ထိုအခိုက်အတန့်တွင် မည်သူမဆို ရွှီရှောင်ရှို့အား လူ့လောကသို့ သက်ဆင်းလာပြီး လူသားတစ်ဦးကို ချစ်မိသွားသည့် နတ်ဘုရားတစ်ပါးနှင့် တကယ်ကို တူညီလှသည်ဟု သဘောတူကြမည်ဖြစ်ပြီး သူ့ကို စွဲလန်းသွားကြပေလိမ့်မည်။
ပထမဦးစွာ သူသည် အပြစ်ပြောစရာမရှိသော ရုပ်ရည်ကို ပိုင်ဆိုင်ထားပြီး တော်ဝင်မျိုးနွယ်ဝင်တစ်ဦးကဲ့သို့ အရှိန်အဝါမျိုး ရှိနေခဲ့သည်။ သူသည် ဓားကို ကျောနောက်တွင် ကိုင်ဆောင်လျက် မတ်တတ်ရပ်နေသည့် ပုံစံမှာ အမျိုးသမီးတပည့်အများအပြားကို သူ့အပေါ် စိတ်ညှို့သွားစေခဲ့၏
“အို... သွားပါပြီ၊ ငါတော့ အရှုံးပေးလိုက်ရပြီ။ ရွှီရှောင်ရှို့က တကယ့်ကို ချစ်ဖို့ကောင်းလွန်းတယ်!”
“ငရဲသွားလိုက်စမ်း! ရွှီရှောင်ရှို့က ငါ့အပိုင်ကွ!”
အမျိုးသမီးတပည့်အချို့မှာ သူ့အပေါ် ရူးရူးမူးမူး ဖြစ်နေကြသော်လည်း... သူ့အပေါ် သံသယဝင်နေကြသည့် လူများကတော့ ပိုမို၍ များပြားလှပေသည်။
“ချီးပဲ... သူကတော့ ပွဲဦးထွက်အဝင်ကို တကယ်ကို အမိုက်စား လုပ်ပြသွားတာပဲ။ ဒါနဲ့ ဝိညာဉ်ကျင့်ကြံခြင်း အဆင့် (၈) သာရှိတဲ့ကောင်က ဘာလို့ ဓားပေါ်မှာ ရပ်ပြီး ပျံသန်းနိုင်နေရတာလဲ။”
“ဟုတ်ပ့ ဓားပျံသိုင်းပညာနဲ့ ပျံသန်းတာက မွေးရာပါအဆင့်ရောက်မှ လုပ်နိုင်တဲ့ စွမ်းရည် မဟုတ်ဘူးလား။ ရွှီရှောင်ရှို့က တစ်ညတည်းနဲ့တင် အဲဒီအဆင့်ကို တကယ်ပဲ ရောက်သွားတာလား။”
“မဖြစ်နိုင်တာ။ သူ့ရဲ့ အရှိန်အဝါကို ကြည့်ဦး... အဆင့် (၈) အရှိန်အဝါ သီးသန့်သက်သက်ပဲ ရှိသေးတာကို။”
“နေဦး... ဒီကောင်က... ဘာလို့ ဒီလောက်တောင် အပျံနှေးနေရတာလဲ”
သူတို့ထဲက တစ်ယောက်က ဒါကို ပြောဆိုလိုက်သည့်အခါမှသာ အခြားလူအားလုံး ရွှီရှောင်ရှို့ ပေးစွမ်းခဲ့သည့် ထိတ်လန့်တုန်လှုပ်မှုကနေ ဖြည်းဖြည်းချင်း ပြန်လည်သက်သာလာခဲ့ကြတော့သည်။ သူတို့အားလုံး၏ မျက်နှာပေါ်တွင် ဇဝေဇဝါ ဖြစ်နေသည့် အမူအရာများ ပေါ်ပေါက်လာခဲ့၏။
သူ၏ ဓားပေါ်တွင် ရပ်ပြီး ပျံသန်းနိုင်စွမ်းက တကယ့်ကို ခန့်ညားလှပသည်မှာ အမှန်ပင် ဖြစ်သော်လည်း... သူ ပျံသန်းနေသည့် အရှိန်အဟုန်ကတော့...
ဘုရားသခင်... မင်း ပျံသန်းနေတာထက် ငါ လမ်းလျှောက်တာကမှ ပိုပြီး မြန်ဦးမယ်!
တကယ်လို့ ယနေ့တွင် လေပြင်းက ပြင်းထန်စွာ တိုက်ခတ်မနေခဲ့ဘူးဆိုလျှင်... သူ၏ ဝတ်စုံလက်အင်္ကျီများမှာ တဖျတ်ဖျတ် ဝှေ့ယမ်းနေမှာပင် မဟုတ်ပါချေ။
ရွှီရှောင်ရှို့သည် လူတိုင်းကို သူ၏ ကျောပြင်ကိုသာ ပြသထားရင်း အေးအေးလူလူ အရှိန်အဟုန်ဖြင့်သာ ပျံသန်းလာခဲ့ခြင်း ဖြစ်ရာ... ၎င်းက ဤကဲ့သို့ နှေးကွေးလှသောအရှိန်ဖြင့် ပျံသန်းမှသာ သူ၏ လက်ရှိ စိတ်အခြေအနေကို ပြည့်စုံစွာ ဖော်ပြနိုင်သည့်အလား ထင်မှတ်ရပေသည်။
“ခဏလောက် စောင့်ကြည့်လိုက်ပါဦး...”
“သူက ဘာလို့ ငါတို့ကို ကျောခိုင်းထားရတာလဲ”
အခြားတစ်ယောက်က မေးမြန်းလိုက်၏။
လူတိုင်းက ပထမတော့ ရွှီရှောင်ရှို့သည် ပွဲဦးထွက်အဝင်ကို ဟန်ကိုယ်ဖို့ လုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟု တွေးတောခဲ့ကြသော်လည်း... နောက်ပိုင်းတွင်တော့ သူတို့ တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွားကြရသည်။
ဒီကောင်က အလွန်အမင်း နှေးကွေးစွာ ပျံသန်းနေရုံတင်မကဘဲ... သူ ပျံသန်းနေခဲ့သည့် တစ်လျှောက်လုံးတွင် သူ၏ တင်ပါးကိုသာ လူတိုင်းဘက်သို့ ဦးတည်ထားခဲ့ခြင်း ဖြစ်၏။
၎င်းက သူသည် အနောက်ဘက်သို့ မျက်နှာမမူဘဲ မပျံသန်းနိုင်သလိုမျိုး ဖြစ်နေခဲ့သည်။
စင်မြင့်ထက်ရှိ မုဇီချီသည် စူးစမ်းလိုစိတ်ဖြင့် မော့ကြည့်လိုက်မိပြီး သူ၏ ထူးဆန်းလှသော အပြုအမူကြောင့် မျက်လုံးလေး တဖျတ်ဖျတ် ခတ်လိုက်မိတော့သည်။ သူမသည် ရွှီရှောင်ရှို့က ပျော်ရွှင်စရာ ဟာသတစ်ခု လုပ်ဆောင်ရန် ရောက်ရှိလာခဲ့သလိုမျိုး ခံစားလိုက်ရ၏
“မင်း... အနောက်ဘက်ကို မျက်နှာမူပြီး ပျံသန်းနေရတာ ခေါင်းမမူးဘူးလား...”
ရွှီရှောင်ရှို့သည် အနက်ရောင်ဓားကြီးပေါ်တွင် ရပ်နေခဲ့ရင်း... ‘နာကျင်မှုပုန်းကွယ်ခြင်း’ ဓားကို အသုံးချကာ သူ၏ ခေါင်းကို ဖြည်းဖြည်းချင်း လှည့်လိုက်ပြီး ပွဲကြည့်ပရိသတ်များကို ပြုံးပြလျက် လက်လှမ်းပြ၍ နှုတ်ဆက်လိုက်၏။
သူ၏ လည်ပင်းမှာ မနေ့ညက အိပ်ရေးမဝခဲ့သလိုမျိုး နာကျင်ကိုက်ခဲနေခဲ့ရသည်။
ဒါက သူ ဘာလို့ အနောက်ဘက်ကို မျက်နှာမူပြီး ပျံသန်းနေရခြင်းနှင့် ဘာလို့ ဒီလောက်အထိ နှေးကွေးနေရခြင်းရဲ့ အကြောင်းရင်း ဖြစ်၏...
ရွှီရှောင်ရှို့၏ စိတ်ထဲတွင်မူ အော်ဟစ်ငိုကြွေးနေခဲ့မိသည်။ သူသည်လည်း ရှေ့သို့ မျက်နှာမူကာ လျှပ်စီးတန်းတစ်ခုကဲ့သို့ လျင်မြန်စွာ ပျံသန်းချင်လှသည် မဟုတ်ဘူးလား
သို့သော်လည်း ဒီအသုံးမကျတဲ့ ဓားသိုင်းပညာက သူ့ကို အခွင့်အရေး မပေးခဲ့ပါချေ!
သူသည် တစ်ညလုံးနီးပါး လေ့ကျင့်ခဲ့ပြီးနောက်... ထိုအသုံးမကျသည့် အနက်ရောင်ဓားကြီးသည် ဓားသွားက သူ့ထံသို့ ဦးတည်နေသည့် အချိန်၌သာ တကယ့်ကို အသက်ဝင်ပြီး ဝိညာဉ်ရေးရာဉာဏ်ပညာ ရှိနေကြောင်း တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
သူသည် ဓားသွားကို အခြားတစ်ဖက်သို့ လှည့်လိုက်သည်နှင့်တစ်ပြိုင်နက် ထိုဓားကို ဘာလို့ ဆက်လက်၍ မထိန်းချုပ်နိုင်တော့တာလဲဆိုတဲ့ အကြောင်းရင်းကိုတော့ သူကိုယ်တိုင်လည်း မသိရှိပါချေ။ သူသည် အကြိမ်ပေါင်း ရာချီ၍ စမ်းသပ်ကြည့်ခဲ့သော်လည်း နောက်ဆုံးတွင်တော့ လက်လျှော့ရန်သာ ဆုံးဖြတ်ခဲ့ရတော့သည်
ထို့နောက်တွင်တော့ သူသည် အနက်ရောင်ဓားကြီးပေါ်တွင် မတ်တတ်ရပ်နိုင်ခဲ့ပြီး သူ၏ အိမ်ရာကနေ အပြင်သို့ ပျံသန်းထွက်ခွာရန် ကြိုးစားလိုက်သည့်အခါ၌... ၎င်းက သူ၏ အခန်းထဲသို့သာ တိုက်ရိုက် ပြန်လည်တိုးဝင်သွားခဲ့၏။
သူသည် ထိုထူးဆန်းလှသော ‘ဓားပျံသိုင်းပညာ’ က အနောက်ဘက်သို့ ပြောင်းပြန် ဘာလို့ အလုပ်လုပ်နေရတာလဲဆိုတာကို လုံးဝ ဆွံ့အသွားခဲ့ရပြီး... နောက်ဆုံးတွင်တော့ အနောက်သို့ လှည့်ကာ ‘နာကျင်မှုပုန်းကွယ်ခြင်း’ ဓားကို အသက်သွင်းလျက် ပျံသန်းလာခဲ့ရခြင်း ဖြစ်သည်။
သူ၏ အိမ်ရာကနေ ချူယွမ်တောင်ထိပ် အထိ ရောက်ရှိလာရန်အတွက် နှစ်နာရီကျော်ခန့် အချိန်ယူခဲ့ရ၏။
ထိုနှစ်နာရီတာကာလက သူ့ကို လမ်းကြောင်းမှားယွင်းမှုကြောင့် ဖြစ်ပေါ်လာသည့် နောက်ထပ် ရောဂါဝေဒနာတစ်မျိုးကို သင်ခန်းစာ ပေးခဲ့ပေသည်။
ဓားမူးခြင်း ဝေဒနာ
အော့အန်ချင်စိတ်...
သူသည် အော့အန်ချင်နေသည့် စိတ်ကို အတင်းအောင့်အည်းသည်းခံလိုက်ရင်း ဘာမှမဖြစ်ခဲ့သလိုမျိုး ဘေးပတ်ဝန်းကျင်က လူများကို လက်လှမ်းပြ၍ နှုတ်ဆက်လိုက်၏။
ထိုလုပ်ဆောင်ချက်က တကယ့်ကို ငရဲကျမတတ် ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသော်လည်း... ရရှိလာသည့် ရလဒ်ကတော့ တကယ့်ကို ကြီးမားလှပေသည်။
“အထင်ကြီးခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၆၆၄။”
“အထင်ကြီးခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၈၈၂။”
“မနာလိုခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၄၄၁။”
“မနာလိုခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၂၆၁။”
...
ထိုသို့ ပျံသန်းလာခဲ့သည့် ဖြစ်စဉ်ကြောင့် သူသည် အလိုအလျောက်ရမှတ် ၄,၀၀၀ ကျော်ခန့် ရရှိခဲ့ခြင်း ဖြစ်ပြီး... ထိုရမှတ်များမှာ လမ်းခရီးတစ်လျှောက်တွင် သူနှင့် ဆုံတွေ့ခဲ့ကြသည့် ဂိုဏ်းတူညီအစ်ကို မောင်နှမများထံကနေ ရရှိခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း သေချာပေါက်ပင် ၎င်းတို့က ယခင်မှတ်တမ်းများသာ ဖြစ်ကြသည်။
လက်ရှိအချိန်တွင် စနစ်ဘုတ်ပေါ်၌ ဖော်ပြနေသည့် အကြောင်းကြားချက်များကတော့...
“သံသယဝင်ခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၅၆၃။”
“လှောင်ပြောင်ခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၄၄၆။”
“အထင်သေးခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၃၃၇။”
...
မှန်ပေသည်၊ ထိုရမှတ်များမှာ ရုတ်တရက်ဆိုသလို ၂,၀၀၀ ကျော်ခန့်အထိ မြင့်တက်သွားခဲ့ရပြန်သည်။
အသေးစိတ်အချက်အလက်များနှင့် ပတ်သက်ပြီးတော့...
‘ထားလိုက်ပါတော့... ငါ အလိုအလျောက်ရမှတ်တွေ ဆက်ပြီး ရနေသရွေ့တော့ အဆင်ပြေပါတယ်’
သူ တွေးလိုက်မိ၏။
ရွှီရှောင်ရှို့သည် စနစ်ဘုတ်ပေါ်တွင် ပေါ်ထွက်နေသည့် ရှေ့ပိုင်းက အကြောင်းကြားချက်အချို့ကို လျစ်လျူရှုလိုက်ရင်း သူ၏ ဟန်ဆောင်မှုကို အတတ်နိုင်ဆုံး ဆက်လက်ထိန်းသိမ်းထားလိုက်သည်။
အောက်ခြေတွင်။
ရှောင်ချီရှို့သည် ရွှီရှောင်ရှို့ကို ကြည့်ရှုရင်း အနည်းငယ် ခေါင်းမူးသွားခဲ့ရပြီး သူ့ကို ဘာပြောရမှန်းပင် မသိတော့ပါချေ။
သူသည် ပထမဦးဆုံးအကြိမ် ထိုကောင်လေးကို မြင်တွေ့လိုက်ရစဉ်ကတည်းက အောက်သို့ ဆင်းလာရန်အတွက် လှမ်း၍ အော်ဟစ်လိုက်ချင်ခဲ့ခြင်း ဖြစ်၏
သို့သော်လည်း သူ ပိုမို၍ သေသေချာချာ စိုက်ကြည့်လိုက်သည့်အခါတွင်မူ... ထိုကောင်လေးသည် မနေ့တုန်းကမှ ‘ဓားနဲ့ စိတ်ချင်းဆက်နွှယ်ခြင်း’ အသိတရားအချို့ကို ရရှိခဲ့ခြင်း ဖြစ်ပြီး၊ တစ်ညတည်းနဲ့တင် ၎င်းကို ဘယ်လိုမျိုး အသုံးချရမလဲဆိုတာကို တကယ်ပဲ လေ့လာသင်ယူနိုင်ခဲ့ကြောင်း သဘောပေါက်လိုက်ရသည်။
ဒီကောင်က တကယ့် ပါရမီရှင်ပဲ!
သူသည် ထိုကဲ့သို့သော ပါရမီအဆင့်အတန်းမျိုးကို စူးချန်ချန်ထံတွင်သာ ယခင်က မြင်တွေ့ခဲ့ဖူးခြင်း ဖြစ်သည်။
သူ ထိုနည်းလမ်းကို အသုံးချပုံကတော့ အနည်းငယ် ဇဝေဇဝါ ဖြစ်စရာကောင်းလှသော်လည်း...
သို့သော်လည်း အနောက်ဘက်ကို မျက်နှာမူပြီး ပျံသန်းတဲ့ ‘ဓားပျံသိုင်းပညာ’ ဆိုရင်လည်း ၎င်းက ဓားပျံသိုင်းပညာတစ်ခုပဲ မဟုတ်ဘူးလား။
သို့သော်လည်း ရွှီရှောင်ရှို့သည် အချိန်အတော်ကြာအောင် ပျံသန်းနေခဲ့ပြီးနောက်တွင်လည်း ဓားပေါ်ကနေ ဆင်းမလာခဲ့ဘဲ ပွဲကြည့်ပရိသတ်များကိုသာ ဆက်လက်၍ လက်လှမ်းပြနှုတ်ဆက်နေတာကို သူ သတိပြုမိလိုက်ရပြန်၏။
‘အို... မင်းက ငါ့ကို ဒီကောင်က သူ ပထမဦးဆုံး ပွဲစဉ်မှာ ပါဝင်ရမယ်ဆိုတာကိုတောင် မသိဘူးလို့ ပြောချင်တာလား’
ရှောင်ချီရှို့ နောက်ဆုံးတွင် စိတ်မရှည်တော့ဘဲ လှမ်း၍ အော်ဟစ်လိုက်တော့၏။ “ရွှီရှောင်ရှို့... မင်း အောက်ကို ဆင်းခဲ့ပြီး ပြိုင်ပွဲကို အမြန်စတင်တော့!”
ရွှီရှောင်ရှို့ အောက်ခြေသို့ လှမ်းကြည့်လိုက်သည့်အခါ ထိတ်လန့်သွားခဲ့ရသည်။ သူ၏ ဓားကြီးမှာ ယိမ်းထိုးသွားခဲ့၏။
‘ဘုရားသခင်... ငါက တကယ့်ကို အမြင့်ကြီးမှာ ပျံသန်းနေတာပဲ!’
“လာပြီ... အခုပဲ ဆင်းလာခဲ့ပါပြီ...”
ပွဲကြည့်ပရိသတ်များမှာ တခိခိ ရယ်မောနေခဲ့ကြရသည်။ တိုက်ပွဲကို ခေတ္တခဏ ဘေးဖယ်ထားလျှင်ပင်... ရွှီရှောင်ရှို့သည် ပေါ်လာသည့် အကြိမ်တိုင်းတွင် ဘေးပတ်ဝန်းကျင်က လူတိုင်းကို ပျော်ရွှင်မှုများ ပေးစွမ်းနိုင်ပုံရပေသည်။
“အို... ဘုရားသခင်၊ အဲဒီလူက ဓားပေါ်မှာ ရပ်ပြီး ပျံသန်းနေတုန်းက တကယ့်ကို ဆန်းကြယ်လွန်းတယ်လို့ ငါ ထင်ခဲ့တာ! ဒါပေမဲ့ သူက အနောက်ဘက်ကို မျက်နှာမူပြီး ပျံသန်းနေတာ ဖြစ်ရမယ်။ ဟားဟားဟားဟား။”
“ချီးပဲ... မင်းက ငါ့ကို သူက လမ်းကြောင်းကိုတောင် ဘယ်လိုခွဲခြားရမလဲ မသိဘူးလို့ ပြောချင်တာလား။ အားးး... ငါတော့ ရယ်ရလွန်းလို့ ဗိုက်တောင် နာလာပြီ။”
“ရွှီရှောင်ရှို့... အားတင်းထားစမ်း! မင်းက အကာအကွယ်အတားအဆီးနားကို ရောက်တော့မယ်၊ ကိုယ့်ကိုယ်ကိုယ် ထိန်းထားဦး!”
“အားပေးခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၁။”
ရွှီရှောင်ရှို့ တစ်စုံတစ်ယောက်က သူ့ကို အားပေးနေကြောင်း သဘောပေါက်လိုက်ရသဖြင့် ပြုံးလိုက်မိသည်။ သူ စိတ်လှုပ်ရှားသွားခဲ့ရပြီး အကာအကွယ်အတားအဆီးရှိရာဘက်သို့ အရှိန်မြှင့်တင်လိုက်တော့၏
ဘုန်း...
ချလွင်... ချလွင်...
ယမန်နေ့ညက သူ ထပ်ခါတလဲလဲ ကြားခဲ့ရသည့် ထိုအိပ်မက်ဆိုးကဲ့သို့ မြည်သံကြီးမှာ ယခုအခါတွင်လည်း ထပ်မံ၍ ထွက်ပေါ်လာခဲ့ပြန်ပြီ ဖြစ်၏။
သူသည် အရှိန်အဟုန်မြှင့်တင်လိုက်သည့်အတွက်ကြောင့် အကာအကွယ်အတားအဆီးနှင့် အရှိန်အဟုန်ပြင်းစွာ ဝင်တိုက်မိသွားခဲ့ရသည်။ ထိုအတားအဆီးနှင့် ပြင်းထန်စွာ တိုက်မိသွားပြီးနောက် အနက်ရောင်ဓားကြီးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ရတော့၏။
“လှောင်ပြောင်ခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၂၂၄။”
“လှောင်ပြောင်ခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၄၄၆။”
“လှောင်ပြောင်ခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၆၅၄။”
ရွှီရှောင်ရှို့ - “...”
စင်မြင့်ထက်ရှိ မုဇီချီသည် ထိုမြင်ကွင်းကို မော့ကြည့်လိုက်မိရင်း သူမ၏ ဆံပင်ကျစ်ဆံမြီးလေးနှစ်ချောင်းကို ကိုင်ဆွဲလိုက်ကာ တဟားဟား အော်ဟစ်ရယ်မောလုမတတ် ဖြစ်သွားခဲ့ရသည်။
သူမသည် သူ လေထုထဲရှိ အကာအကွယ်အတားအဆီးပေါ်ကနေ ဖြည်းဖြည်းချင်း လျှောကျလာတာကို မြင်တွေ့လိုက်ရသဖြင့် လှမ်း၍ အော်ဟစ်လိုက်၏
“လေပြင်းမုန်တိုင်း တံဆိပ်ပြား!”
“မင်း တံဆိပ်ပြား မရှိဘဲနဲ့ အထဲကို ဘယ်လိုမျိုး ဝင်လာမှာလဲ။”
“ဟေး... မင်း ငါပြောတာကို ကြားရဲ့လား...”
သူ အကာအကွယ်အတားအဆီးအတွင်းထဲက သူမ ပြောဆိုလိုက်သည့် စကားများကို သေချာပေါက် ကြားနိုင်စွမ်း ရှိပေသည်။ တကယ်လို့ သူ မကြားနိုင်ခဲ့လျှင်ပင် ပွဲကြည့်ပရိသတ်များထဲက လူအများအပြားကလည်း ထိုအရာကိုပဲ လှမ်း၍ အော်ဟစ်ပြောဆိုနေကြသည် မဟုတ်ဘူးလား။
ထိုအချိန်ကျမှသာ သူသည် သူ၏ လည်ပင်းတွင် ဆွဲထားသည့် ဝိညာဉ်အိတ်အတွင်းကနေ တံဆိပ်ပြားကို အခန့်မသင့်စွာဖြင့် ထုတ်ယူလိုက်ပြီး အကာအကွယ်အတားအဆီးအတွင်းသို့ ဝင်ရောက်လာခဲ့တော့သည်။
သူ စနစ်ဘုတ်ပေါ်တွင် ပေါ်ထွက်နေသည့် လှောင်ပြောင်ခြင်း အကြောင်းကြားချက်များ ရပ်တန့်သွားတာကို မြင်တွေ့လိုက်ရသည့်အခါမှသာ နောက်ဆုံးတွင် သက်ပြင်းချနိုင်တော့၏။
‘ငါ တကယ့်ကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းသွားတာပဲ’
‘နောက်တစ်ခါ ဒီလိုမျိုး ထပ်မလုပ်ခင်မှာ ဓားပေါ်မှာ ရပ်ပြီး ပျံသန်းတဲ့နည်းလမ်းကို သေသေချာချာ တတ်မြောက်အောင် အရင်လုပ်ရမယ်’
ရှောင်ချီရှို့ ရွှီရှောင်ရှို့ကို စိုက်ကြည့်လိုက်ရာ... ရွှီရှောင်ရှို့က သူ့ကို အားနာစရာကောင်းလှသောအမူအရာဖြင့် ပြန်လည်ကြည့်ရှုလိုက်ပြီးနောက် မုဇီချီဘက်သို့ လှည့်ကာ ပြောဆိုလိုက်၏။ “မင်းကို အကြာကြီး စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်”
“အို... မင်းက တကယ့်ကို ရယ်ရလွန်းတယ်!”
“ချီးကျူးခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၁။”
ရွှီရှောင်ရှို့ - “...”
‘ကောင်းပြီ... မင်းက သူမ ငါ့ကို လှောင်ရယ်နေတာကို မြင်အောင် မကြည့်နိုင်ဘူးလို့ ပြောချင်တာလား’
ဟု သူ စိတ်ထဲက တွေးလိုက်မိသည်။
“ပြင်ဆင်ထားကြ!”
ရှောင်ချီရှို့ သူ၏ လက်ယာဘက်လက်ကို မြှောက်လိုက်၏။ လူတိုင်း ချက်ချင်းပင် နောက်ပြောင်နေခြင်းများကို ရပ်တန့်လိုက်ကြပြီး တည်ငြိမ်လေးနက်သွားကြတော့သည်။
အဆုံးသတ်မှာတော့... ဒါက ဆီမီးဖိုင်နယ် ပွဲစဉ် ဖြစ်ပေသည်။ သူ၏ ရယ်စရာကောင်းလှသော ပွဲဦးထွက်အဝင်ကို ဘေးဖယ်ထားလျှင်ပင် တိုက်ပွဲကိုယ်တိုင်ကတော့ တကယ့်ကို အံ့အားသင့်စရာကောင်းမှာ သေချာပြီး လူတိုင်း လေ့လာသင်ယူနိုင်မည့် အရာများစွာ ရှိနေမှာ ဖြစ်၏။
ပွဲကြည့်ပရိသတ်အားလုံး တိတ်ဆိတ်သွားခဲ့ကြရသည်။
“တိုက်ပွဲ စတင်စေ!”
ရွှီရှောင်ရှို့ ချက်ချင်းပင် တည်ငြိမ်လေးနက်သွားခဲ့ပြီး သူ၏ လက်ချောင်းများဖြင့် ဓားစိတ်ဆန္ဒကို လှုပ်ရှားလိုက်ကာ မုဇီချီထံသို့ ဓားအလင်းတန်းလှိုင်းများကို ပစ်လွှတ်လိုက်တော့သည်။
သူ ထိုဓားအလင်းတန်းလှိုင်းများကို ပစ်လွှတ်လိုက်ပြီးနောက်တွင်လည်း သူမရှိရာဘက်သို့ ချက်ချင်း တိုးဝင်တိုက်ခိုက်လိုက်၏။
မုဇီချီကတော့ တိုးဝင်လာသည့် ဓားအလင်းတန်းလှိုင်းများကြောင့် လုံးဝ ထိတ်လန့်တုန်လှုပ်သွားခြင်း မရှိပါချေ။ သူမ သူမ၏ ဆံပင်ကျစ်ဆံမြီးလေးနှစ်ချောင်းကို အနောက်ဘက်သို့ ဝှေ့ယမ်းလိုက်ရင်း ချက်ချင်းပင် ပြုံးလိုက်မိတော့သည်။
“သတိထားဦးနော်... ရွှီရှောင်ရှို့။
“ငါ စတင်တိုက်ခိုက်တော့မယ်”