မုဇီချီ ထိုသို့ပြောလိုက်ပြီးသည်နှင့်တစ်ပြိုင်နက် စုစည်းထားသော သူမ၏ လက်နှစ်ဖက်ကို ချက်ချင်း ဆန့်ထုတ်လိုက်ပြီး စေးပျစ်လှသော အနက်ရောင်အမှုန်အမွှား လှိုင်းလုံးကြီးများ ရွှီရှောင်ရှို့ထံသို့ တိုးဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။
‘ဒါက ဘာကြီးလဲ’
ရွှီရှောင်ရှို့၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များ ချက်ချင်း ပေါက်ကွဲထွက်လာပြီး ထိုအနက်ရောင်အမှုန်အမွှားများကို ဖယ်ရှားပစ်လိုက်ပြီးနောက်မှသာ သူ တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့ရသည်။
‘မျိုးစေ့တွေလား’ ဟု သူ တွေးလိုက်မိ၏။ ‘မျိုးစေ့တွေကို သုံးပြီး တိုက်ခိုက်တဲ့ ထူးဆန်းတဲ့လူမျိုး တကယ်ပဲ ရှိနေတာလား။’
သူ ဇဝေဇဝါ ဖြစ်သွားခဲ့ရပြီး ကြမ်းပြင်တစ်ခုလုံးတွင် ပျံ့နှံ့နေသည့် မျိုးစေ့များကို ငုံ့ကြည့်လိုက်မိသည်။
‘နေဦး... ခဏလောက်။’
‘မွေးရာပါအဆင့်... သစ်သားဓာတ်စွမ်းအင်လား။’
သူသည် မုဇီချီထံသို့ သူ၏ အာရုံကို ထပ်မံရွှေ့ပြောင်းလိုက်ပြီး... ကွင်းပြင်ထဲသို့ ကြီးမားလှသော ဖရဲသီးကြီးတစ်လုံးကို ပစ်လွှတ်ခဲ့သည့် မြင့်မားလှသော ရှေးဟောင်းသစ်ပင်ကြီးကို တစ်ဖန် ပြန်လည်အမှတ်ရသွားခဲ့ရ၏။
‘မျိုးစေ့တွေ... ရှေးဟောင်းသစ်ပင်...’
ရွှီရှောင်ရှို့၏ မျက်ဝန်းများ ကျုံ့ဝင်သွားခဲ့ရပြီး တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့တော့သည်။
“အတိအကျပဲ။”
မုဇီချီသည် သူ ဘာတွေးနေလဲဆိုတာကို သိရှိပုံရပေသည်။ သူမ မျက်လုံးလေးများ မှေးစင်းကာ ပြုံးလိုက်ပြီး လက်ခုပ်တီးလိုက်၏။
“သစ်ပင်လေးတွေ... သူ့ကို ဖမ်းဆီးလိုက်စမ်း!”
ရွှတ်... ရွှတ်... ရွှတ်...
မျက်တောင်ဖျတ်ခတ်ရုံမျှ အချိန်ကာလအတွင်းမှာပင် ရှေးဟောင်းသစ်ပင်ကြီး ဒါဇင်ပေါင်းများစွာ လေထုထဲသို့ ထိုးထွက်လာခဲ့ပြီး သူ့ကို ပြိုင်ပွဲစင်မြင့်၏ အကာအကွယ်အတားအဆီး အပြင်ဘက်သို့ လွှင့်ထွက်သွားစေရန်အတွက် ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြတော့သည်။
ဖူး...
လေထုထဲတွင် သွေးများ ပန်းထွက်သွားခဲ့ရ၏။
သူသည် သူ၏ အောက်ပိုင်းခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားသလိုမျိုး ခံစားလိုက်ရသည်။ ထိုသစ်ပင်ကြီးများ၏ တိုက်ခိုက်မှုမှာ တကယ့်ကို ပြင်းထန်လွန်းလှသဖြင့် သူ၏ ကျောရိုးကို ကျိုးပဲ့လုမတတ် ဖြစ်သွားစေခဲ့ပြီး ထိုနေရာမှာတင် သူ့ကို သေဆုံးလုမတတ် ဖြစ်သွားစေခဲ့ခြင်း ဖြစ်၏။
‘ချီးပဲ... ဒါက တကယ့်ကို မျှော်လင့်မထားတဲ့ အရာပဲ...’
သူ လေထုထဲတွင် နာကျင်စွာ ညည်းတွားလိုက်မိ၏။ ပွဲအစမှာတင် ဤကဲ့သို့သော အခြေအနေမျိုး ပေါ်ပေါက်လာလိမ့်မည်ဟု မည်သူမျှ မျှော်လင့်ထားခဲ့ကြမည် မဟုတ်ပါချေ။
သာမန်လူများကတော့ ဓား သို့မဟုတ် လက်နက်တစ်မျိုးမျိုးကို အသုံးချကာ တိုက်ခိုက်လေ့ရှိကြသော်လည်း... ထိုမိန်းကလေးငယ်ကတော့ မျိုးစေ့များကိုသာ အသုံးချခဲ့ခြင်း ဖြစ်သည်။
‘မွေးရာပါအဆင့် သစ်ပင်တွေ။ အဲဒီဒဏ်ရာက... ချီးပဲ... တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်။’
သူ လေထုထဲတွင် ရှိနေစဉ်မှာပင် သူ၏ ခန္ဓာကိုယ်ကို တစ်နည်းနည်းဖြင့် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး... အနက်ရောင်ဓားကြီးကို အမြန်ဆုံး ဆင့်ခေါ်ကာ ဓားပေါ်တွင် ရပ်လျက် ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားလိုက်တော့သည်။
သို့သော်လည်း ပတ်သက်မှုမရှိဘဲ ထူထဲလှသော နွယ်ပင်ကြီးတစ်ပင် လေထုထဲသို့ ရုတ်တရက် ထိုးထွက်လာခဲ့ပြီး သူ့ကို ရစ်ပတ်နှောင်ဖွဲ့ကာ အောက်ခြေသို့ ပြင်းထန်စွာ ဆွဲချလိုက်၏။
“တောက်!” ဟု သူ ထိုနေရာမှာတင် ကျိန်ဆဲလိုက်မိသည်။ ဒါက အနီးကပ် တိုက်ခိုက်ခြင်း၏ အားနည်းချက်တစ်ခုပင် ဖြစ်၏။ ပြိုင်ဘက်၏ ဆက်တိုက်တိုက်ခိုက်မှုများအတွင်း ချက်ချင်းပင် အမိဖမ်းခြင်း ခံလိုက်ရခြင်း ဖြစ်သည်
သူ ဘာမှမတုံ့ပြန်နိုင်ခင်မှာပင်... သူ၏ အမြင်အာရုံများ မှောင်မိုက်သွားသလိုမျိုး ခံစားလိုက်ရတော့သည်။
‘ဘာတွေ ဖြစ်နေတာလဲ’ ဟု သူ တွေးလိုက်မိ၏။
သူ လုံးဝကို ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။
...
ရွှီရှောင်ရှို့သည် တိုက်ပွဲ၏ အလယ်ဗဟိုတွင် ရောက်ရှိနေခဲ့ရသဖြင့် ဘာတွေဖြစ်ပျက်နေလဲဆိုတာကို အပြည့်အဝ မသိရှိနိုင်ခဲ့သော်လည်း... ပွဲကြည့်ပရိသတ်များကတော့ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို ကောင်းမွန်စွာ သိရှိနေခဲ့ကြသည်။
သူ လွင့်ထွက်သွားခဲ့ရသည်နှင့်တစ်ပြိုင်နက်... သူ၏ အောက်ခြေရှိ ကြီးမားလှသော ကွင်းပြင်ကြီးတစ်ခုလုံး ချက်ချင်းပင် ရွှေ့လျားသွားခဲ့ပြီး အလယ်ဗဟိုတွင် နေရာလွတ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်
ထို့နောက်တွင်တော့ သစ်ပင်ကြီးတစ်ပင်ဆီကနေ ထူထဲလှသော နွယ်ပင်ကြီးတစ်ပင် ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး သူ့ကို ထိုရှေးဟောင်းသစ်ပင်ကြီး၏ မဟာဗျူဟာမြောက် အစီအစဉ်အတွင်းသို့ ဆွဲသွင်းသွားခဲ့တော့သည်။
‘အရာအားလုံးက ငါ စီစဉ်ထားတဲ့အတိုင်းပဲ’ ဟု မုဇီချီ စိတ်ထဲက ကျေနပ်စွာ တွေးလိုက်မိ၏။ သူမ သေချာပေါက်ပင် သူမ၏ လက်သီးများကို တင်းတင်းဆုပ်ထားခဲ့မိသည်။
သစ်ပင်ပင်စည်များ တစ်ခုနှင့်တစ်ခု ပြင်းထန်စွာ တိုက်မိသွားပြီး တစ်ခုတည်းသော သစ်ပင်ကြီးအဖြစ်သို့ လိမ်ယှက်သွားခဲ့ကြစဉ် ပြင်းထန်လှသော မြည်ဟီးသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ရပြီး... သစ်ပင်၏ အပေါ်ပိုင်း အကိုင်းအခက်များသာ လှပစွာ ယိမ်းနွဲ့နေခဲ့တော့သည်။
ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့ရ၏။
ပွဲကြည့်ပရိသတ်များ၏ မျက်လုံးများမှာ တဖျတ်ဖျတ် ခတ်သွားခဲ့ကြရပြီး... ရွှီရှောင်ရှို့၏ အရိုးများ ကျိုးပဲ့သွားသည့် အသံကိုပင် အတိုင်းသား ကြားလိုက်ရသလိုမျိုး ခံစားလိုက်ကြရသည်
“ဘုရားသခင်... အဲဒီမိန်းကလေးက တကယ်ကို လွန်လွန်းလှတယ်။”
“အို... ကောင်းကင်ဘုံ၊ သူမက နတ်သမီးလေးတစ်ပါးလိုမျိုး ပြုံးပြနေခဲ့တာ၊ ဒါပေမဲ့ သူမ တိုက်ခိုက်တဲ့ ပုံစံကတော့ လုံးဝကို သနားညှာတာမှု မရှိဘူးပဲ...”
“တောက်... တောက်... မုညီမလေးက ဒီလိုမျိုး ဖြစ်လိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးခဲ့မိဘူး... အာ... မဟုတ်ဘူး၊ မုမိစ္ဆာမလေးပဲ!”
ရှေးဟောင်းသစ်ပင်ကြီးများမှာ တစ်ခုနှင့်တစ်ခု လိမ်ယှက်ပိပြားသွားခဲ့ကြပြီး... သစ်ပင်ပေါင်း တစ်ဒါဇင်ကျော်ခန့် စုစည်းထားသည့် ဧရာမ သစ်ပင်ကြီးတစ်ပင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။ လူတိုင်းကတော့ ရွှီရှောင်ရှို့တစ်ယောက် သေချာပေါက် အဆုံးသတ်သွားခဲ့ရပြီ ဖြစ်ပြီး ထိုသစ်ပင်ကြီးအတွက် အာဟာရဖြစ်စေမည့် အရာတစ်ခု ဖြစ်သွားခဲ့ရပြီဟု ခံစားလိုက်ကြရ၏
“ဟိဟိ”
မုဇီချီ၏ အပြုံးများမှာ ပိုမို၍ တောက်ပလာခဲ့ပုံရပေသည်။ သူမသည် အလွန်အမင်း ထူထဲလှသော ထိုသစ်ပင်ကြီးကို တကယ့်ကို ချစ်ဖို့ကောင်းသည်ဟု ယူဆနေခဲ့ပုံရ၏။
ထို့နောက်တွင်တော့ သူမ အနောက်သို့ လှည့်ကာ ပြေးလွှားလိုက်ပြီး အကာအကွယ်အတားအဆီး၏ အစွန်းနားသို့ ရောက်ရှိသွားခဲ့သည်။
‘သူမ ဘာလုပ်မလို့လဲ’
ထိုနေရာတွင် ရှိနေကြသည့် လူတိုင်း ဇဝေဇဝါ ဖြစ်စွာဖြင့် တွေးတောလိုက်မိကြသည်။ ရှောင်ချီရှို့၏ မျက်ဝန်းများပင် ကျုံ့ဝင်သွားခဲ့ရ၏။ သူသည် ကြောက်စရာကောင်းလှသော အရာတစ်ခုခု ပေါ်ပေါက်လာတော့မည်ကို အာရုံခံမိလိုက်ခြင်း ဖြစ်သည်။
“ဟဲ့!”
ထိုမိန်းကလေးငယ်သည် သူမ၏ တောက်ပလှသော အပြုံးကို ဆက်လက်ထိန်းသိမ်းထားရင်း လက်ခုပ်တီးလိုက်သည်။ ထို့နောက်တွင်တော့ သူမ ချစ်စရာကောင်းလှသောအသံလေးဖြင့် အော်ဟစ်လိုက်တော့၏
“ပေါက်ကွဲစမ်း!”
ကွင်းပြင်တစ်ခုလုံး ခေတ္တခဏမျှ တိတ်ဆိတ်သွားခဲ့ရ၏။
ဘုန်း...
ကြီးမားလှသော မှိုပွင့်ပုံစံ မီးခိုးလုံးကြီးတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ရသည်။
ထိုသစ်ပင်ကြီး ပေါက်ကွဲသွားခဲ့ရပြီး ပြိုင်ပွဲစင်မြင့်ထက်တွင် ကြီးမားလှသော ကျင်းကြီးတစ်ခု ချက်ချင်း ပေါ်ပေါက်ကျန်ရစ်ခဲ့၏။ ထိုပေါက်ကွဲမှုမှာ တကယ့်ကို ပြင်းထန်လွန်းလှသဖြင့်... မျှော်လင့်မထားဘဲ ဖြစ်နေခဲ့သည့် ရှောင်ချီရှို့ကိုပင် ပေါက်ကွဲမှုလှိုင်းဒဏ်ကြောင့် လေထုထဲသို့ လွင့်ထွက်သွားစေခဲ့ရသည်။
သူသည် ဝိညာဉ်ရေးရာ အရင်းအမြစ်များဖြင့် သူ၏ ခန္ဓာကိုယ်ကို အမြန်ဆုံး ကာကွယ်လိုက်ရပြီး လေထုထဲတွင် တည်ငြိမ်အောင် ထိန်းချုပ်လိုက်ရ၏
ရှူး...
လူတိုင်း ပြိုင်ပွဲစင်မြင့်ထက်သို့ ထပ်မံ၍ လှမ်းကြည့်လိုက်ကြသည်။ ထိုသက်လတ်ပိုင်း အမျိုးသားနှင့် ပွဲကြည့်ပရိသတ်များမှာ ဖြစ်ပျက်သွားခဲ့သည့် အခြေအနေကို မြင်တွေ့လိုက်ရသည့်အခါ အသက်ရှူရက်ပင် မေ့လျော့သွားခဲ့ကြရတော့၏။
ရွှီရှောင်ရှို့ကို ရစ်ပတ်နှောင်ဖွဲ့ထားခဲ့သည့် သစ်ပင်ကြီးမှာ ပေါက်ကွဲမှုအပြီးတွင် ပြာမှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ရပြီး နေရာအနှံ့သို့ လွင့်စင်သွားခဲ့ရခြင်း ဖြစ်သည်။
သို့သော်လည်း ထိုပြာမှုန့်များမှာ မြေပြင်ပေါ်သို့ ကျရောက်သွားပြီးနောက် ချက်ချင်းပင် အမြစ်တွယ်သွားခဲ့ကြပြီး... အမြောက်အမြားရှိလှသော မျိုးစေ့များအဖြစ်သို့ ပြန်လည်စုစည်းကာ အညှောက်ထွက်လာခဲ့ကြပြန်သည်။
“အို... ဘုရား ရေ... သူမကတော့ သူမနဲ့ တိုက်ခိုက်တဲ့လူကို တကယ်ကို အသေသတ်ဖို့ ကြိုးစားနေတာပဲ”
“ဘုရားသခင်... သူမက ဒီလောက်အထိ အကြမ်းဖက်ဖို့ လိုလို့လား။ ရွှီရှောင်ရှို့က ဒီဒဏ်ကနေ အသက်ရှင်ကျန်ရစ်ခဲ့ရင်တောင်မှ... သူ နောက်ထပ်တိုက်ခိုက်မှုကိုရော ခံနိုင်ရည် ရှိပါဦးမလား”
ကွင်းပြင်ထဲတွင် သူမ၏ ပေါက်ကွဲမှုသိုင်းပညာကို အခုတင်ပဲ အဆုံးသတ်လိုက်သည့် မုဇီချီသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
သူမ၏ သာမန်တိုက်ခိုက်မှုများက မွေးရာပါအဆင့် ခန္ဓာကိုယ်အချိုးအစား ရှိနေသည့် လူတစ်ယောက်ကို အနိုင်မယူနိုင်မှန်း သိရှိထားခဲ့သဖြင့်... သူမ ဤတိုက်ပွဲတွင် သူမ၏ အကောင်းဆုံး စွမ်းရည်များကို အမှန်တကယ် ထုတ်ဖော်အသုံးချခဲ့ခြင်း ဖြစ်၏။
သူမသည် နောက်ဆုံးပေါက်ကွဲမှုကို ဖန်တီးလိုက်စဉ်က... သူမကိုယ်တိုင်၏ ဘေးကင်းလုံခြုံမှုအတွက်ပင် စိုးရိမ်ပူပန်ခဲ့ရသည်အထိ ထိုအရာကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သူမ သူ့ထံတွင် လျှို့ဝှက်စွာ စိုက်ပျိုးထားခဲ့သည့် မျိုးစေ့မှတစ်ဆင့် ထိုလူမှာ အသက်ရှင်နေသေးကြောင်း အာရုံခံမိနေခဲ့ဆဲ ဖြစ်၏
‘သူ မသေသေးဘူးလား’
‘ဒီရွှီရှောင်ရှို့က ပိုးဟပ်တစ်ကောင်လား ဘာလဲ။’
သူမ စိတ်ထဲကနေ လျှို့ဝှက်စွာ စိတ်ပျက်သွားခဲ့ရသည်။ သူမ စိုက်ပျိုးထားခဲ့သည့် ထိုမျိုးစေ့မှတစ်ဆင့် ရွှီရှောင်ရှို့၏ ခန္ဓာကိုယ်အတွင်းရှိ အသက်စွမ်းအားများမှာ အပြည့်အဝ တည်ရှိနေဆဲဖြစ်ကြောင်း အာရုံခံမိနေခဲ့သောကြောင့် ဖြစ်၏။
‘ဟင်း... ငါ နောက်တစ်ကြိမ်ကျရင် အဲဒီလှည့်ကွက်ကို စမ်းကြည့်ရမယ်။’
ထိုမှိုပွင့်ပုံစံ မီးခိုးလုံးကြီးမှာ နောက်ဆုံးတွင်တော့ လုံးဝ ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်ပြီး... ၎င်းက သူမ လက်ရှိအချိန်တွင် သူ့နားသို့ တိုးကပ်မလာရဲသေးသည့်အတွက်ကြောင့်လည်း ဖြစ်ရာ... ရွှီရှောင်ရှို့သည် ‘ထာဝရရှင်သန်ခြင်း’ ဝိညာဉ်စွမ်းရည်မှတစ်ဆင့် သူ၏ ဒဏ်ရာများကို အတိုင်းအတာတစ်ခုအထိ ပြန်လည်ကုသရန် အခွင့်အရေး ရရှိသွားခဲ့ရသည်။
သို့သော်လည်း သူသည် တစ်ကိုယ်လုံး သွေးများဖြင့် စွန်းထင်းနေခဲ့ရဆဲ ဖြစ်ပြီး သူ၏ အရိုးအများအပြားလည်း ကျိုးပဲ့နေခဲ့ရဆဲ ဖြစ်၏
ထိုပေါက်ကွဲမှုမှာ ယခင်တုန်းက လျူကျိန်း ပြုလုပ်ခဲ့သည့် အရာထက် သေချာပေါက်ပင် ပိုမို၍ ထိရောက်မှု ရှိလှပေသည်။ ထိုပေါက်ကွဲမှုကြီးက အတွင်းပိုင်းကနေ အပြင်ဘက်သို့ ပေါက်ကွဲထွက်လာခဲ့ခြင်း မဟုတ်သည့်အတွက်ကြောင့်သာ ကံကောင်းခဲ့ခြင်း ဖြစ်ပြီး... မဟုတ်လျှင်မူ သူ ထိုပေါက်ကွဲမှုအပြီးတွင် မတ်တတ်ပင် ရပ်နိုင်တော့မည် မဟုတ်ပါချေ။
‘အဲဒီ မွေးရာပါအဆင့် စွမ်းရည်ဆိုတာက တကယ့်ကို တစ်ခုခုပဲ...’
ပထမဦးစွာ ကျောက်ချင်းထန်၏ ရေခဲဓားစွမ်းရည် ရှိခဲ့ပြီး... ယခုအခါတွင်တော့ မုဇီချီ၏ ရှေးဟောင်းသစ်ပင် စွမ်းရည်များ ရှိနေခဲ့ပြန်ပြီ ဖြစ်သည်။ ရွှီရှောင်ရှို့သည် ဤကဲ့သို့သော မွေးရာပါ ဓာတ်စွမ်းရည်များကို တကယ့်ကို မနာလိုဖြစ်မိရ၏။ ၎င်းတို့က တကယ့်ကို အလွန်အမင်း စွမ်းအားကြီးမားလွန်းလှသောကြောင့် ဖြစ်သည်။
တကယ်လို့ သူသာ ဤကဲ့သို့သော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားခဲ့မည်ဆိုလျှင်... သူသည် အနီးကပ် တိုက်ခိုက်ခြင်းအဆင့်တွင်တင် ကန့်သတ်ခံထားရမှာ မဟုတ်တော့ပါချေ
လူတစ်ဦး လုပ်ဆောင်နိုင်သည့် အဝေးကွင်း တိုက်ခိုက်မှု အရေအတွက်မှာ အကန့်အသတ် ရှိလှသဖြင့်... သူ သူမရှိရာဘက်သို့ ချက်ချင်း တိုးဝင်တိုက်ခိုက်ခြင်း မပြုတော့ဘဲ ထိုနေရာမှာတင် မတ်တတ်ရပ်လျက်သာ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်တော့သည်။
သူတို့နှစ်ယောက်လုံး အပြန်အလှန် စောင့်ဆိုင်းနေခဲ့ကြသဖြင့် ပွဲကြည့်ပရိသတ်များမှာ စိတ်မရှည် ဖြစ်လာခဲ့ကြရ၏။
“ဒီရွှီရှောင်ရှို့က တကယ်ပဲ လူအူတူတူတစ်ယောက်လား ဘာလဲ။ သူက ဘာလို့ မတိုက်ခိုက်ရသေးတာလဲ။ သူက အဲဒီသစ်ပင်တွေ ပြန်ပြီး ကြီးထွားလာမှာကို စောင့်နေတာလား။”
မျက်နှာပြင်ပေါ်တွင်တော့ သူတို့နှစ်ယောက်လုံး လုံးဝ လှုပ်ရှားခြင်းမရှိဘဲ ရပ်တန့်နေခဲ့ကြသည်မှာ အမှန်ပင် ဖြစ်သော်လည်း... ထိုပေါက်ကွဲမှုကြောင့် ပြန့်ကျဲသွားခဲ့သည့် မျိုးစေ့များမှာ မြေပြင်ပေါ်သို့ အားလုံး ကျရောက်သွားခဲ့ကြပြီ ဖြစ်ရာ ပြိုင်ပွဲစင်မြင့်တစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့ပြီ ဖြစ်သည်
ထိုအခိုက်အတန့်တွင် မုဇီချီသည် သူမ လိုအပ်သမျှသော မြေပြင်အနေအထား အားသာချက် အားလုံးကို ပိုင်ဆိုင်ထားခဲ့ပြီဟုပင် ပြောဆိုနိုင်ပေသည်။
သစ်သားဓာတ်စွမ်းရည်၏ အကာအကွယ်အတားအဆီး။
“ဒါကို မြည်းစမ်းကြည့်လိုက်စမ်း... ရွှီရှောင်ရှို့!”
မုဇီချီသည် အချိန်အကြာကြီး စောင့်ဆိုင်းလိုစိတ် မရှိတော့ပါချေ။ သူမ ထပ်မံ၍ လက်ခုပ်တီးလိုက်သည့်အခါတွင်မူ မျိုးစေ့များ ပေါက်ကွဲထွက်လာခဲ့ကြပြီး သစ်ပင်ကြီးများ ကောင်းကင်ယံသို့ ထိုးတက်လာခဲ့ကြတော့၏
ရွှတ်... ရွှတ်... ရွှတ်...
ရှေးဟောင်းသစ်ပင်ကြီးများ နေရာအနှံ့အပြားကနေ မြေပြင်ပေါ်သို့ ထိုးထွက်လာခဲ့ကြသည်။ ၎င်းက ကွင်းပြင်ထဲတွင် သစ်ပင်တစ်ဒါဇင်ကျော်မျှသာ ရှိတော့ခြင်း မဟုတ်ပါချေ။ လူတိုင်း တစ်ချက်ကြည့်လိုက်ရုံရုံမျှဖြင့်တင် ကွင်းပြင်ထဲတွင် သစ်ပင်ပေါင်း တစ်ရာကျော်ခန့် ရှိနေပြီဖြစ်ကြောင်း အလွယ်တကူ သိရှိနိုင်ပေသည်။
ပို၍ ဆိုးဝါးသည်မှာ... ထိုအရေအတွက်မှာ ဆက်လက်၍ တိုးပွားနေခဲ့ဆဲ ဖြစ်ခြင်းပင်။
ပွဲကြည့်ပရိသတ်များမှာတော့ နောက်ထပ် ဖြစ်ပျက်လာမည့် အခြေအနေကို ဆက်လက်၍ မကြည့်ရဲကြတော့ပါချေ။ တကယ်လို့ နောက်ထပ် ပေါက်ကွဲမှုတစ်ခုသာ ထပ်မံ၍ ပေါ်ပေါက်လာခဲ့မည်ဆိုလျှင်... ရွှီရှောင်ရှို့သည် မွေးရာပါအဆင့် ခန္ဓာကိုယ်အချိုးအစား ရှိနေခဲ့လျှင်ပင် သေချာပေါက် သူ၏ ခြေလက်အင်္ဂါများ ကျိုးပဲ့ပျက်စီးသွားရပေလိမ့်မည်။
သူသည် ထိုပေါက်ကွဲမှုကြောင့် သူ၏ ဦးခေါင်းကိုပင် ဆုံးရှုံးသွားရနိုင်ချေ ရှိပေသည်။
“ဟမ်...”
“အဲဒါ ဘာကြီးလဲ...”
“ရွှီရှောင်ရှို့က ဓားအိမ်တစ်ခုကို ထုတ်လိုက်တာလား...”
လူတိုင်း စူးစမ်းလိုစိတ်များဖြင့် သူ့ထံသို့ လှမ်း၍ ကြည့်ရှုလိုက်ကြတော့၏။
သစ်ပင်ကြီးများ ကောင်းကင်ယံသို့ ဆက်လက်၍ ထိုးတက်နေခဲ့ကြစဉ်... ရွှီရှောင်ရှို့သည် သူ၏ တစ်ကိုယ်လုံးတွင် မျက်လုံးများ ရှိနေခဲ့သလိုမျိုး လှုပ်ရှားလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် လျှပ်ခနဲ ဖြစ်သွားခဲ့ရပြီး ထိုသစ်ပင်ကြီးများ၏ ကြားထဲတွင် မျောက်တစ်ကောင်ကဲ့သို့ ကျွမ်းကျင်စွာဖြင့် အဝင်အထွက် ပြုလုပ်လျက် လှုပ်ရှားသွားခဲ့၏။
သူသည် မျိုးစေ့များ ဖုံးလွှမ်းမနေသည့် မြေပြင်ပေါ်ရှိ ကျဉ်းမြောင်းလှသော နေရာလွတ်တစ်ခုပေါ်သို့ ကျရောက်သွားခဲ့ပြီးနောက်တွင်တော့ ဓားအိမ်တစ်ခုကို အမှန်တကယ် ထုတ်ယူလိုက်ခြင်း ဖြစ်သည်။
“သတိထားဦးနော်...”
သူ ပြောဆိုလိုက်၏။ ထိုမိန်းကလေးငယ်သည် သူမ သူ့ကို တိုက်ခိုက်သည့် အကြိမ်တိုင်းတွင် ဤကဲ့သို့သော သတိပေးချက်မျိုးကို ပေးလေ့ရှိခဲ့သဖြင့်... ယခုအခါတွင်တော့ သူလည်း ထိုအရာကို ပြန်လည်၍ အသုံးချရန် သင့်တော်သည်ဟု ယူဆလိုက်ခြင်း ဖြစ်သည်။
သူ ထိုသို့ပြောဆိုပြီးသည်နှင့်တစ်ပြိုင်နက်... မြေပြင်ပေါ်ရှိ မျိုးစေ့အားလုံးနှင့် ပုံသဏ္ဌာန် ဖော်ဆောင်ထားပြီးဖြစ်သည့် သစ်ပင်ကြီးများအားလုံးမှာ သူတို့၏ ထိန်းချုပ်မှုများ လွတ်ကင်းသွားခဲ့သလိုမျိုး ပြင်းထန်စွာ တုန်ခါလာခဲ့ကြတော့၏။
သူ မျက်လုံးများကို မှိတ်လိုက်မိပြီး... ထိုနေရာမှာတင် သူသည် ယမန်နေ့ညက အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သလိုမျိုး ခံစားလိုက်ရသည်။
‘ဥယျာဉ်ကြီးက ကျယ်ပြောလှတယ်၊ ဒါဆိုရင် ဓားစိတ်ဆန္ဒက ဘယ်နေရာကို ဦးတည်သွားမှာလဲ’
မုဇီချီ သူမ၏ မျက်လုံးများကို အကျယ်သား ဖွင့်လိုက်မိသည်။ သူမသည် သူမ၏ ဘေးပတ်ဝန်းကျင်တစ်ခုလုံးတွင် ပေါ်ထွက်နေသည့် ဓားစိတ်ဆန္ဒများက ဘယ်ကနေ ရောက်ရှိလာတာလဲဆိုတာကို ဘာလို့ ခွဲခြားမရနိုင်ဖြစ်နေရတာလဲဆိုတာကို လုံးဝ ဇဝေဇဝါ ဖြစ်သွားခဲ့ရ၏။
‘ရွှီရှောင်ရှို့ရဲ့ ဓားဆီကနေ ရောက်လာတာလား’
သူမ တွေးလိုက်မိသည်။
‘ဒါမှမဟုတ် မြေပြင်ပေါ်က မျိုးစေ့တွေဆီကလား။’
‘ဒါမှမဟုတ်...’
‘ငါ့ဆီကလား’
မုဇီချီသည် သူမ၏ အတွေးများက ဘယ်လောက်အထိ ရယ်စရာကောင်းနေပြီလဲဆိုတာကို အာရုံခံမိလိုက်သော်လည်း... သူမသည် သူမ၏ ဦးခေါင်းအထက်ကနေ မြင့်တက်လာနေသည့် ဓားစိတ်ဆန္ဒများကို တကယ်ကို အာရုံခံမိနေခဲ့ရခြင်း ဖြစ်သည်
‘ငါက တကယ်ပဲ ရွှီရှောင်ရှို့ရဲ့ ဓား ဖြစ်သွားခဲ့တာလား’
ထိုမိန်းကလေးငယ်သည် သူမ၏ ခေါင်းကို ခါယမ်းလိုက်မိပြီး... သူမ၏ စိတ်ထဲတွင် ပေါ်ပေါက်နေသည့် ထိုရယ်စရာကောင်းလှသော အတွေးများကို ဖယ်ရှားပစ်လိုက်ရန်အတွက် သူမ၏ ဆံပင်ကျစ်ဆံမြီးလေးနှစ်ချောင်းကို ဝှေ့ယမ်းလိုက်တော့၏။