ဖုန်းကုန်းသည် ရှောက်ယီအား ဘာအဖြေမျှ ပြန်လည်၍ မပေးရသေးမီ အချိန်မှာတင်... ထိုကျောက်တုံးတောင်တုပေါ်က လူသည် တကယ့်ကို အေးစိမ့်လှသော လေသံဖြင့် ထပ်မံ၍ လှောင်ပြောင်ရယ်မောလိုက်ပြန်တော့၏။
“မင်းတို့က... ထွက်ပြေးချင်နေတာလား...”
“ဒါပေမဲ့... မင်းတို့အတွက် အခွင့်အရေးက ကုန်ဆုံးသွားခဲ့ပြီ...”
ထိုစကားလုံးများ ထွက်ပေါ်လာပြီးနောက်တွင်မူ ဘေးပတ်ဝန်းကျင်ရှိ လေထုကြီးတစ်ခုလုံးမှာ ရုတ်တရက်ဆိုသလို အလွန်အမင်း ပူပြင်းလာခဲ့ရပြီး... ကောင်းကင်ယံက ကျရောက်နေသော မိုးရေစက်များပင် ကြမ်းပြင်ပေါ်သို့ မကျရောက်နိုင်တော့ဘဲ လေထုထဲမှာတင် တရှူးရှူးမြည်ဟီးကာ ချက်ချင်းပင် အငွေ့ပျံကွယ်ပျောက်သွားခဲ့ရတော့သည်။
ရှောက်ယီ တကယ့်ကို ထိတ်လန့်တုန်လှုပ်သွားခဲ့ရသော်လည်း... သူသည် ထိုလူ၏ စကားလုံးများကြောင့် ဘေးပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာခဲ့သည့် အခြေအနေများကြောင့် ထိတ်လန့်သွားခဲ့ရခြင်း မဟုတ်ပါချေ။ သူသည် ထိုလူ ပြောဆိုလိုက်သည့် စကားလုံးများ၏ အဓိပ္ပာယ်ကြောင့်သာ တကယ့်ကို အံ့အားသင့်သွားခဲ့ရခြင်း ဖြစ်ပေသည်
‘ထွက်ပြေးတာလား...’
သူ စိတ်ထဲကနေ တွေးတောလိုက်မိ၏။
‘ဒီနေရာမှာ ဘယ်သူကများ ထွက်ပြေးဖို့အတွက် ကြိုးစားနေလို့လဲ...’
‘ငါက ထွက်ပြေးဖို့အတွက် စဉ်းစားတောင် မစဉ်းစားရသေးဘူး...’
‘နေပါဦး... မဟုတ်သေးပါဘူး...’
‘အို... ဒါက ဘယ်လိုမှ မဖြစ်နိုင်တာကြီးကို...’
ထို့နောက် သူသည် တကယ့်ကို ထိတ်လန့်တုန်လှုပ်လှသော မျက်ဝန်းများဖြင့် ဖုန်းကုန်းအား လှမ်း၍ ကြည့်ရှုလိုက်မိတော့သည်။ အမြဲတမ်း မိမိကိုယ်မိမိ ယုံကြည်မှု အပြည့် ရှိနေခဲ့သော သူ၏ အပေါင်းအဖော်ဖြစ်သူမှာ... လက်ရှိအချိန်တွင် ဘာဖြစ်လို့ ယခုလိုမျိုး ထွက်ပြေးချင်စိတ် ဖြစ်ပေါ်လာလောက်အောင်အထိ ထိတ်လန့်နေခဲ့ရတာလဲဆိုတာကို သူ လုံးဝ မယုံကြည်နိုင် ဖြစ်နေခဲ့ရ၏
ဖုန်းကုန်းလည်း သူ၏ အကြည့်ကို တုန့်ပြန်ရန်အတွက် လှည့်ကြည့်လိုက်ရာ... ရှောက်ယီသည် သူ၏ အပေါင်းအဖော်ဖြစ်သူ၏ မျက်ဝန်းများအတွင်း၌ တကယ့်ကို ထူးဆန်းလှသော အမူအရာတစ်ခု ဖြစ်ပေါ်နေခဲ့ကြောင်း သေချာစွာ မြင်တွေ့လိုက်ရတော့သည်။
‘နေပါဦး... သူက တကယ်ပဲ ကြောက်လန့်နေတာလား...’
လူသတ်သမားတစ်ဦးအနေဖြင့် တိုက်ပွဲမစတင်မီ အချိန်မှာတင် ယခုလိုမျိုး မိမိကိုယ်မိမိ ယုံကြည်မှုများ ကင်းမဲ့သွားခဲ့ပြီ ဖြစ်ရာ... ထိုသို့ဆိုလျှင် ၎င်းတို့အနေဖြင့် ယခုတိုက်ပွဲကို ဘယ်လိုမျိုး ဆက်လက်၍ ဆင်နွှဲနိုင်ပါဦးမည်နည်း။
ရှောက်ယီသည် ယခုအချိန်အထိ တည်ငြိမ်စွာဖြင့် ဟန်ဆောင်နိုင်ခဲ့သော်လည်း... လက်ရှိအချိန်တွင်မူ သူကိုယ်တိုင်လည်း တကယ့်ကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီ ဖြစ်ပေသည်
......
‘ရှောက်ယီက... ကြောက်လန့်နေတာလား၊ သူက တကယ်ပဲ ထွက်ပြေးဖို့အတွက် စဉ်းစားနေတာလား...’
ဒါက ဖုန်းကုန်း၏ စိတ်ထဲက အတွေးများ ဖြစ်ပေသည်။
သူသည် မိမိ၏ အပေါင်းအဖော်ဖြစ်သူအား လှည့်၍ ကြည့်ရှုလိုက်မိရင်း... သူ၏ မျက်ဝန်းများအတွင်းက ထိတ်လန့်တုန်လှုပ်မှုများမှာ ပိုမို၍ပင် ကြီးမားလာခဲ့ပြီ ဖြစ်ကြောင်း မြင်တွေ့လိုက်ရတော့၏။ သူသည် လက်ရှိ ဖြစ်ပေါ်လာသည့် အခြေအနေများမှာ မိမိတို့၏ ထိန်းချုပ်မှုအောက်ကနေ လုံးဝ လွတ်ထွက်သွားခဲ့ပြီ ဖြစ်ကြောင်း ချက်ချင်းပင် သိရှိသွားခဲ့ရသည်။
‘ရှောက်ယီက... ထိုလူရဲ့ စကားလုံးတွေရဲ့ လမ်းညွှန်မှုအောက်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ရမယ်...’
သူ စိတ်ထဲကနေ တွေးတောလိုက်မိ၏။
‘သူက ထိုလူရဲ့ ခြိမ်းခြောက်မှုကို ခံလိုက်ရတာလည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် ငါ့ကြောင့်လည်း ဖြစ်နိုင်တာပဲ...’
‘တကယ်လို့ အနောက်က အချက်ကြောင့်သာ ဆိုရင်တော့... ဟိုဘက်က လူက တကယ့်ကို ကြောက်စရာကောင်းတဲ့ စွမ်းအားရှင်တစ်ယောက် ဖြစ်ရမယ်...’
ဖုန်းကုန်း စိတ်ထဲတွင် တကယ့်ကို မတင်မကျ ဖြစ်လာခဲ့ရတော့သည်။
ဘယ်လိုပဲဖြစ်ဖြစ်... လက်ရှိအချိန်တွင်မူ တိုက်ပွဲတစ်ခုကို ဆက်လက်၍ ဆင်နွှဲရန် တကယ့်ကို မဖြစ်နိုင်တော့ပါချေ။
ထိုကျောက်တုံးတောင်တုပေါ်က လူသည် မိမိကိုယ်မိမိ တကယ့်ကို ယုံကြည်မှု အပြည့် ရှိနေခဲ့ပြီး စိတ်ပညာ ကစားပွဲများကို ဘယ်လိုမျိုး ကစားရမလဲဆိုတာကို သေချာစွာ သိရှိထားခဲ့ခြင်း ဖြစ်ပေသည်။ သူသည် မိမိတို့နှစ်ဦးစလုံးအား တိုတောင်းလှသော အချိန်ကာလတစ်ခုအတွင်းမှာတင် တုန်လှုပ်ချောက်ချားသွားအောင် ပြုလုပ်နိုင်စွမ်း ရှိခဲ့ပေသည်။ ထိုအချက်က ၎င်းတို့အား ပိုမို၍ တွေးတောနိုင်ရန်အတွက် အချိန်အလုံအလောက် ပေးစွမ်းနိုင်ခြင်း မရှိပါချေ။
၎င်းကပင် လက်ရှိအချိန်တွင် သူနှင့် သူ၏ အပေါင်းအဖော်ဖြစ်သူအကြားက စိတ်ချင်းဆက်သွယ်မှုများကိုပင် ပျက်ပြားသွားစေခဲ့ခြင်း ဖြစ်ပေသည်။
သူ ဘာဆက်လုပ်ရမလဲဆိုတာကို တွေးတောနေခဲ့သည့် အချိန်မှာတင်... ထိုကျောက်တုံးတောင်တုပေါ်က လူသည် မိမိ၏ ဝတ်စုံလက်အင်္ကျီကို ခါယမ်းလိုက်မိရင်း... လက်ဖဝါးထက်တွင် မီးဝိညာဉ်စွမ်းအင်များကို ထုတ်ဖော်ပြသလိုက်သည်ကို မြင်တွေ့လိုက်ရတော့၏။
‘ဝိညာဉ်အရင်းအမြစ် စွမ်းအင်လား...’
ဖုန်းကုန်း သူ၏ ဝိညာဉ်တစ်ခုလုံး ခန္ဓာကိုယ်ထဲကနေ လွတ်ထွက်သွားခဲ့ရပြီး အေးစိမ့်လှသော ငရဲဘုံတစ်ခုအတွင်းသို့ ရောက်ရှိသွားခဲ့ရသည့်အလား တကယ့်ကို ထိတ်လန့်တုန်လှုပ်သွားခဲ့ရတော့သည်။
‘ဝိညာဉ်အရင်းအမြစ် စွမ်းအင်ပဲ...’
“သူက ရွှီရှောင်ရှို့ မဟုတ်ဘူး...”
ရှောက်ယီ၏ စိတ်ချင်းဆက်သွယ်မှု အော်ဟစ်သံကြီးက တကယ့်ကို ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့ပြီး ၎င်းကို လုံးဝ ဖုံးကွယ်ထားနိုင်ခြင်း မရှိပါချေ။
ရွှီရှောင်ရှို့အနေဖြင့် ပြိုင်ပွဲများ ပြီးဆုံးသွားပြီးနောက်တွင် ဝိညာဉ်စွမ်းအင်ကျင့်ကြံခြင်း အဆင့်ကိုးသို့ ချက်ချင်း ချိုးဖျက်ဝင်ရောက်နိုင်စွမ်း ရှိခဲ့သည်ဟု ထားဦးတော့... သို့သော် သူ မည်မျှပင် ပါရမီထူးချွန်လှသော ပါရမီရှင်တစ်ဦး ဖြစ်နေပါစေဦး... ယခုလိုမျိုး အချိန်တိုအတွင်းမှာတင် အဆင့် ၁၀ သို့ ထပ်မံ၍ ချိုးဖျက်ဝင်ရောက်နိုင်စွမ်း ရှိမှာ မဟုတ်သလို မွေးရာပါအဆင့်သို့လည်း ရောက်ရှိနိုင်စွမ်း ရှိမှာ မဟုတ်ပါချေ
၎င်းတို့အနေဖြင့် ကနဦးတုန်းကမူ... ထိုလူ၏ စွမ်းအားမှာ ဝိညာဉ်စွမ်းအင်ကျင့်ကြံခြင်း အဆင့်ကိုးတွင်သာ ရှိနေသေးသည်ဟု ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်ပေသည်၊ သို့သော် လက်တွေ့တွင်မူ ထိုလူသည် မိမိ၏ အစွမ်းထက်လှသော မီးဝိညာဉ်အရင်းအမြစ် စွမ်းအင်များကိုပင် ထုတ်ဖော်ပြသနိုင်စွမ်း ရှိပေသည်။ ၎င်းက ထိုလူသည် မိမိ၏ စွမ်းအားများကို သေချာစွာ ဖုံးကွယ်ထားခဲ့သော မွေးရာပါအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း သေချာစွာ သက်သေပြနေခဲ့ခြင်း ဖြစ်ပေသည်။
‘သူက ငါတို့နှစ်ယောက်စလုံးကို လှည့်စားခဲ့တာပဲ...’
‘သူက... သေချာပေါက် ရွှီရှောင်ရှို့ မဟုတ်ဘူး...’
“ထွက်ပြေးကြစို့...”
ဖုန်းကုန်း မိမိ၏ လေသံကို နှိမ့်ချလိုက်မိရင်း ချက်ချင်းပင် ပြောဆိုလိုက်တော့၏။
ရှောက်ယီလည်း ချက်ချင်းပင် အနောက်သို့ ဆုတ်ခွာလိုက်မိရင်း သူ၏ အပေါင်းအဖော်ဖြစ်သူ၏ အနောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့တော့သည်။
“မင်းတို့က... တကယ်ပဲ ဒီနေရာကနေ လွတ်မြောက်နိုင်လိမ့်မယ်လို့ ထင်နေတာလား...”
ထိုကျောက်တုံးတောင်တုပေါ်က လူသည် ဖြည်းညှင်းစွာ လှောင်ပြောင်ရယ်မောလိုက်တော့၏။ ၎င်းတို့နှစ်ဦးစလုံး ခြံဝင်းပြင်ပသို့ ရောက်ရှိရန် ကြိုးစားလိုက်သည့် အချိန်မှာတင်... ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ ပြင်းထန်စွာ တုန်လှုပ်ချောက်ချားသွားခဲ့ရပြီး ကောင်းကင်ယံက ကျရောက်နေသော မိုးရေစက်များပင် လေထုထဲတွင် ရပ်တန့်သွားခဲ့ရသဖြင့် ထိုမြင်ကွင်းက တကယ့်ကို ကြောက်စရာကောင်းလှပေသည်
ခရက်... ခရက်... ခရက်...
ကြမ်းပြင်ပေါ်တွင် စုဝေးနေခဲ့သော မိုးရေများထက်တွင် ဝဲကရက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ရပြီး... ရေပူဖောင်းများစွာမှာလည်း တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့ရသည်။ ကြည့်ရသည်မှာ ထိုမိုးရေများမှာ တကယ့်ကို ဆူပွက်နေခဲ့သည့်အလား ထင်မှတ်ရပေသည်။
ရွှီရှောင်ရှို့အနေဖြင့် ထိုလူများအား မိမိ၏ မျက်စိရှေ့ကနေ အဝေးဆုံးသို့ ထွက်ပြေးသွားစေချင်စိတ်သာ ရှိပေသည်။ ထိုလူများအနေဖြင့် ကမ္ဘာမြေကြီး၏ အဆုံးသတ်ထံသို့ ထွက်ပြေးသွားခဲ့ကြပြီး မည်သည့်အခါမျှ ပြန်လည်၍ ရောက်ရှိမလာခဲ့ကြလျှင် တကယ့်ကို အကောင်းဆုံး ဖြစ်ပေလိမ့်မည်၊ သို့သော် ၎င်းတို့ ဆက်လက်၍ ရှိနေစေရန်အတွက် သူ့အနေဖြင့် တစ်စုံတစ်ခုသော အရာကို မဖြစ်မနေ လုပ်ဆောင်ရမှာ ဖြစ်ပေသည်
တကယ်လို့ သူ့အနေဖြင့် ထိုလူနှစ်ဦး ထွက်ပြေးသွားခဲ့ပြီးနောက်တွင် ဘာတိုက်ခိုက်မှုမျှ ပြုလုပ်ခြင်း မရှိဘဲ နေထိုင်လိုက်မည်ဆိုပါက... ၎င်းက မိမိ၏ လျှို့ဝှက်ချက်များကို သေချာပေါက် ဖော်ထုတ်လိုက်သလိုမျိုး ဖြစ်သွားမှာ ဖြစ်ပေသည်။
၎င်းအပြင်... သူသည် ထိုလူနှစ်ဦးထဲက တကယ့်ကို ထက်မြက်လှသော လူက မိမိအား စမ်းသပ်ရန်အတွက် ယခုလိုမျိုး ထွက်ပြေးသည့် ပုံစံမျိုး ဟန်ဆောင်နေခဲ့ခြင်းလားဟု ခံစားမိနေခဲ့ပြန်သည်
သူ့အနေဖြင့် အခြားတစ်ဖက်က လူအား တစ်စုံတစ်ခုသော အရာကို လုပ်ဆောင်နိုင်မည့် အခွင့်အရေးမျိုး လုံးဝ ပေးစွမ်း၍ မဖြစ်ပါချေ။
ထို့ကြောင့် သူ့အနေဖြင့် တိုက်ခိုက်မှုတစ်ခုကို မဖြစ်မနေ ပြုလုပ်ရမှာ ဖြစ်သော်လည်း... ၎င်းက ထိုလူများကို ထွက်ပြေးခြင်းမပြုနိုင်အောင် တားဆီးနိုင်စွမ်းရှိသည့် တိုက်ခိုက်မှုမျိုးတော့ မဟုတ်ပါချေ
အကြောင်းရင်းကတော့ သူ အစောပိုင်းတုန်းက လုပ်ဆောင်ခဲ့သမျှသော အရာအားလုံးက... သာမန် ခြိမ်းခြောက်မှုများသာ ဖြစ်နေခဲ့သောကြောင့် ဖြစ်ပေသည်။
သူသည် "ငရဲဘုံကောင်းကင်ယံကျင့်စဉ်" ကို အသုံးပြုကာ ဘေးပတ်ဝန်းကျင်ရှိ အပူချိန်ကို အစွမ်းကုန် မြင့်မားလာစေရန် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး... ၎င်းက ထိုလူများအား မိမိ ဒေါသထွက်လာသည့် အခါမျိုးတွင် ဘာမဆို လုပ်ဆောင်နိုင်စွမ်းရှိသည့် စွမ်းအားရှင်တစ်ဦးအလား ထင်မှတ်မှားသွားစေရန်အတွက် ဖြစ်ပေသည်
ထို့နောက် သူသည်
"ခပ်သိမ်းသော အရာတို့သည် ဓားပင်ဖြစ်သည်"
အလိုအလျောက် စွမ်းရည်ကို အသုံးပြုကာ ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးကို ပြင်းထန်စွာ တုန်လှုပ်သွားအောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး... ၎င်းက မိမိ၏ ဓားအသိစိတ်ဓာတ်များကို ထုတ်ဖော်ပြသခြင်း မရှိဘဲ
"ငါ မင်းတို့ကို တိုက်ခိုက်တော့မယ်"
ဆိုသည့် ကြောက်စရာကောင်းလှသော မြင်ကွင်းကို ဖန်တီးလိုက်ခြင်း ဖြစ်ပေသည်
‘ဒါဆိုရင်...’
‘ယခုလိုမျိုး အရာတွေက... သူတို့ကို ခြိမ်းခြောက်ပြီးတော့ မောင်းထုတ်ပစ်ဖို့အတွက် လုံလောက်ရဲ့လား...’
ရွှီရှောင်ရှို့ သူ၏ "အာရုံခံစွမ်းရည်" ကို အမြင့်မားဆုံးသော အတိုင်းအတာအထိ တိုးမြှင့်လိုက်တော့သည်။ သူ၏ နှလုံးခုန်သံမှာ တကယ့်ကို မြန်ဆန်လွန်းလှသဖြင့် ရင်ဘတ်ထဲကနေ အပြင်သို့ပင် ခုန်ထွက်လုနီးပါး ဖြစ်ပေါ်နေခဲ့ရသော်လည်း... နောက်ထပ် စက္ကန့်ပိုင်းအတွင်းမှာတင် ချက်ချင်းပင် ပြန်လည်၍ တည်ငြိမ်သွားခဲ့ရတော့၏။
သူသည် ထိုခေါင်းစွပ်ကို ချထားခဲ့သော ထက်မြက်လှသည့် လူသည်... ၎င်းတို့နှစ်ဦးစလုံး တံခါးဝသို့ ရောက်ရှိသွားခဲ့ပြီးနောက်တွင် အခြားတစ်ယောက်၏ လှုပ်ရှားမှုများကို အတင်းအကျပ် တားဆီးလိုက်မိရင်း ထိုနေရာမှာတင် ရပ်တန့်သွားခဲ့ရသည်ကို မြင်တွေ့လိုက်ရတော့သည်။
‘ငါ့ရဲ့ လျှို့ဝှက်ချက်က... ပေါက်ကြားသွားခဲ့ပြီလား...’
‘ငါ တစ်စုံတစ်ခုသော အရာကို မှားယွင်းပြီးတော့ လုပ်ဆောင်မိလိုက်တာလား...’
သူ ချက်ချင်းပင် တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ရတော့သည်။
“သံသယဖြစ်ပွားခြင်း၊ အလိုအလျောက်ရမှတ် +၁။”
“သံသယဖြစ်ပွားခြင်း၊ အလိုအလျောက်ရမှတ် +၁။”
“...”
သူ၏ အချက်အလက် ဘားတန်းထက်တွင် စာတန်းများမှာ ထပ်မံ၍ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြန်သည်။ တစ်စုံတစ်ခုသော အခြေအနေများမှာ သေချာပေါက် မှားယွင်းနေခဲ့ပြီ ဖြစ်၏။
သူသည် မိမိ၏ ဦးနှောက်ကို အစွမ်းကုန် အသုံးပြုကာ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်း ရာပေါင်းများစွာကို စဉ်းစားတွေးတောလိုက်သော်လည်း... လက်ရှိအချိန်အထိ ဘာပြဿနာ ဖြစ်ပေါ်နေလဲဆိုတာကို ရှာဖွေနိုင်ခြင်း မရှိသေးပါချေ။
ထိုအချိန်တွင် သူ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများပင် ထွက်ပေါ်လာခဲ့ရတော့သည်။
......
‘သူက ငါ့ကို အကွက်ဆင်ခဲ့တာပဲ...’
‘သူက... ခြိမ်းခြောက်နေခဲ့တာပဲ...’
ဖုန်းကုန်း စိတ်ထဲကနေ တွေးတောလိုက်မိ၏။
ဖုန်းကုန်းသည် ရှောက်ယီ၏ မျက်ဝန်းများအတွင်းက ဝေဝါးလှသော အမူအရာများကို ဂရုစိုက်မနေတော့ပါချေ။ သူ၏ ဦးနှောက်က ဆက်လက်၍ အလုပ်လုပ်ဆောင်လာခဲ့ပြန်ပြီ ဖြစ်သည်။
ထိုကျောက်တုံးတောင်တုပေါ်က လူသည် တကယ့်ကို ကြောက်စရာကောင်းလှသော အခြေအနေများကို ဖန်တီးနိုင်စွမ်း ရှိခဲ့ပေသည်။ သို့သော် ပိုမို၍ ဆန်းကြယ်လှသည့် အချက်ကမူ ထိုလူသည် မိမိတို့နှစ်ဦးစလုံး ထွက်ပြေးရန် ပြင်ဆင်လိုက်သည့် အချိန်အထိ ဆက်လက်၍ ခြိမ်းခြောက်ရန်အတွက်သာ ကြိုးစားနေခဲ့ခြင်း ဖြစ်ပေသည်
သို့သော် ဘာပဲဖြစ်ဖြစ်... ထိုအရာအားလုံးထက် ပိုမို၍ ဆန်းကြယ်လှသည့် အချက်တစ်ချက် ရှိနေသေးသည်။
သူသည်... ယခုအချိန်အထိ အနောက်ဘက်သို့ လှည့်၍ ကြည့်ရှုခြင်းမျိုး လုံးဝ မပြုလုပ်ခဲ့ပါချေ။
ဖုန်းကုန်း နှုတ်ခမ်းတစ်ချက် တွန့်ကွေးသွားခဲ့ရ၏
“ဟား... ငါ မင်းကို အခုတော့ မိသွားခဲ့ပြီဗျာ...”
သူသည် ရှောက်ယီအား ခေါ်ဆောင်ကာ ထွက်ပြေးသည့် ပုံစံမျိုး ပြုလုပ်ခဲ့ခြင်းက... ၎င်းကိုယ်တိုင်ကပင် လှည့်ကွက်တစ်ခု ဖြစ်ပေသည်။ လက်တွေ့တွင်မူ ထိုလူသည် မိမိတို့နှစ်ဦးစလုံး၏ ခြေလှမ်းများ နှေးကွေးသွားခဲ့သည့်တိုင်အောင် မည်သည့် တိုက်ခိုက်မှုမျိုးကိုမျှ လာရောက်ပြုလုပ်ခြင်း မရှိခဲ့ပါချေ၊ ၎င်းကပင် တစ်စုံတစ်ခုသော အခြေအနေများမှာ သေချာပေါက် မှားယွင်းနေခဲ့ပြီ ဖြစ်ကြောင်း ဖော်ပြနေခဲ့ခြင်း ဖြစ်ပေသည်။
သူ အစောပိုင်းတုန်းက ဖြစ်ပေါ်ခဲ့သမျှသော သံသယများမှာ ချက်ချင်းပင် ကွယ်ပျောက်သွားခဲ့ရပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် လက်ရှိအချိန်တွင် ထိုလူသည် ရွှီရှောင်ရှို့ ဖြစ်ကြောင်းကို တကယ့်ကို သေချာပြတ်သားစွာဖြင့် ပြောဆိုနိုင်ခဲ့ပြီ ဖြစ်၏
ဖုန်းကုန်း ချက်ချင်းပင် မိမိ၏ အပေါင်းအဖော်ဖြစ်သူထံသို့ စိတ်ချင်းဆက်သွယ်ကာ ပြောဆိုလိုက်တော့သည်
“ရှောက်ယီ... ငါ့ရဲ့ အချက်ပြမှုအတိုင်း လိုက်ပါပြီးတော့ လုပ်ဆောင်စမ်း၊ ငါတို့တွေ အရင်ဆုံး...”
“မင်းတို့နှစ်ယောက်စလုံးက... ဒီနေရာက ငါ့ရဲ့ ကိုယ်ပိုင်နယ်မြေ ဖြစ်တယ်ဆိုတာကို မေ့လျော့နေကြတာလား...”
တကယ့်ကို အက်ကွဲအေးစိမ့်လှသော အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ရပြီး... ၎င်းက ဖုန်းကုန်း၏ စကားပြောဆိုမှုများကို ချက်ချင်းပင် ဖြတ်တောက်လိုက်တော့၏
ဝုန်း...
ခြံဝင်းအတွင်းရှိ ဝိညာဉ်အစီအရင် အတားအဆီးမှာ ချက်ချင်းပင် အသက်ဝင်လှုပ်ရှားလာခဲ့ရသည်။ ထိုအကာအကွယ် အတားအဆီးကြီးက တစ်ခြံဝင်းလုံးကို ဖုံးလွှမ်းသွားခဲ့ရပြီး... အပြင်ဘက်က သစ်သားတံခါးကြီးမှာလည်း ဝုန်းခနဲ ပြန်လည်၍ ပိတ်ဆို့သွားခဲ့ရတော့၏။
ဖုန်းကုန်း ထိုနေရာမှာတင် ချက်ချင်းပင် ဆွံ့အသွားခဲ့ရတော့သည်။ သူသည် မိမိနှင့် တကယ့်ကို နီးကပ်လှသော နေရာတွင် ရှိနေခဲ့သည့် အကာအကွယ်အတားအဆီးကို လှမ်း၍ ကြည့်ရှုလိုက်မိရင်း... သူ၏ ဦးနှောက်တစ်ခုလုံးလည်း တကယ့်ကို ရှုပ်ထွေးသွားခဲ့ရတော့၏
‘သူက ရွှီရှောင်ရှို့ မဟုတ်ဘူးလား...’
သူ၏ ကနဦး ဆုံးဖြတ်ချက်များအရမူ... ထိုလူသည် ရွှီရှောင်ရှို့ ဖြစ်မှာ သေချာလှပေသည်။
သို့သော် တကယ်လို့ ထိုလူသည် ရွှီရှောင်ရှို့သာ ဖြစ်မည်ဆိုပါက... သူက ဘာဖြစ်လို့ မိမိတို့နှစ်ဦးစလုံးအား ယခုနေရာအတွင်း၌ အတင်းအကျပ် ပိတ်လှောင်ထားဝံ့ရတာလဲဆိုတာကို သူ စဉ်းစား၍ မရနိုင် ဖြစ်နေခဲ့ရ၏။
ရန်သူများ အထဲသို့ ရောက်ရှိလာခဲ့ပြီးနောက်တွင် ယခုလိုမျိုး တံခါးကို ပိတ်ဆို့လိုက်ခြင်းက... မိမိကိုယ်မိမိ သေကြောင်းကြံစည်လိုက်သလိုမျိုး တကယ့်ကို မိုက်မဲလှသော အပြုအမူတစ်ခု ဖြစ်ပေသည် မဟုတ်လား။
ဖုန်းကုန်း တကယ့်ကို ဆွံ့အသွားခဲ့ရပြီး အကြောင်းအရင်းကို အစွမ်းကုန် တွေးတောလိုက်တော့၏။
‘ဒါက... ဘယ်လိုမျိုး ဖြစ်နိုင်မှာလဲ...’
‘သူက တကယ်ပဲ ရွှီရှောင်ရှို့ မဟုတ်တာလား...’
‘ဒါမှမဟုတ်ရင်...’
‘သူက ရွှီရှောင်ရှို့ ဖြစ်နေခဲ့ပြီး... ငါက ဘာကို ခန့်မှန်းမလဲဆိုတာကို သူက ကြိုတင်ပြီးတော့ ခန့်မှန်းနိုင်ခဲ့တာလား၊ အဲဒါကြောင့်ပဲ ငါ့ရဲ့ အတွေးတွေကို လမ်းလွဲသွားအောင် ယခုလိုမျိုး ပြုလုပ်လိုက်တာလား...’
‘...”
‘ဒါက တကယ့်ကို အဓိပ္ပာယ်မရှိတာကြီးပဲ...’
‘ဘယ်သူကများ... ယခုလိုမျိုး တကယ့်ကို ဖိအားတွေ အပြည့် ရှိနေတဲ့ အခြေအနေမျိုးမှာ... အဲဒီလောက်အထိ လိုက်ပြီးတော့ ခန့်မှန်းချက်တွေကို ဖန်တီးနေနိုင်မှာမို့လို့လဲ...’
ဖုန်းကုန်း၏ အတွေးအခေါ်များမှာ လုံးဝ ပျက်ပြားသွားခဲ့ရပြီ ဖြစ်သည်။ ထိုဝိညာဉ်အစီအရင်၏ အသက်ဝင်လှုပ်ရှားလာမှုကြီးက... သူ၏ စိတ်ကူးအစီအစဉ်များအားလုံးကို တကယ့်ကို ရှုပ်ထွေးသွားစေခဲ့ခြင်း ဖြစ်ပေသည်။
“ဒီနေရာကနေ လွတ်မြောက်နိုင်မယ့် နည်းလမ်းတွေ ရှိနေပါသေးတယ်၊ ငါတို့တွေ... စိတ်အာရုံကို စုစည်းထားဖို့ပဲ လိုအပ်တာ...”
ဖုန်းကုန်း၏ မျက်ဝန်းများအတွင်း၌ တကယ့်ကို ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်၏။
ရှောက်ယီမှာမူ ယခုအချိန်အထိ မိမိ၏ အပေါင်းအဖော်ဖြစ်သူ၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ ဘယ်လိုမျိုး ဖြတ်သန်းသွားခဲ့ရလဲဆိုတာကို လုံးဝ သိရှိခြင်း မရှိပါချေ၊ သူသည် မိမိ၏ အပေါင်းအဖော်ဖြစ်သူထံကနေ အရှိန်အဟုန်ကို မြှင့်တင်ရန်အတွက် ပြောဆိုသံကို ကြားလိုက်ရသဖြင့် တကယ့်ကို စိတ်လှုပ်ရှားနေခဲ့မိခြင်း ဖြစ်ပေသည်။
ဖုန်းကုန်း နောက်ဆုံးတော့ သူ၏ တည်ငြိမ်မှုများကို ပြန်လည်၍ ရရှိသွားခဲ့ပြီ ဖြစ်သည်
‘ဒါက တကယ့်ကို ကောင်းမွန်လှတယ်...’
သူ စိတ်ထဲကနေ တွေးတောလိုက်မိ၏။
သူ ချက်ချင်းပင် စိတ်ချင်းဆက်သွယ်ကာ မေးမြန်းလိုက်တော့သည်
“ဖုန်းကုန်း... မင်းပြောတဲ့ အရှိန်အဟုန်ဆိုတာက ဘာကို ဆိုလိုတာလဲ၊ မင်းက...”
“ပါးစပ်ပိတ်စမ်း...”
ဖုန်းကုန်း တကယ့်ကို ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့၏။
ရှောက်ယီ ထိုနေရာမှာတင် လုံးဝ ဆွံ့အသွားခဲ့ရပြီး လက်တွေ့တွင် ဘာတွေ ဖြစ်ပျက်သွားခဲ့ရလဲဆိုတာကို စဉ်းစား၍ မရနိုင် ဖြစ်နေခဲ့ရတော့သည်။
ဖုန်းကုန်း သူ၏ ခေါင်းကို လှည့်လိုက်မိသည့် အခါတွင်မူ... သူ၏ မျက်ဝန်းနှစ်ဖက်စလုံးမှာ တကယ့်ကို နီရဲနေခဲ့ပြီ ဖြစ်၏။ သူသည် မိမိ၏ အတွေးအခေါ်များကို ပြန်လည်၍ စုစည်းရန်အတွက် အစွမ်းကုန် ကြိုးစားလိုက်မိရင်း... ထိုကျောက်တုံးတောင်တုပေါ်က လူက ဘာကို လုပ်ဆောင်ရန်အတွက် ရည်ရွယ်ထားလဲဆိုတာကို နားလည်နိုင်ရန်အတွက် ပြုလုပ်လိုက်တော့သည်။
သို့သော် ရှောက်ယီ၏ ထိုစကားတစ်ခွန်းကြောင့်ပင်... သူ၏ အတွေးအခေါ်များအားလုံးမှာ တကယ့်ကို ဆိုးရွားလှစွာဖြင့် ပျက်စီးသွားခဲ့ရပြီ ဖြစ်သဖြင့် ထိုအတွေးများကို ပြန်လည်၍ စုစည်းနိုင်စွမ်း လုံးဝ မရှိတော့ပါချေ
‘အရာအားလုံးက... ပြီးဆုံးသွားခဲ့ရပြီ...’
‘ငါတို့တွေ... သေချာပေါက် ပျက်စီးသွားခဲ့ရပြီ...’
ဖုန်းကုန်း၏ မျက်ဝန်းများအတွင်း၌ တကယ့်ကို ထိတ်လန့်တုန်လှုပ်မှုများဖြင့်သာ ပြည့်နှက်နေခဲ့ရတော့သည်။ သူသည် မိမိ၏ ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်း အားလုံးကို လုံးဝ ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်၏။
ဖုန်းကုန်း လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများကို သေချာစွာ မစဉ်းစားနိုင်သေးမီ အချိန်မှာတင်... သူ၏ အနောက်ဘက်က အသံကြီးက တကယ့်ကို နီးကပ်စွာဖြင့် ထွက်ပေါ်လာခဲ့ရသဖြင့် ကြည့်ရသည်မှာ ထိုအသံက သူ၏ နားရွက်ဘေးနား တည့်တည့်တွင်တင် ရှိနေခဲ့သည့်အလား ထင်မှတ်ရပေသည်
“လှည့်လာခဲ့စမ်း... ငါ့ကို လှမ်းပြီးတော့ ကြည့်စမ်း...”
ဖုန်းကုန်း၏ နှလုံးခုန်သံမှာ ထိုအချိန်တွင် ချက်ချင်းပင် ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့ရပြီး... ထိုလူသည် မိမိ ဘာတွေးတောနေလဲဆိုတာကို သိရှိနေခဲ့ခြင်းလားဟု တွေးတောလိုက်မိပြန်သည်။
၎င်းကသာ ဖုန်းကုန်းအနေဖြင့် တကယ့်ကို သေချာပြတ်သားစွာ ခံစားမိနေခဲ့သည့် တစ်ခုတည်းသော အချက် ဖြစ်ပေသည်—ထိုကျောက်တုံးတောင်တုပေါ်က လူသည် ၎င်းတို့ရှိရာဘက်သို့ လှည့်ကြည့်ရန်အတွက် လုံးဝ ဝံ့ရဲမှာ မဟုတ်ပါချေ။ ၎င်းက သူ ယုံကြည်ကိုးစားထားခဲ့သည့် တစ်ခုတည်းသော အချက်လည်း ဖြစ်ပေသည်။
သို့သော် အခြားတစ်ဖက်က လူသည် သူ၏ အတွေးအခေါ်များ ရှုပ်ထွေးနေခဲ့သည့် အချိန်မှာတင်... သူ၏ လျှို့ဝှက်ချက်များကို သေချာစွာ မြင်တွေ့သွားခဲ့ခြင်း ဖြစ်ပေသည်။
သူ့အနေဖြင့် ထိုလူသည် မိမိ၏ စိတ်ထဲက အတွေးများကို အစကတည်းကပင် တိကျစွာ သိရှိနေခဲ့ခြင်းလားဟု မတွေးတောဘဲ မနေနိုင် ဖြစ်နေခဲ့ရတော့၏
ဖုန်းကုန်း အနောက်ဘက်သို့ လှည့်ကြည့်ရန်အတွက် ကြိုးစားလိုက်သော်လည်း... သူ၏ လည်ပင်းကြွက်သားများမှာ တကယ့်ကို တောင့်တင်းနေခဲ့ပြီ ဖြစ်သဖြင့် ဘယ်လိုမှ လှုပ်ရှားနိုင်စွမ်း မရှိပါချေ။
ဘာပဲဖြစ်ဖြစ်...
လူသတ်သမားတစ်ဦးအတွက်မူ...
ရန်သူ့အား မိမိ၏ မျက်နှာကို မြင်တွေ့ခွင့် ပေးလိုက်ခြင်းက... သေဆုံးခြင်းကို ဖိတ်ခေါ်လိုက်သလိုမျိုး ဖြစ်ပေသည် မဟုတ်လား