ရှောက်ယီကတော့ ထိုမျှလောက်အထိ အများကြီး မတွေးတောပါချေ
‘လူတစ်ယောက်က အတွေးနည်းလေလေ၊ ဘဝက ပိုပြီးတော့ အေးချမ်းလေလေပဲ’
ဆိုတာက သူ၏ ဆောင်ပုဒ် ဖြစ်ပေသည်။ သူသည် ချက်ချင်းပင် ထိုကျောက်တုံးတောင်တုကြီးရှိရာဘက်သို့ လှည့်၍ ကြည့်ရှုလိုက်တော့၏။
‘ဟမ်...’
‘ဘယ်သူမှ ရှိမနေပါလား...’
ထိုအချိန်တွင် သူသည် မိမိ၏ ဘေးပတ်ဝန်းကျင် မလှမ်းမကမ်းနေရာဆီကနေ လူရိပ်တစ်ခုကို အာရုံခံမိလိုက်သဖြင့် ချက်ချင်းပင် ခေါင်းလှည့်ကြည့်လိုက်မိသည်။
သူသည် ဆံပင်များ ဖရိုဖရဲ ဖြစ်နေခဲ့ပြီး လက်နှစ်ဖက်ကို အနောက်တွင် ပူးချည်ထားခဲ့သော ဝတ်စုံဖြူ ဝတ်ဆင်ထားသည့် လူတစ်ဦးကို မြင်တွေ့လိုက်ရတော့၏
ဤလူက အစောပိုင်းတုန်းက ထိုကျောက်တုံးတောင်တုပေါ်တွင် မတ်တတ်ရပ်နေခဲ့သော လူပင် ဖြစ်ရမည်။
သူသည် ရှောက်ယီ၏ အရှေ့တည့်တည့်သို့ မည်သည့်အချိန်ကတည်းက ရောက်ရှိနေခဲ့မှန်း မသိရပါချေ။
ရှောက်ယီ၏ မျက်ဝန်းအိမ်များမှာ ချက်ချင်းပင် ကျုံ့ဝင်သွားခဲ့ရတော့သည်။ ထိုလူသည် မိမိ၏ ဦးခေါင်းကို အနည်းငယ် ငုံ့ထားခဲ့မိရင်း မျက်နှာကို ဖုံးကွယ်ထားခဲ့သော်လည်း... သူ ဝတ်ဆင်ထားသော ဝတ်စုံဖြူမှာမူ တကယ့်ကို စုတ်ပြဲနေခဲ့သည်ကို သတိပြုမိလိုက်ရ၏
ထိုလူ၏ အဝတ်အစားများမှာ ဓားချက်များကြောင့် အပိုင်းပိုင်းအစစ စုတ်ပြဲနေခဲ့ခြင်း ဖြစ်ပေသည်၊ ၎င်းအပြင် အဝတ်အစားများကြားကနေ ထွက်ပေါ်နေခဲ့သော အရေပြားထက်တွင်လည်း ညိုမည်းစုတ်ပြဲနေခဲ့သော ဒဏ်ရာများစွာဖြင့် ပြည့်နှက်နေခဲ့ရသည်။
ထို့အပြင် ထိုအဝတ်အစားများထက်တွင် သွေးစွန်းပေနေခဲ့သော အရိပ်အယောင်အချို့လည်း ရှိနေခဲ့သော်လည်း ၎င်းတို့မှာ မိုးရေများကြောင့် ကွယ်ပျောက်လုနီးပါး ဖြစ်ပေါ်နေခဲ့ရပြီ ဖြစ်၏။
ရှောက်ယီကတော့ တုံးအလှသော လူတစ်ယောက် မဟုတ်ပါချေ။ သူသည် အခြားသော လူနှစ်ဦးကဲ့သို့ ကြောက်စရာကောင်းလှသော အတွေးအခေါ်များကို လိုက်ပါ၍ မတွေးတောနိုင်ခဲ့သည့်တိုင်အောင်ပင်... အခြေခံ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းတော့ ရှိနေဆဲပင် ဖြစ်ပေသည်
ထိုလူ၏ ခန္ဓာကိုယ်ထက်က ပြင်းထန်လှသော ဒဏ်ရာများ၊ ဓားချက်များနှင့် ညိုမည်းစုတ်ပြဲနေခဲ့သော အခြေအနေများကို ကြည့်ခြင်းအားဖြင့်...
၎င်းအပြင် ရွှီရှောင်ရှို့တွင် မွေးရာပါ ဓားအသိစိတ်ဓာတ်နှင့် မွေးရာပါအဆင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုများ ရှိနေခဲ့သည်ဆိုသည့် အချက်ကိုပါ ပေါင်းစပ်လိုက်မည်ဆိုပါက...
ရှောက်ယီအနေဖြင့် ထိုဝတ်စုံဖြူနှင့် လူသည် ရွှီရှောင်ရှို့ မဟုတ်ကြောင်းကို သေချာစွာ ခန့်မှန်းနိုင်စွမ်း ရှိပေသည်
သို့သော် ထိုလူသည် ရွှီရှောင်ရှို့နှင့် ပြင်းထန်စွာ တိုက်ခိုက်ထားခဲ့ခြင်း ဖြစ်ရမည်။
ထိုသို့ဆိုလျှင်... တကယ့် ရွှီရှောင်ရှို့ အစစ်အမှန်ကမူ...
သေဆုံးသွားခဲ့ပြီ ဖြစ်ရမည်။
‘သောက်ကျိုးနည်း...’
မိုးရေများမှာ တကယ့်ကို ပြင်းထန်နေခဲ့ရပြီး... ရှောက်ယီသည် မိမိ၏ ဦးခေါင်းကို အနောက်သို့ လှည့်ကြည့်ရန်ပင် မဝံ့ရဲတော့ပါချေ။ ထို့ကြောင့် သူသည် မိုးရေထဲရှိ ထိုဝတ်စုံဖြူနှင့် လူကိုသာ တောင့်တင်းစွာဖြင့် စိုက်ကြည့်နေမိရင်း... ယခုမြင်ကွင်းကြီးတစ်ခုလုံးက ဘာဖြစ်လို့ ယခုလိုမျိုး တကယ့်ကို ဆန်းကြယ်အေးစိမ့်နေရတာလဲဟု ခံစားလိုက်ရတော့သည်
ဝုန်း...
ပြင်းထန်လှသော မိုးခြိမ်းသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ရပြီး... ထိုဝတ်စုံဖြူနှင့် လူသည် ရုတ်တရက်ဆိုသလို မိမိ၏ ဦးခေါင်းကို မော့လိုက်တော့၏။
“အမေရေ... ကယ်ပါဦး...”
ရှောက်ယီ တကယ့်ကို ထိတ်လန့်တုန်လှုပ်သွားခဲ့ရသဖြင့် မိမိ၏ နောက်ကျောနှင့် နံရံကြီး ဆောင့်မိသွားခဲ့သည့် အချိန်အထိ အနောက်ဘက်သို့ အဆက်မပြတ် ဆုတ်ခွာလိုက်မိတော့သည်
“ရွှီရှောင်ရှို့...!?”
သူ တကယ့်ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်မိရ၏။
‘ဒါက... ဘယ်လိုမျိုး ရူးသွပ်စရာကောင်းတဲ့ ကိစ္စကြီးလဲ...’
သူသည် အစောပိုင်းတုန်းကတင် ထိုလူသည် ရွှီရှောင်ရှို့ မဟုတ်နိုင်ကြောင်း ကြိုတင်၍ ခန့်မှန်းထားခဲ့ခြင်း ဖြစ်ပေသည်၊ သို့သော် ထိုလူ မိမိ၏ ဦးခေါင်းကို မော့လိုက်သည့် အခါတွင်မူ... ရွှီရှောင်ရှို့၏ ပုံစံနှင့် တကယ့်ကို တစ်ထေရာတည်း တူညီလွန်းလှသော မျက်နှာသွင်ပြင်ကို မြင်တွေ့လိုက်ရခြင်း ဖြစ်ပေသည်
‘ငါ အခုမှပဲ... ဖုန်းကုန်း ဘာဖြစ်လို့ အဲဒီလောက်အထိ ကြောက်လန့်နေရလဲဆိုတာကို နားလည်သွားတော့တယ်၊ တွေးတောခြင်းဆိုတဲ့အရာက တကယ့်ကို ကြောက်စရာကောင်းလှတာပဲ...’
“သူက ရွှီရှောင်ရှို့ပဲဗျို့...”
သူ ကျယ်လောင်စွာဖြင့် ထပ်မံ၍ အော်ဟစ်လိုက်တော့၏။
ဖုန်းကုန်းသည် ရှောက်ယီ၏ အော်ဟစ်သံကို ကြားလိုက်ရသည့် အခါတွင်မူ လှည့်မကြည့်ဘဲ မနေနိုင် ဖြစ်သွားခဲ့ရတော့သည်။
မိုးကြိုးလျှပ်စီးကြောင်းများမှာ ညဉ့်ဦးယံ ကောင်းကင်ယံထက်တွင် လက်ခနဲ ဖြတ်သန်းသွားခဲ့ရပြီး... ထိုဝတ်စုံဖြူနှင့် လူ၏ မျက်နှာထက်တွင် ငွေရောင် လျှပ်စီးအလင်းတန်းများ ဖြတ်သန်းသွားခဲ့ရသည်။
၎င်းတို့နှစ်ဦးစလုံးမှာ ထိုဖရိုဖရဲ ဖြစ်နေခဲ့သော ပုံစံရှိသည့် လူကို တစ်ပြိုင်နက်တည်း လှမ်း၍ ကြည့်ရှုလိုက်မိကြရင်း ပြုံးလိုက်မိကြသော်လည်း... ၎င်းတို့၏ အပြုံးများမှာ တကယ့်ကို ဖြူစင်လှသော အပြုံးမျိုးတော့ မဟုတ်ပါချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ရှေ့က မျက်နှာပြင်မှာ ရွှီရှောင်ရှို့၏ ပုံစံ ဖြစ်နေခဲ့သော်လည်း... ခန္ဓာကိုယ်အတွင်းက ခံစားချက်များမှာမူ လုံးဝ မှားယွင်းနေခဲ့သောကြောင့် ဖြစ်ပေသည်
၎င်းတို့နှစ်ဦးစလုံး ကြက်သီးမွေးညင်းများပင် ထွက်ပေါ်လာခဲ့ရတော့၏။
ဒါက တကယ့်ကို ကြောက်စရာကောင်းလွန်းလှပေသည်။
ဖုန်းကုန်း တကယ့်ကို ရှုပ်ထွေးသွားခဲ့ရသဖြင့် မိမိ၏ ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်း အားလုံးကို လုံးဝ ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။ အတွေးအခေါ်များကို စတင်၍ တွေးတောတတ်လာခဲ့ပြီ ဖြစ်သော ရှောက်ယီကိုယ်တိုင်လည်း လက်ရှိအချိန်တွင် မိမိ၏ ဦးနှောက်တစ်ခုလုံး ပေါက်ကွဲထွက်လုနီးပါး ဖြစ်ပေါ်နေခဲ့ရ၏
‘ဒီကောင်က ရွှီရှောင်ရှို့လား မဟုတ်ဘူးလား...’ ထိုမေးခွန်းက ၎င်းတို့နှစ်ဦးစလုံး၏ စိတ်ထဲတွင် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပေသည်။
“ငါက... ရွှီရှောင်ရှို့ပဲ...”
ထိုဝတ်စုံဖြူနှင့် လူသည် ၎င်းတို့၏ စိတ်ထဲက အတွေးများကို ဖတ်ရှုနိုင်စွမ်းရှိသည့်အလား... တကယ့်ကို ဆန်းကြယ်လှသော အပြုံးတစ်ခုကို ထပ်မံ၍ ပြုံးပြလိုက်ပြန်တော့၏။
အို... ၎င်းတို့အနေဖြင့် ထိုစကားကို ဘယ်လိုမှ မယုံကြည်နိုင်ပါချေ။
ရင်ထဲက ထိတ်လန့်တုန်လှုပ်မှုများမှာ ပိုမို၍ပင် ပြင်းထန်လာခဲ့ရပြီ ဖြစ်သည်။ ၎င်းတို့နှစ်ဦးစလုံးမှာ တစ်ဦးကိုတစ်ဦး လှမ်း၍ ကြည့်ရှုလိုက်မိကြရင်း... တစ်ယောက်၏ မျက်ဝန်းများအတွင်းက ထိတ်လန့်တုန်လှုပ်မှုများကို အထင်းသား မြင်တွေ့လိုက်ရတော့၏။
တကယ်လို့ ထိုလူက ရွှီရှောင်ရှို့ အစစ်အမှန် ဖြစ်နေခဲ့သည်ဟု ထားဦးတော့... ၎င်းတို့အနေဖြင့် သူ့အား သွားရောက်တိုက်ခိုက်နိုင်စွမ်း ရှိမှာ မဟုတ်တော့ပါချေ။
ယခု မြင်ကွင်းကြီးတစ်ခုလုံးက တကယ့်ကို ခြောက်ခြားဖွယ်ရာ ကောင်းလှပေသည်။
“ထွက်ပြေးကြစို့...”
“ထွက်ပြေးကြစို့...”
၎င်းတို့နှစ်ဦးစလုံးမှာ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြတော့၏။ ရှောက်ယီသည် မိမိ၏ တိုတောင်းလှသော ဓားမြှောင်ကို ပြောင်းပြန် ကိုင်ဆောင်လိုက်မိရင်း... ရှေ့က ဝိညာဉ်အစီအရင် အကာအကွယ်အတားအဆီးကို အစွမ်းကုန် ဖြတ်တောက်လိုက်တော့သည်။ ပြင်းထန်လှသော မြည်ဟီးသံကြီးတစ်ခုနှင့်အတူ ထိုအကာအကွယ်အတားအဆီးထက်တွင် ကြီးမားလှသော အက်ကြောင်းကြီးတစ်ခု ချက်ချင်းပင် ဖြစ်ပေါ်လာခဲ့ရ၏။
“မင်းတို့က... ကစားရတာ ပင်ပန်းသွားပြီဆိုရင်လည်း ဒီအတိုင်းပဲ ဒီနေရာမှာပဲ အနားယူလိုက်ကြစမ်းပါ၊ ထွက်ပြေးဖို့ ကြိုးစားနေတာက ဘာထူးခြားမှာမို့လို့လဲ...”
ရွှီရှောင်ရှို့ အေးစိမ့်လှသော လေသံဖြင့် ပြောဆိုလိုက်တော့သည်။
သူ၏ အချက်အလက် ဘားတန်းထက်တွင်မူ စာတန်းများမှာ ထပ်မံ၍ ထွက်ပေါ်လာခြင်း မရှိတော့ပါချေ၊ သို့သော် ၎င်းက ထိုလူနှစ်ဦးစလုံးမှာ မိမိ၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကို သေချာစွာ သိရှိသွားခဲ့ကြပြီ ဖြစ်ကြောင်း ဖော်ပြနေခြင်းမျိုးတော့ မဟုတ်ပါချေ။ ဆန့်ကျင်ဘက်အားဖြင့် သူ့အနေဖြင့် ထိုလူနှစ်ဦးစလုံး၏ အတွေးအခေါ်များကို လုံးဝ ရှုပ်ထွေးသွားအောင် ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
သူက ရွှီရှောင်ရှို့ ဖြစ်နေခဲ့သလို... တစ်ဖက်တွင်လည်း ရွှီရှောင်ရှို့ မဟုတ်နိုင်ပါချေ။
မသိရှိရသေးသော အရာများအပေါ်တွင် ခံစားရသည့် ထိတ်လန့်တုန်လှုပ်မှုများကသာ... ထိုလူသတ်သမား နှစ်ဦးစလုံး၏ နှလုံးသားကို ကြီးမားစွာဖြင့် ခြိမ်းခြောက်နေခဲ့ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် သူက ရွှီရှောင်ရှို့ ဟုတ်မဟုတ် ဆိုသည့်အချက်က ၎င်းတို့အတွက်တော့ အရေးကြီးသည့်အရာ မဟုတ်တော့ပါချေ။
ဟုတ်ပါတယ်...
အနည်းဆုံးတော့ ၎င်းတို့၏ အမြင်တွင် ဖြစ်ပေသည်။
ရွှီရှောင်ရှို့အနေဖြင့် ထိုလူများကို မိမိ၏ မျက်စိရှေ့ကနေ ဘေးကင်းစွာဖြင့် လွှတ်ပေးလိုက်ချင်စိတ် ရှိနေခဲ့သော်လည်း... တစ်ဖက်တွင်မူ ယခု စိတ်ပညာ ကစားပွဲကို ဆက်လက်၍ ဆင်နွှဲရမှာ ဖြစ်ပေသည်
‘ဒါက... ဟိုဘက်က လူရဲ့ လှည့်ကွက်တစ်ခုလည်း ဖြစ်နေနိုင်တာပဲ မဟုတ်လား...’
သူ့အနေဖြင့် မည်သည့် စွန့်စားမှုမျိုးကိုမျှ ပြုလုပ်၍ မဖြစ်ပါချေ။
သူသည် ထိုလူနှစ်ဦးစလုံးမှာ ထိုအကာအကွယ် အတားအဆီးထက်က အက်ကြောင်းကြီးအတွင်းကနေ ထွက်ပြေးရန်အတွက် ပြင်ဆင်လိုက်ကြသည်ကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ... သူ၏ အနောက်ဘက်တွင် ရှိနေခဲ့သော လက်ညှိုးဓားချက်ကို ချက်ချင်းပင် အသက်သွင်းလိုက်မိရင်း... ယခု စိတ်ပညာ ကစားပွဲကို ပိုမို၍ ပီပြင်သွားစေရန်အတွက် တကယ့်ကို ဆန်းကြယ်အေးစိမ့်လှသော အပြုံးတစ်ခုကို ထုတ်ဖော်ပြသလိုက်တော့၏။
နောက်ထပ် စက္ကန့်ပိုင်းအတွင်းမှာတင် လက်ညှိုးတစ်ချက် ခါယမ်းလိုက်မှုနှင့်အတူ သွေးစက်များစွာမှာ ဘေးဘက်သို့ လွင့်စင်သွားခဲ့ရတော့သည်
“ငရဲဘုံကောင်းကင်ယံကျင့်စဉ်...”
သူသည် မိမိ၏ ဦးခေါင်းကို အနည်းငယ်သာ စောင်းလိုက်ခြင်း ဖြစ်သော်လည်း... ရှောက်ယီ၏ ခန္ဓာကိုယ်ထက်တွင်မူ မြင်တွေ့နိုင်ခြင်း မရှိသော မီးလျှံများမှာ ချက်ချင်းပင် ဘုန်းခနဲ ပေါက်ကွဲထွက်ပေါ်လာခဲ့ရပြီး တစ်စုံတစ်ခုသော အရာများ လောင်ကျွမ်းပျက်စီးသွားခဲ့ရသည့် အသံများ ထွက်ပေါ်လာခဲ့ရတော့သည်။
ရွှီရှောင်ရှို့၏ အမြင်တွင်မူ... မည်သည့် အဆင့်အတန်းရှိမှန်း မသိရသေးသော ယခုဝိညာဉ်ကျင့်စဉ်ကသာ လက်ရှိအချိန်တွင် သူ အသုံးပြုနိုင်စွမ်းရှိသည့် တစ်ခုတည်းသော လက်နက် ဖြစ်ပေသည်။ သူ၏ အခြားသော စွမ်းရည်များအားလုံးမှာ မိမိ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်လိုက်သလိုမျိုး ဖြစ်သွားမှာ ဖြစ်ပေသည် သို့မဟုတ် အဝေးကနေ တိုက်ခိုက်ရသည့် အခါမျိုးတွင် ကြီးမားလှသော ထိခိုက်ပျက်စီးမှုများကို ပေးစွမ်းနိုင်စွမ်း ရှိမှာ မဟုတ်ပါချေ
သူ့အနေဖြင့် မိမိ၏ "ဝေဒနာများကို ဖုံးကွယ်ထားနိုင်ခြင်း" ဓားမြှောင်ကို ထုတ်ဖော်အသုံးပြုရန်အတွက်မူ တကယ့်ကို မဖြစ်နိုင်ပါချေ၊ အဘယ်ကြောင့်ဆိုသော် ထိုလူသတ်သမား နှစ်ဦးစလုံးမှာ ထိုဓားမြှောင်ကို သေချာပေါက် မှတ်မိကြမှာ ဖြစ်သောကြောင့် ဖြစ်ပေသည်။
ဟုတ်ပါတယ်... သူ့အနေဖြင့် လက်ရှိအချိန်တွင် အသုံးပြုနိုင်စွမ်းရှိသည့် တစ်ခုတည်းသော ကျင့်စဉ်က "ငရဲဘုံကောင်းကင်ယံကျင့်စဉ်" သာ ဖြစ်ပေသည်။ ၎င်းက ကြောက်စရာကောင်းလှသော စွမ်းအားများကို ပိုင်ဆိုင်ထားခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ သိရှိထားခဲ့ကြခြင်း မရှိပါချေ
သူ ထင်မှတ်ထားခဲ့သည့်အတိုင်းပင်... ရှောက်ယီသည် မိမိ၏ ခန္ဓာကိုယ်ထက်တွင် ထိုမြင်တွေ့နိုင်ခြင်း မရှိသော မီးလျှံများ စတင်၍ လောင်ကျွမ်းလာခဲ့သည့် အခါတွင်မူ မျက်နှာထက်တွင် တကယ့်ကို ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့ရတော့သည်။ ရှောက်ယီသည် မိမိကိုယ်မိမိ ကာကွယ်ရန်အတွက် ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်အရင်းအမြစ် စွမ်းအင်များကို အစွမ်းကုန် ထုတ်ဖော်လိုက်သော်လည်း... ထိုမီးလျှံများမှာ သူ၏ ဝိညာဉ်အရင်းအမြစ် စွမ်းအင်များကိုပါ အတူတကွ လောင်ကျွမ်းဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်ပေသည်။
သူ တကယ့်ကို ပျာယာခတ်သွားခဲ့ရ၏
“သောက်ကျိုးနည်း... ဒါက ဘာကြီးလဲ...”
ယခုအချိန်တွင်မူ... သူသည် ရွှီရှောင်ရှို့ဆိုသည့် လူအား တကယ့်ကို ကြောက်စရာကောင်းလှသော သေမင်းတမန်တစ်ဦးအလား သေချာစွာ သတ်မှတ်လိုက်ပြီ ဖြစ်ပေသည်။ သူ၏ ခန္ဓာကိုယ်ထက်တွင် ထို "သရဲမီးလျှံများ" စတင်၍ လောင်ကျွမ်းလာခဲ့ပြီးနောက်တွင် သူ၏ စိတ်ဓာတ်များမှာလည်း ချက်ချင်းပင် ပြိုလဲပျက်စီးသွားခဲ့ရတော့၏။
“ရှောက်ယီ...”
ထိုအကာအကွယ်အတားအဆီးထက်က အက်ကြောင်းကြီးမှာ တကယ့်ကို သေးငယ်လှသော်လည်း... ဖုန်းကုန်းကမူ ၎င်းကို ကျော်ဖြတ်ကာ အပြင်ဘက်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူသည် ရှောက်ယီမှာ အခြားတစ်ဖက်တွင် ကျန်ရှိနေခဲ့ဆဲ ဖြစ်သည်ကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်တော့သည်
“ထွက်ပြေးစမ်း... ငါ မင်းကို ကူညီပြီးတော့ တားဆီးပေးထားမယ်...”
ရှောက်ယီ မိမိ၏ ခန္ဓာကိုယ်ထက်က ဆန်းကြယ်လှသော မီးလျှံများကို တားဆီးနိုင်ရန်အတွက် အစွမ်းကုန် ကြိုးစားလိုက်မိရသည်။ သာမန် သာမန်မျက်စိဖြင့် ကြည့်ရှုမည်ဆိုပါက... "ငရဲဘုံကောင်းကင်ယံကျင့်စဉ်" ၏ မီးလျှံများမှာ လုံးဝ မြင်တွေ့နိုင်ခြင်း မရှိသဖြင့် သူ၏ ခန္ဓာကိုယ်ထက်တွင် ဘာပြဿနာမျှ ရှိမနေခဲ့သည့်အလား ထင်မှတ်ရပေသည်
“မင်း... ငါပြောတဲ့ အဓိပ္ပာယ်ကို နားလည်ပါတယ်...”
ရှောက်ယီ ဆန်းကြယ်လှသော စကားအချို့ကို ပြောဆိုလိုက်ပြီးနောက်တွင်မူ... ရွှီရှောင်ရှို့သည် ထိုအပြင်ဘက်က လူမှာ ချက်ချင်းပင် အဝေးသို့ အရှိန်အဟုန်ဖြင့် ထွက်ပြေးသွားခဲ့သည်ကို မြင်တွေ့လိုက်ရတော့သည်
‘ဘာတွေ ဖြစ်ပျက်နေတာလဲ...’
‘ဒါက... လျှို့ဝှက်ကုဒ် တစ်ခု လား...’
လက်ရှိအချိန်တွင် မိမိ၏ အသက်လွတ် ထွက်ပြေးနေခဲ့သော ဖုန်းကုန်းတစ်ဦးတည်းသာ... ရှောက်ယီတွင် ထွက်ပြေးလွတ်မြောက်နိုင်မည့် ထူးခြားလှသော စွမ်းရည်ခုနစ်ခုအထိ ရှိနေခဲ့ကြောင်း သေချာစွာ သိရှိထားခဲ့ခြင်း ဖြစ်ပေသည်၊ ဆန့်ကျင်ဘက်အားဖြင့် သူကိုယ်တိုင်ကမူ
"သွေးချင်းကမ္ဘာ ထွက်ပြေးခြင်းစွမ်းရည် "
တစ်ခုတည်းကိုသာ တတ်မြောက်ထားခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ၎င်းတို့ လုပ်ဆောင်ခဲ့သမျှသော မစ်ရှင်များအတွင်း၌ ဘေးအန္တရာယ်များနှင့် ကြုံတွေ့ရသည့် အခါမျိုးတွင် ရှောက်ယီကသာ သူ့အား အမြဲတမ်း ကူညီ၍ တားဆီးပေးထားခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် ရှောက်ယီသည် အချိန်အတော်ကြာအောင် စောင့်ဆိုင်းခြင်း မရှိဘဲ သူ့ထံသို့ အမြဲတမ်း အရှိန်အဟုန်ဖြင့် ပြန်လည်၍ ရောက်ရှိလာတတ်ပြီး... ဖုန်းကုန်း၏ အရှေ့တွင် မိမိ၏ အရက်ဘူးကို ကိုင်ဆောင်ကာ အရက်သောက်ရင်း တကယ့်ကို ထူးဆန်းလှသော အသံဖြင့်
‘ဖုန်းကုန်း... မင်း ဒီထက်မက ပိုပြီးတော့ မြန်မြန် ထွက်ပြေးစမ်းပါ’
ဟု လှမ်း၍ အော်ဟစ်လေ့ ရှိပေသည်။
ဖူး...
ဖုန်းကုန်း ထိုအကြောင်းအရာများကို အမှတ်ရမိသွားခဲ့သဖြင့် မိမိကိုယ်မိမိ မထိန်းချုပ်နိုင်တော့ဘဲ တိုးညှင်းစွာဖြင့် ရယ်မောလိုက်မိရတော့၏။
သူသည် ရှောက်ယီ၏ ထွက်ပြေးလွတ်မြောက်နိုင်စွမ်းရှိသည့် ထူးခြားလှသော ကျင့်စဉ်များအပေါ်တွင် တကယ့်ကို ယုံကြည်မှု အပြည့် ရှိနေခဲ့ခြင်း ဖြစ်ပေသည်။ သူ မြင်တွေ့ရသမျှအရမူ... ယခုလိုမျိုး ထူးခြားလှသော ထွက်ပြေးလွတ်မြောက်ခြင်း ကျင့်စဉ် ခုနစ်ခုအထိ တတ်မြောက်ထားသော ကျင့်ကြံသူတစ်ဦး၏ အနောက်သို့ မည်သူတစ်ဦးတစ်ယောက်မျှ လိုက်ပါနိုင်စွမ်း ရှိမှာ မဟုတ်ပါချေ
သူသည် ယနေ့ည ဆင်နွှဲခဲ့ရသော လုပ်ကြံသတ်ဖြတ်မှု မစ်ရှင်ကြီးမှာ ယခုလိုမျိုး တကယ့်ကို ဆန်းကြယ်ရှုပ်ထွေးလှသော အခြေအနေများဆီသို့ ဦးတည်သွားလိမ့်မည်ဟု မည်သည့်အခါမျှ ထင်မှတ်ထားခဲ့ခြင်း မရှိပါချေ။ ၎င်းအပြင် သူသည် အစ်ကိုကြီးဟဲ အနေဖြင့် ရွှီရှောင်ရှို့ကို သတ်ဖြတ်ရန်အတွက် မိမိတို့အပြင် အခြားသော စွမ်းအားကြီးမားလှသည့် လူသတ်သမားများကိုပါ သီးသန့် စေလွှတ်ထားခဲ့ခြင်းလားဟု မတွေးတောဘဲ မနေနိုင် ဖြစ်နေခဲ့ရတော့သည်။
တကယ်လို့ အဲဒီလိုမျိုး ဆိုရင်လည်း... ထိုလူက မိမိတို့နှစ်ဦးစလုံးအား ကြိုတင်၍ အသိပေးထားခဲ့သင့်သည် မဟုတ်လား။
‘အစ်ကိုကြီးဟဲအနေနဲ့... ရှောက်ယီလိုမျိုး အရူးတစ်ယောက်ကို ယုံကြည်မှု မရှိတာက ထားဦးတော့... ဒါပေမဲ့ သူက ငါ့ကိုပါ ဘာဖြစ်လို့ ယုံကြည်မှု မရှိရတာလဲ...’ သူ စိတ်ထဲကနေ တွေးတောလိုက်မိ၏။
‘ယီးပဲကွာ...’
......
‘ငါ တောင်းပန်ပါတယ်... ဖုန်းကုန်း...’
‘ဒီတစ်ကြိမ်မှာတော့... ငါ အသက်ရှင်လျက်နဲ့ ပြန်လာနိုင်တော့မှာ မဟုတ်ဘူး ထင်တယ်...’
ရှောက်ယီ ရင်ထဲတွင် တကယ့်ကို ခါးသီးနာကျင်မှုကို ခံစားလိုက်ရတော့သည်။ သူသည် မွေးရာပါအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိထားခဲ့ပြီ ဖြစ်သော်လည်း... လက်ရှိအချိန်တွင်မူ ထို "သရဲမီးလျှံများ" ၏ လောင်ကျွမ်းမှုများကို ဘယ်လိုမှ ခုခံတားဆီးနိုင်စွမ်း မရှိ ဖြစ်နေခဲ့ရ၏။
ဒါက... မိစ္ဆာကျင့်စဉ် တစ်ခုခုလား။
သူသည် မိမိ၏ ဘဝတစ်လျှောက်လုံးတွင် ယခုလိုမျိုး တကယ့်ကို ဆန်းကြယ်အေးစိမ့်လှသော ဝိညာဉ်ကျင့်စဉ်မျိုးကို တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်း မရှိခဲ့ပါချေ။
ထိုမီးလျှံများမှာ ဘာကိုမဆို လောင်ကျွမ်းဖျက်ဆီးပစ်နိုင်စွမ်းရှိသည့်အလား ထင်မှတ်ရပေသည်၊ အဘယ်ကြောင့်ဆိုသော် ခဏမျှသော အချိန်အတွင်းမှာတင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်အရင်းအမြစ် စွမ်းအင် ထက်ဝက်ကျော်ခန့်မှာ လောင်ကျွမ်းပျက်စီးသွားခဲ့ရပြီ ဖြစ်သောကြောင့် ဖြစ်ပေသည်။ သူ၏ ဝိညာဉ်အရင်းအမြစ် စွမ်းအင်များအားလုံး လုံးဝ ကုန်ဆုံးသွားခဲ့ရမည့် အချိန်တွင်မူ သူ သေချာပေါက် ပျက်စီးသွားရမှာ ဖြစ်ပေသည်
ရှောက်ယီသည် မိုးရေထဲရှိ ထိုဝတ်စုံဖြူနှင့် လူကို လှမ်း၍ ကြည့်ရှုလိုက်မိရင်း... မိမိ၏ လက်ထဲတွင် ရှိနေခဲ့သော တိုတောင်းလှသော ဓားမြှောင်ကို ပိုမို၍ တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်တော့၏။
‘ဘာဖြစ်လို့ အဲဒီကောင်က... ငါ့ကို ဆက်ပြီးတော့ လာမတိုက်ခိုက်ရသေးတာလဲ...’ သူ စိတ်ထဲကနေ တွေးတောလိုက်မိပြန်သည် ‘သူက ငါ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ပြာကျသွားမယ့် အခြေအနေကို ထိုင်ပြီးတော့ ကြည့်ရှုချင်နေတာလား...’
‘ဒါက... တကယ့်ကို စိတ်ဝေဒနာရှင်တစ်ယောက်ရဲ့ ပျော်ရွှင်မှုမျိုးပဲ...’
‘ဖြစ်နိုင်တာက... ထိုကဲ့သို့သော စွမ်းအားကြီးမားလှတဲ့ အရှင်သခင်တွေရဲ့ မျက်စိထဲမှာတော့... ငါ့ရဲ့ စွမ်းအားတွေက သာမန် ပုရွက်ဆိတ်တစ်ကောင်ထက် မပိုဘူးပေါ့... ဟုတ်လား...’
‘ဘာပဲဖြစ်ဖြစ်ကွာ... ငါ အချိန်ပိုမိုရရှိအောင် ဆက်ပြီးတော့ပဲ ကြိုးစားထားလိုက်တော့မယ်...’
‘ဖုန်းကုန်း... မင်း ဘယ်တော့မှ... ဘယ်တော့မှ ဒီနေရာကို ပြန်ပြီးတော့ မလာခဲ့ပါနဲ့တော့...’
“သံသယဖြစ်ပွားခြင်း၊ အလိုအလျောက်ရမှတ် +၁။”
“နှိမ့်ချဆက်ဆံခံရခြင်း၊ အလိုအလျောက်ရမှတ် +၁”
“လှောင်ပြောင်သရော်ခံရခြင်း၊ အလိုအလျောက်ရမှတ် +၁”
“ကျိန်ဆဲခံရခြင်း၊ အလိုအလျောက်ရမှတ် +၁”
......
ရွှီရှောင်ရှို့အနေဖြင့်မူ အခြားတစ်ဖက်က လူ၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို လုံးဝ သိရှိခြင်း မရှိပါချေ။ သူသည် မိမိ၏ မျက်နှာထက်တွင် တည်ငြိမ်လှသော ဟန်ဆောင်မှုများကိုသာ ဆက်လက်၍ ထိန်းသိမ်းထားလိုက်မိရင်း ယခုမြင်ကွင်းကြီးတစ်ခုလုံးကို ပိုမို၍ ခြောက်ခြားဖွယ်ရာ ကောင်းအောင်သာ ပြုလုပ်နေခဲ့ခြင်း ဖြစ်ပေသည်။
သူသည် မိမိ၏ စွမ်းအားများကို အသုံးချကာ ကောင်းကင်ယံက ကျရောက်နေသော မိုးရေစက်များကို အငွေ့ပျံသွားအောင် ပြုလုပ်လိုက်မိရင်း... ကြမ်းပြင်ပေါ်တွင် ရေဝဲကရက်ကြီးများ ဖြစ်ပေါ်လာစေရန် ပြုလုပ်ခဲ့ပြီး ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးကို ပြင်းထန်စွာ တုန်လှုပ်အောင် ပြုလုပ်ခဲ့သည်။
ဒါက သူ လုပ်ဆောင်နိုင်စွမ်းရှိသမျှသော အရာအားလုံး ဖြစ်ပေသည်
သူ့အနေဖြင့် ရန်သူ့အား တကယ့် တိုက်ခိုက်မှုများကို သွားရောက်ပြုလုပ်ရန်အတွက်မူ တကယ့်ကို မဖြစ်နိုင်ပါချေ။
တကယ်လို့ သူ့အနေဖြင့် ယခုလိုမျိုး အခြေအနေတွင် သွားရောက်တိုက်ခိုက်မိမည်ဆိုပါက... မိမိ၏ စွမ်းအားမှာ ဝိညာဉ်စွမ်းအင်ကျင့်ကြံခြင်း အဆင့်ကိုးတွင်သာ ရှိနေသေးသည်ဆိုသည့် အမှန်တရားမှာ သေချာပေါက် ပေါက်ကြားသွားမှာ ဖြစ်ပေသည်။
ထိုသို့ဆိုလျှင်မူ... သူသည် မိမိရှေ့က လူ၏ လက်ချက်ကြောင့် ချက်ချင်းပင် အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့ရမှာ သေချာလှပေသည်။
သူ့အနေဖြင့် ရှေ့က လူသည် တုံးအလှသော ပုံစံမျိုး ရှိနေခဲ့သည့်တိုင်အောင်... လက်တွေ့တွင်မူ မွေးရာပါအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိထားသော စွမ်းအားရှင်တစ်ဦး ဖြစ်ကြောင်း သေချာစွာ သိရှိထားခဲ့ခြင်း ဖြစ်၏
ရွှီရှောင်ရှို့ကိုယ်တိုင်လည်း လက်ရှိအချိန်တွင် ရင်ထဲ၌ တကယ့်ကို ပြင်းထန်စွာ ပျာယာခတ်နေခဲ့ရပြီ ဖြစ်ပေသည်။
‘ငါ ဘယ်လိုမျိုး လုပ်ဆောင်ရမလဲ... ငါ ဘယ်လိုမျိုး ဆက်ပြီးတော့ လုပ်ဆောင်ရမှာလဲ...’
‘ဝိညာဉ်စွမ်းအင်ကျင့်ကြံခြင်း အဆင့်ကိုးမှာပဲ ရှိသေးတဲ့ လူတစ်ယောက်က... မွေးရာပါအဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေတဲ့ စွမ်းအားရှင်တစ်ယောက်ကို အောင်နိုင်ဖို့ဆိုတာက တကယ်ပဲ ဖြစ်နိုင်လို့လား...’
‘တစ်ယောက်ယောက်ကများ... ငါ့ကို လာပြီးတော့ ကူညီကြပါဦး...’
‘ကယ်ကြပါဦး...’