သူမ၏ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနုနယ်သော လက်ချောင်းလေးများမှာ ရှုပ်ထွေးလှသည့် လက်နှိပ်ကွက်များကို လျှင်မြန်စွာ ပုံဖော်လိုက်ကြပြီးနောက်... ရွှီရှောင်ရှို့သည် မိမိကို ချုပ်နှောင်ထားသည့် သံကြိုးကြီးများ၏ အပူချိန်မှာ ရုတ်တရက် မြင့်တက်လာကြောင်း ခံစားလိုက်ရတော့သည်။
“အရည်ပျော်စမ်း!”
မိုမိုက တိုးညှင်းစွာ ရေရွတ်လိုက်၏။ ထိုအခါ ကောင်းကင်ယံရှိ တွင်းနက်ကြီး လေးခုအတွင်းကနေ ချော်ရည်ပူကြီးများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး သံကြိုးကြီးများအတိုင်း အောက်သို့ လျှင်မြန်စွာ စီးဆင်းလာခဲ့တော့သည်
“ဘုရားရေ... ဒါက တကယ်ပဲ အဆင်ပြေရဲ့လား။”
ပွဲကြည့်ပရိသတ်များမှာ ဆွံ့အမှင်တက်သွားခဲ့ကြရ၏။ သူတို့အားလုံးမှာ အခြေခံအဆင့် မျှသာ ရှိကြသေးသဖြင့် မွေးရာပါအဆင့် တိုက်ပွဲတစ်ခုကို လုံးဝ နားမလည်နိုင်ကြပါချေ။
တကယ်လို့ သာမန် ဝိညာဉ်ကျင့်စဉ်အဆင့် (၁၀) ရှိတဲ့ လူတစ်ယောက်သာ သူ့နေရာမှာဆိုရင် မျက်စိတစ်မှိတ်အတွင်းမှာတင် သေချာပေါက် ပြာကျသွားလောက်ပေသည်။
ရွှီရှောင်ရှို့ကိုယ်တိုင်လည်း အနည်းငယ် ဒုက္ခရောက်နေပြီဖြစ်ကြောင်း ခံစားလိုက်ရသဖြင့် အော်ဟစ်အသနားခံလိုက်မိ၏
“ကျေးဇူးပြုပြီး... ငါ့ကို ချမ်းသာပေးပါဦး!”
မိုမိုကမူ သူ့ကို ဂရုမစိုက်ဘဲ သူမ၏ စွမ်းအင်များကို ပိုမို၍ မြှင့်တင်လိုက်တော့သည်။ ချက်ချင်းဆိုသလိုပင် ထိုချော်ရည်ပူကြီးများမှာ ရွှီရှောင်ရှို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ရတော့၏။
“အား!”
ရွှီရှောင်ရှို့သည် မသိစိတ်၏ စေခိုင်းမှုကြောင့် ရင်ကွဲမတတ် အော်ဟစ်လိုက်မိသော်လည်း... ထို့နောက်တွင်မူ ထိုအရာက ထင်သလောက် သိပ်ပြီး မနာကျင်ကြောင်း ရုတ်တရက် သတိပြုမိသွားခဲ့ရသဖြင့် အော်ဟစ်နေခြင်းကို ချက်ချင်း ရပ်တန့်လိုက်တော့သည်။
ဒါက ဘာဖြစ်တာလဲ။
ဒီခံစားချက်က သူ့ကို ဘာလို့ တစ်နေရာရာမှာ ကြုံတွေ့ဖူးသလိုမျိုး ခံစားချက်ကို ပေးနေရတာလဲ။
သူ ငန်းကန် တုန်းက ‘ငရဲမီးလျှံမျိုးစေ့ ’ ကို ခန္ဓာကိုယ်အတွင်းထဲ ထည့်သွင်းကျင့်ကြံဖို့ ကြိုးစားခဲ့စဉ်က အခြေအနေကို ရုတ်တရက် သတိရသွားခဲ့ရသည်။ ထိုမျိုးစေ့က သူ့ကို ခန္ဓာကိုယ်အတွင်းပိုင်းကနေ အရှင်လတ်လတ် လောင်ကျွမ်းစေခဲ့ခြင်း ဖြစ်၏။ ဒါကမှ တကယ့် အစစ်အမှန် နာကျင်မှု
ယခု ချော်ရည်ပူများကမူ သူ့ကို ခန္ဓာကိုယ်အပြင်ဘက်ကနေသာ တိုက်ခိုက်နေခြင်း ဖြစ်ပေသည်။ အမှန်အတိုင်း ပြောရလျှင် ငရဲမီးလျှံမျိုးစေ့နှင့် နှိုင်းယှဉ်ပါက ထိုအရာက ဘာမှမဟုတ်ပါချေ။ ၎င်းက နာကျင်ရသည်မှာ မှန်သော်လည်း သူ့ကို နာကျင်မှုကြောင့် အော်ဟစ်ငိုကြွေးရလောက်သည်အထိ ပြင်းထန်ခြင်း မရှိပါချေ။ ထို့ကြောင့် သူ ချက်ချင်းပင် ပြန်လည်၍ တည်ငြိမ်သွားခဲ့ရတော့သည်။
အလွန်ဆုံးရှိလျှင်မူ... ထိုချော်ရည်ပူများ လွှမ်းခြုံခြင်း ခံထားရသည့် သူ၏ ပုံစံမှာ တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းနေခြင်းသာ ရှိပေလိမ့်မည်။
ဖတ်... ဖတ်...
သူ၏ ခန္ဓာကိုယ်မှာ မီးလောင်ကျွမ်းခြင်း ခံနေရသော်လည်း ချက်ချင်းဆိုသလိုပင် ပြန်လည်၍ ကောင်းမွန်လာခဲ့ရသည်။ ဤအခြေအနေမှာ သံသရာလည်နေသကဲ့သို့ အတော်အတန် ကြာမြင့်အောင် ဆက်လက်ဖြစ်ပွားနေခဲ့၏။ သူ အပြင်းအထန် အောင့်အည်းသည်းခံနေရသည့် နာကျင်မှုဝေဒနာကလွဲရင်... ဒီမှော်ပညာက ရွှီရှောင်ရှို့ကို ကြီးမားတဲ့ ထိခိုက်ဒဏ်ရာမျိုး လုံးဝ မပေးနိုင်ပါချေ
“ဟီး... ဒါက ဘာမှမဟုတ်ပါလား။”
ရွှီရှောင်ရှို့ စိတ်ထဲကနေ သဘောကျသွားခဲ့မိသော်လည်း... သူ၏ ထိုတုံ့ပြန်မှုမှာ အခြားလူများ၏ အမြင်တွင်မူ သူ့ကိုယ်သူ ညှဉ်းပန်းနှိပ်စက်ရတာကို သဘောကျသည့် လူတစ်ယောက်ကဲ့သို့ ဖြစ်နေစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် လက်ရှိတွင် မီးလောင်တိုက်သွင်းပြီး အသေသတ်ခြင်း ခံနေရသည့် အနေအထားမျိုး ဖြစ်နေသောကြောင့် ဖြစ်၏။
သူက ပြုံးနေခဲ့သော်လည်း ပြိုင်ပွဲကွင်းအတွင်းရှိ ပွဲကြည့်ပရိသတ်များမှာမူ သူနှင့် ထပ်တူ မခံစားနိုင်ကြပါချေ။ ရှောင်ချီရှို့ကိုယ်တိုင်ပင်လျှင် တကယ့်ကို တည်တင်းလေးနက်သည့် မျက်နှာအမူအရာ ရှိနေခဲ့သည်
“ရွှီရှောင်ရှို့က ဒီနေ့လို အဆင့်အတန်းမျိုးကို ရောက်ရှိဖို့အတွက် စိန်ခေါ်မှုတွေ ဘယ်လောက်တောင် ကျော်ဖြတ်ခဲ့ရလဲ။ ချော်ရည်ပူတွေရဲ့ လောင်ကျွမ်းမှုကိုတောင် သူက ဘာလို့ နာကျင်မှု မရှိသလိုမျိုး နေနိုင်ရတာလဲ”
“အမှန်အတိုင်း ပြောရရင်... ငါ သူ့ကို တကယ့်ကို လေးစားမိတယ်။ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ မွေးရာပါအဆင့် ခန္ဓာကိုယ်ကျင့်စဉ်ကို ရရှိအောင် ကျင့်ကြံခဲ့တဲ့ လူတွေက တကယ့်ကို ဇွဲလုံ့လကြီးမားတဲ့ မိစ္ဆာကောင်တွေပဲ။”
“ဟူး... ရွှီရှောင်ရှို့က ဒီနေ့လို အဆင့်သစ်တစ်ခုကို ရောက်ရှိလာနိုင်ခဲ့တာ တကယ့်ကို ကံကောင်းရုံသက်သက်တင် မဟုတ်ဘူးပဲ!”
စူးချန်ချန်သည် ရွှီရှောင်ရှို့ တကယ့်ကို ပြင်းထန်စွာ ခံစားနေရသည်ဟု ထင်မှတ်ကာ မကြည့်ရဲသဖြင့် သူမ၏ မျက်လုံးများကို လက်ဝါးဖြင့် အုပ်ထားခဲ့မိသည်။ သူမ မျက်လုံးများကို ဖွင့်ကြည့်ရန်ပင် မရဲပါချေ
ကျန်းရှင်းရှုံကမူ မည်သည့် စိတ်ခံစားချက်မျှ မရှိသလို တည်ငြိမ်နေခဲ့ပြီး သူ၏ လက်ရှိ စိတ်ခံစားချက်ကို ခန့်မှန်းရ တကယ့်ကို ခက်ခဲလှပေသည်။ သို့သော်လည်း သူသည် ရွှီရှောင်ရှို့ကို နောက်ပြောင်ကျီစယ်ခြင်းအား ရပ်တန့်လိုက်ပြီ ဖြစ်၏။
“အထင်ကြီးခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၆၆၆ မှတ်”
“ဂရုစိုက်ခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၈၈၈ မှတ်”
“......”
မိုမိုသည် တုန်လှုပ်ခြောက်ခြားစွာဖြင့် ပြိုင်ပွဲစင်မြင့်ထက်က သူ့ကို စိုက်ကြည့်လိုက်မိသည်။
ဒီချော်ရည်ပူတွေက ဘယ်လောက်တောင် အပူချိန်မြင့်မားလဲဆိုတာကို သူမထက် ပိုသိတဲ့လူ မရှိပါချေ။ သို့သော်လည်း ရွှီရှောင်ရှို့ကမူ ၎င်းကို သာမန် ရေအေးချိုးနေရသလိုမျိုး ခံယူနေခဲ့ခြင်း ဖြစ်၏။
သူမ ရှောင်ချီရှို့ထံသို့ လှမ်း၍ ကြည့်လိုက်မိရင်း... အပူချိန်ကို ထပ်မံ၍ မြှင့်တင်ရန်အတွက် စိတ်မကျေမနပ် ဖြစ်သွားခဲ့ရသည်။
ကောင်းကင်ယံထက်တွင် ရှိနေသည့် ဒိုင်လူကြီးမှာမူ ခေါင်းကို ခါယမ်းလိုက်မိ၏။ တကယ့် ဇွဲလုံ့လ ဝီရိယရှိလှသော ဤကဲ့သို့သော လူသားတစ်ယောက်၏ အောင်ပွဲကို မည်သူမျှ တားဆီးနိုင်လိမ့်မည် မဟုတ်ပါချေ
ရွှီရှောင်ရှို့က လက်ရှိအချိန်အထိ တောင့်ခံနိုင်ဆဲ ဖြစ်နေခဲ့တာလေ။ ထို့ကြောင့် သူက ဘာလို့ ဒီတိုက်ပွဲအတွင်း ဝင်ရောက် စွက်ဖက်ပြီး ၎င်းကို အတင်းအဓမ္မ ရပ်တန့်ရပါမည်နည်း။
“ဟူး...”
မိုမို အံကြိတ်လိုက်မိရင်း ချော်ရည်ပူများ၏ အပူချိန်ကို နှစ်ဆခန့်အထိ ထပ်မံ၍ မြှင့်တင်လိုက်တော့သည်။
နီရဲနေသည့် ချော်ရည်ပူများအတွင်းတွင် နက်မှောင်လှသော အရည်အချို့ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး... ထိုရွှံ့စေးကဲ့သို့ အရည်များမှာ ရွှီရှောင်ရှို့၏ အဝတ်အစားများအတွင်းသို့ ချက်ချင်း စီးဆင်းဝင်ရောက်သွားခဲ့ရတော့၏။
“အင့်!”
ရွှီရှောင်ရှို့၏ မျက်နှာပေါ်တွင် နာကျင်လှသော အမူအရာတစ်ခု တကယ့်ကို ထွက်ပေါ်လာခဲ့ရပြီ ဖြစ်သည်။ ဒီရုတ်တရက် မြင့်တက်လာတဲ့ အပူချိန်က... သူ လွန်ခဲ့တဲ့အကြိမ်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အရာထက်တောင် ကျော်လွန်နေခဲ့ပြီ။
မဟုတ်သေးဘူး... သူ ဒီအတိုင်း ဆက်ပြီး အကြည့်ခံနေလို့ မဖြစ်တော့ပါချေ။ မဟုတ်ရင် သူ တကယ်ပဲ သေဆုံးသွားနိုင်ပေသည်။
သူ သူ၏ မျက်လုံးများကို ဟိုဟိုဒီဒီ ဝှေ့ယမ်းလိုက်မိရင်း... ထိုနေ့တုန်းက သူ အသုံးပြုခဲ့သည့် ကျင့်စဉ်နည်းလမ်းကို ရုတ်တရက် သတိရသွားခဲ့ရ၏။ ဘာလို့ မရရမှာလဲ...
ဒီချော်ရည်ပူတွေကို ကျင့်ကြံပြီး သူ၏ ခန္ဓာကိုယ်အတွင်းထဲသို့ သွတ်သွင်းလိုက်ရင်ကော...
ရွှီရှောင်ရှို့၏ မျက်ဝန်းများ တောက်ပသွားခဲ့ရပြီး နာကျင်မှုကို အောင့်အည်းသည်းခံလျက် ချော်ရည်ပူများကို စုပ်ယူရန်အတွက် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
သူ၏ ရင်ဘတ်မှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ရပြီး ရွှေနီရောင်ဆေးလုံး တစ်လုံး ထွက်ပေါ်လာခဲ့ရာ ရွှီရှောင်ရှို့ ၎င်းကို တစ်ကိုက်တည်း ကိုက်လိုက်ပြီးနောက် အပြင်းအထန် စုပ်ယူလိုက်တော့၏။
ရှူး... ရှူး...
ထိုသို့ ထွက်ပေါ်လာသည့် ပြင်းထန်လှသော အပူစွမ်းအင်များမှာ ရွှီရှောင်ရှို့၏ ပါးစပ်နှင့် နှာခေါင်းတို့ကို ချက်ချင်း အရည်ပျော်သွားစေခဲ့သော်လည်း... နောက်တစ်စက္ကန့်တွင်မူ ၎င်းတို့က ပြန်လည်၍ ကောင်းမွန်လာခဲ့ပြန်သည်။
နောက်ထပ် လောင်ကျွမ်းနေသည့် အပူစွမ်းအင်တစ်ခုမှာ သူ၏ ဝိညာဉ်စွမ်းအင်သိုလှောင်ရာ အတွင်းသို့ ပေါင်းစပ်သွားခဲ့ရပြီး ၎င်းက လုံးဝ ဥဿုံ စုပ်ယူခြင်းကို ခံလိုက်ရတော့၏
“ဒါက လုပ်လို့ရတာပဲ!”
ရွှီရှောင်ရှို့ တကယ့်ကို စိတ်လှုပ်ရှားသွားခဲ့ရပြီး မဆင်မခြင် ဆက်လက်၍ ပြုလုပ်လိုက်တော့သည်။
လူတိုင်း ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရ၏။ ဒါက တကယ့်ကို...
ရက်စက်ကြမ်းကြုတ်လွန်းတယ်။
ထိုမြင်ကွင်းကြောင့် လူတိုင်း အသက်ရှူရပ်မတတ် ဖြစ်သွားခဲ့ရပြီး ကွင်းတစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားခဲ့ရတော့သည်။ သူတို့အားလုံး၏ စိတ်ထဲတွင်မူ... ရွှီရှောင်ရှို့အတွက် မလွှဲမရှောင်သာ ဆုတောင်းပေးနေခဲ့ကြမိ၏။
မိုမိုကိုယ်တိုင်ပင်လျှင် ထိုအရာကို ဆက်လက်၍ မကြည့်ရဲတော့ပါချေ။
ရွှီရှောင်ရှို့က တောင့်ခံနိုင်နေခဲ့သော်လည်း... တိုက်ခိုက်သူဖြစ်သည့် သူမကိုယ်တိုင်ပင် ထိုအရာကို ဆက်လက်၍ မလုပ်ချင်တော့ပါချေ။ ဒါက တကယ့်ကို ရက်စက်လွန်းလှပေသည်။
“ဒါက ငါ မိုမို အလုပ်လုပ်တဲ့ ပုံစံမျိုး မဟုတ်ဘူး!”
“ဒါပေမဲ့...”
“တကယ်လို့ ကမ္ဘာမြေချိပ်ပိတ်ခြင်း သံကြိုးတွေနဲ့တောင် သူ့ကို မအနိုင်ယူနိုင်ဘူးဆိုရင်... ငါ အဲဒီအရာကို အသုံးပြုရတော့မှာလား...”
မိုမို မသိစိတ်၏ စေခိုင်းမှုကြောင့် သူမ၏ ညာဘက်လက်မောင်းကို လှမ်း၍ ကိုင်တွယ်လိုက်မိ၏။
ရွှီရှောင်ရှို့ ထိုအရာကို သတိပြုမိသွားခဲ့သည်။
သူ၏ ခြေထောက်များ ပြင်းထန်စွာ တုန်ခါသွားခဲ့ရ၏။ ချော်ရည်ပူများက သူ့ကို လက်မအနည်းငယ်မျှပင် မလှုပ်ရှားနိုင်အောင် ပြုလုပ်ထားနိုင်ခဲ့သော်လည်း... မိုမို၏ ထိုမသိစိတ်၏ လှုပ်ရှားမှုကြောင့် သူ ဒူးထောက်လုမတတ် ဖြစ်သွားခဲ့ရခြင်း ဖြစ်ပေသည်။
သူမ ဘာတွေ တွေးတောနေတာလဲ။ ချိပ်ပိတ်ခြင်းကို ဖျက်ဆီးမလို့လား။
ဘာတွေ လျှောက်တွေးနေတာလဲ။
“ရပ်လိုက်စမ်း!” ရွှီရှောင်ရှို့ ဒေါသတကြီး အော်ဟစ်လိုက်မိ၏။
မိုမို မော့ကြည့်လိုက်မိရင်း... သူ သူမ ဘာတွေ တွေးတောနေလဲဆိုတာကို သိရှိနေခဲ့သည့်အတွက် တကယ့်ကို အံ့သြသွားခဲ့ရသည်။
‘ဒါက မဖြစ်နိုင်တာ...’ ဟု သူမ စိတ်ထဲက တွေးလိုက်မိ၏။
‘ဒါတွေကို ဂရုစိုက်မနေတော့ဘူး။ သူ့ကို ဒီနာကျင်မှုဝေဒနာတွေကနေ အမြန်ဆုံး လွတ်မြောက်အောင်ပဲ လုပ်ပေးလိုက်တော့မယ်!’
မိုမို၏ ဘယ်ဘက်လက်မှာ ရှုပ်ထွေးလှသည့် လက်နှိပ်ကွက်များကို ထပ်မံ၍ စတင်ပုံဖော်လိုက်ပြန်သည်။
ရွှီရှောင်ရှို့ တကယ့်ကို ဆိုးရွားလှသော ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏
‘ကျေးဇူးပြုပြီး အဲဒါကို မလုပ်ပါနဲ့ဦး’
သူ စိတ်ထဲကနေ ဆုတောင်းလိုက်မိသည်
‘ငါက အဲဒီလိုမျိုး တိုက်ခိုက်မှုကို ခံယူဖို့ မထိုက်တန်ပါဘူး!’
မိုမို၏ ညာဘက်လက်မောင်းအတွင်းတွင် မည်သည့်အရာကို ချိပ်ပိတ်ထားလဲဆိုတာကို သူ မသိရှိပါချေ။ သို့သော်လည်း သူမသည် ချိပ်ပိတ်ထားသည့် တိုင်အောင်ပင် ဤမျှလောက်အထိ အစွမ်းထက်နေခဲ့တာလေ။ ထို့ကြောင့် တကယ်လို့ သူမသာ ချိပ်ပိတ်ခြင်းကို ဖျက်ဆီးလိုက်မည်ဆိုလျှင်မူ...
အခြေအနေများအားလုံး တကယ့်ကို ဆိုးရွားသွားပေလိမ့်မည်။
‘ငါ ဘာလုပ်နိုင်မလဲ... ငါ ဘာလုပ်ရမလဲ...’ ရွှီရှောင်ရှို့၏ ဦးနှောက်မှာ လျှင်မြန်စွာ အလုပ်လုပ်သွားခဲ့ရပြီး သူမကို မည်သို့မဆို တားဆီးရပေလိမ့်မည်။
သူ၏ အကြည့်များမှာ သူ့ကို ချုပ်နှောင်ထားသည့် သံကြိုးလေးခုထက်သို့ ရုတ်တရက် ကျရောက်သွားခဲ့ရ၏...
ရွှီရှောင်ရှို့ မျက်လုံးများကို မှိတ်လိုက်တော့သည်။
နောက်တစ်စက္ကန့်တွင်မူ... လွန်ခဲ့သည့် အခိုက်အတန့်ကမှ ငြိမ်သက်သွားခဲ့ကြသည့် ထောင်ပေါင်းများစွာသော ဝိညာဉ်ဓားကြီးများမှာ ထပ်မံ၍ ပြင်းထန်စွာ တုန်ခါလာခဲ့ကြပြန်တော့၏။
ရှောင်ချီရှို့ အံ့သြတုန်လှုပ်သွားခဲ့ရသည်
“ဒီကောင်က...”
“သူက ‘ရှိရှိသမျှသော အရာအားလုံးသည် ဓားဖြစ်သည်’ ဆိုတဲ့ အဆင့်ကို ဒီအတိုင်းပဲ နားလည်သွားခဲ့တာလား။”
“သူက မိစ္ဆာကောင်တစ်ကောင်လား။ သူက နေ့လယ်ကမှ ‘ပြောင်းပြန်ဓားအညှို့သိုင်း’ ကို တတ်မြောက်ခဲ့တာလေ!”
ဝုန်း...
ထောင်ပေါင်းများစွာသော ဝိညာဉ်ဓားကြီးများမှာ ကောင်းကင်ယံထက်သို့ ထပ်မံ၍ ပျံသန်းသွားခဲ့ကြပြန်ပြီး... ရွှီရှောင်ရှို့သည် ပူပြင်းလှသော လေထုကို အသက်ရှူထုတ်လိုက်ရင်း ဓားတိုင်း၏ စိတ်ဆန္ဒကို စတင်၍ ထိန်းချုပ်လိုက်တော့သည်။
မကြာမီမှာပင် သူသည် ထူးခြားလှသော ဓားအော်ရာတစ်ခုကို ခံစားလိုက်ရ၏…
၎င်းမှာ မိုမို ယခုလေးတင် ဝါးမြိုပစ်လိုက်သည့် ရိုင်းစိုင်းလှသော ဓားအော်ရာ ဖြစ်ပေသည်။
ရွှီရှောင်ရှို့ မျက်မှောင်ကုတ်လိုက်မိ၏။ အဘယ်ကြောင့်ဆိုသော် ထိုဓားအော်ရာမှာ တစ်စုံတစ်ရာသော ရှုပ်ထွေးလှသည့် စွမ်းအင်များ၏ ဖိနှိပ်ခြင်းကို ခံထားရပြီး ၎င်း၏ စွမ်းအားများကို ထုတ်ဖော်နိုင်ခြင်း မရှိတာကို သူ ခံစားလိုက်ရသောကြောင့် ဖြစ်၏။
ဒါပေမဲ့...
“ပြောင်းပြန်ဓားအညှို့သိုင်း!”
ရွှီရှောင်ရှို့ ရုတ်တရက် လှမ်း၍ ဆွဲလိုက်သည့် အခါတွင်မူ... ပြိုင်ပွဲစင်မြင့်ထက်တွင် ရှိနေသည့် နာကျင်မှုပုန်းကွယ်ခြင်းဓားမှာ သူ၏ လက်ဆီသို့ ချက်ချင်း ပျံသန်းလာခဲ့တော့သည်
သူ ဆွဲယူနေခြင်းကို ရုတ်တရက် ရပ်တန့်လိုက်သည့် အခါတွင်မူ... ထိုနက်မှောင်လှသော ဓားကြီးမှာ ကြမ်းပြင်ထက်သို့ ပြန်လည်၍ ကျရောက်သွားခဲ့ရပြန်၏။
ပွဲကြည့်ပရိသတ်များမှာတော့ သူ၏ လှုပ်ရှားမှုကြောင့် ဇဝေဇဝါ ဖြစ်သွားခဲ့ကြရသည်။ သို့သော်လည်း နောက်တစ်စက္ကန့်တွင်မူ... သူတို့အားလုံး မိုမို၏ ခန္ဓာကိုယ်တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို မြင်တွေ့လိုက်ရတော့၏။
လက်နှိပ်ကွက်များ ပုံဖော်နေသည့် သူမ၏ ဘယ်ဘက်လက်မှာ အတင်းအဓမ္မ အနှောင့်အယှက် ပေးခြင်းကို ခံလိုက်ရသည်။ သူမ၏ မျက်နှာမှာ နီရဲနေခဲ့ပြီး သူမ၏ ဝမ်းဗိုက်ပိုင်းမှာလည်း တစ်စုံတစ်ခု ပေါက်ကွဲထွက်တော့မည့်အလား ဖောင်းကားလာခဲ့ရ၏
“ရွှီ... ရှောင်... ရှို့!”
မိုမိုသည် သူ တစ်စုံတစ်ခု လှည့်ကွက်ဆင်နေကြောင်းကို ချက်ချင်း သိရှိသွားခဲ့ရသဖြင့် တကယ့်ကို ဒေါသထွက်သွားခဲ့ရသည်။ သူမအနေဖြင့် လက်နှိပ်ကွက်များ ပုံဖော်ခြင်းကို ရပ်တန့်လိုက်ရပြီး ထိုဓားအော်ရာကို ပြန်လည်၍ ဖိနှိပ်လိုက်ရတော့၏။
“ဟီးဟီး!”
ရွှီရှောင်ရှို့ ဖြေရှင်းနည်းကို ရှာဖွေတွေ့ရှိသွားခဲ့သည့် ပုံစံမျိုး ရှိပေသည်
“ပြောင်းပြန်ဓားအညှို့သိုင်း!”
ထိုနက်မှောင်လှသော ဓားကြီးမှာ မတ်တပ်ရပ်လာခဲ့ပြန်သော်လည်း... ၎င်းက လေထုထဲသို့ မပျံသန်းနိုင်ခင်မှာတင် အနှောင့်အယှက် ပေးခြင်းကို ခံလိုက်ရပြန်သဖြင့် ကြမ်းပြင်ထက်သို့ ထပ်မံ၍ ကျရောက်သွားခဲ့ရပြန်၏။
တစ်ချိန်တည်းမှာပင် မိုမို၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ရသော်လည်း မကြာမီမှာပင် ပြန်လည်၍ တည်ငြိမ်သွားခဲ့ရသည်။ သူမ မျက်မှောင်ကုတ်လိုက်မိရင်း သက်ပြင်းတစ်ချက် ချလိုက်မိ၏။
ကံကောင်းထောက်မစွာဖြင့် ရွှီရှောင်ရှို့သည် လက်ရှိအချိန်တွင် အလုပ်နှစ်ခုကို တစ်ပြိုင်နက်တည်း မလုပ်ဆောင်နိုင်ပါချေ...
သို့သော်လည်း... ဒါက တကယ်ပဲ အဲဒီလိုမျိုးလား။
“ပြောင်းပြန်ဓားအညှို့သိုင်း!”
ထိုနက်မှောင်လှသော ဓားကြီးမှာ မတ်တပ်ရပ်လာခဲ့ပြန်ပြီး...
“ရပ်စမ်း!”
ဒေါင်...
အင့်!
မိုမို၏ ခန္ဓာကိုယ်မှာ ထပ်မံ၍ တုန်ခါသွားခဲ့ရပြီးနောက် မော့ကြည့်လိုက်မိရင်း... အခြေအနေတစ်ခုကို အဆုံးစွန်အထိ နားလည်သွားခဲ့ရတော့သည်
ပွဲကြည့်ပရိသတ်များမှာတော့ ထိတ်လန့်တုန်လှုပ်နေခဲ့ကြဆဲ ဖြစ်သော်လည်း... သူတို့အားလုံးသည်လည်း အတူတူပင် ထိုအရာကို ရိပ်မိသွားခဲ့ကြရ၏...
“မဖြစ်နိုင်တာ... ရွှီရှောင်ရှို့က?”
“ဘုရားရေ... ဒါက နည်းနည်းတော့ ကောက်ကျစ်လွန်းရာ မရောက်ဘူးလား!”
ရွှီရှောင်ရှို့ကိုယ်တိုင်လည်း အခြေအနေတစ်ခုကို သတိပြုမိသွားခဲ့သည်။ သူ သတိပြုမိရုံတင်မကဘဲ... ထိုအကြံဉာဏ်ကိုပါ စတင်၍ အကောင်အထည်ဖော်လိုက်တော့၏။
“ပြောင်းပြန်ဓားအညှို့သိုင်း... ရပ်စမ်း!”
“ပြောင်းပြန်ဓားအညှို့သိုင်း... ရပ်စမ်း!”
ဒေါင်!
ဒေါင်!
အုခ်!
အုခ်!
မိုမိုသည် ဆက်တိုက်ဆိုသလို နှစ်ကြိမ်ခန့် တုန်လှုပ်ခြောက်ခြားသွားခဲ့ရပြီး... သူမ၏ မျက်နှာတစ်ခုလုံး နီရဲလာခဲ့တော့သည်
“ရွှီရှောင်...”
“ပြောင်းပြန်... ပြောင်းပြန်... ပြောင်းပြန်!”
“ရပ်စမ်း... ရပ်စမ်း... ရပ်စမ်း!”
ဒေါင်... ဒေါင်... ဒေါင်!
အုခ်... အုခ်... အုခ်!
မိုမို၏ မျက်နှာတစ်ခုလုံးသာမကဘဲ သူမ၏ လည်ပင်းပါ နီရဲလာခဲ့ရပြီ ဖြစ်သည်။ သူမသည် ရွှီရှောင်ရှို့၏ လုပ်ရပ်ကြောင့် တကယ့်ကို အရှက်ရပြီး ဒေါသထွက်နေခဲ့ရ၏။
“ရွှီ...”
“ပြောင်းပြန်... ပြောင်းပြန်... ပြောင်းပြန်!”
“ရပ်စမ်း... ရပ်စမ်း... ရပ်စမ်း! ”
ဒေါင်... ဒေါင်... ဒေါင်!
အုခ်... အုခ်... အုခ်!
ဗိုလ်လုပွဲ၏ လေထုကြီးမှာ ရုတ်တရက်ဆိုသလို ပြောင်းလဲသွားခဲ့ရပြီး... လူတိုင်း တကယ့်ကို ဇဝေဇဝါ ဖြစ်သွားခဲ့ကြရတော့သည်။ ရှောင်ချီရှို့ကိုယ်တိုင်ပင်လျှင် ခြေချော်သွားခဲ့ရပြီး ကောင်းကင်ယံထက်ကနေ အောက်သို့ ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့ရ၏
“ဟား!”
ရွှီရှောင်ရှို့သည် မိုမို၏ စည်းချက်ကျကျ လေချဉ်တက်သံ များကို နားထောင်ရင်း သူ၏ တည်ငြိမ်မှုများကို လုံးဝ ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ... နောက်ဆုံးတွင်မူ သွေးချင်းချင်းနီနေသည့် မျက်နှာဖြင့် အော်ဟစ်ရယ်မောလိုက်မိတော့၏
“ကျိန်ဆဲခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၁၊ +၁၊ +၁၊ +၁၊ +၁၊ +၁......”