သူ့ရှေ့ ကြမ်းပြင်ပေါ်တွင် "နီရဲသောရွှေစင်ဆေးလုံး" ပုလင်းပေါင်း ဆယ်ပုလင်းကျော်ကို အစီအရီ ချထားသည်။ တကယ့်ကို ရက်ရက်ရောရော ပုံအောပေးလိုက်ခြင်းပင်။
ရွှီရှောင်ရှို့ အားလုံး အဆင်သင့်ဖြစ်နေပြီ ဖြစ်သော်လည်း ဇဝေဇဝါ ဖြစ်နေဆဲပင်။
ယခင်က အသက်ရှူကျင့်စဉ် ကို အသုံးပြုပြီး သူသည် မီးမျိုးစေ့ကို သန့်စင်ရမည့်အချိန်ကို တစ်လခန့်မှ လေးနာရီမှ ခြောက်နာရီဝန်းကျင်အထိ တိုတောင်းအောင် လုပ်ဆောင်နိုင်ခဲ့သည်။
သို့သော် ထိုအချိန်တုန်းက သူ၏ အသက်ရှူကျင့်စဉ်မှာ အဆင့် (၆) သာ ရှိသေးသည်။
စမ်းသပ်မှုများစွာ ပြုလုပ်ပြီးနောက်တွင်မူ အလိုအလျောက်စွမ်းရည် တိုင်းသည် မွေးရာပါအဆင့် သို့ ရောက်ရှိသွားပါက အခြေခံကျကျ အသွင်ပြောင်းလဲသွားတတ်ကြောင်း သူ ကောင်းကောင်း နားလည်ထားသည်
သူ့အနေဖြင့် အသက်ရှူကျင့်စဉ်ကို မွေးရာပါအဆင့်သို့ မြှင့်တင်လိုက်ပါက မိမိစိတ်ကြိုက် ထိန်းချုပ်မွှေနှောက်နိုင်သော စွမ်းရည်တစ်ခု ဖြစ်လာမလားဟု တွေးတောမိသည်။
ဥပမာအားဖြင့်... အသက်တစ်ချက် ရှူသွင်းလိုက်တိုင်း ခန္ဓာကိုယ်ထဲ ဝင်လာမည့် အပူရှိန်ပမာဏကို သူ ကိုယ်တိုင် ထိန်းချုပ်ချင်နေခြင်း ဖြစ်သည်။
အကယ်၍ ထိုသို့သာ ထိန်းချုပ်နိုင်မည်ဆိုပါက သူ ကြုံတွေ့ရမည့် နာကျင်မှုနှင့် အန္တရာယ်များကို သိသိသာသာ လျှော့ချနိုင်မည်မှာ အသေအချာပင်။
သို့သော် ဤကျင့်စဉ်က အခြားတစ်ဖက်သို့ လည်ထွက်သွားပြီး ပမာဏကို ထိန်းချုပ်ခွင့်ပေးမည့်အစား ထိုနာကျင်မှုများဆီကနေ သာယာမှုရအောင် ပြုလုပ်ပေးလိုက်ရင်ရော…
ထိုအတွေးကြောင့် သူ ကြက်သီးတဖြန်းဖြန်း ထသွားပြီး တကယ့်ကို ကြောက်စရာကောင်းလှသည်ဟု ခံစားလိုက်ရသည်။
သူ စိတ်ထဲက ရဲရဲနီနေသည့် အချက်အလက် ဘားတန်းကို လှမ်းကြည့်လိုက်သည်။ ကျွမ်းကျင်မှုစွမ်းရည် သုံးခုအောက်တွင် စုစုပေါင်း အလိုအလျောက်စွမ်းရည် ခြောက်ခုရှိရာ ငါးခုမှာ မွေးရာပါအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
လူသားအဆင့် တွင် ကျန်ရှိနေသည့် တစ်ခုတည်းသော အသက်ရှူကျင့်စဉ်မှာ ကြည့်ရသည်မှာ တစ်မျိုးကြီး ဖြစ်နေ၏။
သူ့တွင် အရာရာကို အကွက်ကျကျ ကွက်တိဖြစ်နေမှ ကျေနပ်တတ်သည့် စိတ်ရောဂါ အနည်းငယ် ရှိနေသဖြင့် ဤအရာက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေသည်
“ထားလိုက်ပါတော့... သီးမှာကြောက်လို့ ထမင်းမစားဘဲ နေလို့မှ မရတာ၊ နောက်နောင် ကျရင်လည်း ဒီကောင်က သူ့ဘာသာသူ အလိုအလျောက် အဆင့်တက်နေမှာပဲဥစ္စာ”
ရွှီရှောင်ရှို့ သွားကို ကြိတ်ကာ သူ၏ အလိုအလျောက်ရမှတ်များကို စွမ်းရည်မြှင့်မှတ် ငါးမှတ်အဖြစ် လဲလှယ်လိုက်ပြီး အသက်ရှူကျင့်စဉ်ထဲသို့ ချက်ချင်း ပုံအောထည့်လိုက်တော့၏။
“အသက်ရှူကျင့်စဉ် (လူသားအဆင့်၊ အဆင့် ၇)”
“အသက်ရှူကျင့်စဉ် (လူသားအဆင့်၊ အဆင့် ၈)”
“အသက်ရှူကျင့်စဉ် (လူသားအဆင့်၊ အဆင့် ၉)”
“အသက်ရှူကျင့်စဉ် (လူသားအဆင့်၊ အဆင့် ၁၀)”
“အသက်ရှူကျင့်စဉ် (မွေးရာပါအဆင့်၊ အဆင့် ၁)”
အချက်အလက် ဘားတန်းမှာ အရှိန်အဟုန်ဖြင့် ပြောင်းလဲသွားပြီး သတင်းစကားများစွာ ဖြတ်ပြေးသွားသည်။ ရွှီရှောင်ရှို့ စိတ်ထဲ အနည်းငယ် နေသာထိုင်သာ ရှိသွားသော်လည်း ထူးခြားသော အပြောင်းအလဲကိုမူ မခံစားရသေးချေ။
သို့သော် နောက်ဆုံး သတင်းစကား ပေါ်လာသည့် အခါတွင်မူ သူ တုန်လှုပ်သွားခဲ့ရတော့၏။
သူ့ကိုယ်သူ ဝိညာဉ်စွမ်းအင်များ စုဆောင်းပေးသည့် အစီအရင်တစ်ခု ဖြစ်သွားသလို ခံစားလိုက်ရသည်။ ဝိညာဉ်စွမ်းအင်များ အလုအယက် တိုးဝှေ့ဝင်ရောက်လာပြီး သူ၏ ခန္ဓာကိုယ် မျက်နှာပြင်တွင် မြူခိုးများ ဖုံးလွှမ်းသွားခဲ့ရ၏။
နောက်တစ်စက္ကန့်တွင် ခန္ဓာကိုယ်အနှံ့ရှိ ချွေးပေါက်များအားလုံး ပွင့်ဟသွားပြီး ဘေးပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင် မြူခိုးများကို စုပ်ယူလိုက်တော့သည်။
အသိသာဆုံး အပြောင်းအလဲကမူ သူ၏ နှာခေါင်းတွင် ဖြစ်သည်။ သူ အသက်တစ်ချက် ခပ်ပြင်းပြင်း ရှူသွင်းလိုက်ရုံမျှဖြင့် လေပွေအသေးစားနှစ်ခု ပေါ်ထွက်လာခဲ့၏။
ထိုအချိန်အတောအတွင်း သူ စုပ်ယူလိုက်သည့် ဝိညာဉ်စွမ်းအင် ပမာဏမှာ တစ်ညလုံး အိပ်စက်အနားယူလိုက်ရသလိုမျိုး ခန္ဓာကိုယ်ကို လန်းဆန်းသွားစေသည်။
သို့သော် ရွှီရှောင်ရှို့ တစ်ကိုယ်လုံး မအီမသာ ဖြစ်လာခဲ့ရ၏။ ဒူးပေါ်တင်ထားသည့် သူ၏ လက်နှစ်ဖက်မှာ တင်းတင်းဆုပ်သွားပြီး တစ်စုံတစ်ခုကို အတင်းအဓမ္မ အောင့်အည်းသည်းခံနေရသည့်အလား မျက်နှာတစ်ခုလုံး တွန့်ရှုံ့သွားခဲ့ရသည်
“အင်း...”
သူ၏ ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားခဲ့၏။
ဟူး...
ရွှီရှောင်ရှို့ သွားကို ကြိတ်ထားလိုက်သည်။
ဟား... ဟူး...
သူသည် ထိုစွမ်းအင်များကို ခန္ဓာကိုယ်ထဲတွင် ထိန်းချုပ်ထားနိုင်ရန်အတွက် မိမိ၏ စွမ်းဆောင်ရည် ရှိသမျှ အားသွန်ခွန်စိုက် ကြိုးစားနေရသည်။
ထို့နောက် သူသည် ဝုန်းခနဲ ထရပ်လိုက်ပြီး လက်သီးတစ်ချက် ထိုးလိုက်တော့၏။
ထွက်ပေါ်လာသည့် ဝိညာဉ်စွမ်းအင် ရိုက်ခတ်မှုကြောင့် သူ၏ အခန်းတံခါးမှာ ဝုန်းခနဲ ပွင့်ထွက်သွားခဲ့ရသည်။
လေကို ခပ်ပြင်းပြင်း တစ်ချက် မှုတ်ထုတ်လိုက်ပြီးနောက်တွင်မူ ခန္ဓာကိုယ်အနှံ့ရှိ ချွေးပေါက်များ ပြန်လည်ပိတ်သွားခဲ့ပြီး... သူ့ကို အသက်သေစေနိုင်လောက်သည့် မုန်တိုင်းတစ်ခုကို ဖြတ်ကျော်လိုက်ရသလို ခံစားလိုက်ရတော့၏။
“မဆိုးပါဘူး... အဆင်ပြေပါတယ်၊ ပြဿနာကို ထိန်းချုပ်လို့ရတယ်၊ နောက်နောင်ကျရင် ဒီထက်မက ဆက်ပြီးတော့ လေ့ကျင့်လို့ရတာပေါ့”
သူ ခံစားလိုက်ရသည့် စွမ်းအင်လှိုင်းလုံးမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်လှသည်။ သို့သော် အကြိမ်အနည်းငယ် လေ့ကျင့်ပြီးနောက်တွင်မူ သူ၏ ခန္ဓာကိုယ်က ထိုဒဏ်ကို အထိုက်အလျောက် ခံနိုင်ရည်ရှိသွားသဖြင့် အခြေအနေကို ထိန်းချုပ်နိုင်သွားခဲ့ခြင်း ဖြစ်ပေသည်။
ထို့နောက် သူ ဝိညာဉ်ကျောက်တုံး တစ်တုံးကို ထုတ်ယူလိုက်သည်။
သို့သော် ဇဝေဇဝါ ဖြစ်သွားပြီး ၎င်းကို ပြန်သိမ်းကာ ဝိညာဉ်ကျင့်ကြံခြင်း ဆေးလုံး တစ်လုံးကို ထုတ်ယူလိုက်တော့၏။
“မြန်မြန်ပဲ ဖြတ်လိုက်ရအောင်... ငါ ပိုပြီးတော့ အားစိုက်ထုတ်လေလေ... ဒါတွေက မြန်မြန် ပြီးဆုံးသွားလေလေ ဖြစ်မှာပဲ”
သူသည် ဆေးလုံးကို လက်တစ်ကမ်းအကွာအထိ အဝေးသို့ ဆန့်ထုတ်လိုက်ပြီး ခေါင်းကို အနောက်သို့ တတ်နိုင်သမျှ ဆွဲဆန့်ကာ... လေကို ခပ်ဖွဖွလေး တစ်ချက် ရှူသွင်းလိုက်တော့၏။
ဝူး...
ဆေးလုံးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ရသည်။
သူ အံ့အားသင့်သွားခဲ့ရ၏။
သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မနည်း ထိန်းထားရပြီး ခေါင်းတစ်ခုလုံး မူးဝေလာခဲ့ရသဖြင့် မိမိအနေဖြင့် အလွန်အကျွံ လုပ်မိသွားပြီဟု တွေးတောလိုက်မိသည်။
သို့သော် တွေးတောနေရန် အချိန်မရှိပါချေ။ ထိုကြောက်မက်ဖွယ်ကောင်းလှသော ဝိညာဉ်စွမ်းအင်များမှာ နှာခေါင်းကနေတစ်ဆင့် သူ၏ ဝိညာဉ်စွမ်းအင် သိုလှောင်ရာ အတွင်းသို့ တိုက်ရိုက် တိုးဝှေ့ဝင်ရောက်သွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့ စိမ့်ဝင်သွားခဲ့ရတော့၏။
“အိုး...”
သူ၏ မျက်နှာကို တည်ငြိမ်အောင် တစ်စက္ကန့်မျှသာ ထိန်းထားနိုင်ခဲ့ပြီးနောက်... ခန္ဓာကိုယ်တစ်ခုလုံး အရည်ပျော်ကျသွားတော့မည့်အလား ခံစားလိုက်ရသည်။ ခြေထောက်များအတွင်းသို့ ကွေးဝင်သွားကာ လက်ကောက်ဝတ်များ အပြင်သို့ လည်ထွက်သွားခဲ့ရပြီး ကြမ်းပြင်ပေါ်သို့ ပုံပျက်ပန်းပျက် လဲကျသွားခဲ့ရတော့၏။
“အင်း...”
သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အကြောဆွဲသလို တုန်ရီနေခဲ့ရပြီး ၎င်းကို သူ ဘာမှ မတတ်နိုင်ပါချေ။
ရွှီရှောင်ရှို့သည် ကြမ်းပြင်ပေါ်တွင် သေလုမြောပါး ဖြစ်နေသည့် ငါးတစ်ကောင်ကဲ့သို့ တလူးလူးတလှိမ့်လှိမ့် ဖြစ်နေခဲ့ရသည်။ သို့သော် ခန္ဓာကိုယ် ကြမ်းပြင်နှင့် ထိမိလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ အာရုံခံစားမှုများမှာ ပိုမို၍ စူးရှလာခဲ့ရ၏။
‘အ...’ သူ စိတ်ထဲကနေ အော်ဟစ်လိုက်မိသည် ‘ကယ်... ကယ်ကြပါဦး’
......
အတန်ကြာပြီးနောက်...
သူ နောက်ဆုံးတွင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး ကြမ်းပြင်ပေါ်က ဆေးပုလင်းများကို တုန်လှုပ်ခြောက်ခြားလှသော အကြည့်များဖြင့် လှမ်းကြည့်လိုက်မိသည်။
သူသည် ဆေးလုံးများကို နှာခေါင်းဖြင့် အာရုံခံကြည့်လိုက်ရာ... ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းလုံးမှာ ယခင်ကထက် သုံးဆမှ လေးဆခန့်အထိ ပိုမိုပြင်းထန်လာခဲ့ကြောင်း သိရှိလိုက်ရသည်။ သူ ဆက်လက်၍ မစမ်းသပ်ရဲတော့ပါချေ ဒီ
"နီရဲသောရွှေစင်ဆေးလုံး" များသည်လည်း ထိုနည်းတူစွာပင် ဖြစ်လိမ့်မည်ဟု တွေးတောလိုက်မိသည်။
ဤအရာအားလုံးကို ဖြတ်ကျော်ပြီးနောက် သူ တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့ရ၏။
အဆင့် (၁၀) ရှိသော ဝိညာဉ်ကျင့်ကြံခြင်း ဆေးလုံးများနှင့် နီရဲသောရွှေစင်ဆေးလုံးများသည် သူ၏ အသက်ရှူကျင့်စဉ် အဆင့်မြင့်တက်လာမှုကြောင့် သူ့ကို ပိုမိုပြင်းထန်သော စွမ်းအင်များ ပေးစွမ်းနိုင်သော်လည်း ၎င်းတွင် အကန့်အသတ် ရှိနေသေးသည်။
ဆေးလုံးတစ်လုံးတွင် သိုလှောင်ထားနိုင်သည့် ဝိညာဉ်စွမ်းအင် ပမာဏက အကန့်အသတ် ရှိနေသည် မဟုတ်လား။ လက်ရှိအချိန်တွင် သူ၏ ကျင့်စဉ်မှာ အဆင့် (၈) ဝန်းကျင်သို့ ရောက်ရှိနေပြီ ဖြစ်ရာ... ဆေးလုံး တစ်လုံးစနှစ်လုံးစကို စုပ်ယူလိုက်ရုံမျှဖြင့် အဆင့်တက်နိုင်မည့် အခြေအနေတွင် မရှိတော့ပါချေ။
မှန်ပါသည်... အဆင့်တက်ရန်အတွက် ဆေးလုံးပေါင်း ဆယ်ဂဏန်းကျော် လိုအပ်မည် ဖြစ်သည်။
သို့သော် ၎င်းက အဓိက ပြဿနာ မဟုတ်ပါချေ။ သူ၏ ကျင့်ကြံခြင်း အဆင့်တက်လှမ်းမှုနှုန်းမှာ အခြားသူများထက် အဆပေါင်းများစွာ မြန်ဆန်နေခဲ့ပြီ ဖြစ်ရာ လောနေစရာ မလိုပါချေ။
ပိုမိုအရေးကြီးသည်မှာ... ယခုကဲ့သို့သော အဆင့်ရှိ ဆေးလုံးများ၏ အကန့်အသတ်ကို သူ မြင်တွေ့လိုက်ရခြင်း ဖြစ်ပေသည်။
ဆေးလုံးများက မည်မျှပင် အစွမ်းထက်ပါစေ... သူ့အတွက် ငါးဆထက် ပိုမို၍ ပေးစွမ်းနိုင်လိမ့်မည် မဟုတ်ပါချေ။
ရွှီရှောင်ရှို့ ဤပမာဏကို လက်ခံနိုင်စွမ်း ရှိပါသည်။
သို့သော်လည်း... ထိုပြင်းထန်လှသော စွမ်းအင်လှိုင်းလုံးများကို လျှော့ချရန်အတွက် စကားပြောဆိုခြင်း အလေ့အထကိုမူ သူ ဖျောက်ဖျက်နိုင်ခြင်း မရှိသေးချေ။
နောက်နောင်ကျရင် အခြားသော ဆေးလုံးများကို စုပ်ယူသည့် အခါတွင်မူ ယခုအခြေအနေက သူ့အတွက် အရေးကြီးသော အကိုးအကားတစ်ခု ဖြစ်လာလိမ့်မည်ဟု သူ မှတ်ချက်ပြုလိုက်သည်
၎င်းအပြင်... မွေးရာပါအဆင့်ရှိ အသက်ရှူကျင့်စဉ်သည် သူ့ကို အခြေခံကျသော အပြောင်းအလဲတစ်ခု ပေးစွမ်းနိုင်ကြောင်း သူ ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းက နှာခေါင်းဖြင့်သာမက ခန္ဓာကိုယ်အနှံ့ရှိ ချွေးပေါက်များဖြင့်ပါ အသက်ရှူနိုင်ခွင့် ပေးခြင်း ဖြစ်ပေသည်။
လက်ရှိအချိန်တွင် သူ၏ ခန္ဓာကိုယ်ရှိ ချွေးပေါက်တိုင်းသည် ဘေးပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို အဆက်မပြတ် ရှူသွင်းနေခဲ့ကြသည်။
၎င်းက တကယ့်ကို ကြောက်စရာကောင်းလှသော အရာတစ်ခု ဖြစ်ပေသည် သူ၏ ကျင့်ကြံခြင်းနှုန်းမှာ ယခင်ကထက် ဆယ်ဆကျော် မြန်ဆန်သွားခဲ့ပြီ မဟုတ်လား
မိမိအနေဖြင့် စုပ်ယူမည့် စွမ်းအင်ပမာဏကို ထိန်းချုပ်နိုင်လိမ့်မည်ဟူသော သူ၏ ကြိုတင်တွေးတောချက်မှာလည်း အတိုင်းအဆတစ်ခုအထိ အမှန်တကယ် ဖြစ်လာခဲ့သည်။
သူသည် မိမိ၏ စိတ်အလိုအတိုင်း ခန္ဓာကိုယ်အနှံ့ရှိ ချွေးပေါက်များကို အဖွင့်အပိတ် ပြုလုပ်ကာ ထိန်းချုပ်နိုင်စွမ်း ရှိလာခဲ့ခြင်း ဖြစ်ပေသည်။
သူ အားသွန်ခွန်စိုက် ကျင့်ကြံလိုက်သည့် အခါတွင်မူ သူ၏ ခန္ဓာကိုယ် ဘေးပတ်ဝန်းကျင်တွင် ဝိညာဉ်စွမ်းအင် မြူခိုးများပင် ဖြစ်ပေါ်လာစေနိုင်၏။ တကယ်လို့ သူက နှာခေါင်းတစ်ခုတည်းဖြင့်သာ အသက်ရှူမည်ဆိုပါက သူ၏ ကျင့်ကြံခြင်းနှုန်းမှာ ပုံမှန်ထက် နှစ်ဆမှ သုံးဆခန့်အထိသာ အများဆုံး မြင့်တက်လာလိမ့်မည် ဖြစ်သည်
“အလွန်ကောင်းတယ်...”
သူ စိတ်ထဲက မွေးရာပါအဆင့်ရှိ အလိုအလျောက်စွမ်းရည် ခြောက်ခုကို ကြည့်ကာ ကျေနပ်အားရစွာ ပြုံးလိုက်မိသည်။
တကယ်လို့ ၎င်းတို့ကို ဝိညာဉ်ကျင့်စဉ်များကဲ့သို့ အသုံးပြုမည်ဆိုပါက... သူ့အနေဖြင့် မွေးရာပါအဆင့် ဝိညာဉ်ကျင့်စဉ် ခြောက်ခုကို တတ်မြောက်ထားသည့် တကယ့်ကို အစွမ်းထက်လှသော တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်လာမှာ ဖြစ်ပြီး... သူ၏ နောင်လာမည့် တိုးတက်မှုနှုန်းမှာလည်း အကန့်အသတ် ရှိတော့မည် မဟုတ်ပါချေ။
“အားလုံး အဆင်သင့် ဖြစ်ပြီ... နောက်ထပ် တစ်ခုပဲ ကျန်တော့တယ်...”
“ငါ ဒီအရာကို အရင်ဆုံး ဖယ်ရှားပစ်ရမယ်”
သူ သူ၏ ဝိညာဉ်စွမ်းအင် သိုလှောင်ကန်အတွင်းရှိ ငရဲမီးမျိုးစေ့ကို လှမ်းကြည့်လိုက်မိသည်။ ၎င်း၏ တည်ရှိမှုကြောင့် သူ မိမိ၏ ခုတင်ပေါ်တွင်ပင် သေချာမအိပ်စက်နိုင်ဘဲ ဖြစ်နေခဲ့ရသဖြင့် ၎င်းကို သူ အတော်လေး စိတ်ကုန်နေခဲ့ပြီ ဖြစ်၏။
‘မင်းက မီးမျိုးစေ့ ဖြစ်နေရင်ရော ငါက ဂရုစိုက်ရမှာလား’
သူ စိတ်ထဲကနေ တွေးတောလိုက်မိသည်
‘မင်းက မီးသစ်ကြားသီး ဖြစ်နေရင်တောင်မှ... ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ငါ မင်းကို ရအောင် ခွဲပစ်မှာပဲ’
သူ နီရဲသောရွှေစင်ဆေးလုံး တစ်လုံးကို ယူလိုက်ပြီး အသက်အောင့်ထားလိုက်တော့၏။
နောက်တစ်စက္ကန့်တွင် သူ၏ နဖူးထက်၌ အကြောပြိုင်းပြိုင်း ထလာခဲ့ရပြီး လည်ပင်းကြွက်သားများလည်း တင်းမာလာခဲ့ရသည်။
နာကျင်မှုများ မြင့်တက်လာခဲ့ရသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ် မျက်နှာပြင်ကနေ နီဖျော့ဖျော့ မြူခိုးများ ထွက်ပေါ်လာခဲ့ရ၏။ ၎င်းက သွေးညှီနံ့ အနည်းငယ် ရှိသော်လည်း ပိုမိုအရေးကြီးသည်မှာ ၎င်းတွင် မီးလောင်ကျွမ်းထားသည့် အနံ့အသက်များ ပါဝင်နေခြင်း ဖြစ်ပေသည်။
၎င်းက သူ၏ အသက်ရှူကျင့်စဉ်ကို အသုံးပြုသည့် နည်းလမ်းသစ်တစ်ခု ဖြစ်ပေသည် ခန္ဓာကိုယ်ကနေ ထိုဓာတ်ငွေ့များကို အပြင်သို့ ထုတ်လွှတ်လိုက်ခြင်း ဖြစ်၏။
သူ၏ မျက်လုံးများအတွင်း၌ ဝမ်းမြောက်လှသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ရသည်။ နှာခေါင်းတစ်ခုတည်းကို အားကိုးမည့်အစား ခန္ဓာကိုယ်အနှံ့ရှိ ချွေးပေါက်များကနေတစ်ဆင့် ထိုစွမ်းအင်များကို ခွဲဝေထုတ်လွှတ်လိုက်ခြင်းကြောင့် သူ ခံစားရမည့် နာကျင်မှုများမှာ သိသိသာသာ လျော့ကျသွားခဲ့ရသည်။
နောက်ဆုံးတွင်မူ... သူ "နီရဲသောရွှေစင်ဆေးလုံး" များကိုပင် အသုံးပြုရန် မလိုအပ်တော့ဘဲ... ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားခဲ့သည့် နာကျင်မှုများကို သူ၏ ပြိုင်ဘက်ကင်း သက်စောင့်စွမ်းအား က ချက်ချင်းပင် ပြန်လည်၍ ကုသပေးလိုက်တော့၏။
ရွှီရှောင်ရှို့ သွားကို ကြိတ်လိုက်မိရင်း ပြောဆိုလိုက်သည်
“ပြန်လာခဲ့စမ်း...”
သူ အားသွန်ခွန်စိုက် ပြန်လည်၍ ရှူသွင်းလိုက်ရာ... ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားခဲ့သည့် ထိုနီရဲသော မြူခိုးများအားလုံး ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ရသည်။ ၎င်းတို့အားလုံးကို သူ၏ အသက်ရှူကျင့်စဉ်သစ်ဖြင့် ထိန်းချုပ်လိုက်ပြီးနောက်... သူ၏ ဝိညာဉ်စွမ်းအင် သိုလှောင်ရာအတွင်းသို့ တိုက်ရိုက် ပို့ဆောင်လိုက်တော့၏။
‘ဟူး... ဒီနည်းလမ်းက တကယ့်ကို ထိရောက်မှု ရှိလှပေတယ်’
‘အရှိန်အဟုန်က ယခင်ထက် နှစ်ဆကျော် မြန်ဆန်သွားတာပဲဥစ္စာ’
အတိတ်တုန်းက သူ ထိုစွမ်းအင်များကို ပြန်လည်၍ စုပ်ယူခဲ့စဉ်အခါက... ထိုပြင်းထန်လှသော အပူရှိန်များကြောင့် သူ၏ သွေးကြောများအတွင်း၌ တစ်ပတ်ပတ်ရန်အတွက် တကယ့်ကို နာကျင်မှုများ ခံစားခဲ့ရသည်ကို သူ မှတ်မိနေသေး၏။ သို့သော် လက်ရှိအချိန်တွင်မူ ထိုနာကျင်လှသော ဖြစ်စဉ်တစ်ခုလုံးမှာ အံ့ဩစရာကောင်းလောက်အောင်ပင် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပေသည်။
‘ဒါက မွေးရာပါအဆင့်ရှိ အသက်ရှူကျင့်စဉ်ရဲ့ စွမ်းပကားပဲဥစ္စာ... ကောင်းကျိုးတွေက ဆိုးကျိုးတွေထက် အဆပေါင်းများစွာ ပိုမိုများပြားလှပေတယ်’