ဖြောင်း... ဖြောင်း... ဖြောင်း...
ပြင်းထန်လှသော လက်ခုပ်သြဘာသံကြီးများ ကွင်းလုံးညံသွားခဲ့ရသည်။
ပွဲကြည့်ပရိသတ်များအားလုံးမှာ သူတို့၏ လေးစားမှုကို ဖော်ပြသည့်အနေဖြင့် မတ်တပ်ရပ်လိုက်ကြပြီးနောက် မည်သူမျှ လက်ခုပ်တီးရန် ဝန်မလေးခဲ့ကြပါချေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဤဗိုလ်လုပွဲကြီး၏ ဆွဲဆောင်မှုအောက်တွင် လုံးဝ စီးမျောသွားခဲ့ကြသောကြောင့် ဖြစ်၏။
ဤဗိုလ်လုပွဲကြီးကို သူတို့ မည်သို့ ဖော်ညွှန်းရပါမည်နည်း...
၎င်းက အစပိုင်းကတည်းက အရှိန်အဟုန်ပြင်းစွာ စတင်ခဲ့ပြီး အဆုံးသတ်တွင်မူ ပေါက်ကွဲအားပြင်းလှသော အချိုးအကွေ့တစ်ခုဖြင့် ပြီးဆုံးသွားခဲ့ရကာ ရွှီရှောင်ရှို့မှာ လူတိုင်း၏ အာရုံစိုက်မှုဗဟိုချက်မ ဖြစ်လာခဲ့ရသည်
ရွှီရှောင်ရှို့သာ ရှိမနေခဲ့လျှင် ဤပြိုင်ပွဲကြီးမှာ ယခုကဲ့သို့ အကြိတ်အနယ်ရှိပြီး အပူချိန်မြင့်မားလှသည့် တိုက်ပွဲတစ်ခုဖြင့် ပြီးဆုံးသွားလိမ့်မည် မဟုတ်ကြောင်းကိုလည်း လူတိုင်းက လက်ခံထားကြပေသည်။
၎င်းက တကယ့်ကို အလွန်အမင်း ထူးခြားပြောင်မြောက်လှသည့် တိုက်ပွဲတစ်ခု ဖြစ်ခဲ့သည်မှာ ငြင်းပယ်၍ မရပါချေ။
ရှောင်ချီရှို့သည် လက်ဝှေ့ယမ်းပြလိုက်ရင်း ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို စေလွှတ်ကာ ရွှီရှောင်ရှို့၏ လက်ထဲကနေ မိုမိုကို လွှဲပြောင်းရယူစေလိုက်သည်။
ကျန်ရှိနေသည့် ဝန်ထမ်းလေးဦးမှာမူ ရွှီရှောင်ရှို့ကို ကြည့်ရင်း အနေရခက်စွာဖြင့် ကြည့်နေခဲ့ကြ၏
“မင်းကော... တစ်စုံတစ်ရာ ကုသမှုခံယူဖို့ လိုအပ်သေးလား”
ရင်းနှီးနေသည့် မျက်နှာလေးခု...
ရွှီရှောင်ရှို့ သဘောကျသွားခဲ့မိသည်
“ရပါတယ်... အဆင်ပြေတယ်!”
သူသည် သူ၏ အပေါ်အင်္ကျီကို ချွတ်လိုက်ပြီးနောက် ချော်ရည်ပူများကြောင့် ကျွမ်းဖတ်တင်နေသည့် အရေပြားအသေများကို ပွတ်သပ်ဖယ်ရှားပစ်လိုက်ရင်း ထိုအဝတ်စုတ်ကို သူတို့ထံသို့ ကမ်းပေးလိုက်၏။
“မင်းတို့လည်း ဒီကို ရောက်နေတာဆိုတော့... ငါ့မှာ မင်းတို့အတွက် ပေးစရာ ကောင်းကောင်းမွန်မွန် ဘာမှမရှိဘူး။ ဒါကိုပဲ အမှတ်တရလက်ဆောင်အဖြစ် ယူထားလိုက်ကြတော့!”
“ကျိန်ဆဲခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၄ မှတ်။”
ထိုဝန်ထမ်းလေးဦးမှာ ချက်ချင်းပင် လှည့်ထွက်သွားခဲ့ကြတော့သည်။ ယခုအကြိမ်တွင်မူ သူတို့သည် သူ၏ အခြေအနေကို စစ်ဆေးရန်ပင် စိတ်မဝင်စားကြတော့ပါချေ။
သူက တကယ့်ကို မိစ္ဆာကောင်တစ်ကောင်ပဲ။ ထိုမျှလောက် ပြင်းထန်လှသော ချော်ရည်ပူများက သူ့ကို ဘာလို့ ပြာကျသွားအောင် မလောင်ကျွမ်းနိုင်ရတာလဲ။ တကယ့်ကို နှမြောစရာကောင်းလှပေသည်။
လွန်ခဲ့သည့် တိုက်ပွဲအတွင်း၌ ဤလူလေးဦးမှာ ချော်ရည်ပူများ ထွက်ပေါ်လာသည်ကို မြင်တွေ့ရသည့် အချိန်တွင်မူ အနည်းငယ်မျှပင် စိုးရိမ်ပူပန်ခြင်း မရှိခဲ့ကြသည့် လူများ ဖြစ်ကြ၏။ ပွဲကြည့်ပရိသတ်များက ရွှီရှောင်ရှို့အတွက် စိုးရိမ်ပူပန်နေကြသည်ကို မြင်တွေ့ရသည့် အခါတွင်မူ... သူတို့အားလုံးက ပရိသတ်များအနေဖြင့် ရွှီရှောင်ရှို့အကြောင်းကို ဘာမှမသိကြသေးကြောင်း တွေးတောခဲ့ကြမိသည်။ တကယ်လို့သာ သူတို့ကိုယ်တိုင်လည်း လွန်ခဲ့သည့်အကြိမ်က သူ၏ ခန္ဓာကိုယ်ကို စစ်ဆေးမကြည့်ခဲ့ဖူးဘူးဆိုလျှင်မူ ယခုအခြေအနေတွင် ရွှီရှောင်ရှို့ တကယ့်ကို အန္တရာယ်ရှိနေပြီဟု ထင်မှတ်မိကြပေလိမ့်မည်
ရှောင်ချီရှို့သည် လူအုပ်ကြီးကို လက်ခုပ်တီးခြင်းအား ရပ်တန့်ရန် အချက်ပြလိုက်ပြီးနောက် ပြုံးလျက် လှမ်း၍ ပြောဆိုလိုက်၏။ “ပထမဆုံးအနေနဲ့... လေမုန်တိုင်းပြိုင်ပွဲ မှာ အနိုင်ရရှိခဲ့တဲ့ ရွှီရှောင်ရှို့ကို ဂုဏ်ပြုလိုပါတယ်။ အမှန်အတိုင်း ပြောရရင်... ဒါက ငါ့ရဲ့ မျှော်လင့်ချက်တွေထက်ကို ကျော်လွန်နေခဲ့တာပါ!”
ပွဲကြည့်ပရိသတ်များအားလုံးသည်လည်း ထပ်တူပင် တွေးတောမိခဲ့ကြသဖြင့် ပြိုင်တူ ပြုံးလိုက်ကြမိသည်
ရွှီရှောင်ရှို့တစ်ယောက်သာ စိတ်ထဲကနေ ထိုအလယ်အလတ်အရွယ် လူကြီးကို ကျိန်ဆဲနေခဲ့မိခြင်း ဖြစ်ပြီး သူ၏ မျက်နှာမှာ မည်းမှောင်နေခဲ့၏။
‘ဒါဆိုရင် မင်းက ငါ့ကို မနိုင်နိုင်ဘူးလို့ ထင်နေခဲ့တာပေါ့လေ... ဟုတ်လား’ သူ စိတ်ထဲကနေ တွေးလိုက်မိသည်။
ရှောင်ချီရှို့ကမူ သူ့ကို ဂရုမစိုက်ဘဲ ဆက်လက်၍ ပြောဆိုလိုက်ပြန်၏
“သူက ပြဿနာတွေ အမြဲတမ်း လျှောက်ရှာနေတတ်တဲ့အတွက် အုပ်စုအဆင့်ပွဲစဉ်တွေကတည်းက သူ့ကို ငါ သတိပြုမိခဲ့တာ။ အဲဒီနောက်ပိုင်း ပွဲစဉ်တွေမှာလည်း သူက ပိုပြီးတော့ ကြီးမားတဲ့ ပြဿနာတွေကို ဖန်တီးခဲ့ပြန်တယ်။ ခြေစစ်ပွဲစဉ်အတွင်းမှာဆိုရင်...”
“ဟား... ဟား...”
“ငါ သူ့ကို လျစ်လျူရှုထားလို့ မရတော့ဘူး။ ဒီကောင်က ငါ့ကို ဒေါသထွက်အောင် တကယ့်ကို လုပ်နိုင်လွန်းတယ်!”
ပွဲကြည့်ပရိသတ်များမှာ အုန်းအုန်းကျွက်ကျွက် ရယ်မောလိုက်ကြသော်လည်း ရွှီရှောင်ရှို့၏ မျက်နှာမှာမူ ပိုမို၍ မည်းမှောင်သွားခဲ့ရပြီ ဖြစ်သည်။
ကလဲ့စားချေတာပဲ!
ဒီအလယ်အလတ်အရွယ် လူကြီးက နောက်ဆုံးတော့ သူ့ကို ပြန်လည်၍ နောက်ပြောင်ကျီစယ်ရန်အတွက် အခွင့်အရေးကို အမိအရ ဖမ်းဆုပ်လိုက်နိုင်ခဲ့ပြီ ဖြစ်ရပေမည်။
ရှောင်ချီရှို့က ဆက်လက်၍ ပြောဆိုလိုက်ပြန်၏
“ဒါပေမဲ့... ရွှီရှောင်ရှို့က တကယ့်ကို ထူးခြားလှတဲ့ မြင်းမည်းတစ်ကောင် ဖြစ်တယ်ဆိုတာ ငြင်းပယ်လို့ မရပါဘူး!”
“လူတိုင်းက ကိုယ့်ဘဝရဲ့ တစ်နေရာရာမှာ အချိုးအကွေ့တစ်ခုခုနဲ့ ကြုံတွေ့ရတတ်စမြဲပါပဲ။ ၎င်းက အခက်အခဲတစ်ခု ဖြစ်စေ... အခွင့်အရေးတစ်ခု ဖြစ်စေ... ကိုယ့်ရဲ့ အကန့်အသတ်တွေကို ကျော်လွှားနိုင်မလားဆိုတာကတော့ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုအပေါ်မှာပဲ မူတည်နေပါတယ်”
သူက ရွှီရှောင်ရှို့ကို လှည့်ပတ်၍ ချီးကျူးစကား ပြောဆိုနေခဲ့ခြင်း ဖြစ်သဖြင့် ရွှီရှောင်ရှို့ ရှက်ကိုးရှက်ကန်းဖြင့် သူ၏ ခေါင်းကို ကုတ်လိုက်မိ၏။
‘ကြိုးစားအားထုတ်မှု ဟုတ်လား...’
‘ကဲ... ဒါကလည်း အဆင်ပြေပါတယ်။’
‘ဒါပေမဲ့ မင်းရဲ့ ဒီလိုမျိုး အားပေးစကားတွေ ကြားရပြီးနောက်မှာတော့... ငါ အလိုအလျောက်ရမှတ်တွေ ပိုပြီး ရရှိအောင် ပိုပြီးတော့ ကြိုးစားရတော့မှာပေါ့’
ရှောင်ချီရှို့အနေဖြင့်မူ သူ၏ စကားလုံးများကို တစ်စုံတစ်ယောက်က ကလန်ကဆန် တွေးတောနေခဲ့မှန်း မသိရှိပါချေ။ သူသည် နောက်ထပ် ချီးကျူးစကား အချို့ကို ပြောကြားပြီးနောက်တွင်မူ တိုက်ပွဲအပြီး သုံးသပ်ချက်ကို နောက်ဆုံး၌ အဆုံးသတ်လိုက်တော့သည်။
“နောက်ထပ် ပြိုင်ပွဲဝင်တွေထဲမှာလည်း ငါ့ကို ‘အထင်ကြီးအောင်’ လုပ်နိုင်မယ့် လူတွေ ရှိနေဦးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
“ကဲ... အခု ဆုချီးမြှင့်ခြင်း အခမ်းအနားကို စတင်လိုက်ကြရအောင်!”
သူသည် အစီအရင်အမိန့်ကို အသက်သွင်းလိုက်သည့် အခါတွင်မူ ပြိုင်ပွဲစင်မြင့်ထက်တွင် စင်မြင့်တစ်ခု ထွက်ပေါ်လာခဲ့ပြီး ၎င်းတွင် ဆုရရှိသူ ဆယ်ဦးအတွက် နေရာသာ ပါရှိပေသည်။
ဝန်ထမ်းများက ထိပ်ဆုံး ဆယ်ဦးစာရင်းဝင် ပြိုင်ပွဲဝင်များကို ထိုစင်မြင့်ထက်သို့ လမ်းညွှန်ခေါ်ဆောင်သွားခဲ့ကြ၏။ ခြေစစ်ပွဲစဉ်အတွင်း ပါဝင်ခဲ့ကြသည့် အခြားသော လူများကိုလည်း ဆုများ ချီးမြှင့်မည် ဖြစ်သော်လည်း သူတို့အနေဖြင့် ဤကဲ့သို့သော ဂုဏ်ယူစရာကောင်းလှသည့် အခိုက်အတန့်တွင် စင်မြင့်ထက်သို့ တက်ရောက်ခွင့် ရရှိကြမည် မဟုတ်ပါချေ
ရွှီရှောင်ရှို့ လှမ်း၍ ကြည့်လိုက်သည့် အခါတွင်မူ
ဟွတ်... ဟွတ်... ရင်းနှီးနေသည့် မိတ်ဆွေဟောင်းများကို မြင်တွေ့လိုက်ရသည်။
ကျောက်ချီထန်၊ မုဇီရှီး၊ မိုမို...
ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများမှာ တကယ့်ကို အစွမ်းထက်ကြသည်မှာ သေချာပေသည်။ အဘယ်ကြောင့်ဆိုသော် မိုမိုသည် လက်ရှိအချိန်တွင် သတိပြန်လည်ရရှိနေခဲ့ပြီဖြစ်ပြီး သူမဘာသာ လမ်းလျှောက်နိုင်နေခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်၏။
ရွှီရှောင်ရှို့သည် ထိုလူများ သူ၏ ဘေးကနေ ဖြတ်သန်းသွားကြစဉ် ခပ်တိုးတိုး ရယ်မောလိုက်မိရင်း သူတို့ကို စိတ်အားထက်သန်စွာဖြင့် လက်ဝှေ့ယမ်း၍ နှုတ်ဆက်လိုက်မိသည်
သို့သော်လည်း သူ အချက်အလက်ဘားကို လှမ်း၍ ကြည့်လိုက်မိသည့် အခါတွင်မူ ထိတ်လန့်တုန်လှုပ်သွားခဲ့ရ၏။
ကျောက်ချီထန်က သူ၏ အရှေ့ကနေ ဖြတ်သန်းသွားရင်း မည်သည့် စိတ်ခံစားချက်မျှ မရှိဘဲ ပြောဆိုလိုက်သည်
“ဂုဏ်ပြုပါတယ်!”
“ကျိန်ဆဲခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၁ မှတ်။”
မုဇီရှီးကမူ သူမ၏ ဆံပင်မြီးကောက်နှစ်ဖက်ကို ဆော့ကစားရင်း ဖြတ်သန်းသွားခဲ့ကာ မျက်နှာလွှဲလိုက်ပြီးနောက် သူမ၏ နှာခေါင်းကို ရှုံ့ပြလိုက်၏။
“မုန်းတီးခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၁ မှတ်။”
မိုမိုကမူ သူ့ကို လုံးဝ လှည့်ပင် မကြည့်ဘဲ လျှောက်လှမ်းသွားခဲ့သည်။
“လျစ်လျူရှုခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၁ မှတ်။”
ရွှီရှောင်ရှို့ - ???
‘ဟေး!’
‘ငါက မင်းတို့ကို ဓားနဲ့ အနည်းငယ်ပဲ ထိုးပြီးတော့ သတိလစ်သွားအောင်ပဲ လုပ်ခဲ့တာလေ!’
‘မင်းတို့က ဘာလို့ ဒီလောက်တောင် စိတ်သဘောထား သေးသိမ်ကြရတာလဲ။’
‘မင်းတို့က ငါ့အပေါ် တကယ်ပဲ ရန်ငြိုးဖွဲ့ထားကြတာလား။’
လူတိုင်း ထိုကဲ့သို့ ပြုမူနေကြသဖြင့် ရွှီရှောင်ရှို့အနေဖြင့်လည်း မည်သူ့ကိုမျှ လက်ဝှေ့ယမ်း၍ နှုတ်ဆက်ခြင်း မပြုတော့ပါချေ။
စိတ်သဘောထား သေးသိမ်ပြီး အမြင်ကျဉ်းမြောင်းလွန်းလှတဲ့ လူတွေပဲ!
ဝန်ထမ်းများက လူတိုင်းကို ကမ္ဘာမြေဝိညာဉ်လက်စွပ် တစ်ကွင်းစီ ထပ်မံ၍ ပေးအပ်ခဲ့ကြရာ ၎င်းကို ရွှီရှောင်ရှို့ တကယ့်ကို သဘောကျသွားခဲ့မိသည်။ ဒါက သူ၏ ဒုတိယမြောက် လက်စွပ် ဖြစ်ပေသည်
“ငါ အခြားဆုတွေကို တစ်ခုချင်းစီ လိုက်ပြီး မပြောတော့ဘူး။ မင်းတို့ဘာသာပဲ ကြည့်ရှုလိုက်ကြတော့”
ရှောင်ချီရှို့ ထိုသို့ ပြောဆိုပြီးနောက်တွင်မူ ပွဲကြည့်ပရိသတ်များဘက်သို့ လှည့်လိုက်ရင်း သူ၏ အသံကို မြှင့်တင်လိုက်တော့၏။ “လေမုန်တိုင်းပြိုင်ပွဲစာရင်းရဲ့ ထိပ်ဆုံးဆယ်ဦးကတော့ ဝိညာဉ်စာကြည့်တိုက်ဌာနခွဲ ထဲကို ဝင်ရောက်ပြီး သူတို့ရဲ့ ဝိညာဉ်သိုင်းပညာကို ရွေးချယ်ခွင့် ရရှိကြမှာ ဖြစ်ပါတယ်”
“ထိပ်ဆုံး သုံးဦးကတော့ မွေးရာပါအဆင့်ဆေးလုံး တစ်လုံးစီ ဆုချီးမြှင့်ခြင်း ခံရမှာ ဖြစ်ပါတယ်။ တကယ်လို့ မင်းတို့အနေနဲ့ အဲဒီဆေးလုံးကို မလိုအပ်ဘူးဆိုရင်တော့ တန်ဖိုးတူညီတဲ့ အခြားဆေးလုံးတွေနဲ့ လဲလှယ်နိုင်ပါတယ်!”
ပွဲကြည့်ပရိသတ်များမှာ ထိုဆုလာဘ်များကြောင့် အံ့အားသင့်သွားခဲ့ကြရပြီး အားကျသည့် အကြည့်များဖြင့် ကြည့်ရှုနေခဲ့ကြမိသည်။
ဝိညာဉ်စာကြည့်တိုက်ဌာနခွဲမှာ တစ်ခုလုံးသော ထျန်းစန်းဝိညာဉ်နန်းတော် အတွင်းရှိ အရေးအကြီးဆုံးသော နေရာများထဲက တစ်ခု ဖြစ်ပေသည်။ ၎င်းတွင် အခြေခံအဆင့်၊ မွေးရာပါအဆင့်နှင့် ဆရာသခင်အဆင့် အထိ ရှိသော မရေမတွက်နိုင်သည့် ဝိညာဉ်သိုင်းပညာရပ်များ ရှိနေခဲ့တာလေ
မွေးရာပါအဆင့်ဆေးလုံးကမူ အဆင့် (၈) ရှိသော ဆေးလုံးတစ်လုံးဖြစ်ပြီး မွေးရာပါအဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို (၃၀) ရာခိုင်နှုန်းခန့်အထိ မြှင့်တင်ပေးနိုင်စွမ်း ရှိပေသည်။ ဒါက လူတိုင်း တကယ့်ကို အလိုချင်ဆုံး ဖြစ်နေခဲ့ကြသည့် အိပ်မက်ဆေးလုံးတစ်လုံး ဖြစ်၏။
ဟုတ်ပေသည်... ယခုနှစ်၏ ထိပ်ဆုံးသုံးဦးမှာ အနည်းငယ် ထူးဆန်းနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ချန်ပီယံဖြစ်သည့် ရွှီရှောင်ရှို့တစ်ဦးတည်းသာလျှင် ဤဆေးလုံးကို အသုံးပြုနိုင်မည့် အနေအထား ရှိသောကြောင့် ဖြစ်၏...
ကျန်ရှိသည့် နှစ်ဦးစလုံးမှာ မွေးရာပါအဆင့်သို့ ရောက်ရှိနေခဲ့ကြပြီ ဖြစ်တာလေ။
ရှောင်ချီရှို့ကိုယ်တိုင်လည်း အနည်းငယ် ခေါင်းခဲသွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ယခုနှစ် ပြိုင်ပွဲဝင်များ၏ အရည်အသွေးမှာ ပုံမှန်ထက် ပိုမိုမြင့်မားနေခဲ့ပြီး ပုံမှန်အားဖြင့် တကယ့်ကို ရေပန်းစားလှသည့် မွေးရာပါအဆင့်ဆေးလုံးမှာ ယခုနှစ်တွင်မူ သူတို့အတွက် အနည်းငယ် အရာမဝင်သလို ဖြစ်နေခဲ့ရသောကြောင့် ဖြစ်၏
ဟုတ်ပါသည်... ထိုဆေးလုံးကို တန်ဖိုးတူညီသည့် အခြားဆေးလုံးများနှင့် လဲလှယ်နိုင်ခြင်းမှာ တကယ့်ကို လိုက်လျောညီထွေရှိလှသော ရွေးချယ်မှုတစ်ခု ဖြစ်ပေသည်။
ရွှီရှောင်ရှို့ တကယ့်ကို စိတ်လှုပ်ရှားသွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ထိုမိစ္ဆာကောင်များကဲ့သို့ မြင့်မားခြင်း မရှိသေးသောကြောင့် ဖြစ်၏
ဤဆုလာဘ်များမှာ သူ့အတွက် တကယ့်ကို အချိန်ကိုက်ပင် ဖြစ်ရပေမည်။ မွေးရာပါအဆင့်ဆေးလုံးက သူ့အတွက် အသုံးဝင်သလို၊ ဝိညာဉ်စာကြည့်တိုက်ဌာနခွဲထဲသို့ ဝင်ရောက်ပြီး ဝိညာဉ်သိုင်းပညာတစ်ခု ရွေးချယ်ခွင့် ရရှိခြင်းမှာလည်း ထပ်တူပင် အသုံးဝင်လှပေသည်။
သူ ဝိညာဉ်နန်းတော်သို့ ရောက်ရှိခဲ့သည်မှာ သုံးနှစ်ခန့် ရှိပြီဖြစ်သော်လည်း ထိုနေရာသို့ ဝင်ရောက်ပြီး ‘မိုးတိမ်ဖြူဓားသိုင်း’ ကို ရရှိခဲ့သည့် တစ်ကြိမ်တည်းသာ အခွင့်အရေး ရရှိခဲ့ဖူးကြောင်း ဘုရားသခင်က သိပေသည်။ ထိုအချိန်ကတည်းက စတင်ကာ သူ ထိုနေရာသို့ ဝင်ရောက်ခွင့် ထပ်မံမရရှိခဲ့ပါချေ
ထိုအကြောင်းကို တွေးတောမိသည့် အခါတွင်မူ ရွှီရှောင်ရှို့ အနည်းငယ် စိတ်မကောင်း ဖြစ်သွားခဲ့ရသည်။
အခြားသော ပြိုင်ပွဲဝင်များကိုသာ ကြည့်လိုက်ပါဦး။ သူတို့အားလုံးထံတွင် အသုံးပြုရန်အတွက် ကြီးမားလှသော ဝိညာဉ်သိုင်းပညာ သိုလှောင်မှုများ ရှိကြတာလေ။ မိုမိုကိုသာ ကြည့်လိုက်ပါဦး... သူမ၏ ဝိညာဉ်သိုင်းပညာအဆင့်မှာ မွေးရာပါအဆင့်ထက်ပင် ပိုမိုမြင့်မားနိုင်ပေသည်။
သူ့လို ဆင်းရဲနွမ်းပါးတဲ့ အခြေခံလူတန်းစားတစ်ယောက်ကတော့... အဆင့်အတန်းမရှိတဲ့ ကိုယ်တိုင်တီထွင်ထားတဲ့ ကျင့်စဉ်တွေကိုပဲ အားကိုးနေခဲ့ရတာလေ
ဟင်...
ဒါပေမဲ့ သူကပဲ နောက်ဆုံးမှာ အနိုင်ရရှိခဲ့တာ မဟုတ်ဘူးလား။
“ဟီးဟီး!” ထိုအကြောင်းကို တွေးတောမိသည့် အခါတွင်မူ ရွှီရှောင်ရှို့ ခပ်တိုးတိုး ရယ်မောလိုက်မိရင်း မိမိကိုယ်မိမိ ဂုဏ်ယူဝင့်ကြွားနေခဲ့မိတော့သည်။
ပြိုင်ပွဲစင်မြင့်ထက်တွင် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပနေသည်ကို ကြည့်ရှုရင်း ပွဲကြည့်ပရိသတ်များမှာတော့ စိတ်ခံစားချက် အမျိုးမျိုး ဖြစ်ပေါ်နေခဲ့ကြရ၏။
နောက်ဆုံးတွင်မူ... ရှောင်ချီရှို့ ပြုံးလိုက်မိရင်း လှမ်း၍ ပြောဆိုလိုက်တော့သည်
“အလွန်ကောင်းပါတယ်။ နောက်ဆုံးတော့ ငါတို့တွေ နောက်ဆုံးအပိုင်းကဏ္ဍဆီကို ရောက်ရှိလာခဲ့ကြပြီ ဖြစ်ပါတယ်”
“အတွင်းစည်း ဝင်ပေါက် ဖွင့်လှစ်ခြင်းပဲ ဖြစ်ပါတယ်!”
သူ ထိုသို့ ပြောဆိုလိုက်သည့် အခါတွင်မူ လူအများက စိတ်အားထက်သန်စွာဖြင့် အုန်းအုန်းကျွက်ကျွက် ဆွေးနွေးလိုက်ကြတော့၏။
“နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ! ငါ ဒီအခိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့တာ။ ယခုနှစ်မှာ ဘယ်နှစ်ယောက်တောင် အတွင်းစည်းထဲကို ဝင်ရောက်ခွင့် ရရှိမလဲဆိုတာ သိချင်မိတယ်!”
“ငါ မှတ်မိသလောက်ဆိုရင်တော့... မနှစ်တုန်းက စူးချန်ချန် တစ်ယောက်တည်းပဲ ဝင်ရောက်ခွင့် ရရှိခဲ့တာလေ။ ထိုမတိုင်ခင် နှစ်တွေတုန်းကလည်း ဝင်ရောက်ခွင့်ရတဲ့လူ အတော်လေး ရှားပါးခဲ့တယ်လို့ ထင်တယ်”
“ဟုတ်တယ်... အတွင်းစည်းထဲ ဝင်ရောက်ခွင့် ရရှိဖို့အတွက် သတ်မှတ်ချက်က အလွန်မြင့်မားလွန်းလှတယ်။ ဒါပေမဲ့ အဲဒီက ကျောင်းသားတွေရဲ့ အရည်အသွေးကတော့ တကယ့်ကို ထိပ်တန်းတွေချည်းပဲ”
“ဟုတ်ပါ့... လက်ရှိ အတွင်းစည်းထဲမှာ ရှိနေတဲ့ ကျောင်းသား (၃၃) ယောက်နဲ့ အခြားလူတွေကို ပေါင်းလိုက်ရင်တောင် လူတစ်ရာပြည့်ဖို့ တကယ့်ကို ခက်ခဲလွန်းလှတယ်...”
“ဟုတ်တယ်!”
ရှောင်ချီရှို့သည် သူ၏ အိတ်ကပ်အတွင်းကနေ စက္ကူတစ်ရွက်ကို ထုတ်ယူလိုက်ပြီးနောက် ဖတ်ကြားလိုက်တော့၏
“ပထမဆုံး အတွင်းစည်းဝင်ပေါက် ရရှိသူကတော့... ကျိုးထျန်းစန်း ဖြစ်ပါတယ်!”
ပွဲကြည့်ပရိသတ်များကြားတွင် ထိုင်နေသည့် ကျိုးထျန်းစန်းတစ်ယောက် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ရသဖြင့် မတ်တပ်ရပ်လိုက်မိရင်း မိမိကိုယ်မိမိ ပြန်လည်၍ လက်ညှိုးထိုးပြလိုက်မိတော့သည်။
“ကျွန်တော်လား...”
“ခင်ဗျား... မှားယွင်းပြီး ဖတ်မိနေတာ မဟုတ်ဘူးမလား။”