ဘုန်း...
ကျောက်ချင်းထန်သည် ဒူးများခွေကျသွားကာ စင်မြင့်ထက်သို့ ရှေ့သို့မှောက်လျက် လဲကျသွားပြီး သတိလစ်မေ့မြောသွားခဲ့တော့သည်။
‘နာကျင်မှုပုန်းကွယ်ခြင်း’ ဓားသည် သူ၏ ရင်ဘတ်ကို တိုက်ရိုက်ထိုးဖောက်သွားခဲ့ခြင်းဖြစ်ရာ လက်သီးဆုပ်ခန့်ကြီးမားသော ဒဏ်ရာကြီးတစ်ခု ကျန်ရစ်ခဲ့သည်။ သူ၏ သွေးများမှာ ရေတံခွန်တစ်ခုကဲ့သို့ စီးကျလာခဲ့ပြီး စင်မြင့်ထက်တစ်ခုလုံးကို ချက်ချင်းပင် ရဲရဲနီသွားစေခဲ့၏
“သူ့ကို ကယ်ကြပါဦး!”
ရွှီရှောင်ရှို့ လူတိုင်း မှင်တက်နေကြတာကို မြင်တွေ့လိုက်ရသည့်အခါ ဒိုင်လူကြီး ရှောင်ချီရှို့ကို လှမ်း၍ အော်ဟစ်လိုက်တော့သည်။
ဒိုင်လူကြီးက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများမှာ စင်မြင့်ထက်သို့ ချက်ချင်း ပြေးဝင်လာကြပြီး ရွှီရှောင်ရှို့နှင့် ကျောက်ချင်းထန်တို့နှစ်ယောက်လုံးကို ဝိုင်းအုံလိုက်ကြတော့၏
ရွှီရှောင်ရှို့ သူ၏ ဘေးနားတွင် ရင်းနှီးနေသည့် မျက်နှာလေးခုကို မြင်တွေ့လိုက်ရသည်။ ဒီလူတွေက ပြီးခဲ့သည့် ပွဲစဉ်တုန်းက ဖရဲသီးကြီး (ကျိုးထျန်းရှန်) ကို ကယ်တင်ခဲ့ကြသည့် လူတွေပဲ မဟုတ်ဘူးလား။
“ငါ့ကို ဂရုမစိုက်နဲ့... ကျောက်ချင်းထန်ကို အရင်သွားကယ်လိုက်ကြပါ!”
ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများက သူတို့၏ ဆေးအိတ်များကို မွှေနှောက်ကာ ခွဲစိတ်ဓားများကို ကိုင်မြှောက်လိုက်ကြတာကို မြင်တွေ့လိုက်ရသည့်အခါ ရွှီရှောင်ရှို့ ပြာပြာသလဲဖြစ်သွားပြီး အခြားတစ်ဖက်ကို အမြန်ညွှန်ပြလိုက်သည်
“သူ့ရဲ့ ခန္ဓာကိုယ်မှာ အပေါက်ကြီး ဖြစ်သွားပြီ။ ပြီးတော့ သူက မွေးရာပါအဆင့် တိုက်ခိုက်ရေးသမားလေ။ သူက ပိုပြီး အရေးကြီးတယ်။”
“မင်းလည်း အရေးကြီးတာပါပဲ!”
ဆေးဘက်ဆိုင်ရာ အဖွဲ့ဝင်တစ်ဦးက လေးနက်လှသောအမူအရာဖြင့် ပြောဆိုလိုက်၏။
သူတို့ ဆေးကုသပေးရမည့်သူက စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်နေခဲ့လျှင်ပင်... လူနာကို ကယ်တင်ဖို့က သူတို့၏ တာဝန် ဖြစ်ပေသည်
“စိတ်ပူပေးခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၄။”
ရွှီရှောင်ရှို့ ထိုလူများက အပ်နှင့် ချည်ကြိုးများကို ပြင်ဆင်နေကြတာကို မြင်တွေ့လိုက်ရသည့်အခါ အနည်းငယ် တွန့်ဆုတ်သွားခဲ့ရသည်။
လူနာကို ကယ်တင်ခြင်းက သဘာဝအတိုင်း ကောင်းမွန်သည့်အရာ ဖြစ်သော်လည်း... ပြဿနာကတော့ သူက ကယ်တင်ဖို့ မလိုလောက်အောင်အထိ ကျန်းမာနေခြင်း ဖြစ်၏။
ကျောက်ချင်းထန်နှင့် တိုက်ခိုက်စဉ်အတွင်း ‘ပုံသဏ္ဌာန်မဲ့ အအေးလှိုင်း’ နှင့် ‘အမှောင်ရေခဲ ချိပ်ပိတ်လက်ဝါး’ တို့ကသာ သူ့ကို တကယ့်ကို ဒဏ်ရာရရှိစေခဲ့ခြင်း ဖြစ်သည်
သို့သော်လည်း ထိုတိုက်ခိုက်မှုဒဏ်များက ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။
အစောပိုင်းတုန်းက ဓားစိတ်ဆန္ဒ ပြည့်နှက်နေသည့် နှင်းပွင့်များက သူ့ကို ထိုးဖောက်သွားခဲ့သဖြင့် သူ၏ ခန္ဓာကိုယ်မှာ ပျားအုံတစ်ခုကဲ့သို့ ဖြစ်သွားခဲ့ရသည်။ သို့သော်လည်း ‘ထာဝရရှင်သန်ခြင်း ဗီဇစွမ်းရည်’ ကြောင့် ထိုဒဏ်ရာများက အရေပြားအပေါ်ယံလောက်သာ ရှိခဲ့ပြီး နှင်းပွင့်များ ကျဆင်းမှု ရပ်တန့်သွားပြီးနောက်တွင်တော့ သူ၏ ဒဏ်ရာများမှာ မျက်စိတစ်မှိတ်အတွင်း ပြန်လည်၍ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏
နောက်ထပ် တိုက်ကွက်ကတော့ သူ့ကို ရေခဲတုံးကြီးအဖြစ် ချက်ချင်း ချိပ်ပိတ်ပစ်လိုက်ခြင်း ဖြစ်သည်။ သာမန်လူတစ်ယောက်ဆိုလျှင် ထိုတိုက်ကွက်ကြောင့် ဝိညာဉ်ပင်လျှင် အေးခဲသွားနိုင်သော်လည်း... သူကတော့ ငရဲမီးလျှံမျိုးစေ့ကို အရည်ကျိုထားခဲ့ပြီးသား ဖြစ်ရုံမျှမက ‘မွေးရာပါအဆင့် ခန္ဓာကိုယ်’ နှင့် ‘ထာဝရရှင်သန်ခြင်း ဗီဇစွမ်းရည်’ တို့ကိုပါ ပိုင်ဆိုင်ထားသည် မဟုတ်ဘူးလား
အမှန်အတိုင်းပြောရလျှင် ‘အမှောင်ရေခဲ ချိပ်ပိတ်လက်ဝါး’ က သူ့ကို ပေးစွမ်းနိုင်ခဲ့သည့် နာကျင်မှုက ‘ပုံသဏ္ဌာန်မဲ့ အအေးလှိုင်း’ အောက်တွင် ကြုံတွေ့ခဲ့ရသည့် နာကျင်မှုထက်ပင် သေးငယ်လှပေသေးသည်။
“ငါ တကယ်ပဲ ဆေးကုဖို့ မလိုပါဘူး...”
ရွှီရှောင်ရှို့က အားနည်းစွာဖြင့် ပြောဆိုလိုက်၏။
ဆေးဘက်ဆိုင်ရာ အဖွဲ့ဝင်လေးဦးက သူ့ကို စိုက်ကြည့်လိုက်ကြသည်
‘မင်း အပြင်းအထန် အရိုက်ခံလိုက်ရတာကို ဒီကလူတွေအကုန်လုံး မြင်တွေ့လိုက်ရတာလေ’
သူတို့က စိတ်ထဲကနေ တွေးလိုက်ကြ၏
‘မင်းရဲ့ ဝတ်စုံကိုလည်း ကြည့်ဦး... သွေးတွေနဲ့ ရဲရဲနီနေပြီ!
ပြီးတော့ မင်းရဲ့ မျက်နှာကိုလည်း ကြည့်ဦး... အညိုအမဲကွက်တွေ ပြည့်နေတာပဲ။ မင်း အပြင်းအထန် အေးခဲခြင်း ခံထားရတာက တကယ့်ကို ထင်ရှားနေတာကို။’
“ကဲ... ထားပါတော့...”
ရွှီရှောင်ရှို့ ရုန်းကန်ခြင်းကို လက်လျှော့လိုက်သဖြင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများက သူတို့၏ အပ်များနှင့် ခွဲစိတ်ဓားများကို မြှောက်လိုက်ကြပြီး ရွှီရှောင်ရှို့၏ ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်း ထိကိုင်လိုက်ကြတော့၏။
“သံသယဝင်ခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၄။”
နောက်တစ်စက္ကန့်တွင်တော့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းအားလုံးက သူတို့၏ လုပ်ဆောင်ချက်များကို တစ်ပြိုင်နက်တည်း ရပ်တန့်လိုက်ကြပြီး ရွှီရှောင်ရှို့ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် လှမ်းကြည့်လိုက်ကြတော့သည်။
“ဒါက...”
ဒါက ဘယ်လိုမျိုး ဖြစ်နိုင်မှာလဲ။
ဒီကောင်က တကယ့်ကို ဘီလူးသတ္တဝါတစ်ကောင်ပဲ ဖြစ်ရမယ်။ ခုနတုန်းက ကျောက်ချင်းထန်ရဲ့ ဆက်တိုက်တိုက်ခိုက်မှုတွေက သူ့ကို ဒီလောက်အဆင့်ပဲ ဒဏ်ရာရစေခဲ့တာလား။
ထို့အပြင် သူ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်နေသည့် သက်စောင့်အားလှိုင်း က အတိုင်းအဆမဲ့လွန်းလှသဖြင့် ၎င်းက တကယ့်ကို မယုံနိုင်စရာကောင်းလှပေသည်။ ၎င်းက ရွှေနီဆေးလုံး ကို သောက်သုံးထားတာထက်ပင် ပိုမို၍ ရူးသွပ်စရာကောင်းလှသေး၏
သူ့ခန္ဓာကိုယ်မှာ ကုသပေးစရာ ဘာဒဏ်ရာမှ ရှိမနေခဲ့ပါချေ။
သူ့တစ်ကိုယ်လုံးမှာ သွေးတွေ စွန်းထင်းနေခဲ့ပေမယ့်လည်း...
ဒါက ဘယ်လိုမျိုး ဖြစ်နိုင်မှာလဲ...
မွေးရာပါအဆင့် ခန္ဓာကိုယ်က တကယ်ပဲ ဒီလောက်အထိ အစွမ်းထက်တာလား။
ရွှီရှောင်ရှို့ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရင်း မတ်တတ်ရပ်လိုက်သည်။ သူ၏ အရေပြားပေါ်တွင် အေးခဲမှုကြောင့် ခရမ်းရောင်အကွက်အချို့ ရှိနေဆဲ ဖြစ်သော်လည်း... ဒီအချိန်တိုလေးအတွင်းမှာတင် သူ၏ လှုပ်ရှားနိုင်စွမ်းက ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်သွားခဲ့ပြီ ဖြစ်၏
“ငါ ဆေးကုဖို့ မလိုပါဘူးလို့ ပြောသားပဲ... ခင်ဗျားတို့က ငါ့ကို မယုံကြဘူး!”
ရွှီရှောင်ရှို့ ကျောက်ချင်းထန်ကို လက်ညှိုးထိုးပြလိုက်သည်။ “သူ့ကိုပဲ မြန်မြန်သွားကယ်လိုက်ကြပါ။ နာကျင်မှုပုန်းကွယ်ခြင်းဓားက သူ့ရဲ့ အသက်အန္တရာယ်ရှိတဲ့ နေရာတွေကို ရှောင်ကွင်းသွားခဲ့တာဆိုတော့ သူ သေတော့မှာ မဟုတ်ပါဘူး”
ဆေးဘက်ဆိုင်ရာ ဝန်ထမ်းလေးဦးမှာ တကယ့်ကို ဇဝေဇဝါ ဖြစ်သွားခဲ့ကြရသည်။ ရွှီရှောင်ရှို့၏ မွေးရာပါအဆင့် ခန္ဓာကိုယ်ကြောင့် ထိတ်လန့်သွားခဲ့ရပြီးနောက်... သူတို့ ဘာဆက်လုပ်ရမှန်းကိုပင် မသိနိုင်တော့ပါချေ။
“ငါ အမှန်အတိုင်း ပြောရရင်... အဲဒီလူက တိုက်ပွဲအတွင်းမှာ ငါ့ကို ဒဏ်ရာရအောင်တောင် မလုပ်နိုင်ခဲ့ဘူး!
သူ့ကိုပဲ မြန်မြန်သွားကယ်လိုက်ကြပါတော့!”
တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်ရှိ ဆေးဘက်ဆိုင်ရာ အဖွဲ့ဝင်များက သူတို့၏ ဆေးကုသမှုကို အပြီးသတ်လိုက်ကြသဖြင့် အားလုံးက စိတ်လှုပ်ရှားသွားကြရ၏။
“သူ နိုးလာပြီ!”
“တကယ့်ကို ကောင်းတာပဲ... အယ်?”
ပွဲကြည့်ပရိသတ်များ၏ စိတ်လှုပ်ရှားမှုက ကြာရှည်မခံခဲ့ပါချေ။ ကျောက်ချင်းထန်သည် နိုးလာပြီးနောက် ရွှီရှောင်ရှို့၏ စကားကို ကြားလိုက်ရသဖြင့် မျက်နှာတစ်ခုလုံး ချက်ချင်းပင် မည်းမှောင်သွားခဲ့ရပြီး ထပ်မံ၍ သတိလစ်မေ့မြောသွားခဲ့ရပြန်သည်
“ကျိန်ဆဲခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၁။”
အခြားတစ်ဖက်က ဆေးဘက်ဆိုင်ရာ ဝန်ထမ်းလေးဦးကတော့ ရွှီရှောင်ရှို့ကို ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် လူသတ်လိုသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့၏။
“တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၄။”
ရွှီရှောင်ရှို့ ဘာမှပြန်မပြောနိုင်တော့ပါချေ။
...
“အထင်ကြီးခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၆၆၆။”
“အထင်ကြီးခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၈၈၈။”
သေချာပေါက်ပင်... ရွှီရှောင်ရှို့ အကာအကွယ်အတားအဆီးပြင်ပသို့ ခြေလှမ်းလှမ်းလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ စနစ်ဘုတ်ပေါ်တွင် အကြောင်းကြားချက်များစွာ ပေါ်ပေါက်လာခဲ့တော့သည်။
ပွဲကြည့်ပရိသတ်များက မတ်တတ်ရပ်၍ လက်ခုပ်တီးကာ အားပေးနေကြတာကို ရွှီရှောင်ရှို့ မြင်တွေ့လိုက်ရသဖြင့် သူသည်လည်း ပျော်ရွှင်စွာဖြင့် လက်လှမ်းပြ၍ နှုတ်ဆက်လိုက်၏။
“အို...”
သူ ရုတ်တရက် အကြီးအကဲ ချောင်နှင့် ကျိုးထျန်းရှန်တို့ကို မြင်တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်လုံးက သူ့ကို လက်မထောင်ပြနေကြပြီး စင်မြင့်ထက်သို့ ပြေးဆင်းလာကာ သူ့ကို လှုပ်ခါပြီး ဖက်လဲတကင်း လုပ်ချင်နေကြသည့်ပုံ ပေါက်နေခဲ့၏
“ချီးကျူးခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၂။”
ကံကောင်းထောက်မစွာဖြင့် ဒါက တတိယမြောက် ပွဲစဉ်ဖြစ်သည့်အတွက် ပွဲကြည့်ပရိသတ်များကို စင်မြင့်ထက်သို့ ဆင်းခွင့်မပြုထားပါချေ။ မဟုတ်ရင်တော့ ယောကျာ်းရင့်မကြီးတွေရဲ့ ဖက်လှဲတကင်း လုပ်ဆောင်မှုကို ကြုံတွေ့ရမှာ သေချာသည်။
ရွှီရှောင်ရှို့ ပြန်လည်ပြုံးပြလိုက်သော်လည်း သူ၏ စိတ်ထဲတွင်မူ ဇဝေဇဝါ ဖြစ်နေခဲ့ရ၏။
အကြီးအကဲ ချောင်က သူ့တိုက်ပွဲကို လာရောက်ကြည့်ရှုပြီး အားပေးတယ်ဆိုတာကို သူ နားလည်နိုင်သော်လည်း... ကျိုးထျန်းရှန်က ဘာလို့ ဒီနေရာကို ရောက်နေရတာလဲ။
ထိုလူက ပြီးခဲ့သည့် တိုက်ပွဲအပြီးမှာတင် သူ့ရဲ့ ဖန်တစ်ယောက် ဖြစ်သွားခဲ့တာလား
ရွှီရှောင်ရှို့ စောင့်ဆိုင်းခန်းသို့ ပြန်လာခဲ့သည်။ နေ့အချိန်က တော်တော်လေး နောက်ကျနေပြီ ဖြစ်သော်လည်း ရွှီရှောင်ရှို့ သူ၏ အိမ်ရာသို့ ချက်ချင်း ပြန်မသွားခဲ့ပါချေ။
စင်မြင့်ထက်ကို သန့်ရှင်းရေးလုပ်ပြီးနောက် ဒိုင်လူကြီး ရှောင်ချီရှို့အနေဖြင့် အမည်စာရင်း မဲနှိုက်ဖို့ မလိုအပ်တော့ပါချေ။ အဘယ်ကြောင့်ဆိုသော် ထိပ်သီးလေးဦးစာရင်းဝင်ရန်အတွက် နောက်ဆုံး ပြိုင်ပွဲဝင်နှစ်ယောက်သာ ကျန်ရှိတော့သောကြောင့် ဖြစ်၏။
မိုမို!
မွေးရာပါအဆင့် ကျွမ်းကျင်သူတစ်ဦး။
‘လေပြင်းမုန်တိုင်း အမှတ်စာရင်းဘုတ်’ ရဲ့ အဆင့် (၁) နေရာမှာ ရပ်တည်နေသည့် လူ။
စွမ်းရည်ပိုင်းအရ ပြောရလျှင်... သူမက သေချာပေါက် အပြင်စည်းဂိုဏ်းရှိ အစွမ်းထက်ဆုံး တပည့်တစ်ဦး ဖြစ်ပေသည်။
ရွှီရှောင်ရှို့အနေဖြင့် မနက်ဖြန် တိုက်ပွဲတွင် ရင်ဆိုင်ရဖို့ အခွင့်အလမ်း အလွန်များပြားနေသည့် ဂျူနီယာမိုမိုကို လေ့လာစောင့်ကြည့်ရန်အတွက် ကျန်ရစ်ခဲ့ခြင်း ဖြစ်၏
စင်မြင့်ထက်တွင် မိုမိုသည် ဝတ်စုံစိမ်းတစ်ထည်ကို ဝတ်ဆင်ထားခဲ့ပြီး သူမ၏ အသားအရေမှာ နှင်းပွင့်များထက်ပင် ပိုမို၍ ဖြူဆွတ်လှပနေခဲ့သည်။
သူမ၏ လက်ထဲတွင်တော့ ခရမ်းရောင် စန္ဒကူးနံ့သာများ တောက်လောင်နေသည့် ကြေးညိုရောင် မီးဖိုငယ်လေးတစ်ခု ရှိနေခဲ့၏။ မိုမိုသည် မွေးရာပါအဆင့် တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်ပြီး သန့်စင်ကာ နတ်သမီးတစ်ပါးကဲ့သို့ အရှိန်အဝါမျိုး ရှိနေခဲ့သဖြင့် သူမ၏ ပြိုင်ဘက်ကို လုံးဝ လွှမ်းမိုးထားနိုင်ခဲ့သည်။
ရွှီရှောင်ရှို့ ဒီပွဲစဉ်ကို တကယ့်ကို မျှော်လင့်စောင့်စားနေခဲ့ခြင်း ဖြစ်၏
သို့သော်လည်း တိုက်ပွဲစတင်ချိန်မှစ၍ စိတ်လှုပ်ရှားစရာ သို့မဟုတ် အံ့အားသင့်စရာ မြင်ကွင်းမျိုး လုံးဝ ပေါ်ပေါက်မလာခဲ့ပါချေ။ စက္ကန့်ပိုင်းအနည်းငယ်အတွင်းမှာတင် ဝိညာဉ်ကျင့်ကြံခြင်း အဆင့် (၁၀) ရှိသည့် မိုမို၏ ပြိုင်ဘက်မှာ တိုက်ကွက်နှစ်ကွက်တည်းဖြင့် စင်မြင့်အပြင်ဘက်သို့ လွင့်စင်ထွက်သွားခဲ့ရတော့သည်။
ရွှီရှောင်ရှို့ ဘာမှမပြောနိုင်တော့ပါချေ။
တကယ့်ကို အစွမ်းထက်လွန်းလှတဲ့ မွေးရာပါအဆင့် တိုက်ခိုက်ရေးသမားပဲ…
သူသည် ဒေါသတကြီးဖြင့် လှည့်ပြန်ခဲ့ပြီး စောင့်ဆိုင်းခန်းထဲမှ ထွက်ခွာလာခဲ့တော့သည်။
...
တောအုပ်အတွင်းရှိ လမ်းခွဲက နှစ်ခု ရှိနေခဲ့သည်။ လမ်းတစ်ခုက ငန်းကန် သို့ ဦးတည်နေပြီး... အခြားလမ်းတစ်ခုကတော့ သူ၏ အိမ်ရာသို့ ဦးတည်နေခဲ့၏။
ပထမလမ်းက လျှို့ဝှက်ဆန်းကြယ်မှုများနှင့် အမည်မသိအရာများကို ကိုယ်စားပြုနေပြီး ဒုတိယလမ်းကတော့ သက်တောင့်သက်သာရှိမှုနှင့် အနားယူခြင်းကို ကိုယ်စားပြုနေခဲ့သည်။
ရွှီရှောင်ရှို့ တုံ့ဆိုင်းခြင်းမရှိဘဲ ဒုတိယလမ်းကိုသာ ရွေးချယ်လိုက်တော့၏။
ဘယ်လိုဟာသမျိုးလဲ။ သူသည် ငရဲမီးလျှံမျိုးစေ့ရဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် အားအင်အမြောက်အမြား အသုံးပြုထားခဲ့ရတာလေ။ အဲဒီတော့ သူက ဘာလို့ ငန်းကန်ကို သွားရဦးမှာလဲ။ နောက်ထပ် မျိုးစေ့တစ်ခု ထပ်စားဖို့လား
သူ သေချင်နေခဲ့ရင်တောင်မှ ဒါကို ထပ်ပြီး လုပ်မှာမဟုတ်ပါချေ။ ၎င်းက တကယ့်ကို နာကျင်လွန်းလှသည် မဟုတ်ဘူးလား။
ရွှီရှောင်ရှို့ သူ၏ အိမ်ရာသို့ ပြန်ရောက်လာခဲ့ပြီး ရေချိုးပြီးနောက် ကုတင်ပေါ်တွင် လှဲလျောင်းလိုက်ရာ... ဖော်ပြလို့မရနိုင်လောက်အောင်အထိ သက်တောင့်သက်သာရှိမှုကို ခံစားလိုက်ရတော့သည်။
ရွှီရှောင်ရှို့ ဝိညာဉ်စွမ်းအားဖြည့်တင်းရေး ဆေးလုံး တစ်လုံးကို ထုတ်ယူလိုက်ပြီး အသက်ရှူသွင်းလိုက်၏
“ရှုးးး... အားးး...”
၎င်းက နှစ်ဆမက ပျော်ရွှင်မှုကို ပေးစွမ်းနိုင်ပေသည်။
အဆင့်မြှင့်တင်ထားသည့် ‘အသက်ရှူသိုင်းပညာ’ က ပိုမိုအားကောင်းလာခဲ့ပြီ ဖြစ်ရာ... သူသည် ဆေးလုံးတစ်ခုလုံးကို အသက်တစ်ချက်ရှူရုံမျှဖြင့် စုပ်ယူပစ်လိုက်ခြင်း ဖြစ်၏။ ကံကောင်းထောက်မစွာဖြင့် သူသည် ထိုပြင်းထန်လှသော ခံစားချက်ကို အစွမ်းကုန် အောင့်အည်းသည်းခံရန် ကြိုးစားနေခဲ့သည်
သို့သော်လည်း ထိုရုတ်တရက် တိုးဝင်လာသည့် စွမ်းအင်များကြောင့် သူ ခေတ္တမျှ မိန်းမောသွားခဲ့ရ၏။ ထို့နောက် ကြီးမားလှသော ဝိညာဉ်စွမ်းအား လှိုင်းလုံးကြီးတစ်ခုက သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားခဲ့ပြီး ဝိညာဉ်စွမ်းအင်သိုလှောင်ရာအတွင်းရှိ စွမ်းအင်များကို မြင့်တက်လာစေခဲ့သည်။
သူ့၏ ခန္ဓာကိုယ်ကြီး တုန်ခါသွားခဲ့ရပြီး...
သူ ကျင့်ကြံခြင်းအဆင့် တက်လှမ်းသွားခဲ့ပြီ ဖြစ်၏။
ဝိညာဉ်ကျင့်ကြံခြင်း အဆင့် (၈)!
ရွှီရှောင်ရှို့ ဆွံ့အသွားခဲ့ရသည်။
မနေ့တုန်းက ငရဲမီးလျှံမျိုးစေ့ကို အရည်ကျိုပြီးနောက် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ထိန်းချုပ်ရန်အတွက် အားအင်အမြောက်အမြား အသုံးပြုခဲ့ရခြင်း ဖြစ်သည်။ နောက်ဆုံးတွင်တော့ သူ ခဏမျှ သတိလက်လွတ်ဖြစ်သွားသည့် အချိန်လေးမှာတင် ကျင့်ကြံခြင်းအဆင့် တက်လှမ်းသွားခဲ့ရပြန်ပြီ ဖြစ်၏
“ထားလိုက်ပါတော့... မြန်မြန်တက်တာပဲ ကောင်းပါတယ်”
“ဖြစ်နိုင်တာကတော့... ငါ့ရဲ့ အရှိန်အဟုန်က တကယ့် ပါရမီရှင်တွေရဲ့အရှေ့မှာ ဘာမှမဟုတ်လောက်ပါဘူး”
ရွှီရှောင်ရှို့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်ပြီး ထိုအခြေအနေကို ဆက်လက်၍ ဂရုမစိုက်တော့ပါချေ။ အဆုံးသတ်မှာတော့ သူသည် အိပ်ပျော်နေစဉ်အတွင်းမှာပင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင် လုပ်ဆောင်နိုင်စွမ်း ရှိပေသည်။
သူ စိတ်ထဲကနေ စနစ်ဘုတ်ကို ခေါ်ယူလိုက်၏။
အလိုအလျောက်ရမှတ် - ၁၈,၈၈၂ မှတ်။
“ဟင်း... အရင်ကထက်စာရင် နည်းနည်း လျော့သွားတာပဲ။”
ရွှီရှောင်ရှို့ အနည်းငယ် စိတ်ပျက်သွားခဲ့ရသော်လည်း ၎င်းက သူ မျှော်လင့်ထားခဲ့သည့် ရလဒ်တစ်ခု ဖြစ်ပေသည်။
စက္ကန့်တိုင်းမှာ အလိုအလျောက်ရမှတ်တစ်မှတ် ပေးစွမ်းနိုင်သည့် ငရဲမီးလျှံမျိုးစေ့ မရှိတော့သည့်အတွက်ကြောင့်... သူသည် တိုက်ပွဲအတွင်းရှိ ပွဲကြည့်ပရိသတ် ထောင်ပေါင်းများစွာထံမှ အလိုအလျောက်ရမှတ် ၄,၀၀၀ ကနေ ၅,၀၀၀ ခန့်သာ ရရှိခဲ့ခြင်း ဖြစ်၏။
၎င်းက ကျောက်ချင်းထန်၏ ‘ပုံသဏ္ဌာန်မဲ့ အအေးလှိုင်း’ တိုက်ကွက်ကြောင့် ရရှိခဲ့ခြင်း ဖြစ်ပြီး... မဟုတ်ရင်တော့ သူ ရရှိမည့် အလိုအလျောက်ရမှတ်က ၁,၀၀၀ သို့မဟုတ် ၂,၀၀၀ ခန့် ပိုမိုနည်းပါးသွားမှာ သေချာပေသည်။
“ငရဲမီးလျှံမျိုးစေ့...”
ရွှီရှောင်ရှို့ ထိုအရာကို စတင်သတိရမိလာခဲ့သည်။ သို့သော်လည်း ထိုမီးလျှံမျိုးစေ့က အချိန်မရွေး ပေါက်ကွဲသွားနိုင်သည့် အချိန်ကိုက်ဗုံးတစ်ခု ဖြစ်သည့်အတွက်ကြောင့် ၎င်းကို ဆက်ပြီး မတွေးတောတာက အကောင်းဆုံး ဖြစ်၏
သို့သော်လည်း... ဖြစ်နိုင်တာကတော့ သူ ၎င်းကို ထိန်းချုပ်နိုင်စွမ်း ရှိကောင်းရှိနိုင်ပါလိမ့်မည်။
ရွှီရှောင်ရှို့ သူ၏ မေးစေ့ကို ပွတ်သပ်လိုက်ရင်း အလေးအနက် တွေးတောလိုက်ပြီးနောက် နောက်ဆုံးတွင်တော့ ထိုရဲရင့်လှသော အတွေးကို ဖျောက်ဖျက်ပစ်လိုက်တော့သည်။
ငရဲမီးလျှံမျိုးစေ့အကြောင်းကို တွေးတောနေမည့်အစား... ထိုရွံရှာ ဖွယ်ကောင်းလှသည့် အဘိုးကြီးက သူ့ကို ဒီအရာကို မျိုချခိုင်းခဲ့စဉ်တုန်းက မည်သို့သော ရည်ရွယ်ချက်မျိုး ရှိနေခဲ့မလဲဆိုတာကိုသာ သူ အလေးအနက် စဉ်းစားနေခဲ့မိတော့၏။