“အတွင်းစည်းကွင်းပြင်က ဟိုဘက်မှာ...”
ရွှီရှောင်ရှို့သည် ထိုလူအား ကျောခိုင်းထားခဲ့ရင်း အတွင်းစည်းကွင်းပြင် ရှိရာဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
တောအုပ်ငယ်လေး၏ လမ်းထောင့်တွင် လမ်းသုံးလမ်း ရှိပေသည်။ လမ်းတစ်လမ်းက သူ၏ ကိုယ်ပိုင်ဝင်းခြံသို့ ဦးတည်နေပြီး နောက်ထပ်လမ်းတစ်လမ်းကမူ အပြင်စည်းကွင်းပြင်ဆီသို့ ဦးတည်ထားခြင်း ဖြစ်၏။ ၎င်းက လေပြေတိမ်တိုက် စင်မြင့် ဆီသို့ တိုက်ရိုက် ရောက်ရှိနိုင်သော လမ်းမကြီး ဖြစ်ပေသည်
တတိယမြောက် လမ်းကမူ ငန်းအိုင်ကြီးဆီသို့ ဦးတည်ထားခြင်း ဖြစ်ပြီး ထိုလမ်းအတိုင်း လျှောက်လှမ်းသွားပါက အတွင်းစည်းကွင်းပြင်သို့ ဝင်ရောက်နိုင်ကာ လမ်းကွေ့တစ်ခုအရောက်တွင် ဝိညာဉ်စာကြည့်တိုက်ဌာနသို့ ရောက်ရှိနိုင်မှာ ဖြစ်ပေသည်
“မင်းက အတွင်းစည်းကွင်းပြင်ကို ဘာသွားလုပ်မလို့လဲ... အဲဒီက စာအုပ်တွေကို သွားပြီးတော့ ခိုးမလို့လား...”
ရွှီရှောင်ရှို့ စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
ဤလူက တစ်ကိုယ်လုံးကို အစွမ်းကုန် ဖုံးအုပ်ထားပြီး မျက်လုံးနှစ်ဖက်ကိုသာ ဖော်ပြထားသဖြင့် ကြည့်ရသည်မှာ တကယ့် သူခိုးတစ်ယောက် သို့မဟုတ် ဓားပြတစ်ယောက်နှင့် တူလွန်းလှပေသည်။
သို့သော် သူသာ တကယ်ပဲ သူခိုးတစ်ယောက် ဖြစ်မည်ဆိုပါက... ဤနေရာ၏ လမ်းကြောင်းများကို သေချာစွာ မသိရှိဘဲ ယခုလိုမျိုး မဆင်မခြင် ရောက်ရှိလာစရာ အကြောင်းမရှိပါချေ
“ဒါက... မင်းသိဖို့ လိုအပ်တဲ့ ဟာမဟုတ်ဘူး...”
မျက်နှာဖုံးစွပ်လူသား တည်ငြိမ်စွာဖြင့် ပြန်လည်၍ ပြောဆိုလိုက်တော့၏။
“ငါက သိချင်ရုံတင်ပါဗျာ...”
“ဒါပေမဲ့... စူးစမ်းလိုစိတ် လွန်ကဲတာက ဘေးဒုက္ခ ဖြစ်စေတတ်တယ်ဥစ္စာ...”
“အိုး... ဒါဆိုရင်လည်း သွားပါတော့ဗျာ...”
ရွှီရှောင်ရှို့ ခပ်ပေါ့ပေါ့ပင် ပြောဆိုလိုက်သည်။
မျက်နှာဖုံးစွပ်လူသား သွားများကို တင်းတင်းကြပ်ကြပ် အံကြိတ်လိုက်မိရင်း မေးမြန်းလိုက်တော့၏
“ဒါဆိုရင်... မင်းက ငါ့ရဲ့ ခန္ဓာကိုယ်ပေါ်ကနေ အခုအချိန်မှာ ဆင်းပေးလို့ရပြီလား...”
“အိုး... တကယ့်ကို အားနာပါတယ်ဗျာ...”
တကယ်တော့ ရွှီရှောင်ရှို့သည် ထိုလူ၏ ခန္ဓာကိုယ်ထက်ကနေ ဖယ်ခွာရန်အတွက် မဝံ့မရဲ ဖြစ်နေခဲ့ခြင်း ဖြစ်သော်လည်း ၎င်းကို ဆက်လက်၍ လော့ခ်ချထားရန်မှာလည်း အဆင်ပြေလှသော ကိစ္စတစ်ခု မဟုတ်ပါချေ။ အနည်းဆုံးတော့ ထိုလူ ခိုးယူမှု ပြုလုပ်နေခဲ့သည့် အချိန်အတွင်း၌ သူပါ ပတ်သက်မိသွားရန်အတွက် အလိုမရှိပါ၊ သို့မဟုတ်ပါက သူသည်လည်း ပူးတွဲကျူးလွန်သူတစ်ဦး ဖြစ်လာနိုင်ခြေ ရှိပေသည်
ထို့ကြောင့် သူသည် မိမိ၏ ဝမ်းဗိုက်ကို အသုံးပြုကာ ထိုလူ၏ ကျောပြင်ကို ပြင်းထန်စွာဖြင့် တစ်ချက် ဆောင့်တွန်းလိုက်သည့် အခါတွင်မူ... ကြီးမားလှသော တန်ပြန်သက်ရောက်မှု စွမ်းအားတစ်ခုက သူတို့နှစ်ဦးစလုံးကို ဆန့်ကျင်ဘက် အရပ်မျက်နှာများဆီသို့ လွင့်စင်သွားစေခဲ့ရပြီး မီတာပေါင်းများစွာ အကွာအဝေးသို့ ချက်ချင်းပင် ရောက်ရှိသွားစေခဲ့တော့၏။
ရွှီရှောင်ရှို့ ဦးခေါင်းကို ညွှတ်ချလိုက်မိရင်း အရှေ့ဘက်သို့ အရှိန်အဟုန်ဖြင့် အချိန်အတော်ကြာအောင် ပြေးထွက်လာခဲ့သော်လည်း... မိမိ၏ အနောက်ဘက်တွင် မည်သည့် လှုပ်ရှားမှုအသံမျှ ထွက်ပေါ်မလာခဲ့သဖြင့် ရင်ထဲတွင် အနည်းငယ်မျှ အံ့အားသင့်သွားခဲ့ရပြန်သည်။
သူ အနောက်ဘက်သို့ လှည့်ကြည့်လိုက်သည့် အခါတွင်မူ... မျက်နှာဖုံးစွပ်လူသားသည် လမ်းမထက်က ရေအိုင်ကြီးတစ်ခုအတွင်းကနေ သစ်ပင်တစ်ပင်ကို အနိုင်နိုင် မှီတွယ်ရင်း အခက်အခဲများစွာဖြင့် ပြန်လည်၍ ထရပ်နေရသည်ကို မြင်တွေ့လိုက်ရတော့၏။
ရွှီရှောင်ရှို့ - “...”
‘မင်းက... တကယ့်ကို အားနည်းလွန်းတာပဲ...’
‘ အားနည်းနေတာကို... ဘယ်လိုသတ္တိမျိုးနဲ့ သူခိုးလာလုပ်ရတာလဲ...’
‘မင်းက တကယ်ပဲ... ဝိညာဉ်နန်းတော်ရဲ့ ပြင်ပကနေ လာခဲ့တာကော ဟုတ်ရဲ့လား...’
‘ငါ့စိတ်ထဲမှာတော့... မင်းက ငါ့ကို လာပြီးတော့ ကစားနေတယ်လို့ပဲ သံသယဝင်မိတယ်...’
မျက်နှာဖုံးစွပ်လူသားကမူ ရွှီရှောင်ရှို့အား မည်သည့် ဂရုစိုက်မှုမျိုးမျှ မပြုလုပ်ပါချေ။ ကြည့်ရသည်မှာ ရွှီရှောင်ရှို့၏ မျက်စိတွင် ထိုလူ၏ တည်ရှိမှုက လမ်းမေးရန်အတွက်သာ ဖြစ်ပေါ်နေခဲ့သည့်အလား ထင်မှတ်ရပေသည်
သို့သော် အတွင်းစည်းကွင်းပြင် ရှိရာဘက်သို့ အနည်းငယ်မျှ လျှောက်လှမ်းသွားပြီးနောက်၌... မျက်နှာဖုံးစွပ်လူသားသည် ရွှီရှောင်ရှို့တစ်ယောက် အဖြူရောင် ကျောက်စိမ်းလက်ရန်းအောက်တွင် ဝပ်စုတ်စုတ်ဖြင့် ပုန်းကွယ်နေခဲ့ရင်း မိမိအား တိတ်တဆိတ် စူးစိုက်ကြည့်ရှုနေဆဲ ဖြစ်ကြောင်း သတိပြုမိလိုက်ရတော့၏။ ၎င်းက အနားတွင် ရှိနေခဲ့သော ခေါင်းလောင်းကြီးကို နားနှစ်ဖက်စလုံး ပိတ်ကာ ခိုးယူရန် ကြိုးစားနေသည့် သူခိုးတစ်ဦးအလား ထင်မှတ်ရပေသည်
“...”
ထိုလူ သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်မိရင်း သက်ပြင်းတစ်ချက် ချလိုက်တော့သည်
“မင်း အစောပိုင်းတုန်းက... တိုက်ခိုက်ခဲ့တာက တကယ့်ကို ကောင်းမွန်လှပါတယ်၊ ဒါပေမဲ့ မင်းရဲ့ ဓားသဏ္ဌာန်ကျင့်စဉ်ကတော့ အနည်းငယ် လွဲချော်နေခဲ့တယ်... မင်း အဲဒီအချက်ကို အမြန်ဆုံး ပြုပြင်ပြောင်းလဲလိုက်တာက ပိုပြီးတော့ ကောင်းလိမ့်မယ်...”
ရွှီရှောင်ရှို့ မျက်ခုံးများ ပင့်တက်သွားခဲ့ရတော့၏၊ အဘယ်ကြောင့်ဆိုသော် ဤလူသည် မိမိအနေဖြင့် ထိုလူသတ်သမားနှစ်ဦးကို သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခုလုံးကို သေချာစွာ မြင်တွေ့ခဲ့ရခြင်း ဖြစ်ကြောင်း သတိပြုမိလိုက်ရသောကြောင့် ဖြစ်ပေသည်။
ထိုလူအား အမှန်တရားကို ဖုံးကွယ်ရန်အတွက် သတ်ဖြတ်ပစ်ရမည်ဆိုသည့် အတွေးအမြင်က သူ၏ စိတ်ထဲတွင် ထပ်မံ၍ ထွက်ပေါ်လာခဲ့သော်လည်း... ပိုမို၍ ကြီးမားလှသော ပြဿနာတစ်ခုမှာ သူသည် ထိုလူအား အောင်နိုင်စွမ်း ရှိမရှိ ဆိုသည့် အချက်ပင် ဖြစ်ပေသည်။
ဤလူက တကယ့်ကို ထူးဆန်းလွန်းလှပေသည် မဟုတ်လား။
“ငါ့ရဲ့ ဓားသဏ္ဌာန်ကျင့်စဉ်က... ငါ့ရဲ့ ပါရမီရှင် သူငယ်ချင်းတစ်ယောက်ရဲ့ အတွေးအခေါ်တစ်ခုပဲဗျာ၊ မင်းက အဲဒီလောက်အထိ အသိဉာဏ် မရှိတာကြောင့် နားမလည်နိုင်တာက သဘာဝကျပါတယ်...”
ရွှီရှောင်ရှို့ ထိုလူအား စမ်းသပ်သည့်အနေဖြင့် လှမ်း၍ ပြောဆိုလိုက်တော့၏။
“မင်း လျှောက်လှမ်းနေတဲ့ လမ်းကြောင်းက... မင်းမတိုင်ခင်ကတည်းက လူသားအမြောက်အမြား လျှောက်လှမ်းခဲ့ကြပြီးသား လမ်းကြောင်းတစ်ခုပဲဥစ္စာ...” မျက်နှာဖုံးစွပ်လူသား ထိုနေရာတွင် ဆက်လက်၍ ရှိမနေခဲ့ဘဲ တိုက်ရိုက်ပင် လှည့်ထွက်သွားခဲ့တော့သည်။
ရွှီရှောင်ရှို့ ထိုလူ၏ ကျောပြင်ကို ကြည့်ရှုလိုက်မိရင်း စိတ်ထဲတွင် တကယ့်ကို တုန်လှုပ်ချောက်ချားမှုများ ဖြစ်ပေါ်သွားခဲ့ရတော့၏။
‘သူက... ငါ့ကို လာပြီးတော့ လှည့်စားဖို့ ကြိုးစားနေတာလား...’
သူ စိတ်ထဲကနေ တွေးတောလိုက်မိသည်။
‘ဒါမှမဟုတ်... အခြားသော စွမ်းအားရှင် တစ်စုံတစ်ယောက်ကလည်း သူ လက်ရှိအချိန်မှာ လျှောက်လှမ်းနေခဲ့တဲ့ စင်ကြယ်လှသော ဓားအသိစိတ်ဓာတ် တိုက်ခိုက်ရေး ကျင့်စဉ်လမ်းကြောင်းကို လျှောက်လှမ်းခဲ့ဖူးကြတာလား...’
‘မဖြစ်နိုင်တာ...’
‘ငါက ဒီအတိုင်းပဲ "ဓားဆွဲထုတ်ခြင်း အတတ်ပညာ" ကိုပဲ အသုံးပြုခဲ့တာလေ၊ အဲဒါကို ဤလူက ဘယ်လိုမျိုးလုပ်ပြီးတော့ ငါ့ရဲ့ ကျင့်စဉ်လမ်းကြောင်းကို သိရှိသွားရတာလဲ...’
‘သူ့ရဲ့ ဓားအသိစိတ်ဓာတ်က... ဒီလောက်အထိ အားနည်းနေတာကို၊ သူက ဘယ်လိုသတ္တိမျိုးနဲ့ အခြားသော လူသားတွေကို လာပြီးတော့ ဝေဖန်ရဲရတာလဲ...’
‘ဒါက တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ...’
“ငါ့ရဲ့ ဓားသဏ္ဌာန်ကျင့်စဉ်က... ပါရမီရှင်တစ်ယောက်ရဲ့ အတွေးအခေါ်ပါဆိုဗျာ...” ရွှီရှောင်ရှို့ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့၏
မျက်နှာဖုံးစွပ်လူသားကမူ မည်သည့် တုံ့ပြန်မှုမျိုးမျှ ပြုလုပ်ခြင်း မရှိပါချေ
“လှောင်ပြောင်သရော်ခြင်းကို ခံရခြင်း၊ အလိုအလျောက်ရမှတ် +၁”
ရွှီရှောင်ရှို့ သူ၏ လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်မိရင်း ထပ်မံ၍ အော်ဟစ်လိုက်ပြန်သည် “ဓားအသိစိတ်ဓာတ်ရဲ့ လက်ညှိုးကျင့်စဉ် ၁၀ ဆင့် ....”
သူသည် ထိုမျက်နှာဖုံးစွပ်လူသားအနေဖြင့် သူ၏ ခန္ဓာကိုယ်ကို လှည့်ကြည့်လာလိမ့်မည် သို့မဟုတ် ခြေလှမ်းများကို ရပ်တန့်လိုက်လိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း... ထိုလူကမူ မည်သည့်အရာကိုမျှ လုပ်ဆောင်ခြင်း မရှိပါချေ။
ရွှီရှောင်ရှို့သည် ထိုလူ လမ်းမကြီး၏ အဆုံးတွင် ပျောက်ကွယ်သွားသည်ကိုသာ စူးစိုက်စွာဖြင့် ကြည့်ရှုလိုက်မိတော့၏။
‘ငါ့ရဲ့ ခန့်မှန်းချက်က... မှားယွင်းသွားတာလား...’
သူ ဇဝေဇဝါ ဖြစ်ပေါ်သွားခဲ့ရသော်လည်း သေချာစွာ မသိရှိပါချေ။
အစောပိုင်းတုန်းက ထိုလူ သူ့အား ဒဏ်ရာရရှိစေရန်အတွက် အသုံးပြုခဲ့သော ဓားသဏ္ဌာန်ကျင့်စဉ်ကမူ ဓားအသိစိတ်ဓာတ် လွှမ်းခြုံနေခဲ့သော လက်ညှိုးကျင့်စဉ်နှင့် တကယ့်ကို ဆင်တူလွန်းလှပေသည်။
သို့သော် ၎င်းက တကယ့်ကို မဖြစ်နိုင်လှသော ကိစ္စတစ်ခု ဖြစ်ပေသည်၊ အဘယ်ကြောင့်ဆိုသော် သူသည် ကောင်းကင်မြင်းပျံ ကျင့်စဉ် ကို ဝိညာဉ်စာကြည့်တိုက်ဌာနအတွင်း၌ လွန်ခဲ့သော အချိန်အနည်းငယ်ကတင် မြင်တွေ့ခဲ့ရခြင်း ဖြစ်သဖြင့်... အခြားသော လူသားတစ်ဦးအနေဖြင့် ၎င်းကို ယခုလောက်အထိ လျင်မြန်စွာ မည်သို့ အသုံးပြုနိုင်စွမ်း ရှိမှာမို့လို့လဲ
“ငါ့ရဲ့ စိတ်အာရုံကပဲ... ငါ့ကို လာပြီးတော့ လှည့်စားနေတာ ဖြစ်ရမယ်...”
ရွှီရှောင်ရှို့ သူ၏ ဦးခေါင်းကို ခါယမ်းလိုက်မိရင်း ထိုကဲ့သို့သော အဓိပ္ပာယ်မရှိလှသည့် အတွေးအခေါ်များကို ဖျောက်ဖျက်ပစ်လိုက်ကာ ဤနေရာကနေ ထွက်ခွာရန်အတွက် ဆုံးဖြတ်လိုက်တော့၏။
ထိုလူက ဘာကို ခိုးယူရန် ကြံစည်နေခဲ့သည်ဖြစ်စေ သို့မဟုတ် မည်သို့မျိုး လုပ်ဆောင်မည်ဖြစ်စေ... သူကိုယ်တိုင် လူသတ်ခဲ့သည့် အမှန်တရားကို အပြင်သို့ ထုတ်ဖော်ပြောဆိုခြင်း မရှိသရွေ့ ထိုအရာအားလုံးက သူနှင့် မည်သည့် သက်ဆိုင်မှုမျိုးမျှ ရှိမှာ မဟုတ်ကြောင်း ရွှီရှောင်ရှို့ မိမိကိုယ်မိမိ ပြန်လည်၍ သတိပေးလိုက်သည်
ထိုလူ၏ စရိုက်လက္ခဏာကို ကြည့်ခြင်းအားဖြင့်မူ... သူသည် ယနေ့ည ဖြစ်စဉ်တစ်ခုလုံးကို အခြားသော စွမ်းအားရှင်များအား သွားရောက်၍ ပြောဆိုနေမှာ မဟုတ်ပါချေ။
တစ်ဖက်တွင်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ယခုလိုမျိုး မိုးသည်းထန်စွာ ရွာသွန်းနေသော ညဉ့်ဦးယံအချိန်ကြီး၌... ဝိညာဉ်နန်းတော်အတွင်းသို့ တိတ်တဆိတ် ကျူးကျော်ဝင်ရောက်လာခဲ့သော သူခိုးတစ်ဦး၏ စကားလုံးများကို ယုံကြည်ကြမှာ မဟုတ်ပါချေ။ သူက လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သွားရောက်၍ ပြောဆိုခဲ့လျှင်တောင်မှပေါ့လေ
ရွှီရှောင်ရှို့သည် ထိုလူက တကယ့်ကို ထူးဆန်းလွန်းလှပြီး ကြီးမားလှသော ဘေးဒုက္ခအချို့နှင့် ပတ်သက်မိသွားနိုင်ခြေ ရှိကြောင်း တွေးတောလိုက်မိသဖြင့်... မိမိအနေဖြင့် ထိုကိစ္စရပ်များအတွင်း၌ ပါဝင်ပတ်သက်ရန်အတွက် မည်သည့် ရည်ရွယ်ချက်မျိုးမျှ ရှိမနေခဲ့ပါချေ။
“ငါ အိပ်ဆောင်ထဲကို ပြန်ပြီးတော့ပဲ အိပ်စက်လိုက်တာက ပိုပြီးတော့ ကောင်းပါတယ်...”
“သူ ငါ့ရှေ့ကို ထပ်ပြီးတော့ ထွက်မလာပါစေနဲ့လို့ပဲ... ဆုတောင်းရမယ်...”
“တောက်... ပါးစပ်ပိတ်စမ်း...”
ရွှီရှောင်ရှို့ မိမိ၏ ပါးကို မိမိ ပြန်လည်၍ တစ်ချက် ရိုက်လိုက်မိရင်း အနောက်ဘက်သို့ လှည့်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သော်လည်း... သူ၏ ခြေလှမ်းများကို ချက်ချင်းပင် ရပ်တန့်လိုက်ရပြန်တော့၏။
သူသည် ထိုမျက်နှာဖုံးစွပ်လူသား လမ်းမကြီး၏ အဆုံးကနေ အနောက်ဘက်သို့ ပြန်လည်၍ ထွက်ပြေးလာသည်ကို မြင်တွေ့လိုက်ရခြင်း ဖြစ်ပြီး... ပြေးလွှားနေခဲ့သော ထိုလူ၏ မျက်နှာပြင်ထက်တွင် တကယ့်ကို စိုးရိမ်ပူပန်မှုများစွာဖြင့် ပြည့်နှက်နေခဲ့ရသည်။
ရွှီရှောင်ရှို့ မည်သည့် ဒုတိယ အတွေးအမြင်မျိုးမျှ မရှိဘဲ ချက်ချင်းပင် လှည့်ပြန်လိုက်မိရင်း... မိမိ၏ ခြေထောက်များ တတ်နိုင်သမျှ အရှိန်အဟုန်ဖြင့် အဝေးသို့ ထွက်ပြေးလိုက်တော့၏။
အဘယ်ကြောင့်ဆိုသော် ထိုလူ၏ အနောက်ဘက်တွင်... ဝိညာဉ်ဥပဒေဌာန ဆီက ဥပဒေစိုးမိုးရေး အစောင့်အရှောက် အဖွဲ့အစည်းတစ်ခုက တင်းကြပ်စွာဖြင့် လိုက်လံဖမ်းဆီးနေသည်ကို သူ မြင်တွေ့လိုက်ရသောကြောင့် ဖြစ်ပေသည်
‘တကယ့်ကို... တိုက်ဆိုင်လွန်းလှတာပဲ...’
ဥပဒေစိုးမိုးရေး အစောင့်အရှောက်များအနေဖြင့် ဤမျက်နှာဖုံးစွပ်လူသားအား ယခုလောက်အထိ လျင်မြန်စွာ ရှာဖွေတွေ့ရှိနိုင်စရာ အကြောင်းမရှိပါချေ။ တစ်ခုတည်းသော ကျိုးကြောင်းဆင်ခြင်နိုင်မှုမှာ... သူ အစောပိုင်းတုန်းက ဆင်နွှဲခဲ့သော တိုက်ပွဲအသံမှာ တကယ့်ကို ကျယ်လောင်လွန်းလှသဖြင့် သူတို့အား ယခုနေရာသို့ ဆွဲဆောင်မိသွားခြင်း ဖြစ်ရမည် ဖြစ်ပေသည်
သူ့အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုက ကနဦးတုန်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သော်လည်း... သူသည် လူသားနှစ်ဦးကို အမှန်တကယ်ပင် သတ်ဖြတ်ခဲ့ပြီး ဖြစ်သဖြင့် ရွှီရှောင်ရှို့ ရင်ထဲတွင် တကယ့်ကို ထိတ်လန့်တုန်လှုပ်မိနေခဲ့ရပြီ ဖြစ်သည်။
“ဟိုင်း...”
လူရိပ်တစ်ခု ချက်ချင်းပင် ဖြတ်သန်းသွားခဲ့ရပြီး ရွှီရှောင်ရှို့၏ ရှေ့တွင် လာရောက်၍ ပိတ်ဆို့လိုက်တော့၏။
၎င်းက... ထိုမျက်နှာဖုံးစွပ်လူသား ဖြစ်ပေသည်ဥစ္စာ
သူက ဘယ်လိုမျိုးလုပ်ပြီးတော့ ယခုလောက်အထိ လျင်မြန်စွာ လှုပ်ရှားနိုင်ရတာလဲ။ ဖြစ်နိုင်တာက သူက မိမိအား တကယ်ပဲ လာရောက်၍ ကစားနေခဲ့ခြင်း ဖြစ်ရမည်။
ရွှီရှောင်ရှို့ သူ၏ အရှိန်ကို ချက်ချင်းပင် ရပ်တန့်ရန်အတွက် မတတ်နိုင်တော့ဘဲ ထိုမျက်နှာဖုံးစွပ်လူသား၏ ခန္ဓာကိုယ်ထံသို့ တိုက်ရိုက်ပင် ဝင်တိုက်မိလိုက်ရတော့၏၊ သို့သော် ထိုလူမှာမူ အဝေးသို့ လွင့်စင်သွားခဲ့ခြင်း မရှိပါချေ။ ထို့ပြင် ထိုလူသည် ရရှိလာခဲ့သော အခွင့်အရေးကို အသုံးချကာ ရွှီရှောင်ရှို့၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် ပွေ့ချီလိုက်မိရင်း သူ၏ ခါးကို အတင်းအကျပ် ဆုပ်ကိုင်လိုက်တော့သည်
“ငါ မင်းကို... သတ်မှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ငါ့အတွက် ပြဇာတ်တစ်ခု ကပြပေးဖို့ လိုအပ်တယ်... ငါ ဤဝိညာဉ်နန်းတော်ကနေ ထွက်ခွာသွားပြီးတဲ့ အခါကျရင် မင်းကို ပြန်ပြီးတော့ လွှတ်ပေးပါ့မယ်...” ကတ္တီပါ စက္ကူတစ်ရွက်ကို တိုက်စားနေခဲ့သည့်အလား ခံစားရစေသည့် ထိုကြမ်းတမ်းလှသော အသံကြီးက ထပ်မံ၍ ထွက်ပေါ်လာခဲ့ပြန်သည်။
‘ငါက မင်းရဲ့ စကားကို ယုံကြည်မယ်ဆိုရင်တော့... တကယ့် လူအူကြောင်ကြောင် အရူးတစ်ယောက် ဖြစ်သွားမှာပေါ့...’
သူသည် ထိုလူ၏ လက်တွင်းကနေ လွတ်မြောက်ရန်အတွက် အစွမ်းကုန် ရုန်းကန်လှုပ်ရှားလိုက်သော်လည်း... ထိုလူကမူ သူ ထင်မှတ်မထားခဲ့သည့် အချိန်၌ သူ၏ ခါးဆီသို့ လက်ညှိုးတစ်ချက်ဖြင့် ထိုးစိုက်လိုက်တော့သည်။ ပြင်းထန်လှသော ဓားစွမ်းအင်တစ်ခုက သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းသို့ ချက်ချင်းပင် ကျူးကျော်ဝင်ရောက်လာခဲ့ရပြီး... သူ၏ ခန္ဓာကိုယ်အတွင်းရှိ အတွင်းစွမ်းအင်များ အားလုံးကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ချေမှုန်းပစ်လိုက်တော့၏
‘ဟမ်...’ သူ စိတ်ထဲကနေ တွေးတောလိုက်မိသည်
‘သူက... ယခုလောက်အထိ ပြင်းထန်လှတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတာဆိုတော့... တကယ့်ကို ထူးချွန်လှတဲ့ ဆရားသခင် တစ်ယောက် ဖြစ်ရမယ်...’
မျက်နှာဖုံးစွပ်လူသားသည် တစ်စုံတစ်ခုသော အရာများကို သတိပြုမိသွားခဲ့ဟန်တူပြီး... သူ၏ ဓားစွမ်းအင်များကို ပိုမို၍ ပြန့်ကျဲသွားအောင် ပြုလုပ်လိုက်ကာ ရွှီရှောင်ရှို့၏ ခန္ဓာကိုယ်ထက်သို့ အဆက်မပြတ် သွေးစုပ်ဓားမြှောင်ငယ်လေးများစွာအလား ကျူးကျော်ဝင်ရောက်သွားစေခဲ့တော့သည်။ ရလဒ်အနေဖြင့် ရွှီရှောင်ရှို့၏ ခန္ဓာကိုယ်ထက်က "ထာဝရရှင်သန်ခြင်း" စွမ်းရည်၏ ပြန်လည်ကုသနိုင်စွမ်းများပင် အစွမ်းကုန် ဖိနှိပ်ခြင်းကို ခံလိုက်ရတော့၏
“တိုက်ခိုက်ခံရခြင်း၊ အလိုအလျောက်ရမှတ် +၁။”
“တိုက်ခိုက်ခံရခြင်း၊ အလိုအလျောက်ရမှတ် +၁။”
“...”
သူ၏ စိတ်ထဲက အချက်အလက် ဘားတန်းကြီးကမူ ချက်ချင်းပင် အသက်ပြန်ဝင်လာခဲ့ရပြီး ၎င်း၏ အလုပ်များကို ဆက်တိုက်ဆိုသလို ပြုလုပ်ပေးနေခဲ့ပြီ ဖြစ်သည်
ဖူး...
ရွှီရှောင်ရှို့ လတ်ဆတ်လှသော သွေးတစ်လုတ်ကို ချက်ချင်းပင် အန်ထုတ်ပစ်လိုက်ရပြီး သူ၏ ခန္ဓာကိုယ်ထက်က ထိန်းချုပ်နိုင်စွမ်းများအားလုံး လုံးဝ ဆုံးရှုံးသွားခဲ့ရတော့၏။
သူ၏ မျက်နှာပြင်တစ်ခုလုံး ချက်ချင်းပင် မှောင်မိုက်သွားခဲ့ရတော့သည်၊ သူသည် နဂါးတွင်းကနေ အနိုင်နိုင် လွတ်မြောက်လာခဲ့ပြီးတဲ့ အခါကျမှ ကျားဂူထဲသို့ ထပ်မံ၍ ရောက်ရှိသွားခဲ့ရခြင်း ဖြစ်ပေသည် မဟုတ်လား။
ဤလူက တကယ်ပဲ မိမိအား လာရောက်၍ ကစားနေခဲ့ခြင်း ဖြစ်ပေသည်။ ထိုလူ ထုတ်ဖော်ပြသလိုက်သော ဓားအသိစိတ်ဓာတ်၏ ထိန်းချုပ်နိုင်စွမ်းက တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းလှပြီး မိမိပိုင်ဆိုင်ထားသော စွမ်းအားထက် အဆပေါင်းများစွာ ပိုမို၍ ကြီးမားလှပေသည်
ရွှီရှောင်ရှို့ တကယ့်ကို ငိုချင်စိတ်ပင် ဖြစ်ပေါ်သွားခဲ့ရတော့၏။ သူက ဘာဖြစ်လို့ ဘိုးဘိုးအဆင့်ရှိတဲ့ စွမ်းအားရှင်တွေနဲ့ပဲ အမြဲတမ်း လာပြီးတော့ ဆုံတွေ့နေရတာလဲဥစ္စာ။
အကြီးအကဲစန်းကတော့ ကိစ္စမရှိပါချေ၊ အဘယ်ကြောင့်ဆိုသော် သူက အနည်းဆုံးတော့ မိမိ၏ သူငယ်ချင်းတစ်ဦး ဖြစ်နေခဲ့သောကြောင့် ဖြစ်ပေသည်။ သူ့အနေဖြင့် အကြီးအကဲစန်း၏ အမြဲတမ်း နှိပ်စက်ညှဉ်းပန်းခြင်းကို ခံခဲ့ရသည့်တိုင်အောင်... သူတို့၏ ဆုံတွေ့မှုတိုင်းက သူ့အတွက် ကြီးမားလှသော အကျိုးကျေးဇူးများကို အမြဲတမ်း ယူဆောင်လာပေးခဲ့သည် မဟုတ်လား
သို့သော် ယခုနေရာတွင် ဘယ်ကနေ ဘယ်လို ထွက်ပေါ်လာခဲ့မှန်းမသိရသော ဤမျက်နှာဖုံးစွပ်လူသား၏ ဓားအသိစိတ်ဓာတ် ကျင့်ကြံခြင်းကို ကြည့်ခြင်းအားဖြင့်... သူသည် အခြားသော ထိပ်သီး ဆရာသခင် များကဲ့သို့ တကယ့်ကို စွမ်းအားကြီးမားလှသော စွမ်းအားရှင်တစ်ဦး ဖြစ်ရမည် ဖြစ်ပေသည်။
“ငါ့ကို... ပြန်ပြီးတော့ လွှတ်ပေးစမ်းပါဗျာ...”
“မလွှတ်ဘူး...”
ရွှီရှောင်ရှို့ တကယ့်ကို ထိတ်လန့်တုန်လှုပ်သွားခဲ့ရတော့၏။ ဤအခြေအနေက တကယ့်ကို ရင်းနှီးလွန်းလှပေသည်။ ဒါက ကံတရားဆိုတာ အလှည့်အပြောင်း ရှိတတ်တယ်ဆိုသည့် အချက်ကို ဆိုလိုခြင်း ဖြစ်မလား။
“တကယ်လို့ မင်းက ငါ့ကို ပြန်ပြီးတော့ လွှတ်ပေးမယ်ဆိုရင်... ငါ မင်းကို ဤဝိညာဉ်နန်းတော်ကနေ ထွက်ပြေးလွတ်မြောက်နိုင်အောင် သေချာပေါက် ကူညီပေးပါ့မယ်...” ရွှီရှောင်ရှို့ တကယ့်ကို စစ်မှန်လှသော ကတိကဝတ်တစ်ခုကို ပေးအပ်လိုက်တော့၏
“တကယ်ပဲလား...”
“ဟုတ်ပါတယ်...”
“ငါ မင်းကို မယုံဘူး...”
ရွှီရှောင်ရှို့ - “...”
ဒါက တကယ့်ကို စိတ်ပျက်စရာ ကောင်းလွန်းလှပေသည် မဟုတ်လား။
သို့သော် သူ့အနေဖြင့် ဤအခြေအနေအတွက် မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်စွမ်း ရှိမနေခဲ့ပါချေ
ရွှီရှောင်ရှို့ သူ၏ အသက်ရှူခြင်းကို ခေတ္တမျှ ထိန်းချုပ်လိုက်မိရင်း... တကယ်တော့ သူ၏ ခန္ဓာကိုယ်ထက်က နာကျင်မှုများကမူ သူ အမြဲတမ်း ခံစားနေကျ ဖြစ်သဖြင့် တောင့်ခံနိုင်စွမ်း ရှိသော်လည်း... သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကိုမူ ဤမျက်နှာဖုံးစွပ်လူသားက အစွမ်းကုန် ချုပ်ကိုင်ထားခဲ့ပြီ ဖြစ်သဖြင့် မည်သို့မျှ လှုပ်ရှားနိုင်စွမ်း မရှိ ဖြစ်နေခဲ့ရခြင်း ဖြစ်ပေသည်။ သူ လုပ်ဆောင်နိုင်စွမ်းရှိသမျှသော တစ်ခုတည်းသော အရာမှာ မိမိ၏ ပါးစပ်ကို လှုပ်ရှားခြင်းသာ ဖြစ်၏။
ထို့ကြောင့် ရွှီရှောင်ရှို့ ထိုလူအား ဆက်လက်၍ လှည့်စားရန်အတွက် ကြိုးစားလိုက်တော့သည် “ငါ မင်းကို ပြောပြမယ်... မင်း ငါ့ကို အခုချက်ချင်း အောက်ကို ပြန်ပြီးတော့ ချပေးလိုက်တာက ပိုပြီးတော့ ကောင်းလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ ငါက စွမ်းအားရှင် အမြောက်အမြားနဲ့ ရင်းနှီးလို့ပဲဥစ္စာ... မင်း ဝိညာဉ်ရေးရာဌာနရဲ့ အကြီးအကဲဖြစ်တဲ့ ချောင်ချန်ကျီ ကို သိလား...”
“မင်း သူ့ကို မသိဘူးလား... ကိစ္စမရှိပါဘူး၊ ဒါဆိုရင် ဝိညာဉ်ဥပဒေဌာနရဲ့ မဟာအကြီးအကဲ ဖြစ်တဲ့ ရှောင်ချီရှို့ ကိုကော မင်း သိလားဥစ္စာ...”
“မင်း သူ့အကြောင်းကိုလည်း မကြားဖူးဘူးလား... ဒါဆိုရင်တော့ အကြီးအကဲစန်း ကိုကော...”
ရွှီရှောင်ရှို့ ရုတ်တရက်ဆိုသလို မိမိ၏ စိတ်အာရုံကို ပြန်လည်၍ တည်ငြိမ်အောင် ပြုလုပ်လိုက်မိရင်း... မိမိအနေဖြင့် လက်ရှိအချိန်တွင် လူဆိုးများ အဖမ်းခံရပြီးနောက်၌ ပြောဆိုတတ်ကြသော တူညီလှသော ခြိမ်းခြောက်မှု စကားလုံးများကို အသုံးပြုနေမိခြင်း ဖြစ်ကြောင်း သတိပြုမိလိုက်ရတော့၏။ သူ လုပ်ဆောင်နေခဲ့သော အရာမှာ မိမိကိုယ်မိမိ သေကြောင်းကြံစည်နေခြင်းနှင့် မည်သို့မျှ ကွဲပြားခြားနားမှု ရှိမနေခဲ့ပါချေ
သို့သော် သူ ထင်မှတ်မထားခဲ့သည့် အချက်မှာမူ... မျက်နှာဖုံးစွပ်လူသားသည် အကြီးအကဲစန်း၏ အမည်နာမကို ကြားလိုက်ရသည့် အခါတွင်မူ... သူ၏ ခြေလှမ်းများကို ချက်ချင်းပင် ရပ်တန့်လိုက်ခြင်း ဖြစ်ပေသည် “သူ... ပြန်လာခဲ့ပြီလားဥစ္စာ...”
“ဘယ်သူလဲ...”
ရွှီရှောင်ရှို့ စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်းပင် ပြန်လည်၍ မေးမြန်းလိုက်တော့၏။
“အကြီးအကဲစန်း လေ...”
“ငါ သူ့ကို မသိဘူး...”
ရွှီရှောင်ရှို့ တကယ့်ကို တည်ငြိမ်လှသော လေသံဖြင့် ပြန်လည်၍ ဖြေကြားလိုက်တော့၏
မျက်နှာဖုံးစွပ်လူသား - “...”
“ကျိန်ဆဲခံရခြင်း၊ အလိုအလျောက်ရမှတ် +၁။”