မုန်တိုင်းတစ်ခုက အရှိန်အဟုန်ဖြင့် တိုက်ခတ်လာနေပြီး ကောင်းကင်ယံတွင် တိမ်တိုက်များ ညှို့မှိုင်းလာခဲ့သည်။
ဖုန်းကုန်းသည် ဆုံးဖြတ်ချက် ချပြီးသွားပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် တွန့်ဆုတ်မနေတော့ဘဲ လေနှင့်အတူ ဝဲပျံထွက်ခွာလာခဲ့တော့သည်။
သို့သော်လည်း သူ၏ ရှေ့မှောက်တွင်ရှိသော သစ်ပင်ကြီးမှာ လေတိုက်ခတ်မှုကြောင့် လှုပ်ခါသွားပြီး အရာဝတ္ထုတစ်ခု ပြုတ်ကျလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ
*ဂလွင်... ဂလန်... *
ဖုန်းကုန်းသည် ထိုအရာကို ဂရုမစိုက်ဟန်ဖြင့် လှမ်းကြည့်လိုက်သော်လည်း ၎င်းကို သေချာမြင်လိုက်ရချိန်တွင်မူ သူ ထိတ်လန့်သွားခဲ့ရပြီး ကောင်းကင်ယံမှပင် ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။
“ကျိုးပဲ့နေတဲ့ ဓားတစ်လက်လား” သူ စိတ်ထဲမှ တွေးလိုက်မိသည်။
“မဟုတ်ဘူး... ဒါက...
“ရှောက်ယီရဲ့ ဓားပဲ!”
ဖုန်းကုန်းတစ်ကိုယ်လုံး တုန်ခါသွားခဲ့ရပြီး သူ၏ မျက်မှောင်များ ကျဉ်းမြောင်းသွားခဲ့သည်။ ရှောက်ယီ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း သူ သိရှိထားပြီးဖြစ်သော်လည်း သူ၏ ချန်ရစ်ခဲ့သော ပစ္စည်းအကြွင်းအကျန်ကို မြင်တွေ့ရခြင်းက သူ့ကို ဆူနာမီလှိုင်းတစ်ခု ရိုက်ခတ်ခံလိုက်ရသည့်အလား ကြီးမားလှသော တုန်လှုပ်မှုကို ပေးစွမ်းနေဆဲ ဖြစ်သည်။
“ရွှီရှောင်ရှို့!”
ဖုန်းကုန်းသည် အတွင်းစိတ်ထဲမှ နာကျည်းမှုများနှင့်အတူ သွားများကို တင်းတင်းကြိတ်ကာ ရေရွတ်လိုက်မိသည်။ သူသည် ထိုဓားရှိရာဆီသို့ မလျှောက်လှမ်းဘဲ မနေနိုင်ခဲ့ချေ၊ သို့သော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့သည်။
ရှောက်ယီ၏ ဓားက ဘာဖြစ်လို့ ဒီနေရာကို ပြုတ်ကျနေရတာလဲ။
သူသည် ခြံဝင်းထဲမှ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ငန်းအိုင် ဆီသို့ ရောက်ရှိလာခဲ့သော်လည်း ဤနေရာ၌ပင် ထိုရွှီရှောင်ရှို့၏ ပြင်းထန်လှသော ခုတ်ချက်ကို ခံလိုက်ရခြင်းလား
အကယ်၍ အဲဒီလိုသာဆိုရင်...
ရွှီရှောင်ရှို့... မင်း ဘယ်နေရာမှာလဲ။
ဖုန်းကုန်း စတင် သံသယဝင်လာခဲ့ပြီ ဖြစ်သည်။ အကြောင်းမှာ သူသည် စောစောတုန်းက ရွှီရှောင်ရှို့မှာ တောအုပ်ထဲတွင် ရှိနေလိမ့်မည်ဟု ကောက်ချက်ချခဲ့ခြင်းဖြစ်ပြီး ယခု သူ့ရှေ့မှောက်တွင် မြင်တွေ့နေရသော မြင်ကွင်းက သူ၏ အတွေးများကို ပြင်းထန်စွာ ရိုက်ခတ်နေခဲ့သောကြောင့် ဖြစ်သည်။
*ဝူး... *
သူ ထပ်မံ၍ မတွေးတောနိုင်ခင်မှာတင် မြေပြင်ပေါ်ရှိ ကျိုးပဲ့နေသော ဓားမှာ စတင် တုန်ခါလာခဲ့သည်။ ဖုန်းခုန်း အခြေအနေ မကောင်းကြောင်း သိရှိလိုက်ပြီး ချက်ချင်းပင် အနောက်သို့ ဆုတ်ခွာလိုက်သည်။
သို့သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်!
ကျိုးပဲ့နေသော ဓားမှာ ရုတ်တရက် ပေါက်ကွဲသွားခဲ့ပြီး မမြင်နိုင်သော စွမ်းအင်လှိုင်းတစ်ခုက ခဏချင်းအတွင်း ပျံ့နှံ့သွားခဲ့တော့သည်
“ယီး!”
ဖုန်းကုန်းသည် မျက်စိတစ်မှိတ်အတွင်းမှာတင် ရိုက်ခတ်ခြင်း ခံလိုက်ရသည်။ သူ၏ ဦးနှောက်မှာ ထိတ်လန့်မှုကြောင့် ထုံကျင်သွားခဲ့ရသော်လည်း သူ၏ ခန္ဓာကိုယ်မှာ မမြင်နိုင်သော မီးလျှံများ၏ လောင်ကျွမ်းခြင်းကို ခံနေရသည်ကို သူ မြင်တွေ့လိုက်ရသည်။
၎င်းက အတိုင်းအဆမရှိသော နာကျင်မှုကြီး ဖြစ်သည်!
သူသည် သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ရန်အတွက် သူ၏ ဝိညာဉ်အရင်းအမြစ်ကို အလိုအလျောက် အသုံးပြုလိုက်သော်လည်း သူ၏ ဝိညာဉ်အရင်းအမြစ်မှာလည်း ထပ်မံ၍ လောင်ကျွမ်းခြင်း ခံလိုက်ရသည်
“ဒါက ဘာကြီးလဲ...”
ဖုန်းကုန်း လုံးဝ ဆွံ့အသွားခဲ့ရသည်၊ အကြောင်းမှာ သူသည် ယခုကဲ့သို့ မမြင်နိုင်သော မီးလျှံမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့သောကြောင့် ဖြစ်သည်။ သို့သော်လည်း ၎င်းက အချက်တစ်ခုကို အတည်ပြုရန်အတွက်မူ အဟန့်အတား မဖြစ်ခဲ့ချေ!
ရွှီရှောင်ရှို့က ဤနေရာမှာတင် ရှိနေခြင်း ဖြစ်သည်!
ဒါပေမဲ့ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
သူ့ရှေ့မှောက်ရှိ နေရာတစ်ခုလုံးမှာ ကျယ်ပြောပြီး ပွင့်လင်းနေခဲ့သည်။ ရွှီရှောင်ရှို့က ဘယ်နေရာမှာ ပုန်းအောင်းနေမှာလဲ။
အကယ်၍ သူက အဝေးတစ်နေရာရာမှာ ရှိနေခဲ့မယ်ဆိုရင်... သူက ဤကျိုးပဲ့နေသော ဓားကို အဝေးကနေပြီးတော့ ဘယ်လိုမျိုး ထိန်းချုပ်နိုင်ရတာလဲ
“သူ ဒီမှာ ရှိနေရမယ်!”
ဖုန်းကုန်းသည် ပေါက်ကွဲမှုကြောင့် အဖြူရောင် ကျောက်စိမ်းတံတိုင်းဆီသို့ လွင့်ထွက်သွားခဲ့ရပြီး မြေပြင်ပေါ်သို့ ခြေချမိချိန်တွင် ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့သည်။
“သူ ငါ့ရဲ့ အရှေ့မှာ မရှိဘူးဆိုရင်...”
“ဒါဆိုရင် သူက ငါ့ရဲ့ အနောက်မှာ ရှိနေတာလား။
“ဒါပေမဲ့ ငါက ငန်းအိုင်ကို ဖြတ်ပြီး ပျံသန်းလာခဲ့တာလေ။ ငါ သူ့ကို ဘာလို့ ရှာမတွေ့ခဲ့ရတာလဲ
“ဒါ မဟုတ်သေးပါဘူး!”
သူ ရုတ်တရက် ထပ်မံ၍ တုန်ခါသွားခဲ့ရပြီး မယုံကြည်နိုင်စရာ အမူအရာတစ်ခုနှင့်အတူ အိုင်မျက်နှာပြင်ဆီသို့ လှမ်းကြည့်လိုက်မိသည်။
ရွှီရှောင်ရှို့က...
အိုင်ရဲ့ အောက်ခြေမှာ ရှိနေတာလား???
သူ၏ သံသယမှာ မှန်ကန်ပုံရသည်၊ အကြောင်းမှာ အိုင်မျက်နှာပြင်ပေါ်တွင် ရေပူဖောင်းများ ထွက်ပေါ်လာနေပြီး ရေလှိုင်းများကို ဖြစ်ပေါ်စေသောကြောင့် ဖြစ်သည်။ ထို့နောက် ရေတိုင်လုံးကြီးတစ်ခုထဲမှနေ၍ နက်မှောင်သော အရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ဖုန်းကုန်းတွင် ပြန်လှည့်ရန်အတွက် အချိန်မရှိတော့ချေ၊ အကြောင်းမှာ သူသည် ခုတင်တင်တင်မှသာ ရပ်တန့်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူသည် ခွန်အားများ ပြောင်းလဲအသုံးပြုရခြင်းကြောင့် ခန္ဓာကိုယ်မှာ တောင့်တင်းနေခဲ့ပြီး မတွေးတောနိုင်တော့ဘဲ ထိုအရိပ်ဆီသို့သာ ဓားဖြင့် လှမ်း၍ ခုတ်ပစ်လိုက်တော့သည်။
ဖုန်းကုန်း၏ သွေးစွန်းနေသော လက်က ထိုနက်မှောင်သော အရိပ်ဆီသို့ ရက်စက်စွာ ခုတ်ပိုင်းလိုက်သည်။
*ရွှတ်... *
ပြတ်သားသော အသံတစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး ထိုနက်မှောင်သော အရိပ်မှာ နှစ်ပိုင်း ပြတ်တောက်သွားခဲ့သည်။ ဖုန်းကုန်းသည် ထိုအရာက မည်သည့်အရာဖြစ်ကြောင်း သေသေချာချာ မြင်တွေ့လိုက်ရတော့သည်။
၎င်းက ဦးခေါင်းတစ်ခု ဖြစ်သည်!
ရှောက်ယီ၏ ဦးခေါင်း!
“အား... အား... အား... !”
ဖုန်းကုန်း လုံးဝ ရူးသွပ်သွားခဲ့ရသည်။ သူက...
သူ၏ အဖော်ဖြစ်သူ၏ ဦးခေါင်းကို နှစ်ပိုင်းပြတ်သွားအောင် ခုတ်မိလိုက်တာလား။
“ရွှီ... ရှောင်... ရှို့!”
“ငါ မင်းကို သတ်မယ်!!!”
ဖုန်းကုန်းသည် ဒေါသမီးများ တောက်လောင်လာခဲ့ပြီး သူ၏ တည်ငြိမ်မှုများ လုံးဝ ပျောက်ဆုံးသွားခဲ့ရသည်။ သူသည် သူ၏ နီရဲသော လက်မောင်းများဖြင့် ထပ်မံ၍ ခုတ်ပိုင်းလိုက်ပြီး ထိုဦးခေါင်း ထွက်ပေါ်လာခဲ့သော နေရာဆီသို့ နီရဲသော ဓားအလင်းတန်း နှစ်ခုကို ပစ်လွှတ်လိုက်တော့သည်။
“ငါ... ငါ ဒီမှာ ရှိတယ်” တုန်ရီနေသော အသံတစ်ခုက အိုင်၏ အခြားတစ်ဖက်မှ ထွက်ပေါ်လာခဲ့သည်။ ရွှီရှောင်ရှို့သည် ဦးခေါင်းကို ပစ်လွှတ်လိုက်သည့် အခိုက်အတန့်မှာတင် သူ၏ တည်နေရာကို ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
ဖုန်းကုန်း ရုတ်တရက် လှမ်းကြည့်လိုက်ရာ ရွှီရှောင်ရှို့မှာ တုန်တုန်ရီရီ ဖြစ်နေပြီး သူ၏ မျက်လုံးများမှာလည်း အဖြူရောင် ပြောင်းလဲနေသည်ကို မြင်တွေ့လိုက်ရသည်။ သူ၏ ခြေထောက်များမှာ အတွင်းဘက်သို့ ကွေးနေခဲ့ပြီး မလှမ်းမကမ်းရှိ တံတိုင်းပေါ်တွင် ရပ်နေရင်း မည်သည့်အချိန်တွင်မဆို ပြုတ်ကျသွားနိုင်သည့်အလား အလွန် အားနည်းနေပုံရသည်။
သို့သော်လည်း သူ၏ ညာလက်မှာမူ သူ၏ ဘယ်ဘက်ခါးရှိ ဓားအိမ်ပေါ်တွင် တင်ထားခဲ့သည်။ ၎င်းတွင် လူတစ်ဦးကို မှင်တက်သွားစေနိုင်လောက်သော ကြီးမားလှသည့် ဓားလိုလားချက် ပါဝင်နေခဲ့သဖြင့် ၎င်းကို ကြည့်ရှုရင်း ဖုန်းခုန်း၏ ခန္ဓာကိုယ်မှာ ထုံကျင်သွားခဲ့ရသည်။
“မွေးရာပါ အဆင့် ဓားလိုလားချက်လား”
ဖုန်းကုန်း သူ၏ ခေါင်းကို ကိုက်ခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ ရွှီရှောင်ရှို့ ပိုင်ဆိုင်ထားသော မယုံကြည်နိုင်စရာကောင်းလှသည့် မွေးရာပါ အဆင့် ဓားလိုလားချက် ပမာဏကြောင့် သူ ထိတ်လန့်သွားခဲ့ရသည်။
သူသည် ထိုဓားအိမ်ထဲတွင် စွမ်းအင် မည်မျှအထိ ဖိသိပ်ထားခဲ့သနည်း။ အကယ်၍ သူသာ အရာအားလုံးကို ထုတ်လွှတ်လိုက်မည်ဆိုပါက ဝိညာဉ်အဆင့်၏ အထက်ပိုင်းရှိသူပင်လျှင် ၎င်းကို တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။
ဖုန်းကုန်းသည် ရှောက်ယီ မည်ကဲ့သို့ သေဆုံးသွားခဲ့ရသလဲဆိုသည်ကို ရုတ်တရက် သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
သေခြင်းတရား၏ ထူထပ်လှသော အငွေ့အသက်များက သူ့ကို ဝန်းရံသွားခဲ့ပြီး သူ၏ ခြေဖဝါးမှနေ၍ ဦးခေါင်းအထိ အေးစိမ့်မှုကို ခံစားလိုက်ရသည်။ သူသည် မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ အနောက်သို့ ထပ်မံ၍ ဆုတ်ခွာလိုက်တော့သည်
“နောက်... နောက်ကျသွားပြီ...”
ရွှီရှောင်ရှို့၏ ပါးစပ်နှင့် သွားများမှာ ထပ်မံ၍ တုန်ရီနေဆဲ ဖြစ်သည်၊ အကြောင်းမှာ သူသည် 'ဝိညာဉ်ကျင့်ကြံခြင်း ဆေးလုံး' ၁၀ လုံးကို မျိုချခဲ့ပြီး အိုင်အောက်ခြေတွင် မွေးရာပါ အဆင့် ဓားလှိုင်း များကို တစ်နာရီ၏ လေးပုံတစ်ပုံထက်မနည်း ဖိသိပ်ထားခဲ့သောကြောင့် ဖြစ်သည်။ ထိုလူအနေဖြင့် ၎င်းကို လွယ်လွယ်ကူကူ ရှောင်တိမ်းနိုင်မည့် နည်းလမ်း မရှိချေ။
ဖုန်းကုန်းအနေဖြင့် အနီးကပ်နေရာတွင် ရှိမနေဘဲ တောအုပ်ထဲတွင် ရပ်နေခဲ့လျှင်ပင် ၎င်းကို ရှောင်တိမ်းနိုင်လိမ့်မည် မဟုတ်ချေ။
ရွှီရှောင်ရှို့သည် ခန္ဓာကိုယ်ကို အနည်းငယ် ကွေးညွှတ်လိုက်ပြီး မိမိကိုယ်ကိုယ် နိမ့်ချလိုက်သည်။
“ဓားထုတ်သိုင်းကွက်!”
သူသည် ဓားကို ဆွဲမထုတ်ခဲ့သော်လည်း သစ်ရွက်များမှာမူ အလိုအလျောက် ပျံသန်းလာခဲ့ကြသည်။
အိုင်ဘေးရှိ မိုးမခပင်များမှာ လုံးဝ နှစ်ပိုင်း ပြတ်တောက်သွားခဲ့ရပြီး အိုင်ပေါ်တွင် ကြီးမားလှသော ရေလှိုင်းကြီးအချို့ ဖြစ်ပေါ်လာခဲ့သည်။ တောအုပ်ထဲတွင် မိုးများ ရွာသွန်းနေခဲ့ပြီး ကောင်းကင်ယံတွင်မူ သွေးများ စွန်းထင်သွားခဲ့တော့သည်။
“အား!”
ဖုန်းကုန်းတွင် ထွက်ပြေးရန် နေရာမရှိတော့ဘဲ နာကျင်စွာဖြင့် အော်ဟစ်လိုက်ရသည်။
သူသည် ဖြူဖွေးလှသော ဓားအလင်းတန်းကို လှမ်းမြင်လိုက်ရချိန်တွင်မူ သူ၏ ခန္ဓာကိုယ် ထက်ဝက်ခန့်နှင့် နားရွက်တစ်ဖက်မှာ လွင့်စင်သွားခဲ့ရပြီ ဖြစ်ပြီး ပြင်းထန်လှသော နာကျင်မှုကြောင့် သူ ချက်ချင်းပင် သတိလစ်လုနီးပါး ဖြစ်သွားခဲ့ရသည်
“မိစ္ဆာ!”
“ဒါက မိစ္ဆာတစ်ကောင်ပဲ!”
ဖုန်းကုန်း၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေခဲ့ပြီး တိုက်ခိုက်လိုစိတ်များ လုံးဝ ပျောက်ဆုံးသွားခဲ့ရသည်။
ရွှီရှောင်ရှို့၏ တိုက်ခိုက်နိုင်စွမ်းမှာ သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် မသက်ဆိုင်ချေ။ သူသည် ဤဓားဖြင့် ဝိညာဉ်အဆင့် အထက်ပိုင်းရှိသူကို ရင်ဆိုင်နိုင်ရုံတင်မကဘဲ အတွင်းခြံဝင်းမှ လူ ၃၃ ယောက်စလုံးကိုပင် ရင်ဆိုင်နိုင်စွမ်း ရှိပေလိမ့်မည်။
ဒါပေမဲ့ ပြဿနာက…
သူက ဘာဖြစ်လို့ အခုအချိန်အထိ စောင့်ဆိုင်းပြီးမှ တိုက်ခိုက်ရတာလဲ။
သူ ဒါကို ခြံဝင်းထဲမှာတုန်းက ဘာလို့ မလုပ်ခဲ့တာလဲ။
ဖုန်းကုန်း လုံးဝ အတွေးများ ရှုပ်ထွေးသွားခဲ့ရပြီး မိမိကိုယ်ကိုယ် ပြန်လည်ကုသရန်အတွက် သူ၏ ဝိညာဉ်အရင်းအမြစ်ကို စတင် အသုံးပြုလိုက်သည်။ အကယ်၍ အရေးကြီးသော အခိုက်အတန့်တွင် သူ၏ ခေါင်းကို အလိုအလျောက် ဘေးသို့ စောင်းမလိုက်ခဲ့ပါက သူ၏ ဦးခေါင်းခွံမှာ ပေါက်ကွဲသွားခဲ့ပြီ ဖြစ်သည်။
...
“ငါ လွဲသွားတယ်...”
အခြားတစ်ဖက်တွင်မူ ရွှီရှောင်ရှို့သည် ဖုန်းကုန်း၏ ပြတ်တောက်သွားခဲ့သော ခန္ဓာကိုယ်ထက်ဝက်ကို စိုက်ကြည့်ရင်း မတတ်နိုင်ဟန်ဖြင့် နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့ရသည်။
သူသည် ကောင်းမွန်လှသော စိတ်ခံစားချက်ကြောင့် နောက်ဆုံး အခိုက်အတန့်တွင် အမှန်တကယ် လွဲချော်သွားခဲ့ခြင်း ဖြစ်သည်။ ထိုသို့သာ မဟုတ်ပါက သူသည် ဖုန်းခုန်း၏ ခန္ဓာကိုယ် အစိတ်အပိုင်း အချို့တင်မကဘဲ တစ်ကိုယ်လုံးကို နှစ်ပိုင်း ပြတ်တောက်သွားအောင် ခုတ်ပိုင်းနိုင်ခဲ့မည် ဖြစ်သည်။
ထိုသို့ဖြစ်သည့်တိုင်အောင် သူသည် သူ၏ ဓားစွမ်းရည်ကြောင့် အံ့အားသင့်နေမိဆဲ ဖြစ်သည်။
သူက ဘာဖြစ်လို့ ဒီလောက်အထိ သန်မာနေရတာလဲ
ဒီလိုမျိုး မဖြစ်သင့်ဘူးလေ!
မိုမိုပင်လျှင် ထိုနေ့က ဤဓားကို လက်ဗလာဖြင့် တောင့်ခံနိုင်ခဲ့ပြီး နောက်ထပ် ခုတ်ချက်တစ်ခုကိုပါ မျိုချနိုင်ခဲ့သည်။ သူသည် ထိုစဉ်က 'ဝိညာဉ်ကျင့်ကြံခြင်း ဆေးလုံး' ၁၀ လုံး၏ ပံ့ပိုးမှုမပါဘဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သော်လည်း ထိုတိုက်ခိုက်မှုနှင့် ယခုတိုက်ခိုက်မှုကြားရှိ စွမ်းအားမှာ ဤမျှအထိ ကွာခြားမသွားသင့်ချေ။
သူ့ထံတွင် ဝိညာဉ်အရင်းအမြစ် အချို့ ကျန်ရှိနေသေးသောကြောင့် ရွှီရှောင်ရှို့ များစွာ တွေးတောမနေတော့ဘဲ သူ၏ ဓားကို ပြန်လည် ရုပ်သိမ်းလိုက်သည်
အိုင်ပေါ်ရှိ ကြီးမားလှသော ရေလှိုင်းကြီးများမှာ တစ်ကြိမ်မျှ ငြိမ်သက်မသွားခဲ့ဘဲ ကောင်းကင်ယံသို့ ထပ်မံ၍ အရှိန်အဟုန်ဖြင့် တိုးဝင်လာခဲ့သည်။ တောအုပ်ထဲရှိ ရေများမှာ ကောင်းကင်ယံသို့ လွင့်ပျံသွားခဲ့ပြီးမှ အိုင်ထဲသို့ ပြန်လည် စီးဆင်းလာခဲ့တော့သည်။
ဖုန်းကုန်း၏ ဒဏ်ရာရရှိထားသော ခန္ဓာကိုယ်မှာ ဓားလှိုင်းတစ်ခုကို အလိုအလျောက် ရှောင်တိမ်းနိုင်ခဲ့သော်လည်း သူ မတုံ့ပြန်နိုင်ခင်မှာတင် ဒုတိယမြောက် ဓားလှိုင်းက ရောက်ရှိလာခဲ့ပြန်သည်။
*ရွှတ်... *
နောက်ထပ် လက်မောင်းတစ်ဖက်မှာ ကောင်းကင်ယံသို့ လွင့်စင်သွားခဲ့ရပြန်သည်။
မိုးရွာနေသော ညဉ့်ဦးပိုင်းမှာ သေခြင်းတရားကဲ့သို့ တိတ်ဆိတ်နေခဲ့ပြီး ပြာလွင်သော ကောင်းကင်ယံတွင် သွေးများ စွန်းထင်သွားခဲ့တော့သည်။
ဖုန်းကုန်း၏ မျက်လုံးများထဲရှိ အလင်းရောင်မှာ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။ သူသည် သူ၏ ခဏတာ ပေါ့ဆမှုကြောင့် ယခုကဲ့သို့ လုံးဝ ဥဿုံ ရှုံးနိမ့်ရလိမ့်မည်ဟု မည်သည့်အခါမျှ မျှော်လင့်မထားခဲ့ချေ
ရွှီရှောင်ရှို့၏ ချုံခိုတိုက်ခိုက်မည့် နေရာကို သူ မှားယွင်းစွာ တွက်ချက်ခဲ့မိခြင်းကြောင့်သာ သူသည် အရင်ဦးအောင် တိုက်ခိုက်ခွင့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။ ယခုအခါတွင်မူ သူသည် မသေဆုံးမီ သူ၏ မည်သည့်စွမ်းရည်ကိုမျှပင် အသုံးပြုနိုင်တော့မည် မဟုတ်ချေ။
သူသည် စိတ်ပျက်လက်ပျက်ဖြင့် တစ်နေရာတည်းတွင် ရပ်နေခဲ့ပြီး ရုန်းကန်ရန် ဆုံးဖြတ်ချက်ကို စွန့်လွှတ်လိုက်တော့သည်။
သူသည် အမဲလိုက်ခြင်းကို ကျင့်သားရနေခဲ့သူဖြစ်သော်လည်း ယခုအခါတွင်မူ သူကိုယ်တိုင် သားကောင် ဖြစ်သွားခဲ့ရပြီ ဖြစ်သည်။
သူသည် လူသတ်သမားတစ်ယောက် ဖြစ်ရန် ရွေးချယ်ခဲ့စဉ်ကတည်းက ဤကဲ့သို့သော ရလဒ်မျိုးကို ကြိုတင် ခန့်မှန်းထားခဲ့ပြီးသား ဖြစ်သည်။ သူ လုံးဝ မတွေးတောမိခဲ့သော တစ်ခုတည်းသောအရာမှာ သူသည် ရွှီရှောင်ရှို့ကဲ့သို့သော အကောင်မျိုး၏ လက်ချက်ဖြင့် သေဆုံးရလိမ့်မည် ဟူသောအချက် ဖြစ်သည်
“ငါ ဒါကို မယုံနိုင်သေးဘူး...”
ဖုန်းကုန်း သွေးများ အန်ထုတ်နေခဲ့သည်။ သူသည် တိုင်တစ်လုံးကဲ့သို့ မလှုပ်မယှက် ရပ်နေခဲ့ပြီး သူ၏ ဗလာဖြစ်နေသော မျက်လုံးများဖြင့် ရွှီရှောင်ရှို့ကို စိုက်ကြည့်နေခဲ့သည်...
“ဟင်...” သူ တွေးလိုက်မိသည်။
“သူ ငါ့ကို အပြတ်မသတ်တော့ဘူးလား။ သူ အသုံးပြုမယ့် ဝိညာဉ်အရင်းအမြစ်တွေ ကုန်သွားတာလား”
ရွှီရှောင်ရှို့က သူ၏ ဓားကို လွှတ်လိုက်သည်ကို သူ မြင်တွေ့လိုက်ရသည်။ သူက သူ့ကို အသက်ရှင်လျက် ထွက်ခွာခွင့် ပေးရန် ဆုံးဖြတ်လိုက်တာလား။
ဖုန်းကုန်း စိတ်ထဲတွင် လွန်စွာ ဝမ်းသာသွားခဲ့ရပြီး လှည့်ထွက်ရန် ပြင်ဆင်လိုက်သည်
*ရွှူး... *
သူ့ရှေ့မှောက်တွင် ပြာလွင်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့ပြီး သူ၏ ဦးခေါင်းကို ချက်ချင်းပင် ဖောက်ထွက်သွားခဲ့တော့သည်။
*အုဂ်... *
ဒါက ဘာကြီးလဲ။
ဖုန်းကုန်း လဲပြိုသွားခဲ့ရသည်။ သူ၏ အသိစိတ်များ ဖြည်းဖြည်းချင်း ကွယ်ပျောက်သွားနေသည့်တိုင်အောင် သူသည် ဇဝေဇဝါ ဖြစ်နေဆဲ ဖြစ်သည်။ သူ၏ ဘဝ၏ နောက်ဆုံး အခိုက်အတန့်သို့ ရောက်ရှိချိန်ကျမှသာ သူ ရုတ်တရက် သဘောပေါက်သွားခဲ့တော့သည် -
ရှောက်ယီရဲ့... ဓားလား။
သို့သော်လည်း သူ့ကို ပြန်လည်ဖြေကြားပေးမည့်သူ မရှိတော့ချေ။
လရောင်အောက်တွင်မူ အရိုးတစ်စပင်လျှင် ကျန်ရစ်ခဲ့ခြင်း မရှိတော့ချေ
“မင်းက တော်လိမ့်မယ်လို့ ငါ ထင်ခဲ့တာ၊ ဒါပေမဲ့ ငါ မှားသွားတယ်...
“မင်းက အဲဒီဦးခေါင်းကို နှစ်ပိုင်းပြတ်သွားအောင် ခုတ်လိုက်တဲ့ အချိန်မှာတင် ဓားရဲ့ တည်ရှိမှုကို သတိမထားမိခဲ့တာ... အဲဒါက မင်း ရှုံးနိမ့်သွားတဲ့ အချိန်ပဲ။ မင်း နောက်ပိုင်းမှာ ငါ့ရဲ့ “ဓားထုတ်သိုင်းကွက်” ကို ရှောင်တိမ်းနိုင်ခဲ့ရင်တောင်မှပေါ့...
“ဒါပေမဲ့ မင်းက ဓားထုတ်သိုင်းကွက်ကိုတောင် မရှောင်နိုင်ခဲ့ပါဘူး”
ရွှီရှောင်ရှို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့ပြီး ဓားကို ကောက်ယူလိုက်ကာ ငန်းအိုင်ဘက်သို့ ပြန်လှည့်လိုက်သည်
“မင်းက တကယ် ညံ့ဖျင်းလွန်းတယ်...”