ဝိညာဉ်ကျမ်းစာဂေဟာ၏ ဒုတိယအထပ်တွင် ဖြစ်သည်
ထိုနေရာက ပထမအထပ်နှင့် ကွာခြားလှပြီး မည်သည့်စာအုပ်စင်မျှ ရှိမနေပါချေ ရှေးဟောင်းကျမ်းစာစောင်များ သို့မဟုတ် ကျောက်စိမ်းပေလွှာများပင် မရှိဘဲ တစ်ခုနှင့်တစ်ခု အလှမ်းကွာဝေးစွာ တည်ရှိနေကြသည့် ဖြူဖွေးလှသော အလင်းကွင်းများသာ ရှိနေခဲ့သည် ထိုအလင်းကွင်း တစ်ခုချင်းစီက မွေးရာပါအဆင့် ဝိညာဉ်ကျင့်စဉ်တစ်ခုစီကို ကိုယ်စားပြုနေခြင်း ဖြစ်ပြီး ယခုအထပ်တွင် ထိုကဲ့သို့သော အလင်းကွင်းပေါင်း တစ်ရာနီးပါးခန့် ရှိနေပေသည်
မုဇီရှီးသည် မျက်နှာပေါ်တွင် ပျင်းရိငြီးငွေ့ဖွယ် အမူအရာများဖြင့် သူမ၏ ဆံပင်မြီးကောက်နှစ်ဖက်ကို လှမ်း၍ ဆော့ကစားရင်း ထိုအလင်းကွင်းတစ်ခုဘေးကနေ ဖြတ်သန်းလျှောက်လှမ်းသွားခဲ့သည်
အခြားလူများနှင့်မတူဘဲ သူမက စိတ်ကူးထားသည့်အရာ ရှိပြီးသား ဖြစ်သဖြင့် မိမိရှာဖွေနေသည့်အရာကို ချက်ချင်းပင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်၏ ဤကျမ်းစာဂေဟာသို့ ဝင်ရောက်ခွင့်ရခြင်းက နေ့တိုင်း ကြုံတွေ့နိုင်သည့် အခွင့်အရေးမျိုး မဟုတ်ပါချေ ထို့ကြောင့် သူမအနေဖြင့် မိမိရွေးချယ်ထားသည့် အရာကို ချက်ချင်းစာရင်းပေးသွင်းပြီး အပြင်သို့ မထွက်ချင်သေးပါချေ အခြားလူများအားလုံး အတွင်းထဲတွင် ရှိနေကြဆဲ ဖြစ်ရာ အပြင်ဘက်တွင် သူမတစ်ယောက်တည်း ပျင်းရိစွာ စောင့်ဆိုင်းနေရမည်ကို မလိုလားသဖြင့် ကျမ်းစာဂေဟာအတွင်း၌ပဲ ဆက်လက်၍ ရှိနေခြင်း ဖြစ်ပေသည် သူမသည် ရည်ရွယ်ချက်မရှိဘဲ လျှောက်လှမ်းနေမိရင်း ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုနေခဲ့မိသည်
ထိုအလင်းကွင်းများမှာ တကယ့်ကို ဆန်းကြယ်လှပေသည် တစ်စုံတစ်ယောက်က ၎င်းအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ချက်ချင်းပင် လင်းထိန်သွားလေ့ရှိပြီး အခြားလူများကို ဝင်ရောက်ခွင့် မပြုတော့ပါချေ
မုဇီရှီး လျှောက်လှမ်းနေမိရင်း တစ်စုံတစ်ခု လွဲချော်နေကြောင်း သတိပြုမိလိုက်သည် သူမ လင်းထိန်နေသည့် အလင်းကွင်းများကို လိုက်လံ၍ ရေတွက်ကြည့်လိုက်မိ၏
‘ရှစ်ခုလား’
‘ငါတို့အားလုံး ဒီမှာ ဆယ့်တစ်ယောက် ရှိတာကို ဘာဖြစ်လို့ အလင်းကွင်း ရှစ်ခုပဲ လင်းနေရတာလဲ’ သူမ စိတ်ထဲကနေ တွေးတောလိုက်မိသည်
‘ကျန်တဲ့ သုံးယောက်က ဘယ်ရောက်သွားတာလဲ’
‘တတိယအထပ်ကို တက်ခွင့်မရှိဘူးဆိုတော့... ဒါဆိုရင် ပထမအထပ်မှာပဲ ကျန်နေခဲ့တဲ့ လူတွေ ရှိနေသေးတာပေါ့လေ’
သူမ မျက်မှောင်ကြုတ်လိုက်မိရင်း ဤအခြေအနေကို စိတ်ဝင်စားသွားခဲ့ရသဖြင့် အောက်ထပ်သို့ ချက်ချင်းပင် အပြေးအလွှား ဆင်းသွားခဲ့တော့သည်
......
ရွှပ်... ရွှပ်... ရွှပ်...
ရွှပ်... ရွှပ်... ရွှပ်...
စည်းချက်ကျကျနှင့် တိုးညှင်းလှသော စာအုပ်လှုပ်ခါသံများ ထွက်ပေါ်နေခဲ့သည် မုဇီရှီး ထိုအသံထွက်ပေါ်ရာ နေရာထံသို့ တိတ်တဆိတ် ချဉ်းကပ်သွားလိုက်မိ၏
“ကျိုးထျန်းစန်းလား” သူမ စိတ်ထဲကနေ တွေးတောလိုက်မိသည်
‘သူ ဘာတွေ လုပ်နေတာလဲ’
မုဇီရှီး စိတ်ရှုပ်ထွေးသွားခဲ့ရ၏
ထိုတောင့်တောင့်ဖြောင့်ဖြောင့် လုလင်ငယ်သည် စာအုပ်တစ်အုပ်ကို ကောက်ယူကာ လှုပ်ခါကြည့်လိုက် ပြီးနောက် ၎င်းကို မူလနေရာသို့ ပြန်ထားကာ နောက်ထပ်စာအုပ်တစ်အုပ်ကို ထပ်မံ၍ ကိုင်တွယ်လိုက်နှင့် အလုပ်ရှုပ်နေသည်ကို သူမ မြင်တွေ့လိုက်ရသည် ထိုမျှတင် မကသေးပါချေ မုဇီရှီး ဆက်လက်၍ ကြည့်ရှုနေမိစဉ်... ထိုလူက ရုတ်တရက်ဆိုသလို ထောင့်စွန်းတစ်ခုတွင် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ဖုန်ထူနေသည့် သေတ္တာအဟောင်းကြီးတစ်ခုထံသို့ ရတနာတစ်ခုခု ရှာဖွေတွေ့ရှိသွားသည့်အလား မျက်လုံးများ တောက်ပလျက် တိုးဝှေ့သွားသည်ကို မြင်တွေ့လိုက်ရသဖြင့် သူမ အနည်းငယ် ကြောက်လန့်သွားခဲ့ရ၏
ထို့နောက် သူက ထိုနေရာသို့ ရောက်ရှိသွားပြီး သေတ္တာကြီးကို ဘေးသို့ တွန်းဖယ်လိုက်ကာ ဖုန်မှုန့်များကြားထဲတွင် လှန်လှောရှာဖွေနေခဲ့တော့သည် သူသည် တကယ့်ကို ပျော်ရွှင်နေသည့် ပုံစံမျိုး ရှိပေသည်
မုဇီရှီး လုံးဝကို ဆွံ့အသွားခဲ့ရပြီး ဤမြင်ကွင်းကြောင့် စိတ်ရှုပ်ထွေးသွားခဲ့ရ၏ ထိုတောင့်တောင့်ဖြောင့်ဖြောင့် လူကြီးက ယခုကဲ့သို့ ကလေးဆန်လှသည့် ကစားနည်းမျိုးကို နှစ်သက်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါ့မည်နည်း သို့သော်လည်း ဤနေရာက ဝိညာဉ်ကျမ်းစာဂေဟာလေ သူက ဝိညာဉ်ကျင့်စဉ်တွေကို မရွေးချယ်ဘဲ ဒီမှာ လာပြီး ကစားနေတာလား
“ကျိုးထျန်းစန်း”
“မင်း ဘာတွေ လုပ်နေတာလဲ” သူမ ခါးကို ထောက်လိုက်မိရင်း သူ့ကို ကျယ်လောင်စွာ လှမ်း၍ အော်ဟစ်လိုက်တော့၏
သေတ္တာများကို ရွှေ့ပြောင်းရန်အတွက် အလုပ်ရှုပ်နေသည့် ထိုလုလင်ငယ် ထိတ်လန့်သွားခဲ့ရသော်လည်း လာရောက်သူမှာ မုဇီရှီး ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ သက်ပြင်းတစ်ချက် ချလိုက်မိတော့သည်
“အမေရေ... မင်းကတော့ ငါ့ကို လန့်သေအောင် လုပ်တာပဲ၊ ဒီနေရာက ထိန်းသိမ်းစောင့်ရှောက်သူတွေ ရောက်လာပြီလို့ အောက်မေ့တာ...”
“ဟွန်း... ဒါဆိုရင် ထိန်းသိမ်းစောင့်ရှောက်သူတွေ မရှိရင် မင်းက ဒီမှာ လျှောက်ပြီး ကစားနေလို့ ရတယ်လို့ ပြောချင်တာလား”
ကျိုးထျန်းစန်း ဒီစကားကို ကြားလိုက်ရသည့် အခါတွင်မူ ဆွံ့အသွားခဲ့ရ၏ ထို့နောက် သူက နဖူးပေါ်က ချွေးများကို သုတ်ဖယ်လိုက်မိရင်း ပြောဆိုလိုက်သည်
“ငါက လျှောက်ကစားနေတာ မဟုတ်ပါဘူးဗျာ၊ ကျင့်စဉ်တွေ ရှာနေတာပါ”
မုဇီရှီးသည် ရယ်မောချင်စိတ်ကို အောင့်အီးထားလိုက်မိရင်း... သူ၏ မည်းမှောင်နေသည့် လက်များကြောင့် မျက်နှာပေါ်တွင် အမည်းစက်များ စွန်းထင်ကျန်ရစ်ခဲ့သည်ကို ကြည့်ရှုကာ ပြောဆိုလိုက်၏
“နင်ရဲ့ ပေရေနေတဲ့ မျက်နှာကြီးကိုလည်း ကြည့်ဦး၊ ဘယ်တုန်းက လူတွေက ကျင့်စဉ်တွေကို ဒီလိုမျိုး လိုက်ရှာဖူးလို့လဲ”
“အေးပါ... ဒါက နင်ထင်တာလေ”
ကျိုးထျန်းစန်း စိတ်မကျေမနပ် ဖြစ်သွားခဲ့ရ၏ ထို့နောက် သူက ရွှီရှောင်ရှို့ရှိရာ ဘက်သို့ လက်ညှိုးညွှန်ပြလိုက်ရင်း ပြောဆိုလိုက်ပြန်သည်
“ရွှီရှောင်ရှို့လည်း ကျင့်စဉ်တွေကို ဒီလိုမျိုးပဲ လိုက်ရှာနေတာ သိရဲ့လား”
ရွှီရှောင်ရှို့ ဟုတ်လား
မုဇီရှီး သူ လက်ညှိုးညွှန်ပြရာ ဘက်သို့ လှမ်း၍ ကြည့်ရှုလိုက်မိရာ ထိုပိန်ပိန်ပါးပါး လူရိပ်ကို ချက်ချင်းပင် မြင်တွေ့လိုက်ရသည် သို့သော်လည်း သူတို့ မြင်တွေ့လိုက်ရသည့် မြင်ကွင်းမှာ သူတို့ မျှော်လင့်ထားခဲ့သည့် အရာနှင့် လုံးဝ ကွာခြားလှပေသည်
ရွှီရှောင်ရှို့သည် သူ၏ ရိုးရှင်းလှသော ဝတ်စုံဖြူလေးကို ဝတ်ဆင်ထားလျက်... စာအုပ်စင်တစ်ခုကို မှီကာ လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထားခဲ့သည် သူက မိမိကို အနှောင့်အယှက် ပေးနေသည့် ကြီးမားလှသော မေးခွန်းတစ်ခုခုကို စဉ်းစားတွေးတောနေသည့်အလား ငေးငိုင်နေခဲ့မိ၏
အထက်က ပြတင်းပေါက်ကနေ ဖြာကျနေသည့် နေရောင်ခြည် အနည်းငယ်က... ထိုလူငယ်လေး၏ ထင်ရှားပြတ်သားလှသော မျက်နှာသွင်ပြင်ထက်သို့ ကျရောက်နေခဲ့သဖြင့် ဤမြင်ကွင်းမှာ တကယ့်ကို ပန်းချီကားတစ်ချပ်ကဲ့သို့ပင် လှပနေခဲ့သည်
ကျိုးထျန်းစန်း လုံးဝကို ဆွံ့အသွားခဲ့ရ၏
မုဇီရှီးလည်း ဤမြင်ကွင်းကို ခဏမျှ ငေးမောကြည့်ရှုနေမိပြီးမှ... ရွှီရှောင်ရှို့က သူ၏ လည်ပင်းကို ပွတ်သပ်ရင်း အနံ့အသက်က ဆိုးဝါးလှပေသည်ဟု ပြောဆိုခဲ့ဖူးသည်ကို သတိရသွားခဲ့ရသဖြင့် သတိပြန်လည်လာခဲ့ရတော့သည်
သူမ ကျိုးထျန်းစန်းကို ကြည့်လိုက်မိရင်း ခပ်ဖွဖွလေး ရယ်မောလိုက်မိ၏
“အင်းလေ... မင်းတို့နှစ်ယောက် ကျင့်စဉ်တွေကို လိုက်ရှာတဲ့ ပုံစံကတော့ တကယ့်ကို တူညီလွန်းလှပါတယ်”
ကျိုးထျန်းစန်းသည် မိမိ၏ ညစ်ေပနေသည့် လက်များကို ကြည့်ရှုလိုက်မိပြီးနောက် ရွှီရှောင်ရှို့၏ သန့်ရှင်းစင်ကြယ်လှသည့် မျက်နှာကို ပြန်လည်၍ ကြည့်ရှုကာ... မိမိကိုယ်မိမိ အကြီးအကျယ် လိမ်ညာခံလိုက်ရပြီ ဖြစ်ကြောင်း ခံစားလိုက်ရသဖြင့် ဘာစကားမျှ မပြောဘဲ ငြိမ်သက်သွားခဲ့တော့သည်
“ငါ့အနေနဲ့ အကျိုးအကြောင်း ပြန်ပြီး ရှင်းပြဖို့ လိုမယ် ထင်တယ်...”
“ဘာမှ ရှင်းပြနေစရာ မလိုပါဘူးကွာ၊ မင်းရဲ့ မျက်နှာကို သွားပြီးတော့ပဲ ဆေးကြောလိုက်စမ်းပါ”
“အော်... ဒါဆိုရင် မင်းက အဲဒီကောင် ချန်ပီယံ ဖြစ်လာခဲ့ရတဲ့ လျှို့ဝှက်ချက်ကို မသိချင်ဘူးပေါ့လေ... ဟုတ်လား”
“ငါက ဘာဖြစ်လို့... ဟမ်... မင်း အခု ဘာပြောလိုက်တာလဲ၊ နောက်တစ်ကြိမ် ထပ်ပြီး ပြောစမ်းပါဦး”
“ထားလိုက်ပါတော့... ငါ သွားပြီးတော့ပဲ မျက်နှာဆေးလိုက်ပါ့မယ်”
“နေပါဦး... ခဏလောက် စောင့်စမ်းပါဦး၊ ဒီကို ခဏလာခဲ့စမ်းပါ”
......
ရွှီရှောင်ရှို့သည် ထိုနှစ်ယောက်၏ စကားပြောသံများနှင့် သူတို့ ပြုလုပ်နေသည့် အပြုအမူများကို အာရုံခံမိ၍ ယခုကဲ့သို့ နေရောင်ခြည်အောက်တွင် လာရောက်ကာ ဟန်ဆောင်နေခြင်း မဟုတ်ပါချေ သူသည် မိမိရှာဖွေတွေ့ရှိခဲ့သည့် ပျက်စီးနေသည့် ကျမ်းစာစောင် အပိုင်းအစတစ်ခုအပေါ်တွင် အာရုံစိုက်နေမိခြင်း ဖြစ်ပေသည်
“ဓားလက်ညှိုးဆယ်ပိုင်းကျင့်စဉ် ဟုတ်လား” ရွှီရှောင်ရှို့ တိုးညှင်းစွာဖြင့် ရေရွတ်လိုက်မိ၏
သူသည် အချိန်နှစ်နာရီခန့် ရှာဖွေပြီးသွားခဲ့သည့်နောက်တွင် ထိုကဲ့သို့သော ပျက်စီးနေသည့် ကျမ်းစာစောင် အပိုင်းအစ အတော်များများကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပေသည် သို့သော်လည်း ထိုကျင့်စဉ်များအားလုံးမှာ အချို့သော အထူးဓာတ်သဘာဝများ ရှိရန် လိုအပ်လှသဖြင့် သူ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် မိမိနှင့် မကိုက်ညီကြောင်း သိရှိခဲ့ရသည် သို့သော်လည်း ဤ
“ဓားလက်ညှိုးဆယ်ပိုင်းကျင့်စဉ်” ကမူ...
ထိုကျင့်စဉ်၏ အဆင့်အတန်းမှာ ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိသလို မည်သည့် ဝိညာဉ်စွမ်းအားမျှလည်း လိုအပ်ခြင်း မရှိပါချေ ၎င်းက ဓားဆန္ဒနှင့် လက်ညှိုးကျင့်စဉ်များကိုသာ လိုအပ်ခြင်း ဖြစ်ပေသည် တကယ်လို့ ၎င်းကို ကျွမ်းကျင်အောင် လေ့ကျင့်နိုင်ခဲ့မည်ဆိုပါက တိုက်ခိုက်မှု တစ်ချက်တည်းဖြင့်ပင် မြစ်တစ်စင်းကို အလွယ်တကူ ဖြတ်တောက်နိုင်လိမ့်မည် ဖြစ်၏ ၎င်းက သူ့အတွက် သီးသန့် ဖန်တီးပေးထားသည့် ကျင့်စဉ်တစ်ခုကဲ့သို့ပင် ဖြစ်နေခဲ့သည် ဤကမ္ဘာသစ်သို့ ကူးပြောင်းလာခဲ့ရသည့် လူတစ်ယောက်၏ အတွေ့အကြုံများက တကယ့်ကို အသုံးဝင်လှပေစွ
သူ့ကို အနည်းငယ် ပူပန်စေသည့် တစ်ခုတည်းသော အရာမှာ... ဤဓားလက်ညှိုးကျင့်စဉ်က သူ၏ ထက်မြက်ခြင်းအလင်းတန်းနှင့် ပေါင်းစပ်နိုင်ပါ့မလားဆိုသည့် အချက် ဖြစ်သော်လည်း ၎င်းက သူ့ကို ပိုမို၍ တွေးတောစေခဲ့သည်
မိတ်ဆက်အကျဉ်းအရ... ၎င်းက ဓားဆန္ဒကို မိမိ၏ လက်ညှိုးများနှင့် ပေါင်းစပ်ရခြင်း ဖြစ်ပေသည်
‘ခပ်ဆင်ဆင်တူတဲ့ ဓားလိုမျိုး အရာဝတ္ထုတွေနဲ့ မဟုတ်ဘဲ... ခပ်သိမ်းသော အရာတို့သည် ဓားဖြစ်၏ ဆိုတာမျိုးလို မိမိရဲ့ ကိုယ်ပိုင် လက်ညှိုးတွေနဲ့ ပေါင်းစပ်ရတာပေါ့လေ... ဟုတ်လား’
သူ စိတ်ထဲကနေ တွေးတောလိုက်မိသည် ၎င်းက ဓားသမားတစ်ယောက် အနေဖြင့် ဓားလမ်းစဉ်ကို လေ့ကျင့်နိုင်မည့် တတိယမြောက် နည်းလမ်းတစ်ခုနှင့် တူညီလွန်းလှပေသည်
ဓားတစ်လက်ကို ဝိညာဉ်ကျင့်စဉ်များနှင့် ပေါင်းစပ်ကာ တိုက်ခိုက်သည့် အဓိက လမ်းစဉ်က ပထမဆုံး နည်းလမ်း ဖြစ်ပေသည် သူကိုယ်တိုင် ဖန်တီးခဲ့ပြီး အလုပ်ဖြစ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့သည့် အစစ်အမှန် ဓားဆန္ဒသက်သက်ဖြင့် တိုက်ခိုက်ခြင်းက ဒုတိယမြောက် နည်းလမ်း ဖြစ်၏ သို့သော်လည်း ဤ “ဓားလက်ညှိုးဆယ်ပိုင်းကျင့်စဉ်” ကမူ...
ဓားဆန္ဒကို မိမိ၏ ကိုယ်ပိုင် ခန္ဓာကိုယ်နှင့် ပေါင်းစပ်ရခြင်း ဖြစ်ပေသည်
‘ဒီလောကကြီးထဲမှာ ဆန်းကြယ်လှတဲ့ အရာမှန်သမျှ တကယ်ပဲ ရှိနေနိုင်တာပဲ...’ သူ စိတ်ထဲကနေ တွေးတောလိုက်မိသည်
သူသည် ယခုကဲ့သို့သော ထူးခြားပြီး စည်းမျဉ်းစည်းကမ်း ပြင်ပက စဉ်းစားတွေးတောပုံကြောင့် လုံးဝကို အံ့အားသင့်သွားခဲ့ရ၏ ဓားဆန္ဒနှင့် ဓားကဲ့သို့သော အရာဝတ္ထုတစ်ခုကို ပေါင်းစပ်လိုက်ခြင်းက ဓားစိတ်အာရုံကို ဖြစ်ပေါ်စေနိုင်ပေသည် တကယ်လို့ ဓားဆန္ဒကို မိမိ၏ ကိုယ်ပိုင်ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်မည်ဆိုပါက မည်သည့်အရာ ထွက်ပေါ်လာမလဲဆိုတာကို သူ သိချင်မိသည်
‘နေပါဦး...’
‘ဓားဆန္ဒဆိုတာ ကိုယ်တိုင် လေ့ကျင့်ရာကနေ ထွက်ပေါ်လာတဲ့ အရာပဲဥစ္စာ... ဒါဆိုရင် ဒီနေရာမှာ ပေါင်းစပ်ခြင်းဆိုတဲ့ သဘောတရားက တကယ်ပဲ အကျုံးဝင်ပါ့မလား’
‘ဒါပေမဲ့လည်း...’
‘ဒီမှာတော့ အဲဒီလို လုပ်လို့ရတယ်လို့ ရေးထားတာပဲဥစ္စာ’
သူ ဖတ်ရှုနေရသည့် အကြောင်းအရာများကြောင့် လုံးဝကို စိတ်ရှုပ်ထွေးသွားခဲ့ရသည်
တကယ်လို့ အခြားသောအရာ ဘာမှ ရှာမတွေ့တော့ဘူးဆိုလျှင်... သူ ဤ “ဓားလက်ညှိုးဆယ်ပိုင်းကျင့်စဉ်” ကိုသာ ရွေးချယ်ရန် ဆုံးဖြတ်လိုက်တော့၏ တကယ်လို့ ဤကျင့်စဉ်ကို လေ့ကျင့်ရာကနေ အခြားဘာမှ ထွက်ပေါ်မလာခဲ့သည့် တိုင်အောင်ပင်... ယခုကဲ့သို့သော ထူးခြားလှသည့် လေ့ကျင့်ခြင်း နည်းလမ်းက သူ့ကို အချိန်အကြာကြီး အလုပ်ရှုပ်နေစေနိုင်တာပဲလေ
“ဟဲဟဲ... ဘယ်သူက ယခုလို ဆန်းကြယ်လှတဲ့ အရာမျိုးကို စဉ်းစားခဲ့တာလဲမသိဘူး၊ ငါနဲ့ တကယ့်ကို ပြိုင်ဘက်ကောင်း တွေ့ပြီပဲ၊ ဒါကို တီထွင်ခဲ့တဲ့လူက တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ ဖြစ်ရမယ်”
သူ ထိုကျင့်စဉ်ကို ဖန်တီးခဲ့သည့် လူ၏ အမည်ကို လိုက်လံ၍ ရှာဖွေကြည့်လိုက်မိသော်လည်း ၎င်းက ပျက်စီးနေသည့် အပိုင်းအစတစ်ခု ဖြစ်သဖြင့် ဖန်တီးသူ၏ အမည်ကို ဖော်ပြထားခြင်း မရှိပါချေ
သူ သူ၏ ပစ္စည်းများကို ပြန်လည်၍ သိမ်းဆည်းလိုက်မိရင်း အချိန်ကို ကြည့်ရှုလိုက်ရာ... ကျန်ရှိသည့် အချိန်မှာ လေးနာရီခန့် ရှိနေသေးသဖြင့် ရှာဖွေရန်အတွက် အချိန်အများကြီး ရှိနေသေးကြောင်း သတိပြုမိလိုက်သည် ထို့ကြောင့် သူသည် နေရာအနှံ့အပြားတွင် ထပ်မံ၍ အပတ်တကုတ် ရှာဖွေရန်အတွက် ပြန်လည်၍ အာရုံစိုက်လိုက်တော့၏
......
ရွှပ်... ရွှပ်... ရွှပ်...
ရွှပ်... ရွှပ်... ရွှပ်...
မုဇီရှီးသည် ကျိုးထျန်းစန်း၏ စကားများကို ယုံကြည်မိခဲ့သည့်အတွက် တကယ့်ကို နောင်တရနေခဲ့မိသည် သူမ၏ လက်ထဲတွင် စာအုပ်အဟောင်းနှစ်အုပ်ကို ကိုင်ဆောင်ထားခဲ့ပြီး သူမ အနှစ်သက်ဆုံး ဝတ်စုံလေးမှာလည်း အညစ်အကြေးများဖြင့် ပေရေနေခဲ့ပြီ ဖြစ်သဖြင့် တကယ့်ကို ပုံပျက်ပန်းပျက် ဖြစ်နေခဲ့ရ၏
“ကျိုးထျန်းစန်း”
“ဘာမှ မရှိပါဘူးဗျာ”
သူမ စာအုပ်တစ်အုပ်ကို စာအုပ်စင်ပေါ်သို့ ပြင်းထန်စွာ ပြန်လည်၍ တွန်းပို့လိုက်တော့၏ ထိုကျယ်လောင်လှသော အသံကြောင့် သူ ထိတ်လန့်သွားခဲ့ရသည်
သူသည် နံရံအက်ကြောင်းကြားကနေ သူ၏ ခေါင်းကို ပြူးထွက်လိုက်မိရင်း စိတ်မကျေမနပ် ဖြစ်နေသည့် မျက်နှာအမူအရာဖြင့် လှမ်း၍ ပြောဆိုလိုက်တော့၏
“အမေရေ... မမလေးရယ်၊ လူကို အဲဒီလိုမျိုး လာပြီး မလန့်စမ်းပါနဲ့၊ ချန်ပီယံ ဖြစ်လာဖို့ဆိုတာ ပေးဆပ်မှုတွေ လိုအပ်တယ် သိရဲ့လား”
မုဇီရှီး လက်ရှိအချိန်တွင် တကယ့်ကို ဒေါသထွက်နေခဲ့သော်လည်း... ကျိုးထျန်းစန်း၏ မျက်နှာကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ တဟားဟားဖြင့် အူလှိုက်သည်းလှိုက် ရယ်မောလိုက်မိတော့၏ သူ၏ မျက်နှာတစ်ခုလုံးမှာ မည်းမှောင်နေခဲ့ပြီး ဘေးပတ်ဝန်းကျင်တွင်လည်း အလင်းရောင် သိပ်မရှိလှသဖြင့်... သူ၏ ဖြူဖွေးလှသော သွားများကိုသာ အတိုင်းသား မြင်တွေ့နေရသောကြောင့် ဖြစ်ပေသည်
“ဖူး... မင်း တကယ်ပဲ သွားပြီးတော့ မျက်နှာဆေးဖို့ လိုအပ်နေပြီ ထင်တယ်၊ ဟားဟားဟားဟား”
“တိုးတိုးလုပ်စမ်းပါ... အသံလျှော့ပါဦး”
ကျိုးထျန်းစန်း နံရံအက်ကြောင်းကြားကနေ ရှာဖွေတွေ့ရှိခဲ့သည့် အပိုင်းအစတစ်ခုကို လှမ်း၍ လှုပ်ခါပြလိုက်သည် ၎င်းက တစ်နေရာရာကနေ ပြုတ်ကျကျန်ရစ်ခဲ့သည့် စာမျက်နှာတစ်ခု ဖြစ်ပေသည်
“မြင်လား”
“မင်း တစ်ခုခု ရှာတွေ့တာလား”
မုဇီရှီး၏ မျက်လုံးများ ချက်ချင်းပင် တောက်ပသွားခဲ့ရပြီး ထိုလူ့ထံသို့ ချက်ချင်းပင် လျှောက်လှမ်းသွားလိုက်တော့၏
ကျိုးထျန်းစန်း ထိုစာမျက်နှာပေါ်က ဖုန်မှုန့်များကို မှုတ်ထုတ်လိုက်မိရာ... သူတို့နှစ်ယောက်လုံး အဆက်မပြတ် ချောင်းဆိုးသွားခဲ့ကြရသည်
“ရှေးဟောင်း ရုပ်ပုံတစ်ခုလား”
ထိုစုတ်ပြဲနေသည့် ရှေးဟောင်း ပေလွှာထက်တွင်မူ... ခန္ဓာကိုယ်ကို ကွေးညွတ်လျက် ဓားမကြီးတစ်လက်ကို မြှောက်ထားသည့် လက်တစ်ဖက်ပြတ် အဘိုးအိုတစ်ဦး၏ ရုပ်ပုံကို ဖော်ပြထားခဲ့ပြီး တကယ့်ကို ပုံပျက်ပန်းပျက်နှင့် ဆန်းကြယ်လှသည့် ပုံစံမျိုး ရှိနေခဲ့သည် မုဇီရှီး ချက်ချင်းပင် နှုတ်ခမ်းစူလိုက်မိ၏ သူမ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ဤကျင့်စဉ်မှာ ဂျူးထျန်းစန်းနှင့် တကယ့်ကို ကိုက်ညီလွန်းလှသော်လည်း မိမိအတွက်မူ မည်သည့်အသုံးမှ မဝင်နိုင်ကြောင်း သိရှိလိုက်သောကြောင့် ဖြစ်ပေသည်
သူမ စိတ်မကျေမနပ်ဖြင့် ရေရွတ်ရန် ပြုလုပ်လိုက်စဉ်... အနောက်သို့ လှည့်ကြည့်လိုက်မိရာ ထိုပေရေနေသည့် လူမှာ ထိုရှေးဟောင်းရုပ်ပုံကို ငေးမောကြည့်ရှုနေမိရင်း ငေးငိုင်နေခဲ့သည်ကို မြင်တွေ့လိုက်ရသဖြင့် ဆွံ့အသွားခဲ့ရ၏
“မင်း တစ်ခုခုကို နားလည်သွားတာလား”
သူမ အံ့အားသင့်သွားခဲ့ရသည်
“ဟုတ်ပါတယ်”
“ဒါဆိုရင် ရွှီရှောင်ရှို့ပြောတဲ့ စကားတွေက အမှန်ပဲပေါ့လေ... ရတနာတွေက တကယ့်ပဲ ပထမထပ်မှာ ရှိနေတာလား”
“ဟုတ်တယ်”
မုဇီရှီး ဤပထမထပ်တွင် ကျင့်စဉ်များကို ရှာဖွေရန်အတွက် စိတ်အားထက်သန်မှုများ ထပ်မံ၍ ဖြစ်ပေါ်လာခဲ့ပြန်သော်လည်း... သူမ ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုကို သတိပြုမိသွားခဲ့ရသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားခဲ့ရတော့သည်
ကျိုးထျန်းစန်းက ငေးငိုင်နေခဲ့ပြီး ရွှီရှောင်ရှို့ကလည်း ဒီနားမှာ မရှိပါချေ... ဒါဆိုရင်...
‘ခုနက ငါ့ကို ဘယ်သူ စကားပြောလိုက်တာလဲ’ သူမ စိတ်ထဲကနေ တွေးတောလိုက်မိရင်း ကြောက်လန့်တကြားဖြင့် အနောက်သို့ လှည့်ကြည့်လိုက်တော့၏