မိုးက တဖွဲဖွဲ ရွာသွန်းနေဆဲ ဖြစ်ပြီး မကြာခင် အချိန်အတွင်း စဲမည့်ပုံလည်း မပေါ်ပါချေ။
ရွှီရှောင်ရှို့၏ ရှေ့တွင်မူ တစ်ကိုယ်လုံး အနက်ရောင် ဝတ်စုံဖြင့် တင်းကြပ်စွာ ဖုံးအုပ်ထားသော မျက်နှာဖုံးစွပ် လူတစ်ဦး ရပ်နေခဲ့သည်။ သူ၏ လက်ချောင်းများကိုပင် ထူထဲလှသော လက်အိတ်တစ်စုံဖြင့် ဖုံးကွယ်ထားခဲ့ပြီး...
အပြင်သို့ ပေါ်ထွက်နေခဲ့သည့် တစ်ခုတည်းသော မျက်လုံးအစုံမှာမူ တကယ့်ကို မှုန်ဝါးအုံ့မှိုင်းနေခဲ့ပြီး ၎င်းအတွင်း၌ ညဉ့်ဦးယံ၏ အရိပ်အယောင်များသာ ကိန်းအောင်းနေသည့်အလား ထင်မှတ်ရပေသည်။
တကယ်လို့ သူသာ နောက်နောင်တွင် ယခုမျက်လုံးအစုံကို လူအုပ်ကြီးကြားထဲ၌ ထပ်မံ၍ မြင်တွေ့ရဦးမည်ဆိုပါက... သူ သေချာပေါက် မှတ်မိနိုင်စွမ်း ရှိမှာ မဟုတ်ပါချေ။
ဘာဖြစ်လို့လဲဆိုတော့ ၎င်းတို့က တကယ့် သာမန်လူတစ်ယောက်ရဲ့ မျက်လုံးတွေ ဖြစ်နေလို့ပါပဲ
သို့သော် ဤလူက တကယ်ပဲ သာမန်လူတစ်ယောက် ဖြစ်နိုင်ပါ့မလား။
ရွှီရှောင်ရှို့သည် သူတို့နှစ်ဦးကြားထဲတွင် ပိတ်မိနေခဲ့သော "ဝေဒနာပုန်းကွယ်ခြင်း" ဓားမြတ်ကြီးကို စူးစိုက်စွာဖြင့် ကြည့်ရှုလိုက်မိသည်။ ထိုဓားကြီးမှာ လွန်ခဲ့သော စက္ကန့်ပိုင်းအတွင်းကတင် ထိုလူထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့ခြင်း ဖြစ်သော်လည်း... ထိုလူကမူ ၎င်းကို ချက်ချင်းပင် တုံ့ပြန်နိုင်စွမ်း ရှိခဲ့ပေသည်။
ထိုဓားချက်မှာ မျက်နှာဖုံးစွပ်လူသား၏ နှလုံးသားတည့်တည့်ဆီသို့ တကယ့်ကို နီးကပ်စွာ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သော်လည်း... သူကမူ လက်ညှိုးနှင့် လက်ခလယ် နှစ်ချောင်းတည်းဖြင့်သာ ထိုဓားချက်ကို တိုက်ရိုက်ပင် ညှပ်ကာ တားဆီးပစ်လိုက်ခြင်း ဖြစ်ပေသည်။
ရွှီရှောင်ရှို့ တကယ့်ကို ဇဝေဇဝါ ဖြစ်သွားခဲ့ရတော့၏။
ဤဓားက ဝိညာဉ်ကျောက်တုံးပေါင်းများစွာ အကုန်အကျခံကာ ဝယ်ယူထားခဲ့ရသော အဆင့်ကိုး ဝိညာဉ်ဓားတစ်စင်း ဖြစ်ရုံမျှမက... ၎င်းထံသို့ ပျံသန်းသွားခဲ့သည့် အချိန်တွင်လည်း တကယ့်ကို ပြင်းထန်လှသော မွေးရာပါ ဓားအသိစိတ်ဓာတ်များပါ လွှမ်းခြုံနေခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် ဤလူကမူ ၎င်းကို တကယ့်ကို လွယ်ကူစွာဖြင့် တားဆီးနိုင်ခဲ့ပေသည်။
၎င်းအပြင် သူ၏ နောက်ထပ် လှုပ်ရှားမှုကို ကြည့်ရသလောက်ဆိုလျှင်မူ... တကယ်လို့ သူသာ သူ၏ လက်ချောင်းများကို အနည်းငယ် ညှစ်လိုက်မည်ဆိုပါက ထိုဓားကြီးမှာ ချက်ချင်းပင် အလယ်ကနေ ကျိုးပြတ်သွားတော့မည့်အလား ထင်မှတ်ရပေ၏။
“ဟေး... မလုပ်နဲ့...”
ရွှီရှောင်ရှို့ ချက်ချင်းပင် ရှေ့သို့ အရှိန်အဟုန်ဖြင့် တိုးကပ်လိုက်မိရင်း ထိုမျက်နှာဖုံးစွပ်လူသား၏ လက်ချောင်းများကို အတင်းအကျပ် လှမ်း၍ ဆုပ်ကိုင်လိုက်တော့သည်
“ဒါကို... ကျိုးသွားအောင် မလုပ်ပါနဲ့ဗျာ...”
သူ၏ မျက်နှာပြင်ထက်တွင် တကယ့်ကို ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့ရ၏
“ဒါက... ငါ့ရဲ့တစ်ခုတည်းသော တန်းဖိုးရှိတဲ့ ဓားကြီးပါ၊ တကယ်လို့ မင်းက ဒါကို ကျိုးသွားအောင် လုပ်လိုက်မယ်ဆိုရင် ငါ ဘယ်သူ့ဆီ သွားပြီးတော့ ငိုရမှာလဲ...”
မျက်နှာဖုံးစွပ်လူသား တကယ့်ကို မှင်တက်သွားခဲ့ရတော့သည်။ ရွှီရှောင်ရှို့၏ တုံ့ပြန်မှုကမူ...
‘သူက... ငါ့ကို တကယ်ပဲ မကြောက်ဘူးလား...’ သူ စိတ်ထဲကနေ တွေးတောလိုက်မိ၏
“ငါ ဒါကို... ကျိုးသွားအောင် လုပ်မှာ မဟုတ်ဘူး၊ မင်းရဲ့ လက်တွေကို ငါ့ပေါ်ကနေ ဖယ်စမ်း...”
“ဟမ်... မင်းရဲ့ ခြေထောက်တွေကိုပါ ဖယ်စမ်းဦး...”
သူ၏ မျက်နှာပြင်တစ်ခုလုံး အဝတ်စအမည်းရောင်အောက်တွင် ဖုံးကွယ်နေခဲ့သဖြင့် အခြားသော လူသားများ မြင်တွေ့နိုင်ခြင်း မရှိခဲ့သော်လည်း... သူ၏ စိတ်အာရုံမှာ တကယ့်ကို တည်ငြိမ် လေးနက်သွားခဲ့ရပြီ ဖြစ်သည်။
သို့သော် ဒီကောင်လေးကမူ...
သူသည် ယခုလိုမျိုး တိုတောင်းလှသော အချိန်အတွင်းမှာတင် မိမိ၏ ခန္ဓာကိုယ်ကို သူ၏ လက်မောင်းများဖြင့် အတင်းအကျပ် လာရောက်၍ ပတ်သိုင်းကာ လော့ခ်ချထားခဲ့ခြင်း ဖြစ်သဖြင့်... ယခုအခါတွင် သူသည် မိမိ၏ လက်နှစ်ဖက်စလုံးကို ဘယ်လိုမှ လှုပ်ရှားနိုင်စွမ်း မရှိ ဖြစ်နေခဲ့ရပြီ ဖြစ်သည်။
ထို့နှင့် တစ်ပြိုင်နက်တည်းမှာပင် သူ၏ ခြေထောက်နှစ်ဖက်စလုံးကလည်း မိမိ၏ ပေါင်ပေါ်သို့ အတင်းအကျပ် ရောက်ရှိလာခဲ့ပြီး... သူ၏ ခန္ဓာကိုယ် အောက်ပိုင်းမှာ တကယ့်ကို မတည်မငြိမ် ဖြစ်ပေါ်လာခဲ့ရပြီး ရန်သူ့ထံတွင် ဟာကွက်များစွာ ဖြစ်ပေါ်လာခဲ့ရတော့၏။
ဒါက တကယ့်ကို... အစွမ်းထက်လှတဲ့ ခန္ဓာကိုယ် ထိန်းချုပ်ခြင်း အတတ်ပညာတစ်ခုပဲ...
လူသား လော့ခ် တစ်ခုလား...
သူ့က... ရေဘဝဲ တစ်ကောင်လား...
“လွှတ်စမ်း...”
“ငါက... ဒီအတိုင်းပဲ လမ်းမေးချင်ရုံတင်ပါဆို...”
ရွှီရှောင်ရှို့သည် မိမိ၏ နားစည်များကို ဖြတ်သန်းသွားခဲ့သော လွှတ်ဆိုသော စကားတစ်ခွန်း ဖြင့် တိုက်ရိုက်ပင် တိုက်စားနေခဲ့သည့်အလား ခံစားရစေသည့် ထိုကြမ်းတမ်းလှသော အသံကြီးကို ကြားလိုက်ရသည့် အခါတွင်မူ... တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများပင် ထောင်ထလာခဲ့ရတော့သည်။ သူ၏ နားစည်များမှာ ငရဲဘုံသို့ ရောက်ရှိနေခဲ့သည့်အလား ပြင်းထန်စွာ ခံစားလိုက်ရ၏
ဒါက လူသားတစ်ယောက်ရဲ့ အသံ တကယ်ပဲ ဟုတ်ရဲ့လား... တကယ့်ကို စက်ဆုပ်ရွံရှာဖို့ ကောင်းလွန်းလှပေသည်။
သို့သော် ထိုအသံကို ကြည့်ခြင်းအားဖြင့်... ဤမျက်နှာဖုံးစွပ်လူသားသည် တကယ့်ကို အသက်အရွယ် ကြီးရင့်နေခဲ့ပြီ ဖြစ်ကြောင်း သိရှိနိုင်ပြီး အနည်းဆုံးတော့ သက်လတ်ပိုင်း ဦးလေးကြီးတစ်ဦးအဆင့်မှာ ရှိနေဦးမှာ ဖြစ်ပေသည်။
ရွှီရှောင်ရှို့ သူ၏ ခန္ဓာကိုယ် လော့ခ်ချထားမှုကို ပိုမို၍ တင်းကြပ်လိုက်မိရင်း
“မဖြစ်နိုင်တာ... ဘယ်လို အရူးမျိုးက... ယခုလိုမျိုး မိုးသောက်ယံ အချိန်ကြီးမှာ လာပြီးတော့ လမ်းမေးနေမှာမို့လို့လဲ...”
“ပြီးတော့ အပြင်မှာလည်း မိုးတွေ သည်းကြီးမဲကြီး ရွာသွန်းနေတာကို... မင်းက တကယ့် စိတ်ဝေဒနာရှင်တစ်ယောက်လား...”
“...”
မျက်နှာဖုံးစွပ်လူသား တကယ့်ကို နက်ရှိုင်းစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိတော့၏
“တကယ်လို့ ငါက မင်းကို သတ်ချင်စိတ် ရှိနေခဲ့မယ်ဆိုရင်... မင်းက အခုအချိန်မှာ အလောင်းတစ်လောင်း ဖြစ်နေခဲ့ပြီဆိုတာကို မစဉ်းစားမိဘူးလား...”
“ဟိုး...”
ရွှီရှောင်ရှို့ တဟားဟား ရယ်မောလိုက်တော့သည်
“ဖြစ်နိုင်တာက... ငါ လက်ရှိအချိန်အထိ အသက်ရှင်နေရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က... မင်းကို ယခုလိုမျိုး အစွမ်းကုန် လော့ခ်ချထားနိုင်လို့ ဖြစ်ရမယ်...”
“...”
မျက်နှာဖုံးစွပ်လူသား တကယ့်ကို ဒေါသထွက်လွန်းလှသဖြင့် ပေါက်ကွဲသွားခဲ့ရပြီ ဖြစ်သည်။ ဤကောင်လေးက ဘာကြီးလဲ... သူက တကယ့်ကို အဆိပ်အတောက် ဖြစ်စေတဲ့ ကောင်ပဲ
“လွှတ်စမ်း...”
“မလွှတ်ဘူး...”
“မင်း တကယ်ပဲ... မလွှတ်ဘူးလား...”
“...”
ရွှီရှောင်ရှို့ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက်... ထိုမျက်နှာဖုံးစွပ်လူသား၏ ခေတ္တမျှ စိတ်အာရုံ လျော့ရဲသွားခဲ့သည့် အချိန်ကို အခွင့်ကောင်းယူကာ... မိမိ၏ ရင်ဘတ်ကို အသုံးပြုလျက် ထိုနက်မှောင်လှသော ဓားကြီးအား ထိုလူ၏ နှလုံးသားဆီသို့ အတင်းအကျပ် တွန်းပို့ပစ်လိုက်တော့၏။
“အင့်...”
မျက်နှာဖုံးစွပ်လူသား၏ မျက်လုံးနှစ်ဖက်စလုံး ထိုနေရာမှာတင် မယုံကြည်နိုင်မှုများနှင့်အတူ အစွမ်းကုန် ပြူးကျယ်သွားခဲ့ရတော့သည်။
သူ၏ မျက်နှာထက်တွင် အနက်ရောင် မျက်နှာဖုံးကို တပ်ဆင်ထားခဲ့သည့်တိုင်အောင်... ရွှီရှောင်ရှို့အနေဖြင့် သွေးညှော်နံ့များကို သေချာစွာ နံရှူမိနေခဲ့ရပြီ ဖြစ်ပေသည်။ သူသည် မိမိကိုယ်မိမိ ဘေးကင်းလုံခြုံလှသော အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ကြောင်း သေချာစေခဲ့ပြီးနောက်မှသာ ဖြည်းညှင်းစွာ မေးမြန်းလိုက်တော့သည်
“ကဲ... ဟုတ်ပါပြီ၊ မင်းက ငါ့ကို ဘာလမ်းမေးချင်လို့လဲ...”
“???”
“ကျိန်ဆဲခံရခြင်း၊ အလိုအလျောက်ရမှတ် +၁။”
“မုန်းတီးခြင်းကို ခံရခြင်း၊ အလိုအလျောက်ရမှတ် +၁။”
“အမှတ်အသား ပြုလုပ်ခံရခြင်း၊ အလိုအလျောက်ရမှတ် +၁။”
အိုးဟို... သူက အမှတ်အသား ပြုလုပ်ခြင်းကို ခံလိုက်ရတာလား။
ဒါက ထိုလူသည် နောင်တစ်ချိန်တွင် သူ့အား သေချာပေါက် ပြန်လည်၍ သတ်ဖြတ်ရန်အတွက် ရည်ရွယ်ထားခြင်းကို ဆိုလိုခြင်း ဖြစ်ပေသည်။
ရွှီရှောင်ရှို့၏ ရင်ထဲတွင် သတ်ဖြတ်လိုစိတ်များ ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ်လာခဲ့ရပြီ ဖြစ်သဖြင့်... ထိုမျက်နှာဖုံးစွပ်လူသားအား အကြွင်းမဲ့ ချေမှုန်းပစ်ရန်အတွက် ဓားကြီးကို ပိုမို၍ တွန်းပို့လိုက်တော့၏။
“ဟင်း...”
ထိုအချိန်မှာတင် သူ၏ လက်ဖဝါးပြင်ထက်တွင် ပြင်းထန်လှသော နာကျင်မှု တစ်ခုကို ခံစားလိုက်ရသဖြင့်... သူသည် မိမိ၏ လက်ချောင်းများကို မရည်ရွယ်ဘဲ ပြန်လည်၍ လွှတ်ပေးလိုက်ရတော့သည်။ မျက်နှာဖုံးစွပ်လူသားသည် သူ၏ လက်ညှိုးတစ်ချက်ကိုသာ အသာအယာ ခါယမ်းလိုက်သော်လည်း... ထိုနက်မှောင်လှသော ဓားကြီးမှာ ချက်ချင်းပင် အဝေးသို့ လွင့်စင်သွားခဲ့ရတော့၏
ဘုန်း...
မျက်နှာဖုံးစွပ်လူသားသည် ရရှိလာခဲ့သော အခွင့်အရေးကို လွှတ်ပေးခြင်း မရှိဘဲ... ရွှီရှောင်ရှို့အား အနောက်ဘက်သို့ လွင့်စင်သွားအောင် ပြုလုပ်ရန်အတွက် သူ၏ ဦးခေါင်းဖြင့် ရွှီရှောင်ရှို့၏ ဦးခေါင်းကို တိုက်ရိုက်ပင် ဆောင့်တိုက်ပစ်လိုက်တော့သည်။
သို့သော် နောက်ထပ် စက္ကန့်ပိုင်းအတွင်းမှာတင် သူသည် မိမိ၏ နဖူးပြင်ကို ပြန်လည်၍ ဆုပ်ကိုင်လိုက်မိရင်း နာကျင်စွာဖြင့် ညည်းတွားလိုက်ရတော့၏။
“ဒါ... ဒါက ဘာကြီးလဲ...”
“မင်းရဲ့ ခန္ဓာကိုယ်က... သံမဏိတွေနဲ့ လုပ်ထားတာလား...”
ရွှီရှောင်ရှို့၏ ခြေထောက်နှစ်ဖက်စလုံးမှာမူ ထိုလူ၏ ပေါင်ပေါ်တွင် ရှိနေဆဲပင် ဖြစ်သဖြင့်... သူသည် ချက်ချင်းပင် အရှိန်အဟုန်ဖြင့် ပြန်လည်၍ ခုန်တက်လိုက်မိရင်း ထိုလူအား ထပ်မံ၍ လော့ခ်ချထားလိုက်ပြန်သည်။ ယခုအခါတွင်မူ ထိုမျက်နှာဖုံးစွပ်လူသားသည် မိမိ၏ ဦးခေါင်းကိုပင် လှုပ်ရှားနိုင်စွမ်း မရှိ ဖြစ်သွားခဲ့ရတော့၏။
ထိုအရာအားလုံးကို လုပ်ဆောင်ပြီးသွားခဲ့ပြီးနောက်၌... ရွှီရှောင်ရှို့ ရင်ထဲတွင် အနည်းငယ်မျှ ထိတ်လန့်တုန်လှုပ်မိသွားခဲ့ရသည်။
ဤလူက အစောပိုင်းတုန်းက ဘာကို လုပ်ဆောင်လိုက်တာလဲ။ သူက ဘယ်လိုမျိုးလုပ်ပြီးတော့ လက်ညှိုးနှစ်ချောင်းတည်းဖြင့် မိမိ၏ လက်ဖဝါးပြင်ကို ပေါက်ထွက်သွားအောင် ပြုလုပ်နိုင်ခဲ့ရတာလဲ။
တကယ်ကို ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါက... ရွှီရှောင်ရှို့၏ ခန္ဓာကိုယ်ထက်တွင် ကြီးမားလှသော မွေးရာပါ အလိုအလျောက် စွမ်းရည်ရှစ်ခုအထိ ရှိနေခဲ့သည် မဟုတ်လား။
ဤမျက်နှာဖုံးစွပ် ဦးလေးကြီးက တကယ့်ကို ထူးဆန်းလွန်းလှပေသည်
ရွှီရှောင်ရှို့သည် ထိုလူရှိရာဘက်သို့ လှမ်း၍ ကြည့်ရှုလိုက်မိသည့် အခါတွင်မူ... ထိုလူ၏ လက်ချောင်းထိပ်ဖျားထက်တွင် ပျောက်ကွယ်လုနီးပါး ဖြစ်ပေါ်နေခဲ့သော ဓားအသိစိတ်ဓာတ် အကြွင်းအကျန် အချို့ကို ရုတ်တရက် မြင်တွေ့လိုက်ရတော့၏။
ဓားအသိစိတ်ဓာတ် ဟုတ်လား...
တကယ့်ကို အားနည်းလှတဲ့ ဓားအသိစိတ်ဓာတ်တစ်ခုပဲ...
တကယ်လို့ သူ၏ တကယ့်ကို ထက်မြက်လှသော "အာရုံခံစွမ်းရည်" သာ ရှိမနေခဲ့ဘူးဆိုလျှင်မူ... သူ ၎င်းကို လုံးဝ အာရုံခံမိမှာ မဟုတ်ပါချေ။
ဒါဆိုရင်... ယခုနေရာတွင် မေးခွန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပေသည်၊ တကယ်လို့ ဤလူက မိမိ၏ လက်ဖဝါးပြင်ကို ဖောက်ထွက်သွားအောင်အထိ ပြုလုပ်နိုင်စွမ်း ရှိခဲ့မယ်ဆိုရင်... သူက ဘာဖြစ်လို့ မိမိရဲ့ ဦးခေါင်းနဲ့ ဆောင့်တိုက်မိတဲ့ အချိန်မှာကျမှ နာကျင်မှုကို ခံစားနေရတာလဲ
၎င်းက တကယ့်ကို ထူးဆန်းလွန်းလှပေသည်။ ဤလူက တကယ့်ကို ထူးဆန်းလွန်းလှပေ၏
သူသည် ထိုမျက်နှာဖုံးစွပ်လူသား၏ အဝတ်စအမည်းရောင်ကို ဖယ်ရှားပစ်လိုက်ချင်စိတ် ဖြစ်ပေါ်နေခဲ့သော်လည်း... တကယ်လို့ သူသာ ထိုလူ၏ တကယ့် မည်သူမည်ဝါဖြစ်ကြောင်း အမှန်တရားကို သိရှိသွားခဲ့မည်ဆိုပါက... အသတ်ခံရနိုင်ခြေ ရှိကြောင်း တွေးတောလိုက်မိသဖြင့် ချက်ချင်းပင် လက်လျှော့လိုက်ရတော့သည်။
ဤမျက်နှာဖုံးစွပ်လူသား၏ စွမ်းအားက တကယ့်ကို လျှို့ဝှက်ချက်တစ်ခု ဖြစ်ပေသည်။
“တကယ်လို့ မင်းက... ထျန်းစန်းဝိညာဉ်နန်းတော် က လူတစ်ယောက် မဟုတ်ဘူးဆိုရင်၊ မင်းက ဘယ်လိုမျိုးလုပ်ပြီးတော့ ဒီထဲကို ရောက်ရှိလာခဲ့တာလဲ...”
ရွှီရှောင်ရှို့ စမ်းသပ်သည့်အနေဖြင့် မေးမြန်းလိုက်တော့၏
မျက်နှာဖုံးစွပ်လူသား တိတ်ဆိတ်သွားခဲ့ရပြီး ဘာစကားမျှ ပြန်လည်၍ မပြောဆိုပါချေ။ ခေတ္တမျှ ကြာမြင့်သွားခဲ့ပြီးနောက်၌ သူ ချက်ချင်းပင် ချောင်းဆိုးလိုက်ရသဖြင့်... ရွှီရှောင်ရှို့လည်း မိမိအနေဖြင့် ထိုလူ၏ လည်ပင်းကို အတင်းအကျပ် ညှစ်ထားမိနေခဲ့ကြောင်း သတိပြုမိလိုက်ရတော့သည်။
ထို့ကြောင့် သူသည် ထိုလူ၏ လည်ပင်းထက်က မိမိ၏ လက်ဖဝါးကို အနည်းငယ် လျှော့ချပေးလိုက်တော့၏။
“အင့်... ဝူး... ဟွတ်... ဟွတ်...”
မျက်နှာဖုံးစွပ်လူသား တကယ့်ကို သဘာဝကျကျဖြင့် အော်ဟစ်လိုက်တော့သည်
“ငါက... ဒီနန်းတော်က လူပါဆို.....”
“လှည့်စားခံရခြင်း၊ အလိုအလျောက်ရမှတ် +၁။”
“...”
ရွှီရှောင်ရှို့ ထိုနေရာမှာတင် လုံးဝ ဆွံ့အသွားခဲ့ရတော့သည်။ သူသည် တဟားဟား ရယ်မောပစ်လိုက်ချင်စိတ် ဖြစ်ပေါ်နေခဲ့သော်လည်း ဘယ်လိုမှ ရယ်မောနိုင်စွမ်း မရှိ ဖြစ်နေခဲ့ရ၏။
ဤလူက တကယ့်ကို အရှက်မရှိလွန်းလှသော်လည်း... သူ ယခုလိုမျိုး အရှက်မရှိ လိမ်ညာပြောဆိုနေခဲ့သည်ဆိုကတည်းက... သူသည် ဤဝိညာဉ်နန်းတော်၏ ပြင်ပကနေ ကျူးကျော်ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်
ဒါဆိုရင်...
ရွှီရှောင်ရှို့ ရင်ထဲတွင် အနည်းငယ်မျှ ထိတ်လန့်တုန်လှုပ်မိသွားခဲ့ရတော့၏။ ဤဝိညာဉ်နန်းတော်ကြီးကို တကယ့်ကို စွမ်းအားကြီးမားလှသော အစီအစဉ်တစ်ခုဖြင့် ကာကွယ်စောင့်ရှောက်ထားခဲ့ခြင်း ဖြစ်ပေသည်။ သူ အစောပိုင်းတုန်းက သတ်ဖြတ်ခဲ့သော လူနှစ်ဦးစလုံးမှာမူ ဤနန်းတော်အတွင်းက လူသားများ ဖြစ်ကြမှာ သေချာလှပေသည်။
သူတို့၏ စွမ်းအားများနှင့် ဆိုလျှင်မူ... ပြင်ပကနေ ကျူးကျော်ဝင်ရောက်ရန်အတွက် ဘယ်လိုမှ မဖြစ်နိုင်ပါချေ။
သို့သော် ဤမျက်နှာဖုံးစွပ်လူသားကမူ... ပြင်ပကနေ တကယ်ပဲ ကျူးကျော်ဝင်ရောက်လာခဲ့ခြင်း ဖြစ်ရမည် မဟုတ်လား။ ၎င်းက ထိုလူသည် ပါရမီရှင်များထဲက ပါရမီရှင်တစ်ဦး ဖြစ်ကြောင်း ဖော်ပြနေခြင်း ဖြစ်ပေသည်။
ဒါပေမဲ့... သူက ဘာဖြစ်လို့ ယခုလောက်အထိ အားနည်းနေရတာလဲ။
၎င်းက သူ၏ တကယ့် အစွမ်းထက်လှသော စွမ်းအားများနှင့် ဘယ်လိုမှ ကိုက်ညီမှု ရှိမနေခဲ့ပါချေ
“မင်းက ဘယ်သူလဲ...”
သို့သော် ရွှီရှောင်ရှို့သည် ထိုစကားလုံးကို ပြောဆိုနေဆဲ အချိန်မှာတင် ချက်ချင်းပင် ရပ်တန့်လိုက်မိရင်း... တကယ်လို့ သူသာ ထိုလူ၏ အမည်နာမကို သိရှိသွားခဲ့မည်ဆိုပါက ဒုက္ခရောက်နိုင်ကြောင်း တွေးတောလိုက်မိသဖြင့် မေးခွန်းကို ချက်ချင်းပင် ပြောင်းလဲလိုက်တော့သည်
“မင်း... ဘာကို လိုချင်နေတာလဲ...”
“လမ်းမေးချင်လို့ပါဆို...”
မျက်နှာဖုံးစွပ်လူသား ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့၏။
“ကောင်းကင်ဘုံကို သွားမယ့် လမ်းလား...”
“...”
“ကျိန်ဆဲခံရခြင်း၊ အလိုအလျောက်ရမှတ် +၁။”
ဟား... သူ၏ စိတ်ခံစားချက်များက တကယ့်ကို ပေါက်ကွဲလုနီးပါး ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။
ရွှီရှောင်ရှို့ သူ၏ ခန္ဓာကိုယ် လော့ခ်ချထားမှုကို ပိုမို၍ တင်းကြပ်လိုက်မိရင်း “မြန်မြန် ပြောစမ်းပါ...”
“ဟွတ်... ဟွတ်... လွှတ်ဦး...”
မျက်နှာဖုံးစွပ်လူသား တကယ့်ကို ပြင်းထန်စွာဖြင့် ရုန်းကန်လှုပ်ရှားလိုက်မိရင်း... သူ၏ လက်ညှိုးနှစ်ချောင်းထက်ကနေ အားနည်းလှသော ဓားအသိစိတ်ဓာတ်တစ်ခုကို ထပ်မံ၍ ထုတ်ဖော်ရန် ပြင်ဆင်လိုက်တော့၏။ ၎င်းက ရွှီရှောင်ရှို့အား တကယ့်ကို ထိတ်လန့်သွားစေခဲ့သဖြင့် သူ၏ လော့ခ်ချထားမှုကို အနည်းငယ်မျှ လျှော့ချပေးလိုက်ရတော့သည်
“ဟူး...”
မျက်နှာဖုံးစွပ်လူသား အသက်ကို ပြင်းပြင်း ရှူရှိုက်လိုက်မိရင်း မိမိ၏ တိုက်ခိုက်ချင်စိတ်များကို အစွမ်းကုန် ပြန်လည်၍ ထိန်းချုပ်လိုက်တော့သည်၊ သူသည် ရွှီရှောင်ရှို့မှာ တကယ့် သာမန် ပိုးမွှားတစ်ကောင်မျှသာ ဖြစ်သဖြင့်... သူ၏ အပြုအမူကြောင့် အခြားသော စွမ်းအားရှင်များစွာကို ဆွဲဆောင်မိသွားမှာကို တကယ့်ကို စိုးရိမ်မိနေခဲ့ခြင်း ဖြစ်ပေသည်။
သူသည် အချိန်အတော်ကြာအောင် အနားယူလိုက်ပြီးနောက်မှသာ ဖြည်းညှင်းစွာ မေးမြန်းလိုက်တော့သည်
“အတွင်းစည်းကွင်းပြင် က... ဘယ်နေရာမှာ ရှိတာလဲ...”
ရွှီရှောင်ရှို့ - “???”
“ဒီအချက်လေး တင်ပဲလား...”
သူသည် ဤမျှလောက်အထိ အချိန်အကြာကြီး အားထုတ်နေခဲ့ရခြင်းမှာ... အတွင်းစည်းကွင်းပြင်က ဘယ်နေရာမှာ ရှိလဲဆိုသည့် အချက်ကို မေးမြန်းရန်အတွက်တင်ပဲ ဟုတ်လား။
သူက ဘာဖြစ်လို့ ထိုအချက်ကို စောစောစီးစီးကတည်းက လာပြီးတော့ မပြောရတာလဲ။
၎င်းက ထိုမျက်နှာဖုံးစွပ်လူသားအား ထပ်မံ၍ ဒေါသထွက်သွားစေခဲ့သော်လည်း... သူသည် မိမိ၏ ရင်ထဲက ဒေါသများကို အစွမ်းကုန် ထိန်းချုပ်လိုက်မိရင်း ခေါင်းကိုသာ ဖြည်းညှင်းစွာ ညိတ်ပြလိုက်တော့၏
ဒါက... သူ၏ သက်တမ်းတစ်လျှောက်လုံးတွင် ကြုံတွေ့ခဲ့ရသမျှသော အရာအားလုံးထဲ၌ တကယ့်ကို အဓိပ္ပာယ်မရှိဆုံးနှင့် ရယ်မောစရာအကောင်းဆုံး ကိစ္စတစ်ခု ဖြစ်ပေသည်။ သူ လုပ်ဆောင်ချင်ခဲ့သမျှသော တစ်ခုတည်းသော အရာမှာ လမ်းမေးရန်အတွက်သာ ဖြစ်သော်လည်း... နောက်ဆုံးတွင်မူ သူသည် တကယ့်ကို ဒဏ်ရာများစွာ ရရှိခဲ့ရုံမျှမက ရင်ဘတ်တွင်ပါ ဓားဖြင့် အထိုးခံခဲ့ရခြင်း ဖြစ်ပေသည်။
၎င်းထက် ပိုမို၍ ဆိုးရွားလှသည့် အချက်ကမူ... သူသည် လမ်းမေးပြီးသွားခဲ့သည့် အချိန်တွင်လည်း တစ်ဖက်လူ၏ လှောင်ပြောင်သရော်မှုများ ပြည့်နှက်နေခဲ့သော စကားလုံးများကိုသာ ပြန်လည်၍ ကြားသိလိုက်ရခြင်း ဖြစ်ပေ၏...
တကယ့်ကို... စိတ်ပျက်စရာ ကောင်းလွန်းလှပေသည်။