ကျိုးထျန်းစန်းတစ်ယောက် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရခြင်းမှာလည်း အပြစ်ပြောစရာ မရှိပါချေ
သူသည် ပြိုင်ပွဲတွင် ၃၂ ဦးသာ ကျန်ရှိတော့သည့် အချိန်ကတည်းက ရွှီရှောင်ရှို့၏ လက်ချက်ဖြင့် ပြုတ်ကျသွားခဲ့ရသူဖြစ်ပြီး အတွင်းစည်းထဲ ဝင်ရောက်ခွင့်ရဖို့ မျှော်လင့်ချက် လုံးဝ စွန့်လွှတ်ထားခဲ့ပြီးသား ဖြစ်၏။ ထို့ကြောင့် သူသည် မိမိကိုယ်မိမိ အတွင်းစည်းထဲ တကယ်ပဲ ဝင်ရောက်ခွင့် ရရှိသွားခဲ့ပြီဆိုတာကို မယုံကြည်နိုင်ဘဲ ဖြစ်နေခဲ့ရသည်
လူအုပ်ကြီးဆီကနေ အုန်းအုန်းကျွက်ကျွက် အော်ဟစ်အားပေးသံများ ထွက်ပေါ်လာခဲ့ရာ အချို့က အားကျနေကြပြီး အချို့ကမူ မနာလို ဖြစ်နေကြသော်လည်း အများစုကတော့ စပ်စုချင်စိတ် ပြင်းထန်နေကြခြင်းသာ ဖြစ်၏
ဝင်းကလောက်စာရင်း၏ အဆင့် ၃၂ အောက်တွင် ရှိနေသည့် လူတစ်ယောက်ကိုပင် ဝင်ရောက်ခွင့် ပြုခဲ့သည့်အတွက် ယခုနှစ် အတွင်းစည်းဝင်ခွင့် သတ်မှတ်ချက်များ လျော့ကျသွားခဲ့ပြီလားဆိုပြီး အများစုက တွေးတောနေခဲ့ကြမိသည်
ရှောင်ချီရှို့က ဆက်လက်၍ ကြေညာလိုက်ပြန်၏
“အတွင်းစည်းထဲ ဝင်ရောက်ခွင့် ရရှိတဲ့ ဒုတိယမြောက် ကျောင်းသားကတော့... ကျောက်ချီထန်”
ပုံမှန်အားဖြင့် အမြဲတမ်း တည်ငြိမ်အေးဆေးပြီး အေးစက်လှသည့် ကျောက်ချီထန်ပင်လျှင် သူ၏ ရေခဲစမ်းရေပြင်ဓား ၏ ဓားရိုးကို ပွတ်သပ်ရင်း မသိမသာ ပြုံးလိုက်မိသည်
‘ဒုတိယမြောက်...’
ပွဲကြည့်ပရိသတ်များမှာ လက်သီးများကို တင်းတင်းဆုပ်လိုက်ကြမိရင်း ယခုနှစ်တွင် စံချိန်သစ် ချိုးဖျက်နိုင်ခဲ့ပြီဖြစ်ကြောင်း သတိပြုမိလိုက်ကြသည်
“အတွင်းစည်းထဲ ဝင်ရောက်ခွင့် ရရှိတဲ့ တတိယမြောက် ကျောင်းသားကတော့... မုဇီရှီး”
“အတွင်းစည်းထဲ ဝင်ရောက်ခွင့် ရရှိတဲ့ စတုတ္ထမြောက် ကျောင်းသားကတော့... မိုမို”
ရှောင်ချီရှို့က နာမည်နှစ်ခုကို ဆက်တိုက် ဖတ်ကြားလိုက်သည့် အခါတွင်မူ ပွဲကြည့်ပရိသတ်များကြားတွင် ပိုမို၍ ဆူညံသွားခဲ့ရတော့သည်
မုဇီရှီးသည် သူမ၏ ဆံပင်မြီးကောက်နှစ်ဖက်ကို လှမ်း၍ ကိုင်တွယ်လိုက်မိရင်း တကယ့်ကို စိတ်လှုပ်ရှားသွားခဲ့ရသဖြင့် နေရာမှာတင် တစ်ချက်မျှပင် ခုန်ပေါက်လိုက်မိ၏
မိုမိုကမူ သူမ၏ လက်ထဲတွင် ကြေးဝါအိုးကြီးကို ပွေ့ပိုက်ထားဆဲ ဖြစ်ပြီး ၎င်းအတွင်းရှိ အမွှေးတိုင်နံ့ကို ရှူရှိုက်လျက် မျက်နှာသေဖြင့်သာ ရှိနေခဲ့သည်
“ဒါက တကယ့်ကို အလွန်ကောင်းတာပဲ”
ပွဲကြည့်ပရိသတ်များမှာ မိမိတို့ကိုယ်တိုင် နာမည်ခေါ်ယူခြင်း ခံလိုက်ရသည့်အလား တကယ့်ကို စိတ်လှုပ်ရှားနေခဲ့ကြမိသည်
သို့သော်လည်း တစ်စုံတစ်ယောက်က ရုတ်တရက်ဆိုသလို သူ၏ သံသယကို ထုတ်ဖော်ပြောဆိုလိုက်၏
“နေပါဦး... ခေါ်ယူခြင်း ခံလိုက်ရတဲ့ လူတွေအားလုံးက မွေးရာပါအဆင့် သမားတွေချည်းပဲ ဖြစ်နေသလိုပဲ...”
လူတိုင်း ဆွံ့အမှင်တက်သွားခဲ့ကြရပြီး အခြေအနေမှာ တကယ်ပဲ ထိုအတိုင်း ဖြစ်နေကြောင်း သတိပြုမိလိုက်ကြသည်
အဆင့် ၃၂ အပြင်ဘက်က ကျိုးထျန်းစန်းပင်လျှင်... ရွှီရှောင်ရှို့နှင့် တိုက်ခိုက်ခဲ့သည့် ပွဲစဉ်အတွင်း မွေးရာပါအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည့်အတွက်ကြောင့်သာ အတွင်းစည်းထဲ ဝင်ရောက်ခွင့် ရရှိခဲ့ခြင်း ဖြစ်ပေသည်
“လွန်ခဲ့တဲ့ နှစ်တွေတုန်းကလည်း မွေးရာပါအဆင့်သို့ ရောက်ရှိနေတဲ့ လူတွေကိုပဲ ဝင်ရောက်ခွင့် ပြုခဲ့တာ ထင်တယ်”
“တကယ်လို့ အဲဒီလိုဆိုရင်တော့... ရွှီရှောင်ရှို့ကလည်း မွေးရာပါအဆင့် ခန္ဓာကိုယ်ကျင့်စဉ် ရှိနေတာဆိုတော့ သူလည်း သေချာပေါက် ဝင်ရောက်ခွင့် ရရမှာပေါ့...”
“မသေချာဘူးဗျ”
တစ်စုံတစ်ယောက်က ကြားဖြတ်၍ ပြောဆိုလိုက်ပြန်သည်
“မွေးရာပါအဆင့် ခန္ဓာကိုယ်ကျင့်စဉ်ကို ရရှိထားတဲ့ လူတွေက... ကျင့်ကြံခြင်းလမ်းစဉ်ရဲ့ လမ်းဆုံးကို ရောက်ရှိနေကြပြီလေ၊ သူတို့အနေနဲ့ အဲဒီထက်ပိုပြီး တက်လှမ်းဖို့က တကယ့်ကို ခက်ခဲလွန်းလှတယ်၊ ပြီးတော့ သူ့ရဲ့ ဝိညာဉ်စွမ်းအင်အဆင့်ကလည်း အဆင့် (၈) မှာပဲ ရှိနေသေးတာ”
လူတိုင်း၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာခဲ့ကြရ၏။ အဘယ်ကြောင့်ဆိုသော် မွေးရာပါအဆင့် ခန္ဓာကိုယ်ကျင့်စဉ် ရှိသည့် လူတစ်ယောက် ဆရာသခင်အဆင့် သို့ တက်လှမ်းနိုင်ခဲ့သည်ဟူသော အကြောင်းအရာမျိုးကို လုံးဝ မကြားဖူးကြသောကြောင့် ဖြစ်၏
အကြောင်းပြချက်ကတော့ ရိုးရှင်းပါသည်... ခန္ဓာကိုယ်ကျင့်စဉ်ဖြင့် နောက်ထပ် အောင်မြင်မှုများ ထပ်မံရရှိရန်မှာ အလွန်အမင်း ခက်ခဲလွန်းလှသောကြောင့် ဖြစ်ပေသည်
၎င်းက တစ်ခုလုံးသော ထျန်းစန်းဝိညာဉ်နန်းတော်အတွင်း၌သာမကဘဲ... တစ်ခုလုံးသော ရှိန်ရှန်းတိုက်ကြီး ၏ နေရာတိုင်းတွင်ပါ အကျုံးဝင်နေသည့် မည်သူမျှ မချိုးဖျက်နိုင်သော စည်းမျဉ်းတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်
လူတိုင်း၏ အကြည့်များမှာ ရွှီရှောင်ရှို့ထံသို့ ကျရောက်သွားခဲ့ကြရ၏။ ချန်ပီယံဖြစ်သည့် လူတစ်ယောက်က ပွဲကြည့်ပရိသတ်များကို အစိုးရိမ်ရဆုံးသော လူတစ်ယောက် ဖြစ်လာလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပါချေ
အခြေခံအဆင့် မျှသာ ရှိသေးသည့် လူတစ်ယောက်ကို အတွင်းစည်းထဲ ဝင်ရောက်ခွင့်ပြုရန်အတွက် ချွင်းချက်တစ်ခုခု ပြုလုပ်ပေးမလားဆိုတာကို သူတို့ သိချင်နေခဲ့ကြမိသည်
အတွင်းစည်းထဲ ဝင်ရောက်ခွင့်ရသည့် ပြိုင်ပွဲဝင် အရေအတွက်မှာ ယခင်ကထက် ပိုမိုများပြားပြီး ငါးဦးအထိ ရှိလာမလားဆိုတာကိုလည်း သူတို့ စိတ်ဝင်စားနေခဲ့ကြမိသည်
လူတိုင်း၏ စိတ်ထဲတွင် တကယ့်ကို စိုးရိမ်ပူပန်မှုများ ရှိနေခဲ့ကြရ၏
ရွှီရှောင်ရှို့သည် ဘေးပတ်ပတ်လည်က စူးစိုက်ကြည့်နေကြသည့် အကြည့်များကြောင့် အနည်းငယ် လန့်ဖျန့်သွားခဲ့ရသော်လည်း... နောက်တစ်စက္ကန့်တွင်မူ သူ၏ စိတ်ထဲတွင် ကျေနပ်ပီတိဖြစ်မှုများသာ ပြည့်နှက်သွားခဲ့ရတော့သည်
“မျှော်လင့်ခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၂၁၃၀ မှတ်။”
သူသည် ဘာမှမဖြစ်သလိုမျိုး အမူအရာဖြင့် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သော်လည်း... ချန်ပီယံဖြစ်ခဲ့သည့် တိုင်အောင်ပင် သူ၏ စိတ်ထဲတွင်မူ အနည်းငယ် စိုးရိမ်ပူပန်မှုများ ရှိနေခဲ့ရသည်မှာ အမှန်ပင် ဖြစ်၏
ရှောင်ချီရှို့သည် သူ၏ အကြည့်များကို စာရွက်ထံကနေ လွှဲဖယ်လိုက်ပြီးနောက် ၎င်းကို သေသပ်စွာ ခေါက်သိမ်းလျက် အိတ်ကပ်အတွင်းသို့ ထည့်သွင်းလိုက်သည် ထို့နောက် သူက အေးစက်လှသော မျက်နှာအမူအရာဖြင့် လှမ်း၍ ပြောဆိုလိုက်တော့၏
“အတွင်းစည်းဝင်ခွင့်ရသူ လေးယောက်ပဲ... ဒါက အားလုံးပဲ ဖြစ်တယ်”
“သံသယဝင်ခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၁၈၆၉ မှတ်။”
“သံသယဝင်ခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၁၅၁၁ မှတ်။”
“သံသယဝင်ခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၁၀၄၂ မှတ်။”
......
အချက်အလက်ဘားထက်တွင် ထိုကဲ့သို့သော စာသားများ ချက်ချင်း ပြည့်နှက်သွားခဲ့ရသဖြင့် ရွှီရှောင်ရှို့ ဆွံ့အမှင်တက်သွားခဲ့ရ၏
‘ငါ မပါဘူးပေါ့လေ...’
သူသည် အပြင်ပန်းတွင် ဘာမှမဖြစ်သလိုမျိုး ဟန်ဆောင်နေခဲ့သော်လည်း သူက လေမုန်းတိုင်း ပြိုင်ပွဲ၏ ချန်ပီယံ ဖြစ်ပေသည် တကယ်လို့ သူက အပြင်ပန်းတွင် ထုတ်ဖော်ပြသခြင်း မရှိခဲ့သည့် တိုင်အောင်ပင် သူ သေချာပေါက် အတွင်းစည်းထဲ ပါဝင်လိမ့်မည်ဟု စိတ်ထဲကနေ ရဲရဲကြီး ယုံကြည်ထားခဲ့တာလေ သို့သော်လည်း လက်ရှိရလဒ်ကတော့…
ဒါက အားလုံးပဲလား
စင်မြင့်ထက်တွင် ရှိနေကြသည့် အခြားသော ပြိုင်ပွဲဝင်များမှာလည်း ထပ်တူပင် ဆွံ့အသွားခဲ့ကြရသည် ယခုလေးတင် အတွင်းစည်းဝင်ခွင့် ရရှိခဲ့ကြသည့် လူသုံးဦး၏ မျက်နှာပေါ်က အပြုံးများမှာလည်း ချက်ချင်းပင် အေးခဲသွားခဲ့ရ၏
သူတို့အနေဖြင့် နှုတ်ကနေ ထုတ်ဖော်ပြောဆိုခြင်း မရှိကြသော်လည်း သူတို့အားလုံးသည် ရွှီရှောင်ရှို့၏ အစွမ်းများကို တကယ့်ကို အသိအမှတ်ပြုထားကြတာလေ သို့သော်လည်း ယခုကဲ့သို့ နားမလည်နိုင်လောက်သော ရလဒ် ထွက်ပေါ်လာခဲ့သည့် အခါတွင်မူ...
???
ပွဲကြည့်ပရိသတ်များမှာတော့ ပြိုင်ပွဲဝင်များကဲ့သို့ စိတ်ကို ထိန်းချုပ်ထားနိုင်ခြင်း မရှိကြပါချေ စက္ကန့်ပိုင်းအတွင်းမှာတင် ပရိသတ်များအားလုံး တကယ့်ကို ဒေါသတကြီးဖြင့် ဆူညံအော်ဟစ်လိုက်ကြတော့သည်
“ဘာကြီးလဲ... နောက်ထပ် မရှိတော့ဘူး ဟုတ်လား။ လေးယောက်တည်းလား။ နောက်ပြောင်နေတာလားဗျာ”
“ရွှီရှောင်ရှို့က ချန်ပီယံဖြစ်တာနော်။ သူက နောက်ပြောင်တတ်တာ မှန်ပေမဲ့ ခင်ဗျားတို့အနေနဲ့ ဒီလိုအချိန်မျိုးမှာ လာပြီး မနောက်သင့်ဘူးလေ”
“တကယ့်ကို သရော်စရာကောင်းလှပေတယ်။ ချန်ပီယံက အတွင်းစည်းထဲ ဝင်ခွင့်မရဘဲ... အဆင့် ၃၂ အပြင်ဘက်က လူကကျတော့... ဟေး... ငါ့ကို လွှတ်စမ်း။ ငါ ပြောစရာရှိတာ ဆက်ပြောရဦးမယ်”
“မင်း ရူးနေတာလား။ ကျိုးထျန်းစန်းက မင်းရဲ့ အနောက်တည့်တည့်မှာ ထိုင်နေတာလေ။”
“......”
ကျိုးထျန်းစန်း တကယ့်ကို ဒေါသထွက်သွားခဲ့ရသည် သူသည် ချက်ချင်းပင် မတ်တပ်ရပ်လိုက်မိရင်း ရှောင်ချီရှို့ကို သူ၏ မျက်ဝန်းများအတွင်း မည်သည့် ကြောက်ရွံ့ထိတ်လန့်မှု အရိပ်အယောင်မျှ မရှိဘဲ စိုက်ကြည့်ကာ လှမ်း၍ ပြောဆိုလိုက်တော့၏
“ကောင်းကောင်း ပြောလိုက်တာပဲ၊ ကျွန်တော့်အတွက်လည်း ထပ်တူပါပဲ၊ တကယ်လို့ အခြေအနေက ဒီလိုမျိုး ဖြစ်နေမယ်ဆိုရင်တော့... ကျွန်တော် ကျိုးထျန်းစန်းလည်း အတွင်းစည်း ဝင်ရောက်ခွင့်ကို စွန့်လွှတ်လိုက်ပါမယ်”
“ကောင်းကောင်း ပြောလိုက်တာပဲ... ကျွန်တော်လည်း ထပ်တူပါပဲ”
“မင်းက အတွင်းစည်းထဲ ပါလို့လားဟ”
“မင်း... ပါးစပ်ပိတ်ထားစမ်း”
“......”
ရှောင်ချီရှို့၏ ကြေညာချက်ကြောင့် ပွဲကြည့်ပရိသတ်များအားလုံး ဒေါသတကြီးဖြင့် ဆူညံပွက်လောရိုက်သွားခဲ့ကြရပြီ ဖြစ်သည်
သူသည် ပရိသတ်များ၏ ကန့်ကွက်ဆန္ဒပြမှုများကို တစ်စုံတစ်ရာ ရှင်းလင်းပြောဆိုခြင်း မပြုဘဲ... ရွှီရှောင်ရှို့၏ အရှေ့သို့ လျှောက်လှမ်းလာခဲ့ပြီးနောက် ထိုကောင်လေးကို ဘာမှမပြောဘဲ စိုက်ကြည့်နေခဲ့မိသည်
‘ဒီကောင်လေးက ဘာမှမဖြစ်သလိုမျိုး ဟန်ဆောင်နေတုန်းပဲပေါ့လေ... ဟုတ်လား၊ ဒါပေမဲ့...’ ရှောင်ချီရှို့သည် သူ၏ အတွေ့အကြုံများအရ ထိုကောင်လေး၏ မျက်နှာပေါ်က ဖုံးကွယ်ထားသည့် ခါးသီးနာကျင်မှု ဝေဒနာများကို အတိုင်းသား မြင်တွေ့နေရပေသည်
‘ဒီကောင်လေးက အသက်တစ်ဆယ့်ရှစ်နှစ်ပဲ ရှိသေးတဲ့ ကလေးပဲဥစ္စာ...’
“ဟူး...”
ရှောင်ချီရှို့ သက်ပြင်းတစ်ချက် ချလိုက်မိ၏
ရွှီရှောင်ရှို့သည် သူ၏ နှာခေါင်းကို ပွတ်သပ်ရင်း နောက်သို့ အနည်းငယ် ဆုတ်ခွာလိုက်သည်
ရှောင်ချီရှို့တစ်ယောက် ဇဝေဇဝါ ဖြစ်သွားခဲ့ရ၏
‘ဒီကောင်စုတ်လေးကတော့ တကယ်ပဲ! ငါက သူ့အတွက် စိတ်မကောင်း ဖြစ်ပေးနေတာကို... သူကတော့ အခုထိ ပြန်ပြီး တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေတုန်းပဲလား’
ရှောင်ချီရှို့ သက်ပြင်းချနေခြင်းကို ရပ်တန့်လိုက်မိရင်း အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည် ထို့နောက် သူက ရွှီရှောင်ရှို့၏ ပုခုံးကို လှမ်း၍ ပုတ်လိုက်ရင်း ပြောဆိုလိုက်တော့၏
“မင်းအနေနဲ့ မွေးရာပါအဆင့်ကို အမြန်ဆုံး တက်လှမ်းနိုင်ဖို့အတွက် အပြင်စည်း မှာ နောက်ထပ် တစ်နှစ်လောက် ဆက်ပြီးတော့ နေထိုင်နိုင်ပါသေးတယ်”
ရွှီရှောင်ရှို့ ဆွံ့အမှင်တက်သွားခဲ့ရ၏
သူသည် တကယ်လို့ မိမိအနေဖြင့် သုံးနှစ်အတွင်း အတွင်းစည်းထဲ ဝင်ရောက်ခွင့် မရရှိဘူးဆိုလျှင်... သို့မဟုတ် လေမုန်တိုင်း ပြိုင်ပွဲ၏ အောက်ခြေအဆင့်မှာသာ ရှိနေမည်ဆိုပါက ဝိညာဉ်နန်းတော်ကနေ မောင်းထုတ်ခြင်း ခံရမည်ဆိုသည့် အချက်ကို မေ့လျော့လုမတတ် ဖြစ်နေခဲ့တာလေ
‘ဒါဆိုရင် တစ်စုံတစ်ယောက်က ငါ့အတွက် ကြားထဲကနေ အသနားခံ စကားပြောပေးခဲ့တာပေါ့လေ... ဟုတ်လား’
‘ဒီအလယ်အလတ်အရွယ် လူကြီးကပဲ ပြောပေးခဲ့တာလား... ဒါမှမဟုတ်... အကြီးအကဲး ချောင်လား’
သူ ပွဲကြည့်ပရိသတ်များဘက်သို့ လှမ်း၍ ကြည့်လိုက်မိ၏
အကြီးအကဲး ချောင်မှာ ပွဲကြည့်ပရိသတ်များကြားတွင် ငြိမ်သက်စွာ ထိုင်နေသည့် အနည်းငယ်သော လူများထဲက တစ်ဦး ဖြစ်ပေသည် သူက ရွှီရှောင်ရှို့ကို ခေါင်းတစ်ချက် ငြိမ့်ပြလိုက်ရုံမျှသာ ပြုလုပ်ခဲ့ပြီး ဘာမှပြောဆိုခြင်း မရှိပါချေ
“အားပေးခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၁ မှတ်။”
ရွှီရှောင်ရှို့၏ စိတ်ထဲတွင် နွေးထွေးမှုတစ်ခု ချက်ချင်း ဖြစ်ပေါ်သွားခဲ့ရသည်
သူ့အနေဖြင့် စိတ်ပျက်အားငယ်မှုနှင့် စိတ်မကောင်းဖြစ်မှုများ ရှိနေခဲ့သည်မှာ သေချာပါသည်
သို့သော်လည်း သူသည် အခြားလူများ၏ သနားကရုဏာသက်သည့် အကြည့်များကို ခံယူရတာကို လုံးဝ မနှစ်သက်ပါချေ ထို့ကြောင့် သူ ရှောင်ချီရှို့၏ မျက်နှာပေါ်က သနားစာနာသည့် အမူအရာကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ မိမိဘာသာ အားတင်းထားလိုက်ခြင်း ဖြစ်ပေသည်
သို့သော်လည်း လက်ရှိအချိန်တွင်မူ သူ တကယ်ပဲ စိတ်လှုပ်ရှားသွားခဲ့ရသည်မှာ အမှန်ပင် ဖြစ်၏
ရွှီရှောင်ရှို့ သူ၏ အစစ်အမှန် ကျေးဇူးတင်စကားကို ထုတ်ဖော်ပြောဆိုလိုက်တော့၏။ “ကျေးဇူးတင်ပါတယ်”
ရှောင်ချီရှို့ ခေါင်းကို ခါယမ်းလိုက်မိရင်း ပြုံးလိုက်သည်
“မင်း ငါ့ကို ပြဿနာတွေ လျှောက်မရှာရင်တင်ပဲ... ငါ့အတွက် လုံလောက်ပါပြီ၊ မင်းရဲ့ ကျေးဇူးတင်စကားက ငါ့အတွက်တော့ များလွန်းပါတယ်”
သူသည် ဤကောင်လေးမှာ သူ၏ ဂျူနီယာတစ်ယောက် မျှသာ ဖြစ်သော်လည်း... သူ ဖန်တီးခဲ့သည့် ပြဿနာများကြောင့် သူ့ကို ဘာဖြစ်လို့ ဒီလောက်တောင် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ရတာလဲဆိုတာကို နားမလည်နိုင်ဘဲ ရှိနေခဲ့ရသည်
ထို့အပြင် သူသည် ရွှီရှောင်ရှို့နှင့် စကားပြောဆိုသည့် အခါတိုင်းတွင်လည်း မသိစိတ်ကနေ သူ၏ အဆင့်အတန်းကို လျှော့ချပြီး ပြောဆိုမိသလိုမျိုး ခံစားချက်ကိုလည်း ရရှိနေခဲ့ရ၏
‘ဟုတ်တယ်... ဒါက အကြီးအကဲး ချောင်လည်း ခံစားဖူးတဲ့ ခံစားချက်မျိုးပဲ ဖြစ်ရမယ်’ ရွှီရှောင်ရှို့ စိတ်ထဲကနေ ထိုသို့ တွေးတောလိုက်မိရင်း သူ၏ နှုတ်ခမ်းကို အနည်းငယ် စူလိုက်ကာ မည်သည့် စကားမျှ ပြန်လည်၍ မပြောတော့ပါချေ
ရှောင်ချီရှို့သည် အနောက်သို့ လှည့်လိုက်ရင်း ကျယ်လောင်လှသော အသံဖြင့် ကြေညာလိုက်တော့၏
“ယခုနှစ်ရဲ့ လေမုန်တိုင်း ပြိုင်ပွဲကြီး ပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်း တရားဝင် ကြေညာအပ်ပါတယ်”
“လူစုခွဲနိုင်ပါပြီ”
ပွဲကြည့်ပရိသတ်များအားလုံး စိတ်မကျေမနပ် ဖြစ်နေခဲ့ကြသော်လည်း လက်ရှိရလဒ်ကို ကန့်ကွက်ရန်အတွက် သူတို့ ဘာမှမတတ်နိုင်ကြပါချေ
သူတို့သည် မြင်းမည်းတစ်ကောင်၏ ထွက်ပေါ်လာမှုကို မြင်တွေ့ခဲ့ရပြီး ပြိုင်ပွဲ၏ အဆုံးသတ်မှာ တကယ့်ကို ထူးခြားပြောင်မြောက်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း... လက်ရှိရလဒ်ကတော့ သူတို့၏ မျှော်လင့်ချက်များနှင့် လုံးဝ လွဲချော်သွားခဲ့ရပြီ ဖြစ်သည်
ချန်ပီယံဖြစ်သည့် လူတစ်ယောက်က အတွင်းစည်းထဲမှာ နေရာတစ်နေရာပင် မရရှိခဲ့ပါချေ
တကယ်လို့ ရွှီရှောင်ရှို့သာ သာမန် ချန်ပီယံတစ်ယောက်ဆိုလျှင်မူ သူတို့အနေဖြင့် ဤအရာကို လက်ခံနိုင်ကြပါသေးသည် သို့သော်လည်း သူသည် မွေးရာပါအဆင့် စွမ်းအင်များ ရှိကြသည့် ကျန်ကျောင်းသား အများအပြားကို အနိုင်ယူခဲ့သူ ဖြစ်တာလေ ၎င်းက သူသည် သာမန်ကျောင်းသားတစ်ယောက် မဟုတ်ကြောင်းကို သက်သေပြနေခဲ့ခြင်း ဖြစ်ပေသည်
ဝိညာဉ်နန်းတော်အနေဖြင့် သူ၏ အစွမ်းများနှင့် ပါရမီများအတွက် ချွင်းချက်တစ်ခုခု ပြုလုပ်ပေးဖို့ မထိုက်တန်ဘူးလားဆိုပြီး သူတို့ တွေးတောနေခဲ့ကြမိသည်
“ကောင်းကောင်း လုပ်နိုင်ခဲ့တယ်... ရွှီရှောင်ရှို့”
လူအများအပြားမှာ ချက်ချင်း လူစုခွဲခြင်း မပြုကြဘဲ သူ့ကို အားပေးစကား ပြောကြားရန်အတွက် ရောက်ရှိလာခဲ့ကြသည် မကြာမီမှာပင် အရပ်မျက်နှာအနှံ့ကနေ အော်ဟစ်အားပေးသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့တော့၏
“ရွှီရှောင်ရှို့... မင်းက အကောင်းဆုံးပဲဗျာ။ ငါ မင်းကို အမြဲတမ်း အားပေးနေမယ်”
“ရွှီရှောင်ရှို့... ဆက်ပြီးတော့ အားတင်းထားပါဦး။”
“......”
“အားပေးခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၆၆၃ မှတ်။”
“အားပေးခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၄၁၄ မှတ်။”
“အားပေးခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၅၂၀ မှတ်။”
“......”
ဘေးပတ်ပတ်လည်ကနေ ထွက်ပေါ်လာသည့် အားပေးသံများကို ကြားလိုက်ရသည့် အခါတွင်မူ ရွှီရှောင်ရှို့၏ စိတ်ထဲတွင် ထပ်မံ၍ နွေးထွေးမှုတစ်ခု ဖြစ်ပေါ်သွားခဲ့ရပြန်သည်
အထူးသဖြင့်
“ရွှီရှောင်ရှို့... ဆက်ပြီးတော့ အားတင်းထားပါဦး”
ဆိုသည့် စကားလုံးများကို ကြားလိုက်ရသည့် အချိန်တွင် ဖြစ်၏
သူသည် ထိုစကားလုံးများမှာ... မိမိအနေဖြင့် လူပေါင်း ၄၀ ကျော်၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံနေရသလိုမျိုး ဟန်ဆောင်ခဲ့သည့် အုပ်စုအဆင့် ပွဲစဉ်များတုန်းက ကြားဖူးခဲ့ခြင်း ဖြစ်ကြောင်းကို မရေမရာ သတိရသွားခဲ့ရသည်
“ကျေးဇူးတင်ပါတယ်”
သူ တိုးညှင်းစွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်မိ၏
နေမင်းကြီးမှာ တဖြည်းဖြည်း ချုပ်ငြိမ်းသွားခဲ့ပြီဖြစ်ပြီး လူအုပ်ကြီးမှာလည်း နောက်ဆုံးတွင်မူ လူစုခွဲသွားခဲ့ကြပြီ ဖြစ်သည်
ရွှီရှောင်ရှို့သည် မိမိကို လာရောက်၍ အားပေးစကား ပြောကြားကြသည့် လူများကို... သူ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ပြုံးလျက်သာ ပြန်လည်၍ နှုတ်ဆက်နေခဲ့မိ၏
“စိတ်မကောင်း ဖြစ်နေတာလား” အကြီးအကဲး ချောင် သူ၏ အနားသို့ လျှောက်လှမ်းလာခဲ့ရင်း လှမ်း၍ မေးမြန်းလိုက်သည်
“ဟုတ်ပါတယ်... တကယ့်ကို စိတ်မကောင်း ဖြစ်မိတယ်”
ရွှီရှောင်ရှို့ နေဝင်ချိန် မြင်ကွင်းကို လှမ်း၍ ကြည့်လိုက်မိစဉ် သက်ကြီးဝါရီ ချောင်ကမူ သူ့ကို စိုက်ကြည့်နေခဲ့သည်
‘ဒီကောင်လေးက...’
အကြီးအကဲး ချောင် စိတ်ထဲကနေ ထိုသို့ တွေးတောလိုက်မိ၏
သူသည် လူအများအပြား၏ အရှေ့တွင် ဘာမှမဖြစ်သလိုမျိုး နေထိုင်ခဲ့သော်လည်း... မိမိ၏ အရှေ့တွင်မူ အစစ်အမှန် ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်ပေသည်
“ဒါက ဘဝရဲ့ သဘောသဘာဝပါပဲ”
သူက ဆက်လက်၍ ပြောဆိုလိုက်၏
“အတက်အကျဆိုတာ အမြဲတမ်း ရှိနေတတ်စမြဲပဲ”
“ဟုတ်ပါတယ်”
ရွှီရှောင်ရှို့ ခေါင်းကို စောင်းလိုက်မိရင်း တစ်စုံတစ်ခုကို သတိရသွားခဲ့သည့် ပုံစံမျိုး ရှိပေသည်
“အတက်အကျဆိုတာ ရှိတာမှန်ပေမဲ့... တကယ်လို့ ကိုယ်က ကံကောင်းမယ်ဆိုရင်တော့...”
“မင်းကတော့ တကယ့်ကို အကောင်းမြင်တတ်လွန်းတဲ့ ကောင်ပဲ”
အကြီးအကဲး ချောင် ခေါင်းကို ခါယမ်းလိုက်မိရင်း... သူ့ထံသို့ ဆေးလုံးပုလင်း နှစ်ပုလင်း ကမ်းပေးလိုက်ပြီးနောက် နေဝင်ချိန် မြင်ကွင်းအတွင်းသို့ လျှောက်လှမ်းဝင်ရောက်သွားခဲ့တော့သည်
“ကောင်းကောင်း လုပ်နိုင်ခဲ့တယ်”
“ထိုခေါင်းမာလှတဲ့ အဖိုးကြီးတွေကို သင်ခန်းစာတစ်ခုခု ပေးလိုက်စမ်းပါဦး... သူတို့ရဲ့ အတွေးအခေါ်တွေ မှားယွင်းနေတယ်ဆိုတာကို သူတို့ဘာသာ မြင်တွေ့သွားအောင် ပြုလုပ်လိုက်စမ်းပါ”
ရွှီရှောင်ရှို့ အနည်းငယ် ဆွံ့အမှင်တက်သွားခဲ့ရပြီး ထိုစကားလုံးနှစ်ကြောင်းအတွင်း၌ ကြီးမားလှသည့် အဓိပ္ပာယ်များစွာ ပါဝင်နေကြောင်းကို တွေးတောနေခဲ့မိသည်
ထို့နောက် သူ သူ၏ လက်ထဲက ဆေးလုံးပုလင်း နှစ်ပုလင်းကို ငုံ့ကြည့်လိုက်မိ၏
တစ်ပုလင်းမှာ ဝိညာဉ်ကျင့်စဉ်ဆေးလုံး ဖြစ်ပြီး...
အခြားတစ်ပုလင်းမှာမူ ရွှေနီရောင်ဆေးလုံး ဖြစ်ပေသည်
နေဝင်ချိန် မြင်ကွင်း၊ အကြီးအကဲး ချောင်၊ ပြီးတော့ ဆေးလုံးတွေ...
ရွှီရှောင်ရှို့ ခပ်ဖွဖွလေး ပြုံးလိုက်မိရင်း ဤမြင်ကွင်းမှာ တစ်နေရာရာတွင် ကြုံတွေ့ဖူးသလိုမျိုး ခံစားချက်ကို ပေးစွမ်းနေခဲ့သော်လည်း တစ်စုံတစ်ခု လိုအပ်နေသလိုမျိုး ခံစားချက်ကိုလည်း ခံစားလိုက်ရသည်
သူသည် ဝိညာဉ်ကျင့်စဉ်ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်ပြီးနောက် ၎င်း၏ အနံ့ကို အသာအယာ ရှူရှိုက်လိုက်တော့၏
ရှူး...
နေဝင်ချိန် မြင်ကွင်းကြီးမှာ ရုတ်တရက်ဆိုသလို လှုပ်ခါသွားခဲ့ရပြီး သူ၏ အရိပ်ပင်လျှင် တုန်ရင်သွားခဲ့ရတော့သည်