“ငရဲဘုံကောင်းကင်ယံကျင့်စဉ်...”
ဤကျင့်စဉ်ကို အသုံးပြုပြီး ဘေးပတ်ဝန်းကျင်ရှိ လေထုကို ထိုမျက်မြင်မတွေ့ရသော ငရဲဘုံကောင်းကင်ယံမီးတောက်ဖြင့် လောင်ကျွမ်းစေနိုင်ပြီး... မိမိ၏ အာရုံခံစားမှုအတိုင်းအတာအတွင်းရှိ အရာမှန်သမျှကို အဝေးကနေ လှမ်း၍ လောင်ကျွမ်းပြာချပစ်နိုင်စွမ်း ရှိပေသည်။
၎င်းက ကျောက်စိမ်းပေလွှာထဲတွင် ဖော်ပြထားသည့် အခက်ခဲဆုံးသော ခြေလှမ်းတစ်ခု ဖြစ်၏။
ကျင့်ကြံသူအနေဖြင့် မိမိ၏ အသက်ကို ရင်း ပြီး စွန့်စားရင်း ယခင်လိုအပ်ချက်များအားလုံးကို အောင်မြင်အောင် ပြုလုပ်ရမည့်အပြင်... ဘေးပတ်ဝန်းကျင်ရှိ အရာခပ်သိမ်းတို့၏ ဝိညာဉ်အာရုံ ကို ခံစားသိရှိနိုင်မှသာလျှင် အဝေးကနေ လှမ်း၍ မီးတောက်များကို စတင်တောက်လောင်စေနိုင်မှာ ဖြစ်သည်
ရွှီရှောင်ရှို့ မျက်လုံးများကို မှိတ်လိုက်မိရင်း... အရာခပ်သိမ်းတို့၏ ထိုဝိညာဉ်အာရုံကို ရှာဖွေရန်အတွက် ကြိုးစားလိုက်တော့၏။
သို့သော် နောက်တစ်စက္ကန့်မှာတင် သူ မျက်လုံးများကို ပြန်လည်၍ ဖွင့်လိုက်ရတော့သည်။
‘ဘာဖြစ်တာလဲ...’ သူ စိတ်ထဲကနေ တွေးတောလိုက်မိသည် ‘ငါက ငါ့ရဲ့ အသက်ကို စွန့်စားရမယ့် အပိုင်းတွေကိုတောင် ပြီးဆုံးအောင် မလုပ်ဆောင်ရသေးဖူး... ဒါပေမဲ့ ဘာဖြစ်လို့...’
‘ဒီအရာခပ်သိမ်းတို့ရဲ့ ဝိညာဉ်အာရုံကို ခံစားသိရှိရတာက ဘာဖြစ်လို့ အဲဒီလောက်အထိ လွယ်ကူနေရတာလဲ’
သူ့အနေဖြင့် သူ၏ အာရုံခံစွမ်းရည် ကိုပင် အသုံးပြုရန် မလိုအပ်ပါချေ။ သူသည် "အရာခပ်သိမ်းသည် ဓားဖြစ်သည်" ဆိုသည့် ဓားဆန္ဒကို အသုံးပြုလိုက်ရုံမျှဖြင့် မီတာငါးဆယ်အတွင်းရှိ အရာခပ်သိမ်းတို့၏ ဝိညာဉ်အာရုံကို အလွယ်တကူပင် အာရုံခံမိနေခဲ့ပြီ ဖြစ်သည်
သူ သူ၏ မေးစေ့ကို ပွတ်သပ်လိုက်မိရင်း အရာအားလုံးက ယခုကဲ့သို့ တကယ့်ကို ရိုးရှင်းနေခဲ့ခြင်းလားဟု ဇဝေဇဝါ ဖြစ်သွားခဲ့ရ၏။
‘မဖြစ်နိုင်တာ... ကျောက်စိမ်းပေလွှာက အချက်အလက်တွေ မှားယွင်းနေစရာ အကြောင်းမရှိဘူးလေ...’
‘ဒီထဲမှာ ယခင်က လေ့ကျင့်ခဲ့ဖူးတဲ့ ကျင့်ကြံသူ နှစ်ယောက်ရဲ့ အတွေ့အကြုံတွေကိုပါ ရေးသားထားတာပဲဥစ္စာ၊ သူတို့က ဘယ်သူတွေလဲဆိုတာ ငါမသိပေမဲ့ ယခုလိုမျိုး အရေးကြီးတဲ့ အပိုင်းကိုတော့ မှားယွင်းအောင် ရေးသားထားမှာ မဟုတ်ဘူး...’
‘သူတို့က ဒီအဆင့်ကို ရောက်ဖို့အတွက် လပေါင်းများစွာ အချိန်ယူခဲ့ရတာပဲ၊ ငါက ဘယ်လောက်ပဲ ပါရမီရှင် ဖြစ်နေပါစေဦးတော့... တစ်စက္ကန့်တည်းနဲ့တင် ဒီအဆင့်ကို အောင်မြင်သွားတယ်ဆိုတာက မဖြစ်နိုင်ဘူးမလား’
သူ ခေါင်းကို ခါယမ်းလိုက်မိရင်း မျက်လုံးများကို ပြန်လည်မှိတ်ကာ သူ၏ အာရုံများကို ပိုမို၍ ဆန့်ထုတ်လိုက်တော့၏။
သူသည် ဒုတိယမြောက် နည်းလမ်းဖြစ်သည့် သူ၏ အလိုအလျောက်စွမ်းရည် "အာရုံခံစွမ်းရည်" ကို အသုံးပြုကာ ထပ်မံ၍ စမ်းသပ်ကြည့်လိုက်သည်။
တစ်စက္ကန့်အကြာတွင် သူ မျက်လုံးများကို ပြန်လည်၍ ဖွင့်လိုက်ရပြန်၏
“သောက်ကျိုးနည်း... ဒါက တကယ့်ကို ထူးဆန်းလွန်းလှတယ်၊ ငါ ဘာဖြစ်လို့ ဒါကို အလွယ်တကူ လုပ်ဆောင်နိုင်ခဲ့ပြန်တာလဲ”
သူသည် မိမိ၏ စိတ်ထဲက သံသယများကို ဘေးဖယ်ထားလိုက်မိရင်း ထိုအာရုံခံသည့် အပိုင်းကို ကျော်ဖြတ်ကာ... ကျောက်စိမ်းပေလွှာထဲတွင် ဖော်ပြထားသည့် နောက်ဆုံးသော ခြေလှမ်းသို့ တိုက်ရိုက် ကူးပြောင်းလိုက်တော့သည်။
သူသည် မိမိ၏ ခန္ဓာကိုယ်အတွင်းရှိ ငရဲဘုံဝိညာဉ်အရင်းအမြစ်စွမ်းအင်များကို စုစည်းလိုက်မိရင်း... ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွတ်ကာ အားသွန်ခွန်စိုက် ထုတ်လွှတ်လိုက်တော့၏။ အဝေးကနေ ကြည့်မည်ဆိုပါက သူသည် မိမိကိုယ်မိမိ ဖောက်ခွဲတော့မည့်အလား တကယ့်ကို ပြင်းထန်လှသော စွမ်းအင်လှိုင်းလုံးများ ထွက်ပေါ်နေခဲ့သည်။
သေချာတာပေါ့... သူ အမှန်တကယ် ပေါက်ကွဲသွားခဲ့ခြင်းမျိုး မဟုတ်ပါချေ။ ထိုမျက်မြင်မတွေ့ရသော ငရဲဘုံကောင်းကင်ယံမီးတောက်များမှာ ထိုပြင်းထန်လှသော စွမ်းအင်လှိုင်းလုံးများနှင့်အတူ ဘေးပတ်ဝန်းကျင်သို့ တိုးဝှေ့ထွက်ပေါ်သွားခဲ့ပြီး... အရာခပ်သိမ်းတို့၏ ဝိညာဉ်အာရုံထံသို့ ချက်ချင်းပင် တွယ်ကပ်သွားခဲ့တော့သည်။
ဝူး...
ပြင်းထန်လှသော ရိုက်ခတ်မှု စွမ်းအင်လှိုင်းလုံးများ ဘေးပတ်ဝန်းကျင် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ရ၏။
ထို့နောက် သူ ဘေးပတ်ဝန်းကျင်ကို လှမ်း၍ ကြည့်ရှုလိုက်သော်လည်း ဘာတစ်ခုမှ ပြောင်းလဲသွားခြင်း မရှိသည်ကို မြင်တွေ့လိုက်ရသည်။
‘ကြည့်ရတာ... ငါ သေချာပေါက် ကျရှုံးသွားခဲ့ပြီ ထင်တယ်...’
သူ စိတ်ထဲကနေ တွေးတောလိုက်မိ၏။
သူ စိတ်ပျက်သွားခဲ့ရပြီး နောက်တစ်ကြိမ် ထပ်မံ၍ စမ်းသပ်ရန် ပြုလုပ်လိုက်သည့် အချိန်မှာတင်... သူ အကျွမ်းတဝင်ရှိလှသော ထိုအသံကို ထပ်မံ၍ ကြားသိလိုက်ရပြန်သည်။
ဖောက်... ဖောက်...
“ဒါဆိုရင်... ငါ... ငါ တကယ်ပဲ အောင်မြင်သွားခဲ့တာပေါ့...”
သူ ဘေးပတ်ဝန်းကျင်ကို လှမ်း၍ ကြည့်ရှုလိုက်သည့် အခါတွင်မူ... ဘေးပတ်ဝန်းကျင်ရှိ လေထုတစ်ခုလုံးမှာ ဝေဝါးနေခဲ့ပြီ ဖြစ်ကြောင်း သတိပြုမိလိုက်ရသည် ၎င်းက ငရဲဘုံကောင်းကင်ယံမီးတောက်များ တောက်လောင်နေခဲ့ပြီ ဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင်။
သူ ချက်ချင်းပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ရသော်လည်း... နောက်တစ်စက္ကန့်တွင် ဖြစ်ပေါ်လာသည့် အခြေအနေများကြောင့် သူ၏ ဝမ်းမြောက်မှုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ရတော့၏။
ခရက်... ခရက်... ခရက်...
ဖြူစင်ဝင်းပလှသော မီးပွားလေးများမှာ သူ၏ အခန်းအတွင်းရှိ အဆောက်အဦးတစ်ခုလုံးတွင် စတင်၍ ကူးစက်တောက်လောင်လာခဲ့ရပြီး... ပြင်းထန်လှသော မြည်ဟီးသံများမှာလည်း နေရာအနှံ့အပြားထံကနေ ထွက်ပေါ်လာခဲ့တော့သည်။
သူသည် ထိုမီးပွားလေးများ တောက်လောင်နေခဲ့သည်ကို သူ၏ အာရုံခံစားမှုဖြင့် သေချာပေါက် သိရှိနေခဲ့ပြီး... ထိုမီးတောက်များမှာ သူ၏ နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ရပြီ ဖြစ်၏။
ပုံမှန် မီးတောက်များကဲ့သို့ ရိုးရိုးရှင်းရှင်း လောင်ကျွမ်းပြာချပစ်ခြင်းမျိုး မဟုတ်ပါချေ သူ၏ မီးတောက်များမှာ ထွက်ပေါ်လာခဲ့သည်နှင့်တစ်ပြိုင်နက် ပြင်းထန်စွာ ပေါက်ကွဲထွက်သွားခဲ့ခြင်း ဖြစ်ပေသည်။
စားပွဲများ... ပြတင်းပေါက်များ... နှင့် သူ လုံးဝ မအိပ်စက်ရဲခဲ့ပါချေဟူသော ထိုခုတင်ကြီးသည်ပင်လျှင်...
အရာအားလုံးမှာ အက်ကွဲသွားခဲ့ရပြီးနောက် အပိုင်းပိုင်းအစစ ပေါက်ကွဲထွက်သွားခဲ့ရတော့၏။
ထို့နောက် ပျက်စီးနေခဲ့သော ထိုအပိုင်းအစ တိုင်း၏ အပေါ်တွင် ဖြူစင်ဝင်းပသော အစက်အပြောက်လေးများ ဖြစ်ပေါ်လာခဲ့ရပြီး... မျက်မြင်မတွေ့ရသော မီးပွားများက ၎င်းတို့ကို ပြာပင်မကျန်တော့သည်အထိ အားလုံးကို လုံးဝ လောင်ကျွမ်းပြာချပစ်လိုက်တော့သည်
“ဘုရားရေ... သောက်ကျိုးနည်းလိုက်တာဗျာ...”
သူ ခန္ဓာကိုယ် ယိမ်းထိုးသွားခဲ့ရပြီး ကြမ်းပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့ရသော်လည်း... စိတ်ကို တင်းထားလိုက်မိရင်း သူ၏ အခန်းအပြင်ဘက်သို့ အလျင်အမြန်ပင် ပြေးထွက်ခဲ့တော့၏။
ဒုန်း...
သူ အဆောက်အဦးအပြင်ဘက်သို့ ခြေလှမ်းလှမ်းလိုက်မိသည်နှင့်တစ်ပြိုင်နက်... အနောက်ဘက်တွင် ပြင်းထန်လှသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး သူ၏ အခန်းတစ်ခုလုံးမှာ ဝုန်းခနဲ ပြိုကျပျက်စီးသွားခဲ့ရတော့သည်
ဖောက်... ဖောက်... ဖောက်...
ဝေဝါးလှသော ဖြူစင်ဝင်းပသည့် မီးပွားလေးများမှာ ပျက်စီးနေခဲ့သော ထိုအပိုင်းအစများအပေါ်တွင် တောက်လောင်နေခဲ့ကြသည်။ မီးတောက်များ၏ ပုံသဏ္ဌာန်နှင့် အရောင်အသွေးကိုပင် သေချာစွာ မြင်တွေ့ရခြင်း မရှိပါချေ သို့သော် သူ၏ နေအိမ်လေးမှာမူ လုံးဝ ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်ပေသည်။
တောက်... တောက်... တောက်...
အပြင်ဘက်တွင် မိုးဖွဲဖွဲလေးများ စတင်၍ ရွာသွန်းလာခဲ့ရပြီး သူ၏ စိတ်ထဲတွင် တကယ့်ကို ဝမ်းနည်းပူဆွေးမှုများ ဖြစ်ပေါ်လာခဲ့ရတော့၏။
သူ ဖြစ်ပျက်ခဲ့သမျှသော အရာအားလုံးကို ဆွံ့အစွာဖြင့် ငေးမောကြည့်ရှုနေမိခဲ့ပြီး ရင်ထဲတွင် တကယ့်ကို နာကျင်ခံစားလိုက်ရသည်
‘ဒါက ငါ အသစ်စက်စက် ဆောက်ထားတဲ့ အိမ်လေးပဲဥစ္စာ... သောက်ကျိုးနည်းလိုက်တာဗျာ...’
ဝိညာဉ်ရေးရာကိစ္စရပ်များဌာနကနေ ပေးအပ်ခဲ့သည့် တာဝန်ကို လုပ်ဆောင်ပြီးနောက်... သူ ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို အသုံးပြုကာ ယခုအိမ်လေးကို ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် ယခုအချိန်တွင်မူ အရာအားလုံးမှာ ကွယ်ပျောက်သွားခဲ့ရပြီ ဖြစ်၏ ယခုလိုမျိုး ရိုးရိုးရှင်းရှင်းလေးပင် ပျောက်ကွယ်သွားခဲ့ရခြင်း ဖြစ်ပေသည်။
သူ၏ ဆံပင်များမှာ မိုးရေများကြောင့် ရွှဲနစ်နေခဲ့ရပြီ ဖြစ်သည်။ ကျင့်ကြံခြင်းလုပ်ငန်းစဉ်အတွင်းက ခန္ဓာကိုယ်ထံက ထွက်ပေါ်နေခဲ့သည့် သွေးစွန်းနေခဲ့သော အရိပ်အယောင်များအားလုံး မိုးရေများနှင့်အတူ မျောပါသွားခဲ့ရပြီး... သူ၏ ခြေထောက်အောက်တွင် သွေးစွန်းနေခဲ့သော ရေကန်ငယ်လေးတစ်ခု ဖြစ်ပေါ်လာခဲ့ရ၏
သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဒဏ်ရာများအားလုံး ပြန်လည်၍ သက်သာသွားခဲ့ပြီ ဖြစ်ကြောင်း သူ အာရုံခံမိနေခဲ့သော်လည်း ရင်ထဲတွင်မူ တကယ့်ကို ပြင်းထန်လှသော နာကျင်မှုများကို ခံစားနေရဆဲပင်။
သူ သူ၏ ရင်ဘတ်ကို ဆုပ်ကိုင်လိုက်မိရင်း ကြမ်းပြင်ပေါ်သို့ ဒူးထောက်လဲကျသွားခဲ့တော့၏။
“ငါ့ရဲ့ အိမ်လေးရေ... ငါ တကယ့်ကို တောင်းပန်ပါတယ်ဗျာ...”
“နောက်တစ်ကြိမ် ယခုလိုမျိုး မဖြစ်စေရဘူးလို့ ငါ သေချာပေါက် ကတိပေးပါတယ်...”
သူ ငိုယိုချင်နေခဲ့သော်လည်း မျက်ရည်များ ထွက်ပေါ်လာခြင်း မရှိပါချေ။ တကယ်လို့ ယခုကဲ့သို့သော အခြေအနေမျိုး ဖြစ်ပျက်လာလိမ့်မည်ကို ကြိုတင်၍ သိရှိခဲ့မည်ဆိုပါက... သူ ထိုမီးမျိုးစေ့ကို ခုတင်ပေါ်တွင်တင် သန့်စင်မိမှာ ဖြစ်သည်။
သူသည် နောင်လာမည့် အနာဂတ်ကျရင် ထိုခုတင်ကြီးပေါ်တွင် ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်လိမ့်မည်ဟု တွေးတောထားခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် ထိုခုတင်ကြီးနှင့် ထာဝရ ခွဲခွာရမည့်အချိန်က ယခုကဲ့သို့ အလျင်အမြန် ရောက်ရှိလာလိမ့်မည်ဟု မည်သည့်အခါမျှ ထင်မှတ်ထားခဲ့ခြင်း မရှိပါချေ။
ဖောက်... ဖောက်...
သူ့ရှေ့က နေအိမ်လေးမှာ ဘာတစ်ခုမှ မကျန်တော့သည်အထိ လုံးဝ လောင်ကျွမ်းပြာကျသွားခဲ့ရပြီ ဖြစ်သည်။ ရွာသွန်းနေခဲ့သော မိုးရေများမှာလည်း သူ၏ ကြောက်မက်ဖွယ်ကောင်းလှသော ထိုငရဲဘုံကောင်းကင်ယံမီးတောက်များကို ငြှိမ်းသတ်နိုင်စွမ်း မရှိကြပါချေ။
ဤအခြေအနေက ရွှီရှောင်ရှို့ကို တကယ့်ကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ တကယ်လို့ သူ့တွင် အနုစိတ်လှသော အာရုံခံစွမ်းရည်သာ မရှိခဲ့ဘူးဆိုပါက ထိုနေရာတွင် မျက်မြင်မတွေ့ရသော မီးတောက်များ တောက်လောင်နေခဲ့သည်ကို သေချာပေါက် သိရှိနိုင်လိမ့်မည် မဟုတ်ပါချေ။ သူ့အနေဖြင့် မြင်တွေ့ရမှာက ထိုနေအိမ်လေးမှာ တစ်စစနှင့် မြေပြင်ပေါ်သို့ ပြိုကျပျက်စီးသွားခဲ့ရသည့် အခြေအနေကိုသာ မြင်တွေ့ရမှာ ဖြစ်သည်။
‘ပြာတောင် မကျန်တော့ဘူး ဟုတ်လား...’
သူသည် နောက်ဆုံး စက္ကန့်အထိ ထိုနေရာတွင် ဆက်လက်၍ ရပ်တန့်နေခဲ့မိပြီး... ရင်ထဲတွင် တကယ့်ကို ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည် ၎င်းက ဘာတစ်ခုမှ ကျန်ရှိမနေခဲ့တော့သောကြောင့် ဖြစ်ပေသည်။
သူ့ရှေ့က နေရာတစ်ခုလုံးမှာ တကယ့်ကို ဗလာကျင်းနေခဲ့ပြီး ထိုနေရာတွင် နေအိမ်တစ်လုံး ရှိခဲ့ဖူးသည်ဟူသော မီးလောင်ကျွမ်းထားသည့် အရိပ်အယောင်လေးမျှပင် ကျန်ရှိမနေခဲ့ပါချေ။ ကြည့်ရသည်မှာ ထိုနေရာတွင် မူလကတည်းက နေအိမ်တစ်လုံး ရှိမနေခဲ့ဖူးသည့်အလား တကယ့်ကို သန့်ရှင်းနေခဲ့ခြင်း ဖြစ်ပေသည်
‘တကယ်လို့ ငါက ဒီမီးတောက်တွေကို ရန်သူပေါ်သို့ ပစ်လွှတ်လိုက်မယ်ဆိုရင်...’
သူ မိုးရေထဲတွင် ခန္ဓာကိုယ် တစ်ချက် တုန်ရီသွားခဲ့ရပြီး ကျောပြင်တစ်ခုလုံးလည်း အေးစိမ့်သွားခဲ့ရတော့၏။
ဤကျင့်စဉ်ကို လေ့ကျင့်ခဲ့သည့် ကျင့်ကြံသူကိုယ်တိုင်သည်ပင်လျှင် ဤစွမ်းပကားအပေါ်တွင် တကယ့်ကို ထိတ်လန့်တုန်လှုပ်နေခဲ့မိခြင်း ဖြစ်ပေသည်။
ထိုဝိညာဉ်ကျင့်စဉ်က တကယ့်ကို ကြောက်စရာကောင်းလွန်းလှသည် မဟုတ်လား။
သူ ကောင်းကင်ယံထံကနေ ကျဆင်းလာခဲ့သည့် မိုးရေစက်များကို မိမိ၏ မျက်နှာပေါ်သို့ ကျရောက်စေလိုက်မိရင်း... ညဉ့်ဦးယံ ကောင်းကင်ယံကြီးကို ဒေါသတကြီးဖြင့် လက်ညှိုးထိုးကာ အော်ဟစ်လိုက်တော့၏။
“မင်း... အပေါ်က အရူးကောင်ကြီး... ငါ့ရဲ့ အိမ်လေးကို အခုချက်ချင်း ပြန်ပေးစမ်း...”
ရှူး...
သူ ထိုစကားကို ပြောဆိုပြီးသွားခဲ့သည်နှင့်တစ်ပြိုင်နက်... ကြမ်းပြင်ပေါ်က ရေကန်ငယ်လေးအတွင်းရှိ ရေများအားလုံး ချက်ချင်းပင် အငွေ့ပျံသွားခဲ့ရတော့သည်။ ညဉ့်ဦးယံအချိန်က ရွာသွန်းနေခဲ့သော မိုးဖွဲဖွဲလေးများမှာ အေးစိမ့်လှသော်လည်း ယခုအချိန်တွင်မူ ဘေးပတ်ဝန်းကျင်ရှိ လေထုတစ်ခုလုံးမှာ ရုတ်တရက်ဆိုသလို အလွန်အမင်း ပူပြင်းလာခဲ့ရတော့၏။
“အား...”
သူ ကောင်းကင်ယံကြီးကို မော့ကြည့်လိုက်မိရင်း မိမိ၏ အဆုတ်ရှိသမျှ အားသွန်ခွန်စိုက် အော်ဟစ်ပစ်လိုက်တော့သည်။ မြေပြင်ပေါ်သို့ ကျရောက်ခြင်း မရှိသေးသည့် မိုးရေစက်များအားလုံး လေထုထဲမှာတင် ချက်ချင်းပင် အငွေ့ပျံကွယ်ပျောက်သွားခဲ့ရ၏။
ထိုခြံဝင်းအတွင်းရှိ လုလင်ပျိုလေးမှာ ရူးသွပ်လှသော အပြုအမူများကို ချက်ချင်းပင် ရပ်တန့်လိုက်မိပြီး လက်ရှိ ဖြစ်ပျက်သွားခဲ့သည့် အခြေအနေများကြောင့် ဆွံ့အသွားခဲ့ရတော့သည်။ လေထုထဲက မိုးရေစက်များမှာ ထွက်ပေါ်လာခဲ့သည့် ရေနွေးငွေ့များနှင့် ပေါင်းစပ်သွားခဲ့ရသဖြင့် ထိုနေရာတစ်ခုလုံးမှာ နတ်ဘုံနတ်နန်းတစ်ခုအလား တကယ့်ကို ဆန်းကြယ်လှသော အသွင်သို့ ပြောင်းလဲသွားခဲ့ရ၏
“ဝါး... ဒါက တကယ့်ကို အလန်းစားပဲဥစ္စာ...”
သူ လက်သီးကို တင်းတင်းဆုပ်လိုက်မိရင်း ရင်ထဲတွင် တကယ့်ကို စိတ်လှုပ်ရှားသွားခဲ့ရသည်။
သူ ငယ်စဉ်တုန်းက တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းလှသော အန်နီမေးရှင်း တွေထဲတွင် ယခုကဲ့သို့သော အခြေအနေမျိုးကို မြင်တွေ့ခဲ့ဖူးသည် မဟုတ်လား မိမိအနေဖြင့် ဒေါသထွက်လိုက်ရုံမျှဖြင့် ဘေးပတ်ဝန်းကျင်ရှိ ရာသီဥတုကိုပင် ပြောင်းလဲသွားစေနိုင်စွမ်း ရှိပေသည်။
ဝုန်း...
ရုတ်တရက်ဆိုသလို ညဉ့်ဦးယံ ကောင်းကင်ယံကြီးထံကနေ လျှပ်စီးကြောင်းများ ဖြတ်ပြေးသွားခဲ့ရပြီး မိုးခြိမ်းသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သဖြင့်... သူ တကယ့်ကို ထိတ်လန့်တုန်လှုပ်သွားခဲ့ရတော့၏
“တောင်းပန်ပါတယ်... တောင်းပန်ပါတယ်... ဒါက ငါ့ရဲ့ အမှားပါဗျာ...”
သူ ခန္ဓာကိုယ်ကို တွန့်လိမ်လိုက်မိရင်း ဘေးနားရှိ ဧည့်သည်ဆောင် အခန်းအတွင်းသို့ အလျင်အမြန် ပြေးဝင်ခဲ့တော့၏။
......
ခရက်... ခရက်...
သူ၏ ခန္ဓာကိုယ်အတွင်းရှိ ငရဲဘုံဝိညာဉ်အရင်းအမြစ်စွမ်းအင်များ ထွက်ပေါ်လာခဲ့ရပြီး... သူ၏ အဝတ်အစားများနှင့် ဆံပင်များကို ချက်ချင်းပင် ခြောက်သွေ့သွားစေခဲ့တော့သည်။
ရွှီရှောင်ရှို့ သူ၏ အဝတ်အစားများကို ဆွဲကိုင်လိုက်မိရင်း အံ့အားသင့်စွာဖြင့် မှတ်ချက်ပြုလိုက်မိ၏
“ဝါး... ဒါက တကယ့်ကို အသုံးဝင်လှပေတယ်...”
သူ့အတွက် တစ်ခုတည်းသော နောင်တရစရာ အချက်ကမူ... မီးမျိုးစေ့များကို သန့်စင်စဉ်တုန်းက သူ၏ အဝတ်အစားများအပေါ်တွင် စွန်းထင်ကျန်ရစ်ခဲ့သည့် သွေးစွန်းနေခဲ့သော အရိပ်အယောင်များ ဖြစ်ပေသည်။ မိုးရေများက ထိုအရာအားလုံးကို သန့်စင်ပေးနိုင်ခြင်း မရှိခဲ့ပါချေ။
သူ သူ၏ ကော်လာကို ဆွဲကိုင်လိုက်မိရင်း အနံ့ခံကြည့်လိုက်ရာ... မိမိ၏ ခန္ဓာကိုယ်ထံကနေ အနံ့ဆိုးအချို့ ထွက်ပေါ်နေခဲ့ပြီ ဖြစ်ကြောင်း သတိပြုမိလိုက်ရတော့သည်
‘ကြည့်ရတာ... ငါ သေချာပေါက် ရေချိုးဖို့ လိုအပ်နေပြီ ထင်တယ်...’
သူ ဘေးပတ်ဝန်းကျင်ကို လှမ်း၍ ကြည့်ရှုလိုက်မိရင်း စိတ်ပျက်လက်ပျက်ဖြင့် သစ်သားကုလားထိုင်ပေါ်သို့ ထိုင်ချလိုက်တော့၏။
ထိုဧည့်သည်ဆောင် အခန်းလေးမှာ တကယ့်ကို ကျဉ်းမြောင်းလှပြီး... ထိုနေရာတွင် ပျက်စီးယိုယွင်းနေခဲ့သော သစ်သားခုတင်ကြီး တစ်လုံးသာ ရှိနေခဲ့ပြီး ၎င်းက ထိုအခန်း၏ နေရာထက်ဝက်ကျော်ကို ယူထားခဲ့ခြင်း ဖြစ်ပေသည်။ ထိုခုတင်ပေါ်တွင် မွေ့ရာလေးမျှပင် ရှိမနေပါချေ။
ထိုအခန်းအတွင်းရှိ အခြားသော အရာများမှာမူ သစ်သားကုလားထိုင်အသေးလေး တစ်လုံးနှင့်... ထောင့်စွန်းတစ်ခု ကျိုးပဲ့နေခဲ့သော စားပွဲအနိမ့်လေး တစ်လုံးသာ ရှိနေခဲ့ခြင်း ဖြစ်ပေသည်။
ယခုကဲ့သို့သော နေရာမျိုးတွင် သီးသန့်ရေချိုးခန်း ရှိနေလိမ့်မည် မဟုတ်ပါချေ။ သူ့အနေဖြင့် ခန္ဓာကိုယ်ကို သန့်စင်ချင်သည်ဆိုပါက ထိုခြံဝင်းအတွင်းရှိ ဝိညာဉ်ရေကန် ဘေးနားက ရေတွင်းထံကနေ ရေများကို သွားရောက်ခပ်ယူရမှာ ဖြစ်သည်။
မိမိ၏ အိမ်လေးကို တကယ့်ကို လွမ်းဆွတ်တောင့်တမိသွားခဲ့ရပြီး... နောင်လာမည့် အနာဂတ်ကျရင် မည်သည့်အရာကိုမျှ စိတ်လိုက်မာန်ပါ မပြုလုပ်တော့ပါဘူးဟု မိမိကိုယ်မိမိ သေချာပေါက် ကျိန်ဆိုလိုက်တော့၏။
သူသည် နောင်လာမည့် အနာဂတ်ကျရင် မိမိအနေဖြင့် တစ်စုံတစ်ခုသော ကျင့်စဉ်များကို စမ်းသပ်ချင်သည်ဆိုပါက... ဤခြံဝင်းအတွင်းမှာသာ သေချာပေါက် စမ်းသပ်တော့မည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။
‘မဟုတ်သေးပါဘူး... ခြံဝင်းထဲမှာလည်း မဖြစ်နိုင်ဘူး... ငန်းကန် ဆီကို သွားပြီးတော့ စမ်းသပ်တာက ပိုပြီးတော့ ကောင်းလိမ့်မယ်...’
သူ လွန်ခဲ့သော အချိန်တုန်းက ငန်းကန် ဘေးနားတွင် ကျင့်စဉ်များကို လေ့ကျင့်ခဲ့စဉ်အခါက ထိုအိုင်ဘေးနားရှိ ကျောက်စိမ်းဖြူ ခြံစည်းရိုးများကို ဖျက်ဆီးမိခဲ့သည်ကို ပြန်လည်၍ အမှတ်ရမိသွားခဲ့ရ၏။ သို့သော် နောက်တစ်နေ့တွင်မူ ထိုခြံစည်းရိုးများမှာ အံ့ဩစရာကောင်းလောက်အောင်ပင် ပြန်လည်၍ ကောင်းမွန်နေခဲ့ပြီ ဖြစ်သည် မဟုတ်လား။
‘မိမိအနေဖြင့် အခြားသူများ၏ ဖမ်းဆီးခြင်းကို မခံရသရွေ့တော့... ထိုနေရာက တကယ့်ကို အခမဲ့ ကျင့်ကြံခြင်း ကွင်းပြင်ကြီးတစ်ခု ဖြစ်လာမှာပဲ...’
သူ စားပွဲပေါ်သို့ လက်ချောင်းများဖြင့် အသာအယာ ခေါက်လိုက်မိရင်း ၎င်းက တကယ့်ကို ကောင်းမွန်လှသော ရွေးချယ်မှုတစ်ခု ဖြစ်ကြောင်း သတ်မှတ်လိုက်တော့သည်။ ထို့နောက် သူ ယခုအချိန်မှာတင် ရေသွားချိုးရမလားဟု တွေးတောလိုက်မိ၏။
သူ ညဉ့်ဦးယံ ကောင်းကင်ယံကြီးကို လှမ်း၍ ကြည့်ရှုလိုက်သည်။ အပြင်ဘက်တွင် မိုးရွာသွန်းနေဆဲပင် ဖြစ်ပြီး နေထွက်ရန်အတွက်လည်း အချိန်အနည်းငယ်သာ လိုအပ်တော့သည်။
ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် ရေချိုးရန် လိုအပ်လှသော်လည်း... သူ့အနေဖြင့် ရေမချိုးခင်မှာတင် ပိုမို၍ အရေးကြီးပြီး မြင့်မြတ်လှသော အရာတစ်ခုကို ပြုလုပ်ရန် လိုအပ်နေသေးကြောင်း သူ သတ်မှတ်လိုက်တော့၏။
သူသည် တကယ့်ကို မျှော်လင့်စောင့်စားလှသော အမူအရာဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်လိုက်မိရင်း... စိတ်ထဲက ရဲရဲနီနေခဲ့သော အချက်အလက် ဘားတန်းကို လှမ်း၍ ကြည့်ရှုလိုက်တော့သည်။
“အလိုအလျောက်ရမှတ် - ၈၁၀၀၂ မှတ်။”