အဆင့်မြင့်အဆင့် ဓားစိတ်ဆန္ဒ သည် တစ်မိုင်ပတ်လည်အတွင်းရှိ ရှိသမျှသော ဓားအားလုံးနှင့် ထပ်တူကျသော တုန်ခါမှုကို ဖန်တီးပေးနိုင်စွမ်း ရှိပေသည်။ မွေးရာပါအဆင့် ဓားစိတ်ဆန္ဒကမူ... ဆယ်မိုင်ပတ်လည်အတွင်းရှိ ဓားအားလုံးနှင့် ထပ်တူကျသော တုန်ခါမှုကို ဖြစ်ပေါ်စေနိုင်၏။
လူတိုင်း၏ ဓားများမှာ တစ်ဆက်တည်း တုန်ခါနေဆဲဖြစ်လျက် မိမိတို့၏ ဓားအိမ်များအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြသည့် အခါတွင်မူ... သူတို့အားလုံးသည် မိမိတို့ ယခုလေးတင် မြင်တွေ့လိုက်ရသည်မှာ ‘မွေးရာပါအဆင့် ဓားစိတ်ဆန္ဒ’ ဖြစ်ကြောင်း သတိပြုမိသွားကြတော့သည်
“ကောင်းကင်ဘုံရေ... ငါတော့ ရူးတော့မှာပဲ။ ရွှီရှောင်ရှို့က မွေးရာပါအဆင့် ဓားစိတ်ဆန္ဒကို တကယ်ပဲ ရရှိသွားတာလား။”
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက ငါ့ကို မနာလိုစိတ်တွေနဲ့ သေအောင် သတ်နေတာပဲ!”
“ဒီကောင်က ငါတို့ကို ဘာလို့ ဒီလိုမျိုးတွေ ဆက်တိုက် အံ့သြအောင် လုပ်နေရတာလဲ။”
ပွဲကြည့်ပရိသတ်များမှာ စိတ်လှုပ်ရှားလွန်းသဖြင့် အချို့ဆိုလျှင် မိမိတို့၏ ထိုင်ခုံများထက်သို့ပင် ခုန်တက်လိုက်ကြသော်လည်း... သူတို့၏ အနောက်တွင် ထိုင်နေသည့် လူများ၏ ရိုက်နှက်ခြင်းကို လျှင်မြန်စွာ ခံလိုက်ကြရသည်။
“တောက်... ငါ အိပ်မက်မက်နေတာလား”
အခြားသော ပွဲကြည့်ပရိသတ်တစ်ဦးကို ရိုက်နှက်လိုက်သည့် လူမှာ ထို့နောက်တွင်မူ မိမိ၏ ပါးကို ပြန်လည်၍ ရိုက်နှက်လိုက်ပြီးနောက် နာကျင်မှုကြောင့် အော်ဟစ်လိုက်မိ၏။
“မွေးရာပါအဆင့် ဓားစိတ်ဆန္ဒ ရှိတဲ့ ဓားသမားတစ်ယောက်က နှစ်ပေါင်းတစ်ရာမှာ တစ်ယောက်ပဲ ပေါ်ထွက်တတ်တာလေ။ စူးချန်ချန်က လွန်ခဲ့တဲ့ တစ်နှစ်ကမှ မွေးရာပါအဆင့် ဓားစိတ်ဆန္ဒကို ရရှိခဲ့တာ မဟုတ်ဘူးလား။ အခုတော့ ရွှီရှောင်ရှို့ကလည်း ရရှိသွားပြန်ပြီလား။”
“ဒါက အစစ်အမှန်ပဲလား။ ကမ္ဘာကြီးက ဘာတွေ ဖြစ်ကုန်တာလဲ...”
“ဒါက ရူးသွပ်သွားပြီ! တကယ့်ကို လုံးဝ ရူးသွပ်သွားခဲ့ပြီ!”
ပြိုင်ပွဲစင်မြင့်ထက်တွင်မူ... ထိုတိုက်ပွဲမှာ ရွှီရှောင်ရှို့၏ မွေးရာပါအဆင့် ဓားစိတ်ဆန္ဒ ပေါ်ထွက်လာမှုကြောင့် မျှော်လင့်မထားဘဲ အနှောင့်အယှက် ဖြစ်သွားခဲ့ရသော်လည်း၊ မည်သို့ပင်ဖြစ်စေ ၎င်းက ဆက်လက်၍ စီးဆင်းရပေဦးမည်။
မိုမိုသည် ရွှီရှောင်ရှို့ ကျင့်စဉ်အဆင့် တက်လှမ်းနေစဉ်အတွင်း ဝင်ရောက်၍ နှောင့်ယှက်ခြင်း မပြုခဲ့ပါချေ။ တကယ်လို့ သူမသာ နှောင့်ယှက်ခဲ့မည်ဆိုလျှင်လည်း ရှောင်ချီရှို့က ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
သူမက ပြင်ပဝန်းကျင်အတွင်းရှိ ချန်ပီယံ တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်သော်လည်း ရွှီရှောင်ရှို့ကမူ မွေးရာပါအဆင့် ဓားသမားတစ်ဦး ဖြစ်ပေသည်။ ထိုနှစ်ဦးထဲတွင် မည်သူက ပိုမို၍ တန်ဖိုးထားခြင်း ခံရမည်ဆိုတာကိုမူ ပြောနေစရာပင် မလိုပါချေ
ရွှီရှောင်ရှို့၏ ခန္ဓာကိုယ်အတွင်းကနေ ထွက်ပေါ်နေသည့် ဓားစိတ်ဆန္ဒများ ကွယ်ပျောက်သွားခဲ့သည့် တိုင်အောင်ပင် တိုက်ခိုက်ရေးသမားနှစ်ဦးစလုံးမှာ လှုပ်ရှားခြင်း မရှိကြသေးပါချေ။
မိုမို အနည်းငယ်မျှ ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ သူမ လှုပ်ရှားခြင်း မရှိခဲ့သည်မှာ ရွှီရှောင်ရှို့တစ်ယောက် ကျင့်စဉ်အဆင့်မြှင့်တင်မှု ပြီးဆုံးသွားသည်အထိ စောင့်ဆိုင်းလိုသောကြောင့် ဖြစ်ပေသည်။ သို့သော်လည်း ရွှီရှောင်ရှို့သည် ကျင့်စဉ်အဆင့်မြှင့်တင်မှု ပြီးဆုံးသွားခဲ့ပြီဖြစ်သော်လည်း လှုပ်ရှားမှု မပြုလုပ်သေးပါချေ။ သူ ဘာတွေ ကြံစည်နေတာလဲ။
“သူက သူ့ဘာသာသူ ပြုံးနေတာလား”
မိုမို စိုက်ကြည့်လိုက်မိ၏။ ရွှီရှောင်ရှို့၏ လက်မှာ သူ၏ ဓားရိုးပေါ်တွင် ရှိနေဆဲဖြစ်ပြီး သူ၏ မျက်နှာပေါ်တွင်မူ မိန်းမောတွေဝေနေသည့် အရိပ်အယောင်တစ်ခု အခြေချနေခဲ့သည်။ သူ့ကို ကြည့်ရသည်မှာ တကယ့်ကို လူအတစ်ယောက်ကဲ့သို့ပင်။
ရွှီရှောင်ရှို့မှာတော့ စိတ်ထဲကနေ ဝမ်းသာအားရဖြစ်လျက် ရူးသွပ်လုမတတ် ဖြစ်နေခဲ့ပြီ ဖြစ်သည်
သူ၏ ဓားစိတ်ဆန္ဒ ကောင်းကင်ယံထက်သို့ ပျံသန်းသွားမှုကြောင့် ထိုအကာအကွယ်အတားအဆီးကို ဖောက်ထွက်သွားလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပါချေ။ ထို့ကြောင့် သူ ရရှိလိုက်သည့် ရမှတ်များ၏ ပမာဏမှာ တကယ့်ကို မယုံကြည်နိုင်လောက်စရာပင်။
“သံသယဝင်ခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၆၇၄ မှတ်။”
“သံသယဝင်ခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၁,၈၇၆ မှတ်။”
“အထင်ကြီးခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၁,၉၄၀ မှတ်။”
“အထင်ကြီးခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၁,၁၂၀ မှတ်။”
“......”
ထိုအလိုအလျောက်ရမှတ်များ ဆက်တိုက်ထွက်ပေါ်လာမှုမှာ... ပွဲကြည့်ပရိသတ်များ၏ စိတ်ခံစားချက်မှာ သံသယစိတ်ကနေ ထိတ်လန့်တုန်လှုပ်မှု၊ ထိုမှတစ်ဆင့် မလွှဲမရှောင်သာ လေးစားအားကျမှုအဖြစ်သို့ မည်သို့မည်ပုံ ပြောင်းလဲသွားခဲ့လဲဆိုတာကို တကယ့်ကို ထင်ရှားစွာ ဖော်ပြနေခဲ့ခြင်း ဖြစ်ပေသည်။
ထိုထိုးဖောက်မှုတစ်ခုတည်းဖြင့်တင် သူသည် အလိုအလျောက်ရမှတ် တစ်သောင်းနီးပါးခန့် သိမ်းပူးရရှိခဲ့ပြီ ဖြစ်၏
သူသည် အလိုအလျောက်ရမှတ် တစ်ထောင်ကို အသုံးချလိုက်ရုံမျှဖြင့် အလိုအလျောက်ရမှတ် တစ်သောင်းနှင့်အတူ ဓားသိုင်းပညာဆိုင်ရာ ဗဟုသုတအမြောက်အမြားကို ရရှိခဲ့ခြင်း ဖြစ်ပေသည်။ ထိုလဲလှယ်မှုနှင့် ပတ်သက်ပြီး သူ ပြောဆိုရန် စကားသုံးခွန်းသာ ရှိပေသည် - တကယ့်ကို တန်လိုက်တာ။
ရွှီရှောင်ရှို့တစ်ယောက် ပျော်ရွှင်ဖွယ်ရာ အတွေးများအတွင်း နစ်မြုပ်နေစဉ်မှာပင်... အသိပေးချက်များ ဆက်တိုက် ထွက်ပေါ်လာခဲ့ဆဲ ဖြစ်သော်လည်း ထိုကိန်းဂဏန်းများမှာ တဖြည်းဖြည်း လျော့နည်းလာခဲ့ပြီ ဖြစ်သည်။
ဟင်
ဘာလို့ လူတိုင်းက သူ့ကို သံသယမျက်လုံးတွေနဲ့ ပြန်ပြီး ကြည့်လာကြတာလဲ...
သူ သူ၏ အတွေးစများကနေ ရုန်းထွက်လိုက်ပြီးနောက် ဘေးပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်သည့် အခါတွင်မူ... လူတိုင်းက သူ့ကို လူအတစ်ယောက်အား ကြည့်သကဲ့သို့ စိုက်ကြည့်နေကြတာကို မြင်တွေ့လိုက်ရတော့သည်။
“မင်း ပြီးပြီလား”
မိုမိုက မေးမြန်းလိုက်၏။
ရွှီရှောင်ရှို့ ခေတ္တမျှ စကားဆွံ့အသွားခဲ့ရသည်။ သူတို့အားလုံးက... သူ ကျင့်စဉ်အဆင့်မြှင့်တင်မှု ပြီးဆုံးပြီး လက်ရှိအချိန်သို့ ပြန်လည်ရောက်ရှိလာသည်အထိ စောင့်ဆိုင်းနေကြခြင်းလား။
ဘုရားရေ... သူ အရှက်ကွဲတော့မလို့ပဲ။
ကံကောင်းထောက်မစွာဖြင့် မိုမိုက လူကောင်းတစ်ယောက် ဖြစ်သဖြင့် သူ့ကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခြင်း မပြုခဲ့ပါချေ။
တကယ်တော့... သူမသာ အလစ်အငိုက် တိုက်ခိုက်ခဲ့မည်ဆိုလျှင်လည်း သူ၏ အချက်အလက်ဘားက သူ့ကို ချက်ချင်း အသိပေးလိမ့်မည် ဖြစ်သော်လည်း...
ရွှီရှောင်ရှို့ သက်ပြင်းတစ်ချက် ချလိုက်မိ၏
“ငါ ပြီးပါပြီ။ တိုက်ပွဲကို ဆက်ကြရအောင်!”
မိုမို လှုပ်ရှားရန် ပြင်ဆင်လိုက်စဉ်မှာပင်... ရွှီရှောင်ရှို့၏ မျက်ဝန်းများအတွင်းသို့ ဓားအလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ရတော့သည်။
“လွင့်မျောနေတဲ့ တိမ်ဖြူလေးခု - ဓားဆွဲထုတ်ခြင်း နည်းပညာ!”
အတိတ်တုန်းကဆိုလျှင်မူ... သူသည် သူ၏ ဓားကို မဆွဲထုတ်နိုင်ခင်မှာ ဓားသွား၏ အစိတ်အပိုင်းအချို့ကို အရင်ဆုံး မြင်တွေ့ရပေလိမ့်မည်။
သို့သော်လည်း ယခုအခါတွင်မူ သူသည် မွေးရာပါအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သဖြင့် သူ၏ ဓားစိတ်ဆန္ဒအပေါ် ထိန်းချုပ်နိုင်စွမ်းမှာ သိသိသာသာ တိုးတက်လာခဲ့ပြီ ဖြစ်၏။ ရွှီရှောင်ရှို့ ဓားဆွဲထုတ်လိုက်သည့် အရှိန်အဟုန်မှာ သာမန်မျက်စိဖြင့် မမြင်တွေ့နိုင်လောက်အောင်အထိ မြန်ဆန်လွန်းလှပေသည်
လေထုထဲတွင် ဖုန်မှုန့်များ လွင့်ပျံသွားခဲ့ရပြီး ပွဲကြည့်ပရိသတ်များ တောက်ပနေသည့် ဓားအလင်းတန်းကို မြင်တွေ့လိုက်ရသည့် အချိန်တွင်မူ... ၎င်းက မိုမို၏ ရှေ့တည့်တည့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
ချလွင်!
ရွှီရှောင်ရှို့၏ မျက်ခွံများ တွန့်ကွေးသွားခဲ့ရသည်။ ထိုအသံ ထပ်မံထွက်ပေါ်လာခဲ့ပြန်ပြီ။
ထိုဓားချက်မှာ သူ၏ မွေးရာပါအဆင့် ဓားစိတ်ဆန္ဒကို ပေါင်းစပ်ပြီး ဖွဲ့စည်းထားခြင်း ဖြစ်သော်လည်း... တစ်စုံတစ်ရာသော အကြောင်းရင်းကြောင့် မိုမိုက ၎င်းကို မိမိ၏ လက်ဗလာဖြင့် ထပ်မံ၍ ဖမ်းယူနိုင်ခဲ့ခြင်း ဖြစ်ပေသည်
မည်သို့ပင်ဖြစ်စေ... သူမသည် ထိုဓားချက်ကို သူမ၏ လက်နှစ်ဖက်စလုံးဖြင့် ဖမ်းယူထားခဲ့သော်လည်း၊ ထိုဓားချက်၏ ပြင်းထန်လှသော အရှိန်အဟုန်ကြောင့် သူမ အနောက်သို့ ဆုတ်ခွာသွားခဲ့ရတာကို မြင်တွေ့လိုက်ရသဖြင့် သူ စိတ်သက်သာရာ ရသွားခဲ့ရ၏။
သို့သော်လည်း သူမသည် ဓားချက်၏ အရှိန်အဟုန်ကို နှေးကွေးသွားအောင် ပြုလုပ်လိုက်သည်နှင့်အမျှ... ဖြူဖွေးလှသော ထိုဓားအလင်းတန်းမှာ သူမ၏ စုပ်ယူခြင်းကို ခံလိုက်ရပြီး ၎င်း၏ တောက်ပမှုများ တဖြည်းည်း လျော့နည်းလာခဲ့ရတော့သည်။
‘ဒီချိပ်ပိတ်ခြင်း သိုင်းပညာက တကယ့်ကို လိမ်လည်လှည့်ဖြားမှု တစ်ခုပဲ!’
ရွှီရှောင်ရှို့တစ်ယောက် ထိတ်လန့်တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်မိ၏။
သို့သော်လည်း သူ မိုမိုကို ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး ပေးလိမ့်မည် မဟုတ်ပါချေ။
ဓားဆွဲထုတ်ခြင်း နည်းပညာ။
သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်သည်နှင့်တစ်ပြိုင်နက် ပွဲကြည့်ပရိသတ်များ၏ အော်ဟစ်သံများနှင့်အတူ... သူသည် နောက်ထပ် ဖြူဖွေးလှသော ဓားအလင်းတန်းတစ်ခုကို မိုမိုထံသို့ လှမ်း၍ ပစ်လွှတ်လိုက်ပြန်သည်။
သူမ၏ လက်နှစ်ဖက်စလုံးမှာ အလုပ်ရှုပ်နေခဲ့တာလေ။ သူမအနေဖြင့် သူ၏ ဒုတိယမြောက် ဓားချက်ကို မည်သို့မည်ပုံ ပိတ်ဆို့နိုင်ပါဦးမည်နည်း။
ရွှီရှောင်ရှို့သည် အောင်ပွဲမှာ သူ၏ လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။ သို့သော်လည်း စိတ်ချရစေရန်အတွက် သူ နာကျင်မှုပုန်းကွယ်ခြင်းဓားကို သူ၏ ဓားအိမ်အတွင်းသို့ ထပ်မံ၍ ထိုးထည့်လိုက်ပြန်၏
“ဘုရားရေ... ရွှီရှောင်ရှို့က ရူးသွားတာလား။ သူ ဘာလို့ ရပ်နေတာလဲ”
ရွှီရှောင်ရှို့ ပွဲကြည့်ပရိသတ်များ ဘာတွေ တွေးတောနေလဲဆိုတာကို ဂရုစိုက်မနေခဲ့ပါချေ။ ဒုတိယမြောက် ဓားချက်၏ အနောက်တွင် သူသည် တတိယမြောက် ဓားချက်ကို ထုတ်ဖော်ပြသရန်အတွက် အသင့်ပြင်ဆင်လိုက်တော့သည်။
ကလင်!
ကြည်လင်လှသောအသံတစ်ခု လေထုထဲတွင် ပဲ့တင်ထပ်သွားခဲ့ရသည်။ ဓားကတော့ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သော်လည်း တောက်ပနေသည့် ဓားအလင်းတန်းကိုမူ လုံးဝ မြင်တွေ့ရခြင်း မရှိပါချေ။
ရွှီရှောင်ရှို့၏ မျက်နှာအမူအရာ တည်တင်းသွားခဲ့ရ၏။ သူ သူ၏ ဝိညာဉ်စွမ်းအင်များကို စစ်ဆေးကြည့်ရှုလိုက်သည့် အခါတွင်မူ... သူ၏ ဝိညာဉ်စွမ်းအင်များအားလုံး ခမ်းခြောက်သွားခဲ့ပြီဖြစ်ကြောင်း သတိပြုမိလိုက်တော့သည်။
“တောက်”
သူသည် သူ၏ လက်သီးများကို မြှောက်လိုက်ရင်း အရှေ့သို့ လျှင်မြန်စွာ ပြေးဝင်သွားလိုက်တော့၏။
ထိုအချိန်အတောအတွင်းမှာပင် ပြိုင်ပွဲစင်မြင့်၏ အခြားတစ်ဖက်တွင်မူ...
ရွှီရှောင်ရှို့၏ ပထမဦးဆုံး ဓားချက်ကြောင့် မိုမိုသည် ပြိုင်ပွဲစင်မြင့်၏ အစွန်းနားအထိ ရောက်ရှိသွားခဲ့ရသည်။ ဒုတိယမြောက် ဓားချက်က သူမ၏ ဦးခေါင်းကို ဖြတ်တောက်တော့မည့် အနေအထားသို့ ရောက်ရှိနေတာကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ... သူမသည် ရုတ်တရက်ဆိုသလို သူမ၏ ပါးစပ်ကို ဖွင့်ဟလိုက်ရင်း အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်တော့၏။
ဟင်း
သူမသည် ထိုဒုတိယမြောက် ဓားချက်ကို ဝါးမြိုပစ်လိုက်ခြင်း ဖြစ်ပေသည်။
ချလွင်!
ထို့နောက်တွင်မူ... ပြင်းထန်လှသော မြည်ဟီးသံတစ်ခုနှင့်အတူ သူမသည် ပထမဦးဆုံး ဓားချက်ကိုလည်း ရိုက်ချိုးပစ်လိုက်ပြန်၏။
လူတိုင်း မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ရပြီး မတ်တပ်ရပ်လိုက်ကြတော့သည်။ ရွှီရှောင်ရှို့တစ်ယောက် ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး... လက်သီးများကို မြှောက်ကာ အရှေ့သို့ တိုးဝင်နေသည့် လူငယ်လေးမှာ ချက်ချင်းပင် နောက်လှည့်ကာ လျှင်မြန်စွာ ထွက်ပြေးသွားခဲ့တော့၏။
‘ဘာကြီးလဲ...’
သူ စိတ်ထဲက တွေးလိုက်မိသည်။
‘သူမက မိစ္ဆာတစ်ကောင်ပဲ!’
‘သူမမှာ မွေးရာပါအဆင့် ခန္ဓာကိုယ်ကျင့်စဉ် မရှိဘဲနဲ့... ငါ့ရဲ့ ဓားစိတ်ဆန္ဒကို ဝါးမြိုပစ်လိုက်တယ်လား!’
‘သူမရဲ့ ခန္ဓာကိုယ်အတွင်းပိုင်းကနေ ဘာလို့ အပိုင်းပိုင်းအစစ မပြတ်တောက်သွားရတာလဲ။’
မိုမိုသည် တကယ့်ကို ပြင်းထန်လှသော နာကျင်မှုဝေဒနာကို ခံစားနေရသည့် ပုံစံမျိုး ရှိပေသည်။ သူမ၏ ပြိုင်ဘက်များ၏ တိုက်ခိုက်မှုကို အတင်းအဓမ္မ ချိပ်ပိတ်လိုက်ရခြင်းမှာ သူမအတွက်လည်း တကယ့်ကို စွမ်းအင်ကုန်ခမ်းစေမည့် အရာတစ်ခု ဖြစ်ရပေမည်။
ရွှီရှောင်ရှို့သည် နောက်ဆုတ်နေရင်း ခေတ္တမျှ ရပ်တန့်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူ ထိုအရာကို တကယ့်ကို ထင်ရှားစွာ သတိပြုမိသွားသောကြောင့် ဖြစ်၏
သူ မိုမိုထံသို့ ထပ်မံ၍ တိုးဝင်သွားပြန်သည်။
ပွဲကြည့်ပရိသတ်များမှာတော့ ဇဝေဇဝါ ဖြစ်သွားခဲ့ကြရ၏။
“လက်ရှိမှာ ရွှီရှောင်ရှို့ရဲ့ စိတ်ထဲမှာ အတွေးတွေ အများကြီး ရှိနေလောက်တယ်။ ဒါကြောင့်... သူက တိုက်ခိုက်မှာလား၊ မတိုက်ခိုက်ဘူးလား။”
“ဟားဟားဟား! ငါ သူ့ရဲ့ ခံစားချက်ကို တကယ့်ကို နားလည်ပေးနိုင်ပါတယ်...”
“တကယ်လို့ ငါသာဆိုရင်လည်း... ငါ့ရဲ့ ပြိုင်ဘက်က ငါ့ရဲ့ မွေးရာပါအဆင့် ဓားစိတ်ဆန္ဒကို ဝါးမြိုပစ်လိုက်တာကို မြင်တွေ့လိုက်ရရင် ကြောက်လန့်တုန်လှုပ်ပြီး ပြိုင်ပွဲစင်ပေါ်ကနေ ချက်ချင်း ခုန်ချမိသွားမှာပဲ”
ရွှီရှောင်ရှို့သည် သူ၏ လက်သီးများကို မြှောက်လိုက်ရင်း နောက်သို့ လှည့်ပြန်လာခဲ့သော်လည်း... ၎င်းက နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
မိုမိုသည် သူမ၏ ပြင်းထန်လှသော နာကျင်မှုဝေဒနာများကနေ ပြန်လည်၍ သက်သာရာရရှိသွားခဲ့ပြီ ဖြစ်၏။ သူမသည် သူမ ယခုလေးတင် ဝါးမြိုပစ်လိုက်သည့် ဓားချက်နှင့် ပတ်သက်ပြီး စဉ်းစားမနေတော့ဘဲ... လျှင်မြန်စွာဖြင့် လက်နှိပ်ကွက်များကို စတင်၍ ပုံဖော်လိုက်တော့သည်
ထိုမြင်ကွင်းကြောင့် ရွှီရှောင်ရှို့၏ မျက်ခွံများ ပြင်းထန်စွာ တုန်ခါသွားခဲ့ရ၏။ လွန်ခဲ့သည့် အကြိမ်တုန်းက ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်ခဲ့စဉ်က... သူသည် ကျောက်ချင်းထန်၏ ‘ပုံသဏ္ဍာန်မဲ့လှသော အအေးဓာတ်’ ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး အပေါက်များစွာ ဖြစ်သွားခဲ့ရဖူးသည်။
ယခုအခါတွင်မူ...
ရွှီရှောင်ရှို့သည် လျှပ်စီးတန်းတစ်ခုကဲ့သို့ အရှေ့သို့ တိုးဝင်သွားလိုက်ပြီး သူ၏ လက်သီးချက်ကို အရှေ့သို့ လှမ်း၍ ပစ်သွင်းလိုက်တော့သည်။ သူတို့သည် လက်မအနည်းငယ်မျှသာ ကွာဝေးတော့၏။
မိုမိုသည် သူမ၏ မျက်နှာနှင့် လက်မအနည်းငယ်မျှသာ ကွာဝေးတော့သည့် ထိုလက်သီးချက်ကို စိုက်ကြည့်လိုက်မိရင်း... သူမ၏ မျက်နှာကို ဘေးဘက်သို့ လျှင်မြန်စွာ ရွှေ့ပြောင်းလိုက်ပြီးနောက် သူတို့နှစ်ဦးကြားတွင် အကွာအဝေးတစ်ခုကို ထပ်မံ၍ ဖန်တီးလိုက်ကာ၊ သူမ၏ လက်ဖဝါးနှစ်ဖက်ကို အတူတကွ ပူးကပ်လိုက်တော့၏
“ကမ္ဘာမြေချိပ်ပိတ်ခြင်း သံကြိုးများ!”
သူသည် သူမနှင့် တကယ့်ကို နီးကပ်နေခဲ့တာလေ။ သူသည် မည်သူ သေဆုံးပြီး မည်သူ အသက်ရှင်ကျန်ရစ်မလဲဆိုတာကို ဆုံးဖြတ်နိုင်မည့် အခွင့်အရေးနှင့် ခြေလှမ်းတစ်လှမ်းသာ ကွာဝေးတော့ခြင်း ဖြစ်ပေသည်။ ရွှီရှောင်ရှို့ မိမိ အခွင့်အရေး ဆုံးရှုံးသွားခဲ့ပြီဖြစ်ကြောင်း သတိပြုမိလိုက်၏။
သူ၏ ထင်မြင်ချက်က မှန်ကန်နေခဲ့သည်။
ဘုန်း... ဘုန်း... ဘုန်း...
ကောင်းကင်ယံနှင့် မြေကမ္ဘာကြီး၏ ထောင့်စုံနေရာအသီးသီးကနေ ပြင်းထန်လှသော ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့ရပြီး အက်ကွဲကြောင်းကြီးများ ထွက်ပေါ်လာခဲ့တော့၏။ ထိုကြီးမားပြီး နက်မှောင်လှသော တွင်းနက်ကြီးများအတွင်းကနေ လူတစ်ဦး၏ ဦးခေါင်းခန့်ကျယ်ဝန်းလှသော နက်မှောင်လှသည့် သံကြိုးကြီးများ ချက်ချင်း ထွက်ပေါ်လာခဲ့ရပြီး ရွှီရှောင်ရှို့၏ ခြေလက်လေးဖက်စလုံးကို လာရောက်၍ ရစ်ပတ်ချိပ်ပိတ်လိုက်တော့သည်။
ဂျလွင်!
ရွှီရှောင်ရှို့၏ ခြေလက်များကို ဆွဲဖြဲပစ်တော့မည့် ပြင်းထန်လှသော ဆွဲငင်မှုကြီးနှင့်အတူ... ထိုသံကြိုးကြီးများမှာ တင်းကျပ်သွားခဲ့ရ၏။
ရွှီရှောင်ရှို့ သူ လက်ရှိနေရာမှာတင် အပိုင်းပိုင်းအစစ ဆွဲဖြဲခြင်း ခံရတော့မည်ဟု တွေးတောလိုက်မိသည်။ တကယ်လို့ သူ့ထံတွင် မွေးရာပါအဆင့် ခန္ဓာကိုယ်ကျင့်စဉ်သာ မရှိခဲ့ဘူးဆိုလျှင်မူ သူသည် လူသားတစ်ယောက်အဖြစ် တည်ရှိနေတော့မည် မဟုတ်ဘဲ ခန္ဓာကိုယ် အစိတ်အပိုင်း လေးခုအဖြစ်သို့ ပြတ်တောက်သွားပေလိမ့်မည်။
သူ၏ ပျက်စီးသွားခဲ့သည့် ခန္ဓာကိုယ်အတွင်းကနေ သွေးများ စဉ်ဆက်မပြတ် စီးဆင်းလာပေလိမ့်မည်…
ရွှီရှောင်ရှို့ ထိတ်လန့်တုန်လှုပ်သွားခဲ့ရ၏။ သူ ဘေးပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်သည့် အခါတွင်မူ... မိမိကိုယ်ကိုယ် ကောင်းကင်ယံနှင့် မြေကမ္ဘာကြီးဆီကနေ ဆန့်တန်းထွက်ပေါ်လာသည့် လေးလံလှသော သံကြိုးကြီးများကြောင့် လေထုထဲတွင် ချုပ်နှောင်ခြင်း ခံထားရတာကို မြင်တွေ့လိုက်ရတော့သည်။ သူသည် လက်ရှိတွင် လှုပ်ရှား၍မရနိုင်သော ပစ်မှတ်တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်၏။
ဒါက ဘယ်လိုမျိုး မှော်ပညာလဲ။
ရွှီရှောင်ရှို့ ငိုကြွေးမိလုမတတ် ဖြစ်သွားခဲ့ရသည်။ မွေးရာပါအဆင့် ဝိညာဉ်သိုင်းပညာများက ဤမျှလောက်အထိ စွမ်းအားကြီးမားရမည်လား။
ဒါက ကြောက်စရာကောင်းလွန်းတယ်။
ရှောင်ချီရှို့ မျက်မှောင်ကုတ်လိုက်မိ၏။ သူ ယခင်က ဤကဲ့သို့သော ဝိညာဉ်သိုင်းပညာမျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ပါချေ။ သို့သော်လည်း ၎င်းက ဝိညာဉ်စာကြည့်တိုက်ဌာနကနေ ထွက်ပေါ်လာခြင်း မဟုတ်ကြောင်းကိုမူ သူ သေချာပေါက် သိရှိပေသည်။
မိုမိုသည် ထိုအရာကို တစ်စုံတစ်ရာသော ကံကောင်းခြင်း အခြေအနေတစ်ခုကြောင့် ရရှိခဲ့ခြင်း ဖြစ်ရပေမည်။
ပွဲကြည့်ပရိသတ်များအကြားတွင် ထိုင်နေသည့် ကျန်းရှင်းရှုံ၏ မျက်နှာအမူအရာမှာလည်း လေးနက်တည်တင်းနေခဲ့သည်။ ကမ္ဘာမြေချိပ်ပိတ်ခြင်း သံကြိုးများက သူ့ကို တကယ့်ကို အံ့သြသွားစေခဲ့ခြင်း ဖြစ်၏။ “ဒါက အနည်းဆုံးတော့ အရှင်သခင်အဆင့် ဝိညာဉ်သိုင်းပညာတစ်ခုပဲ...”
“ဒီမိုမိုက အမှန်တကယ် ဘယ်သူလဲ။ သူမက ဘယ်ကနေ ရောက်လာတာလဲ။”
လျူကျိန်းတစ်ယောက် ဆွံ့အသွားခဲ့ရသည်။ အရှင်သခင်အဆင့် ဟုတ်လား။
အရှင်သခင်အဆင့် ဝိညာဉ်သိုင်းပညာဆိုသည်မှာ အတွင်းစည်း မှာပင် တကယ့်ကို မြင်တွေ့ရခဲလှသည့် အရာတစ်ခု ဖြစ်ပေသည်။
သံကြိုးများဖြင့် ချုပ်နှောင်ခြင်း ခံထားရလျက် လေထုထဲတွင် ဆွဲဆန့်ခြင်း ခံထားရသည့် ရွှီရှောင်ရှို့သည် ထိုအရာကနေ ရုန်းထွက်ရန်အတွက် အပြင်းအထန် ကြိုးစားလိုက်တော့၏။ သူသည် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကနေ ထက်မြက်ခြင်းအလင်းတန်း များကို ထုတ်ဖော်ပြသလိုက်သော်လည်း... သံကြိုး၏ ကွင်းဆက်တစ်ခုကိုမျှ ချိုးဖျက်နိုင်ခြင်း မရှိခဲ့ပါချေ။
“ငါတော့ သွားပြီ...”
“ဒါက လုံးဝ အဓိပ္ပာယ်မရှိဘူး။ ငါ့ရဲ့ မွေးရာပါအဆင့် ထက်မြက်ခြင်းအလင်းတန်းနဲ့တောင် ဒါကို ဘာလို့ မဖျက်ဆီးနိုင်ရတာလဲ”
ရွှီရှောင်ရှို့ လေထုထဲတွင် ဆွဲဆန့်ခြင်း ခံထားရရင်း တကယ့်ကို အေးစိမ့်လှသော ခံစားချက်တစ်ခုကို ခံစားလိုက်ရတော့သည်။ တကယ့်ကို အေးစိမ့်လွန်းလှတယ်...
မိုမိုကမူ သူမ၏ လက်နှိပ်ကွက်များကို စတင်၍ ပုံဖော်နေခဲ့ပြီ ဖြစ်၏...
‘မလုပ်နဲ့... မလုပ်ပါနဲ့ဦး!’
ရွှီရှောင်ရှို့တစ်ယောက် စိတ်ထဲကနေ အော်ဟစ်လိုက်မိသည်
သူ ရုတ်တရက်ဆိုသလို ဆီးသွားချင်စိတ် ပြင်းထန်စွာ ထွက်ပေါ်လာခဲ့ရပြီ ဖြစ်၏...
တစ်စုံတစ်ယောက်ကများ သူ့ကို လာရောက်၍ ကယ်တင်ပေးကြပါဦး။