင်စည်းတပည့်တွေ အကုန်လုံး ဒီနေရာကို ရောက်နေကြတာကိုး!
ပွဲကြည့်ပရိသတ်တွေထဲက ဂျူနီယာတပည့် တော်တော်များများဆိုရင် မျက်ရည်တွေတောင် ဝိုင်းနေကြရှာတယ်။ ရွှီရှောင်ရှို့ကတော့ သူတို့ ဘာလို့ ငိုနေကြလဲ မသိတာမို့... ဒီလူတွေ အကုန်လုံး ရူးသွားကြပြီလို့ပဲ မှတ်ချက်ချလိုက်တော့တယ်။
[သံသယဝင်ခြင်း ခံရသည်။ အလိုအလျောက်စနစ် ရမှတ် +324]
[လေးစားအားကျခြင်း ခံရသည်။ အလိုအလျောက်စနစ် ရမှတ် +1125]
ရွှီရှောင်ရှို့ သတိပေးချက် နေရာ ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ထိတ်လန့်သွားလွန်းလို့ ဒူးပင် ထောက်ကျလုနီးပါး ဖြစ်သွားရတယ်။
ဒါ... ဒါ ဘာကြီးလဲဗျာ?
ပထမဆုံး ရရှိတဲ့ သံသယဝင်မှု ရမှတ်တွေကိုတော့ သူ နားလည်နိုင်ပါတယ်။ ဘာပဲပြောပြော ရွှီရှောင်ရှို့က ကျင့်စဉ်အဆင့်ငါး သေးသေးလေးနဲ့ အုပ်စုအဆင့် ခြေစစ်ပွဲမှာ ချန်ပီယံ ဖြစ်သွားတာဆိုတော့ ဘေးကလူတွေ သံသယဝင်တာ မဆန်းဘူးလေ။
စင်ပေါ်မှာ လျူကျိန်းနဲ့ ကျိုးကျော့တို့ ကျန်နေသေးတာ မှန်ပေမဲ့၊ မျက်စိရှိတဲ့လူတိုင်းက သူတို့နှစ်ယောက် ပြိုင်ပွဲတစ်လျှောက်လုံး အပျင်းခိုနေခဲ့တာ မြင်တာပဲ။ ဒါကြောင့် ရွှီရှောင်ရှို့က ကွင်းမရှိတဲ့ ချန်ပီယံအစစ်အမှန်ဆိုတာ ထင်ရှားနေတာပေါ့။
ဒါပေမဲ့... သူ့နောက်ကပ်လျက် တက်လာတဲ့ "လေးစားအားကျခြင်း" ဆိုတာကြီးကတော့...
သူ ဘယ်လိုမှ ရှင်းပြလို့မရတော့ဘူး!
ဒါ့အပြင် ဒီလို သတိပေးချက်မျိုး ပေါ်လာတာ ဒါပထမဆုံးအကြိမ်ပဲလေ။
ပြီးတော့...
ရမှတ်ပေါင်း တစ်ထောင်ကျော်ကြီးများတောင် ထိုးတက်သွားတာလား???
ရွှီရှောင်ရှို့တစ်ယောက် ကြောင်အိသွားရပြန်တယ်။
သူကတော့ အလိုအလျောက်စနစ် ရမှတ်တွေ ပိုရအောင် အရိုက်ခံဖို့ပဲ အာရုံစိုက်နေခဲ့တာ၊ ပွဲကြည့်ပရိသတ်တွေရဲ့ မျက်စိထဲမှာတော့ သူက ဘယ်လိုအခြေအနေမျိုးမှာမဆို ဇွဲမလျှော့ဘဲ ကြံ့ကြံ့ခံပြီး နောက်ဆုံးမှာ အောင်ပွဲကို အရယူသွားတဲ့ "သူရဲကောင်းကြီး" တစ်ယောက် ဖြစ်သွားမှန်း သူကိုယ်တိုင် မသိလိုက်ရှာဘူး!
ဘာလို့လဲဆိုတော့ နောက်မှရောက်လာတဲ့ လူတွေရဲ့အမြင်မှာတော့ သူက အခြားပြိုင်ပွဲဝင်တွေရဲ့ ရက်ရက်စက်စက် ဝိုင်းထုခြင်းကို ခံနေရတဲ့ "သနားစရာ သဲအိတ်လေး" တစ်လုံး ဖြစ်နေခဲ့တာကိုး။
အဲဒီဝိုင်းထုတဲ့ ကောင်တွေက တကယ့် သားရဲတိရစ္ဆာန်တွေပဲ။ ဘာလို့ ဒီလောက် လက်ရဲဇက်ရဲ ရှိကြတာလဲ? ရွှီရှောင်ရှို့ရဲ့ မျက်နှာကို ကြည့်ဦး... ညိုမည်း စုတ်ပြတ်နေတာပဲ...
အင်? ဒါနဲ့ နေပါဦး... သူ့ရဲ့ ဒဏ်ရာတွေက ဘာလို့ ဒီလောက်အထိ ပါးလွှာနေရတာလဲ?
ဒိုင်လူကြီးက လက်ထဲမှာ လင်ဗန်းတစ်ခုကို ကိုင်ပြီး မျက်နှာသေနဲ့ လျှောက်လာခဲ့တယ်။ လင်ဗန်းပေါ်က ဆုလာဘ်ကတော့ လက်စွပ်တစ်ကွင်းတည်းပါ။
ရွှီရှောင်ရှို့ မျက်ခုံးပင့်လိုက်မိတယ်— ဟင်... ဟင်းလင်းပြင်လက်စွပ် လား?
ဒါက အလွန်တန်ဖိုးကြီးတဲ့ ရတနာဗျ။ သူ့ရဲ့ အိမ်ရာဝိုင်းလေးရော၊ လက်ထဲက အနက်ရောင်ဓားကြီးကိုပါ ပေါင်းရောင်းရင်တောင် ဒီလိုလက်စွပ်မျိုးကို သူ ဝယ်နိုင်မှာ မဟုတ်ဘူး။
သူက လက်စွပ်ကို ကောက်ယူလိုက်ပြီး ဒိုင်လူကြီးရဲ့ တုန်ရင်နေတဲ့ လက်ကို ကြည့်ကာ ရိုးရိုးသားသားပဲ ပြောလိုက်တယ်—
"ကျေးဇူးတင်ပါတယ် ဒိုင်လူကြီးမင်း... ဒါပေမဲ့ ကျွန်တော့်အတွက်နဲ့ ဒီလောက်ကြီး
ရင်ခုန်စိတ်လှုပ်ရှားမနေပါနဲ့ဗျာ။"
ဒိုင်လူကြီးက အဲဒီစကားကို ကြားတော့ သူ့လက်တွေက ပိုပြီးတော့တောင် တုန်ရင်လာခဲ့တယ်။
ငါက ရင်ခုန်စိတ်လှုပ်ရှားနေတာပုံ ပေါက်နေလို့လား? ငါ ဒီလင်ဗန်းကို တင်းခံပြီး ကိုင်ထားရတာ... ငါ့ရင်ထဲက ဒေါသတရားတွေကို မပေါက်ကွဲအောင် ထိန်းချုပ်ထားရလို့ွကွ!
ဒိုင်လူကြီးခမျာ တိုက်ပွဲတစ်လျှောက်လုံးမှာ တိုက်ပွဲအချို့ကို ဝင်တားတာကလွဲရင် သူ ဘာမှဝင်မလုပ်ခဲ့ရသလို ခံစားနေရတာမို့ တော်တော်လေး စိတ်ပျက်နေတာ။
သူ့အလုပ်သူ တာဝန်ကျေကျေလုပ်ချင်တာပေါ့၊ ဒါပေမဲ့ ဘေးမှာ ဘာမှမလုပ်ဘဲ ဒီအတိုင်းရပ်ကြည့်နေဖို့ပဲ အတင်းအကျပ် ဖိအားပေးခံခဲ့ရတာလေ။
ရွှီရှောင်ရှို့က သူ့ကို အစကတည်းက အရူးလုပ်ခဲ့တာ။ တိုက်ပွဲပြီးသွားမှပဲ ရွှီရှောင်ရှို့မှာ အစွမ်းထက်လှတဲ့ အလိုအလျောက်စနစ် ရှိနေမှန်း သူ သဘောပေါက်သွားတော့တယ်။
ငါကလည်း... စောစောကတည်းက သဘာဝထိတွေ့ခြင်း အဆင့် ရဲ့ သိုင်းအရှိန်အဝါ နှစ်ခု ဘယ်ကထွက်လာတာလဲလို့ တွေးနေတာ၊ ဒီကောင်ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး! သူ စိတ်ထဲက ကျိန်ဆဲလိုက်တယ်။
ဒိုင်လူကြီးက သူ့ရဲ့ ခံစားချက်တွေကို အောင့်အီးထားပြီး လက်ကို အေးစက်စွာ ဝှေ့ယမ်းလိုက်တယ်—
"ဆက်ပြီး ကြိုးစားစမ်း!"
ပြောပြီးတာနဲ့ သူ လှည့်ထွက်သွားတော့တယ်။
ရွှီရှောင်ရှို့ကတော့ ဒိုင်လူကြီးရဲ့ ပုံစံက နည်းနည်း ထူးဆန်းနေတယ်လို့ ခံစားရပေမဲ့၊ ထုံးစံအတိုင်း ယဉ်ကျေးပြလိုက်ပြီး လှည့်ထွက်သွားတဲ့ ဒိုင်လူကြီးရဲ့ နောက်ကျောကို လှမ်းအော်ပြောလိုက်တယ်—
"ကျွန်တော် ဆက်ပြီး အားသွန်ခွန်စိုက် ကြိုးစားပါ့မယ်ဗျာ!"
ဒိုင်လူကြီး လက်ခလုတ်တိုက်သွားပြီး လက်ထဲက လင်ဗန်းကြီး လွင့်ထွက်သွားတော့တယ်။
"ဟာ... ကျွန်တော့်ဓားကြီးဦးလေ!" ရွှီရှောင်ရှို့ ဒိုင်လူကြီးရဲ့ နောက်ကနေ လှမ်းအော်လိုက်ပြန်တယ်။
ဒိုင်လူကြီး ရှေ့ကို ငုံ့ပစ်လိုက်ပြီး လွင့်ထွက်သွားတဲ့ လင်ဗန်းကို အမြန်ဖမ်းလိုက်ရတယ်။ အဲဒီနောက် နောက်ကို လှည့်တောင်မကြည့်ဘဲ ဓားကြီးကို နောက်ပြန် ဝှေ့ယမ်းပြီး ပစ်ပေးခဲ့တော့တာပေါ့။
ရွှီရှောင်ရှို့ ဒိုင်လူကြီးရဲ့ နောက်ကျောကို ကြည့်ပြီး မျက်မှောင်ကုတ်ကာ တိုးတိုးလေး ရေရွတ်လိုက်မိတယ်—
"ဒီလူ... တကယ်ကို ထူးဆန်းတာပဲ!"
...
"ရွှီရှောင်ရှို့!"
"ရွှီရှောင်ရှို့!"
ပွဲကြည့်စင်ပေါ်က လူတိုင်းက သူ့နာမည်ကို အော်ဟစ်နေကြတယ်။ အစတုန်းကတော့ မိန်းကလေးငယ် အနည်းငယ်ပဲ အော်တာပါ၊ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဘေးကလူတွေက သူတို့ကိုပဲ ဝိုင်းကြည့်နေကြလို့ ရှက်ကိုးရှက်ကန်းနဲ့ လိုက်အော်ကြရင်း တစ်ကွင်းလုံး ဆူညံသွားတာပေါ့။
ရွှီရှောင်ရှို့ တော်တော်လေး ရှက်သွားမိတယ်။ ဒီလူတွေ ဘာလို့ ဒီလောက်အထိ ရူးသွပ်နေကြလဲ သူ မသိဘူးလေ။ ဒါပေမဲ့ သူတို့က သူ့နာမည်ကို အော်ပြီး အားရပါးရ ဖြစ်နေကြတာမို့ သူလည်း ပွဲကြည့်စင်ဘက်ကို လက်လှမ်းပြလိုက်တယ်—
"ထိုင်ကြပါ... အားနာစရာကြီးဗျာ၊ အလုပ်ရှုပ်ခံလို့။"
ရောင်ယိန်းယိန်းက ထိုင်ရာကနေ ထလိုက်ပြီး ပျင်းကြောဆန့်လိုက်တယ်။ ပြီးတော့ မိန်းကလေးငယ် ဆွဲတင်ထားလို့ ပေါင်လယ်လောက်အထိ ရောက်နေတဲ့ ဂါဝန်စွန်းလေးကို အောက်ပြန်ဆွဲချရင်း စနောက်လိုက်တယ်— "ကဲ... ညည်းရဲ့ မောင်လေး သားရဲကောင်ငယ်ဆီ သွားရှာလို့ ရပြီနော်!"
စုချန်ချန်က ပါးချိုင့်လေးတွေ ပေါ်အောင် ပြုံးလိုက်ပြီး—
"မလိုပါဘူးအစ်မရယ်။ မောင်လေး သားရဲကောင်ငယ် ဝိညာဉ်နန်းတော် ကနေ ထွက်မသွားရတော့တာနဲ့တင် အဆင်ပြေပါပြီ။"
"ညည်းဘေးက မိန်းကလေးတွေ စိတ်လှုပ်ရှားနေတာလည်း ကြည့်ဦး။ သူတို့က ညည်းရဲ့ မောင်လေး သားရဲကောင်ငယ်ကို လုသွားရင် ဘယ်လိုလုပ်မလဲ?"
"အစ်မကလည်း ဘာတွေ လျှောက်ပြောနေတာလဲ!" စုချန်ချန် မျက်နှာလေး နီမြန်းသွားရှာတယ်— "ညီမ စိတ်ထဲမှာ အဲလိုမျိုး တစ်ခါမှ မတွေးဖူးပါဘူး။"
"အော်... ဟုတ်လို့လား?"
"အစ်မကို မပြောတော့ဘူး!"
စုချန်ချန် ခုံပေါ်ကနေ လွှတ်ခနဲ ခုန်ဆင်းလိုက်တာ၊ ခေါင်းက ရောင်ယိန်းယိန်းရဲ့ ရင်ဘတ်ကို မတော်တဆ သွားတိုက်မိသွားတယ်။ သူမက ခေါင်းငုံ့ပြီး သူမရဲ့ ဓားကြီးကို ကောက်ကိုင်ကာ ချက်ချင်းပဲ ထွက်ပြေးသွားတော့တာပေါ့။
"တောက်... ချစ်စရာလေး..."
ရွှီရှောင်ရှို့ သူတို့နှစ်ယောက်ကို သတိပြုမိလိုက်တယ်။ ဒီပတ်ပတ်လည်မှာ သဘာဝထိတွေ့ခြင်း အဆင့် ရဲ့ သိုင်းအရှိန်အဝါ ရှိတဲ့လူ သိပ်မများဘူးလေ။ သူ့ရဲ့ အလိုအလျောက်စနစ် သဘာဝ ခန္တာကိယ်က က တော်ရုံလူ မသိနိုင်တာ မှန်ပေမဲ့၊ အခြား သဘာဝထိတွေ့ခြင်း သမားတွေရဲ့ အရှိန်အဝါကိုတော့ သူ ကောင်းကောင်း ခံစားမိတာပေါ့။
အနည်းဆုံးတော့ သူတို့ရဲ့ ထူးကဲမွန်မြတ်တဲ့ အရှိန်အဝါက သူ့နာမည်ကို အော်ဟစ်နေတဲ့ မိန်းကလေးတွေနဲ့ လုံးဝ ကွဲပြားခြားနားနေတာ။
"စုချန်ချန်...?"
"တွေ့ရတာ ကြာပြီပဲ..."
သူ မိန်းကလေးငယ် ထွက်ပြေးသွားတဲ့ ဘက်ကို လှမ်းကြည့်နေတုန်းမှာပဲ၊ သူမနောက်ကနေ လိုက်သွားတဲ့ အနီရောင်ဂါဝန်နဲ့ မိန်းကလေးက ရုတ်တရက် သူ့ဘက်ကို လှည့်ကြည့်လာတာကို သတိပြုမိလိုက်တယ်။ သူမက သူ့ကို မျက်စိတစ်ဖက် မှိတ်ပြပြီး ပြုံးပြသွားတာဗျာ။
[မြှူဆွယ်ခြင်း ခံရသည်။ အလိုအလျောက်စနစ် ရမှတ် +1]
ရွှီရှောင်ရှို့ ငေးကနဲ ဖြစ်သွားရပေမဲ့... နောက်ထပ် ပေါ်လာတဲ့ သတိပေးချက်ကို မြင်လိုက်ရတဲ့ အချိန်မှာတော့ သွေးအန်မတတ် ဖြစ်သွားရတော့တယ်။
တောက်... အချို့အရာတွေကို စိတ်ထဲမှာပဲ ထားရင် မရဘူးလား။ အကုန်လုံးကို လိုက်ပြီး ကြေညာနေစရာ မလိုပါဘူးကွာ!
ဒီစနစ်စုတ်ကြီးကတော့!
လူအကုန်လုံး ပြန်ကုန်ကြပြီ။
လာသမျှလူတွေအကုန်လုံးက ဝိညာဉ်ကျင့်ကြံသူတွေ ဖြစ်တာမို့ စောစောက သူတို့ ဘယ်လောက်ပဲ ပရိသတ် ဖြစ်ခဲ့ဖြစ်ခဲ့၊ လူပုံအလယ်မှာတော့ သူတို့ရဲ့ သိက္ခာကို ထိန်းကြတာပေါ့။
အင်း... အနည်းဆုံးတော့ လူမြင်ကွင်းမှာပေါ့လေ...
ရွှီရှောင်ရှို့လည်း ပြန်ဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ အကြီးအကဲချောင် က သူ့ရှေ့မှာ ဘုန်းခနဲ ပေါ်လာပြန်တယ်။
"ဟန်ကျပန်ကျ ရှိလှချည်လား ကောင်လေး။ ဒီလောက်အထိ အထုခံရတာတောင် အခြေအနေကို ပြောင်းပြန်လှန်နိုင်တယ်ဆိုတော့... မင်းမှာ နည်းလမ်းတွေ ရှိတာပဲ!"
"အကြီးအကဲချောင်?"
အကြီးအကဲချောင်ရဲ့ မျက်နှာက မည်းမှောင်သွားတယ်—
"မင်း ငါ့ကို သတိမထားမိဘူးမလား? မင်းရဲ့ အာရုံတွေအကုန်လုံးက ဟိုမိန်းကလေး နှစ်ယောက်ဆီ ရောက်နေတာကိုး?"
"ဟဲဟဲ!" ရွှီရှောင်ရှို့ လမ်းလျှောက်ရင်း ရယ်လိုက်တယ်—
"ဘယ်ကသာ... အကြီးအကဲက ဒီနေရာကို အရင်ဆုံး ရောက်လာတာ မဟုတ်ဘူးလား?!"
"ဒါပေါ့!"
ရွှီရှောင်ရှို့ ရင်ထဲက သက်ပြင်းချလိုက်မိတယ်။ တော်သေးတာပေါ့... သူ မှန်းဆပြီး ပြောလိုက်တာ မှန်သွားလို့။ ပြီးတော့ မေးခွန်းပုံစံ မဟုတ်ဘဲ ရဲရဲဝံ့ဝံ့ အတည်ပြုပြောလိုက်တာမို့ အကြီးအကဲချောင် သူ့လိမ်ညာမှုကို မရိပ်မိလိုက်ဘူး။
"မင်း ဘယ်တုန်းက အလိုအလျောက်စနစ် သဘာဝ ခန္တာ ကိုယ် ကို ဘယ်လို ရသွားတာလဲ? ငါ့ကိုတောင် လျှို့ဝှက်ထားရတယ်လို့?"
အကြီးအကဲချောင်က မေးခွန်းထုတ်လိုက်တယ်။
ဘာလဲဗျာ? အကြီးအကဲက ငါ့ကို ဒီမေးခွန်း လာမေးနေတာလား? သူ စိတ်ထဲက တွေးလိုက်တယ်။
ရွှီရှောင်ရှို့ ချက်ချင်းပဲ မကျေမနပ် ဖြစ်သွားပြီး—
"ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော် သဘာဝဖြစ်တည်မှုအဆင့် ကို ရောက်သွားပြီလို့ အကြီးအကဲကို အမှန်အတိုင်း ပြောခဲ့သားပဲ။ အဲဒီတုန်းက အကြီးအကဲက မယုံခဲ့တာလေ။"
ပြီးခဲ့တဲ့တစ်ခေါက်?
အကြီးအကဲချောင် ဝိညာဉ်ရေးရာဌာနခွဲမှာ သူတို့ နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်ကို သတိရသွားပြီး အားနာသလို ပြုံးလိုက်မိတယ်—
"အဲဒီတုန်းကတော့... မင်းစကားကို သရဲပဲ ယုံမှာပေါ့ကွ!"
ရွှီရှောင်ရှို့ ထပ်ပြီး ဆွံ့အအောင် လုပ်တော့မယ်ဆိုတာ မြင်တော့၊ သူက အမြန်ပဲ ဆေးပုလင်းတစ်လုံးကို ထုတ်ပြီး ရွှီရှောင်ရှို့ရဲ့ လက်ထဲကို အတင်းထည့်ပေးလိုက်တယ်—
"မင်း ဒဏ်ရာရထားတာ သေချာတယ်!"
"ရော့... ဒါကို ယူသွား။ ပြန်ပြီး ဒဏ်ရာတွေကို သေသေချာချာ ကုသလိုက်ဦး။ နောက်မှ ပြန်တွေ့ကြတာပေါ့!"
ပြောပြီးတာနဲ့ သူက ချက်ချင်းပဲ လေထဲကို ပျံတက်ပြီး ထွက်ပြေးသွားတော့တာပေါ့။
ရွှီရှောင်ရှို့ ဆွံ့အသွားရပြန်တယ်။
ဒီလောက်အထိ လုပ်ဖို့ လိုလို့လား? သူ တွေးလိုက်မိတယ်။ ငါက နည်းနည်းပဲ စောဒကတက်မလို့ဟာကို၊ အကြီးအကဲကို အရှင်လတ်လတ် ဝါးစားမလို့ကျနေတာပဲ။
သူ အကြီးအကဲချောင် ပေးခဲ့တဲ့ ဆေးလုံးတွေကို ကြည့်ပြီး ရင်ထဲမှာ နွေးထွေးသွားရတယ်…
အင်?
အကြီးအကဲချောင်... ဆေးလုံးတွေ...
ရွှီရှောင်ရှို့ ရုတ်တရက် ကြက်သီးဖြန်းဖြန်း ထသွားမိတော့တယ်။
...
ရွှီရှောင်ရှို့ သူ့အခန်းကို ပြန်ရောက်တော့ ရေမိုးချိုး သန့်စင်လိုက်ပြီး၊ သန့်ရှင်းနေတဲ့ သူ့ရဲ့ အိပ်ရာနုနုလေးပေါ်မှာ လှဲချလိုက်တယ်။ တကယ့်ကို သက်သောင့်သက်သာ ရှိလှတာဗျာ။
သူ ကြိုတင်တွေးဆထားခဲ့တာ မှန်ပေမဲ့၊ အခုလို အုပ်စုပွဲစဉ်မှာ တကယ်ပဲ ချန်ပီယံဖြစ်လာပြီး သုံးနှစ်အတွင်း အကောင်းဆုံး အောင်မြင်မှုကို ရယူနိုင်ခဲ့တာက အိပ်မက်တစ်ခုလိုပါပဲ။
သူ ပြောနိုင်တာကတော့... အလိုအလျောက်စနစ် 'ခန္ဓာကိုယ်ကြံ့ခိုင်မှုမြှင့်တင်ခြင်း' က တကယ့်ကို ကြောက်စရာကောင်းတဲ့ အတတ်ပဲ!
အတိတ်တုန်းကဆိုရင် ဒီလိုတိုက်ခိုက်မှုအောက်မှာ သူ တစ်စက္ကန့်တောင် ခံမှာမဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ သူ့မှာ အရေပြားပေါ်က အနည်းငယ်သော ဒဏ်ရာတွေနဲ့ ကြွက်သားတွေ နည်းနည်း နာကျင်တာကလွဲရင်... ဒဏ်ရာက မရှိသလောက်ပဲလေ။
မျက်နှာပေါ်က ဖူးရောင်ညိုမည်းနေတာတွေကတော့ ကျင့်စဉ်တစ်ခေါက် ကျင့်လိုက်တာနဲ့တင် ပျောက်ကင်းသွားမှာပါ။
သူ အကြီးအကဲချောင် ပေးခဲ့တဲ့ ဆေးလုံးတွေကို စဉ်းစားမိပေမဲ့... မသုံးရဲသေးဘူးဗျ။
ရွှီရှောင်ရှို့က ချန်ပီယံလက်စွပ်ကို ထုတ်ယူလိုက်ပြီး သူ့ရဲ့ သွေးတစ်စက်နဲ့ သွေးသစ္စာပြုကာ ပိုင်ရှင်အဖြစ် သတ်မှတ်လိုက်တယ်။ လက်စွပ်ထဲမှာ အိမ်တစ်လုံးရဲ့ တစ်ဝက်စာလောက်ရှိတဲ့ အခန်းအလွတ် ဟင်းလင်းပြင်ကြီး ရှိနေတာကို မြင်တော့ သူ အလွန်အမင်း ဝမ်းသာသွားတော့တယ်။
လက်စွပ်ထဲမှာ ပစ္စည်းအများကြီး မရှိပါဘူး။ ဝိညာဉ်ကျောက်တုံး တစ်ရာနဲ့ ဆေးပုလင်းတစ်လုံးပဲ ရှိတာ။ တန်ဖိုးအများစုက ဒီလက်စွပ်ကိုယ်တိုင်က လာတာလေ။
ရွှီရှောင်ရှို့ ဆေးပုလင်းကို ထုတ်ပြီး ကြည့်လိုက်တယ်။
ဝိညာဉ်ကျင့်ကြံခြင်း ဆေးလုံးတွေ...
သူ စိတ်လှုပ်ရှားသွားပြီး အဲဒီပစ္စည်းတွေနဲ့အတူ သူ့ရဲ့ ကိုယ်ပိုင် အထွေထွေပစ္စည်းအချို့ကို လက်စွပ်ထဲ အမြန်ပြန်ထည့်လိုက်တယ်။
သွားလေရာရာမှာ သေးငယ်တဲ့ သိုလှောင်မှု ဟင်းလင်းပြင်တစ်ခု ပါနေတာက တကယ့်ကို ရှယ်ပဲဗျာ။
သူက လက်စွပ်ဝတ်ရတာ အလေ့အထ မရှိတာမို့... ကြိုးတစ်ချောင်းနဲ့ သီလိုက်ပြီး လည်ဆွဲတစ်ခုအဖြစ် လုပ်လိုက်တော့တယ်။
ဒါက သူ့ရဲ့ ပင်ပန်းဆင်းရဲလှတဲ့ ဘဝသက်တမ်းတစ်လျှောက်မှာ ပထမဆုံးရရှိတဲ့ အောင်ပွဲပဲလေ။ တကယ့်ကို အမှတ်တရဖြစ်စရာမို့ ဒီလက်စွပ်ကို သူ သေသေချာချာ တန်ဖိုးထားရမယ်။
သူ အိပ်ရာပေါ်မှာ လှဲလျောင်းရင်း အသက်သောင့်သက်သာဆုံး ပုံစံဖြစ်အောင် အနေအထားကို ပြင်လိုက်တယ်။
ကဲ... အခုကတော့ အဓိက အစီအစဉ်ကြီး လာပြီ... သူ စိတ်ထဲက တွေးလိုက်တယ်။
အဲဒီသနားစရာကောင်းတဲ့ တိုက်ပွဲမှာ တရစပ် အထုခံခဲ့ရတာကနေ... ငါ အလိုအလျောက်စနစ် ရမှတ် ဘယ်လောက်များများ ရခဲ့လဲ?
တိုက်ပွဲအတွင်းမှာ ရမှတ်စုစုပေါင်းကို တစ်ချက်စွန်းရုံပဲ ခိုးကြည့်ခဲ့တာကလွဲရင်၊ တိုက်ပွဲတစ်လျှောက်လုံး သူ ရမှတ်တွေကို မကြည့်ဘဲ အောင့်အီးထားခဲ့တာ။ မျက်နှာပြင်ရဲ့ အောက်ခြေက ဂဏန်းတွေကို သူ မကြည့်ဘဲ နေခဲ့တာ... အားလုံးက ဒီလို အခိုက်အတန့်မျိုးမှာ ခံစားချင်လို့ပဲ!
ရွှီရှောင်ရှို့ရဲ့ ရင်ဘတ်ထဲက နှလုံးသားက ဒိန်းဒိန်းတိုး ခုန်လှုပ်နေတယ်။ သူ အနီရောင်စနစ် မျက်နှာပြင်ရဲ့ အောက်ခြေ အကျဆုံးနေရာကို စိုက်ကြည့်လိုက်တယ်။
သူ ဘယ်လောက်တောင် ပျော်ရွှင်သွားလဲဆိုရင် ခေါင်းထဲမှာ "ဝူး" ခနဲ ဖြစ်သွားပြီး စနစ် ကြီး တစ်ချက် မှောင်သွားကာ ပြန်ပွင့်လာတဲ့အထိပဲဗျာ။
သူ့လက်ချောင်းလေးတွေ ကွေးညွတ်သွားပြီး စိတ်ထဲကနေ မသိစိတ်အရ လိုက်ရေတွက်မိနေတယ်— "တစ်၊ နှစ်၊ သုံး..."
"ဂဏန်း... ဂဏန်း ငါးလုံးကြီးများတောင်!"
[အလိုအလျောက်စနစ် ရမှတ်: 17660]