လေပြင်းများ တိုက်ခတ်နေပြီး မိုးဖွဲဖွဲလေးများ ရွာသွန်းနေဆဲဖြစ်ရာ... ငန်းအိုင်ကြီး၏ ဘေးပတ်ဝန်းကျင်တစ်ခုလုံးမှာ ဝေဝါးလှသော မြူခိုးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ ထိုမိုးရွာသွန်းနေသော ညဉ့်ဦးယံအချိန်တွင် လူနှစ်ဦးမှာ အမှောင်ထုကို အမှီပြု၍ လျှောက်လှမ်းလာခဲ့ကြ၏။
“ဟေး... ဖုန်းကုန်း၊ မင်းမထင်ဘူးလား... ငါတို့တွေ အခုလိုအချိန်မျိုးမှာ လှပတဲ့ မိန်းကလေးတွေကို ဖက်ပြီး အိပ်ရာထဲမှာ လှဲလျောင်းနေသင့်တာ မဟုတ်ဘူးလားလို့...”
“ဒီရာသီဥတုက... ဒီရာသီဥတုကြီးက လူကို တကယ့်ကို အိပ်ငိုက်စေတာပဲကွာ...”
ဝတ်စုံနက် ဝတ်ဆင်ထားသော လူနှစ်ဦးမှာ ငန်းအိုင်ကြီးကို ဘေးကပ်လျက် လျှောက်လှမ်းလာခဲ့ကြသည်။ တစ်ယောက်မှာ ခေါင်းစွပ်ကို သေချာစွာ စွပ်ထားခဲ့ပြီး အခြားတစ်ယောက်ကမူ ခေါင်းစွပ်ကို ချထားခဲ့၏။
ရှောက်ယီသည် သူ၏မျက်နှာကို ကွယ်ပျောက်လုနီးပါး ဖြစ်အောင် ခေါင်းစွပ်ကို တင်းတင်းကျပ်ကျပ် စွပ်ထားခဲ့ပြီး... လက်ထဲက အရက်ဗူးသီးခြောက်ကြီးကို မော့ကာ အရက်တစ်ငုံ ထပ်မံ၍ သောက်လိုက်မိရင်း ဗိုက်ကို ပွတ်သပ်ကာ လေချဉ်တစ်ချက် တက်လိုက်တော့သည်။
ဂတ်...
ဖုန်းကုန်းသည် ကောင်းကင်ယံထံသို့ လှမ်း၍ ကြည့်ရှုလိုက်၏။ ယခုလိုမျိုး မိုးရွာသွန်းနေသော ညဉ့်ဦးယံအချိန်က နေထွက်လာမည့် အလင်းရောင်ကို ပိတ်ဆို့ထားခဲ့သော်လည်း... မကြာမီ အချိန်အတွင်းမှာတင် မိုးလင်းတော့မှာ သေချာလှပေသည်
“ယခုလိုမျိုး အချိန်အခိုက်အတန့်က... လူတွေ သတိအထားဆုံး အချိန်ပဲ...”
သူသည် စိတ်အာရုံကို စုစည်းလိုက်မိရင်း ရှေ့သို့ အရှိန်အဟုန်ဖြင့် ခုန်ပျံကျော်လွှားလိုက်ကာ... သူ၏ အပေါင်းအဖော်ဖြစ်သူအား သတိပေးလိုက်တော့၏
“လူတစ်ယောက်ကို မသတ်ခင်မှာ အရက်မသောက်စမ်းနဲ့... အဲဒါက မင်းရဲ့ ဆုံးဖြတ်ချက်တွေကို ထိခိုက်စေနိုင်တယ်...”
ရှောက်ယီ သူ၏ လက်လှုပ်ရှားမှုများကို ခေတ္တမျှ ရပ်တန့်လိုက်သော်လည်း... သူ၏ ခြေလှမ်းအရှိန်အဟုန်ကိုမူ လျှော့ချခြင်း မရှိဘဲ အနောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။
“အို... စိတ်အေးအေးထားစမ်းပါ၊ ဘာမှ မဖြစ်ပါဘူး...”
“ဒါက ဘာပြဿနာမှ မရှိဘူး၊ ငါက မင်းကို အဝတ်ခေါင်းစွပ် စွပ်ထားဖို့အတွက် ပြောမလို့ပဲ... မိုးရေတွေက မင်းရဲ့ အမြင်အာရုံကို နှောင့်ယှက်နိုင်တယ် မဟုတ်လား၊ အဲဒါက မင်း လူသတ်တဲ့ အခါကျရင် အနှောင့်အယှက် ဖြစ်စေလိမ့်မယ်...”
ဖုန်းကုန်း သူ၏ မျက်နှာပေါ်က အေးစိမ့်လှသော မိုးရေများကို သုတ်သင်လိုက်မိရင်း ပြောဆိုလိုက်၏ “မိုးရေတွေက အေးစိမ့်တယ်၊ အဲဒါက ငါ့ကို ပိုပြီးတော့ နိုးကြားစေတာပဲ...”
ရှောက်ယီ သူ၏ အရက်ဗူးသီးခြောက်ကို တစ်ချက် ပွတ်သပ်လိုက်မိရင်း မျက်ခုံးတစ်ချက် ပင့်လိုက်တော့၏။
“မင်း မြင်တဲ့အတိုင်းပဲ... လူတစ်ယောက်ချင်းစီမှာ မတူညီတဲ့ ဝါသနာတွေ ရှိကြတာပဲဥစ္စာ...”
“ငါက အရက်သောက်ရတာကို သဘောကျတယ်၊ မင်းကတော့ မိုးရေထဲမှာ နေရတာကို သဘောကျတယ်... ငါတို့ နှစ်ယောက်စလုံးက မိမိတို့ အလိုရှိတဲ့ အရာတွေကို ရရှိထားကြတာပဲ မဟုတ်လား၊ ဒါက တကယ့်ကို အဆင်ပြေတယ်မလား...”
ဖုန်းကုန်း၏ နှုတ်ခမ်းထောင့်စွန်းများမှာ အနည်းငယ် တွန့်ကွေးသွားခဲ့ရသည်။ သူ ခဏမျှ တိတ်ဆိတ်သွားခဲ့ရပြီးနောက်တွင်မူ စိတ်ပျက်လက်ပျက်ဖြင့် ပြောဆိုလိုက်တော့၏
“အရက်... အရက်သောက်တာက ဘာပြဿနာမှ မရှိပါဘူး၊ ဒါပေမဲ့ မင်းအနေနဲ့ သာမန်လူတစ်ယောက်လိုမျိုး စကားကို ဖြောင့်ဖြောင့်တန်းတန်း မပြောနိုင်ဘူးလား...”
တောက်...
သူသည် မိမိ၏ စကားပြောဆိုမှု ပုံစံမှာပင် သူ၏ အပေါင်းအဖော်ဖြစ်သူကြောင့် လိုက်ပါ၍ ဝေဝါးလာခဲ့ပြီ ဖြစ်ကြောင်း သတိပြုမိလိုက်ရသဖြင့်... ဖုန်းကုန်း ချက်ချင်းပင် ပါးစပ်ပိတ်ထားရန်အတွက် ဆုံးဖြတ်ချက် ချလိုက်တော့၏။
“ဟီးဟီး...”
ရှောက်ယီ တကယ့်ကို ပျော်ရွှင်နေခဲ့ပုံရသည်
“မင်းက ငါပြောတာတွေကို သဘောမကျဘူးလား...”
“အင်း...”
“ကောင်းပါပြီ... ငါကလည်း မင်းရဲ့ ဖြူဖျော့ပြီး အေးစိမ့်နေတဲ့ မျက်နှာသေကြီးကို သဘောမကျဘူး၊ ကြည့်ရတာ သူတော်စင် တစ်ယောက်လိုလို ဘာလိုလိုနဲ့...”
ဖုန်းကုန်း ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်မိရင်း တကယ့်ကို ဒေါသထွက်သွားခဲ့ရသည့် အမူအရာ ဖြစ်ပေါ်လာခဲ့သည်။
“ဘာဖြစ်လို့လဲ... သွားကြစို့လေ...”
ရှောက်ယီ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ရ၏။
“မင်း ဘာတွေ ပြောနေလဲဆိုတာကိုရော သိရဲ့လား...”
ဖုန်းကုန်း၏ စကားပြောသံမှာ သိသိသာသာကြီးကို အေးစိမ့်သွားခဲ့ရပြီး... ၎င်းက ငရဲဘုံထံကနေ ထွက်ပေါ်လာခဲ့သည့် သေမင်းတမန်တစ်ဦး၏ အသံအလား တကယ့်ကို ကြောက်စရာကောင်းလှပေသည်။
“ငါ သိတာပေါ့... ငါတို့တွေ ပြန်ပြီးတော့ အိပ်စက်အနားယူသင့်တယ်လို့ ပြောတာလေ...”
“...”
ဖုန်းကုန်း လေကို ခပ်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်တော့သည်။ သူ၏ အပေါင်းအဖော်ဖြစ်သူမှာ တကယ့်ကို မူးယစ်ရူးသွပ်နေခဲ့ပြီ ဖြစ်မှာ သေချာလှပေသည်။
‘ထားလိုက်ပါတော့... သူနဲ့ ယခုလိုမျိုး အသေးအဖွဲ ကိစ္စတွေကို အငြင်းပွားနေလို့လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး...’ သူ စိတ်ထဲကနေ တွေးတောလိုက်မိ၏ ‘ငါတို့တွေ လုပ်ဆောင်ရမယ့် အရေးကြီးတဲ့ လုပ်ငန်းဆောင်တာ ရှိနေသေးတာပဲ...’
သူ ရှေ့သို့ ထပ်မံ၍ ခုန်ပျံကျော်လွှားလိုက်ပြန်တော့၏။
ရှောက်ယီ သူ၏ ခေါင်းစွပ်ကို တုန်ရီနေသော လက်များဖြင့် အနည်းငယ် အနောက်သို့ ဆွဲလိုက်တော့သည်။ သူ၏ မျက်နှာထက်တွင် မိုးရေများ ကျရောက်ခြင်း မရှိခဲ့သော်လည်း... လက်ရှိအချိန်တွင်မူ တကယ့်ကို အေးစိမ့်လှသော ချွေးစေးများဖြင့် ဖုံးလွှမ်းနေခဲ့ပြီ ဖြစ်၏။
‘ဘုရားရေ... ငါ အခုလေးတင် ဘာတွေ ပြောမိလိုက်တာလဲ၊ ငါက တကယ်ပဲ အသက်ရှင်ရတာကို ငြီးငွေ့နေပြီလား...’
‘အဲဒီလူက ဖုန်းကုန်းပဲဥစ္စာ... သူက တကယ့်ကို ရက်စက်လှတဲ့ သွေးစွန်းသော လက်ဝါးပိုင်ရှင် ပဲ မဟုတ်လား...’
‘ကံကောင်းလို့ ငါ ရိုးရိုးရှင်းရှင်းလေးပဲ ဟန်ဆောင်ပြီး ကျော်ဖြတ်နိုင်ခဲ့လို့ပဲ၊ ဖုန်းကုန်းက ဒီလောက်နဲ့တော့ ငါ့ကို သတ်ပစ်မှာ မဟုတ်ပါဘူး...’
သူ စကားအမှား ပြောဆိုမိပြီးနောက် ထွက်ပေါ်လာခဲ့သည့် သူ၏ အပေါင်းအဖော်ဖြစ်သူ၏ အေးစိမ့်လှသော အော်ဟစ်သံကြီးကြောင့်... သူသည် ချက်ချင်းပင် မူးနေရာကနေ နိုးကြားသွားခဲ့ရခြင်း ဖြစ်ပေသည်။ ထို့ကြောင့် သူသည် မိမိကိုယ်မိမိ အမှားတစ်ခု ပြုလုပ်မိလိုက်ပြီ ဖြစ်ကြောင်း သိရှိသွားခဲ့ရသဖြင့် တကယ့်ကို အရူးတစ်ယောက်ကဲ့သို့ ဟန်ဆောင်ကာ ကျော်ဖြတ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်ပေသည်
မဟုတ်လျှင် ဖြစ်ပေါ်လာမည့် အကျိုးဆက်များမှာ တကယ့်ကို ဆိုးရွားလှမှာ သေချာပေသည်။
ရှောက်ယီ သူ၏ မျက်နှာပေါ်က ထိုအေးစိမ့်လှသော ချွေးစေးများကို သုတ်သင်လိုက်မိရင်း သူ၏ မျက်နှာအမူအရာကို ချက်ချင်းပင် ပြုပြင်ပြောင်းလဲလိုက်ကာ... သူ၏ အပေါင်းအဖော်ဖြစ်သူ၏ အနောက်ဘက်သို့ အလျင်အမြန် လိုက်ပါသွားခဲ့တော့၏။
မိုးရေများမှာ အဆက်မပြတ် ရွာသွန်းနေဆဲပင် ဖြစ်ပြီး ပိုမို၍ပင် ပြင်းထန်လာခဲ့သည့်အလား ထင်မှတ်ရပေသည်။
ငန်းကန်ဘေးနားရှိ ငန်းများမှာ မိုးဒဏ်ကနေ ကာကွယ်ရန်အတွက် ကျောက်စိမ်းဖြူ ခြံစည်းရိုးများ ဘေးနားတွင် တစ်ကောင်နှင့်တစ်ကောင် ပူးကပ်ကာ စုဝေးနေခဲ့ကြသည်။
အင်း...
သူတို့၏ ကြိုးစားမှုက တကယ့်ကို ကောင်းမွန်လှပေသည်။
......
ထိုကွေ့ကောက်လှသော လမ်းကြောင်းအတိုင်း လျှောက်လှမ်းလာခဲ့ကြသော လူနှစ်ဦး၏ အရှိန်အဟုန်မှာ သိသိသာသာကို လျော့နည်းသွားခဲ့ရပြီ ဖြစ်သည်။
“ဒီဘက်လမ်း... ဟုတ်တယ်မလား...”
ရှောက်ယီ ဘေးပတ်ဝန်းကျင်ကို လှမ်း၍ ကြည့်ရှုလိုက်သည်။ အမှန်အတိုင်း ပြောရမည်ဆိုပါက... သူသည် အပြင်ဘက် တပည့်များဇုန်သို့ မရောက်ရှိခဲ့သည်မှာ တကယ့်ကို ကြာမြင့်နေခဲ့ပြီ ဖြစ်၏။ အမှန်တကယ်ပင် အချိန်ကာလ တကယ့်ကို ကြာမြင့်ခဲ့ပြီ ဖြစ်သဖြင့် သူသည် လမ်းကြောင်းများကိုပင် မေ့လျော့လုနီးပါး ဖြစ်နေခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် ထိုနေရာက အပြောင်းအလဲများစွာ ရှိမနေခဲ့ပါချေ။ မဟုတ်လျှင်မူ သူသည် လမ်းကြောင်းကို သေချာပေါက် ရှာဖွေနိုင်လိမ့်မည် မဟုတ်ပါချေ။
ထို့နောက် သူသည် သစ်တောအုပ်အတွင်း၌ လူတစ်ဦး ရှိနေသည်ကို မြင်တွေ့လိုက်ရသဖြင့် တကယ့်ကို အံ့အားသင့်သွားခဲ့ရတော့၏။
“အပြင်ဘက် တပည့်တွေက ဒီလောက်အထိတောင် ကြိုးစားကြတာလား... မိုးရွာနေတာတောင် ကျင့်ကြံနေကြတုန်းပဲဥစ္စာ...”
“ကောင်းပါပြီ... အတိတ်တုန်းက ငါလည်း ဒီလိုမျိုး သာမန်အဆောင်တွေမှာ တစ်နှစ်လောက် နေထိုင်ခဲ့ဖူးတာပဲ၊ အဲဒီတုန်းက လူတွေ အများကြီး ရှိနေခဲ့ပြီး ကျင့်ကြံဖို့အတွက် တကယ့်ကို မလွယ်ကူခဲ့ဘူး၊ အဲဒါကြောင့်ပဲ ငါ အပြင်ဘက်ကို ထွက်လာခဲ့ရတာ...”
“အတွင်းဘက် တပည့်များဇုန်က တကယ့်ကို ကောင်းမွန်လှတဲ့ နေရာတစ်ခုပဲ၊ ငါ့မှာ ကိုယ်ပိုင် နေရာတစ်ခု ရှိနေခဲ့သလို... လှပတဲ့ မိန်းကလေးတွေလည်း ရှိတယ်...”
ရှောက်ယီ အရက်ကို ဆက်လက်၍ မော့သောက်လိုက်မိရင်း အတိတ်က အကြောင်းအရာများကို တမ်းတနေခဲ့မိပြီး... ဖုန်းကုန်းအနေဖြင့် သူ့အပေါ်တွင် သိသိသာသာကို ပိုမို၍ စိတ်ပျက်လာခဲ့ပြီ ဖြစ်ကြောင်းကိုမူ လုံးဝ သတိပြုမိခြင်း မရှိပါချေ။
သူ အရက်တစ်ငုံ ထပ်မံ၍ သောက်လိုက်မိရင်း... ဗလာကျင်းနေခဲ့သော ခြံဝင်းတစ်ခုအတွင်းသို့ ဝင်ရောက်ခဲ့တော့၏။
ထိုခြံဝင်းကို ဝိညာဉ်အစီအရင်တစ်ခုဖြင့် ဖုံးလွှမ်းထားခဲ့ပြီး... ထိုနေရာသို့ မိုးရေများသာ ဝင်ရောက်နိုင်စွမ်း ရှိပေသည်။ ၎င်းအပြင် ထိုအစီအရင်အတားအဆီး၏ အရှေ့ဘက်တွင်မူ... လူအမြောက်အမြား ဝင်ရောက်၍ ကျင့်ကြံနိုင်လောက်သည်အထိ တကယ့်ကို ကျယ်ဝန်းလှသော ကွင်းပြင်ကြီးတစ်ခု ရှိနေခဲ့ခြင်း ဖြစ်ပေသည်။
“တောက်... ဒါက တကယ့်ကို ချမ်းသာတဲ့ ကောင်လေးတစ်ယောက်ပဲ...”
“အတိတ်တုန်းက ငါဆိုရင်...”
“ပါးစပ်ပိတ်စမ်း...” ဖုန်းကုန်း သူ၏ စကားကို ချက်ချင်းပင် ဖြတ်တောက်လိုက်တော့၏
“ငါတို့ရဲ့ ပစ်မှတ်က ငါတို့ရဲ့ အရှေ့တည့်တည့်မှာ ရှိနေပြီ... မင်းက အခုထိ စကားတွေ များနေတုန်းပဲလား၊ ငါ မင်းကို သင်ကြားပေးခဲ့ဖူးတဲ့ အရာတွေကို မေ့လျော့သွားခဲ့ပြီလား...”
ဂလု... ရှောက်ယီ သူ၏ ခေါင်းကို အနည်းငယ် ကုတ်ဖဲ့လိုက်မိရင်း... သူ၏ စကားများကို ပြန်လည်၍ ရုပ်သိမ်းလိုက်ကာ ပါးစပ်ပိတ်ထားလိုက်တော့၏။
သူ မိမိကိုယ်မိမိ သတ္တိရှိအောင် ပြုလုပ်ရန်အတွက် အရက်တစ်ငုံ ထပ်မံ၍ မော့သောက်လိုက်မိရင်း ထပ်လောင်းပြောဆိုလိုက်တော့သည် “ဖုန်းကုန်း... ဒီတစ်ကြိမ်တော့ ငါ့ကိုပဲ လုပ်ဆောင်ခွင့် ပေးလိုက်ပါ၊ မင်းက အနောက်ကနေပဲ ကြည့်ရှုနေလိုက်တော့... မင်းအနေနဲ့ ပထမဆုံးအကြိမ်မှာတင် ယခုလိုမျိုး ကိစ္စရပ်တွေကို ကိုယ်တိုင် လုပ်ဆောင်နေဖို့ မလိုအပ်ပါဘူး၊ အဲဒါကြောင့်...”
ဖုန်းကုန်း သူ့အား တည်ငြိမ်လှသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သဖြင့်... ရှောက်ယီ ချက်ချင်းပင် ပါးစပ်ပိတ်လိုက်မိရင်း မိမိ၏ နှုတ်ခမ်းကို လက်ချောင်းများဖြင့် ပိတ်ထားသည့် ပုံစံမျိုး ဟန်ဆောင်လိုက်တော့၏
“သွားတော့...”
“မင်း လုပ်ဆောင်မယ့် ပုံစံကို သေချာပေါက် ဂရုစိုက်စမ်း... တစ်ချက်တည်းနဲ့တင် အသက်ပျောက်သွားအောင် ပြုလုပ်ရမယ်...”
ရှောက်ယီ ခေါင်းညိတ်လိုက်မိရင်း... လက်ထဲက အရက်ဗူးသီးခြောက်ကြီးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ရတော့သည်။ ထို့နောက် သူသည် မိမိ၏ လက်ထဲတွင် တိုတောင်းလှသော ဓားမြှောင်နှစ်စင်းကို အသင့်ပြင်ဆင်လိုက်မိရင်း... ထိုဓားသွားများကို ဝတ်စုံလက်အင်္ကျီအတွင်း၌ ဖုံးကွယ်ကာ ထိုနေရာသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားခဲ့တော့၏။
သူ သူ၏ လက်ကို မြှောက်လိုက်မိရင်း...
ထို့နောက် အခန်းတံခါးကို လှမ်း၍ ခေါက်လိုက်တော့သည်။
......
သူ့ရှေ့က ကောင်မလေး၏ အသားအရေမှာ တကယ့်ကို ဖြူစင်ဝင်းပနေခဲ့ပြီး လှပလှသော အရောင်အသွေးများ ထွက်ပေါ်နေခဲ့သည်။ ရွှီရှောင်ရှို့အနေဖြင့် ထိုမျက်နှာကို သေချာစွာ မြင်တွေ့ရခြင်း မရှိသော်လည်း... သူသည် ဂရုစိုက်မနေတော့ပါချေ။
သူ လက်ကို ဆန့်ထုတ်လိုက်မိရင်း ထိုလှပလှသော ခန္ဓာကိုယ်လေးကို ထိတွေ့ရန်အတွက် ပြုလုပ်လိုက်သည့် အချိန်မှာတင်...
ဒုန်း... ဒုန်း... ဒုန်း...
အခန်းတံခါးဝဆီကနေ ပြင်းထန်လှသော တံခါးခေါက်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့ရတော့၏။
“တောက်... သောက်ကျိုးနည်းလိုက်တာဗျာ...”
သူ့ရှေ့က လှပလှသော ခန္ဓာကိုယ်လေးမှာ ချက်ချင်းပင် ကွယ်ပျောက်သွားခဲ့ရသဖြင့်... သူသည် ထိုခန္ဓာကိုယ်လေးကို ဖမ်းဆီးရန်အတွက် ရှေ့သို့ လှမ်း၍ လိုက်လံဆွဲကိုင်လိုက်တော့သည်။
ခရက်...
ခုတင်ထံကနေ မြည်ဟီးသံတစ်ခု ထွက်ပေါ်လာခဲ့ရပြီး... သူသည် မိမိ၏ ခန္ဓာကိုယ် ဟန်ချက်ကို လုံးဝ မထိန်းချုပ်နိုင်တော့ဘဲ ကြမ်းပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားခဲ့ရတော့၏။
သူ မျက်လုံးများကို ချက်ချင်းပင် ဖွင့်လိုက်ရပြီး ရင်ဘတ်တစ်ခုလုံးလည်း ဒိန်းဒိန်းတုန်အောင် ခုန်လှုပ်နေခဲ့ရသည်။ သူ၏ မျက်ဝန်းများအတွင်း၌ တကယ့်ကို အလိုမကျမှုများဖြင့် ပြည့်နှက်နေခဲ့၏။
‘နောက်ထပ် ခြေလှမ်းတစ်လှမ်းတည်းပဲ လိုတော့တာကို...’
ဒုန်း... ဒုန်း... ဒုန်း...
တံခါးခေါက်သံကြီးမှာ ထပ်မံ၍ ထွက်ပေါ်လာခဲ့ပြန်သည်။
သူ အခန်းတံခါးဆီသို့ လှမ်းကြည့်လိုက်မိရင်း တကယ့်ကို အလွန်အမင်း ဒေါသထွက်သွားခဲ့ရတော့၏။
‘ဘယ်သူကများ... ယခုလိုမျိုး အချိန်မှာ လာပြီးတော့ နှောင့်ယှက်နေရတာလဲ...’
သူ စိတ်ထဲကနေ တွေးတောလိုက်မိသည်
‘ကောင်စုတ်... မင်းက ငါ့ကို အေးအေးလူလူတောင် အိပ်စက်ခွင့် မပေးနိုင်ဘူးလား...’
‘မင်းက ဘာဖြစ်လို့ ငါ အိပ်စက်နေတာကို လာပြီးတော့ နှောင့်ယှက်နေရတာလဲ...’
သူ သူ၏ ဖိနပ်ကို စီးနင်းလိုက်မိရင်း ဧည့်သည်ဆောင် အခန်းအပြင်ဘက်သို့ ဖြည်းညှင်းစွာ ထွက်ခွာခဲ့တော့၏။ သူသည် မိမိ၏ ဝိညာဉ်အရင်းအမြစ်စွမ်းအင်များကို လှုံ့ဆော်လိုက်မိရင်း မိုးရေစက်များ၏ ဒဏ်ကနေ ကာကွယ်ရန်အတွက် အကာအကွယ်အတားအဆီးတစ်ခု ပြုလုပ်လိုက်တော့သည်
သူသည် ခန္ဓာကိုယ်ကို သန့်စင်ပြီးနောက် အိပ်ရာထဲသို့ ဝင်ရောက်ခဲ့သည်မှာ တကယ့်ကို မကြာသေးပါချေ၊ သို့သော် ယခုကဲ့သို့သော ဆူညံသံများကြောင့် ချက်ချင်းပင် ပြန်လည်၍ နိုးကြားလာခဲ့ရခြင်း ဖြစ်ပေသည်။ သူ့အနေဖြင့် မိမိ၏ ခန္ဓာကိုယ်အား မိုးရေထဲတွင် ထပ်မံ၍ အစိုဓာတ် အဖြစ်မခံနိုင်ပါချေ။
သူ မျက်လုံးများကို ပွတ်သပ်လိုက်မိရင်း ခြံဝင်းအတွင်းသို့ လျှောက်လှမ်းလာခဲ့ကာ... အပြင်ဘက် တံခါးလက်ကိုင်ပေါ်သို့ လက်တစ်ဖက် တင်လိုက်တော့၏။
လေပြင်းများ တိုက်ခတ်လာခဲ့ရပြီး သူ၏ စိတ်ကို ချက်ချင်းပင် ပိုမို၍ နိုးကြားသွားစေခဲ့သည်။ သူ၏ ခြေလှမ်းများမှာ ရုတ်တရက် ရပ်တန့်သွားခဲ့ရ၏။
‘နေပါဦး...’
‘ဘယ်သူကများ... ယခုလိုမျိုး အချိန်မှာ ငါ့ကို လာရောက်ရှာဖွေနေရတာလဲ...’
သူ့စိတ်ထဲတွင် သံသယများ စတင်၍ ဖြစ်ပေါ်လာခဲ့ရတော့သည်။ သူ့အနေဖြင့် အပြင်ဘက် တပည့်များဇုန်အတွင်း၌ သူငယ်ချင်းဟူ၍ မည်သူမျှ ရှိမနေပါချေ ၎င်းအပြင် သူသည် ယမန်နေ့ မွန်းလွဲပိုင်းတုန်းက စာကြည့်တိုက်သို့ ဝိညာဉ်ရေးရာကိစ္စရပ်များဌာနက လူများနှင့်အတူ သွားရောက်ခဲ့ဖူးခြင်းသာ ရှိပေသည်။ ထို့ကြောင့် အခြားသော သူများအနေဖြင့် သူ့အား ယခုကဲ့သို့သော အချိန်မျိုးတွင် လာရောက်ရှာဖွေရန်အတွက် ဘာအကြောင်းအရင်းမျှ ရှိမနေပါချေ။
သူသည် မိမိကိုယ်မိမိ ရက်အနည်းငယ်ခန့် အနားယူရန်အတွက်ပင် ပြင်ဆင်ထားခဲ့ဖူးသည် မဟုတ်လား။
‘ဝိညာဉ်ရေးရာကိစ္စရပ်များဌာနက လူတွေက... ယခုလိုမျိုး အချိန်မှာ ငါ့ကို လာရှာတာလား...’
သူသည် လက်ရှိ ဖြစ်ပေါ်လာသည့် အခြေအနေများမှာ တကယ့်ကို ထူးဆန်းလှကြောင်း ခံစားလိုက်ရတော့၏။ ထို့ကြောင့် သူသည် စိတ်အာရုံကို စုစည်းလိုက်မိရင်း... သူ၏ "အာရုံခံစွမ်းရည်" ကို အသုံးပြုကာ အပြင်ဘက်တွင် ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို စစ်ဆေးကြည့်လိုက်တော့သည်။
ဝတ်စုံနက် ဝတ်ဆင်ထားပြီး ခေါင်းစွပ်ကို သေချာစွာ စွပ်ထားခဲ့သော လူတစ်ဦးမှာ အပြင်ဘက်တွင် မတ်တတ်ရပ်နေခဲ့သည်။ ညဉ့်ဦးယံအချိန်က တကယ့်ကို မှောင်မိုက်နေခဲ့သော်လည်း... သူ့အနေဖြင့် ထိုလူ၏ မျက်နှာအမူအရာကို တကယ့်ကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေရခြင်း ဖြစ်ပေသည်
ထိုလူ၏ မျက်နှာအမူအရာမှာ တကယ့်ကို ရိုးရှင်းလှပြီး တံခါးကို အဆက်မပြတ် ထုရိုက်ခြင်းမျိုး မပြုလုပ်ဘဲ ယဉ်ကျေးပျူငှာစွာဖြင့် ရပ်တန့်နေခဲ့ခြင်း ဖြစ်ပေသည်။
ဟင်...
ထိုလူ၏ အနောက်ဘက်တွင် နောက်ထပ် လူတစ်ယောက် ရှိနေသေးတာလား
‘တောက်... ဒီကောင်က ရူးနေတာလား ဘာလဲ၊ အပြင်ဘက်မှာ မိုးတွေ ရွာနေတာကို... သူက ဝတ်စုံနက် ဝတ်ဆင်ထားပြီး ခေါင်းစွပ်ကို ချထားခဲ့တဲ့အပြင် လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်မှာ ပိုက်ပြီးတော့ မတ်တတ်ရပ်နေတယ် ဟုတ်လား...’
‘ဒါက ဘာဖြစ်လို့ ယခုလိုမျိုး ဟန်ဆောင်နေရတာလဲ...’
‘ဒီလို ညဉ့်ဦးယံအချိန်မှာ... ဘယ်သူကများ မင်းကို လာပြီးတော့ ကြည့်ရှုနေမှာမို့လို့လဲ...’
သူ တစ်စုံတစ်ခုသော အခြေအနေများမှာ မှားယွင်းနေခဲ့ပြီ ဖြစ်ကြောင်း အာရုံခံမိနေခဲ့သော်လည်း... လက်တွေ့တွင် ဘာမှားယွင်းနေလဲဆိုတာကိုမူ သေချာစွာ မသိရှိနိုင်သေးပါချေ
ပိုမို၍ အရေးကြီးသည့် အချက်ကမူ... သူသည် ထိုလူနှစ်ဦးစလုံးကို လုံးဝ သိရှိခြင်း မရှိပါချေ၊ ထို့ကြောင့် ထိုလူများက ဘာဖြစ်လို့ ယခုနေရာသို့ ရောက်ရှိလာခဲ့ကြတာလဲဆိုတာကို သူ စဉ်းစား၍ မရနိုင် ဖြစ်နေခဲ့ရသည်။
၎င်းအပြင်... ထိုလူများက ဘာဖြစ်လို့ ယခုလိုမျိုး အချိန်အခိုက်အတန့်တွင် ရောက်ရှိလာခဲ့ကြတာလဲ။
မိုးရွာသွန်းသံကြီးမှာ သိသိသာသာကို ပိုမို၍ ကျယ်လောင်လာခဲ့သည့်အလား ထင်မှတ်ရပေသည်
သူ၏ လက်ဖဝါးမှာ တံခါးလက်ကိုင်ပေါ်တွင် ရှိနေဆဲပင် ဖြစ်သော်လည်း တံခါးကို ဆွဲဖွင့်လိုက်ခြင်းမျိုး မပြုလုပ်ခဲ့သလို... လက်ကို ပြန်လည်၍ ရုပ်သိမ်းလိုက်ခြင်းမျိုးလည်း မရှိပါချေ။ သူ၏ နှလုံးခုန်သံမှာ သိသိသာသာကို မြန်ဆန်လာခဲ့ရပြီး ညဉ့်ဦးယံ ကောင်းကင်ယံကြီးကို လှမ်း၍ ကြည့်ရှုလိုက်တော့၏။
‘မိုးရွာနေတဲ့ ညဉ့်ဦးယံအချိန်...’
‘တစ်စုံတစ်ယောက်က... ငါ့ကို လာပြီးတော့ သတ်ချင်နေတာလား...’
သူ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထွက်ပေါ်လာခဲ့ရသော်လည်း... ယခုကဲ့သို့သော အတွေးမျိုး ဖြစ်ပေါ်လာခဲ့ခြင်းက တကယ့်ကို အဓိပ္ပာယ်မရှိလှကြောင်း ပြန်လည်၍ တွေးတောလိုက်မိပြန်သည်။ သူသည် ဝတ္ထုစာအုပ်များကို အလွန်အမင်း ဖတ်ရှုဖူးခဲ့သဖြင့် ယခုလိုမျိုး အတွေးများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်မှာ သေချာလှပေသည်၊ ဘာအကြောင်းအရင်းမျှ မရှိဘဲ ဘယ်သူကများ သူ့အား လာရောက်သတ်ဖြတ်ချင်နေရမှာလဲ။
သူသည် မိမိ၏ လူမှုပတ်ဝန်းကျင် အခြေအနေမှာ တကယ့်ကို ကောင်းမွန်လှပြီး မည်သူတစ်ဦးတစ်ယောက်နှင့်မျှ ရန်ငြိုးရန်စ ရှိမနေခဲ့ဖူးပါဘူးဟု ယူဆထားခဲ့ခြင်း ဖြစ်ပေသည်။
ထိုနေရာတွင် ရှိနေခဲ့ကြသော လူသုံးဦးစလုံးမှာ တကယ့်ကို စိတ်ရှည်သည်းခံနေခဲ့ကြသည်။ အားလုံးက တိတ်ဆိတ်နေခဲ့ကြပြီး မည်သူမျှ လှုပ်ရှားခြင်း မရှိကြပါချေ။
သူသည် အပြင်ဘက်က လူမှာ တံခါးဝတွင် ယဉ်ကျေးပျူငှာစွာဖြင့် ဆက်လက်၍ စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း အာရုံခံမိနေခဲ့သည်။
ဘေးပတ်ဝန်းကျင်တစ်ခုလုံးမှာ ရုတ်တရက်ဆိုသလို ပြန်လည်၍ တိတ်ဆိတ်သွားခဲ့ရပြန်၏။ ထိုနေရာတွင် သစ်သားတံခါးတစ်ချပ်သာ ရှိနေခဲ့ပြီး လူသုံးဦးမှာ ထိုတံခါးကို အမှီပြု၍ ရပ်တန့်နေခဲ့ကြခြင်း ဖြစ်ပေသည်။
အခြားတစ်ဖက်တွင်မူ မိုးရွာသွန်းသံကြီးမှာ တကယ့်ကို ကျယ်လောင်လှပေသည်။ ထိုဆူညံလှသော မိုးရွာသွန်းသံကြီးနှင့်အတူ တံခါးခေါက်သံများမှာလည်း နေရာအနှံ့အပြားသို့ ပျံ့လွင့်နေခဲ့ပြီး... ထိုဆူညံသံများ၏ အလယ်တွင် အကျွမ်းတဝင်ရှိလှသော သီချင်းသံတစ်ပုဒ် ထွက်ပေါ်လာခဲ့ရတော့၏။
“ဝက်ကလေးရေ... ဝက်ကလေးရေ... ငါ့ကို အထဲပေးဝင်စမ်းပါ...”
ဒုန်း... ဒုန်း... ဒုန်း...