“အကြီးအကဲ... ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲခင်ဗျာ”
ရွှီရှောင်ရှို့သည် သူ၏ စိတ်လှုပ်ရှားမှုများကို အတတ်နိုင်ဆုံး ထိန်းချုပ်ကာ အလောတကြီး ရှင်းပြလိုက်တော့၏
“ကျွန်တော် ကျမ်းစာစောင်တွေ သို့မဟုတ် စာအုပ်တွေကို ဘာတစ်ခုမှ မဖျက်ဆီးခဲ့ပါဘူး၊ သေတ္တာတွေကိုလည်း လျှောက်ပြီးတော့ မမွှေနှောက်ခဲ့ပါဘူးခင်ဗျာ...”
“စိတ်အေးအေးထားစမ်းပါ၊ ငါ မင်းကို ဘာမှ လုပ်မှာ မဟုတ်ပါဘူး”
အကြီးအကဲ စန်းသည် သူ၏ မျက်နှာပေါ်တွင် နွေးထွေးလှသော အပြုံးတစ်ခုကို ဖန်တီးလိုက်ရင်း ပြောဆိုလိုက်သည်
“ဟိုနှစ်ယောက် ဖြစ်သွားတာက တိုက်ဆိုင်မှု သက်သက်ပါ၊ ငါက မင်းဆီကို သီးသန့် လာခဲ့တာ”
ရွှီရှောင်ရှို့ ပိုမို၍ ထိတ်လန့်သွားခဲ့ရတော့၏ ထိုအဘိုးအိုက သူ့ခေါင်းကို လာရောက်ဖြတ်တောက်မည် ဆိုလျှင်ပင် ယခုလောက်အထိ ကြောက်ရွံ့နေလိမ့်မည် မဟုတ်ပါချေ။ အတိတ်တုန်းက ထိုအဘိုးအို ပြုလုပ်ခဲ့သည့် အရာများကြောင့် သူ ခံစားခဲ့ရသည့် နာကျင်မှုများက တကယ့်ကို အတိုင်းအဆမရှိ ပြင်းထန်လွန်းလှသည် မဟုတ်လား။ ယခုတစ်ကြိမ်တွင် ထိုအဘိုးအိုက သူ့ကို မည်သို့ နှိပ်စက်ဦးမည်နည်း
“မင်း ရွေးချယ်ထားတဲ့ ကျင့်စဉ်ကို ငါ့ကို ပေးပြီးတော့ ပြစမ်းပါဦး”
အကြီးအကဲ စန်းက သူ၏ လက်ကို ဆန့်ထုတ်လိုက်တော့၏
ရွှီရှောင်ရှို့လည်း ထိုအဘိုးအို ဘာလုပ်မည်ကို မသိသဖြင့် မိမိရွေးချယ်ထားသည့် ပျက်စီးနေသော ကျမ်းစာစောင် အပိုင်းအစကို ထုတ်ပေးလိုက်ရတော့သည်
“ဓားလက်ညှိုးဆယ်ပိုင်းကျင့်စဉ် ဟုတ်လား”
အကြီးအကဲ စန်း ထိုအပိုင်းအစကို ယူလိုက်သည်နှင့် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိ၏ “ဒီလောက်အထိ ပျက်စီးယိုယွင်းနေတဲ့ အရာမျိုးကိုမှ မင်းက ရွေးချယ်ရလား၊ ဒီဆယ်ပိုင်းထဲက တစ်ပိုင်းလောက်ကို ကျွမ်းကျင်အောင် လေ့ကျင့်နိုင်ဖို့တောင် မင်းမှာ ကံကောင်းမှုတွေ အများကြီး လိုအပ်လိမ့်မယ်”
သူသည် ထိုပျက်စီးနေသည့် အပိုင်းအစကို ယူလိုက်ပြီးနောက် လက်ကို ခါယမ်းလိုက်ရာ... ဆန်းကြယ်လှသော ကျောက်စိမ်းပေလွှာတစ်ခု သူ၏ လက်ထဲတွင် ထွက်ပေါ်လာခဲ့တော့၏
ရွှီရှောင်ရှို့ စိတ်ရှုပ်ထွေးသွားခဲ့ရသည်။
‘ဒါ ဘာသဘောလဲ’ သူ စိတ်ထဲကနေ တွေးတောလိုက်မိသည်
‘ဒီအဘိုးကြီးက အခု ဘာတွေ ထပ်ပြီးတော့ အကွက်ဆင်နေပြန်တာလဲ’
‘ငါ့ရဲ့ ကျမ်းစာစောင် အပိုင်းအစကို ပြန်ပေးစမ်းပါ’
“လှတယ်မလား... ဟုတ်တယ်မလား”
အကြီးအကဲ စန်းက ခပ်ဖွဖွလေး ရယ်မောလိုက်တော့၏
ရွှီရှောင်ရှို့၏ စိတ်ထဲတွင် တကယ့်ကို မကောင်းသည့် အာရုံတစ်ခု ချက်ချင်း ဖြစ်ပေါ်လာခဲ့သော်လည်း ခေါင်းညှိမ့်ပြလိုက်ရုံမှတစ်ပါး အခြားမရှိပါချေ။
“မင်းအနေနဲ့ ဒါကို လှပတယ်လို့ မြင်တာ တကယ့်ကို ကောင်းတာပေါ့၊ ဒါက ငါ မင်းအတွက် သီးသန့် ဖန်တီးပေးထားတဲ့ အရာပဲ” အကြီးအကဲ စန်းသည် ထိုကျောက်စိမ်းပေလွှာကို သူ၏ လက်ထဲသို့ အတင်းအဓမ္မ ထည့်သွင်းလိုက်ပြီးနောက် မေးစေ့ကို ပင့်တင်လျက် အချက်ပြလိုက်၏ “ဖတ်ကြည့်လိုက်စမ်းပါဦး”
‘ကျွန်တော် မဖတ်ချင်ဘူး’
သူ စိတ်ထဲကနေ အော်ဟစ်လိုက်မိသည်
‘ငါ့ရဲ့ ပျက်စီးနေတဲ့ ကျမ်းစာစောင်လေးကိုပဲ ပြန်ပေးပါ’
“တကယ့်ကို လှပတဲ့ အရာတစ်ခုပါပဲခင်ဗျာ”
ရွှီရှောင်ရှို့ သူ၏ မျက်နှာပေါ်တွင် ဟန်ဆောင်အပြုံးတစ်ခုကို ဖန်တီးလိုက်မိရင်း... ထိုကျောက်စိမ်းပေလွှာကို သူ၏ နဖူးထက်သို့ တင်ကာ စိတ်အာရုံဖြင့် ဖတ်ရှုလိုက်တော့၏
“ငရဲဘုံကောင်းကင်ယံကျင့်စဉ် ဟုတ်လား”
ထိုရင်းနှီးလှသော အမည်နာမကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ သူ၏ နှလုံးခုန်သံမှာ ချက်ချင်းပင် ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့ရတော့၏
ငရဲဘုံ ဟုတ်လား။
အတိတ်တုန်းက သူ အတင်းအဓမ္မ မြိုချခဲ့ရသည့် ငရဲမီးမျိုးစေ့နှင့် ဆက်စပ်နေမည်ဆိုပါက ဤကျင့်စဉ်၏ ကောင်းမွန်ခြင်း အာနိသင်များအပေါ် သူ မည်သို့မျှ ယုံကြည်နိုင်လိမ့်မည် မဟုတ်ပါချေ။
ရွှီရှောင်ရှို့ ဟန်ဆောင်မနေတော့ဘဲ ထိုကျောက်စိမ်းပေလွှာကို အကြီးအကဲ စန်းထံသို့ ပြန်လည်၍ ပေးအပ်လိုက်မိရင်း ပြောဆိုလိုက်တော့၏
“အကြီးအကဲ... ခင်ဗျာက ကျွန်တော့်ကို အထင်ကြီးလွန်းနေပါပြီ၊ ကျွန်တော့်မှာ တကယ့်ကို ပါရမီ မရှိပါဘူးဗျာ၊ မိုးတိမ်ဖြူဓားကျင့်စဉ်ရဲ့ ကွက်ကွက်လေး တစ်ကွက်တည်းကိုတောင် သုံးနှစ်လောက် အပတ်တကုတ် လေ့ကျင့်ခဲ့ရတာပါ၊ ဤကျင့်စဉ်ကို လေ့ကျင့်ဖို့အတွက် ကျွန်တော့်မှာ အရည်အချင်း မရှိပါဘူးခင်ဗျာ”
အကြီးအကဲ စန်း ဂရုမစိုက်သည့် ပုံစံမျိုးဖြင့် လက်ကို ဝှေ့ယမ်းလိုက်တော့၏။
“ဘာမှ မဖြစ်ပါဘူး၊ ဤကျင့်စဉ်ကို လေ့ကျင့်ဖို့အတွက် ပါရမီ သို့မဟုတ် အရည်အချင်းတွေက အဓိက လိုအပ်ချက်တွေ မဟုတ်ပါဘူး၊ မင်းရဲ့ ခန္ဓာကိုယ်က ထိုငရဲမီးမျိုးစေ့ရဲ့ ပြင်းထန်လှတဲ့ လောင်ကျွမ်းခြင်း စွမ်းအင်တွေကို ခံနိုင်ရည်ရှိဖို့ပဲ လိုအပ်တာပါ၊ ဒါဆိုရင် အဆင်ပြေပါပြီ”
ရွှီရှောင်ရှို့ တကယ့်ကို ထိတ်လန့်သွားခဲ့ရ၏
‘ပြဿနာက ကျွန်တော်က ယခုလိုမျိုး နာကျင်မှုတွေကို ထပ်ပြီးတော့ မခံစားချင်တော့တာလေ’
သူ စိတ်ထဲကနေ အော်ဟစ်လိုက်မိသည်။
‘ငါ့မှာ အလိုအလျောက်စနစ် ရှိနေတာပဲဥစ္စာ... ငါ ဘာဖြစ်လို့ မိမိကိုယ်မိမိ ယခုလိုမျိုး နှိပ်စက်ရမှာလဲ’
‘ငါ့အနေနဲ့ အလိုအလျောက်ရမှတ် တွေကို ဖြည်းဖြည်းချင်း ရှာဖွေသွားရင် ရတာပဲဥစ္စာ၊ ဒီအရာက တကယ့်ကို နောက်ပြောင်စရာ မဟုတ်ဘူးလေ၊ တစ်ချက်လေး မှားယွင်းသွားတာနဲ့ ငါ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ပြာအဖြစ် ပြောင်းလဲသွားနိုင်တယ် မဟုတ်လား’
အကြီးအကဲ စန်းသည် ထိုကျောက်စိမ်းပေလွှာကို ရွှီရှောင်ရှို့၏ လက်ထဲသို့ အတင်းအဓမ္မ ပြန်လည်၍ တွန်းပို့လိုက်ပြီးနောက် သူ၏ လက်တစ်ဖက်ကို ဖမ်းဆွဲကာ ခဏမျှ အာရုံခံကြည့်လိုက်တော့၏
“ဟင်း... မင်းက ထိုငရဲမီးမျိုးစေ့ရဲ့ စွမ်းအင်တွေကို တကယ့်ကို ကောင်းမွန်စွာ စုပ်ယူထားနိုင်တာပဲ၊ လမ်းတစ်ဝက်လောက်တောင် ရောက်နေပြီပေါ့လေ၊ ငါ့ရဲ့ အမြင်က တကယ့်ကို မမှားယွင်းခဲ့ပါဘူး”
အကြီးအကဲ စန်း သူ၏ လက်ကို ပြန်လည်၍ လှန်လိုက်သည့် အခါတွင်မူ... တကယ့်ကို ပြင်းထန်လှသော အပူရှိန်များနှင့်အတူ ရဲရဲနီနေသည့် ထိုရင်းနှီးလှသော မီးမျိုးစေ့တစ်ခု သူ၏ လက်ထဲတွင် ထွက်ပေါ်လာခဲ့ပြန်ပြီး ၎င်းကို ရွှီရှောင်ရှို့၏ လက်ထဲသို့ ချက်ချင်းပင် အတင်းအဓမ္မ ထည့်သွင်းပေးလိုက်တော့၏။
“မင်း အပြင်ကို ရောက်တဲ့အခါကျရင် ဤဝိညာဉ်ကျင့်စဉ်ကို သေချာပေါက် စာရင်းပေးသွင်းလိုက်ပါ၊ ၎င်းကို အပတ်တကုတ် လေ့ကျင့်ပါ၊ မင်း အောင်မြင်သွားတဲ့ အခါကျရင် ဒီနေရာကို လာပြီး ငါ့ကို ထပ်မံ၍ လာရောက်ရှာဖွေပါဦး”
‘ငရဲကိုပဲ သွားလိုက်စမ်းပါ’
သူ စိတ်ထဲကနေ ဆဲရေးလိုက်မိ၏
‘ကျွန်တော် ခင်ဗျားရဲ့ မျက်နှာကြီးကို နောက်ထပ် မမြင်တွေ့ချင်တော့ဘူး’
ထိုမီးမျိုးစေ့ထံက ထွက်ပေါ်နေသည့် တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှသော နာကျင်မှုများနှင့် အပူရှိန်များက... သူ၏ ခန္ဓာကိုယ်အတွင်းသို့ ထပ်မံ၍ တိုးဝှေ့ဝင်ရောက်လာခဲ့ပြန်သဖြင့် ရွှီရှောင်ရှို့၏ နှလုံးသားမှာ ချက်ချင်းပင် ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့ရတော့၏။
ထိုအချိန်တွင် သူသည် ကံကြမ္မာ၏ စီမံမှုမှန်သမျှကို ငြိမ်ခံနေ၍ မရတော့ဘဲ တစ်ခါတစ်ရံတွင် ပြန်လည်၍ ခုခံရမည် ဖြစ်ကြောင်း သတိပြုမိလိုက်သည်။
“အကြီးအကဲ... ကျွန်တော် ဤအရာကို ထပ်ပြီးတော့ မမြိုချချင်တော့ပါဘူးခင်ဗျာ...”
ရှုူး...
အကြီးအကဲ စန်း သူ၏ လက်ညှိုးကို လှုပ်ခါလိုက်မိရင်း... နောက်ထပ် မီးမျိုးစေ့တစ်ခုကို ရွှီရှောင်ရှို့၏ လည်ချောင်းအတွင်းသို့ တိုက်ရိုက် ပစ်သွင်းလိုက်တော့၏။ ရွှီရှောင်ရှို့လည်း ညည်းတွားသံ တစ်ချက်နှင့်အတူ ၎င်းကို အတင်းအဓမ္မ မြိုချလိုက်ရတော့သည်
“တကယ်လို့ မင်းက ဒါကို အခုချက်ချင်း မစားချင်ဘူးဆိုရင်တော့... နောက်မှ စားဖို့အတွက် သိမ်းထားလိုက်ပါ၊ အခုတော့ နောက်ထပ်တစ်ခုကိုပဲ အရင်စားလိုက်တာပေါ့လေ”
အဘိုးအိုသည် မျက်လုံးများကို မှေးစပ်လိုက်မိရင်း နွေးထွေးစွာဖြင့် ပြောဆိုလိုက်တော့၏
ထို့နောက် သူသည် ကျောက်စိမ်းပုလင်း အသေးလေးတစ်ခုကို ထုတ်ယူလိုက်ပြီး ရွှီရှောင်ရှို့၏ လက်ထဲက မီးမျိုးစေ့ကို အတွင်းသို့ ဂရုတစိုက် ထည့်သွင်းပေးလိုက်ကာ... ၎င်းကို ရွှီရှောင်ရှို့ထံသို့ ပြန်လည်၍ ပေးအပ်လိုက်ရင်း ပြောဆိုလိုက်ပြန်သည်
“လောနေစရာ မလိုပါဘူး၊ မင်းရဲ့ အချိန်ကို စိတ်ကြိုက် ယူနိုင်ပါတယ်”
ရွှီရှောင်ရှို့ ခန္ဓာကိုယ် ယိမ်းထိုးသွားခဲ့ရပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့လျက် မြေပြင်ပေါ်သို့ ဒူးထောက်လဲကျသွားခဲ့ရတော့၏။
‘ကျွန်တော် ပြောချင်တာက အဲဒီသဘော မဟုတ်ပါဘူး’
သူ စိတ်ထဲကနေ အော်ဟစ်လိုက်မိသည်
‘ဒီအရာတွေကို ဘာတစ်ခုမှ ကျွန်တော် မစားချင်တော့တာပါ’
သူ လုံးဝကို ဆွံ့အသွားခဲ့ရ၏။ ဤအကွက်ဆင်မှုမှာ တကယ့်ကို ရုတ်တရက် ဆန်လွန်းလှပေသည် ထိုအဘိုးအိုသည် အစွမ်းထက်လှသော သက်ကြီးဝါရီ ပုဂ္ဂိုလ်များတွင် ရှိတတ်သည့် မြင့်မြတ်လှသော အရှိန်အဝါမျိုး လုံးဝ မရှိဘဲ ယခုကဲ့သို့သော အောက်တန်းကျလှသည့် လှည့်ကွက်ကလေးများကိုသာ အသုံးပြုနေခြင်း ဖြစ်ပေသည်
သူသည် သူ၏ ဝမ်းဗိုက်အတွင်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သော မီးမျိုးစေ့ကြောင့် မည်သည့်အရာကိုမျှ မိုက်မဲစွာ မပြုလုပ်ရဲတော့ဘဲ... ခန္ဓာကိုယ်ကို အမြန်ဆုံး တည်ငြိမ်စေရန်အတွက် သူ၏ ကျင့်ကြံခြင်း စွမ်းအင်များကို အလျင်အမြန် စီမံလိုက်ရတော့၏။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ အပူရှိန်များမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့ရပြီး ခန္ဓာကိုယ်တစ်ခုလုံး ထပ်မံ၍ ရဲရဲနီလာခဲ့ရပြန်သည်။
သူ စာအုပ်စင်တစ်ခုကို မှီလိုက်မိစဉ်မှာပင် သူ၏ ခန္ဓာကိုယ်ကနေ ရေနွေးငွေ့များ ထွက်ပေါ်လာခဲ့ရပြီး... ထိုရင်းနှီးလှသော ပြင်းထန်လှသည့် နာကျင်မှုများ ထပ်မံ၍ ထွက်ပေါ်လာခဲ့ပြန်သဖြင့် ရူးသွပ်လုနီးပါး ဖြစ်သွားခဲ့ရတော့၏
“တိုက်ခိုက်ခြင်း ခံနေရသည်။ အလိုအလျောက်ရမှတ် +၁ မှတ်။”
“တိုက်ခိုက်ခြင်း ခံနေရသည်။ အလိုအလျောက်ရမှတ် +၁ မှတ်။”
“......”
သူ အလိုအလျောက်ရမှတ်များစွာ အရှိန်အဟုန်ဖြင့် ရရှိလာလိမ့်မည် ဖြစ်ကြောင်း သိရှိသော်လည်း ၎င်းအတွက် လုံးဝ ဝမ်းမမြောက်နိုင်ပါချေ။
၎င်းက ပြင်းထန်လှသော နာကျင်မှုများ၏ တန်ဖိုး မဟုတ်လား။
မဟုတ်သေးပါဘူး
၎င်းက ငရဲဘုံအတွင်းသို့ ရောက်ရှိနေရခြင်း၏ ပေးဆပ်မှု ဖြစ်ပေသည်။
တကယ်လို့ သူသာ ၎င်းကို စတင်၍ သန့်စင်ရန် ကြိုးစားလိုက်မည်ဆိုပါက နာကျင်မှုများမှာ ယခုထက်မက အဆပေါင်းများစွာ ပိုမို၍ ပြင်းထန်လာလိမ့်မည် ဖြစ်၏။
‘ငါက ဒီနေရာကို ဝိညာဉ်ကျင့်စဉ်တစ်ခု လာပြီးတော့ ရွေးချယ်တာ မဟုတ်ဘူးလား’ သူ စိတ်ထဲကနေ တွေးတောလိုက်မိသည် ‘ဘာဖြစ်လို့ ယခုလိုမျိုး အခြေအနေတွေ ဖြစ်ပျက်ခဲ့ရတာလဲ...’
သူ၏ စိတ်ဝိညာဉ်မှာ ခန္ဓာကိုယ်ကနေ လွင့်ပျံထွက်ခွာသွားခဲ့ပြီ ဖြစ်သည့်အလား ငေးငိုင်နေခဲ့မိတော့၏။
အကြီးအကဲ စန်းသည် ယခုကဲ့သို့သော အခြေအနေများကို ဂရုမစိုက်ဘဲ ရွှီရှောင်ရှို့၏ အရှေ့တွင် ဆေးပုလင်း ဆယ်ပုလင်းကို လာရောက်၍ တင်ထားလိုက်ပြန်သဖြင့် ထိုလုလင်ငယ်၏ မျက်နှာမှာ ချက်ချင်းပင် တွန့်ရှုံ့သွားခဲ့ရပြန်သည်။
‘နီရဲသောရွှေစင်ဆေးလုံး တွေလား’
သူ စိတ်ထဲကနေ တွေးတောလိုက်မိသည်
‘ပုလင်းပေါင်း ဆယ်ပုလင်းတောင်လား... ဒါဆိုရင်တော့ အခြေအနေတွေက တကယ့်ကို...’
သူ့အနေဖြင့် မိမိ၏ ကံကြမ္မာက ကစားခြင်းကို ခံနေရသည့်အလား ခံစားလိုက်ရတော့၏။
“မင်းအနေနဲ့ ဒီဆင်းရဲဒုက္ခတွေကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင်... မင်းရဲ့ အနာဂတ်က တကယ့်ကို တောက်ပလင်းထိန်လာမှာ သေချာတယ်၊ ငါ့ကို ယုံကြည်လိုက်စမ်းပါ”
အဘိုးအိုသည် သူ၏ အဝတ်အစားများကြားထဲတွင် ခဏမျှ ထပ်မံ၍ လှန်လှောရှာဖွေလိုက်ပြီးနောက် နောက်ထပ် ဆေးပုလင်းတစ်ခုကိုပါ လာရောက်၍ တင်ထားလိုက်ပြန်သည်
“အပတ်တကုတ် ကြိုးစားစမ်းပါ”
“ပြီးတော့ မင်း ဒါကို ကျွမ်းကျင်အောင် လေ့ကျင့်ပြီးသွားခဲ့ရင် ငါ့ကို လာပြီးတော့ ပြန်လည်ရှာဖွေဖို့ မမေ့နဲ့ဦး”
ထိုစကားများကို ပြောဆိုပြီးနောက်တွင်မူ သူသည် ရှိနေခဲ့သည့် နေရာကနေ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့တော့၏။
“တိုက်တွန်းအားပေးခြင်း ခံရသည်။ အလိုအလျောက်ရမှတ် +၁ မှတ်။”
ရွှီရှောင်ရှို့သည် ရှိနေခဲ့သည့် နေရာတွင်ပဲ ဆွံ့အစွာဖြင့် ထိုင်နေခဲ့မိပြီး ဘဝ၏ အဓိပ္ပာယ်မှန်သမျှ ဆုံးရှုံးသွားခဲ့ရသည့်အလား ခံစားလိုက်ရတော့၏။
‘ဘာဖြစ်လို့လဲ’ သူ စိတ်ထဲကနေ တွေးတောလိုက်မိသည်
‘ငါ အပတ်တကုတ် ကြိုးစားတိုက်ခိုက်ခဲ့ပြီးမှ ချန်ပီယံ ဖြစ်လာခဲ့တာလေ၊ ဒါပေမဲ့ အတွင်းစည်းဂိုဏ်းကို ဝင်ရောက်ခွင့် မရခဲ့ဘူး’
‘ပြီးတော့ ငါ တကယ့်ကို ရှားပါးလှတဲ့ အခွင့်အရေးတစ်ခုအနေနဲ့ ဝိညာဉ်ကျမ်းစာဂေဟာကို လာပြီးတော့ ဝိညာဉ်ကျင့်စဉ် ရွေးချယ်ခွင့် ရခဲ့တာကို... အခုတော့ ယခုလိုမျိုး အကွက်ဆင် ကစားခြင်းကို ခံလိုက်ရတာလား’
ရွှီရှောင်ရှို့ ယခုကဲ့သို့သော အခြေအနေများအတွက် မည်သည့်အဖြေကိုမျှ ရှာဖွေနိုင်ခြင်း မရှိပါချေ။ ဤလောကကြီးတစ်ခုလုံးက သူ့ကို ဒုက္ခပေးရန်အတွက်သာ ရည်ရွယ်ထားသည့်အလား ခံစားလိုက်ရတော့၏။
“ထားလိုက်ပါတော့လေ... ဘာပဲဖြစ်ဖြစ်ပေါ့...”
သူသည် စိတ်ပျက်လက်ပျက် အခြေအနေမျိုးဖြင့် သူ၏ ဝိညာဉ်ကျင့်စဉ်ကို စာရင်းပေးသွင်းလိုက်ပြီးနောက် ထိုနေရာကနေ ထွက်ခွာလာခဲ့တော့၏။
......
အတွင်းစည်းဂိုဏ်းအတွင်း
ဝိညာဉ်စွမ်းအင်များ ထူထပ်လှသည့် နေရာတစ်ခုတွင် ဖြစ်ပေသည်။
ပလုံ... ပလုံ...
ဝိညာဉ်ဖန်ကျောက်စိမ်းများဖြင့် ဖန်တီးထားသည့် အရက်ကရားလေးတစ်ခုမှာ ကောင်းမွန်စွာဖြင့် ဆူပွက်နေခဲ့၏။
လန်ရှင်းဇီသည် သူမ၏ လက်ထဲက အပြာရောင် မီးတောက်များကို ပြန်လည်၍ ရုပ်သိမ်းလိုက်မိရင်း အရက်ကရား၏ အဖုံးကို ဖွင့်လှစ်လိုက်ရာ... အရက်၏ မွှေးပျံ့လှသော ရနံ့များမှာ ဘေးပတ်ဝန်းကျင် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ရတော့သည်။
သူမသည် အရက်ခွက်နှစ်ခွက်ကို ယူလိုက်ပြီး ကရားကို ကိုင်ဆောင်ကာ... မျက်လုံးများကို မှိတ်လျက် ကျင့်ကြံနေသည့် လုလင်ပျိုတစ်ဦး၏ ဘေးနားထံသို့ လေပွေတစ်ခုကဲ့သို့ ပေါ့ပါးလှသော ခြေလှမ်းများဖြင့် လျှောက်လှမ်းသွားလိုက်တော့၏။
“ဂိုဏ်းတူနောင်ကြီး ကျန်း... ဒါက ဂိုဏ်းချုပ်ကြီးဆီကနေ အခုတင်ပဲ ပို့ဆောင်လိုက်တဲ့ မြင့်မြတ်လှသော အရက်ဆန်းတစ်မျိုး ဖြစ်ပါတယ်၊ ခဏလောက် မြည်းစမ်းကြည့်ချင်လားရှင့်”
သူမ ညင်သာစွာဖြင့် မေးမြန်းလိုက်တော့၏
ကျန်းရှင်းရှုံ သူ၏ မျက်လုံးများကို ဖွင့်လှစ်လိုက်မိရင်း ကျင့်ကြံခြင်း အခြေအနေကနေ နိုးထလာခဲ့ပြီ ဖြစ်သည် သူသည် မိမိ၏ အရှေ့တွင် ရှိနေသည့် အမျိုးသမီးကို လှမ်း၍ ကြည့်ရှုလိုက်မိ၏။
လန်ရှင်းဇီသည် တကယ့်ကို အလွန်အမင်း လှပလွန်းလှသော မိန်းမလှလေးတစ်ဦး ဖြစ်ကြောင်း သူ ဝန်ခံရမည် ဖြစ်ပေသည်။
သူမ၏ ဝတ်စုံမှာ နတ်သမီးတစ်ပါးကဲ့သို့ပင် လှပလွန်းလှပြီး သူမ၏ ပုခုံးနှစ်ဖက်မှာလည်း အနည်းငယ် ပေါ်လွင်နေခဲ့သည် သူမအနေဖြင့် ဘေးပတ်ဝန်းကျင်ရှိ ပန်းမန်များ အလှပျောက်ကွယ်သွားစေရန်အတွက် မည်သည့် မိတ်ကပ်ပြင်ဆင်မှုမျိုးမျှပင် လိုအပ်ခြင်း မရှိပါချေ။
“မင်းရဲ့ ဝတ်စုံက အောက်ကို လျှောကျနေပြီ၊ သေချာအောင် ပြန်ပြီးတော့ ဝတ်ဆင်လိုက်စမ်းပါ”
ကျန်းရှင်းရှုံ သူ၏ အကြည့်များကို လွှဲဖယ်လိုက်တော့၏။
“ဘာဖြစ်လို့လဲရှင့်... ဒါက ဒီလိုမျိုး ဝတ်ဆင်ရတာပဲဥစ္စာ...” လန်ရှင်းဇီ၏ နှုတ်ခမ်းဖျားမှာ ချက်ချင်းပင် တွန့်ရှုံ့သွားခဲ့ရပြီးနောက် သူမက ညှို့ဓာတ်ပြင်းလှသော အမူအရာဖြင့် ပြောဆိုလိုက်ပြန်သည်
“အင်းလေ... ကျွန်မရဲ့ လက်နှစ်ဖက်စလုံးမှာ အရက်ခွက်တွေ ကိုင်ထားရတော့... မအားမလပ် ဖြစ်နေတာ မြင်သားပဲဥစ္စာ၊ ဒါဆိုရင် ဂိုဏ်းတူအစ်ကိုကြီးကပဲ ကျွန်မအတွက် ပြန်ပြီးတော့ ပြုပြင်ပေးပါလားရှင့်”
ကျန်းရှင်းရှုံ ထိုအရက်ခွက်များကို လှမ်း၍ ယူလိုက်ပြီးနောက် အမြန်ဆုံး မော့ချလိုက်တော့၏
“မင်းဘာသာမင်း ပြန်ပြီးတော့ ပြုပြင်လိုက်စမ်းပါ”
လန်ရှင်းဇီ သူ၏ အပြုအမူကြောင့် မျက်လုံးများကို စွေစောင်းကြည့်လိုက်မိပြီးမှ... သူ့အတွက် အရက်ကို ထပ်မံ၍ လောင်းထည့်ပေးလိုက်ရင်း သူ၏ နားစည်ဘေးနားထံသို့ ကပ်ကာ တိုးညှင်းစွာ ပြောဆိုလိုက်တော့၏
“ကျွန်မတို့ မိသားစုဆီကနေ သတင်းတစ်ခု ရောက်လာခဲ့တယ်”
“သေချာအောင် ပြောစမ်းပါ”
ကျန်းရှင်းရှုံ သူ၏ ခေါင်းကို လွှဲဖယ်လိုက်မိရင်း မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်
“ဒီတစ်ကြိမ်မှာ ဘာအကြောင်းအရာလဲ”
“ဝမ်ချုံ အသတ်ခံလိုက်ရတဲ့ ကိစ္စလေ၊ ဂိုဏ်းတူအစ်ကိုကြီးအနေနဲ့ ဒါကို တကယ်ပဲ ဖုံးကွယ်ထားနိုင်လိမ့်မယ်လို့ ထင်နေတာလား”
လန်ရှင်းဇီ ပျင်းရိငြီးငွေ့ဖွယ် အမူအရာဖြင့် ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်မိရင်း ထိုလူ၏ အရှေ့တွင် တကယ့်ကို ဆွဲဆောင်မှုရှိလှသော အပြုအမူများကို ပြသလိုက်ကာ ဆက်လက်၍ ပြောဆိုလိုက်တော့၏
“ဂိုဏ်းတူအစ်ကိုကြီးရဲ့ မိထွေးက... ဂိုဏ်းတူအစ်ကိုကြီးရဲ့ ဖခင်ရဲ့ နားထဲကို စကားအချို့ သွားပြီးတော့ တိုးတိုးလေး ပြောလိုက်ရုံပဲလေ၊ အခုတော့ နောက်ထပ် သတင်းအသစ်တစ်ခု ထပ်ပြီးတော့ ရောက်လာခဲ့ပြန်ပြီပေါ့”
သူမ အရက်ခွက်ထဲက အရက်ကို ခပ်ဖွဖွလေး မှုတ်ထုတ်လိုက်မိရင်း ထိုလူ့ထံသို့ ညှို့ဓာတ်ပြင်းလှသော အကြည့်တစ်ချက် ပို့ဆောင်လိုက်ရာ တကယ့်ကို ဆွဲဆောင်မှု ရှိလွန်းလှပေသည်။
ကျန်းရှင်းရှုံ ခပ်ဖွဖွလေး ရယ်မောလိုက်မိ၏
“ဝမ်မိသားစုရဲ့ အရေးအကြောင်းတွေက ငါနဲ့ ဘာဆိုင်လို့လဲ”
“ထိုလူက ဂိုဏ်းတူအစ်ကိုကြီးရဲ့ ဝမ်းကွဲညီလေးလေဥစ္စာ”
“အသုံးမကျတဲ့ အမှိုက်ကောင် သက်သက်ပါပဲ”
“......”
လန်ရှင်းဇီ ထိုစကားကြောင့် အချိန်အတော်ကြာအောင် မည်သည့်စကားမျှ မပြောနိုင်တော့ဘဲ ဆွံ့အသွားခဲ့ရတော့၏။