နောက်တစ်နေ့ မွန်းတည့်ချိန်။
ထျန်းဆန်းဝိညာဉ်နန်းတော်သည် တစ်နှစ်တာ၏ အစည်ကားဆုံးသော အခမ်းအနားကို ကြိုဆိုဆင်နွှဲနေခဲ့ပြီ ဖြစ်သည်။ ‘လေပြင်းမုန်တိုင်း ပြိုင်ပွဲ’ ရဲ့ ချန်ပီယံဆုရှင်ကို ယနေ့တွင် သေချာပေါက် ဆုံးဖြတ်တော့မည် ဖြစ်၏။
အပြင်စည်းဂိုဏ်းမှ တပည့်များနှင့် အကြီးအကဲများသာမကဘဲ အားလပ်ချိန်ရှိကြသည့် အတွင်းစည်းဂိုဏ်းက တပည့်အချို့ပင်လျှင် တိုက်ပွဲများကို လာရောက်ကြည့်ရှုရန် ရောက်ရှိနေကြသည်။
ပွဲကြည့်ပရိသတ်များ၏ စိတ်လှုပ်ရှားမှုမှာ ပေါက်ကွဲထွက်လုမတတ် မြင့်တက်နေခဲ့၏။
နေရာဦးရန်အတွက် စောစောစီးစီး ရောက်ရှိနေခဲ့ကြသည့် လူများသည် သူတို့၏ အရှေ့ဘက်တွင် ဝိညာဉ်နန်းတော်၏ သြဇာအာဏာရှိလှသော ပုဂ္ဂိုလ်ကြီးများကို မြင်တွေ့နေကြရသည်
လက်ဝဲဘက်တွင် ဝိညာဉ်ရေးရာဌာန၊ ဝိညာဉ်ဆေးဘက်ဆိုင်ရာဌာနနှင့် ဝိညာဉ်စစ်ရေးဌာနတို့မှ အကြီးအကဲများ ရှိနေခဲ့ကြ၏။
ထို့အပြင် ခပ်ခဲခဲသာ လူလုံးပြလေ့ရှိပြီး လူသိနည်းလှသည့် လူအချို့လည်း ရှိနေခဲ့သည်။ သူတို့သည် အကြီးအကဲများနှင့် သဏ္ဌာန်တူသော်လည်း အမှန်တကယ်တော့ အကြီးအကဲအစစ်အမှန်များ မဟုတ်ကြပါချေ။
လက်ယာဘက်တွင်မူ လေပြင်းမုန်တိုင်း အမှတ်စာရင်းဘုတ်၏ ထိပ်သီးအယောက် ၁၀၀၊ ထိပ်သီး ၁၀ ဦးနှင့် ထိပ်သီး ၅ ဦးစာရင်းဝင် လူများ ထိုင်နေခဲ့ကြသည်
ဒီလူအားလုံးသည် ပြိုင်ပွဲစတင်ကတည်းက နှိုင်းယှဉ်စရာမရှိသော သြဇာအာဏာများဖြင့် စင်မြင့်ထက်ကို လွှမ်းမိုးထားခဲ့ကြသူများ ဖြစ်၏။ အခုအခါတွင်တော့ သူတို့အားလုံး ပွဲကြည့်စင်ပေါ်တွင် ထိုင်နေကြရင်း ပြိုင်ပွဲစတင်မည့်အချိန်ကို အေးအေးဆေးဆေး စောင့်ဆိုင်းနေကြသည်။
အမျိုးသမီးတပည့်တစ်ဦးသည် မနေ့ညကတည်းက လာရောက်၍ နေရာဦးထားခဲ့ခြင်း ဖြစ်၏။ အခုအခါတွင်တော့ သူမ၏ လက်ဝဲဘက်တွင် ကျောက်ချင်းထန် ထိုင်နေခဲ့ပြီး လက်ယာဘက်တွင်တော့ ကျိုးထျန်းရှန် ထိုင်နေခဲ့သည်။
သူမ သူမ၏ ပါးပြင်ကို လက်ဝါးနှစ်ဖက်ဖြင့် အုပ်လိုက်ရင်း ဘေးဘီဝဲယာကို ကြည့်လိုက်ပြီးနောက်... ပျော်ရွှင်လွန်းလှသဖြင့် သတိလစ်မေ့မြောသွားခဲ့တော့၏။
သူမ၏ ဘေးနားက လူများမှာမူ မျက်လုံးများ ပြူးထွက်မတတ် အားကျမနာလို ဖြစ်သွားခဲ့ကြရသည်
“ဝါး... သူ သတိလစ်သွားပြီ။ သူ့ကို ဆေးကုဖို့ မြန်မြန်ခေါ်သွားလိုက်ကြပါ။ သူ့နေရာကိုတော့ ငါပဲ အဆင်ပြေအောင် စောင့်ပေးထားလိုက်မယ်။”
“ဘုရားသခင်... ဒါတွေက ဘယ်သူတွေလဲ။ စီနီယာဒူ၊ စီနီယာလင်... သူတို့အားလုံးက လေပြင်းမုန်တိုင်း အမှတ်စာရင်းဘုတ်ရဲ့ ထိပ်သီး ၁၀ ဦးထဲက လူတွေပဲ!”
“မြန်မြန်ကြည့်ဦး! ဟိုက... အတွင်းစည်းဂိုဏ်းက ‘စူးချန်ချန်’ မဟုတ်ဘူးလား။”
“ဘယ်မှာလဲ... ဘယ်မှာလဲ...”
ထိုအော်ဟစ်သံက လူတိုင်း၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားခဲ့တော့သည်။ အတွင်းစည်းဂိုဏ်းက စူးချန်ချန်ဆိုသည်မှာ ထျန်းဆန်းဝိညာဉ်နန်းတော်အတွင်း၌ ဒဏ္ဍာရီဆန်လှသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။
သူမသည် ဒီခေတ်ကာလအတွင်း ထျန်းဆန်းခရိုင်ရှိ စူးမိသားစု၏ အစွမ်းထက်ဆုံးသော ပါရမီရှင် မိန်းကလေး ဖြစ်သည်။ သူမသည် အသက် ၁၃ နှစ်အရွယ်တွင် မွေးရာပါအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး အသက် ၁၄ နှစ်အရွယ်၌ မွေးရာပါအဆင့် ဓားစိတ်ဆန္ဒကို ပိုင်ဆိုင်နိုင်ခဲ့၏။ သူမသည် ဒီတိုက်ကြီးပေါ်ရှိ အကျော်ကြားဆုံးသော ဓား ၂၁ စင်းထဲမှ တစ်စင်းဖြစ်သည့် ‘မြို့ပြနှင်းရည်စက်ဓား’ ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထို့အပြင် သူမသည် ဝိညာဉ်ဥပဒေပြုရေးဌာနမှ ရှောင်ချီရှို့၏ တိုက်ရိုက်တပည့်လည်း ဖြစ်ပေသည်။
ဒီဂုဏ်ပုဒ်တွေထဲက တစ်ခုခုကတင် သာမန်လူတစ်ယောက်ကို တုန်လှုပ်သွားစေနိုင်စွမ်း ရှိသော်လည်း... ထိုဂုဏ်ပုဒ်အားလုံးကို ပိုင်ဆိုင်ထားသည့် လူတစ်ယောက်ကတော့ သူတို့၏ မျက်စိရှေ့မှောက်တွင် ထိုင်နေခဲ့ပြီ ဖြစ်၏။
စူးချန်ချန်သည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး နှင်းပွင့်ရောင်ရှိသော သူမ၏ ဓားကြီးကို ပေါင်ပေါ်တွင် ကန့်လန့်ဖြတ် တင်ထားခဲ့သည်။ သူမသည် ဘေးပတ်ဝန်းကျင်က လူများကို ဂရုမစိုက်ဘဲ ခြေထောက်နှစ်ဖက်ကို ဟိုဟိုဒီဒီ လွှဲရမ်းကစားနေခဲ့၏။
သူမ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သော်လည်း နောက်ဆုံးတွင်တော့ သူမ မြင်တွေ့ချင်နေသည့် ‘သားရဲငယ်အစ်ကို’ ကို ရှာမတွေ့သဖြင့် စိတ်ပျက်လက်ပျက်ဖြင့် နှုတ်ခမ်းဆူလိုက်မိတော့သည်။
“အတွင်းစည်းဂိုဏ်းက စီနီယာမမကို မမြင်ရတာ တကယ့်ကို နှမြောစရာပဲ။ ငါကြားတာတော့... သူက စူးချန်ချန်ကို အလွန်အမင်း ချစ်ခင်ပြီး သူမရဲ့ ဘေးနားမှာ အမြဲတမ်း ရှိနေတတ်တယ်တဲ့။”
“ဟုတ်တယ်... ဟုတ်တယ်။ စီနီယာမမ ‘ရောင်’ က ငါ့ရဲ့ နတ်သမီးလေးပဲ။ သူမက နတ်သက်ကြွေတဲ့အလား လှပတဲ့ ရုပ်ရည်နဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံစံကို ပိုင်ဆိုင်ထားရုံတင်မကဘဲ... သူမရဲ့ စွမ်းရည်တွေကလည်း ထိပ်သီးအဆင့်ပဲလေ။ သူမရဲ့ အလှအပတွေကို မမြင်တွေ့ရတာ တကယ့်ကို ဝမ်းနည်းစရာပဲ။ ဟူး...”
“အို... မင်းတို့ပြောနေတဲ့လူကို ငါ မြင်ဖူးသလိုပဲ။ ပြိုင်ပွဲအစပိုင်းတုန်းက သူမ လာခဲ့သေးတယ်လေ...”
“မင်း အိပ်မက်မက်နေတာ ဖြစ်ရမယ်။ စီနီယာရောင်က ဘာလို့ အပြင်စည်းဂိုဏ်းဆီကို လျှောက်သွားဖို့ အချိန်ရှိမှာလဲ။ မင်း အိပ်မက်ယောင်နေတာပဲ ဖြစ်ရမယ်!”
“ငါ တကယ် မြင်ခဲ့တာပါဆို!”
“ဟင်း...”
ပွဲကြည့်ပရိသတ်များမှာ စုပြုံကာ ကြည့်ရှုနေကြရင်း သူတို့ သိရှိထားကြသည့် အတွင်းစည်းဂိုဏ်းမှ ကျော်ကြားလှသော လူများကို အချင်းချင်း လက်ညှိုးထိုးပြကာ တိုးတိုးတိုးတိုးဖြင့် ပြောဆိုနေကြတော့သည်။
သူတို့အတွက်တော့... ဒါက ပြီးခဲ့သည့် နှစ်အတွင်းမှာတင် ပုံမှန်အားဖြင့် မြင်တွေ့ရခဲလှသည့် မြင်ကွင်းမျိုး ဖြစ်၏။
အပြင်စည်းဂိုဏ်းတွင် ယခုနှစ်၌ ထူးခြားလှသော ပါရမီရှင်များစွာ ပေါ်ထွက်လာခဲ့ပြီး... မွေးရာပါအဆင့် တိုက်ခိုက်ရေးသမား ၄ ဦးနှင့် ရွှီရှောင်ရှို့တို့ ရှိနေခဲ့သောကြောင့်သာ အတွင်းစည်းဂိုဏ်းမှ လူအများအပြား ပြိုင်ပွဲကို လာရောက်ကြည့်ရှုကြခြင်း ဖြစ်သည်။
“ဘုရားသခင်... ဒါက ‘ကျန်းရှင်းရှုန်း’ ပဲ! သူက အတွင်းစည်းဂိုဏ်းရဲ့ ထိပ်သီး ၃၃ ဦးထဲက တစ်ယောက်လေ။ တကယ့် သက်ရှိထင်ရှား အကြီးအကဲကြီးပဲ!”
“အတွင်းစည်းဂိုဏ်းရဲ့ ထိပ်သီး ၃၃ ဦး ဟုတ်လား... အို... ဘုရားရေ၊ ဘယ်မှာလဲ... ဘယ်မှာလဲ?!”
ပွဲကြည့်ပရိသတ်များ လောလောလောလောဖြင့် ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုလိုက်ကြသည်။ သူတို့သည် စကားပြောလိုက်သည့်လူ ညွှန်ပြရာဘက်သို့ လှမ်းကြည့်လိုက်ကြရာ မလှမ်းမကမ်းတွင် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသော အရှိန်အဝါများကို ပိုင်ဆိုင်ထားသည့် အမျိုးသားတစ်ဦးကို မြင်တွေ့လိုက်ရတော့၏။
ကျန်းရှင်းရှုန်းသည် အသက် ၂၇ နှစ် သို့မဟုတ် ၂၈ နှစ်ခန့် ရှိပုံရပြီး မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး အပြည့်ဖြင့် ဖြစ်သည်။ သူသည် တကယ့်ကို ယောကျာ်းပီသလှသည့် ပုံစံ ရှိနေခဲ့၏။
သူသည် အလွန်အမင်း အရပ်ရှည်လွန်းလှပေသည်။ သူ ထိုင်နေခဲ့လျှင်ပင် ဘေးပတ်ဝန်းကျင်က လူများထက် ခေါင်းတစ်လုံးစာခန့် ပိုမိုမြင့်မားနေခဲ့သည်။
သူသည် အပေါ်ကနေ ဂျာကင်အင်္ကျီတစ်ထည်ကို ပုခုံးပေါ်တွင် တင်ထားပြီး အရောင်ဖျော့ဖျော့ ရှပ်အင်္ကျီတစ်ထည်ကို ရိုးရှင်းစွာ ဝတ်ဆင်ထားခဲ့၏။
ထိုသို့ဖြစ်လင့်ကစား နေရောင်ခြည်အောက်တွင် လူတိုင်းသည် သူ၏ ရှပ်အင်္ကျီအောက်ကနေ ထင်ရှားစွာ ပေါ်ထွက်နေသည့် ထိတ်လန့်စရာကောင်းလှသော ကြွက်သားအကွက်အကွင်းများကို မြင်တွေ့နေကြရသည်
“ဘုရားသခင်... သူက တကယ့်ကို ခန့်ညားလွန်းတယ်။ တကယ့် ယောကျာ်းစစ်ပဲ!”
“ငါတော့ ရူးသွားပြီ... ရူးသွားပြီ!”
အတွင်းစည်းဂိုဏ်းမှ ဒီကျော်ကြားလှသော ပုဂ္ဂိုလ်ကြီးသည် အရှေ့ဆုံးတန်းတွင် ထိုင်မနေခဲ့ပါချေ။ ထိုအရာအစား သူသည် ပွဲကြည့်စင်၏ အလယ်ပိုင်းလောက်တွင် ထိုင်နေခဲ့ခြင်း ဖြစ်၏။ သူ၏ ဘေးနားတွင်တော့ ပြီးခဲ့သည့်ရက်ပိုင်းက ရွှီရှောင်ရှို့ကြောင့် အပြင်းအထန် ဒဏ်ရာရရှိခဲ့သည့် လျူကျန်း ထိုင်နေခဲ့သည်
လျူကျန်းသည်လည်း သန်မာထွားကျိုင်းသော အမျိုးသားတစ်ဦး ဖြစ်သော်လည်း ကျန်းရှင်းရှုန်း၏ ဘေးနားတွင် ထိုင်နေသည့်အခါ၌မူ ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ သေးငယ်လှပေသည်။
“အာချုံ (ဝမ်ချုံ) ကို သတ်ခဲ့တဲ့ကောင်... ရွှီရှောင်ရှို့ဆိုတာ ဘယ်သူလဲ”
ကျန်းရှင်းရှုန်းက မေးမြန်းလိုက်၏။
“ကျွန်တော် ရှာကြည့်လိုက်ပါဦးမယ်...” လျူကျန်းက ရိုသေကိုင်းညွတ်စွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။ သူ၏ အကြည့်များက စောင့်ဆိုင်းခန်းအချို့ကို ဖြတ်သန်းကြည့်ရှုလိုက်ပြီးနောက် နောက်ဆုံးတွင်တော့ ခေါင်းခါယမ်းလိုက်ရင်း
“သူ ရောက်မလာသေးဘူးထင်တယ်”
“ဟက်... သူက တကယ့်ကို တည်ငြိမ်လွန်းတာပဲ။ သူက နောက်ဆုံးမှ ရောက်လာမယ့် ပုံစံမျိုးပဲလား...”
ကျန်းရှင်းရှုန်း ခပ်ဖွဖွ ရယ်မောလိုက်သည်။ သူ၏ အသံထဲတွင် မည်သို့သော စိတ်ခံစားချက်မျိုးမှ ပေါ်ထွက်မလာခဲ့သော်လည်း ဘေးပတ်ဝန်းကျင်က လူများကတော့ ဒီနေရာတွင် ထူးဆန်းမှုတစ်ခုခု ရှိနေကြောင်း ခံစားလိုက်ရ၏။
အာချုံ...
ဒါက ဝမ်ချုံနှင့် သာမန်ဆက်ဆံရေးမျိုး ရှိရုံမျှဖြင့် ခေါ်ဆိုမည့် နာမည်မျိုး မဟုတ်ပါချေ။
“ငါကြားတာတော့... စီနီယာဝမ်က အတွင်းစည်းဂိုဏ်းက လူတစ်ယောက်နဲ့ သိကျွမ်းထားတယ်တဲ့။ အဲဒီလူက ကျန်းရှင်းရှုန်းများ ဖြစ်နေမလား။”
“ငါထင်တာတော့ ဟုတ်လိမ့်မယ်။ တကယ်လို့ အဲဒါသာ အမှန်ဆိုရင်... ရွှီရှောင်ရှို့တော့ ဒုက္ခရောက်ပြီ မဟုတ်ဘူးလား။ သူက ဝမ်ချုံကို သတ်ခဲ့တာလေ!”
“ဘုရားသခင်... ငါတော့ ရွှီရှောင်ရှို့ရဲ့ ပျက်စီးခြင်းနေ့ရက်တွေကို မြင်တွေ့နေရသလိုပဲ...”
ထိုစကားတစ်ခွန်းကြောင့် ပွဲကြည့်ပရိသတ်များကြားတွင် ဂယက်ထသွားခဲ့ရသည်။ လူတိုင်း သူတို့၏ အသံကို နှိမ့်ချလိုက်ကြရင်း အခြေအနေကို ဆွေးနွေးလိုက်ကြတော့၏။
“မင်းကလည်း အဲဒီလိုမျိုးကြီး တွေးလို့မရပါဘူး။ ကျန်းရှင်းရှုန်းက အတွင်းစည်းဂိုဏ်းရဲ့ ထိပ်သီး ၃၃ ဦးထဲက တစ်ယောက်လေ။ သူက ဘာလို့ ဝိညာဉ်ကျင့်ကြံခြင်း အဆင့် (၈) သာရှိတဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်ကို တိုက်ခိုက်မှာလဲ။ အဲဒါက သူ့ရဲ့ အဆင့်အတန်းကို ညှိုးနွမ်းစေမှာ မဟုတ်ဘူးလား။”
“ဒါပေမဲ့လည်း... အငြိုးထားခြင်း ခံရတာက ကောင်းတဲ့ခံစားချက်တော့ မဟုတ်ဘူးလေ!”
“မင်းတို့က အများကြီး တွေးလွန်းနေတာပါ။ ရွှီရှောင်ရှို့အနေဖြင့် ချန်ပီယံဖြစ်သွားခဲ့ရင်တောင်မှ... သူ၏ ကျင့်ကြံခြင်းအဆင့်ကြောင့် အတွင်းစည်းဂိုဏ်းထဲကို ဝင်ရောက်ခွင့် ရချင်မှ ရမှာပါ။”
“ထပ်ပြီးပြောရရင်... သူက မုဇီချီနဲ့ စီနီယာမိုမိုတို့ကို ရင်ဆိုင်ရဦးမှာလေ။ ထိပ်သီးသုံးဦးစာရင်းထဲ ဝင်နိုင်ရင်တင် တော်တော်လေး ဟန်နေပါပြီ။”
“ဒါပေမဲ့ သူ့မှာ မွေးရာပါအဆင့် ခန္ဓာကိုယ် ရှိတယ်လေ!”
“မွေးရာပါအဆင့် ခန္ဓာကိုယ် ရှိတော့ ဘာဖြစ်လဲ။ အဲဒီအရာမှာောကော အနာဂတ် ရှိလို့လား။ မင်းတို့က မွေးရာပါအဆင့် ခန္ဓာကိုယ်ကို မြင်ဖူးကြပေမယ့်... မာစတာအဆင့် ခန္ဓာကိုယ် ကိုကော မြင်ဖူးကြလို့လား”
ပွဲကြည့်ပရိသတ်များ တိတ်ဆိတ်သွားခဲ့ကြရသည်။
မွေးရာပါအဆင့်ရဲ့ အထက်က အဆင့်ကတော့ မာစတာအဆင့် ဖြစ်ပေသည်။ ဝိညာဉ်ကျင့်ကြံသူတစ်ဦးအတွက် ဂိုဏ်းခွဲများနှင့် စာသင်ကျောင်းများကို တည်ထောင်နိုင်မည့် အဆင့်အတန်းဆီသို့ တက်လှမ်းနိုင်ရန် မျှော်လင့်ချက် အနည်းငယ် ရှိသော်လည်း... ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းကတော့...
၎င်းက အလွန်အမင်း ခက်ခဲလွန်းလှပေသည်။
အချို့လူများဆိုလျှင် ထိုအရာကို မြင်တွေ့ဖို့ နေနေသာသာ ကြားပင်မကြားဖူးကြပါချေ။
ဒိုင်လူကြီးစင်မြင့်ထက်တွင်။
ရှောင်ချီရှို့သည် သူ၏ ခွက်ထဲရှိ လက်ဖက်ရည်များကို အကုန်သောက်ချလိုက်ပြီးနောက် စင်မြင့်ထက်သို့ ပျံသန်းဆင်းသက်လိုက်ရာ ပွဲကြည့်ပရိသတ်များ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားခဲ့တော့သည်။
“အချိန်ကျရောက်လာပြီ။ ဆီမီးဖိုင်နယ် ပွဲစဉ်တွေကို အခုပဲ စတင်တော့မယ်!”
သူသည် ဝိညာဉ်စွမ်းအင်များဖြင့် အစီအရင်တံဆိပ်ပြားကို လှုပ်ရှားလိုက်ရာ မျက်နှာပြင်က တဖျတ်ဖျတ် တုန်ခါသွားခဲ့ပြီးနောက် ရပ်တန့်သွားခဲ့သည်။ တောက်ပလှသော အနီရောင်စာသားဖြင့် ရေးသားထားသည့် နာမည်နှစ်ခုက မျက်နှာပြင်၏ အလယ်တည့်တည့်တွင် ထင်ရှားစွာ ပေါ်ပေါက်လာခဲ့၏
“ရွှီရှောင်ရှို့!”
“မုဇီချီ!”
ပွဲကြည့်ပရိသတ်များဆီမှ အံ့အားသင့်စရာ အော်ဟစ်သံများ ချက်ချင်း ထွက်ပေါ်လာခဲ့ကြတော့သည်။
ဆီမီးဖိုင်နယ်ရဲ့ ပထမဦးဆုံး ပွဲစဉ်ကတင် မွေးရာပါအဆင့် စွမ်းရည်များကို ပိုင်ဆိုင်ထားကြသည့် တိုက်ခိုက်ရေးသမားနှစ်ဦးကြားက တိုက်ပွဲ ဖြစ်နေခဲ့ခြင်းဖြစ်ရာ လူတိုင်းက တကယ့်ကို မျှော်လင့်စောင့်စားနေခဲ့ကြခြင်း ဖြစ်၏။
သူတို့ထဲက တစ်ယောက် (မုဇီချီ) က ဝိညာဉ်နန်းတော်သို့ ရောက်ရှိလာခဲ့သည်မှာ တစ်နှစ်သာ ရှိသေးသော်လည်း မွေးရာပါအဆင့်သို့ တက်လှမ်းနိုင်ခဲ့သူ ဖြစ်သည်။ သူမ၏ ပါရမီက စူးချန်ချန်နှင့်ပင် ရင်ဘောင်တန်းနိုင်စွမ်း ရှိပေသည်။
အခြားတစ်ယောက် (ရွှီရှောင်ရှို့) ကတော့ မွေးရာပါအဆင့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး မနေ့တုန်းက ကျောက်ချက်ထန်ကို အပြတ်အသတ် အနိုင်ယူခဲ့သူ ဖြစ်ရာ... သူသည် မွေးရာပါအဆင့် တိုက်ခိုက်ရေးသမားများကို ရင်ဆိုင်နိုင်စွမ်းရှိကြောင်း သက်သေပြသထားခဲ့ပြီးသား ဖြစ်၏။
စောင့်ဆိုင်းခန်းတံခါးများ ပွင့်ဟသွားခဲ့သည်။ မုဇီချီသည် အစိမ်းနုရောင် ဝတ်စုံကို ဝတ်ဆင်ထားခဲ့၏။ သူမသည် ရှေ့တွင် ဖြစ်ပျက်လာမည့် တိုက်ပွဲအတွက် လုံးဝ စိုးရိမ်ပူပန်နေသည့် အရိပ်အယောင်မရှိဘဲ စင်မြင့်ထက်သို့ လျင်မြန်စွာ ခုန်ပေါက်လှမ်းလျှောက်လာခဲ့သည်
သူမ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းက နုပျိုဆန်းသစ်မှု အရှိန်အဝါများ ပေါ်ထွက်နေခဲ့သဖြင့် ပွဲကြည့်ပရိသတ်များမှာ သူမကို မချစ်ဘဲ မနေနိုင်အောင် ဖြစ်ရပေသည်။
“သူမက ဂျူနီယာမုမိုပီသပါပေတယ်။ မွေးရာပါအဆင့် တိုက်ခိုက်ရေးသမားတစ်ယောက်က... အမြဲတမ်း အားကိုးရတာပဲ!”
ပွဲကြည့်ပရိသတ်များက အခြားတစ်ဖက်သို့ လှမ်းကြည့်လိုက်ကြသည်။ ထိုနေရာက ရွှီရှောင်ရှို့၏ စောင့်ဆိုင်းခန်း ဖြစ်၏။
ဂျွတ်...
တံခါး ပွင့်ဟသွားခဲ့သည်။
အစေခံနှစ်ဦးက သူတို့၏ စိတ်ကို တင်းတင်းကြိတ်ထားရင်း အပြင်သို့ လမ်းလျှောက်ထွက်လာခဲ့ကြ၏။ သူတို့သည် ရွှီရှောင်ရှို့ ထိုနေရာတွင် ရှိမနေကြောင်း ပြသသည့်အနေဖြင့် လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်ပြလိုက်ကြတော့သည်။
ပွဲကြည့်ပရိသတ်များ ဆွံ့အသွားခဲ့ကြရ၏။
“ဘာလို့ အဲဒီလူနှစ်ယောက်ပဲ ရှိနေတာလဲ။ ရွှီရှောင်ရှို့ကော ဘယ်မှာလဲ။”
“အို... ဘုရားသခင်! အဲဒီကောင်က ဘာလို့ ထပ်ပြီး ပျောက်သွားပြန်တာလဲ!”
“သူက အရေးကြီးတဲ့ အခမ်းအနားတွေကျရင် ဘာလို့ အမြဲတမ်း ဒီလောက်အထိ နောက်ကျနေရတာလဲ။ အခုက ဆီမီးဖိုင်နယ်ကို ရောက်နေပြီလေ။ သူက ငါတို့ကို စိတ်မပူအောင် မလုပ်နိုင်ဘူးလား...”
“ဟေး... မင်းတို့၊ ရွှီရှောင်ရှို့ ဘယ်သွားလဲ သိလား”
အစေခံနှစ်ဦးမှာ ဇဝေဇဝါ ဖြစ်နေခဲ့ကြရသည်
‘ကျွန်တော်တို့ကို လာမမေးကြပါနဲ့’
သူတို့က စိတ်ထဲကနေ တွေးလိုက်ကြ၏။
သူတို့သည် စောစောစီးစီးကတည်းက စောင့်ဆိုင်းခန်းသို့ ရောက်ရှိနေခဲ့ကြသော်လည်း ပြိုင်ပွဲဝင်ကတော့ ပေါ်မလာခဲ့ပါချေ။
သူတို့သည် သူ့ကို အိမ်ရာအထိ လူလွှတ်၍ လိုက်လံရှာဖွေခိုင်းခဲ့သော်လည်း... မြေပြင်ပေါ်တွင် ဓားရာမြောက်မြားစွာကိုသာ တွေ့ရှိခဲ့ရပြီး သူ့ကိုတော့ ရှာမတွေ့ခဲ့ကြပါချေ။
ရွှီရှောင်ရှို့ တကယ်ပဲ ဘယ်ကို ရောက်သွားတာလဲ။
ဒိုင်လူကြီး ရှောင်ချီရှို့၏ မျက်နှာအမူအရာ မည်းမှောင်သွားခဲ့ရသည်။ သူ ထပ်မံ၍ အော်ဟစ်လိုက်ချင်စိတ် ပေါ်ပေါက်လာခဲ့၏။
ရုတ်တရက်... သူ၏ ကျောနောက်က ဓားကြီး တုန်ခါသွားခဲ့ရသည်။ သူသည် အနောက်သို့ ချက်ချင်းလှည့်လိုက်ရင်း ကောင်းကင်စွန်းဆီသို့ လှမ်းကြည့်လိုက်တော့၏။
ပွဲကြည့်ပရိသတ်များကလည်း ဒါကို သတိပြုမိသွားကြရသဖြင့် အားလုံး သူတို့၏ ခေါင်းများကို မော့ကြည့်လိုက်ကြသည်။
သူတို့သည် ဝေးကွာလှသော နေရာဆီမှ တိုးဝင်လာသည့် ဓားအလင်းတန်းတစ်ခုကို မြင်တွေ့လိုက်ကြရ၏။ ၎င်းက ကမ္ဘာမြေပြင်ပေါ်သို့ နတ်ဘုရားတစ်ပါး သက်ဆင်းလာသည့်အလား ထင်မှတ်ရပေသည်။ ဓားကြီးပေါ်တွင်တော့ လေထုထဲ၌ ဝတ်စုံလက်အင်္ကျီများ တဖျတ်ဖျတ် ဝှေ့ယမ်းနေသည့် ပုံရိပ်တစ်ခု ရှိနေခဲ့သည်။
ထိုသန့်စင်ကာ စင်ကြယ်လှသော အရှိန်အဝါ။ ထိုနတ်သက်ကြွေသည့်အလား ပုံသဏ္ဌာန်...
‘အို... ဘုရားသခင်၊ ငါ နတ်ဘုရားတစ်ပါးကို မြင်လိုက်ရတာလား’
သူတို့ စိတ်ထဲကနေ တွေးတောလိုက်မိကြသည်။
မဟုတ်သေးပါ...
လူတိုင်း ပိုမို၍ သေသေချာချာ စိုက်ကြည့်လိုက်ကြသည့်အခါ သူတို့၏ မျက်လုံးများမှာ ပြူးထွက်မတတ် ဖြစ်သွားခဲ့ကြရတော့၏။
အို... ဘုရားရေ!
ဒါက... ရွှီရှောင်ရှို့ကြီးလား???