သူမ အနောက်သို့ လှည့်ကြည့်လိုက်သည့် အခါတွင်မူ... ကောက်ရိုးဦးထုပ် ဆောင်းထားပြီး မျက်နှာတစ်ခုလုံး အရေးအကြောင်းများဖြင့် ပြည့်နှက်နေသည့် အဘိုးအိုတစ်ဦးကို မြင်တွေ့လိုက်ရသည် ထိုအဘိုးအို၏ တွန့်ရှုံ့နေသည့် မျက်နှာဟောင်းကြီးပေါ်တွင် နွေးထွေးသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာစေရန် အတတ်နိုင်ဆုံး ကြိုးစားနေသည့် ပုံစံမျိုး ရှိသော်လည်း... သူ၏ မျက်လုံးနှစ်ဖက်အောက်တွင်မူ တကယ့်ကို ကြီးမားလှသော ကွင်းညိုကြီးနှစ်ခု ရှိနေခဲ့၏
ထို့အပြင် သူမ၏ မျက်နှာနှင့် ထိုအဘိုးအို၏ မျက်နှာကြား ကွာဝေးမှုမှာ လက်မဝက်ပင် မရှိတော့သဖြင့် ၎င်းက သူမကို လန့်သေသွားစေရန်အတွက် လုံးဝ လုံလောက်လှပေသည်
မုဇီရှီးသည် မည်သည့်အသံမျှပင် မထွက်နိုင်တော့လောက်အောင် အလွန်အမင်း ထိတ်လန့်သွားခဲ့ရ၏ သူမ၏ မျက်လုံးများမှာ အနောက်သို့ လန်တက်သွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့ရကာ... သစ်တုံးတစ်တုံးကဲ့သို့ အနောက်ဘက် မြေပြင်ပေါ်သို့ ပက်လက်လန်ကာ လဲကျသွားခဲ့တော့သည်
ဘုန်း...
အဘိုးအိုသည် သူ၏ ဦးထုပ်ကို အောက်သို့ အနည်းငယ် ဆွဲချလိုက်မိရင်း မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည့် မိန်းကလေးငယ်ကို မျက်နှာသေဖြင့် ကြည့်ရှုလိုက်တော့၏
“ဟွန်း... မင်းကတော့ ပြဿနာတွေကို တော်တော်လေး ဖန်တီးခဲ့တာပဲ ကောင်မလေး၊ ငါသာ မင်းကို ဆက်ပြီး လွှတ်ထားပေးလိုက်မယ်ဆိုရင်... မင်းက ဒီနံရံတွေကိုပါ လိုက်ပြီး တူးဆွနေတော့မှာ သေချာတယ်”
သူမ၏ လက်ထဲက စာအုပ်များကို လှမ်း၍ ယူလိုက်ပြီးနောက် အနည်းငယ် ဖုန်ခါလိုက်မိရင်း စာအုပ်စင်ပေါ်သို့ ပြန်လည်၍ တင်ထားလိုက်တော့သည်
ထို့နောက် သူသည် မြေပြင်ပေါ်တွင် လဲကျနေသည့် မိန်းကလေးငယ်ကို ဘေးသို့ ခြေထောက်ဖြင့် ခပ်ဖွဖွလေး ကန်ထုတ်လိုက်၏ သူသည် နောက်ထပ်လူတစ်ယောက်ကို ဖြေရှင်းရန်အတွက် ပြင်ဆင်လိုက်စဉ်မှာပင်... ရုတ်တရက်ဆိုသလို မျက်မှောင်ကြုတ်လိုက်မိပြန်သည်
သူသည် ခန္ဓာကိုယ်ကို နှိမ့်ချကာ ထိုင်ချလိုက်မိရင်း သူမ၏ လက်တစ်ဖက်ကို လှမ်း၍ မြှောက်ကြည့်လိုက်၏
“ဒါ ဘာကြီးလဲ...”
သူ အံ့အားသင့်စွာဖြင့် တိုးညှင်းစွာ ရေရွတ်လိုက်မိသည်
“ဒီလောက်တောင် ကြီးမားလှတဲ့ သက်စောင့်စွမ်းအားမျိုးလား...”
အဘိုးအို အနည်းငယ် ထိတ်လန့်သွားခဲ့ရသည် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ သက်စောင့်စွမ်းအားများမှာ အလွန်အမင်း သိပ်သည်းလွန်းလှသဖြင့်... သူမ၏ သစ်သားဓာတ် သဘာဝ စွမ်းအင်များကိုပင် ဖုံးကွယ်ထားနိုင်လုနီးပါး ဖြစ်နေကြောင်း သူ ခံစားလိုက်ရသောကြောင့် ဖြစ်ပေသည်
ထို့အပြင် ၎င်းက ဖိနှိပ်ထားသည့် သစ်သားဓာတ် စွမ်းအင်များကို သေဆုံးမသွားစေရုံတင် မကဘဲ... မိမိကိုယ်မိမိ ပိုမို၍ အားကောင်းလာစေရန်အတွက် ထိုသက်စောင့်စွမ်းအားများကို အတတ်နိုင်ဆုံး ဝါးမြိုနေကြောင်းလည်း သူ ခံစားလိုက်ရပြန်သည် ၎င်းက သူ့ကို အရှိန်အဝါ အကြီးမားဆုံး တုန်လှုပ်သွားစေခဲ့ခြင်း ဖြစ်သည်
“ဒါက ဘယ်လိုမျိုး ခန္ဓာကိုယ် ဖွဲ့စည်းပုံလဲ”
“သက်စောင့်စွမ်းအားတွေကို ဝါးမြိုပြီး မိမိကိုယ်မိမိ ပိုပြီးတော့ အားကောင်းလာစေနိုင်တဲ့ သစ်သားဓာတ် သဘာဝစွမ်းအင် ဟုတ်လား”
သူ၏ မျက်လုံးများ ချက်ချင်းပင် တောက်ပသွားခဲ့ရပြီး ရှားပါးလှသည့် ရတနာတစ်ခုခုကို ရှာဖွေတွေ့ရှိသွားသည့်အလား ရှိနေခဲ့၏
သို့သော်လည်း သူသည် စာအုပ်စင်ထံသို့ အကြည့်များကို ပို့ဆောင်လိုက်မိပြီးမှ သူမထံသို့ ပြန်လည်၍ ကြည့်ရှုလိုက်ပြန်သည် သူ၏ စိတ်ထဲတွင် တကယ့်ကို အပြင်းအထန် ရုန်းကန်နေရသည့် ပုံစံမျိုး ရှိပေသည်
သို့သော်လည်း ထိုရုန်းကန်မှုမှာ ခဏမျှသာ ကြာမြင့်ခဲ့ပြီး သူ၏ မျက်လုံးများအတွင်းသို့ ပြတ်သားလှသည့် အကြည့်များ ပြန်လည်၍ ဝင်ရောက်လာခဲ့တော့၏
“နှမြောစရာကောင်းလိုက်တာ...”
သူ သက်ပြင်းတစ်ချက် ချလိုက်မိသည်
“တကယ်လို့ မင်းသာ ငါ့အရှေ့ကို ပိုပြီးတော့ စောစောစီးစီး ရောက်လာခဲ့မယ်ဆိုရင်... ငါ မင်းကိုပဲ သေချာပေါက် ရွေးချယ်မိမှာ”
ထိုသို့ ဆုံးဖြတ်ချက် ချမှတ်ပြီးနောက်တွင်မူ အဘိုးအိုမှာ တုံ့ဆိုင်းမနေတော့ဘဲ ထိုမိန်းကလေးငယ်ကို ဘေးသို့ ခြေထောက်ဖြင့် ခပ်ဖွဖွလေး ကန်ထုတ်လိုက်တော့၏
သူသည် ခေါင်းကို မော့လိုက်မိရင်း ကျိုးထျန်းစန်း၏ ဘေးတွင် ထိုင်ချလိုက်သည် ထို့နောက် ထိုပေလွှာအဟောင်းကို လှမ်း၍ ကြည့်ရှုလိုက်ရာ သူ၏ မျက်နှာမှာ ချက်ချင်းပင် တွန့်ရှုံ့သွားခဲ့ရတော့၏
‘သူက ငေးငိုင်နေတာလား...’
‘ဒီလိုမျိုး အရာတစ်ခုက ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေရတာလဲ’
‘တောက်... ဒီကောင်တွေက လူတွေလား၊ ကြွက်တွေလားမသိဘူး’
သူ့ဘေးက တောင့်တောင့်ဖြောင့်ဖြောင့် လုလင်ငယ်မှာ ခန္ဓာကိုယ် အနည်းငယ် လှုပ်ရှားလာခဲ့သဖြင့် အဘိုးအိုသည် သူ၏ မျက်နှာကို ပိုမို၍ နီးကပ်စွာ ပို့ဆောင်လိုက်တော့၏
ကျိုးထျန်းစန်းသည် ထိုပေလွှာအဟောင်းကို ဖတ်ရှုရာကနေ ဖြစ်ပေါ်လာခဲ့သည့် ငေးငိုင်ခြင်း အခြေအနေကနေ နောက်ဆုံးတွင် သတိပြန်လည်လာခဲ့ပြီ ဖြစ်သည် သူ၏ မျက်လုံးများအတွင်း၌ တကယ့်ကို ပြင်းထန်လှသည့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့ပြီး... ထိုရုပ်ပုံကို ကိုင်ဆောင်ထားသည့် သူ၏ လက်များမှာလည်း အဆက်မပြတ် တုန်ရင်နေခဲ့၏
“မင်း တော်တော်များများကို နားလည်သွားခဲ့တာပေါ့... ဟုတ်လား”
အက်ကွဲလှသည့် အသံအိုကြီးတစ်ခု သူ၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သဖြင့် ကျိုးထျန်းစန်း အဆက်မပြတ် ခေါင်းညှိမ့်ပြလိုက်မိတော့၏
“ကျွန်တော် တကယ့်ကို အများကြီး နားလည်သွားခဲ့ပါတယ်”
“ရွှီရှောင်ရှို့ပြောတာ တကယ်ပဲ အမှန်ပဲ၊ ငါသာ ဤဓားကျင့်စဉ်ကို ဆက် ကျင့်ကြံနေမယ်ဆိုရင်... မွေးရာပါအဆင့် ဓားဆန္ဒကို ခဏလေးအတွင်းမှာတင် ရရှိနိုင်မှာ သေချာတယ်”
“မုဇီ...”
သူ၏ စိတ်တစ်ခုလုံးမှာ ထိုရုပ်ပုံအပေါ်တွင်သာ အပြည့်အဝ အာရုံရောက်နေခဲ့သဖြင့် မုဇီရှီးကို လှမ်း၍ ကြည့်ရှုခိုင်းရန်အတွက် လက်ကို ဝှေ့ယမ်းလိုက်မိစဉ်... မိမိ၏ လက်ထဲတွင် တစ်စုံတစ်ခုသော အရာကို ဆုပ်ကိုင်မိလိုက်ကြောင်း သတိပြုမိလိုက်သည်
ထိုအရာမှာ နွေးထွေးပြီး နူးညံ့လှသော်လည်း အနည်းငယ် ကြမ်းတမ်းလှပေသည်
ကျိုးထျန်းစန်း သံသယဖြစ်ဖွယ် အမူအရာဖြင့် အနောက်သို့ လှည့်ကြည့်လိုက်မိ၏
အဘိုးအိုရဲ့ မျက်နှာကြီးပါလား
သူ၏ မျက်စိရှေ့တည့်တည့်တွင် တကယ့်ကို ကြီးမားလှသော အဘိုးအိုတစ်ဦး၏ မျက်နှာကြီး ရှိနေခဲ့ခြင်း ဖြစ်ပေသည်
ထိုအဘိုးအို၏ ပိန်ချိုင့်နေပြီး မည်းမှောင်နေသည့် မျက်လုံးတစ်စုံမှာ သူ၏ လက်ချောင်းများကြားကနေ သူ့ကို စိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရသဖြင့်... သေမင်းကပင် သူ့ကို စိုက်ကြည့်နေသည့်အလား ခံစားလိုက်ရတော့၏
“အမေရေ... ကယ်ကြပါဦး...”
ကျိုးထျန်းစန်း၏ မျက်လုံးများမှာ ချက်ချင်းပင် အလင်းပျောက်ကွယ်သွားခဲ့ရသည် သူ၏ နှုတ်ခမ်းဖျားကနေ အော်ဟစ်သံ မထွက်ပေါ်နိုင်ခင်မှာတင်... ယခုကဲ့သို့သော တကယ့်ကို ထိတ်လန့်စရာကောင်းလှသည့် မြင်ကွင်းကြောင့် မူးလဲသွားခဲ့ရတော့၏
သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့ရပြီး အနောက်ဘက် နံရံပေါ်သို့ ဆောင့်မိလိုက်ကာ... မြေပြင်ပေါ်သို့ ဘုန်း ခနဲ လဲကျသွားခဲ့တော့သည်
“တောက်...”
အဘိုးအိုသည် သူ၏ မျက်နှာကို ပွတ်သပ်လိုက်မိရင်း ထိုလုလင်ငယ်ကို ထောင့်စွန်းတစ်ခုသို့ ခြေထောက်ဖြင့် ကန်ထုတ်လိုက်တော့၏
“နောက်ထပ် တစ်ယောက်ပဲ ကျန်တော့တယ်”
......
ရွှပ်... ရွှပ်... ရွှပ်...
ရွှပ်... ရွှပ်... ရွှပ်...
ရွှီရှောင်ရှို့သည် ပိုမို၍ မြန်ဆန်စေရန်အတွက် အလုပ်နှစ်ခုကို တစ်ပြိုင်နက်တည်း ပြုလုပ်နေခဲ့သည် သူသည် လက်တစ်ဖက်ဖြင့် စာအုပ်ကို လှုပ်ခါနေခဲ့ပြီး အခြားလက်တစ်ဖက်ဖြင့်မူ ကျောက်စိမ်းပေလွှာတစ်ခုကို ကိုင်ဆောင်ထားခဲ့၏
သူ၏ လှုပ်ရှားမှုများမှာ ခဏမျှ နှေးကွေးသွားခဲ့သော်လည်း လုံးဝ ရပ်တန့်သွားခြင်းမျိုးမူ မရှိပါချေ
သူ၏ စိတ်ထဲက အချက်အလက် ဘားတန်း ထဲတွင် ထိုနှစ်ယောက်၏ ရမှတ်များ ထွက်ပေါ်နေခြင်း မရှိတော့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း... ယခုအချိန်တွင်မူ အသစ်စက်စက် အချက်အလက် စာတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြန်သည်
“စိုက်ကြည့်ခြင်း ခံနေရသည်။ အလိုအလျောက်ရမှတ် +၁ မှတ်။”
ထိုအချက်အလက်ကြောင့် သူ၏ အရေပြားများ ချက်ချင်းပင် ကြက်သီးဖြန်းဖြန်း ထသွားခဲ့ရပြီး ကျောရိုးတစ်ခုလုံး အေးစိမ့်သွားခဲ့ရကာ... သူ့ကို စိုက်ကြည့်နေသည့် အရာမှန်သမျှကို လက်ဖြင့် လှမ်း၍ ရိုက်ပုတ်ပစ်ချင်စိတ်များ ချက်ချင်း ဖြစ်ပေါ်လာခဲ့ရတော့၏
သို့သော်လည်း သူသည် ထိုစိတ်လှုပ်ရှားမှုများကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားလိုက်မိသည်
သူသည် မိမိကိုယ်မိမိ စိတ်လိုက်မာန်ပါ မပြုလုပ်ရန်အတွက် အဆက်မပြတ် သတိပေးနေခဲ့မိ၏ အနောက်သို့ လှည့်ကြည့်လိုက်ခြင်းက သေချာပေါက် သူ၏ အဆုံးသတ် ဖြစ်သွားနိုင်သည် မဟုတ်လား
‘ဘယ်သူက ငါ့ကို စိုက်ကြည့်နေတာလဲ’
သူ စိတ်ထဲကနေ တွေးတောလိုက်မိသည်
ရွှီရှောင်ရှို့ တကယ့်ကို ထိတ်လန့်သွားခဲ့ရသော်လည်း သူ၏ လက်များဖြင့် အလုပ်များကို ဆက်လက်၍ ပြုလုပ်နေခဲ့မိရင်း စိတ်ထဲကနေ အဆက်မပြတ် အော်ဟစ်နေခဲ့မိ၏
သူ၏ အာရုံခံစားမှု ကလည်း ဘေးပတ်ဝန်းကျင်တွင် မည်သူမျှ ရှိမနေကြောင်း ဖော်ပြနေခဲ့သည်
‘နေပါဦး... မဟုတ်သေးပါဘူး...’
‘ထိုနှစ်ယောက်ထံက ထွက်ပေါ်နေတဲ့ ဝိညာဉ်စွမ်းအင် လှိုင်းထန်မှုတွေက ဘာဖြစ်လို့ ပျောက်ကွယ်သွားရတာလဲ’
‘သူတို့လည်း ဘာဖြစ်လို့ မရှိတော့တာလဲ’
သူသည် ထိုနှစ်ယောက် နောက်ဆုံး ရှိနေခဲ့သည့် နေရာထံသို့ သူ၏ အာရုံများကို အတတ်နိုင်ဆုံး ပို့ဆောင်ကြည့်လိုက်ရာ... ထိုနှစ်ယောက်လုံး မြေပြင်ပေါ်တွင် မူးလဲနေကြပြီ ဖြစ်ကြောင်း မြင်တွေ့လိုက်ရတော့၏
‘မိုးကြိုးပစ်ပီ...’
‘တစ်စုံတစ်ယောက်က သူတို့ကို ဖြေရှင်းလိုက်တာလား’
‘ဒီနေရာက ထိန်းသိမ်းစောင့်ရှောက်သူ ရောက်လာပြီလား’
ရွှီရှောင်ရှို့၏ ရင်ဘတ်အတွင်းရှိ နှလုံးသားမှာ အလွန်အမင်း ပြင်းထန်စွာ တုန်ရင်လာခဲ့ရတော့၏ တကယ်လို့ ထိုလူက သူ့အရှေ့တွင် ပေါ်လာခဲ့မည်ဆိုလျှင် သူ ယခုလောက်အထိ ထိတ်လန့်နေလိမ့်မည် မဟုတ်ပါချေ
သို့သော်လည်း ထိုလူက သူ့ကို စိုက်ကြည့်နေပြီး သူကိုယ်တိုင်ကမူ ထိုလူကို မမြင်တွေ့နိုင်ဘဲ ဖြစ်နေခဲ့သည် မဟုတ်လား
မသိနားမလည်ခြင်းကနေ ဖြစ်ပေါ်လာရသည့် ကြောက်ရွံ့မှုက တကယ့်ကို နှိပ်စက်လွန်းလှပေသည်
ရွှီရှောင်ရှို့ စာအုပ်ပေါ်က ဖုန်မှုန့်များကို ဂရုတစိုက်ဖြင့် မှုတ်ထုတ်လိုက်မိရင်း ဘာကိုမှ ဂရုမစိုက်သည့် ပုံစံမျိုးဖြင့် စာအုပ်စင်ပေါ်သို့ ပြန်လည်၍ တင်ထားလိုက်ကာ တိုးညှင်းစွာဖြင့် ရေရွတ်လိုက်တော့၏
“ဟူး... ဒီနေရာကို လူတွေ လာပြီး မရှင်းလင်းတာ ဘယ်နှနှစ်တောင် ရှိသွားပြီလဲမသိဘူး၊ ဘာဖြစ်လို့ ဒီလောက်တောင် ဖုန်တွေ ထူနေရတာလဲ၊ ထားလိုက်ပါတော့လေ... ငါကပဲ ဒီဖုန်မှုန့်တွေကို အကုန်လုံး လိုက်ပြီး ခါပေးရတာပေါ့”
သူသည် အနောက်သို့ ခေါင်းပြန်လှည့်မကြည့်ဘဲ ခန္ဓာကိုယ်ကို အနည်းငယ် ဆန့်ထုတ်လိုက်မိရင်း ပြောဆိုလိုက်သည်
“ငါ ပထမအထပ်မှာ ကုသိုလ်တွေ အများကြီး လုပ်ပေးပြီးပြီပဲ၊ ဒါဆိုရင် ဒုတိယအထပ်ကို တက်ပြီး ငါ့ရဲ့ ကိုယ်ပိုင် ဝိညာဉ်ကျင့်စဉ်ကို သွားပြီး ရှာဖွေရတာပေါ့”
သူ သူ၏ လက်ကို စာအုပ်စင်ပေါ်သို့ တင်လိုက်မိရင်း ခြေလှမ်းများကို လှမ်းရန် ပြုလုပ်လိုက်စဉ်မှာပင်... မိမိ၏ ခန္ဓာကိုယ်ကို ကိုယ်တိုင် ထိန်းချုပ်နိုင်ခြင်း မရှိတော့ကြောင်း သတိပြုမိလိုက်ရတော့၏
ချီးပဲ...’ သူ စိတ်ထဲကနေ ရေရွတ်လိုက်မိသည်
‘လှုပ်ရှားစမ်းပါ... အဓိပ္ပာယ်မရှိတာ...’
ရွှီရှောင်ရှို့၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပျင်းရိငြီးငွေ့ဖွယ် အသွင်သို့ ပြောင်းလဲသွားခဲ့သော်လည်း သူ ချက်ချင်းပင် စိတ်အခြေအနေကို ပြန်လည်၍ ပြင်ဆင်လိုက်ပြီး သူ၏ ခြေထောက်များကို လက်ဖြင့် လှမ်း၍ ရိုက်ပုတ်လိုက်တော့၏
“တောက်... ခြေထောက်တွေက အကြာကြီး မတ်တပ်ရပ်နေရလို့ ထုံကျဉ်သွားတာပဲ၊ ဒါက တကယ့်ကို ပင်ပန်းတဲ့ အလုပ်ပဲဗျာ”
“ဒီနေရာက ထိန်းသိမ်းစောင့်ရှောက်သူတွေအနေနဲ့ နေ့တိုင်း ယခုလို စာအုပ်တွေ အများကြီးကို လိုက်လံပြီး ပြုပြင်ထိန်းသိမ်းနေရတာ တကယ့်ကို မလွယ်ကူလှဘူး၊ ကျွန်တော့်အနေနဲ့ တကယ့်ကို အထင်ကြီးမိပါတယ်ဗျာ”
သူ နောက်ဆုံးတွင် သူ၏ ခြေထောက်ကို ပြန်လည်၍ လှုပ်ရှားနိုင်ခဲ့ပြီ ဖြစ်သဖြင့် အထက်သို့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တော့၏ သူ အတိုင်းထက်အလွန် ဝမ်းမြောက်သွားခဲ့ရပြီး ခြေလှမ်းများကို လှမ်းရန် ပြုလုပ်လိုက်စဉ်…
“ဟဲဟဲ... မင်းက ငါ့ရဲ့ တည်ရှိမှုကို တကယ်ပဲ အာရုံခံမိတာပေါ့၊ တိုးတက်မှု အနည်းငယ် ရှိလာတာပဲ”
လှောင်ပြောင်လိုသည့် အသံအိုကြီးတစ်ခု သူ၏ အနောက်ကနေ ထွက်ပေါ်လာခဲ့တော့၏
‘တောက်...’
ရွှီရှောင်ရှို့ ချက်ချင်းပင် သူ၏ နားနှစ်ဖက်ကို လက်ဖြင့် အုပ်လိုက်မိရင်း ပြောဆိုလိုက်သည်ယ
“ငါက တော်တော်လေး ပင်ပန်းသွားလို့ ထင်ယောင်ထင်မှားတွေ ကြားနေရပြီ ထင်တယ်...”
သူ၏ ခြေထောက်များကို ပြန်လည်၍ လှုပ်ရှားနိုင်ခဲ့ပြီ ဖြစ်သဖြင့် သူ ချက်ချင်းပင် အရှေ့သို့ အပြေးအလွှား လှမ်းသွားရန် ပြုလုပ်လိုက်သော်လည်း... ကံကြမ္မာ၏ လည်ပင်းညှစ်ခြင်းကို ခံလိုက်ရသည့်အလား ခံစားချက်မျိုးကိုမူ ဖျောက်ဖျက်နိုင်ခြင်း မရှိပါချေ
“ဟန်ဆောင်မနေနဲ့တော့”
“အခုချက်ချင်း လှည့်လာခဲ့စမ်း”
ရွှီရှောင်ရှို့ မျက်နှာပျက်သွားခဲ့ရပြီး အနောက်သို့ အတင်းအဓမ္မ ပြန်လည်၍ လှည့်ကြည့်လိုက်ရတော့၏ ထိုအချိန်တွင် သူသည် ကောက်ရိုးဦးထုပ် ဆောင်းထားပြီး မျက်လုံးအောက်တွင် ကွင်းညိုကြီးနှစ်ခု ရှိနေသည့် အဘိုးအိုတစ်ဦးကို မြင်တွေ့လိုက်ရသည်
“ခင်ဗျားပဲ...”
သူ၏ ကြောက်ရွံ့မှုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ရပြီး ၎င်းတို့၏ နေရာတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားခဲ့ရတော့၏
‘ဒါက ထိုအချိန်တုန်းက ငါ့ကို ငရဲမီးမျိုးစေ့ ကို အတင်းအဓမ္မ မြိုချခိုင်းခဲ့တဲ့ အဘိုးအို မဟုတ်ဘူးလား’ သူ မိမိကိုယ်မိမိ ပြန်လည်၍ တွေးတောလိုက်မိသည်
‘သူ့ရဲ့ နာမည်က ဘာတဲ့လဲ...’
အကြီးအကဲး စန်း’
ထိုနေ့တုန်းက ကြုံတွေ့ခဲ့ရသည့် နာကျင်မှုများကို ပြန်လည်၍ အမှတ်ရသွားခဲ့ရသည့် အခါတွင်မူ သူ ချက်ချင်းပင် အလွန်အမင်း ဒေါသထွက်သွားခဲ့ရတော့၏ သူသည် အလွန်အမင်း ဒေါသထွက်သွားခဲ့ရသဖြင့် ထိုအဘိုးအို၏ အဆင့်အတန်းကိုပင် လုံးဝ မေ့လျော့သွားခဲ့ရပေသည်
သူသည် ထိုအဘိုးအိုနှင့် နောက်တစ်ကြိမ် ထပ်မံ၍ တွေ့ဆုံခွင့်ရလျှင် ထိုလူ့ကို အပိုင်းပိုင်း ဖြတ်တောက် ပစ်မည်ဟု ကြိုတင်၍ ကျိန်ဆိုထားခဲ့ဖူးတာလေ သူ ဘယ်လိုလုပ်ပြီး မေ့လျော့နိုင်ပါ့မည်နည်း
သူသည် အနောက်သို့ ခြေလှမ်းတစ်လှမ်း ဆုတ်လိုက်မိရင်း သူ၏ ရင်ဘတ်ထဲကနေ နာကျင်မှုကို ဝှက်ဖုံးခြင်းဓား ကို ဆွဲထုတ်လိုက်တော့၏ ထို့နောက် ၎င်းကို ထိုအဘိုးအိုထံသို့ တိုက်ရိုက် ဦးတည်လိုက်တော့သည်
‘လူဆိုတာ တစ်ခါတစ်လေမှာ ပြတ်ပြတ်သားသားနဲ့ ရဲရဲဝံဝံ နေထိုင်ရတာမျိုးလည်း ရှိတာပဲ မဟုတ်လား’
သူ စိတ်ထဲကနေ တွေးတောလိုက်မိသည်
အကြီးအကဲး စန်းသည် ထိုဓားကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ သူ၏ မျက်မှောင်များကို အနည်းငယ် ပင့်တင်လိုက်မိ၏ သူသည် ဓားသွားဖျားကို ကြည့်ရှုလိုက်မိပြီးနောက် မည်သည့် ခံစားချက်မျှ မရှိသည့် အကြည့်များဖြင့် ရွှီရှောင်ရှို့၏ မျက်နှာထံသို့ ပြန်လည်၍ ကြည့်ရှုလိုက်တော့၏
“ဟမ်...”
သူသည် ညည်းတွားသံ တစ်ချက်သာ ထွက်ပေါ်နိုင်ခဲ့ပြီး ခဏမျှ အေးစိမ့်လှသည့် ငရဲဘုံတစ်ခုအတွင်းသို့ ရောက်ရှိသွားခဲ့ရသည့်အလား ခံစားလိုက်ရကာ... သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်းပင် အေးစိမ့်သွားခဲ့ရတော့၏
‘အမေရေ...’
သူ စိတ်ထဲကနေ တွေးတောလိုက်မိသည်
‘ငါ ဘာတွေ လုပ်နေတာလဲ’
‘ငါ ဘာဖြစ်လို့ ဓားကို ဒီနေရာက ထိန်းသိမ်းစောင့်ရှောက်သူထံသို့ သွားပြီးတော့ ဦးတည်နေရတာလဲ’
‘ငါ ရူးသွားပြီလားမသိဘူး၊ သူက ထိုနှစ်ယောက်ကို ဘာအသံမှ မထွက်စေဘဲ ဖြေရှင်းခဲ့တာလေ၊ ငါက ကိုယ့်ဘာသာကိုယ် သေကြောင်းကြံစည်နေတာလား’
သူသည် ထိုဓားကို ဖြည်းညှင်းစွာဖြင့် ပြန်လည်၍ မြှောက်လိုက်မိရင်း... လေထုထဲတွင် ခဏမျှ ဝှေ့ယမ်းလိုက်ကာ သူ၏ လက်စွပ်အတွင်းသို့ ပြန်လည်၍ ထည့်သွင်းလိုက်တော့၏ ထို့နောက် ထိုအဘိုးအိုထံသို့ တောက်ပလှသည့် အပြုံးတစ်ခုကို ပြသလိုက်တော့သည်
“ဟဲဟဲ... ကျွန်တော် ဒီကျင့်စဉ်ကို အကြာကြီး ကြည့်ရှုနေခဲ့မိလို့ အချို့သောအရာတွေကို နားလည်သွားခဲ့တာပါ၊ ဒါကြောင့် ကျွန်တော့်ရဲ့ ဓားနဲ့ ခဏလောက် စမ်းသပ်ကြည့်ချင်ရုံ သက်သက်ပါဗျာ...”
“ဟဲဟဲ... ဟဲဟဲ...”
“ဓားကျင့်စဉ် ဟုတ်လား”
အကြီးအကဲး စန်းသည် သူ၏ ကောက်ရိုးဦးထုပ်ကို ချွတ်လိုက်မိရင်း သူ ခုနက ပြန်လည်၍ တင်ထားခဲ့သည့် စာအုပ်ကို လှမ်း၍ ယူလိုက်တော့၏
“မင်း ပြောတာက ဤ ‘မဟာမြေရိုင်းလက်သီးဆယ့်နှစ်ချက်ကျင့်စဉ်’ ကို ပြောတာလား”
ဂလု... ရွှီရှောင်ရှို့၏ မျက်နှာပေါ်က အပြုံးမှာ ချက်ချင်းပင် အေးခဲသွားခဲ့ရတော့၏
......