မိုမိုတစ်ယောက် တဆက်ဆက်တုန်ရင်လျက် "အုခ်" ဟု ညည်းတွားရင်း ခန္ဓာကိုယ်တစ်ခုလုံး မရပ်မနား လှုပ်ခါနေသည့် ပုံစံမှာ တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။
သို့သော်လည်း တစ်ပြိုင်နက်တည်းမှာပင် သူမ၏ ပုံစံမှာ တကယ့်ကို ရယ်စရာလည်း ကောင်းနေခဲ့၏။
ရွှီရှောင်ရှို့သည် မိမိကိုယ်မိမိ စိတ်ခံစားချက်ကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်သည့်အပြင် ပုံမှန်အားဖြင့် အကြောင်းမဲ့ အော်ဟစ်ရယ်မောတတ်သူ မဟုတ်ဟု ယုံကြည်ထားသော်လည်း... ယခုအခြေအနေတွင်မူ သူ ဘယ်လိုမှ အောင့်အည်းသည်းခံနိုင်ခြင်း မရှိတော့ပါချေ
ပွဲကြည့်ပရိသတ်များအတွက်လည်း ထိုနည်းတူပင်။ အစပိုင်းတွင်မူ သူမသည် ပြင်ပဝန်းကျင်၏ စီနီယာအစ်မကြီးဖြစ်ရုံမျှမက ဂုဏ်ထူးဆောင်စာရင်း၏ ထိပ်ဆုံးတွင် ရှိနေသူဖြစ်သဖြင့် မည်သူမျှ မရယ်ရဲကြပါချေ။
သို့သော်လည်း ရွှီရှောင်ရှို့တစ်ယောက် စတင်၍ အော်ဟစ်ရယ်မောလိုက်ပြီးနောက်တွင်မူ ၎င်းက ကွင်းတစ်ခုလုံးကို ကူးစက်သွားစေခဲ့တော့သည်။
လူတိုင်း၏ မျက်နှာပေါ်က ထိတ်လန့်တုန်လှုပ်မှုများ ကွယ်ပျောက်သွားခဲ့ရပြီး တဖြည်းဖြည်းနှင့် အုန်းအုန်းကျွက်ကျွက် ရယ်မောသံများ ထွက်ပေါ်လာခဲ့တော့၏။
“ဘုရားရေ... ရွှီရှောင်ရှို့ကို ငါ တကယ့်ကို လေးစားသွားပြီ။ သူက တကယ့်ကို အဆိပ်အတောက်ပဲဗျာ။ ဟားဟားဟား!”
“ငါတော့ ဆက်ပြီး အောင့်မထားနိုင်တော့ဘူး။ ရယ်ရလွန်းလို့ သေတော့မယ်။ စီနီယာအစ်မ မိုမိုရဲ့ အခြားတစ်ဖက်ကို မြင်တွေ့လိုက်ရတာပဲ။ သူမက တကယ့်ကို ချစ်ဖို့ကောင်းတာပဲ!”
“ဟားဟား... ငါ တကယ် မအောင့်နိုင်တော့ဘူး။ တောင်းပန်ပါတယ်။ ငါ အရင်ရယ်ပါရစေဦး၊ ဟားဟားဟား...”
“ဟီးဟီးဟားဟား... ဟားဟားဟီးဟီး!!”
ဤကဲ့သို့သော ထူးဆန်းလှသည့် ရယ်မောသံများမှာ ပြိုင်ပွဲကွင်းတစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွားခဲ့ရသဖြင့် လူတိုင်း ဆွံ့အမှင်တက်သွားခဲ့ရတော့၏
“ဘာကြီးလဲဟ။ ဘယ်သူက အဲဒီလိုမျိုး ရယ်တာလဲ။ တကယ့်ကို ထူးဆန်းလွန်းတယ်။”
“ပါးစပ်ပိတ်ထားစမ်း။ မင်းအနောက်ကို လှည့်ကြည့်လိုက်ဦး။”
ထိုလူ နောက်သို့ လှည့်ကြည့်လိုက်သည့် အခါတွင်မူ... သက်ကြီးဝါရီ ချောင်၏ မည်သည့် စိတ်ခံစားချက်မျှမရှိဘဲ တည်တင်းနေသည့် မျက်နှာကို မြင်တွေ့လိုက်ရသဖြင့် ကြောက်လန့်တုန်လှုပ်ပြီး ဘောင်းဘီထဲ ဆီးထွက်မတတ် ဖြစ်သွားခဲ့ရသည်။
ဘုရားရေ... သူတော့ သွားပြီ။
သို့သော်လည်း သူ အံ့သြသွားခဲ့ရသည်မှာ သက်ကြီးဝါရီ ချောင်က ပြိုင်ပွဲစင်မြင့်ထက်သို့ လက်ညှိုးထိုးပြလိုက်ရင်း အော်ဟစ်လိုက်ခြင်း ဖြစ်ပေသည်
“သူ အဲဒီလို ထပ်လုပ်ပြန်ပြီ! ရွှီရှောင်ရှို့က တကယ့် အရူးတစ်ယောက်ပဲ မဟုတ်လား!”
“ဟီးဟီးဟားဟား... ဟားဟားဟီးဟီး!!”
“ဟား!”
“ဟားဟားဟား!”
မည်သူမျှ သူတို့၏ ရယ်မောသံများကို ထိန်းချုပ်နိုင်ခြင်း မရှိကြတော့ပါချေ။ လူအများစုမှာ ပြိုင်ပွဲစင်မြင့်ထက်က အခြေအနေကြောင့် ရယ်မောနေကြခြင်း ဖြစ်သော်လည်း ကျန်ရှိသည့် လူများကမူ သက်ကြီးဝါရီ ချောင်၏ ပုံစံကြောင့် ရယ်မောနေကြခြင်း ဖြစ်၏။ ၎င်းက ပုံမှန်အားဖြင့် သက်ကြီးဝါရီ ချောင်အား မည်သူမျှ မပြက်ရယ်ပြုဝံ့ကြသဖြင့် တကယ့်ကို ရှားပါးလှသော အခွင့်အရေးတစ်ခု ဖြစ်ပေသည်။
အချက်အလက်ဘားထက်တွင်မူ အလိုအလျောက်ရမှတ် အသစ်များ ဆက်တိုက် ထွက်ပေါ်လာခဲ့ပြန်သည်။ အများစုမှာ သူ့ကို လေးစားအားကျစွာဖြင့် ပြက်ရယ်ပြုကြခြင်း ဖြစ်သော်လည်း အချို့မှာမူ သူ့ကို မနှစ်မြို့ခြင်းနှင့် ကျိန်ဆဲခြင်းများ ဖြစ်ကြ၏။
ရွှီရှောင်ရှို့ စိတ်ထဲကနေ သဘောကျသွားခဲ့မိသည်။ ဒါက အကာအကွယ်အတားအဆီး မရှိခြင်းရဲ့ အကျိုးကျေးဇူးပဲ ဖြစ်ရပေမည်။ သူသည် အချက်အလက်ဘားထက်က အပြောင်းအလဲများကို အချိန်နဲ့တပြေးညီ မြင်တွေ့နေရသဖြင့် တကယ့်ကို စိတ်ကျေနပ်စရာ ကောင်းလှပေသည်
ပြိုင်ပွဲစင်မြင့်၏ အခြားတစ်ဖက်တွင်မူ...
မိုမိုသည် သူမ၏ စွမ်းအားများကို ချန်ထားရန် အစီအစဉ်ရှိခဲ့သော်လည်း ရွှီရှောင်ရှို့၏ အရှက်ခွဲလှသော ထိုလှည့်ကွက်ကြောင့် ယခုအခါတွင်မူ သူမ၏ ညာဘက်လက်မောင်းကို အသုံးပြုရန်အတွက် တကယ့်ကို ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်၏။
သူမသည် သူမ၏ ခန္ဓာကိုယ်အတွင်းက ထူးဆန်းလှသော ခံစားချက်ကို အတင်းအဓမ္မ အောင့်အည်းသည်းခံလိုက်ရင်း... ရှုပ်ထွေးလှသည့် လက်နှိပ်ကွက်များကို အနည်းငယ် အနှောင့်အယှက်ဖြစ်လျက်နှင့်ပင် ဆက်လက်၍ ဆက်တိုက် ပုံဖော်လိုက်တော့သည်။
‘ဘာကြီးလဲ... ဒါက တကယ်ပဲ လုပ်လို့ရတာလား။’
ရွှီရှောင်ရှို့ အလစ်အငိုက် မိသွားခဲ့ရပြီး မိမိအနေဖြင့် ဆက်လက်၍ နောက်ပြောင်နေလို့ မဖြစ်တော့ကြောင်း သတိပြုမိလိုက်သည်။ တကယ်လို့ သူသာ သူမကို အလေးအနက် မတိုက်ခိုက်ဘူးဆိုလျှင်မူ သူမက သူ့ကို လက်ရှိနေရာမှာတင် သေချာပေါက် သတ်ပစ်ပေလိမ့်မည်
“ပြောင်းပြန်ဓားအညှို့သိုင်း!”
“အုခ်!” မိုမို အတင်းအဓမ္မ အောင့်အည်းသည်းခံလိုက်ရင်း ရွှီရှောင်ရှို့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သော်လည်း သူမ၏ လက်များကမူ လက်နှိပ်ကွက်များ ပုံဖော်ခြင်းကို ရပ်တန့်ခြင်း မရှိပါချေ။
သို့သော်လည်း ယခုအကြိမ်တွင်မူ ရွှီရှောင်ရှို့သည်လည်း ရပ်တန့်သွားခဲ့ခြင်း မရှိပါချေ။
ထိုနက်မှောင်လှသော ဓားကြီးမှာ လျှင်မြန်စွာ ပျံသန်းလာခဲ့ပြီး ၎င်းက သူ၏ ရင်ဘတ်ကို မဖောက်ထွက်ခင်မှာတင်... ရွှီရှောင်ရှို့သည် စိတ်အာရုံကို အသုံးပြုလိုက်ရင်း ၎င်းကို သူ၏ ကမ္ဘာမြေဝိညာဉ်လက်စွပ်အတွင်းသို့ ထည့်သွင်းလိုက်တော့သည်။
ရွှီရှောင်ရှို့ မိမိ၏ လည်ပင်းတွင် ဆွဲထားသည့် လက်စွပ်ကို အသုံးပြုရန် တွေးတောမိခဲ့သည့်အတွက် မိမိကိုယ်မိမိ တကယ့် ပါရမီရှင်တစ်ယောက်ဟု တွေးတောလိုက်မိ၏။
သူ့ကို ပြန်လည်၍ တိုက်ခိုက်ရန် ကြိုးစားနေသည့် နာကျင်မှုပုန်းကွယ်ခြင်းဓားကို ဖယ်ရှားပစ်လိုက်ပြီးနောက်တွင်မူ ယခုအခါ၌ သူသည် သူ၏ စွမ်းအားအပြည့်အဝကို နောက်ဆုံးတွင် ထုတ်ဖော်ပြသနိုင်ခဲ့ပြီ ဖြစ်သည်
“မွေးရာပါအဆင့် ဓားစိတ်ဆန္ဒ... အပြည့်အဝ နိုးထစမ်း!”
မိုမို၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ရပြီး သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ဓားအော်ရာများအပေါ် ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားကြောင်း ခံစားလိုက်ရတော့သည်။
ဒါဆိုရင် ရွှီရှောင်ရှို့က သူ၏ စွမ်းအားအားလုံးကို အသုံးမပြုရသေးဘူးပေါ့လေ။
“အုခ်!”
သူမ နောက်ဆုံးတွင် တောင့်မခံနိုင်တော့ဘဲ သွေးတစ်လုပ် အန်ထုတ်လိုက်ရတော့၏။
သူမ သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်နှင့်အမျှ သူမသည် ချိပ်ပိတ်ခြင်းကို ဆက်လက်၍ ဖိနှိပ်ထားနိုင်ခြင်း မရှိတော့ပါချေ။ ထို့ကြောင့် သူမ၏ ခန္ဓာကိုယ်အတွင်းကနေ ကောင်းကင်ယံထက်သို့ ထိုးတက်သွားမည့် ပြင်းထန်လှသော ဓားစိတ်ဆန္ဒတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။
ပြိုင်ပွဲစင်မြင့်၏ အစွန်းနားတွင် ရပ်နေသည့် ရှောင်ချီရှို့တစ်ယောက် ဆွံ့အမှင်တက်သွားခဲ့ရ၏။
‘ရွှီရှောင်ရှို့က...’
‘သူက ‘ရှိရှိသမျှသော အရာအားလုံးသည် ဓားဖြစ်သည်’ ဆိုတဲ့ အဆင့်ကို လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကိုတောင် အတင်းအဓမ္မ ထိန်းချုပ်နိုင်တဲ့အထိ ကျင့်ကြံနိုင်ခဲ့တာလား’
‘သူက ဘယ်လိုမျိုး ထူးဆန်းတဲ့ကောင်လဲဗျာ’
အတိအကျ ပြောရလျှင်မူ ရွှီရှောင်ရှို့သည် လူသားတစ်ယောက်ကို ထိန်းချုပ်နေခြင်း မဟုတ်ပါချေ။ သူသည် မိုမို၏ ခန္ဓာကိုယ်အတွင်းရှိ ဓားအော်ရာများကိုသာ ထိန်းချုပ်နေခြင်း ဖြစ်ပေသည်။
၎င်းတို့မှာ မူလကတည်းက သူ၏ စွမ်းအင်များ ဖြစ်ကြပြီး နာကျင်မှုပုန်းကွယ်ခြင်းဓားကဲ့သို့ပင် သူနှင့် နီးကပ်မှု ရှိကြတာလေ။ ထို့ကြောင့် သူက ဘာဖြစ်လို့ ၎င်းတို့ကို ပြန်လည်၍ မခေါ်ယူနိုင်ရပါမည်နည်း။
မိုမိုသည် ဓားအော်ရာများအပေါ် ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားခဲ့ရပြီးနောက်တွင်မူ သူမ၏ ခန္ဓာကိုယ်အတွင်းကနေ ဓားစိတ်ဆန္ဒများ ထွက်ပေါ်လာခဲ့ရုံမျှမကဘဲ ဖြူဖွေးလှသော မွေးရာပါအဆင့် ဓားအလင်းတန်းများပါ ဘေးပတ်ပတ်လည်သို့ ပျံနှံ့သွားခဲ့ရတော့၏။
ရှူး...
သူမ၏ ဦးခေါင်းရှိ အပေါက်ခုနစ်ပေါက်နှင့် ခြေလက်လေးဖက်စလုံးကနေ ကြောက်မက်ဖွယ်ရာ ကောင်းလှသော ဓားအော်ရာများ ယိုစိမ့်ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင်မူ ထက်မြက်လှသော ထိုဓားစိတ်ဆန္ဒများမှာ သူမကို ချက်ချင်း ပြန်လည်၍ တိုက်ခိုက်လိုက်ကြသဖြင့် သူမ၏ ခန္ဓာကိုယ်ကနေ သွေးများ အမြောက်အမြား စီးဆင်းလာခဲ့ရတော့၏။
မိုမို တကယ့်ကို သူ့ကို လျှော့တွက်မိသွားခဲ့ခြင်း ဖြစ်ပေသည်။ သူမသည် ရွှီရှောင်ရှို့၏ ဓားစိတ်ဆန္ဒအပေါ် ထိန်းချုပ်နိုင်စွမ်းမှာ ဤမျှလောက်အထိ အစွမ်းထက်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပါချေ။
ပုံမှန်အားဖြင့်မူ... ‘ရှိရှိသမျှသော အရာအားလုံးသည် ဓားဖြစ်သည်’ ဆိုသည့် အဆင့်သို့ ရောက်ရှိသွားသူများမှာ မွေးရာပါအဆင့် ဓားစိတ်ဆန္ဒကို သေချာပေါက် တတ်မြောက်နိုင်ကြသော်လည်း၊ မွေးရာပါအဆင့် ဓားစိတ်ဆန္ဒ ရှိသည့် လူတိုင်းမှာမူ ‘ရှိရှိသမျှသော အရာအားလုံးသည် ဓားဖြစ်သည်’ ဆိုသည့် အဆင့်သို့ ရောက်ရှိရန်အတွက် အာမခံချက် မရှိပါချေ
ဒါက ဝိညာဉ်သိုင်းပညာတစ်ခု မဟုတ်ဘဲ စိတ်အာရုံ၏ အစစ်အမှန် နားလည်သဘောပေါက်မှုတစ်ခု ဖြစ်ပေသည်။ ထိုအဆင့်သို့ ရောက်ရှိရန်မှာ တကယ့်ကို အလွန်အမင်း ခက်ခဲလှ၏။
ရွှီရှောင်ရှို့သည် မွေးရာပါအဆင့် ဓားစိတ်ဆန္ဒကို ရရှိခဲ့စဉ်မှာတင် ‘ရှိရှိသမျှသော အရာအားလုံးသည် ဓားဖြစ်သည်’ ဆိုသည့် အဆင့်ကိုပါ တစ်ပြိုင်နက်တည်း တတ်မြောက်ခဲ့သည့် တစ်ဦးတည်းသော ထူးဆန်းသည့် ကျင့်ကြံသူ ဖြစ်ရပေမည်။
ရှူး...
ကြောက်မက်ဖွယ်ရာ ကောင်းလှသော ဓားအော်ရာများ ယိုစိမ့်ထွက်ပေါ်လာခဲ့သည်နှင့်အမျှ မိုမိုသည် ထိုအရှိန်အဟုန်ကြောင့် ကောင်းကင်ယံထက်သို့ လွင့်ပျံသွားခဲ့ရတော့၏။
လေထုထဲတွင် သူတို့နှစ်ဦးစလုံး၏ အကြည့်များ ဆုံစည်းသွားခဲ့ကြရသည်။ သူတို့ထဲက တစ်ဦးမှာ လေထုထဲတွင် သံကြိုးများဖြင့် ချုပ်နှောင်ခြင်း ခံထားရပြီး... အခြားတစ်ဦးကမူ ရွေ့လျားနေသည့် ဓားအော်ရာ ထုတ်လွှင့်စက်တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။
သူတို့နှစ်ဦးကြားရှိ တူညီသည့် တစ်ခုတည်းသော အချက်မှာမူ... သူတို့နှစ်ဦးစလုံး၏ ခြေလက်များမှာ ဘေးဘက်သို့ ကားထွက်နေခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး သွေးချင်းချင်းနီနေခဲ့ခြင်း ဖြစ်၏
“ဟီးဟီး!” ရွှီရှောင်ရှို့ ခပ်တိုးတိုး ရယ်မောလိုက်မိသည်
“နောက်ဆုံးတော့ မင်းလည်း ငါ့ရဲ့ ခံစားချက်ကို မြည်းစမ်းကြည့်ခွင့် ရသွားပြီပေါ့!”
“လွှတ်ပေးစမ်း...”
မိုမို တကယ့်ကို အခက်အခဲဖြစ်စွာဖြင့် ပြောဆိုလိုက်၏။
“ငါ မင်းကို သံကြိုးနဲ့ တုတ်ထားတာ မဟုတ်ဘူးနော်။ ပြီးတော့... ဒါကို မင်းက အရင်ဆုံး စတင်ခဲ့တာလေ!”
ရွှီရှောင်ရှို့ မျက်တောင်ခတ်လိုက်မိရင်း ထပ်မံ၍ ပြောဆိုလိုက်ပြန်သည်
“မင်း ငါ့ကို အရင်ဆုံး လွှတ်ပေးလိုက်ရင်ကော ဘာဖြစ်လဲ။”
“မဖြစ်နိုင်တာ!”
“ဟီးဟီး! အဲဒါက ငါပြောရမယ့် စကားပဲ!”
သူတို့နှစ်ဦးစလုံး တိတ်ဆိတ်စွာဖြင့် တစ်ဦးကိုတစ်ဦး စိုက်ကြည့်လိုက်ကြမိရင်း သူတို့၏ မျက်နှာပေါ်တွင်မူ တကယ့်ကို ဇွဲနပဲကြီးမားသည့် အရိပ်အယောင်များ ရှိနေခဲ့ကြသည်။
ရွှီရှောင်ရှို့ ခေတ္တမျှ တိတ်ဆိတ်နေခဲ့ပြီးနောက် ရုတ်တရက်ဆိုသလို လှမ်း၍ ပြောဆိုလိုက်တော့၏။ “စီနီယာအစ်မ မိုမို... ဆက်ပြီးတော့ မရုန်းကန်ပါနဲ့တော့။ မင်းဆီက ဂတ်စ်တွေ ယိုစိမ့်နေပြီ...”
မိုမို ခေတ္တမျှ ဇဝေဇဝါ ဖြစ်သွားခဲ့ရပြီးနောက်တွင်မူ... သူမ ဒေါသထွက်လွန်းသဖြင့် မေ့လဲလုမတတ်ပင် ဖြစ်သွားခဲ့ရတော့၏။
“ရွှီရှောင်ရှို့!”
“ငါ မင်းကို သတ်ပစ်မယ်!”
“ခြိမ်းခြောက်ခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၁ မှတ်။”
အောက်ခြေရှိ ပွဲကြည့်ပရိသတ်များမှာမူ အူလှိုက်သည်းလှိုက် ရယ်မောလိုက်ကြတော့သည်။ သူတို့နှစ်ဦးစလုံး တကယ့်ကို ဆိုးရွားလှသော အခြေအနေမျိုး ကြုံတွေ့နေရသော်လည်း ရွှီရှောင်ရှို့၏ လုပ်ရပ်များကြောင့် ပွဲကြည့်ပရိသတ်များအနေဖြင့် သူတို့အပေါ် သနားစာနာစိတ် ထားရှိရန် တကယ့်ကို ခက်ခဲလှပေသည်။
သူတို့၏ ခန္ဓာကိုယ်အတွင်းကနေ သွေးများ ပန်းထွက်နေခဲ့တာလေ။
သူတို့ရဲ့ သွေးတွေက ကုန်ခမ်းသွားခြင်း မရှိဘူးလား။
မိုမို အနည်းငယ် တွန့်ဆုတ်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူမထံတွင် မွေးရာပါအဆင့် ခန္ဓာကိုယ်ကျင့်စဉ် မရှိသောကြောင့် ဖြစ်၏။ သူမ လက်ရှိအချိန်အထိ တောင့်ခံထားနိုင်ခြင်းမှာ သူမအား ကုသပေးရန်အတွက် သူမ၏ ညာဘက်လက်မောင်းကနေ ထွက်ပေါ်လာသည့် ကြီးမားလှသော သက်စောင့်စွမ်းအားများကြောင့်သာ ဖြစ်ပေသည်။
သို့သော်လည်း သူမအနေဖြင့်
"ထိုအရာက"
ပင်ပန်းနွမ်းနယ်နေပြီဖြစ်ကြောင်း သေချာပေါက် သိရှိပေသည်။
“ကောင်းပြီ!”
“ငါ မင်းကို အရင်ဆုံး လွှတ်ပေးဖို့ သဘောတူတယ်!” သူမ အံကြိတ်လိုက်မိရင်း ပြောဆိုလိုက်ကာ လက်နှိပ်ကွက်တစ်ခုကို ပုံဖော်လိုက်ပြီး ချော်ရည်ပူများကို ချက်ချင်း ရပ်တန့်လိုက်တော့၏။
“အိုး!”
ထာဝရရှင်သန်ခြင်း က သူ၏ ခန္ဓာကိုယ်အများစုကို ချက်ချင်း ပြန်လည်၍ ကုသပေးလိုက်သဖြင့် ရွှီရှောင်ရှို့တစ်ယောက် သက်သာရာရစွာဖြင့် ညည်းတွားလိုက်မိတော့သည်။
ထို့နောက်တွင်မူ မိုမိုက လှမ်း၍ ပြောဆိုလိုက်၏
“အခု မင်းအလှည့်ပဲ!”
ရွှီရှောင်ရှို့ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်မိရင်း ခဲရာခဲဆစ် ရရှိလာခဲ့သည့် တိတ်ဆိတ်ငြိမ်သက်မှုကို ခံစားလိုက်မိတော့သည်။
“တောင်းပန်ပါတယ်။ အမှန်အတိုင်း ပြောရရင်... ငါလည်း ဓားစိတ်ဆန္ဒကို မထိန်းချုပ်နိုင်တော့ဘူး...”
မိုမို - ???
“ကျိန်ဆဲခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၁ မှတ်။”
သူမ သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ရင်း ချော်ရည်ပူများကို ထပ်မံ၍ စီးဆင်းစေလိုက်ပြန်၏။
“ဘာကြီးလဲဟ။ မင်းက တကယ့်ကို ရက်စက်တာပဲ!”
ရွှီရှောင်ရှို့ အခွင့်အရေးကို အမိအရ ဖမ်းဆုပ်လိုက်ရင်း သူ၏ ရင်ဘတ်ကို အရှေ့သို့ ကော့လိုက်ကာ လက်စွပ်ကို အထက်သို့ မြှောက်လိုက်တော့သည်။
နာကျင်မှုပုန်းကွယ်ခြင်းဓား ထပ်မံထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံထက်တွင် ပျံဝဲနေခဲ့၏။
ဓားရိုးမှာ သူ၏ နဖူးချင်း ဆုံစည်းသွားခဲ့သည့် အချိန်တွင်မူ... ရွှီရှောင်ရှို့သည် ‘ထက်မြက်ခြင်းအလင်းတန်း’ ကို အသုံးပြုလိုက်ရင်း သူ၏ စွမ်းအားများကို နဖူးထက်သို့ စုစည်းလိုက်ကာ ဓားရိုးကို ပြင်းထန်စွာ တိုက်ခိုက်လိုက်တော့၏
ချလွင်!
ထိုနက်မှောင်လှသော ဓားကြီးမှာ ကောင်းကင်ယံထက်သို့ အရှိန်အဟုန်ပြင်းစွာဖြင့် ပျံသန်းသွားခဲ့ရတော့သည်။
ပွဲကြည့်ပရိသတ်များအကြားတွင် ထိုင်နေသည့် ချင်းထန်တစ်ယောက် ရိပ်မိသွားခဲ့ရ၏...
၎င်းမှာ ထိုနေ့တုန်းက သူ့ကို အနိုင်ယူခဲ့သည့် ဓားချက် ဖြစ်ပေသည်။
လူတိုင်း ရွှီရှောင်ရှို့၏ ရည်ရွယ်ချက်ကို နားလည်သဘောပေါက်သွားခဲ့ကြရပြီး တိုက်ပွဲက မည်သို့မည်ပုံ ဆက်လက်စီးဆင်းသွားမလဲဆိုတာကို သိရှိနိုင်ရန်အတွက် မတ်တပ်ရပ်လိုက်ကြတော့သည်။
မိုမိုအနေဖြင့် ထိုအရာကို မည်သို့မည်ပုံ လျစ်လျူရှုထားနိုင်ပါဦးမည်နည်း။
သို့သော်လည်း သူမ၏ ခန္ဓာကိုယ်အတွင်းကနေ ဓားစိတ်ဆန္ဒများ ယိုစိမ့်ထွက်ပေါ်နေဆဲ ဖြစ်သဖြင့် သူမအနေဖြင့် သူမ၏ လက်ကို လှုပ်ရှားရန်မှာ တကယ့်ကို မဖြစ်နိုင်သလောက်ပင်။
ထိုသို့ဖြစ်နေသည့် တိုင်အောင်ပင် သူမသည် လက်နှိပ်ကွက်များကို ဆက်လက်၍ စတင်ပုံဖော်လိုက်ပြန်သည်
“ဒါက နှေးလွန်းတယ်...”
ရှောင်ချီရှို့ ခေါင်းကို ခါယမ်းလိုက်မိ၏။ မိုမိုထံတွင် ကြောက်မက်ဖွယ်ရာ ကောင်းလှသော တိုက်ကွက်တစ်ခု ရှိနေသည့် တိုင်အောင်ပင် သူမသည် ရှုပ်ထွေးလှသည့် လက်နှိပ်ကွက်များကြောင့် အနှောင့်အယှက် ဖြစ်နေရခြင်း ဖြစ်ပေသည်။
တကယ်လို့ သူမသာ သာမန်လူတစ်ယောက်နှင့် တိုက်ခိုက်နေခြင်း ဖြစ်ပါက ထိုအရာက ပြဿနာရှိလိမ့်မည် မဟုတ်ပါချေ။
သို့သော်လည်း သူမ ရင်ဆိုင်နေရသည်မှာ တိုက်ပွဲအတွင်းရှိ အသေးစိတ် အချက်အလက်တိုင်းကို အမိအရ ဖမ်းဆုပ်နိုင်စွမ်း ရှိသည့် တကယ့် ထူးဆန်းလှသော ပါရမီရှင် လူငယ်လေး ရွှီရှောင်ရှို့ ဖြစ်နေခဲ့ခြင်း ဖြစ်ပေသည်။
၎င်းက နာကျင်မှုပုန်းကွယ်ခြင်းဓားမှာ တကယ့်ကို ဝေးကွာလှသော နေရာတစ်ခုသို့ ပျံသန်းသွားခဲ့သည့် ထိုညတုန်းက ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့သဖြင့် ရွှီရှောင်ရှို့တစ်ယောက် စိတ်လှုပ်ရှားသွားခဲ့ရ၏။
‘လာစမ်း!’
သူ စိတ်ထဲကနေ တွေးလိုက်မိသည်။
‘မင်းရဲ့ အရှင်သခင်ကို ဝါးမြိုပစ်လိုက်စမ်း။ ငါ ဒီနေ့ မင်းကို အခွင့်အရေး ပေးလိုက်မယ်!’
“ပြောင်းပြန်ဓားအညှို့သိုင်း!”
မိုမို လက်လျှော့လိုက်ခြင်း မရှိပါချေ။ သူမ၏ အနောက်ဘက်ကနေ လေထုကို ဖြတ်သန်းလာသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး... နာကျင်မှုပုန်းကွယ်ခြင်းဓားမှာ အရှေ့သို့ လျှင်မြန်စွာ ပျံသန်းလာခဲ့ကာ သူမ၏ ရင်ဘတ်ကို တိုက်ရိုက် ချဉ်းကပ်လာခဲ့တော့၏။
ဒါတင်တင် မကသေးပါချေ။ လူတိုင်း ထိုနက်မှောင်လှသော ဓားကြီးမှာ မိုမို၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားခဲ့ရုံမျှမကဘဲ ရွှီရှောင်ရှို့၏ ရင်ဘတ်ကိုပါ တစ်ဆက်တည်း ချောမွေ့စွာ ထိုးဖောက်သွားတာကို မြင်တွေ့လိုက်ကြရတော့သည်။
ကမ္ဘာကြီးတစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားခဲ့ရပြီ ဖြစ်၏။
ဗိုလ်လုပွဲ၏ လေထုကြီး၊ ချော်ရည်ပူများ လွှမ်းခြုံထားသည့် ကြီးမားလှသော သံကြိုးလေးခု၊ လူနှစ်ဦးကို တစ်ဆက်တည်း ထိုးဖောက်ထားပြီး သွေးများ စီးကျနေသည့် နက်မှောင်လှသော ဓားကြီးတစ်စင်း...
ဤမြင်ကွင်းမှာ ပွဲကြည့်ပရိသတ်များ၏ စိတ်ထဲတွင် အစဉ်အမြဲ စွဲထင်ကျန်ရစ်နေတော့မည် ဖြစ်ပေသည်။
“ရွှီရှောင်ရှို့က... သူက တကယ့်ကို ဇွဲကြီးမားတာပဲ... သူ့ကိုယ်သူတောင် အဲဒီလောက်အထိ အနာခံဝံ့တယ်...”
“ငါတော့ မျက်ရည်တောင် ကျမိတော့မယ်။ ကြည့်ရတာ တကယ့်ကို နာကျင်စရာ ကောင်းလွန်းတယ်...”
လေထုထဲတွင်မူ ထိုသံကြိုးကြီးများမှာ တဖြည်းည်း ပျောက်ကွယ်တော့မည့်အလား ပွင့်လင်းမြင်သာလာခဲ့ရတော့၏။
“အုခ်!”
ရွှီရှောင်ရှို့သည် မိုမို၏ ဦးခေါင်းထက်သို့ သွေးတစ်လုပ် အန်ထုတ်လိုက်မိသည်။
နာကျင်ရုံတင်မကဘဲ ၎င်းက နှလုံးသားကို ထိုးဖောက်သွားသလိုမျိုး ပြင်းထန်လှသည့် နာကျင်မှုဝေဒနာ ဖြစ်ပေသည်။
သို့သော်လည်း သူသာ ဤမျှလောက်အထိ အနာမခံခဲ့ဘူးဆိုလျှင်မူ မိုမိုအနေဖြင့် သူမ၏ ညာဘက်လက်မောင်းက စွမ်းအားများကို ထုတ်ဖော်ပြသခြင်းအား တားဆီးနိုင်ခဲ့လိမ့်မည် မဟုတ်ပါချေ။
“အုခ်!”
မိုမိုသည်လည်း ရွှီရှောင်ရှို့၏ ခန္ဓာကိုယ်ထက်သို့ သွေးတစ်လုပ် ပြန်လည်၍ အန်ထုတ်လိုက်မိ၏။ သူမထံတွင် မွေးရာပါအဆင့် ခန္ဓာကိုယ်ကျင့်စဉ် မရှိသဖြင့် သူမသည် ရွှီရှောင်ရှို့၏ ရင်ခွင်အတွင်းမှာတင် ချက်ချင်း သတိလစ် မေ့လဲသွားခဲ့ရတော့သည်။
အချို့သော လူများမှာ ထိုမြင်ကွင်းကြောင့် မျက်ရည်ကျမိကြပြီး အချို့မှာမူ ဆွံ့အမှင်တက်နေခဲ့ကြရကာ အများစုမှာတော့ မှင်တက်နေခဲ့ကြရ၏။
ဘုန်း!
ထိုသံကြိုးကြီးများမှာ နောက်ဆုံးတွင်မူ လုံးဝ ဥဿုံ ပျောက်ကွယ်သွားခဲ့ရပြီဖြစ်ပြီး... ရွှီရှောင်ရှို့သည် သတိလစ်မေ့မြောကာ ကောင်းကင်ယံထက်ကနေ အောက်သို့ ပြုတ်ကျလာသည့် မိုမိုကို ပွေ့ဖက်လိုက်တော့သည်။
ဘုန်း!
ရွှီရှောင်ရှို့ ထိုနက်မှောင်လှသော ဓားကြီးကို ပြန်လည်၍ နုတ်ယူလိုက်ရင်း မိုမိုကို သူ၏ လက်နှစ်ဖက်ဖြင့် ပွေ့ချီလိုက်ပြီးနောက် သူမ၏ ပါးစပ်အတွင်းသို့ ရွှေနီရောင်ဆေးလုံးတစ်လုံး ထည့်သွင်းကျွေးမွေးလိုက်တော့၏
“တိုက်ပွဲ ပြီးဆုံးသွားခဲ့ပါပြီ။ အောင်နိုင်သူကတော့... ရွှီရှောင်ရှို့ ဖြစ်ပါတယ်!”