လေထုထဲတွင်။
ရှောင်ချီရှို့ တကယ့်ကို အံ့အားသင့်တုန်လှုပ်သွားခဲ့ရသည်။ ထိုကောင်လေး လေ့ကျင့်အောင်မြင်ထားခဲ့သည့် ‘ပြောင်းပြန် ဓားပျံသိုင်းပညာ’ က ရွှီရှောင်ရှို့၏ အမြင့်ဆုံးသော စွမ်းရည်ဖြစ်လိမ့်မည်ဟု သူ ထင်မှတ်ခဲ့သော်လည်း... လက်ရှိအချိန်တွင် ထိုသိုင်းပညာက အစပျိုးခြင်းမျှသာ ရှိသေးကြောင်း သဘောပေါက်လိုက်ရခြင်း ဖြစ်၏။
‘သူ့ကို “ခပ်သိမ်းသော အရာတို့သည် ဓားဖြစ်သည်” ဆိုတဲ့ အသိတရားကို ဘယ်သူက သင်ပေးခဲ့တာလဲ’ ဟု သူ တွေးလိုက်မိသည်။
‘ထျန်းဆန်းဝိညာဉ်နန်းတော်ထဲမှာ ငါ့ထက် ဓားသိုင်းပညာ ပိုပြီး ကျွမ်းကျင်တဲ့လူ ရှိလို့လား။’
‘ထပ်ပြီးတော့...’
‘“ခပ်သိမ်းသော အရာတို့သည် ဓားဖြစ်သည်”
ဆိုတဲ့ အသိတရားက ဘယ်လိုမျိုး အလုပ်လုပ်လဲဆိုတာကို ငါ နားလည်ပါတယ်၊ ဒါပေမဲ့ မုဇီချီရဲ့ ခန္ဓာကိုယ်ဆီကနေပါ ဓားစိတ်ဆန္ဒတွေ ဘာလို့ ပေါ်ထွက်နေရတာလဲ။ အခု ဘာတွေ ဖြစ်ပျက်နေတာလဲ။’
‘ကောင်လေး... သူမက လူသားတစ်ယောက်ဆိုတာကို မင်း တကယ်ပဲ သတိမထားမိတာလား။’
ရွှီရှောင်ရှို့၏ ရှုထောင့်မှကြည့်လျှင်မူ မည်သည့်အရာမဆိုနှင့် မည်သူမဆိုသည် ‘ခပ်သိမ်းသော အရာတို့သည် ဓားဖြစ်သည်’ ဟူသော အသိတရားအတွက် ကြားခံနယ်မြေတစ်ခု ဖြစ်လာနိုင်သည်မှာ အမှန်ပင် ဖြစ်သော်လည်း... အဆုံးသတ်မှာတော့ သူသည် ထိုအသိတရားကို သုတေသနပြုလုပ်နေဆဲ အဆင့်တွင်သာ ရှိသေးသည်။
သူသည် သူ၏ ဝိညာဉ်စွမ်းအင်များကို အသုံးချကာ မုဇီချီ သူ့ထံတွင် လျှို့ဝှက်စွာ စိုက်ပျိုးထားခဲ့သည့် မျိုးစေ့ကို အပြင်သို့ ထုတ်ပယ်ပစ်လိုက်ရာ... ထိုမိန်းကလေးငယ်၏ မျက်နှာပေါ်တွင် ထိတ်လန့်သွားသည့် အမူအရာတစ်ခု ပေါ်ပေါက်လာခဲ့ရသည်။ သူမ၏ လျှို့ဝှက်ချက်ကို သူ ရိပ်မိသွားခဲ့ပြီဖြစ်ကြောင်း သိရှိသွားခဲ့ခြင်း ဖြစ်၏။
သူတို့၏ ဘေးပတ်ဝန်းကျင်တွင်မူ မြည်ဟီးသံများ ဆက်လက်၍ ထွက်ပေါ်နေခဲ့ဆဲ ဖြစ်သည်။ ရွှီရှောင်ရှို့သည် တည်ငြိမ်အေးဆေးသော အခြေအနေတွင် ရှိနေခဲ့သော်လည်း သေချာပေါက်ပင် သူသည် သစ်ပင်ကြီးများ၏ ဝန်းရံခြင်းကို ခံထားရဆဲ ဖြစ်၏
လူတိုင်းက စိုးရိမ်ပူပန်စွာဖြင့် စောင့်ဆိုင်းနေခဲ့ကြစဉ်... သူသည် ‘နာကျင်မှုပုန်းကွယ်ခြင်း’ ဓားကို ဓားအိမ်အတွင်းသို့ တိတ်ဆိတ်စွာ ပြန်လည်ထည့်သွင်းလိုက်တော့သည်။
ထိုသို့ ပြုလုပ်လိုက်သည်နှင့်တစ်ပြိုင်နက် သူတို့၏ ဘေးပတ်ဝန်းကျင်တွင် ပေါ်ထွက်နေသည့် ဓားစိတ်ဆန္ဒများအားလုံး တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားခဲ့ရ၏။
သူသည် ခုခံတွန်းလှန်ရန် လက်လျှော့လိုက်ပြီး ထိုသစ်ပင်ကြီးများကို တောအုပ်တစ်ခုအဖြစ်သို့ ကြီးထွားလာစေရန် ခွင့်ပြုပေးလိုက်သလိုမျိုး ဖြစ်နေခဲ့သည်။
ပွဲကြည့်ပရိသတ်များ ဇဝေဇဝါ ဖြစ်သွားခဲ့ကြရ၏။
“ဘာကြီးလဲ... ဒါပဲလား။”
“သူက အစွမ်းထက်ဆုံးသော ကန့်သတ်ချက်လှည့်ကွက်တစ်ခုကို ထုတ်သုံးတော့မယ်လို့ ငါ ထင်ခဲ့တာ၊ ဒါပေမဲ့ နောက်ဆုံးကျတော့ ဘာမှ ဖြစ်မလာပါလား”
“သူက ဒီအတိုင်းပဲ လက်လျှော့လိုက်တာလား။ ကောင်းပါတယ်၊ မုညီမလေးကတော့ သူ့ကို သက်ညှာပေးလိမ့်မယ်လို့ မျှော်လင့်ရတာပဲ...”
မုဇီချီက သက်ညှာပေးမည် ဟုတ်လား။
ဒါက ဘယ်လိုမျိုး ပြက်လုံးလဲ။
ထိုမိန်းကလေးငယ်သည် ရွှီရှောင်ရှို့ သူ၏ ဓားကို ဓားအိမ်အတွင်း ပြန်ထည့်လိုက်တာကို မြင်တွေ့လိုက်ရသည့်အခါ တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်း ရိပ်မိလိုက်သော်လည်း... ဘာက အမှန်တကယ် မှားယွင်းနေလဲဆိုတာကိုတော့ ခွဲခြားမရနိုင် ဖြစ်နေခဲ့သည်။ ထိုသို့ဖြစ်လင့်ကစား သူမသည် ပထမဦးစွာ ဦးအောင် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်တော့၏
“ငါ လာပြီ!”
သူမ ထပ်မံ၍ လက်ခုပ်တီးလိုက်ရာ ပြိုင်ပွဲစင်မြင့်တစ်ခုလုံးရှိ သစ်ပင်ပေါင်း တစ်ရာကျော်မှာ ရွှီရှောင်ရှို့ရှိရာဘက်သို့ ချက်ချင်း တိုးဝင်သွားခဲ့ကြတော့သည်။
ပွဲကြည့်ပရိသတ်အချို့မှာတော့ ရွှီရှောင်ရှို့တစ်ယောက် အသားစိမ်းတုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားမည့် မြင်ကွင်းကို မကြည့်ရဲကြတော့သဖြင့် မျက်လုံးများကို စုံမှိတ်ထားလိုက်ကြပြီ ဖြစ်၏။
ရွှီရှောင်ရှို့ကတော့ တိုးဝင်လာနေကြသည့် မြင့်မားလှသော ထိုသစ်ပင်ကြီးများကို ရင်ဆိုင်နေရသော်လည်း လုံးဝ ထိတ်လန့်တုန်လှုပ်ခြင်း မရှိပါချေ။
သူသည် တည်ငြိမ်လှသောအရှိန်အဝါများဖြင့်သာ ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ သူသည် သူ၏ ဓားကို တစ်လက်မခန့်သာ ဆွဲထုတ်လိုက်ပြီးနောက် ချက်ချင်းပင် ဓားအိမ်အတွင်းသို့ ပြန်လည်ထည့်သွင်းလိုက်တော့၏
“သူ ဘာလုပ်နေတာလဲ”
“သူ ဓားကို ဆွဲထုတ်လိုက်တာလား”
“သူ ဓားကို ပြန်ထည့်လိုက်တာလား”
သူသည် သစ်ပင်ကြီးများ၏ ဝန်းရံခြင်းကို ခံထားရသော်လည်း... သစ်ပင်ကြီးများကြားရှိ လစ်ဟာနေသော နေရာလွတ်များမှတစ်ဆင့် သူ၏ လှုပ်ရှားမှုများကို မြင်တွေ့နိုင်စွမ်းရှိသည့် လူအချို့ ရှိနေခဲ့ကြဆဲ ဖြစ်ရာ၊ သူတို့အားလုံး အလွန်အမင်း စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာခဲ့ကြရသည်
နောက်ထပ် စက္ကန့်ပိုင်းအတွင်းမှာပင်... သစ်ပင်ကြီးများအားလုံး လှုပ်ရှားခြင်းမရှိဘဲ ရပ်တန့်သွားခဲ့ကြရပြီး ပြင်းထန်လှသော မြည်ဟီးသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ရသည်။ မုဇီချီသည် သူမ၏ အောက်ခြေကနေ ထိုးထွက်လာသည့် သစ်ပင်ကြီးတစ်ပင်ကြောင့် လေထုထဲသို့ လွင့်ထွက်သွားခဲ့ရ၏။
လူတိုင်း ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ အခုတင်ပဲ ဘာတွေ ဖြစ်ပျက်သွားခဲ့ရတာလဲ။
မုဇီချီ ရုတ်တရက်ဆိုသလို ရူးသွပ်သွားခဲ့ရတာလား။
ဒါက သူမကိုယ်တိုင်၏ တိုက်ခိုက်မှု လွဲချော်သွားခဲ့ခြင်းလား
ပွဲကြည့်ပရိသတ်များ၏ အရှေ့ဆုံးတန်းတွင်မူ စူးချန်ချန်သည် သူမ၏ ခန္ဓာကိုယ်ကို ရှေ့သို့ ကိုင်းညွတ်လိုက်ရင်း မျက်ဝန်းများအတွင်း အံ့သြမှုများဖြင့် ပြည့်နှက်လျက် ကြည့်ရှုနေခဲ့သည်။
အခြားလူများကတော့ ဘာဖြစ်သွားလဲဆိုတာကို မြင်တွေ့နိုင်စွမ်း မရှိခဲ့ကြသော်လည်း... သူမကတော့ မွေးရာပါ ဓားစိတ်ဆန္ဒကို ပိုင်ဆိုင်ထားသူတစ်ဦး ဖြစ်သဖြင့် အရာအားလုံးကို ရှင်းလင်းစွာ အာရုံခံမိလိုက်ခြင်း ဖြစ်၏
ရွှီရှောင်ရှို့ သူ၏ ဓားကို တစ်လက်မခန့် ဆွဲထုတ်လိုက်သည့် အခိုက်အတန့်တွင်... ဓားသွားမှာ လေထုထဲတွင် လွင့်စင်နေသည့် သစ်ရွက်ခြောက်များစွာကို ချက်ချင်းပင် ထက်ပိုင်းပြတ်သွားစေခဲ့သည်။
၎င်းက တကယ့်ကို ထိတ်လန့်စရာကောင်းလှသော ဓားသိုင်းစွမ်းရည်တစ်ခု ဖြစ်ပေ၏။
ပထမဦးစွာ ‘ခပ်သိမ်းသော အရာတို့သည် ဓားဖြစ်သည်’ ဟူသော အသိတရား ရှိခဲ့ပြီး... ထို့နောက်တွင်တော့ သူ၏ စိတ်ဆန္ဒကို ပုံသဏ္ဌာန် ဖော်ဆောင်ပေးခဲ့ကာ၊ နောက်ဆုံးတွင်တော့ ဘေးပတ်ဝန်းကျင်ရှိ ဓားစိတ်ဆန္ဒအားလုံးကို ဓားအိမ်အတွင်းသို့ ပြန်လည်စုစည်းစေခဲ့ခြင်း ဖြစ်သည်။
သူသည် သူ၏ ဓားကို တစ်လက်မမျှ ဆွဲထုတ်လိုက်ရုံဖြင့်တင် ကြောက်စရာကောင်းလှသော စက်ဝိုင်းပုံစံ ဓားအလင်းတန်း ဖြတ်တောက်မှု စွမ်းအားကို ထုတ်ဖော်ပြသသွားခဲ့ခြင်း ဖြစ်၏
မျှော်လင့်ထားခဲ့သည့်အတိုင်းပင်... ရုတ်တရက် လှုပ်ရှားမှု ရပ်တန့်သွားခဲ့ကြသည့် သစ်ပင်ကြီးအားလုံး၏ အမြစ်များမှာ ချက်ချင်း ဖြတ်တောက်ခြင်း ခံလိုက်ရခြင်း ဖြစ်သည်။ ၎င်းတို့မှာ ခေတ္တခဏမျှ ထိုနေရာတွင် တည်ရှိနေခဲ့ကြသော်လည်း နောက်ဆုံးတွင်တော့ အရှိန်အဟုန်ကြောင့် သူ၏ ဦးခေါင်းအထက်တွင် တစ်ခုနှင့်တစ်ခု ပြင်းထန်စွာ တိုက်မိသွားခဲ့ကြရတော့၏။
ဘုန်း...
ကြီးမားလှသော နောက်ထပ် မှိုပွင့်ပုံစံ မီးခိုးလုံးကြီးတစ်ခု ထပ်မံ၍ ပေါ်ပေါက်လာခဲ့ပြန်သည်။
လက်ရှိအချိန်တွင် နေရာအနှံ့အပြား၌ သစ်ပင်ပေါင်း တစ်ရာကျော် ရှိနေခဲ့သော်လည်း... ယခုတစ်ကြိမ်တွင် ဖြစ်ပေါ်လာသည့် မီးခိုးလုံးကြီးမှာ ယခင်တစ်ကြိမ်ကထက်စာလျှင် ပိုမို၍ သေးငယ်လှပေသည်။
ရှူး...
ထိုအချိန်ကျမှသာ ပွဲကြည့်ပရိသတ်များမှာ ရွှီရှောင်ရှို့သည် သူ၏ ဓားကို တစ်လက်မမျှသာ ဆွဲထုတ်လိုက်ရုံဖြင့်တင် ထိုသစ်ပင်ကြီးများအားလုံးကို အမြစ်ကနေ ဖြတ်တောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သဘောပေါက်သွားခဲ့ကြရတော့၏။
“အို... ကောင်းကင်ဘုံ၊ ဒါက...”
“ရွှီရှောင်ရှို့ရဲ့ တိုးတက်မှုနှုန်းက တကယ့်ကို ထိတ်လန့်စရာကောင်းလွန်းတယ်။ အဲဒီလှည့်ကွက်က တကယ့်ကို အမိုက်စားပဲ!”
“ဝူးဝူးဝူး... အဲဒီလှည့်ကွက်တစ်ခုတည်းနဲ့တင် ငါတော့ သူ့ကို စွဲလန်းသွားရပြီ။”
သစ်ရွက်များမှာ ပြိုင်ပွဲစင်မြင့်ထက်တွင် အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်လျက် မြေပြင်ပေါ်သို့ လွင့်စင်ကျရောက်နေခဲ့ကြသည်။
ရွှီရှောင်ရှို့သည် သူ၏ ဓားကို ဓားအိမ်အတွင်း ထည့်သွင်းလိုက်ရင်း အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်နေသည့် ပြိုင်ပွဲစင်မြင့်ထက်တွင် ခန့်ညားစွာ မတ်တတ်ရပ်နေခဲ့၏။ သူ ထုတ်ဖော်ပြသလိုက်သည့် ထိုခန့်ညားလှသော အရှိန်အဝါမှာ မြင်တွေ့လိုက်ရသည့် လူတိုင်းကို မိန်းမောသွားစေရန်အတွက် လုံလောက်လှပေသည်။
သို့သော်လည်း... အခြေအနေကို သူ၏ အကျိုးအမြတ်ရှိရာဘက်သို့ အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့သော်လည်း သူသည် မျက်မှောင်ကြုတ်ထားခဲ့မိဆဲ ဖြစ်၏။
သူသည် ထိုလှည့်ကွက်ကို တကယ့်ကို ပြီးပြည့်စုံစွာ လုပ်ဆောင်နိုင်ခဲ့သဖြင့် မိမိကိုယ်ကိုယ် တကယ့်ကို ကျေနပ်မိရသည်။ သူသည် ထိုမျှလောက်အထိ လျှို့ဝှက်စွာ ဖုံးကွယ်ထားခဲ့သည့် ဓားစိတ်ဆန္ဒများကို မုဇီချီတစ်ယောက် ဘာလို့ ကြိုတင်၍ ရိပ်မိသွားရတာလဲဆိုတဲ့ အကြောင်းရင်းကိုတော့ သူ တွေးတောမရနိုင် ဖြစ်နေခဲ့၏
သို့သော်လည်း သူမသည် ထိုတိုက်ခိုက်မှုဒဏ်ကနေ တိမ်းရှောင်ရန်အတွက် သစ်ပင်ကြီးတစ်ပင်ကို အသုံးချကာ မိမိကိုယ်ကိုယ် အဝေးသို့ ပစ်လွှတ်လိုက်ခြင်း ဖြစ်ရာ...
ဒါက ဘာကြောင့်လဲ။
လက်ရှိအချိန်တွင် လေထုထဲ၌ ပျံသန်းနေဆဲဖြစ်သည့် မုဇီချီမှာမူ ထိတ်လန့်တုန်လှုပ်နေခဲ့ရဆဲဖြစ်ပြီး သူမ၏ နှလုံးခုန်သံများမှာလည်း မြန်ဆန်နေခဲ့ဆဲ ဖြစ်သည်။
တကယ်လို့ သူမ ရွှီရှောင်ရှို့၏ ခန္ဓာကိုယ်အတွင်း လျှို့ဝှက်စွာ စိုက်ပျိုးထားခဲ့သည့် ထိုမျိုးစေ့သာ မရှိခဲ့ဘူးဆိုလျှင်... သူမ အခုလောက်ဆိုလျှင် ဦးခေါင်းပြတ်၍ သေဆုံးသွားခဲ့ရပြီလားဟု သူမ တွေးတောမိလိုက်၏
‘တောက်... ရွှီရှောင်ရှို့၊ နင်က ဒီလိုမျိုး လှည့်ကွက်တစ်ခုကိုတောင် ထုတ်သုံးရဲတယ်ပေါ့...’
‘ကောင်းပြီ၊ အခုကတော့ ငါ့အလှည့် ဖြစ်သွားပြီ။’
သူမသည် သူမ၏ အထက်ရှိ လေထုထဲသို့ မျိုးစေ့တစ်ခုကို ပစ်လွှတ်လိုက်သည်။ ၎င်းက လေထုထဲတွင် ချက်ချင်း ပေါက်ကွဲသွားခဲ့ရပြီး သူမ၏ ခန္ဓာကိုယ်ကို ရှေ့သို့ တွန်းပို့ပေးလိုက်သဖြင့်... သူမ ရွှီရှောင်ရှို့ရှိရာဘက်သို့ လျင်မြန်စွာ ပျံသန်းတိုးဝင်သွားခဲ့တော့၏။
ကျောက်ချင်းထန်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားခဲ့ရသည်။ ဒီမိန်းကလေးက တကယ့်ကို သတ္တိရှိလွန်းလှပေသည်။ သူ၏ ရင်ဘတ် ဓားဖြင့် ထိုးနှက်ခြင်း ခံခဲ့ရသည့် သင်ခန်းစာက သူမအတွက် မလုံလောက်သေးတာလား။
လူတိုင်း ဖြစ်ပျက်နေသည့် အခြေအနေကြောင့် ဇဝေဇဝါ ဖြစ်သွားခဲ့ကြရပြန်၏။ နောက်ထပ်တစ်ယောက်က ရွှီရှောင်ရှို့နားသို့ တိုးကပ်ဖို့ ကြိုးစားပြန်ပြီ ဟုတ်လား။
သူတို့အတွက်တော့... ဤကဲ့သို့သော လှုပ်ရှားမှုမျိုးက သေကြောင်းကြံစည်နေခြင်းထက် မလျှော့ပါချေ။
ရွှီရှောင်ရှို့၏ မျက်ဝန်းများ တောက်ပသွားခဲ့ရသည်။ အနီးကပ် တိုက်ခိုက်ခြင်း ဟုတ်လား... တကယ့်ကို ပြီးပြည့်စုံတာပဲ။
သူမထံသို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်စဉ် သူ၏ အောက်ခြေရှိ မြေပြင်များမှာ အက်ကွဲပျက်စီးသွားခဲ့ရသော်လည်း... ပြိုင်ဘက်၏ တန်ပြန်တိုက်ခိုက်မှုကြောင့် သူ လုံးဝ ဆွံ့အသွားခဲ့ရပြန်သည်။
မုဇီချီသည်လည်း သူမ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ရင်း သူ့ထံသို့ လက်သီးတစ်ချက် ပြန်လည်ပစ်လွှတ်လိုက်ခြင်း ဖြစ်သောကြောင့် ဖြစ်၏။
‘ဒီကလေးမလေးက ဘာဖြစ်နေတာလဲ’
‘သူမက တိုက်ပွဲအရှိန်ကြောင့် စိတ်ကြွနေတာလား ဘာလဲ’
သို့သော်လည်း ပြိုင်ပွဲအတွင်း၌မူ သနားညှာတာမှုများ ရှိနေမှာ မဟုတ်ပါချေ။
တကယ်လို့ သူ၏ လက်သီးချက်သာ ထိမှန်သွားခဲ့မည်ဆိုလျှင် သူမ၏ လက်မောင်းတစ်ခုလုံး လုံးဝ ပျက်စီးသွားနိုင်ချေ ရှိသော်လည်း... သူသည် အနည်းငယ်မျှ သက်ညှာပေးရန် မလိုအပ်ဟု ယူဆလိုက်ရင်း သူ၏ အင်အားအားလုံးကို ထိုလက်သီးချက်အတွင်းသို့ ထည့်သွင်းကာ ပစ်လွှတ်လိုက်တော့သည်။
ဖုန်း... ဖုန်း... ဖုန်း...
မျှော်လင့်ထားခဲ့သည့် အရိုးကျိုးသံကြီး ထွက်ပေါ်မလာခဲ့ပါချေ။ လက်သီးချင်း ထိတွေ့တော့မည့် အခိုက်အတန့်တွင် ထိုမိန်းကလေးငယ်၏ လက်သီးမှာ နွယ်ပင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ရပြီး ရွှီရှောင်ရှို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်နှောင်ဖွဲ့လိုက်တော့၏
လက်ဖျံများ၊ ပုခုံးများ... ထို့နောက်တွင်တော့ အခြားနေရာအားလုံး...
သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး နွယ်ပင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ရပြီး သူ့ကို တင်းကျပ်စွာ ဝန်းရံလိုက်ခြင်း ဖြစ်သည်။
ရွှီရှောင်ရှို့သည် ဝါဂွမ်းစတစ်ခုကို ထိုးနှက်လိုက်မိသလိုမျိုး ခံစားလိုက်ရသည်။ ၎င်းက သူ၏ တိုက်ခိုက်မှု စွမ်းအားအားလုံးကို ပျောက်ကွယ်သွားစေခဲ့ပြီး ထိုနွယ်ပင်များအတွင်းသို့ သူ့ကို ဆွဲသွင်းသွားခဲ့တော့၏
“ဟိဟိ... ဒီမှာလေ”
သူ၏ အနောက်ဘက်ကနေ ထိုမိန်းကလေးငယ်၏ အသံကို ကြားလိုက်ရသဖြင့် သူ ထိတ်လန့်တုန်လှုပ်စွာဖြင့် အနောက်သို့ လှည့်ကြည့်လိုက်မိရာ... သူ့ကို ရစ်ပတ်နှောင်ဖွဲ့ထားသည့် ထိုနွယ်ပင်များမှာ သူမ၏ လူသားပုံသဏ္ဌာန်အဖြစ်သို့ ပြန်လည်ပြောင်းလဲသွားတာကို အံ့သြဖွယ် မြင်တွေ့လိုက်ရတော့သည်။
‘မုဇီချီ!’ ဟု သူ တွေးလိုက်မိ၏။
‘သူမက မြွေတစ်ကောင်လား ဘာလဲ။’
‘သူမက ငါ့ရဲ့ အနောက်ဘက်ကို ဘယ်လိုမျိုး ရောက်လာရတာလဲ’
“ဖယ်စမ်း!”
ရွှီရှောင်ရှို့ သူမကို တွန်းထုတ်ပစ်ရန်အတွက် သူ၏ စွမ်းအားအားလုံးကို အသုံးချလိုက်သော်လည်း မအောင်မြင်ခဲ့ပါချေ။
အင်း...
ထို့နောက်တွင်တော့ သူသည် သူ၏ ကျောက်ကပ်နားကနေ ပြင်းထန်လှသော နာကျင်မှုဝေဒနာတစ်ခုကို ခံစားလိုက်ရသည်။ သူ အောက်ခြေသို့ ငုံ့ကြည့်လိုက်သည့်အခါတွင်မူ သူမ၏ ခြေထောက်နှစ်ဖက်လုံး ဆူးပင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ရပြီး သူ၏ ခန္ဓာကိုယ်အလယ်ပိုင်းအတွင်းသို့ ထိုးစိုက်ထားတာကို မြင်တွေ့လိုက်ရတော့၏။
“ချီးပဲ! ဘာမှ... အားးး!”
သူ ထိုဆူးပင်များကို ဖယ်ရှားပစ်ရန် ကြိုးစားလိုက်သည့် အခိုက်အတန့်တွင်... သူ၏ ပုခုံးအဆစ်များမှာ သစ်မြစ်များ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး သူ၏ လက်မောင်းနှစ်ဖက်လုံးကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ လုံးဝ ငြိမ်သက်သွားခဲ့ရတော့သည်
“နင်က ကပ်ပါးကောင်တစ်ကောင်ပဲ! ငါ့ပေါ်ကနေ ဖယ်စမ်း!”
ရွှီရှောင်ရှို့ ထိတ်လန့်တုန်လှုပ်သွားခဲ့ရ၏။ သူသည် ဤကဲ့သို့သော စက်ဆုပ်ဖွယ်ကောင်းလှသည့် တိုက်ခိုက်ရေး နည်းလမ်းကို တကယ့်ကို ရွံရှာမိရသည်။
လက်ရှိအချိန်တွင် သူ လှုပ်ရှားနိုင်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းဆိုလို့ သူ၏ ဦးခေါင်းတစ်ခုတည်းသာ ရှိတော့သဖြင့်... သူ အနောက်သို့ လှည့်ကာ ကိုက်ခဲရန် ကြိုးစားလိုက်သော်လည်း လုံးဝ လွဲချော်သွားခဲ့ရသည်။
“နင်က ငါ့ကို ကပ်ပါးကောင်တစ်ကောင်လို့ ပြောရဲတယ်ပေါ့ ဟုတ်လား...”
မုဇီချီ ဒေါသထွက်သွားခဲ့ရသည်။ သူမ နှုတ်ခမ်းလေးကို ဆူလိုက်မိရင်း ပြောဆိုလိုက်တော့၏
“ဒါဆိုရင်လည်း... ပန်းပွင့်စမ်း။”
ဘုန်း...
အနီရောင် ပန်းပွင့်ကြီးတစ်ပွင့် ရွှီရှောင်ရှို့၏ ဦးခေါင်းထက်ကနေ ထိုးထွက်လာခဲ့ပြီး ဆွဲဆောင်မှုရှိလှသော ပုံစံဖြင့် ယိမ်းနွဲ့နေခဲ့တော့သည်။
“ဟားဟားဟား!”
“ရွှီရှောင်ရှို့ ခေါင်းပေါ်မှာ ပန်းပွင့်လာပြီဟေ့!”
“အို... ကောင်းကင်ဘုံ၊ ဒါက ဘာလို့ ဒီလောက်တောင် ရယ်ရနေရတာလဲ။ ဒါက တိုက်ပွဲတစ်ခု မဟုတ်ဘူးလား။ မင်းတို့နှစ်ယောက်လုံး နည်းနည်းလောက် တည်ငြိမ်လို့ မရဘူးလား”
ပွဲကြည့်ပရိသတ်များ တဟားဟား အော်ဟစ်ရယ်မောလိုက်ကြတော့သည်။ တိုက်ပွဲမစတင်မီကတည်းက အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့သည့် စူးချန်ချန်ပင်လျှင် သူမ၏ အပြုံးကို ထိန်းချုပ်နိုင်ရန်အတွက် သူမ၏ ပါးစပ်ကို လက်ဖြင့် အမြန်ပိတ်ထားလိုက်ရ၏။
အခြားလူအားလုံး ပျော်ရွှင်စွာဖြင့် ရယ်မောနေခဲ့ကြသော်လည်း... ရွှီရှောင်ရှို့ကတော့ သူ၏ တစ်ကိုယ်လုံး လှုပ်ရှားမရအောင် သွက်ချာပါဒလိုက်သလိုမျိုး ဖြစ်နေခဲ့ရသဖြင့် ထိတ်လန့်တုန်လှုပ်နေခဲ့ရသည်။
သူ လုံးဝကို ဆွံ့အသွားခဲ့ရ၏။
‘နောက်ထပ် မျိုးစေ့တစ်ခုက ငါ့ရဲ့ ခန္ဓာကိုယ်ထဲကို ဘယ်အချိန်တုန်းက ဝင်သွားပြန်တာလဲ’ ဟု သူ တွေးလိုက်မိသည်။ ‘ပြီးတော့ ငါကော အဲဒီအရာကို ဘာလို့ ကြိုတင်ပြီး အာရုံမခံမိရတာလဲ’
‘ဒါက တကယ့်ကို ပြီးပြည့်စုံလှတဲ့ ပုန်းကွယ်ခြင်းအတတ်ပဲ!’
သူ၏ ဦးခေါင်းအထက်တွင် ပန်းပွင့်ကြီးတစ်ပွင့် ပွင့်ထွက်နေခဲ့ရသည်ကတင် ဆိုးဝါးလှပြီ ဖြစ်သော်လည်း... ပို၍ ဆိုးဝါးသည်မှာ ထိုပန်းပွင့်ကြီးသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ သွက်ချာပါဒလိုက်စေမည့် အဆိပ်အတောက်များကို စဉ်ဆက်မပြတ် ထိုးသွင်းနေခဲ့ခြင်း ဖြစ်ရာ၊ သူ့ကို လုံးဝ လှုပ်ရှားနိုင်စွမ်း မရှိအောင် တားဆီးထားခဲ့ခြင်း ဖြစ်သည်။
ဤအခြေအနေအရ... သူသည် တကယ့်ကို အသားစဉ်ပေါ်က အသားတုံးတစ်ခုကဲ့သို့ ဖြစ်နေခဲ့ရပြီ ဖြစ်၏
သူသည် သူ၏ ပြိုင်ဘက်ကို မည်သည့်အခါမျှ အထင်မသေးခဲ့မိကြောင်း ယုံကြည်ထားခဲ့ပေသည်။ သူသည် ယမန်နေ့ညကမှ လေ့ကျင့်အောင်မြင်ထားခဲ့သည့် ‘ဓားဆွဲထုတ်ခြင်း သိုင်းပညာ’ ကိုပင် အောင်မြင်စွာ ထုတ်ဖော်အသုံးချနိုင်ခဲ့သည် မဟုတ်ပါလား။ သို့သော်လည်း ထိုသို့ဖြစ်လင့်ကစား သူ၏ ပြိုင်ဘက်ကတော့ သူ့ကို လုံးဝ လှုပ်ရှားနိုင်စွမ်း မရှိအောင် ပြုလုပ်နိုင်ခဲ့ဆဲ ဖြစ်သည်
‘ဘုရားသခင်... အဲဒီမိန်းကလေးက တကယ့်ကို ကြောက်စရာကောင်းလွန်းတာပဲ’