“နေဦး... သူ နိုင်သွားတာလား။ ဒီအတိုင်းကြီးပဲလား။”
ပွဲကြည့်ပရိသတ်များမှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားခဲ့ရပြီး... အတွင်းစည်းဝန်းအတွင်းက အချို့သော တိုက်ခိုက်ရေးသမားများပင်လျှင် မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ဆွံ့အသွားခဲ့ကြရသည်။
၎င်းသည် အပြင်စည်းပွဲစဉ်များ၏ သမိုင်းတစ်လျှောက်တွင် အရိုးရှင်းဆုံး နဲ့ နားလည်ရခက်ဆုံးသော အောင်ပွဲတစ်ခု ဖြစ်ပေလိမ့်မည်
ရှုံးနိမ့်သွားခဲ့ရသည့်လူကော အောင်နိုင်သူဖြစ်သွားသည့်လူပါ တူညီစွာပင် ဇဝေဇဝါ ဖြစ်နေခဲ့ကြခြင်း ဖြစ်၏
“တိုက်ပွဲရဲ့ ပထမပိုင်းတုန်းကတော့ တကယ့်ကို အမိုက်စားပဲ၊ ဒါပေမဲ့ ဒုတိယပိုင်းကျမှ ဘာလို့ အခြေအနေတွေက ဒီလောက်တောင် ထူးဆန်းတဲ့ဘက်ကို ပြောင်းလဲသွားရတာလဲ။”
“မေးလို့ မဝသေးဘူးလား။ အဲဒါ ရွှီရှောင်ရှို့လေ... ဒါကြောင့်ပဲ ဒီလိုမျိုး ရလဒ်ထွက်လာတာက ရွှီရှောင်ရှို့နဲ့ပတ်သက်ရင်တော့ တကယ့်ကို ပုံမှန်အခြေအနေတစ်ခုပဲ...”
“ဟားဟားဟား... ငါ သူပါဝင်တဲ့ ပွဲစဉ်အားလုံးကို ကြည့်ဖူးတယ်၊ တကယ်လို့ ရလဒ်က ထူးထူးဆန်းဆန်း ဖြစ်မလာဘူးဆိုရင် အဲဒါ ရွှီရှောင်ရှို့ရဲ့ ပွဲစဉ် မဟုတ်တော့ဘူး”
“ဟုတ်ပါ... ဒါပေမဲ့ ဒါက ဆီမီးဖိုင်နယ်ပွဲစဉ်လေ...”
အချို့လူများကတော့ ဤကဲ့သို့သော ရလဒ်ကို လုံးဝ မယုံကြည်နိုင်ဖြစ်နေခဲ့ကြဆဲ ဖြစ်ပြီး... ယခင်နှစ်များက တကယ့်ကို အလွန်အမင်း ပြင်းထန်လေ့ရှိသည့် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ယနေ့တွင် ဘာကြောင့် ဤမျှလောက်အထိ ရှုပ်ထွေးပွေလီစွာ ပြီးဆုံးသွားခဲ့ရတာလဲဟု တွေးတောနေခဲ့ကြ၏
“သံသယဝင်ခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၆၆၄။”
“သံသယဝင်ခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၁၂၁။”
ထိုတိုက်ပွဲနှင့်ပတ်သက်ပြီး မည်သို့တွေးတောရမည်ကို မည်သူမျှ မသိရှိကြပါချေ။
ပွဲကြည့်ပရိသတ်များကို ထားလိုက်ပါဦး... ရွှီရှောင်ရှို့ကိုယ်တိုင်ပင်လျှင် ဤအခြေအနေတစ်ခုလုံးကြောင့် ဇဝေဇဝါ ဖြစ်နေခဲ့ရသည်။
သူသည် သူ၏ အောင်ပွဲအတွက် မုဇီချီ၏ ထိုကိုက်ခဲမှုဒဏ်ကို သေချာပေါက် အသိအမှတ်ပြုရမည် ဖြစ်၏။ မဟုတ်လျှင်မူ နောက်ဆုံးရလဒ်က မည်သို့ဖြစ်လာမည်ကို မည်သူမျှ အာမခံနိုင်မှာ မဟုတ်ပါချေ။
တကယ်လို့ သူမ၏ ထိုလောဘတကြီး ကိုက်ခဲမှုကြောင့် သူမကိုယ်တိုင် သွက်ချာပါဒလိုက်သလိုမျိုး မဖြစ်သွားခဲ့ဘူးဆိုလျှင်... သူ သူမကို ပြိုင်ပွဲစင်မြင့်အပြင်ဘက်သို့ လှမ်း၍ ပစ်ချနိုင်ရန်အတွက် အချိန်အလုံအလောက် ရရှိမှာ မဟုတ်ဘဲ၊ သူကိုယ်တိုင်ပင် အရှုံးနှင့် ရင်ဆိုင်သွားရနိုင်ချေ ရှိပေသည်
သို့သော်လည်း ထိုအရာကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ... ၎င်းက လက်ရှိလက်တွေ့အရှိတရားပင် ဖြစ်၏။
သူ သူ၏ ခန္ဓာကိုယ်ကို ဖြောင့်မတ်လိုက်မိရင်း... လျှောက်လှမ်းနေစဉ်အတွင်း ပွဲကြည့်ပရိသတ်များထံသို့ လက်ဟန်ခြေဟန် ပြုလုပ်လိုက်ပြီး၊ မိမိအပေါ် သံသယဝင်မှုများကြောင့် ရရှိလာသည့် အလိုအလျောက်ရမှတ်များကို စစ်ဆေးလိုက်ရင်း စိတ်ထဲကနေ တကယ့်ကို ကျေနပ်မိနေခဲ့သည်။
တကယ့်ကို အမိုက်စားပဲ။
သူ နားနေဆောင်အတွင်းသို့ လျှောက်လှမ်းဝင်ရောက်သွားခဲ့ပြီးနောက်တွင်တော့ အကာအကွယ်အတားအဆီးကြောင့် ပြင်ပက သတင်းအချက်အလက်များ လုံးဝ ပိတ်ဆို့သွားခဲ့သော်လည်း... စနစ်၏ အကြောင်းကြားစာများမှာမူ ဆက်လက်၍ ပေါ်ထွက်နေခဲ့ဆဲ ဖြစ်၏
“သံသယဝင်ခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၂။”
“သံသယဝင်ခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၂။”
“...”
ရွှီရှောင်ရှို့ ထိုနေရာတွင် မှင်တက်လျက် ရပ်နေကြသည့် ဝန်ထမ်းနှစ်ဦးထံသို့ လှမ်း၍ ကြည့်ရှုလိုက်မိရင်း အနေရခက်စွာဖြင့် ပြုံးပြလိုက်တော့သည်။
သူသည် အောင်ပွဲတစ်ခုကို ပိုင်ဆိုင်ထားလျက် ရှေ့သို့ ဆက်လက်လျှောက်လှမ်းခဲ့ပြီး... အခြားလူများ၏ သံသယဖြစ်ဖွယ် မေးခွန်းများကိုတော့ အနောက်တွင်သာ ထားရစ်ခဲ့တော့၏။
သူ၏ အလိုအလျောက် စွမ်းရည်များကြောင့် ဖိုင်နယ်ပွဲစဉ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည့် ထိုအမျိုးသားသည် သူ၏ အဝတ်လဲခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး... သူ၏ တစ်ကိုယ်လုံးရှိ ဖုန်မှုန့်များနှင့် သွေးစွန်းကြောင်းများကို သန့်စင်အောင် ဆေးကြောသုတ်သင်ပစ်လိုက်ပြီးနောက် တရားထိုင်ရန်အတွက် ကုလားထိုင်ပေါ်တွင် ပြန်လည်ထိုင်လိုက်တော့သည်။
ရွှီရှောင်ရှို့ ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်မိရင်း... ယခင်တိုက်ခိုက်ခဲ့သည့် ပွဲစဉ်ကို ပြန်လည်၍ သုံးသပ်လိုက်မိ၏။
သူသည် မုဇီချီ တကယ့်ကို စွမ်းအားကြီးမားကြောင်း ဝန်ခံရမည် ဖြစ်သည်။
ဤမိန်းကလေးငယ်သည် တိုက်ခိုက်ရေး၏ အခြားသော နည်းလမ်းသစ်များကို သူ မြင်တွေ့နိုင်စွမ်းရှိအောင် မျက်စိဖွင့်ပေးခဲ့သူ ဖြစ်ပေသည်။ သူသည် မွေးရာပါအဆင့်တွင် ထုတ်ဖော်ပြသနိုင်သည့် ထိုမတူညီလှသော တိုက်ခိုက်ရေးနည်းလမ်းများကြောင့် တကယ့်ကို အထင်ကြီးမိရ၏။
“ကျောက်ချင်းထန်... မုဇီချီ...”
‘အင်း... ကျိုးထျန်းရှန်းကိုလည်း ထည့်သွင်းတွက်ချက်လို့ရတာပဲ’
ရွှီရှောင်ရှို့သည် သူ မွေးရာပါအဆင့်သို့ ရောက်ရှိသွားပြီးနောက်တွင် ရရှိလာမည့် တိုးတက်မှုများကို တကယ့်ကို မျှော်လင့်မိနေခဲ့ပြီ ဖြစ်၏။
သူ၏ စိတ်ကူးထဲတွင်တော့... သူသည် ဤကဲ့သို့သော အလိုအလျောက် စွမ်းရည်များအတွင်း၌တင် ကန့်သတ်ခံထားရတော့မှာ မဟုတ်ဘဲ၊ အမှန်တကယ် တောက်ပလာနိုင်ကာ အခြားသော တိုက်ခိုက်ရေးသမားများစွာကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟု ယူဆထားခဲ့သည်။
‘ဒါပေမဲ့လည်း...’
‘ငါ့မှာ အချိန်အလုံအလောက် မရှိခဲ့လို့သာ ပိုပြီးတော့ အသုံးဝင်မယ့် အလိုအလျောက် စွမ်းရည်တွေကို မစုဆောင်းနိုင်ခဲ့တာပဲ။’
သူသည် အလိုအလျောက် စွမ်းရည်စနစ်ကို ရရှိခဲ့သည်မှာ အချိန်ကာလအားဖြင့် တကယ့်ကို တိုတောင်းလွန်းလှသေးကြောင်း တွေးတောမိလိုက်သဖြင့် သူ၏ မျက်ဝန်းများ မှေးစင်းသွားခဲ့ရသည်။
သူသည် တစ်ချိန်လုံး အလိုအလျောက်ရမှတ်များကို ရူးသွပ်စွာ စုဆောင်းနေခဲ့သော်လည်း... လက်ရှိအချိန်အထိ အလိုအလျောက် စွမ်းရည် ခြောက်ခုထက် ပိုမို၍ မရရှိနိုင်သေးပါချေ။ ၎င်းတို့ကြောင့်သာ သူ ဖိုင်နယ်ပွဲစဉ်သို့ ခက်ခက်ခဲခဲ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်၏။ ဒါက သေချာပေါက်ပင် သူ၏ ကြိုးစားအားထုတ်မှုကြောင့် ဖြစ်ပေသည်
တကယ်လို့ သူ့ကို အချိန်ပိုပေးမည်ဆိုလျှင် သူ၏ ကျင့်စဉ်အဆင့်နှင့် စွမ်းရည်အရေအတွက်မှာ ယခုထက် ပိုမို၍ မြင့်မားလာမှာ သေချာပြီး... မွေးရာပါ ဓာတ်စွမ်းရည်များကို မရရှိခဲ့လျှင်ပင် သူ လုံးဝ အဆင်ပြေနေမှာ ဖြစ်သည်။
ရွှီရှောင်ရှို့ သူ၏ ခေါင်းကို အပြင်းအထန် ညိတ်လိုက်မိရင်း…
“မှန်တယ်... ဒါက ကျိုးကြောင်းဆီလျော်မှု ရှိလှတယ်။”
နံရံထောင့်နားတွင် ကပ်လျက် ရပ်နေကြသည့် ဝန်ထမ်းနှစ်ဦးမှာတော့ တစ်ဦးနှင့်တစ်ဦး တိုးတိုးလေး ကပ်၍ ပြောဆိုလိုက်ကြ၏
“သူ နောက်တစ်ကြိမ် အဲဒီလိုမျိုး ဖြစ်ပြန်ပြီ...”
ရွှီရှောင်ရှို့ ထိုလူနှစ်ဦး၏ ပြုလုပ်ချက်ကြောင့် စိတ်ပျက်သွားခဲ့ရသည်။
‘မင်းတို့တွေက ငါ “အာရုံခံခြင်း” စွမ်းရည်ကို ရရှိထားတယ်ဆိုတာကို တကယ်ပဲ သတိမထားမိကြဘူးပေါ့ ဟုတ်လား’ ဟု သူ စိတ်ထဲက ကျိန်ဆဲလိုက်မိ၏။
“ဟွန်း။”
သူ အနောက်သို့ လှည့်လိုက်မိရင်း... ဝိညာဉ်ရေးရာ ကျင့်ကြံခြင်းဆေးလုံးတစ်လုံးကို ထုတ်ယူကာ ပြင်းပြင်းရှူရှိုက်လိုက်ပြီး၊ သူ၏ စွမ်းအင်များကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းလိုက်တော့သည်။
လက်ရှိအချိန်တွင် သူ လုပ်ဆောင်နိုင်မည့် အကောင်းဆုံးသော အစီအစဉ်မှာ အပြင်သို့ ထွက်ခွာကာ မိုမို၏ တိုက်ခိုက်မှုကို သွားရောက်ကြည့်ရှုရန် ဖြစ်သော်လည်း... မုဇီချီနှင့် တိုက်ခိုက်ခဲ့စဉ်က ရရှိခဲ့သည့် သူ၏ ဒဏ်ရာများမှာ တကယ့်ကို ပြင်းထန်လွန်းလှပေသည်။
‘ထာဝရရှင်သန်ခြင်း’ ဝိညာဉ်စွမ်းရည်တစ်ခုတည်းဖြင့်တင် သူ၏ ဒဏ်ရာများကို ကုသနိုင်စွမ်း ရှိသော်လည်း ၎င်းက အချိန်တစ်ခုတော့ ယူရဦးမှာ ဖြစ်၏။ ထို့ကြောင့်ပဲ သူသည် ပြင်ပကမ္ဘာကို လုံးဝ လျစ်လျူရှုထားလိုက်ရင်း သူ၏ မျက်လုံးများကို မှိတ်လိုက်ကာ ဒဏ်ရာများ ပြန်လည်ကုသနိုင်ရန်အတွက်သာ အာရုံစိုက်လိုက်တော့သည်
အချိန်အတန်ကြာပြီးနောက်တွင်တော့ ဝန်ထမ်းတစ်ဦး သူ့နားသို့ လျှောက်လှမ်းလာခဲ့ပြီး သူ့ကို နှိုးလိုက်၏။
“ပွဲစဉ် စတင်တော့မှာလား။”
“မစသေးပါဘူး”
ထိုဝန်ထမ်းသည် သူ့ထံသို့ စာတစ်စောင် လှမ်း၍ ပေးလိုက်တော့သည်
“ဒါက အကြီးအကဲချောင်ဆီက ပေးလိုက်တဲ့ စာပါ။”
သူ၏ မျက်ခုံးများ ပင့်တက်သွားခဲ့ရသည်။ ဘာများ အရေးကြီးလို့ ဤကဲ့သို့ စာတစ်စောင်ဖြင့် ပေးပို့နေရတာလဲ။
‘အင်း... ကျိုးကြောင်းဆီလျော်မှုတော့ ရှိပါတယ်’
‘အကြီးအကဲချောင်က လက်ရှိအချိန်မှာ တိုက်ပွဲကို ကြည့်ရှုနေတာဖြစ်လို့ ဒီကို ကိုယ်တိုင် မလာနိုင်တာ ဖြစ်မှာပဲ၊ ဒါကြောင့်ပဲ စာတစ်စောင် ပေးပို့လိုက်တာ ဖြစ်ရမယ်’
ထို့နောက်တွင်တော့ သူသည် စာအိတ်ကို ဆုတ်ဖြဲပစ်လိုက်သည်။ ထိုစာအိတ်အတွင်း၌ စကားလုံး နှစ်လုံးတည်းသာ ရေးသားထားရှိ၏။
ချိပ်ပိတ်ခြင်း သိုင်းပညာ
ဝူး...
ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့ပြီးနောက် ထိုစာအိတ်မှာ ချက်ချင်းပင် မီးလောင် ပျက်စီးသွားခဲ့ရပြီး... သူသည်လည်း လေးနက်စွာ တွေးတောခြင်းအတွင်းသို့ ကျရောက်သွားခဲ့ရတော့သည်
‘“ချိပ်ပိတ်ခြင်း သိုင်းပညာ” ဆိုတာက ဘာကို ဆိုလိုတာလဲ’
သူ ဇဝေဇဝါ ဖြစ်စွာဖြင့် တွေးတောလိုက်မိ၏။
‘ဒါက ဖိုင်နယ်ပွဲစဉ်မှာ မိုမိုနဲ့ ငါ တိုက်ခိုက်ရမယ့် အခြေအနေနဲ့ ဆက်စပ်နေလို့လား’
‘ဒါက ဖိုင်နယ်ပွဲစဉ်နဲ့ ဆက်စပ်နေတာ သေချာသလောက် ရှိနေပြီး... ငါ့ရဲ့ နောက်ထပ် ပြိုင်ဘက်က မိုမို ဖြစ်လာမှာကလည်း ငြင်းပယ်လို့မရတဲ့ အမှန်တရားပဲ။’
‘ပြန်ပြီး စဉ်းစားကြည့်မယ်ဆိုရင်... အပြင်စည်းရဲ့ အစ်မကြီးဖြစ်တဲ့ သူမက ဘယ်လိုမျိုး စွမ်းရည်တွေကို ထုတ်သုံးနိုင်လဲဆိုတာကို ဘယ်သူမှ သေသေချာချာ မြင်တွေ့ဖူးပုံမရဘူး...’
‘သူမက သူမနဲ့ တိုက်ခိုက်တဲ့လူတိုင်းကို တိုက်ခိုက်မှု အနည်းငယ်အတွင်းမှာတင် ပြိုင်ပွဲစင်မြင့်အပြင်ဘက်သို့ ရောက်ရှိသွားအောင် ရိုက်ထုတ်ပစ်နိုင်ခဲ့တာလေ။ ဒါက
“ချိပ်ပိတ်ခြင်း သိုင်းပညာ” နဲ့ ဆက်စပ်နေလို့လား’
‘ဒါကကော မွေးရာပါ ဓာတ်စွမ်းရည်တစ်မျိုးမျိုး ဖြစ်နေလို့လား’
‘ဒါနဲ့... အဲဒီ ချိပ်ပိတ်ခြင်းဆိုတဲ့အရာက ဘယ်လိုမျိုး အလုပ်လုပ်တာလဲ။ တစ်ဖက်လူရဲ့ ဝိညာဉ်စွမ်းအင်တွေကို ချိပ်ပိတ်ပစ်တာလား။’
ထိုစာစောင်သည် သူ့အတွက် အဖြေများထက် မေးခွန်းများကိုသာ ပိုမို၍ ယူဆောင်လာပေးခဲ့ပုံရသဖြင့်... သူသည် ထိုအရာကို ဆက်လက်၍ တွေးတောမနေတော့ရန်သာ ဆုံးဖြတ်လိုက်တော့သည်
တကယ်လို့ ၎င်းက ဝိညာဉ်စွမ်းအင်များကို ချိပ်ပိတ်ပစ်သည့် နည်းလမ်းတစ်ခု ဖြစ်ခဲ့မည်ဆိုလျှင်ပင်... နည်းပညာပိုင်းအရ ထိုသိုင်းပညာသည် သူ့အပေါ်တွင် မည်သည့်အကျိုးသက်ရောက်မှုမျှ ရှိလာမှာ မဟုတ်ပါချေ။
သူသည် ယခုအချိန်အထိ တိုက်ခိုက်ခဲ့သည့် ပွဲစဉ်အားလုံးတွင် ‘ဖြတ်သန်းသွားသော တိမ်ဖြူလေးခု’ သိုင်းပညာကို ထုတ်သုံးခဲ့သည့် အခြေအနေမှလွဲ၍ ဝိညာဉ်စွမ်းအင်များကို အသုံးချခဲ့ခြင်း မရှိသလောက်ပင် ဖြစ်သောကြောင့် ဖြစ်၏
တကယ်လို့ သူ ဝိညာဉ်စွမ်းအင်များ လိုအပ်လာခဲ့မည်ဆိုလျှင်ပင် ဝိညာဉ်ရေးရာ ကျင့်ကြံခြင်းဆေးလုံးတစ်လုံးကို အလွယ်တကူ ထုတ်ယူသုံးစွဲနိုင်ပြီး... တိုက်ပွဲကို စက္ကန့်ပိုင်းမျှ ရပ်တန့်ထားလိုက်ရုံဖြင့်တင် သူ၏ စွမ်းအင်များကို ပြန်လည်ဖြည့်တင်းရန်အတွက် အချိန်အလုံအလောက် ရရှိမှာ ဖြစ်သည်။ ဒါကြောင့်ပဲ သူ စိုးရိမ်ပူပန်နေရန် မလိုအပ်ပါချေ။
“ဖိုင်နယ်ပွဲစဉ် စတင်တော့မယ်ဆိုရင် ငါ့ကို လာပြီး ခေါ်လိုက်ပါ” ဟု သူ ထိုဝန်ထမ်းကို ပြောဆိုလိုက်ပြီးနောက်... သူ၏ ဓားစိတ်ဆန္ဒများကို ဆက်လက်လေ့ကျင့်ရန်အတွက် သူ၏ မျက်လုံးများကို ထပ်မံ၍ ပိတ်လိုက်တော့သည်။
ထိုဝန်ထမ်းသည်လည်း သဘောတူညီမှု ပေးလိုက်မိရင်း လက်ဖက်ရည် သောက်သုံးရန်အတွက် ပြန်လည်ထိုင်လိုက်တော့၏။
သို့သော်လည်း... ထိုဝန်ထမ်း လက်ဖက်ရည်ခွက်ကို မကိုင်ရသေးခင်မှာပင် ခွက်မှာ စတင်၍ လှုပ်ခါလာခဲ့ပြီး ရုတ်တရက်ဆိုသလို ဓားစိတ်ဆန္ဒများ ပေါ်ထွက်လာခဲ့သဖြင့် အတွင်းရှိ လက်ဖက်ရည်များမှာ ဘေးပတ်ဝန်းကျင်သို့ ဖိတ်စင်သွားခဲ့ရတော့သည်။
ထိုဝန်ထမ်းနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး စကားမဲ့စွာဖြင့် စိုက်ကြည့်လိုက်မိကြ၏။
“ကျိန်ဆဲခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၂။”
ရွှီရှောင်ရှို့ လေ့ကျင့်နေစဉ်အတွင်း သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ်မျှ ပင့်တက်သွားခဲ့ရပြီး... ၎င်းက ထိုလက်ဖက်ရည်ခွက်ကို ယခုထက် ပိုမို၍ ပြင်းထန်စွာ လှုပ်ခါသွားစေခဲ့သည်။
“ကျိန်ဆဲခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၂၊ +၂၊ +၂၊ +၂...”
ဖြန်း...
ပြိုင်ပွဲစင်မြင့်၏ အစွန်းနားတွင်မူ... မိုမိုသည် သူမ၏ လက်ဝါးချက်တစ်ချက်ကို ထုတ်ဖော်လိုက်ရင်း သန်မာလှသော သူမ၏ ပြိုင်ဘက်ကို ပြိုင်ပွဲစင်မြင့်အပြင်ဘက်သို့ လွှင့်ထွက်သွားစေခဲ့ပြီးနောက်၊ ရှောင်ချီရှို့၏ အသံကြီး ထွက်ပေါ်လာခဲ့တော့သည်။
ပွဲကြည့်ပရိသတ်များအားလုံး အံ့အားသင့်မှင်တက်သွားခဲ့ကြရ၏။ လူတိုင်း၏ မျက်နှာပေါ်တွင် အံ့သြနေသည့် အမူအရာများ ရှိနေခဲ့ကြသော်လည်း တစ်ချိန်တည်းမှာပင် ၎င်းက ကျိုးကြောင်းဆီလျော်မှု ရှိလှသည်ဟု ယူဆလိုက်ကြသည်
“သူမရဲ့ ဘယ်ဘက်လက်တစ်ဖက်တည်းကိုပဲ အသုံးချပြီး ပြိုင်ဘက်ကို ပြိုင်ပွဲစင်မြင့်အပြင်ဘက် ရောက်အောင် ရိုက်ထုတ်ပစ်လိုက်ပြန်ပြီ။ ဘုရားသခင်... အစ်မမိုမိုက တကယ်ကို... အလွန်အမင်း စွမ်းအားကြီးလွန်းတယ်”
“ဟုတ်တယ်... ဆီမီးဖိုင်နယ်ပွဲစဉ်မှာတောင်မှ ဘယ်သူမှ သူမကို ဖိအားမပေးနိုင်ခဲ့ကြဘူး၊ သူမရဲ့ ညာဘက်လက်ထဲမှာ ကိုင်ဆောင်ထားတဲ့ အဲဒီကြေးဝါအိုးကြီးကို ထုတ်သုံးဖို့ နေနေသာသာ... ဒါက တကယ့်ကို အံ့သြစရာကောင်းလှတဲ့ အချက်ပဲ”
“ဒါနဲ့... အဲဒီအိုးကြီးထဲမှာ ဘာတွေ ရှိနေတာလဲ။ သူမ ထိုအရာကို တစ်ခါမှ ထုတ်သုံးတာ ငါ မမြင်ဖူးဘူး”
“မသိဘူးလေ... ဖြစ်နိုင်တာကတော့ သူမရဲ့ ညာဘက်လက်ကို ဘာမှမလုပ်နိုင်အောင် တားဆီးထားပြီး ပြိုင်ဘက်တွေကို မျှော်လင့်ချက် ပေးထားတာ ဖြစ်မှာပဲ...”
“ဟင်း... သူမက တကယ့်ကို စွမ်းအားကြီးမားတာပဲ။ ရွှီရှောင်ရှို့တစ်ယောက် သူမကို လက်နှစ်ဖက်လုံး ထုတ်သုံးလာအောင် ဖိအားပေးနိုင်ပါ့မလားဆိုတာကို ငါ သိချင်မိတယ်...”
မိုမိုသည် သူမ၏ ဖြူစင်လှသောအဝတ်အစားများ တိုက်ခတ်နေသည့် လေကြောင့် လွင့်ပျံနေခဲ့စဉ် ပြိုင်ပွဲစင်မြင့်ထက်တွင် ခန့်ညားစွာ မတ်တတ်ရပ်နေခဲ့သည်။
အတိအကျ ပြောရမည်ဆိုလျှင်မူ... သူမ၏ ရုပ်ရည်သွင်ပြင်မှာ တကယ့်ကို သာမန်လူတစ်ဦးကဲ့သို့ ရိုးရှင်းလွန်းလှပေသည်။
သို့သော်လည်း သူမ ရရှိထားခဲ့သည့် အောင်မြင်မှုများကြောင့် မည်သူမျှ သူမကို လျစ်လျူရှုထားရန် မဝံ့ရဲကြပါချေ။
ကျန်းရှင်းရှုံသည် သူ၏ ဦးခေါင်းကို စောင်းလိုက်မိရင်း ထူးဆန်းလှသောအမူအရာမျိုးဖြင့် ပြောဆိုလိုက်တော့သည်
“ဒီမိုမိုဆိုတဲ့ မိန်းကလေးက တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်။ တကယ်လို့ ငါသာ သူမလိုမျိုး မွေးရာပါအဆင့် အစောပိုင်းမှာ ရှိနေခဲ့မယ်ဆိုရင်... ငါတောင်မှ သူမကို အနိုင်ယူနိုင်စွမ်း ရှိမှာ မဟုတ်ဘူး”
သူ ခေတ္တခဏမျှ ရပ်တန့်လိုက်ပြီးနောက် ထပ်မံ၍ ဖြည့်စွက်ပြောဆိုလိုက်၏
“တိုက်ပွဲက အချိန်ကြာသွားမယ်ဆိုရင်ပေါ့။”
လျူကျိန်း တကယ့်ကို အံ့အားသင့်သွားခဲ့ရသည်။
သူသည် ဤမျှလောက်အထိ ရိုးရှင်းလှသည့် ရုပ်ရည်ရှိသော မိန်းကလေးတစ်ဦးကို အလွန်အမင်း ချီးမွမ်းခန်းဖွင့်နေခဲ့ခြင်း ဖြစ်သော်လည်း... ယခင် ရွှီရှောင်ရှို့နှင့် မုဇီချီတို့ တိုက်ခိုက်စဉ်တုန်းကမူ သူ စကားတစ်လုံးမျှ ပြောဆိုခဲ့ခြင်း မရှိသောကြောင့် ဖြစ်၏။
“ဒါဆိုရင်... အစ်မမိုမိုနဲ့ တိုက်ခိုက်ရမယ်ဆိုရင် တိုက်ပွဲကို လျင်မြန်စွာ အဆုံးသတ်ဖို့ လိုအပ်တယ်လို့ မင်း ပြောချင်တာလား။”
ကျန်းရှင်းရှုံ သူ၏ ခေါင်းကို ညိတ်လိုက်မိရင်း ပြန်လည်ဖြေကြားလိုက်သည်
“သေချာတာပေါ့။ သူမရဲ့ တိုက်ခိုက်မှုတိုင်းမှာ ပြိုင်ဘက်ရဲ့ စွမ်းအားတွေကို လျှော့ချပစ်နိုင်တဲ့ ထူးခြားလှတဲ့ အကျိုးသက်ရောက်မှုတစ်မျိုး ပါဝင်နေတာပဲ။ ဒါက တကယ့်ကို ထူးဆန်းလှတဲ့ စွမ်းရည်တစ်ခုပဲ... ၎င်းက ဘာလဲဆိုတာကိုတော့ ငါ သေသေချာချာ မသိဘူး”
“သူမ ပိုင်ဆိုင်ထားတဲ့ မွေးရာပါ ဓာတ်စွမ်းရည်တစ်မျိုးမျိုး ဖြစ်နေလို့လား”
“ဖြစ်နိုင်တာပဲ...”
လျူကျိန်း တိတ်ဆိတ်သွားခဲ့ရပြီး... ၎င်းက ဘယ်လိုမျိုး ထူးခြားလှတဲ့ စွမ်းရည်မျိုး ဖြစ်နေမလဲဆိုတာကို တွေးတောနေခဲ့မိသည်။
မွေးရာပါအဆင့်ရှိ တိုက်ခိုက်ရေးသမားများအကြားတွင် အများဆုံး နိုးထလေ့ရှိသည့် စွမ်းအားမှာ ဓာတ်ကြီးငါးပါး စွမ်းအားပင် ဖြစ်ပေသည်။ ထိုဓာတ်စွမ်းအားများမှာ ပိုမို၍ ထူးခြားထင်ရှားလေလေ... ပြိုင်ဘက်အတွက် ပိုမို၍ ခက်ခဲလေလေ ဖြစ်၏။
သို့သော်လည်း... အဓိက လိုအပ်ချက်မှာ ထိုစွမ်းအားကို ပိုင်ဆိုင်ထားသူသည် ၎င်း၏ အသုံးဝင်ပုံကို ကောင်းမွန်စွာ ကျွမ်းကျင်နားလည်ထားရန် လိုအပ်ခြင်းပင် ဖြစ်သည်။ မဟုတ်လျှင်မူ အဓိကကျလှသည့် ဓာတ်ကြီးငါးပါးထဲက တစ်ခုခုကို ရရှိပါစေကြောင်းသာ ဆုတောင်းနေရမှာ ဖြစ်၏။
မိုမိုသည် ဤကဲ့သို့သော ထူးခြားလှသည့် ပါရမီရှင်တစ်ဦး ဖြစ်ပေသည်။ သူမ၏ ပြိုင်ဘက်များ၏ စွမ်းအားကို လျှော့ချပစ်နိုင်သည့် ထိုကြောက်စရာကောင်းလှသော စွမ်းရည်သည် သူမ၏ လျင်မြန်လှသော လှုပ်ရှားမှုများနှင့် ပေါင်းစပ်သွားခဲ့သည့်အခါ တိုက်ပွဲအချိန်ကြာလာသည်နှင့်အမျှ သူမကို အမြင့်ဆုံးသောအဆင့်တွင် တည်ရှိနေစေရန်အတွက် အထောက်အကူ ပြုနေခဲ့ခြင်း ဖြစ်၏။
လျူကျိန်းသည် ယခင် ရွှီရှောင်ရှို့နှင့် တိုက်ခိုက်ခဲ့ရသည့် ပွဲစဉ်ကို ပြန်လည်အမှတ်ရသွားခဲ့မိရင်း ပြောဆိုလိုက်တော့သည်
“အစ်ကိုကြီးရှုံ... လာမယ့် ဖိုင်နယ်ပွဲစဉ်နဲ့ပတ်သက်ပြီး မင်း ဘယ်လိုမျိုး ထင်မြင်မိလဲ”
“မွေးရာပါအဆင့် ခန္ဓာကိုယ်အချိုးအစား ဟုတ်လား...”
ကျန်းရှင်းရှုံ ရွှီရှောင်ရှို့တစ်ယောက် သူ၏ ဓားပေါ်တွင် ပြောင်းပြန်ရပ်လျက် မောင်းနှင်ခဲ့သည့် ရယ်စရာကောင်းလှသော ပုံရိပ်ကို ပြန်လည်အမှတ်ရသွားခဲ့မိရင်း တဟားဟား ရယ်မောလိုက်တော့သည်။
သူသည် ဤကဲ့သို့သောလူမျိုးက ဖိုင်နယ်ပွဲစဉ်အထိ ဘယ်လိုမျိုး တက်ရောက်လာနိုင်ခဲ့တာလဲဆိုတာကို လုံးဝ တွေးတောမရနိုင် ဖြစ်နေခဲ့ခြင်း ဖြစ်၏။
သူသည် ထိုကောင်လေးမှာ ကံကောင်းလွန်းလှသည့်လူများထဲက တစ်ဦး ဖြစ်လိမ့်မည်ဟု တွေးတောမိလိုက်သည်။
သူ သူ၏ ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်မိရင်း ပြောဆိုလိုက်တော့၏
“ရွှီရှောင်ရှို့... သူကတော့ မျှော်လင့်ချက်မရှိတော့ပါဘူး”