ရွှီရှောင်ရှို့ လုံးဝ ဆွံ့အသွားခဲ့ရသည်။
ပထမဆုံးအဆင့်တုန်းက သူသည် ပြိုင်ဘက်အများအပြားနှင့် တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ရသည်။ အကြိုပတ်လည်ပွဲစဉ်အတွင်းမှာလည်း ကျင့်စဉ်အဆင့် (၁၀) ရှိသည့် လျူကျိန်းနှင့် လေမုန်တိုင်းဂုဏ်ထူးဆောင်စာရင်းတွင် အဆင့် (၇) ရှိသည့် ဝမ်ချုံတို့ကို တစ်ပြိုင်နက်တည်း အနိုင်ယူခဲ့ရ၏။ ထို့နောက် ဒုတိယအဆင့်ပွဲစဉ်တွင်မူ မွေးရာပါအဆင့်သို့ ရောက်ရှိရန် ခြေလှမ်းတစ်လှမ်းမျှသာ လိုတော့သည့် ကျိုးထျန်းရှန်းနှင့် မွေးရာပါအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည့် ကျောက်ချင်းထန်တို့ကို ရင်ဆိုင်ခဲ့ရပြန်သည်
ပို၍ဆိုးသည်မှာ... ကျိုးထျန်းရှန်းက အဆင့်မြင့် ဓားစိတ်ဆန္ဒ ကို ပိုင်ဆိုင်ထားပြီး၊ ကျောက်ချင်းထန်ကလည်း အဆင့်မြင့် ဓားစိတ်ဆန္ဒ ကို ပိုင်ဆိုင်ထားခြင်း ဖြစ်၏။
ဆီမီးဖိုင်နယ်ပွဲစဉ်တွင်မူ ‘ကပ်ပါးကောင်’ နှင့် ‘သွေးစုပ်ကောင်’ ကဲ့သို့သော မုဇီချီကို ထပ်မံရင်ဆိုင်ခဲ့ရပြန်သည်
သူသည် လေမုန်တိုင်းပြိုင်ပွဲကြီးအတွင်း၌ တစ်ဆင့်ပြီးတစ်ဆင့် တိုက်ခိုက်လာခဲ့ရစဉ်အတွင်း ခက်ခဲလှသော အတားအဆီးများစွာနှင့် စွမ်းအားကြီးမားလှသော ပြိုင်ဘက်များကို အစဉ်တစိုက် အနိုင်ယူကျော်ဖြတ်ခဲ့ရခြင်း ဖြစ်သည်။ သူ ခံစားခဲ့ရသည့် ဒုက္ခဝေဒနာများနှင့် ကြိုးစားအားထုတ်မှုများမှာ တကယ့်ကို ကြီးမားလွန်းလှပေသည်။
ရွှီရှောင်ရှို့သည် မိမိကိုယ်ကိုယ် ဤကမ္ဘာပေါ်တွင် အကုသိုလ်အများဆုံးနှင့် ကံအဆိုးဆုံးလူသားတစ်ဦး ဖြစ်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားခဲ့၏။
‘မိုမိုကို ကြည့်လိုက်ဦး’
‘သူမက သူမရဲ့ ပွဲစဉ်အားလုံးကို လက်တစ်ဖက်တည်းနဲ့ပဲ တိုက်ခိုက်ခဲ့တာလေ’
‘ဒါက တကယ့်ကို စိတ်ပျက်အားငယ်စရာကောင်းလှတဲ့ နှိုင်းယှဉ်ချက်ပဲ...’
သူ၏ ပါးပြင်ပေါ်တွင် ရုတ်တရက်ဆိုသလို အေးစိမ့်လှသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသဖြင့် ရွှီရှောင်ရှို့ ဖြည်းညှင်းစွာ နိုးထလာခဲ့ရာ... စေတနာကောင်းလှသော ဝန်ထမ်းတစ်ဦးက သူ၏ မျက်နှာကို လာရောက်သန့်စင်ပေးနေတာကို မြင်တွေ့လိုက်ရသဖြင့် ထိုပြုလုပ်ချက်ကြောင့် စိတ်လှုပ်ရှားသွားခဲ့ရသည်
“ဖိုင်နယ်ပွဲစဉ် စတင်တော့မှာလား။”
“ဟုတ်ကဲ့” ဟု ထိုဝန်ထမ်းက တိုတိုတုတ်တုတ်ပင် ပြန်လည်ဖြေကြားလိုက်ရင်း သူ၏ မျက်နှာသုတ်ပုဝါကို ရေဇလုံအတွင်းသို့ လှမ်း၍ ပစ်ချလိုက်တော့သည်။ ထို့နောက် သူ၏ မျက်ဝန်းများက ဝေးကွာရာသို့ လျှောက်လှမ်းသွားနေသည့် ရွှီရှောင်ရှို့၏ နောက်ကျောပြင်ဆီသို့ လိုက်ပါကြည့်ရှုနေခဲ့၏။
‘လူတစ်ယောက်က ဖိုင်နယ်ပွဲစဉ် မစတင်ခင် အခိုက်အတန့်လေးမှာတင် အိပ်ပျော်သွားနိုင်အောင် ဘယ်လောက်တောင် စိတ်အေးလက်အေး ရှိနေရတာလဲ’
“အထင်ကြီးခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၁။”
ရုတ်တရက်ဆိုသလို ရွှီရှောင်ရှို့ အနောက်သို့ လှည့်ကြည့်လိုက်သဖြင့် ထိုဝန်ထမ်းမှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။ သူသည် သူ၏ ရေဇလုံကို အနောက်တွင် အမြန်ဆုံး ဖုံးကွယ်ထားလိုက်မိရင်း မျက်နှာသုတ်ပုဝါကိုလည်း ရွှီရှောင်ရှို့ မမြင်တွေ့နိုင်အောင် ဝှက်ထားလိုက်တော့၏။
“ဘာဖြစ်လို့လဲ”
“မင်း ဘာလိုချင်လို့လဲ”
ရွှီရှောင်ရှို့ ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ သူ ‘နာကျင်မှုပုန်းကွယ်ခြင်း’ ဓားကို ဆင့်ခေါ်လိုက်ပြီးနောက် တံခါးဘက်သို့ နောက်ကျောပေးလျက် လေထုထဲသို့ ခုန်တက်လိုက်တော့၏။
အနက်ရောင် ဓားပြားကြီးမှာ လေထုထဲတွင် ဖြည်းညှင်းစွာ ပျံသန်းနေခဲ့သည်။ ထိုဓားသွား၏ အထက်တွင်မူ တကယ့်ကို ခန့်ညားထင်ရှားလှသော လူငယ်တစ်ဦးအသွင်ဖြင့် ရပ်တန့်နေခဲ့ခြင်း ဖြစ်၏။
ထိုဝန်ထမ်း တိတ်ဆိတ်စွာဖြင့် စိုက်ကြည့်နေခဲ့မိသည်
“ကျိန်ဆဲခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၁။”
‘ဒီလူငယ်က ဓားပေါ်ကို မတက်ခင် ဘာလို့ အနောက်ကို လှည့်ကြည့်နေရတာလဲ’
‘သူ ဓားပေါ်ကို ပုံမှန်အတိုင်း တက်သွားလို့ မရဘူးလား။’
‘သူ ဒီလိုမျိုး စိုက်ကြည့်နေတာက တစ်ဖက်လူကို အထင်အမြင်လွဲမှားစေနိုင်တယ်ဆိုတာကို သူ သတိမထားမိဘူးလား’
ရွှီရှောင်ရှို့ လုံးဝ မယုံကြည်နိုင် ဖြစ်သွားခဲ့ရသည်။ သူ ဘာအကြောင်းရင်းမျှ မရှိဘဲ ဘာလို့ ထပ်မံ၍ ကျိန်ဆဲခြင်း ခံလိုက်ရပြန်တာလဲ။
သူသည် သူ၏ နားနေဆောင်အတွင်းရှိ ဝန်ထမ်းနှစ်ဦးစလုံးမှာ တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း စိတ်ထဲကနေ ရိပ်မိလိုက်သည်။ သို့သော်လည်း ၎င်းက အဆင်ပြေပါသေးသည်။ ဤပွဲစဉ်ပြီးဆုံးသွားခဲ့မည်ဆိုလျှင်မူ သူ သူတို့ကို ထပ်မံ၍ မြင်တွေ့ရတော့မှာ မဟုတ်ပါချေ
သူသည် သူ့ကို အလိုအလျောက်ရမှတ် နှစ်မှတ်မျှသာ ပေးစွမ်းနိုင်ခဲ့သည့် ထိုရှုံးနိမ့်သူ နှစ်ဦးကို လက်ပြ၍ နှုတ်ဆက်လိုက်တော့သည်။
......
“လှောင်ပြောင်ခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၄၄၉။”
“သံသယဝင်ခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၂၂၄။”
“အထင်ကြီးခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၃။”
ရွှီရှောင်ရှို့ နားနေဆောင်အပြင်ဘက်သို့ လျှောက်လှမ်းထွက်ခွာလာခဲ့သည်နှင့်တစ်ပြိုင်နက် စိတ်လှုပ်ရှားတက်ကြွလာခဲ့ရသည်။ သူ၏ လက်တစ်ဖက်တွင် လေမုန်တိုင်းတံဆိပ်ပြားကို ကိုင်ဆောင်ထားရှိရင်း... သူ၏ ဦးခေါင်းကို ဘေးဘယ်ညာသို့ လှည့်လည်ကြည့်ရှုလိုက်ကာ လူတိုင်းထံသို့ တကယ့်ကို ရိုးသားလှသောအပြုံးတစ်ခုကို ထုတ်ဖော်ပြသလိုက်တော့၏
လူအုပ်ကြီး ရှိနေသည့် နေရာသည်ပင် သူ၏ စစ်မြေပြင် ဖြစ်ပေသည်။
အလိုအလျောက်ရမှတ်များကို ကြည့်လိုက်ဦး...
ဟင်။
ဘာလို့ လူသုံးယောက်တည်းကပဲ သူ့ကို အထင်ကြီးနေကြတာလဲ။
လေထုထဲတွင်ပင် ပျံသန်းနိုင်စွမ်း မရှိကြသည့် ဤသာမန်လူသားများက သူ့ကို လှောင်ပြောင်ရန် မည်သည့်အခွင့်အရေး ရှိနေလို့လဲ။
ထိုသို့ တွေးတောမိလိုက်သည်နှင့်တစ်ပြိုင်နက် ရွှီရှောင်ရှို့၏ အနက်ရောင် ဓားပြားကြီးမှာ ကောင်းကင်ယံထက်သို့ ပိုမို၍ မြင့်မားစွာ ပျံသန်းသွားခဲ့ရပြီး... ၎င်းက ထိုသာမန်လူသားများနှင့် ပိုမို၍ ဝေးကွာသော နေရာတွင် တည်ရှိနေလိုသည့် သူ၏ စိတ်ဆန္ဒကို ဖြည့်ဆည်းပေးလိုက်သလိုမျိုး ဖြစ်နေခဲ့သည်။
“လှောင်ပြောင်ခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၅၄၁။”
“လှောင်ပြောင်ခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၆၂၃။”
ဟင်။
ဒါက မျှော်လင့်မထားခဲ့သည့် အကျိုးကျေးဇူးတစ်ခုပဲ။
ရွှီရှောင်ရှို့၏ မျက်ဝန်းများအတွင်း ဝမ်းမြောက်မှုများဖြင့် တောက်ပသွားခဲ့ရပြီး ကောင်းကင်ယံထက်သို့ ပိုမို၍ မြင့်မားစွာ ပျံသန်းလိုက်ပြန်သည်။
“လှောင်ပြောင်ခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၇၇၇။”
ဒါက တကယ့်ကို အံ့သြစရာကောင်းလွန်းတယ်။
နောက်ထပ်တစ်ကြိမ်လောက်။
“လှောင်ပြောင်ခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၈၆၄။”
မဆိုးပါဘူး။ တကယ့်ကို မဆိုးပါဘူး။
ဒီအတိုင်းပဲ ဆက်သွားစမ်း...
“အား!”
ရုတ်တရက်ဆိုသလို သူ၏ ဦးခေါင်းအထက်တွင် တစ်စုံတစ်ခုနှင့် တိုက်မိသွားသလိုမျိုး ခံစားလိုက်ရသည်
သူတို့က ကောင်းကင်ယံထက်မှာ ရှိနေကြတာလေ။ သူ လေကြောင်းမတော်တဆမှုတစ်ခုနှင့် ရင်ဆိုင်လိုက်ရတာလား။
ရွှီရှောင်ရှို့ အထက်သို့ မော့ကြည့်လိုက်မိ၏။
ရှောင်ချီရှို့၏ မျက်နှာပေါ်ရှိ အမူအရာမှာ မုန်တိုင်းတိမ်တိုက်တစ်ခုကဲ့သို့ လုံးဝ မည်းမှောင်နေခဲ့ရသည်။ သူ၏ ညာဘက်လက်ဖြင့် အနောက်ရှိ ဓားရှည်ကြီးကို ကိုင်ဆောင်ထားရှိရင်း သေဆုံးသွားခဲ့သည့် လူတစ်ဦးကို ပြောဆိုနေသလိုမျိုး တည်ငြိမ်လှသောအသံဖြင့် ပြောဆိုလိုက်တော့၏
“ကဲ... ဆက်ပြီးတော့ ပျံသန်းစမ်းပါ။ စိုးရိမ်မနေပါနဲ့၊ မင်း ဒီထက်မက ပိုပြီးတော့ မြင့်တဲ့နေရာကို သွားလို့ရပါတယ်”
‘မဖြစ်နိုင်တာ... ဒါက လေးစားရတဲ့ ဒိုင်လူကြီး မဟုတ်လား’
သူ စိတ်ထဲက တွေးလိုက်မိရင်း ထိတ်လန့်တုန်လှုပ်မှုကြောင့် သေလုမတတ် ဖြစ်သွားခဲ့ရသည်။
ကောင်းကင်ဘုံ။
ရွှီရှောင်ရှို့ အနေရခက်စွာဖြင့် ပြုံးပြလိုက်မိရင်း အကာအကွယ်အတားအဆီးအတွင်းသို့ ချက်ချင်း ပြန်လည်၍ ဆင်းသက်လိုက်တော့၏။
“ဟားဟားဟား! အဲဒီ ရွှီရှောင်ရှို့ကတော့... ငါ တကယ်ပဲ သူ့ကို မယုံနိုင်တော့ဘူး!”
ပွဲကြည့်ပရိသတ်များအားလုံး တဟားဟား အော်ဟစ်ရယ်မောလိုက်ကြတော့သည်။ ရွှီရှောင်ရှို့မှလွဲ၍ အခြားမည်သူမျှ အကြီးအကဲရှောင်ကို ဤမျှလောက်အထိ ဒေါသထွက်အောင် ပြုလုပ်နိုင်စွမ်း မရှိပါချေ
အခြားတစ်ဖက်တွင်မူ
မိုမိုသည် ပြိုင်ပွဲစင်မြင့်ထက်ကနေ လုံးဝ ထွက်ခွာသွားခဲ့ခြင်း မရှိပါချေ။ သူမသည် ထိုနေရာတွင်သာ အနားယူနေခဲ့ခြင်း ဖြစ်သဖြင့်... ရွှီရှောင်ရှို့တစ်ယောက် ပြိုင်ပွဲအတွင်း၌ မည်သို့မည်ပုံ တက်ရောက်လာခဲ့လဲဆိုတာကို သဘာဝကျစွာပင် မြင်တွေ့ခဲ့ရခြင်း ဖြစ်၏။
သူမ၏ နှုတ်ခမ်းထောင့်များ ပင့်တက်သွားခဲ့ရပြီး ပြုံးလိုက်မိတော့သည်
“ရွှီရှောင်ရှို့... ငါ ပြိုင်ပွဲရဲ့ ပထမဆုံးအဆင့်ကတည်းက နင့်ကို စောင့်ကြည့်နေခဲ့တာပါ။ နင့်မှာ တကယ့်ကို...” သူမ သင့်တော်လှသောအသုံးအနှုန်းကို စဉ်းစားလိုက်မိရင်း နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်တော့၏။ “တကယ့်ကို ဟာသဉာဏ် ရှိတာပဲ”
“ချီးမွမ်းခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၁။”
ရွှီရှောင်ရှို့ သူမ၏ ကြေးဝါအိုးကြီးကိုသာ စိုက်ကြည့်နေခဲ့မိသည်။ အတိအကျ ပြောရမည်ဆိုလျှင်မူ သူသည် ထိုကြေးဝါအိုးကြီးကို ကိုင်ဆောင်ထားသည့် သူမ၏ ညာဘက်လက်ကို စိုက်ကြည့်နေခဲ့ခြင်း ဖြစ်၏။
“တကယ့်ကို လှပတာပဲ!”
ထိုမျှော်လင့်မထားခဲ့သည့် ချီးမွမ်းစကားကြောင့် မိုမို၏ ပါးပြင်လေးနှစ်ဖက် နီရဲသွားခဲ့ရသည်။ ဒါက တစ်စုံတစ်ဦးက သူမ၏ မျက်နှာချင်းဆိုင်တွင် သူမကို လှပကြောင်း ပထမဦးဆုံးအကြိမ် ပြောဆိုဖူးခြင်း ဖြစ်ပေသည်
သူမ ထိုချီးမွမ်းစကားကို မည်သို့ပြန်လည်ပြောဆိုရမလဲဟု စဉ်းစားနေခဲ့စဉ်မှာပင် ရွှီရှောင်ရှို့က အလျင်အမြန် ဖြည့်စွက်ပြောဆိုလိုက်တာကို ကြားလိုက်ရ၏။ “ငါ ပြောတာက အဲဒီ ကြေးဝါအိုးကြီးကို ပြောတာပါ။”
မိုမို စကားတစ်လုံးမျှ မဆိုခဲ့ပါချေ။
ရွှီရှောင်ရှို့ သူ၏ ဦးခေါင်းကို ကုတ်လိုက်မိသည်။ သူ ထိုစကားကို မပြောခဲ့သင့်ဘူးဟု စိတ်ထဲကနေ ခံစားလိုက်ရသောကြောင့် ဖြစ်၏။
“နင်လည်း သေချာပေါက် လှပပါတယ်၊ မတူညီတဲ့ နည်းလမ်းနဲ့ လှပတာမျိုးပေါ့”
မိုမို ဆက်လက်၍ တိတ်ဆိတ်နေခဲ့ဆဲ ဖြစ်သည်
“ကျိန်ဆဲခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၁။”
ရွှီရှောင်ရှို့ လုံးဝ ဇဝေဇဝါ ဖြစ်သွားခဲ့ရပြန်၏။
‘ဘာတွေ ဖြစ်နေတာလဲ’
‘ငါ သူမရဲ့ အလှအပကို ချီးမွမ်းခန်းဖွင့်ပေးခဲ့တာလေ။ သူမက ငါ့ကို ဘာလို့ ကျိန်ဆဲရပြန်တာလဲ’
‘မိန်းမတွေများ...’
သူသည် ထိုကြေးဝါအိုးကြီးဆီသို့ ဆွဲဆောင်ခြင်း ခံလိုက်ရသလိုမျိုး အရှေ့သို့ လျှောက်လှမ်းသွားခဲ့သည်။ သူသည် ထိုအရာကို တကယ့်ကို ထိတွေ့ကိုင်တွယ်ကြည့်ချင်နေသည့် ပုံစံမျိုး ဖြစ်နေခဲ့သော်လည်း ဤကဲ့သို့သော အတွေးမျိုးက မသင့်တော်ဟု ယူဆလိုက်မိပြန်၏။ နောက်ဆုံးတွင်တော့ သူ မအောင့်အီးနိုင်တော့ဘဲ လွှတ်ခနဲ ပြောဆိုလိုက်တော့သည်
“ငါ ထိုအရာကို ကြည့်လို့ရမလား။”
မိုမိုတစ်ယောက် တစ်စုံတစ်ခုကို ပြောဆိုချင်နေသည့် ပုံစံမျိုး ဖြစ်နေခဲ့သော်လည်း... နောက်ဆုံးတွင်တော့ သူမ သူမ၏ လက်ကို ဆန့်ထုတ်လိုက်ရင်း ထိုကြေးဝါအိုးကြီးကို သူ့ထံသို့ လှမ်း၍ ပေးအပ်လိုက်တော့သည်။
တကယ်လို့ အခြားတစ်စုံတစ်ယောက်သာ ဤကဲ့သို့ တောင်းဆိုခဲ့မည်ဆိုလျှင်မူ လုံးဝ ဖြစ်နိုင်မှာ မဟုတ်သော်လည်း ဤကောင်လေးကတော့...
ထားလိုက်ပါတော့... သူ အခုတင်ပဲ သူမကို ချီးမွမ်းစကား ပြောဆိုခဲ့သည် မဟုတ်ပါလား။ သူမသည် သူ၏ စကားများကို ချီးမွမ်းစကားအဖြစ်သာ သတ်မှတ်ရန် ဆုံးဖြတ်လိုက်သည်။
ခေတ္တခဏမျှ ကြည့်ရှုရုံမျှဖြင့်တင် မည်သည့်ထိခိုက်မှုမျှ ရှိလာမှာ မဟုတ်ပါချေ။
မိုမို၏ ခွင့်ပြုချက်ကို ရရှိသွားခဲ့ပြီဖြစ်သဖြင့် ရွှီရှောင်ရှို့ အရှေ့သို့ လျှောက်လှမ်းသွားခဲ့ပြီး သူမ၏ ညာဘက်လက်ကို သူ၏ နူးညံ့ပြီး နွေးထွေးလှသော လက်ချောင်းများဖြင့် လှမ်း၍ ဖမ်းကိုင်လိုက်တော့သည်။
“နင်...”
မိုမိုသည် လျှပ်စစ်ဓာတ်လိုက်သွားသလိုမျိုး ပုံစံဖြင့် သူမ၏ လက်ကို ချက်ချင်းပင် အနောက်သို့ ဆွဲထုတ်လိုက်မိရာ... ထိုကြေးဝါအိုးကြီးမှာ ရွှီရှောင်ရှို့၏ လက်ဖဝါးအတွင်း၌သာ ကျန်ရှိနေခဲ့တော့၏။
ရွှီရှောင်ရှို့ ထိတ်လန့်တုန်လှုပ်စွာဖြင့် သူမကို စိုက်ကြည့်လိုက်မိသည်။ သူ သူ၏ မျက်ဝန်းများကို အောက်သို့ နှိမ့်ချလိုက်မိရင်း သူမ၏ ညာဘက်လက်ထံသို့ ကြည့်ရှုလိုက်သည့် အခိုက်အတန့်ကျမှသာ အခုတင်ပဲ ဘာတွေ ဖြစ်ပျက်သွားခဲ့လဲဆိုတာကို သဘောပေါက်သွားခဲ့ရတော့၏
“ငါ တကယ်ပဲ တောင်းပန်ပါတယ်။ ဒါက ငါ့ရဲ့ ရိုင်းပျမှု ဖြစ်သွားခဲ့ရပြီ။ ငါက ဒီကြေးဝါအိုးကြီးကြောင့်ပဲ ဆွဲဆောင်ခြင်း ခံလိုက်ရတာပါ၊ အခြားဘယ်လိုမျိုး ရည်ရွယ်ချက်မှ မရှိပါဘူး...”
သူ အထပ်ထပ်အခါခါ တောင်းပန် စကား ဆိုလိုက်တော့သည်။
“...စိတ်ထဲ မထားပါနဲ့။”
မိုမို စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိရင်း သူမ၏ ပုခုံးများကို အနည်းငယ်မျှ လှုပ်ခါလိုက်၏။ ထိုလူငယ်က တကယ့်ကို ရိုးသားလှသည့် ပုံစံ ရှိနေခဲ့သဖြင့် ၎င်းက သေချာပေါက်ပင် မတော်တဆမှုတစ်ခုသာ ဖြစ်ပေလိမ့်မည်။
ပွဲကြည့်ပရိသတ်များမှာတော့ ထိုပြိုင်ဘက်နှစ်ဦး၏ လှုပ်ရှားမှုများကြောင့် ဇဝေဇဝါ ဖြစ်သွားခဲ့ကြရသည်။ သူတို့က ဘာလို့ ဒီလောက်တောင် ယဉ်ကျေးပျူငှာနေကြရတာလဲ။
သူတို့က တစ်ဦးကိုတစ်ဦး ချီးမွမ်းစကားများ ပြောဆိုခဲ့ကြပြီး... သူတို့၏ လက်ချင်းလည်း ထိတွေ့ခဲ့ကြသေးသည်။ သူတို့ လက်ချင်းတွဲလိုက်ကြပြီး ပြိုင်ပွဲကြီး၏ အဆုံးသတ်နှင့် သူတို့၏ ပူးတွဲအောင်ပွဲကို ဘာလို့ ကြေညာမလိုက်ကြတာလဲ
“သူတို့ ဘာလုပ်နေကြတာလဲ။ တိုက်ပွဲက ဘာလို့ မစတင်သေးတာလဲ။”
“ဘာလို့ ဒီလောက်တောင် အလောတကြီး ဖြစ်နေရတာလဲ။ ရွှီရှောင်ရှို့က အနားယူဖို့အတွက် ခွင့်ပြုချက် ရထားတာပဲ။ ဒါ့အပြင် သူက ကြေးဝါအိုးကြီးကို ဒီအတိုင်းပဲ ကြည့်ရှုနေတာလေ၊ တကယ်လို့ စောင့်ဆိုင်းဖို့ ဆန္ဒမရှိဘူးဆိုရင်လည်း မကြည့်ပါနဲ့ဦး!”
“အဲဒီ ကြေးဝါအိုးကြီးက ဘာလို့ ဒီလောက်တောင် ဆွဲဆောင်မှု ရှိနေရတာလဲ”
“ဟိဟိ... အဲဒီအရာက လေမုန်တိုင်းဂုဏ်ထူးဆောင်စာရင်းမှာ အဆင့် (၁) ရှိတဲ့ တိုက်ခိုက်ရေးသမားရဲ့ လက်ထဲကနေ ဘယ်တော့မှ မခွာတဲ့ ဆန်းကြယ်လှတဲ့ ရတနာတစ်ပါးလေ၊ ငါလည်း အဲဒီအရာကို ကြည့်ချင်မိတာပဲ!”
ရွှီရှောင်ရှို့ကတော့ ထိုပွဲကြည့်ပရိသတ်များ မည်သို့တွေးတောနေကြသည်ဖြစ်စေ မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိပါချေ။ သူသည် ထိုကြေးဝါအိုးကြီးကို လေးနက်စွာ လေ့လာနေသည့် ပုံစံမျိုး ပြုလုပ်ထားခဲ့သော်လည်း သူ၏ ရင်ဘတ်အတွင်းရှိ နှလုံးသားမှာမူ ပြင်းထန်စွာ ခုန်ခတ်နေခဲ့ရပြီ ဖြစ်၏။
သူ့ရဲ့ ထင်မြင်ချက်က မှန်ကန်နေခဲ့သည်။
သူ့ရဲ့ အာရုံခံနိုင်စွမ်းက တကယ့်ကို မှန်ကန်နေခဲ့ခြင်း ဖြစ်၏။
သူ ပြိုင်ပွဲစင်မြင့်ထက်သို့ လျှောက်လှမ်းဝင်ရောက်လာခဲ့ပြီး သူ၏ ‘အာရုံခံခြင်း’ စွမ်းရည်က ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည့် အခိုက်အတန့်ကတည်းက... သူသည် အကာအကွယ်အတားအဆီးအတွင်း၌ ထူးခြားပြီး ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားတစ်ခု ရှိနေကြောင်း တစ်စုံတစ်ရာသော အတိုင်းအတာအထိ အာရုံခံမိလိုက်ခြင်း ဖြစ်သည်
အချိန်အတော်ကြာ ရှာဖွေပြီးနောက်တွင်တော့... သူသည် မိုမို၏ ညာဘက်လက်ထဲတွင် ရှိနေသည့် ထိုကြေးဝါအိုးကြီးဆီသို့ လုံးဝ အာရုံစိုက်မိသွားခဲ့ရခြင်း ဖြစ်၏။
သို့သော်လည်း ‘အာရုံခံခြင်း’ စွမ်းရည်က ခန္ဓာကိုယ်ချင်း ထိတွေ့ကိုင်တွယ်ခြင်း မရှိဘဲနှင့်တော့ အရာအားလုံးကို ရှင်းလင်းစွာ ခွဲခြားနိုင်စွမ်း မရှိပါချေ။ သူမ၏ ညာဘက်လက်ကို ထိတွေ့နိုင်ရန်အတွက်... သူသည် မိုမိုကို သူ၏ ထောင်ချောက်အတွင်းသို့ ဖြည်းဖြည်းချင်း ဆွဲသွင်းခဲ့ရခြင်း ဖြစ်ပြီး နောက်ဆုံးတွင်တော့ သူ လိုလားတောင့်တနေသည့် အရာကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။
သူတို့၏ လက်ချင်း ထိတွေ့သွားခဲ့သည့် အခိုက်အတန့်တွင်... သူသည် မိုမို၏ ညာဘက်လက်အတွင်း၌ ကိန်းအောင်းနေသည့် ထိုစွမ်းအားများကို ရှင်းလင်းစွာ ခံစားလိုက်ရပြီး၊ ၎င်းက သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အခြားသော ဝိညာဉ်စွမ်းင်များထက်စာလျှင် ဆယ်ဆမက ပိုမို၍ စွမ်းအားကြီးမားလွန်းလှပေသည်။
၎င်းက အနည်းဆုံး ဆယ်ဆမက ပိုမို၍ စွမ်းအားကြီးမားခြင်း ဖြစ်၏။
ထို့ပြင် သူ ခွဲခြားနိုင်စွမ်း မရှိသေးသည့် အခြားသော ထူးခြားလှသည့် စွမ်းအားများလည်း ပါဝင်နေခဲ့သေးသည်။
ဘာကြီးလဲ...
သူမက ဘယ်လိုမျိုး မိစ္ဆာကောင်လဲ
မိုမိုသည် သူမ၏ ဘယ်ဘက်လက်တစ်ဖက်တည်းကိုသာ အသုံးချပြီး ဖိုင်နယ်ပွဲစဉ်သို့ တက်ရောက်လာခဲ့ခြင်း ဖြစ်သည်။
ရွှီရှောင်ရှို့ စတင်၍ ထိတ်လန့်တုန်လှုပ်လာခဲ့ရပြီ ဖြစ်၏။ သူသည် မိမိ၏ အရှေ့တွင် ရှိနေသည့် ပြိုင်ဘက်မှာ ယခင် ကျောက်ချင်းထန်နှင့် မုဇီချီတို့ကဲ့သို့သောလူများနှင့် လုံးဝ နှိုင်းယှဉ်၍မရနိုင်လောက်အောင် ကွဲပြားခြားနားလှသည့် အဆင့်တစ်ခုတွင် တည်ရှိနေကြောင်း စိတ်ထဲကနေ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
သူသည် အကြီးအကဲချောင် ပေးပို့ထားခဲ့သည့် စာစောင်အတွင်းရှိ အကြောင်းအရာများကို ပြန်လည်အမှတ်ရသွားခဲ့မိ၏။
ချိပ်ပိတ်ခြင်း သိုင်းပညာ...
‘ဒါက ငါ့ကို တကယ်ပဲ ထိတ်လန့်စေတာပဲ။ သူမရဲ့ ညာဘက်လက်မောင်းတစ်ခုလုံးက ချိပ်ပိတ်ခြင်း ခံထားရတာမျိုးလား ဘာလဲ။’