သူသည် နံနက်မိုးလင်းသည်အထိ တပြူးပြူးတပြဲပြဲနှင့် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်
သူ၏ တစ်သက်တာတွင် ယခုအကြိမ်သည် အကောင်းဆုံး အိပ်စက်ခြင်းဖြစ်သည်ဟု ကျိန်ဆိုရဲလောက်အောင်ပင် ကောင်းကောင်းမွန်မွန် အိပ်ပျော်ခဲ့ခြင်း ဖြစ်၏
ဘေးပတ်ပတ်လည်တွင် ခြင်တစ်ကောင်မှ မရှိသလို နောက်တစ်နေ့တွင် ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲများအတွက်လည်း စိုးရိမ်ပူပန်နေစရာ မလိုတော့ပါချေ ထို့အပြင် စိတ်ထဲက တင်းကြပ်မှုများကို လျှော့ချရန်အတွက် သန်းခေါင်ယံအချိန်တွင် ထကာ ဓားကျင့်စဉ်များကို လေ့ကျင့်နေစရာလည်း မလိုတော့ပြီ ဖြစ်သည်
မနေ့က ကြုံတွေ့ခဲ့ရသည့် ပျင်းစရာကောင်းပြီး စိတ်ပျက်စရာ အဆုံးသတ်ကိုလည်း ခဏမျှ စိတ်မကောင်းဖြစ်ပြီးနောက် စိတ်ထဲကနေ လုံးဝ ဖျောက်ဖျက်ပစ်လိုက်ပြီ ဖြစ်၏
သေမင်းကပင် သူ့ကို လုံးဝ အနိုင်မယူနိုင်ခဲ့ရာ ယခုကဲ့သို့သော သေးငယ်သည့် အတားအဆီးမျှကို သူ အလေးအနက် မထားတော့ပါချေ
‘ဒါက အတွင်းစည်းတစ်ခုပဲဥစ္စာ... ငါက အဆင်သင့် မဖြစ်သေးလို့နေမှာပါ’
သူ စိတ်ထဲကနေ ထိုသို့ တွေးတောလိုက်မိသည်
တံခါးကို အတင်းအဓမ္မ လာရောက်ခေါက်သည့် အသံများကြောင့် သူ နိုးလာခဲ့ရပြီး တံခါးဖွင့်ရန်အတွက် လျှောက်လှမ်းသွားလိုက်၏
“မင်းလား...”
သူ့အရှေ့တွင် ရှိနေသည့် လူမှာ အခြားသူမဟုတ်ဘဲ စောင့်ဆိုင်းခန်းတုန်းက ရှောင်ချီရှို့ပေးခိုင်းသည့် ရွှေနီရောင်ဆေးလုံးများကို လာရောက်ပေးအပ်ခဲ့သည့် ဝန်ထမ်းလုလင်ပင် ဖြစ်ပေသည်
“အမြန်လုပ်ပေးပါဗျာ... အကြီးအကဲး ရှောင်က မျှော်လင့်နေပါတယ်”
သူ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရွှီရှောင်ရှို့တစ်ယောက် အေးအေးလူလူ လုပ်နေမည်ကို စိုးရိမ်သဖြင့် ထပ်မံ၍ ပြောဆိုလိုက်၏
“မင်းတစ်ယောက်ပဲ ရောက်ဖို့ ကျန်တော့တာဗျ”
ယနေ့သည် သူ ဝိညာဉ်ကျမ်းစာဂေဟာ အတွင်းသို့ ဝင်ရောက်ကာ ဝိညာဉ်ကျင့်စဉ်တစ်ခုကို ရွေးချယ်ရမည့်နေ့ ဖြစ်ပေသည် ယခုအချိန်တွင် နေမွန်းတည့်နေပြီဖြစ်ရာ တကယ့်ကို နောက်ကျနေခဲ့ပြီ ဖြစ်၏
“ကောင်းပြီ... လမ်းပြစမ်းပါ”
ရွှီရှောင်ရှို့သည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရင်း ဝန်ထမ်းလုလင်ကို လမ်းပြခိုင်းလိုက်သည် သူ၏ ထုပ်ပိုးစရာ ပစ္စည်းဟူ၍လည်း ဘာမှမရှိပါချေ
ဝန်ထမ်းလုလင်သည် ချက်ချင်းပင် သူ့အရှေ့ကနေ ဦးဆောင်ကာ အပြေးအလွှား သွားလိုက်တော့၏
“ဒါနဲ့... ဝိညာဉ်ကျမ်းစာဂေဟာထဲ မဝင်ခင်မှာ ငါသိထားရမယ့် အထူးစည်းမျဉ်းတွေ၊ စာနဲ့မရေးထားတဲ့ စည်းကမ်းတွေ ဘာတွေ ရှိသေးလဲ”
ရွှီရှောင်ရှို့ ရွှေနီရောင်ဆေးလုံးတစ်ပုလင်းကို ထုတ်ယူလိုက်သည်
နောက်တစ်ကြိမ် ထပ်ပြီးတော့လား
ဝန်ထမ်းလုလင် ထိတ်လန့်သွားခဲ့ရပြီး ချက်ချင်းပင် မဟုတ်ကြောင်း ငြင်းဆိုသည့် အနေဖြင့် လက်ကို ခါယမ်းလိုက်၏
“အဲဒီလိုမျိုး ဘာမှမရှိပါဘူးဗျာ... အကြီးအကဲး ရှောင်က မင်းတို့ကို တွေ့တဲ့အခါ စည်းကမ်းတွေကို ကိုယ်တိုင် ရှင်းပြပါလိမ့်မယ်”
သူ ရွှေနီရောင်ဆေးလုံးပုလင်းကို ပြန်လည်၍ တွန်းပို့လိုက်ပြီးနောက် သူ၏ အသံကို အလွန်အမင်း နှိမ့်ချကာ ပြောဆိုလိုက်သည်
“ကျွန်တော် စည်းကမ်းကို တစ်ကြိမ် ချိုးဖောက်ပြီးသွားပြီမို့လို့ နောက်တစ်ကြိမ်တော့ မလုပ်ရဲတော့ပါဘူးဗျာ”
ရွှီရှောင်ရှို့ မျက်မှောင်ကြုတ်လိုက်မိ၏
“ယူထားလိုက်စမ်းပါ”
ဝန်ထမ်းလုလင် ငိုတော့မည့် မျက်နှာအမူအရာဖြင့်
“တကယ့်ကို ဖုံးကွယ်ထားတဲ့ စည်းကမ်းတွေ မရှိလို့ပါဗျာ... တကယ်လို့ ကျွန်တော် ယူထားလိုက်ရင်တောင် မင်းကို ဘာမှ ပြောပြနိုင်မှာ မဟုတ်ဘူး၊ ကျွန်တော် ကိုယ်တိုင်လည်း ဝိညာဉ်ကျမ်းစာဂေဟာကို တစ်ခါမှ မရောက်ဖူးပါဘူး”
“အော်... အဲဒီလိုလား”
ရွှီရှောင်ရှို့ အနည်းငယ် တွန့်ဆုတ်သွားခဲ့ရပြီး ထိုလူ့ထံကနေ ဘာအချက်အလက်မျှ ရရှိနိုင်မည်မဟုတ်ကြောင်း သတိပြုမိလိုက်သည်
သူ နောက်ဆုံးအကြိမ် ထိုနေရာသို့ ရောက်ရှိခဲ့စဉ်က လွန်ခဲ့သည့် သုံးနှစ်ခန့်က ဖြစ်ပြီး လက်ရှိ ဝိညာဉ်မှာလည်း အုပ်ချုပ်နေခြင်း မဟုတ်သည့်အတွက် အကြောင်းအရာ အားလုံးကို မေ့လျော့နေခဲ့ပြီ ဖြစ်၏
ထို့အပြင် ထိုအချိန်တုန်းက သူသည် တကယ့်ကို ထုံအလွန်းလှသဖြင့်
“မိုးတိမ်ဖြူဓားကျင့်စဉ်”
ကို ရွေးချယ်ခဲ့မိပြီး သုံးနှစ်တိုင်တိုင် လေ့ကျင့်ခဲ့သည့် တိုင်အောင်ပင် ပထမဆုံးတစ်ကွက်ကိုပင် ကျွမ်းကျင်အောင် မလေ့ကျင့်နိုင်ခဲ့ပါချေ
ယခုအကြိမ်တွင်မူ သူ သေချာပေါက် ပိုမို၍ လိမ္မာပါးနပ်စွာ ရွေးချယ်ရမည်ဟု ဆုံးဖြတ်ထားမိသည်
သို့သော်လည်း သူသည် မိမိ၏ ပါရမီအပေါ် ယုံကြည်မှု သိပ်မရှိလှသဖြင့် ဘာကိုပဲ ရွေးချယ်ရွေးချယ် အရေးမကြီးပါဘူးလေဟုလည်း တွေးတောနေမိပြန်သည်
ဟူး...
ရွှီရှောင်ရှို့၏ မျက်နှာအမူအရာမှာ ပျင်းရိငြီးငွေ့ဖွယ် အသွင်သို့ ပြောင်းလဲသွားခဲ့သော်လည်း ထိုရွှေနီရောင်ဆေးလုံးပုလင်းကို ပြန်လည်၍ သိမ်းဆည်းရန် အစီအစဉ် မရှိပါချေ
ဝန်ထမ်းလုလင် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်မိရင်း တကယ့်ကို ကြီးမားလှသည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သည့် ပုံစံမျိုးဖြင့် ပြောဆိုလိုက်၏
“ကျွန်တော် ဒါကို မယူနိုင်ပါဘူးဗျာ”
ရွှီရှောင်ရှို့ ဝန်ထမ်းလုလင်ကို ကြည့်လိုက်မိပြီး ထိုလူမှာ နောက်ဆုတ်သွားခြင်း မရှိသည့်အပြင် အံကိုကြိတ်လျက် သူ့ကို စိုက်ကြည့်နေသည့်အတွက် အံ့အားသင့်သွားခဲ့ရသည်
ရွှပ်...
ရွှီရှောင်ရှို့ ချက်ချင်းပင် သူ၏ ရင်ဘတ်ထဲကနေ ဓားနက်ကြီးကို ဆွဲထုတ်လိုက်တော့၏
“ယူထားလိုက်စမ်း”
ဟူး... ဝန်ထမ်းလုလင် သက်ပြင်းတစ်ချက် ချလိုက်မိရင်း ထိုဆေးလုံးများကို ယူကာ သူ၏ အင်္ကျီလက်အင်္ကျီအတွင်းသို့ ထည့်သွင်းလိုက်တော့သည်
“လမ်းပြတော့”
“ကောင်းပါပြီဗျာ”
နေမင်းကြီးမှာ ပူပြင်းလှပြီး ဝန်ထမ်းလုလင်မှာမူ သူ၏ မျက်ရည်များကို နေရောင်ဖြင့် ခြောက်သွေ့စေရန်အတွက် ခေါင်းကို မော့လိုက်မိသည်
‘အို... အကြီးအကဲးရယ်...’
သူ သက်ပြင်းချလိုက်မိ၏
‘ဒါက တကယ့်ကို ကျွန်တော့်ရဲ့ အပြစ်မဟုတ်ပါဘူးဗျာ... ရွှီရှောင်ရှို့ကပဲ ကျွန်တော့်ကို အတင်းအဓမ္မ လာဘ်ထိုးနေတာပါ... ဝူးဝူး...’
‘စည်းကမ်းတွေကို နောက်တစ်ကြိမ် ထပ်ပြီး ချိုးဖောက်မိတဲ့အတွက် တောင်းပန်ပါတယ်...’
“ကျိန်ဆဲခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၁ မှတ်။”
“အထင်ကြီးခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၁ မှတ်”
ရွှီရှောင်ရှို့ စိတ်ထဲကနေ ရယ်မောလိုက်မိရင်း ထိုလူ့ထံတွင် အဘယ်ကြောင့် ယခုကဲ့သို့ ဆန့်ကျင်ဘက် ခံစားချက်နှစ်ခု တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေရတာလဲဆိုတာကို တွေးတောနေခဲ့မိသည်
......
ဝိညာဉ်ကျမ်းစာဂေဟာ၊ အတွင်းစည်း
အတွင်းစည်းတွင် ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ ပြင်ပဝန်းကျင်ထက် အဆပေါင်းများစွာ ပိုမိုမြင့်မားလှသဖြင့် ထိုနေရာသို့ ဝင်ရောက်လိုက်သည်နှင့် လူကို ချက်ချင်းပင် လန်းဆန်းတက်ကြွသွားစေပေသည်
ထျန်းစန်းဝိညာဉ်နန်းတော်သို့ စတင်ဝင်ရောက်လာကြသည့် တပည့်တိုင်းသည် ဝိညာဉ်ကျမ်းစာဂေဟာအတွင်းသို့ တစ်ကြိမ် ဝင်ရောက်ခွင့် ရရှိကြစမြဲ ဖြစ်၏ ၎င်းက သူတို့ မကြာမီ လေ့ကျင့်ရမည့် ကျင့်စဉ်များကို ရွေးချယ်ခွင့် ပေးရန်အတွက်သာမကဘဲ... အတွင်းစည်းနှင့် ပြင်ပဝန်းကျင်ကြားက ဝိညာဉ်စွမ်းအင် သိပ်သည်းဆ ကွာခြားချက်ကို ကိုယ်တိုင် ခံစားမိစေခြင်းဖြင့် ကျင့်ကြံခြင်းလမ်းစဉ်တွင် ပိုမို၍ ကြိုးစားလာစေရန်အတွက် အားပေးလှုံ့ဆော်သည့် နည်းလမ်းတစ်ခုလည်း ဖြစ်ပေသည်
ထို့အပြင် အတွင်းစည်း တပည့်တိုင်းသည် မိမိတို့ကိုယ်ပိုင် သီးသန့် ခြံဝင်းများကို ရရှိကြပြီး ၎င်းအတွင်းရှိ မန္တန်စက်ကွင်းကို ဖွင့်လှစ်လိုက်ပါက ဝိညာဉ်စွမ်းအင် သိပ်သည်းဆကို အဆပေါင်းများစွာ ပိုမို၍ မြင့်တက်လာစေနိုင်ကြောင်း ပြောဆိုကြသည်
ကိုယ်ပိုင် သီးသန့် ခြံဝင်းများမှာ ရရှိရန် တကယ့်ကို ခက်ခဲလွန်းလှပေသည်
ပြင်ပဝန်းကျင်တွင် ကျင့်ကြံနေစဉ်ကတည်းက ကိုယ်ပိုင် သီးသန့် ခြံဝင်းတစ်ခုကို ရရှိထားခဲ့သည့် ရွှီရှောင်ရှို့ကဲ့သို့သော လူမျိုးမှာ လူတိုင်း မဟုတ်ပါချေ
အချို့သော လူများမှာ ကျင့်ကြံနိုင်ရန်အတွက် အခြားလူများ၏ တံခါးဝသို့ ခိုးကြောင်ခိုးဝှက် သွားရောက်ရသည်အထိပင် ရှိခဲ့ကြသည်
ရှောင်ချီရှို့သည် အခြားသော လူတစ်ဆယ့်တစ်ယောက်ကို ဦးဆောင်ကာ လမ်းလျှောက်ရင်း လှမ်း၍ ပြောဆိုလိုက်တော့၏
“မင်းတို့အားလုံး ဒီနေရာကို ရောက်ဖူးကြတယ်ဆိုပေမဲ့လည်း... ငါ စည်းကမ်းတွေကို နောက်တစ်ကြိမ် ထပ်ပြီးတော့ ပြောပြမယ်”
“မင်းတို့တစ်ယောက်ချင်းစီက မွေးရာပါအဆင့် ဝိညာဉ်ကျင့်စဉ်တစ်ခုစီကို ရွေးချယ်နိုင်တယ်၊ ရွေးချယ်ပြီးသွားတာနဲ့ ချက်ချင်းပဲ စာရင်းပေးသွင်းရမယ်၊ ပြဿနာတွေ မရှာမိဖို့ သတိထားကြပါ၊ အတွင်းထဲမှာ တိုက်ခိုက်တာမျိုးကို လုံးဝ ခွင့်မပြုဘူး”
သူ အနောက်သို့ လှည့်လိုက်ရင်း ရွှီရှောင်ရှို့နှင့် အကြည့်ချင်း ဆုံလိုက်မိသည်
“နားလည်လား”
ရွှီရှောင်ရှို့ စိတ်ပျက်လက်ပျက်ဖြင့် မေးမြန်းလိုက်၏
“ကျွန်တော့်ကို ဘာလို့ လာကြည့်နေတာလဲ”
“ဟဲဟဲ...”
ရှောင်ချီရှို့၏ မျက်နှာအမူအရာမှာ ‘မင်းဘာသာမင်း အသိဆုံးဖြစ်ရမယ်’ ဟု ပြောနေသည့်အလား ရှိနေခဲ့ပြီးနောက် သူက ထပ်မံ၍ ပြောဆိုလိုက်ပြန်သည်
“ငါက လျှို့ဝှက်ပြီး ပြောနေမှာ မဟုတ်ဘူး၊ ငါ အခုပြောလိုက်တဲ့ စကားတွေက မင်းအတွက်ပဲ ရည်ရွယ်တာ”
ရွှီရှောင်ရှို့ စကား ဆွံ့အသွားခဲ့ရ၏
ဘေးပတ်ပတ်လည်က အခြားသော လူများအားလုံး တဟားဟားဖြင့် အူလှိုက်သည်းလှိုက် ရယ်မောလိုက်ကြတော့သည်
“လှောင်ပြောင်ခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၁၁ မှတ်”
ရွှီရှောင်ရှို့ ချက်ချင်းပင် တကယ့်ကို စိတ်ကုန်သွားခဲ့ရသဖြင့် ရှောင်ချီရှို့ကို
‘ကျွန်တော် ခင်ဗျားနဲ့ စကားမပြောတော့ဘူး’ ဟု ပြောနေသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်မိရင်း လူအုပ်ကြီး၏ အနောက်ဆုံးသို့ လျှောက်လှမ်းသွားလိုက်တော့သည်
ထိုအချိန်တွင် သူသည် လူအုပ်ကြီးအတွင်း၌ ကျိုးထျန်းစန်းကိုလည်း မြင်တွေ့လိုက်ရသဖြင့် စိတ်ဝင်စားသွားခဲ့ရ၏
ရှောင်ချီရှို့က ထိပ်သီး ဆယ်ယောက်သာ ဝိညာဉ်ကျမ်းစာဂေဟာသို့ နောက်တစ်ကြိမ် လာရောက်ခွင့် ရရှိမည်ဟု ပြောခဲ့ခြင်းကို သူ သတိရသွားခဲ့သည် သို့သော်လည်း သူသည် ထိပ်သီး ၃၂ နေရာအတွက် ယှဉ်ပြိုင်စဉ်ကတည်းက ကျိုးထျန်းစန်းကို အနိုင်ယူပြီး ဖယ်ရှားခဲ့တာလေ
‘နေပါဦး...’
သူ စိတ်ထဲကနေ တွေးတောလိုက်မိသည်
‘ဒါဆိုရင် စားပွဲအောက်ကနေ လျှို့ဝှက် သဘောတူညီချက်တစ်ခုခု ပြုလုပ်ခဲ့တာပေါ့လေ... ဟုတ်လား’
ရွှီရှောင်ရှို့ လျှောက်လှမ်းသွားလိုက်မိရင်း ကျိုးထျန်းစန်း၏ ပုခုံးကို လှမ်း၍ ဖက်လိုက်သည်
“မင်းလည်း ဒီကို ဘာလို့ ရောက်နေတာလဲ”
ထိုလူတစ်ယောက် တစ်စုံတစ်ခုကို ပြောဆိုချင်သော်လည်း မပြောရန် ဆုံးဖြတ်လိုက်သည့် ပုံစံမျိုး ရှိပေသည်
ရွှီရှောင်ရှို့ ခပ်ဖွဖွလေး ရယ်မောလိုက်မိရင်း သူ နားလည်ပါသည်ဟူသော အကြည့်မျိုးဖြင့် ထိုလူကို လူအုပ်ကြီးထဲကနေ ဆွဲထုတ်ကာ တိုးညှင်းစွာဖြင့် မေးမြန်းလိုက်၏
“ငါ့ကိုပဲ ပြောပြစမ်းပါဦး... မင်း ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ၊ ငါ ဘယ်သူ့ကိုမှ ပြန်မပြောဘူးလို့ ကျိန်ဆိုရဲပါတယ်”
ကျိုးထျန်းစန်း ဤအကြောင်းအရာကို မည်သို့ ပြောရမည်နည်းဆိုတာကို စဉ်းစားနေခဲ့မိသည်
သူသည် ထိုတိုက်ပွဲအပြီးတွင် ရွှီရှောင်ရှို့ကို သူ၏ သူငယ်ချင်းတစ်ယောက်အဖြစ် သတ်မှတ်ထားခဲ့ပြီးသား ဖြစ်သဖြင့် သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေမည့် အရာမျိုးကို မလုပ်ချင်ပါချေ
သို့သော်လည်း ရွှီရှောင်ရှို့၏ မျက်နှာပေါ်က အမူအရာမှာ သူ့ကို အမှန်အတိုင်း ပြောပြရန် တိုက်တွန်းနေသည့်အလား ရှိနေခဲ့သဖြင့် သူ အမှန်အတိုင်းသာ ပြောပြရန် ရွေးချယ်လိုက်တော့သည်
“အတွင်းစည်းထဲ ရောက်သွားပြီးတဲ့နောက်မှာ ကျွန်တော့်ကို ပေးအပ်ခဲ့တဲ့ အခွင့်အရေးတစ်ခုပါ”
ရွှီရှောင်ရှို့၏ မျက်နှာပေါ်က အပြုံးမှာ ချက်ချင်းပင် အေးခဲသွားခဲ့ရ၏
‘ကောင်းပြီလေ... ရပါတယ်...’ သူ စိတ်ထဲကနေ တွေးတောလိုက်မိသည် ‘ဘာမှမဖြစ်ပါဘူး... ငါ့ရဲ့ ကိုယ်ပိုင် ဒဏ်ရာပေါ်ကို ငါ့ဘာသာ ဆားပြန်ဖြူးမိတာပဲဥစ္စာ’
“ဒါဆိုရင်... သူတို့အားလုံးက ကျင့်စဉ်နှစ်ခုစီ ရွေးချယ်ခွင့် ရှိကြတာလား”
“ဟုတ်တယ်”
ကျိုးထျန်းစန်း ခေါင်းညှိမ့်ပြလိုက်၏
“သူတို့က အခုတစ်ခု ရွေးချယ်နိုင်ပြီး... အဲဒီတစ်ခုကို ကျွမ်းကျင်သွားခဲ့ပြီဆိုရင် နောက်ထပ်တစ်ခုကို ထပ်ပြီးတော့ လာရောက်ရွေးချယ်နိုင်သေးတယ်”
‘တောက်... ဒါက တကယ့်ကို ရှုပ်ထွေးလွန်းလှပေတယ်’ သူ စိတ်ထဲကနေ တွေးတောလိုက်မိသည်
ရွှီရှောင်ရှို့ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်မိရင်း လှည့်ထွက်လာခဲ့တော့၏
‘ထိုအလယ်အလတ်အရွယ် လူကြီး ပြောတာ မှန်တယ်... ငါ ဘာစကားမှ မပြောတာက အကောင်းဆုံးပဲ ဖြစ်ရမယ်’
“စိတ်အနှောင့်အယှက် ဖြစ်ရသည်။ အလိုအလျောက်ရမှတ် +၁ မှတ်”
သူ ခဏမျှ ဆွံ့အသွားခဲ့ရပြီး အနောက်သို့ လှည့်ကြည့်လိုက်သည့် အခါတွင်မူ... မိမိပြောလိုက်သည့် စကားများကြောင့် ရွှီရှောင်ရှို့ စိတ်နာကျင်သွားမည်ကို စိုးရိမ်နေသည့် ကျိုးထျန်းစန်း၏ ပူပန်နေသော မျက်နှာအမူအရာကို မြင်တွေ့လိုက်ရသည်
‘ဒီလူကတော့ တကယ့်ကို ပွင့်လင်းရိုးသားလွန်းတဲ့ လူတစ်ယောက်ပဲ’
ရွှီရှောင်ရှို့ စိတ်ထဲကနေ ခပ်ဖွဖွလေး ရယ်မောလိုက်မိ၏
......
“ရောက်ပြီ”
ကွေ့ကောက်လှသည့် လမ်းကလေးအတိုင်း ကွေ့လိုက်ပြီးနောက်တွင်မူ သုံးထပ်မြင့်သည့် အဆောက်အဦးကြီးတစ်ခု သူတို့၏ မျက်စိရှေ့တွင် ပေါ်လာခဲ့တော့သည်
ထိုအဆောက်အဦးမှာ ရိုးရှင်းလှပြီး အလှဆင်ထားခြင်းလည်း သိပ်မရှိပါချေ တိုင်လုံးများပေါ်တွင်ပင် မည်သည့် ထွင်းထုထားသည့် ရုပ်ပုံများမျှ မရှိပါချေ အမိုးထက်တွင် အပူရှိန်များ ထွက်ပေါ်နေသည့်အလား ရှိနေသည့် ကြီးမားလှသော ကြက်သွေးရောင် ပုလဲလုံးကြီး တစ်လုံး ရှိနေခြင်းကလွဲ၍ ထိုအဆောက်အဦးတွင် ထူးဆန်းထွေပြားလှသည့် အရာဟူ၍ ဘာမှမရှိပါချေ
တံခါးဝ၏ အထက်တွင် ချိတ်ဆွဲထားသည့် ကမ္ပည်းပြားထက်တွင်မူ “ဝိညာဉ်ကျမ်းစာဂေဟာ” ဟူသော စာသားများကို အနက်ရောင် စာလုံးများဖြင့် ရေးသားထားခဲ့သည်
ထိုစာလုံးများမှာ ရိုးရှင်းပြီး ခန့်ညားထည်ဝါလှပေသည်
၎င်းက စာပေလေ့လာရန်အတွက် တကယ့်ကို ကောင်းမွန်လှသည့် နေရာတစ်ခုဖြစ်ကြောင်း ဖော်ညွှန်းနေသည့်အလား ရှိနေခဲ့သည်
ရှောင်ချီရှို့သည် နီနက်ရောင် အကြီးအကဲး တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်ပြီးနောက် တံခါးဝတွင် ပုံဖော်ထားသည့် မန္တန်စက်ကွင်းထက်သို့ တင်လိုက်ရာ တံခါးမှာ ချက်ချင်းပင် ပွင့်ဟသွားခဲ့တော့၏
“အတွင်းထဲ ဝင်ကြစမ်း၊ ပထမအထပ်မှာ အခြေခံအဆင့် ကျင့်စဉ်တွေ ရှိပြီး ဒုတိယအထပ်မှာတော့ မွေးရာပါအဆင့် ကျင့်စဉ်တွေ ရှိတယ်၊ တတိယအထပ်ကိုတော့ လုံးဝ သွားခွင့်မရှိဘူး”
“မင်းတို့ ကျင့်စဉ်တွေ ရွေးချယ်ဖို့အတွက် အချိန်ခြောက်နာရီ ရလိမ့်မယ်၊ အလွန်အမင်း စိတ်မဝင်စားမိကြပါစေနဲ့၊ ပေးထားတဲ့ အချိန်ကိုလည်း သတိပြုကြဦး၊ ရွေးချယ်ပြီးသွားတာနဲ့ စာရင်းပေးသွင်းဖို့ သွားကြစမ်း”
ထို့နောက် သူ ရွှီရှောင်ရှို့ကို လှမ်း၍ ကြည့်လိုက်မိရင်း ပြောဆိုလိုက်ပြန်သည်
“ငါ လမ်းမှာ ပြောခဲ့တဲ့ စကားတွေကို မှတ်မိနေပါစေ”
လူတိုင်း တဟားဟားဖြင့် ထပ်မံ၍ ရယ်မောလိုက်ကြပြန်သည် ‘သင်ကြားပြသသူ’ ၏ အထူးအာရုံစိုက်ခြင်းကို ခံလိုက်ရသည့် ကျောင်းသားတစ်ဦး အနေဖြင့်... ရွှီရှောင်ရှို့မှာ ခေါင်းကို ငုံ့ထားမိရင်းသာ အတွင်းသို့ လျှောက်လှမ်းဝင်ရောက်သွားခဲ့ရတော့သည်