မနက်ခင်း ဝေတိဝေလင်း အချိန် ။
'နာမ်ဝိညာဉ်ရေးရာဌာနခွဲ' ဆီကို လူတွေ အဝင်အထွက်မပြတ် စည်ကားနေတယ်။ ဒီနေရာကတော့ တျန်းဆန်းဝိညာဉ်နန်းတော် ရဲ့ အပြင်စည်းတပည့်တွေအတွက် အထွေထွေကိစ္စအဝဝကို ဖြေရှင်းပေးရတဲ့ နေရာပေါ့။ စားပွဲခုံပေါင်း ၁၀၈ ခုတောင်ရှိတဲ့ နေရာအကျယ်ကြီးဗျ။
"မင်္ဂလာပါ စီနီယာ..."
"မင်္ဂလာပါ စီနီယာရွှီ..."
"မင်္ဂလာပါ စီနီ... အာ မင်္ဂလာညနေခင်းပါ?"
ရွှီရှောင်ရှို့ တစ်ယောက် သူ့ဓားကို ကျောပိုးပြီး ခပ်တည်တည်ပဲ လျှောက်လာခဲ့တယ်။ လမ်းမှာ သိတဲ့လူကော မသိတဲ့လူကော အစုံပဲ။ ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ သူက ဝါအရင့်ဆုံး 'စီနီယာကြီး' ဆိုတော့ ဘယ်သူ့ကိုမှ ဦးညွှတ်နှုတ်ဆက်နေစရာမလိုဘူး။ ခေါင်းလေးဆတ်ပြရုံနဲ့တင် လုံလောက်ပြီလေ။
ဝိညာဉ်ရေးရာဌာနခွဲထဲ ဝင်လိုက်တာနဲ့ ငါးဈေးထဲ ရောက်သွားသလိုပဲ။ ဆူညံပွက်လောရိုက်နေတာ။
ဒီရောက်နေတဲ့ လူအများစုကတော့ 'လေနီမုန်တိုင်း သိုင်းပြိုင်ပွဲ' အတွက် လာပြီး နာမည်စာရင်းပေးကြတာပါ။ ဘာလို့လဲဆိုတော့ စာရင်းမသွင်းရင် ပြိုင်ပွဲကနေ အလိုအလျောက် နှုတ်ထွက်တယ်လို့ သတ်မှတ်လို့ပဲ။
ပြီးတော့ သုံးနှစ်ဆက်တိုက် ပြိုင်ပွဲမဝင်ဘဲ ရှောင်ရင် နန်းတော်ကနေ အထုတ်ခံရမှာဖြစ်သလို၊ သုံးနှစ်ဆက်တိုက် အဆင့်အောက်ဆုံး ရောက်တဲ့လူလည်း အထုတ်ခံရမှာပဲလေ။
ဒါပေမဲ့ ပြိုင်ပွဲဝင်ပြီး လူတောထဲ အရှက်မကွဲချင်တဲ့ လူနည်းစုကတော့ လူ့ပြည်လောကထဲ ဆင်းပြီး စီမံခန့်ခွဲရေးအရာရှိ လုပ်ဖို့ လာလျှောက်ကြတယ်။ သေရက်စောင့်ရင်း တစ်ရက်ချင်း အေးဆေး ဖြတ်သန်းချင်ကြတာပေါ့။
စားပွဲခုံ ၁၀၈ ခုစလုံး လူတွေနဲ့ ပြည့်နှက်နေပေမဲ့ ရွှီရှောင်ရှို့ကတော့ လူတစ်ယောက်မှမရှိတဲ့ 'နံပါတ်တစ်' စားပွဲခုံဆီကို တန်းလျှောက်သွားလိုက်တယ်။
"ဒါပေါ့... ဒီအတိုင်းပဲ ဖြစ်ရမယ်!"
သူ့မှတ်ဉာဏ်အရ ကျန်တဲ့ စားပွဲခုံတွေကို ဝါရင့်အပြင်စည်းတပည့်တွေက ကိုင်တွယ်တာဖြစ်ပြီး၊ နံပါတ်တစ်ခုံကိုတော့ ဝိညာဉ်ရေးရာဌာနခွဲရဲ့ အကြီးအကဲ 'ချောင်ချန်ကျီ' ကိုယ်တိုင် ကိုင်တာ။
အကြီးအကဲချောင်က အားလုံးကောင်းပါရဲ့၊ ပြဿနာက တွေ့တဲ့လူတိုင်းကို လိုက်ပွစိပွစိ လုပ်ပြီး ဆုံးမတတ်တာပဲ။ ဒါကြောင့်မို့ ကျန်တဲ့လူတွေက တန်းစီရတာ ကြာပစေ၊ သူ့ဆီတော့ မသွားချင်ကြဘူး။
ဒါပေမဲ့ ရွှီရှောင်ရှို့ကတော့ ဒီအဘိုးကြီးနဲ့ တော်တော်လေး ရင်းနှီးတယ်။ အဓိကကတော့ သူက ပါရမီကုန်ခမ်းနေတဲ့လူမို့လို့ အကြီးအကဲချောင်ကလည်း သူ့ကို ဆုံးမဖို့တောင် စိတ်မပါတော့လို့ပဲ။
၁၂၀ ရာခိုင်နှုန်း အားသွန်ခွန်စိုက် ကြိုးစားခဲ့တာတောင် 'အဆင့်လေး' ကို မကျော်နိုင်တဲ့ လူတစ်ယောက်လေ။
ရွှီရှောင်ရှို့ အခန်းထဲ ဝင်သွားတော့ အဘိုးကြီးချောင်က ငိုက်မြည်းနေတုန်း။ သူက ခြေသံဖွဖွလေးနဲ့ ကပ်သွားပြီး စားပွဲခုံကို လက်ဆစ်နဲ့ ဒေါက်ခနဲ တောက်လိုက်တယ်။
"ဟေ့... နိုးတော့!"
ကုလားထိုင်နောက်မှီပြီး ပါးစပ်ဟောင်းလောင်းနဲ့ အိပ်ပျော်နေတဲ့ အကြီးအကဲချောင်တစ်ယောက် လန့်ပြီး ခုန်ထတယ။် ပါးစပ်ဘေးက သွားရည်ကိုတောင် မသုတ်နိုင်သေးဘဲ ရှေ့ကလူကို ဝှေ့ယမ်းပြီး လှမ်းရိုက်တော့တာပဲ။ ရွှီရှောင်ရှို့ကတော့ ပါးနပ်စွာနဲ့ လျှပ်ခနဲ ငုံ့ရှောင်လိုက်ပြီး—
"ဖြည်းဖြည်းလုပ်ပါ အဘိုးကြီးရဲ့!" လို့ သတိပေးလိုက်ရတယ်။
"အော်... မင်းကိုး၊ ရှောင်ရှို့... ဟမ်၊ ရွှီရှောင်ရှို့?!"
ဘယ်သူလဲဆိုတာ သိသွားတော့မှ အကြီးအကဲချောင် မျက်လုံး ပြူးသွားတယ်။ "မင်း အသက်ဘေးအန္တရာယ်ရှိတဲ့ တံခါးပိတ်ကျင့်ကြံခြင်း ဝင်နေတာ မဟုတ်ဘူးလား? မသေဘူးပေါ့?"
ရွှီရှောင်ရှို့ မျက်နှာ မဲးကျသွားတယ်။ ဘာလဲဟ... ငါက ကျင့်စဉ်တက်လှမ်းပြီး ထွက်လာတာ မဖြစ်နိုင်ဘူးလား? ငါ့ကို အလောင်းကြီးဖြစ်နေစေချင်တာလား။
"သေသွားပြီဗျာ... အခုက ဇွန်ဘီ ဖြစ်နေတာ!" သူက စိတ်မရှည်သံနဲ့ ရွဲ့ပြောလိုက်တယ်။
အကြီးအကဲချောင်က ဖော်ရွေစွာ ပြုံးပြရင်း အပြင်က လူအုပ်ကြီးကို လက်ညှိုးထိုးပြတယ်—
"အော်... ဒါဆို မင်းလည်း လူ့ပြည်ဆင်းပြီး အရာရှိလုပ်ဖို့ လာလျှောက်တာပေါ့?"
ရွှီရှောင်ရှို့က ခပ်ရွဲ့ရွဲ့ပဲ ပြန်ပက်လိုက်တယ်။ "အရာရှိ? ဟာဗျာ... 'လေနီမုန်တိုင်း ရမှတ်စာရင်း' ရဲ့ ထိပ်သီးဆယ်ယောက်ထဲ ဝင်အောင်လုပ်တာက ပိုမလန်းဘူးလား?"
"လန်းတာတော့ လန်းပါတယ်... ဒါပေမဲ့ မင်းအရည်အချင်းနဲ့ ဘယ်လိုလုပ်မလဲ?" အကြီးအကဲချောင်က ဗိုက်ကိုနှိပ်ပြီး ထရယ်တော့တာပဲ။ တစ်ကိုယ်လုံးကို တုန်နေတာ။
ဒီအပြင်စည်းမှာက ပျင်းစရာကောင်းလွန်းတာ။ ရွှီရှောင်ရှို့တစ်ယောက်ပဲ သူ့ကို ဒီလို လာနောက်ရဲတာလေ။ ဒီကောင်နဲ့ကျမှပဲ အဘိုးကြီးလည်း ဂုဏ်ပုဒ်တွေ ဘေးချိတ်ပြီး အားရပါးရ ရယ်နိုင်တာ။
[လှောင်ပြောင်ခြင်း ခံရသည်။ အလိုအလျောက် ရမှတ် +1]
လှောင်ပြောင်ခံရတယ် ဟုတ်လား?
အလန်းစားပဲဟေ့! လမ်းကြောင်းအသစ် ပွင့်ပြီ။
ရွှီရှောင်ရှို့ ခိုးပြုံးလိုက်တယ်။ သူ ထင်ထားတဲ့အတိုင်းပဲ။ သူက ဘာမှမလုပ်ဘဲ ငြိမ်နေလေလေ အလိုအလျောက် ဖြစ်လေလေ၊ ရမှတ် တွေက အလိုအလျောက် အလကားရနေလေပဲ။
"ဘာလဲ... ကျွန်တော့်ရဲ့ တံခါးပိတ်ကျင့်ကြံခြင်းအပြီးမှာ အရည်အချင်းတွေ ဒုံးပျံလို တက်သွားတာကို မယုံဘူးပေါ့လေ?"
အကြီးအကဲချောင်က တစ်သျှူးနဲ့ သွားရည်သုတ်၊ ပလုတ်ကျင်းဖို့ လုပ်နေတုန်း ရွှီရှောင်ရှို့က ဒီလိုမေးလိုက်တော့ ထပ်ပြီး မအောင့်နိုင်တော့ဘဲ... ဝိညာဉ်ရေးရာဌာနခွဲတစ်ခုလုံး ဟည်းသွားအောင် သရဲပရဲတွေလို အော်ရယ်တော့တာပဲ။ "ဟားဟားဟားဟား..."
"မရတော့ဘူး ရွှီရှောင်ရှို့ရာ... မင်းမျက်နှာပေးကြီးက... တကယ့်ဟာသပဲကွာ။" သူက သွားရည်သုတ်ထားတဲ့ တစ်သျှူးကြီးနဲ့ပဲ မျက်ရည်တွေပါ သုတ်နေရှာတယ်။
[ချီးမွမ်းခြင်း ခံရသည်။ အလိုအလျောက် ရမှတ် +1]
ရွှီရှောင်ရှို့ ဆွံ့အသွားတယ်။
ချီးမွမ်းတာ ဟုတ်လား?
ဒါ ရွဲ့တာလေဗျာ! ဒီစနစ်ကြီးတော့ ဂျောင်ကျိုးနေပြီ ထင်တယ်။ ဘယ်လိုဖြစ်ပြီး 'ချီးမွမ်းခံရတယ်' လို့ သတ်မှတ်လိုက်တာလဲ?
အပြင်က တပည့်အချို့က အကြီးအကဲချောင်ရဲ့ သရဲပရဲရယ်သံကြီးကို ကြားတော့ ဘာဖြစ်တာလဲဆိုပြီး ခေါင်းပြူးကြည့်ကြတယ်။
"အမလေး... ဘယ်သူ့ရယ်သံကြီးလဲဟ၊ သရဲပရဲကျနေတာပဲ!"
"တိုးတိုးပြောစမ်း။ အကြီးအကဲချောင်ရဲ့ ရယ်သံကို မမှတ်မိဘူးလား? အပွား ခံချင်လို့လား။"
"ဘယ်ကောင်က အကြီးအကဲချောင်ကို ဒီလောက်ရယ်အောင် လုပ်နိုင်တာလဲ? ဆရာကြီးပဲ။"
"မသိဘူး၊ သွားကြည့်ရအောင်။"
သူတို့တွေ စပ်စုချင်တာနဲ့ တန်းစီဖို့တောင် စိတ်မပါတော့ဘဲ နံပါတ်တစ်ခုံရှိတဲ့ အခန်းနားကို စုပြုံတိုးလာကြတယ်။
"ဟင်... ရွှီရှောင်ရှို့ပါလား? သူ တံခါးပိတ်ကျင့်ကြံနေတာ မဟုတ်ဘူးလား?"
"ဟာ... မင်းကလည်း ခေတ်နောက်ကျလိုက်တာ။ ငါကြားတာတော့ သူ အဆင့်လေး ကို ဖောက်ထွက်နိုင်လို့ အပြင်ထွက်လာတာတဲ့!"
"ကျွတ်ကျွတ်... မင်းကမှ သတင်းနောက်ကျနေတာ။ မနေ့က သူ အဆင့်ငါး ရောက်သွားပြီလို့ ငါကြားတယ်။"
"မဟုတ်ကုတ်ကရ။ ငါကြားတာ အဆင့်ခုနစ် တဲ့။"
"အဆင့်ရှစ်ပါကွာ!"
"အထဲမှာ သူပြောနေတာတော့... သူ 'သဘာဝဖြစ်တည်မှုအဆင့်' ရောက်သွားပြီတဲ့..." ခပ်တိုးတိုးအသံတစ်ခု ထွက်လာတော့ တစ်ခန်းလုံး တိတ်ကျသွားပြီး အားလုံးက အဲဒီပြောတဲ့လူကို လှည့်ကြည့်ကြတယ်။
"မင်းပြောတာကို ငါတို့က ယုံရမလား!" သူတို့က ဝိုင်းအော်ကြတယ်။
အကြီးအကဲချောင်က တံခါးဝမှာ လူအုပ်ကြီး စုနေတာ မြင်တော့ ဒေါသထွက်သွားတယ်။ သူ့ရယ်သံကြောင့် ဒီကောင်တွေ အကုန်ရောက်လာမှန်း သိလိုက်ပြီလေ။ သူ ချက်ချင်း အပြင်ထွက်ပြီး အော်ငေါက်လိုက်တယ်—
"ဘာလာကြည့်နေကြတာလဲ? သွား... မင်းတို့စာရင်း မင်းတို့သွားသွင်းကြ!"
"ဟီးဟီး... စိတ်မဆိုးပါနဲ့ အကြီးအကဲချောင်ရဲ့!" လူအုပ်ကြီးလည်း လက်ပြပြီး ငှက်ပျံသလို ဝုန်းခနဲ လူစုခွဲပြေးကြတော့တယ်။
အထဲက ရွှီရှောင်ရှို့ကတော့ ပျော်လွန်းလို့ ဖင်ကြွနေပြီ။ စနစ်ရဲ့ သတိပေးချက် နေရာ ထဲမှာ သတင်း အသစ် တွေ ဆက်တိုက် တက်လာတာကိုး။
[သံသယဝင်ခြင်း ခံရသည်။ အလိုအလျောက် +42]
[သံသယဝင်ခြင်း ခံရသည်။ အလိုအလျောက် +31]
[သံသယဝင်ခြင်း ခံရသည်။ အလိုအလျောက် +16]
[သံသယဝင်ခြင်း ခံရသည်။ အလိုအလျောက် +3]
ဒီဝိညာဉ်ရေးရာဌာနခွဲမှာ လူရာနဲ့ချီရှိပြီး၊ လာချောင်းတဲ့လူတင် အယောက်အနည်းငယ် ရှိတယ်။ အဘိုးကြီးချောင် တစ်ချက်ရယ်လိုက်တာနဲ့တင် ရွှီရှောင်ရှို့ ရလိုက်တဲ့ အလိုအလျောက် က အရင်တုန်းက စုထားသမျှထက် အပြတ်အသတ် သာသွားပြီ။
ပထမလှိုင်းက လာချောင်းတဲ့လူတွေဆီက ဖြစ်ပြီး၊ နောက်ပိုင်းတက်လာတာတွေက သတင်းပြန့်သွားလို့ သံသယဝင်ကြတာ ဖြစ်ရမယ်။
ရွှီရှောင်ရှို့ သဘောပေါက်သွားပြီ။ အဖြစ်အပျက်တစ်ခုမှာ လူတစ်ယောက်ဆီကနေ ပွိုင့်တစ်ပွိုင့်ပဲ ရနိုင်တာ။ .. ဒါဆိုရင် ပွိုင့်တွေအများကြီး တစ်ခါတည်း ရချင်ရင် လိုအပ်ချက်က တစ်ခုပဲ ရှိတယ်။
အဲဒါက "လူအုပ်ကြီး" ပဲ!
သူ စိတ်ကူးယဉ်ကြည့်လိုက်တယ်။ ငါသာ လူတစ်သောင်းရှိတဲ့ ကွင်းပြင်ကြီးထဲမှာ "ငါက'သဘာဝဖြစ်တည်မှုအဆင့်' ဆရာကြီးကွ!" လို့ အော်လိုက်ရင် အလိုအလျောက် ၁၀၀၀၀ ချက်ချင်းရမှာ မဟုတ်ဘူးလား?
အင်း... ဒါပေမဲ့ အရူးဆိုပြီး ဝိုင်းရိုက်လို့ သေရင်သေသွားနိုင်တာပေါ့လေ။
အကြီးအကဲချောင် တံခါးပိတ်ပြီး ကုလားထိုင်ပေါ် ပြန်ထိုင်လိုက်တယ်။ "မင်း မျက်နှာကြီးက ဘာလို့ အူကြောင်ကြောင်နဲ့ ပြုံးနေတာလဲ?"
"မပြုံးပါဘူး! ဘာမှမဟုတ်ပါဘူး!"
ရွှီရှောင်ရှို့ သတိပြန်ဝင်လာပြီး— "အဓိကကိစ္စ မေ့တော့မလို့။ ကျွန်တော် လေနီမုန်တိုင်းသိုင်းပြိုင်ပွဲအတွက် စာရင်းလာသွင်းတာ။"
"မင်းက အရှက်မကွဲမှာ မကြောက်ဘူးပေါ့?"
အကြီးအကဲချောင်က ပြောပြောဆိုဆိုနဲ့ အံဆွဲထဲက အစိမ်းရောင် နံပါတ် ပြား လေးတစ်ခု ထုတ်လိုက်တယ်။ ပြီးတော့ သူ့နဖူးမှာ ကပ်ပြီး ရွှီရှောင်ရှို့ရဲ့ အချက်အလက်တွေကို စိတ်အာရုံနဲ့ ထည့်သွင်းပေးလိုက်တယ်။
ရွှီရှောင်ရှို့ မျက်လုံးပင့်ကြည့်လိုက်တယ်။ ဒီအဘိုးကြီးက သူ့ကို လုံးဝမယုံဘူး။ ငါတကယ် 'သဘာဝဖြစ်တည်မှုအဆင့်' ရောက်နေတာပါဆို... အရှက်ကွဲစရာ ဘာရှိလဲ! သူ စိတ်ထဲက ကြုံးဝါးလိုက်တယ်။
သူ သက်ပြင်းချလိုက်မိတယ်။ ပါရမီရှင်တွေရဲ့ ဘဝကတော့ ဒီလိုပဲ... ကောလာဟလတွေ၊ သံသယတွေနဲ့ ဖြတ်သန်းရမြဲပဲလေ။
"ဝိညာဉ်ကျင့်စဉ် အဆင့်လေး နော်?" အကြီးအကဲချောင်က မေးတယ်။
ရွှီရှောင်ရှို့ ငြင်းမနေတော့ဘဲ ခေါင်းပဲ ငြိမ့်ပြလိုက်တယ်။
"ရော့... ရပြီ!"
အစိမ်းရောင် တိုကင်ပြားကို ယူပြီး ရွှီရှောင်ရှို့ သူ့နဖူးမှာ ကပ်ကာ အထဲက အချက်အလက်ကို ဖတ်ကြည့်လိုက်တယ်။
[ရွှီရှောင်ရှို့၊ ဝိညာဉ်ကျင့်စဉ် အဆင့်လေး၊ အုပ်စု (၁၂)၊ အမှတ်စဉ် - ၁၁၃၀]
လူတစ်ထောင်ကျော်တောင်...
သူ မျှော်လင့်ထားပေမဲ့ လူဦးရေကို မြင်ပြီး လန့်သွားတုန်းပဲ။
နှစ်စဉ်ကျင်းပတဲ့ လေနီမုန်တိုင်း သိုင်းပြိုင်ပွဲမှာ ပါဝင်သူက အမြဲတမ်း တစ်ထောင်ကျော်တယ်။ အပြင်စည်းတပည့် ဖြစ်နေသရွေ့တော့ ကျင့်ကြံတဲ့ သက်တမ်း ဘယ်လောက်ပဲရှိရှိ မဖြစ်မနေ ပြိုင်ရတာ။
ပြီးတော့ အောက်ဆုံးအဆင့် ရတဲ့လူကို အကြီးအကဲတွေက စစ်ဆေးပြီး အရည်အချင်းမရှိရင် ချက်ချင်း နန်းတော်ကနေ နှင်ထုတ်ပစ်တာ။
ရွှီရှောင်ရှို့ ဒီနန်းတော်မှာ ဒီလောက်ကြာကြာ နေနိုင်ခဲ့တာ အဘိုးကြီးချောင်ရဲ့ အကူအညီကြောင့်လည်း ပါတာပေါ့။
ဒါပေမဲ့ အကြီးအကဲချောင်က သူ့ကို ထာဝရ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ ဒီနှစ်ပါ သုံးနှစ်ဆက်တိုက် အောက်ဆုံးရောက်ရင်တော့ ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်တော့ဘူး။
ဒါပေမဲ့... အခုတော့ ဒါတွေက ပြဿနာမဟုတ်တော့ဘူးလေ!
ရွှီရှောင်ရှို့ တိုကင်ပြားကို သိမ်းလိုက်ပြီး အကြီးအကဲချောင်ကို မျက်ခုံးပင့်ပြကာ လက်ဝါးချင်းပွတ်ရင်း—
"အကြီးအကဲချောင်... ကျွန်တော့်ရဲ့ ဝိညာဉ်ကျောက်တုံး တွေကော..."
သူ ဒီကိုလာတဲ့ ပထမရည်ရွယ်ချက်က ပြိုင်ပွဲစာရင်းသွင်းဖို့၊ ဒုတိယရည်ရွယ်ချက်ကတော့ ကျင့်ကြံခြင်းအတွက် ထောက်ပံ့ကြေး လာထုတ်တာ။
ပြီးခဲ့တဲ့ နှစ်လစာပါပေါင်းရင် အဘိုးကြီးချောင်ဆီမှာ သူ မထုတ်ရသေးတဲ့ ဝိညာဉ်ကျောက်တုံး ၂၀ ရှိတယ်။ 'နာကျင်မှုဖုံးကွယ်ခြင်း' ကျွမ်းကျင်မှုကို ဝယ်ပြီးကတည်းက သူ ဖင်ပြောင်အောင် ဆင်းရဲသွားတာလေ။ ကျောက်တုံး ၂၀ က မများပေမဲ့ အခုအချိန်မှာတော့ တစ်စက်ဆိုလည်း တစ်စက်ပဲ။
"မင်းကတော့ ဒီလိုကိစ္စမျိုးဆို မျက်စိက ချက်ချင်း ရှင်လာတာပဲ" အကြီးအကဲချောင်က ပြုံးပြီး ဆူလိုက်တယ်။
သူက အံဆွဲထဲကနေ ဝိညာဉ်ကျောက်တုံး ၂၀ ထုတ်ပေးတယ်။ ပြီးတော့ လက်ကို တစ်ချက်ဝှေ့ယမ်းပြီး ဆေးပုလင်းလေးတစ်ပုလင်းပါ ကျောက်တုံးတွေနဲ့အတူ စားပွဲပေါ် တင်ပေးလိုက်တယ်။
"ဒါက..." ရွှီရှောင်ရှို့ အံ့ဩသွားတယ်။ ဝိညာဉ်ရေးရာဌာနခွဲက လူတွေက ကပ်စေးနှဲလို့ နာမည်ကြီးတာ၊ အထူးသဖြင့် ဒီအဘိုးကြီးချောင်ပေါ့။ အခု ဘယ်လိုဖြစ်ပြီး ဆေးပုလင်းအပို ပေးရတာလဲ?
"ဒါက ငါ့အိတ်စိုက်နဲ့ မင်းကို ပေးတဲ့ လက်ဆောင်။ သူများကို သွားမပြောနဲ့ဦး!" အကြီးအကဲချောင်က တည်တည်တံ့တံ့ ပြောရင်း ပစ္စည်းတွေကို သူ့ဘက် တွန်းပေးလိုက်တယ်။ သူ့မျက်နှာက ရုတ်တရက် ဝမ်းနည်းရိပ်သန်းသွားပြီး— "နောင်ကျရင် ငါ မင်းကို မြင်ရတော့မှာ မဟုတ်ဘူး ထင်တယ်..."
ရွှီရှောင်ရှို့ ရင်ထဲ နွေးထွေးသွားတယ်။ သူ ပစ္စည်းတွေကို အမြန်သိမ်းလိုက်ပြီး ပြုံးပြလိုက်တယ်—
"စိတ်မပူပါနဲ့ အဘိုးကြီးရာ။ ကျွန်တော် တျန်းဆန်းဝိညာဉ်နန်းတော်ကနေ အထုတ်ခံရရင်တောင် ခင်ဗျားဆီ အလည်ပြန်လာခဲ့မှာပေါ့!"
"ဟက်!" အကြီးအကဲချောင် သဘောကျသွားတယ်— "မင်းက အထဲထဲ ဝင်လို့ရဦးမှာမို့လို့လား?"
"စိတ်မပူနဲ့... သူတို့ ကျွန်တော့်ကို မထုတ်နိုင်ပါဘူး။"
"အေးပါ... အဲဒီအတိုင်း ဖြစ်ပါစေ။"
ရွှီရှောင်ရှို့တစ်ယောက် ပြုံးစိစိနဲ့ ဝိညာဉ်ရေးရာဌာနခွဲကနေ ထွက်သွားတာကို အကြီးအကဲချောင်က ဝမ်းနည်းသလိုလိုနဲ့ ကြည့်ကျန်ခဲ့တယ်။ ပြီးမှ သူက မျက်မှောင်ကုတ်ပြီး ရေရွတ်လိုက်တယ်—
"ဒီကောင်လေးက တကယ်ပဲ အဆင့်တက်သွားနိုင်တာလား... အံ့ဩစရာပဲ။"
"ဒါပေမဲ့ ရပါတယ်။ အခြားလူတွေကို သူ့သတင်း အချက်အလက်တွေ ရောင်းစားထားတာ သူ မသိသေးတဲ့ပုံပဲ။ အဲဒီဆေးပုလင်းကိုပဲ နစ်နာကြေးလို့ သတ်မှတ်လိုက်တော့မယ်..."
သူက လက်ချောင်းလေးတွေကို တွက်ချက်ကြည့်ရင်း—
"အင်း... ဆယ်ဆလောက် အမြတ်ထွက်ထားတာဆိုတော့၊ ငါ ဒီတစ်ခေါက်လည်း အရှုံးမရှိပါဘူး!"