စင်မြင့်ထက်တွင်။
ကျောက်ချင်းထန်သည် ‘နှင်းလျင်ခရီးနှင်ခြင်းသိုင်း’ ကို သုံး၍ နေရာရွှေ့ပြောင်းပြီးနောက် စက္ကန့်ပိုင်းမျှပင် ရပ်တန့်ခြင်း မရှိခဲ့ပါချေ။ ရွှီရှောင်ရှို့ စကားပြောနေသည့် အချိန်အတွင်းမှာတင် သူသည် လက်ဝါးနှစ်ဖက်ကို ယှက်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်း လက်ကွက်အချက်ပေါင်းများစွာကို လျင်မြန်စွာ ပြုလုပ်လိုက်တော့သည်။
ရွှီရှောင်ရှို့ အခြေအနေ မဟန်တော့ကြောင်း ချက်ချင်း သိရှိလိုက်၏။
ဒါက သေချာပေါက် ပြင်းထန်လှသည့် တိုက်ကွက်တစ်ခု ဖြစ်ပေလိမ့်မည်။ ကျောက်ချင်းထန်က သူ အာရုံလွင့်သွားသည့် စက္ကန့်ပိုင်းလေးကို အမိအရ အခွင့်ကောင်းယူသွားခြင်း ဖြစ်သည်။
‘လျူကျန်း... ငါ မင်းကို စိတ်ပျက်အောင် လုပ်မိပြီ။ ပြိုင်ဘက်ကို အထင်သေးမိတဲ့ အမှားကြီးကို ငါ ကျူးလွန်မိသွားပြီ!’
ဟု သူ စိတ်ထဲကနေ တွေးလိုက်မိသည်။
သူ ရှေ့သို့ ချက်ချင်း ပြေးဝင်လိုက်သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ သူတို့နှစ်ယောက် အကွာအဝေးက ဝေးကွာလွန်းလှသဖြင့် အချိန်မီ နီးကပ်အောင် မလုပ်နိုင်တော့ပါချေ။
ရွှီရှောင်ရှို့ ဝိညာဉ်ကျောက်တုံးတစ်တုံးကို အမြန်ထုတ်ယူ၍ အသက်ရှူသွင်းလိုက်ကာ သူ၏ ဝိညာဉ်စွမ်းအား အနည်းငယ်ကို ပြန်လည်ဖြည့်တင်းလိုက်သည်။ ထို့နောက် ဓားကို လေထုထဲတွင် လှပစွာ ဝှေ့ယမ်း၍ လွှတ်လိုက်တော့၏။
‘ဓားကွန်ရက်စတိုင်!’
ကျောက်ချင်းထန်က သူ့ထံသို့ တိုးဝင်လာသည့် ဓားကွန်ရက်ကို ဂရုမစိုက်ဘဲ သွေးစွန်းနေသည့် သူ၏ လက်ဝါးကို လေထုထဲသို့ တွန်းလွှတ်လိုက်သည်။
“ပုံသဏ္ဌာန်မဲ့ အအေးလှိုင်း!”
သူ ဒါကို လုပ်ဆောင်ပြီးသွားသည့် အခါမှသာ ဓားကွန်ရက်ကို ခုခံရန်အတွက် ‘ရေခဲစီးကြောင်းဓား’ ကို ပြန်လည်ကောက်ကိုင်လိုက်တော့၏။
ပြင်းထန်လှသော တိုက်ကွက်များကြားတွင် ကျောက်ချင်းထန်၏ အသားအရေများ ပေါက်ပြဲသွားခဲ့ရသည်။
ရွှီရှောင်ရှို့အနေဖြင့် ကျောက်ချင်းထန်က အသက်အန္တရာယ်ကိုပင် ဂရုမစိုက်ဘဲ မည်မျှအထိ ထိတ်လန့်စရာကောင်းသည့် တိုက်ကွက်ကို အပြီးသတ်ချင်နေသလဲဆိုတာကို စိတ်ကူးပင် မယဉ်နိုင်ခဲ့ပါချေ။ နောက်တစ်စက္ကန့်တွင် သူ၏ ‘အာရုံခံစားခြင်း’ ထဲရှိ နှင်းပွင့်များမှာ လေထုထဲက ဝိညာဉ်တံဆိပ်ခတ်နှိပ်မှုကြောင့် နိုးထလာခဲ့ကြပြီး ကောင်းကင်ယံထက်သို့ ဖြည်းညှင်းစွာ ဝဲပျံတက်သွားခဲ့ကြတော့သည်
ပွဲကြည့်ပရိသတ်များမှာ သူတို့၏ မျက်လုံးများကိုပင် ပွတ်သပ်လိုက်ကြရ၏။ အစက မြေပြင်ပေါ်တွင် နှင်းများ ထူထပ်စွာ ကျဆင်းနေခဲ့ပြီးသား ဖြစ်သော်လည်း အခုအခါတွင်တော့ ထိုနှင်းပွင့်များ နိုးထလာမှုကြောင့် အကာအကွယ်အတားအဆီးတစ်ခုလုံး ဖြူဆွတ်သွားခဲ့ရသည်။ သူတို့အနေဖြင့် စင်မြင့်ထက်က လူနှစ်ယောက်၏ ပုံရိပ်ကိုပင် သေသေချာချာ မမြင်ရတော့ပါချေ
“ချီ!”
ကျောက်ချင်းထန်က အော်ဟစ်လိုက်ရာ ပတ်ဝန်းကျင်ရှိ ဓားဝိညာဉ်စွမ်းအားများက လေထုကို ဖြတ်သန်းသွားခဲ့တော့သည်။
ထိုခဏတွင် နှင်းပွင့်တစ်ပွင့်ချင်းစီတိုင်းသည် ပြင်းထန်လှသော ဓားဝိညာဉ်စွမ်းအားများအဖြစ် ပေါက်ကွဲထွက်သွားခဲ့ပြီး ဓားအစင်းပေါင်း ထောင်သောင်းချီ၍ လေထုထဲသို့ ပျံတက်သွားသည့်အတိုင်း ထင်မှတ်ရပေသည်။
ရွှီရှောင်ရှို့ ဆွံ့အသွားခဲ့ရသည်။ ဒီကျောက်ချင်းထန်က တကယ့်ကို ရက်စက်လွန်းလှပေသည်။
အမှန်တရားကတော့... ကျောက်ချင်းထန်သည် အစပိုင်းတွင် နှင်းပွင့်များကို ကျဆင်းစေခဲ့ခြင်းမှာ သူ၏ ‘နှင်းလျင်ခရီးနှင်ခြင်းသိုင်း’ အတွက်တင်မကဘဲ အခု ‘ပုံသဏ္ဌာန်မဲ့ အအေးလှိုင်း’ တိုက်ကွက်အတွက်ပါ အခြေခံအုတ်မြစ် ချထားခဲ့ခြင်း ဖြစ်၏။
ကောင်းကင်ယံတစ်ခုလုံးတွင် ဓားဝိညာဉ်စွမ်းအားများ ပြည့်နှက်နေသည့် နှင်းပွင့်များဖြင့် ဖုံးလွှမ်းသွားခဲ့ရသည်။ ကျောက်ချင်းထန်၏ အမိန့်ပေးမှုနှင့်အတူ ထိုနှင်းပွင့်များက အချင်းချင်း ပေါင်းစပ်သွားခဲ့ကြပြီး အကာအကွယ်အတားအဆီးအတွင်းတွင် အတိုင်းအဆမဲ့လှသော ဓားအလင်းတန်းကြီးတစ်ခုကို ဖန်တီးလိုက်တော့၏
ထိုတိုက်ကွက်က ရွှီရှောင်ရှို့၏ ဓားကွန်ရက်ကို ချက်ချင်း ဖျက်ဆီးပစ်လိုက်ရုံမျှမက သူ၏ ‘မွေးရာပါအဆင့် ခန္ဓာကိုယ်’ ကိုပါ ထိုးဖောက်သွားခဲ့တော့သည်။
ဒိုင်လူကြီး ရှောင်ချီရှို့၏ မျက်နှာအမူအရာ တည်ကြည်သွားခဲ့ရသည်။ ဒီထိတ်လန့်စရာကောင်းလှသော မွေးရာပါအဆင့် ဝိညာဉ်သိုင်းပညာကို ‘ပုံသဏ္ဌာန်မဲ့ အအေးလှိုင်း’ ဟု ခေါ်ဆိုသော်လည်း ကျဆင်းနေသည့် နှင်းပွင့်တစ်ပွင့်စီတိုင်းက သူ့ကို သတ်ဖြတ်ရန် ရည်ရွယ်ချက်အပြည့်ရှိသော သေစေနိုင်သည့် ဓားများအဖြစ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်၏။
ရွှီရှောင်ရှို့အနေဖြင့် ဒီတိုက်ကွက်ကို ကြံ့ကြံ့ခံနိုင်ပါ့မလား။
ပွဲကြည့်ပရိသတ်များမှာ ဖြူဆွတ်နေသည့် အကာအကွယ်အတားအဆီးအတွင်းက နေရာတစ်ခုမှ သွေးများ ပန်းထွက်လာတာကို ရုတ်တရက် မြင်တွေ့လိုက်ကြရသည်
ထိုနေရာက ရွှီရှောင်ရှို့ ရှိနေသည့် နေရာ ဖြစ်၏။
ရွှီရှောင်ရှို့ သွားကို တင်းတင်းကြိတ်ထားမိသလို မျက်လုံးများကိုပါ မှိတ်ထားမိသည်။ တကယ်လို့ သူသာ မျက်လုံးမမှိတ်ထားခဲ့ရင် သူ၏ မျက်လုံးအစုံမှာပင် ဓားစိတ်ဆန္ဒ ပြည့်နှက်နေသည့် နှင်းပွင့်များကြောင့် ဖောက်ထွက်သွားမှာ သေချာပေသည်။
ရှုးးး... ရှုးးး... ရှုးးး...
နှင်းပွင့်တစ်ပွင့်စီတိုင်းက နှိုင်းယှဉ်စရာမရှိအောင် ထက်မြက်လှသည့် ဓားငယ်လေးများကဲ့သို့ ဖြစ်နေခဲ့သည်။ သူ၏ မွေးရာပါအဆင့် ခန္ဓာကိုယ်ကပင် ထိုတိုက်ကွက်ကို မခုခံနိုင်ခဲ့ဘဲ ခန္ဓာကိုယ်ပေါ်တွင် သွေးထွက်နေသည့် အပေါက်ငယ်ပေါင်း မြောက်မြားစွာ ချက်ချင်း ပေါ်ပေါက်လာခဲ့ရတော့သည်
ရှောင်ချီရှို့ လှုပ်ရှားရန် ပြင်ဆင်လိုက်ပြီ ဖြစ်သည်။ ရွှီရှောင်ရှို့ဘက်က လက်လျှော့မည့် အရိပ်အယောင် ပြသည်နှင့်တစ်ပြိုင်နက် သူကတော့ ပထမဦးဆုံး ကယ်တင်မည့်လူ ဖြစ်၏။
ကျောက်ချင်းထန် အပြင်းအထန် အသက်ရှူနေခဲ့ရသည်။ သူသည် သူ၏ ဝှက်ဖဲမှန်သမျှကို အကုန်ထုတ်သုံးခဲ့ပြီးပြီ ဖြစ်၏။ ဒီသိုင်းပညာက သူ၏ ဝိညာဉ်မြစ်ဖျားခံရာစွမ်းအား အမြောက်အမြားကို ကုန်ဆုံးစေခဲ့သော်လည်း ရွှီရှောင်ရှို့က ထိုတိုက်ကွက်အောက်တွင် ဆက်လက်ရပ်တည်နေနိုင်ဆဲလား။
မွေးရာပါအဆင့် ခန္ဓာကိုယ်က တကယ်ပဲ ဒီလောက်အထိ ကြံ့ခိုင်တာလား။
သူ သွားကို တင်းတင်းကြိတ်လိုက်ရင်း ရှေ့သို့ ပြေးဝင်လိုက်ကာ ရွှီရှောင်ရှို့ထံသို့ လက်ဝါးတစ်ချက် ရိုက်လွှတ်လိုက်တော့သည်။
“သူ ရူးသွားပြီလား...”
အခြေအနေက သူ့ဘက်တွင် လုံးဝအသာစီးရနေတာကို ကျောက်ချင်းထန်က ဘာလို့ အနီးကပ်တိုက်ခိုက်ဖို့ ရွေးချယ်လိုက်တာလဲ။ သူက ရွှီရှောင်ရှို့ အနားသို့ ရောက်သွားသည့်အခါ အခြေအနေကို ပြောင်းပြန်လှန်ပစ်မှာကို မကြောက်ဘူးလား။
“ဒါက မဟုတ်သေးဘူး!” ပွဲကြည့်ပရိသတ်တစ်ဦး ရုတ်တရက် မတ်တတ်ရပ်လိုက်ရင်း - “ဒါက ‘အမှောင်ရေခဲ ချိပ်ပိတ်လက်ဝါး’ ပဲ! ဒါက မွေးရာပါအဆင့်ရဲ့ ထိပ်သီး ဝိညာဉ်သိုင်းပညာတစ်ခုပဲ။ ရွှီရှောင်ရှို့တော့ သွားပြီ!”
“အမှောင်ရေခဲ ချိပ်ပိတ်လက်ဝါး ဟုတ်လား...”
အကြီးအကဲ ချောင်ပင်လျှင် ထိတ်လန့်သွားခဲ့ရသည်။ ဒီဝိညာဉ်သိုင်းပညာက အတွင်းစည်းဂိုဏ်းမှာပင် ထိပ်သီးအဆင့်အနည်းငယ်အတွင်း သတ်မှတ်ထားခြင်း ခံရကြောင်း သူ သိရှိထား၏။
သူ သူ၏ ဝတ်စုံလက်အင်္ကျီကို တင်းတင်းဆုပ်ကိုင်ထားမိသည်။ ရွှီရှောင်ရှို့ တကယ့်ကို ကြီးမားလှသည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်၏။
ထို့အပြင် ရွှီရှောင်ရှို့သည် ဓားစိတ်ဆန္ဒ ပြည့်နှက်နေသည့် နှင်းပွင့်များကို ခုခံနေရဆဲ ဖြစ်သဖြင့် ဘယ်ကဘယ်လို တိုက်ခိုက်လာမှန်းကိုပင် မသိနိုင်တော့ပါချေ။ သူ၏ ‘ထာဝရရှင်သန်ခြင်း ဗီဇစွမ်းရည်’ ကတော့ အစွမ်းကုန် အလုပ်လုပ်နေခဲ့ပြီး ခန္ဓာကိုယ်ကို အဆက်မပြတ် ပြန်လည်ကုသပေးနေခဲ့သည်
စ
အထိုးဖောက်ခံရလိုက်၊ ပြန်လည်ကုသလိုက်...
ပြန်လည်ကုသလိုက်၊ အထိုးဖောက်ခံရလိုက်...
ရွှီရှောင်ရှို့ အခု ကြုံတွေ့နေရသည့် နာကျင်မှုက ငရဲမီးလျှံမျိုးစေ့ ကို အရည်ကျိုစဉ်တုန်းက ကြုံတွေ့ခဲ့ရသည့် နာကျင်မှုနှင့်ပင် နှိုင်းယှဉ်နိုင်စွမ်း ရှိပေသည်
“တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၁။”
“တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၁။”
“...”
သူ့၏ စနစ်ဘုတ်ပေါ်တွင် အကြောင်းကြားချက်ပေါင်း ထောင်ချီ၍ ချက်ချင်း ပေါ်ပေါက်လာခဲ့ခြင်းက ထိုနှင်းပွင့်များ၏ ဆက်တိုက်တိုက်ခိုက်မှုမှာ မည်မျှအထိ ရူးသွပ်စရာကောင်းကြောင်း ပြသနေခဲ့သည်။
ရွှီရှောင်ရှို့သည် သူ၏ စိတ်ဓာတ်ကြံ့ခိုင်မှုတစ်ခုတည်းဖြင့်သာ တောင့်ခံထားခြင်း ဖြစ်၏။ သူ၏ ‘အာရုံခံစားခြင်း’ အရ ကျောက်ချင်းထန်က လက်ဝါးဖြင့် တိုက်ခိုက်လာကြောင်း သိရှိလိုက်ရသည့်အတွက် နောက်ဆုံးတွင်တော့ သူ၏ ကျွမ်းကျင်မှုရမှတ် များကို အသုံးပြုရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပါချေ
“ဓားသိုင်းကျွမ်းကျင်မှု (အဆင့်မြင့် - အဆင့် ၇)”
“ဓားသိုင်းကျွမ်းကျင်မှု (အဆင့်မြင့် - အဆင့် ၈)”
ကြီးမားလှသော အချက်အလက်များစွာက သူ၏ ဦးနှောက်ထဲသို့ ချက်ချင်း စီးဝင်လာခဲ့သည်။ ရွှီရှောင်ရှို့အနေဖြင့် ဒီတိုက်ကွက်ကို ဖျက်ဆီးပစ်မည့် နည်းလမ်းကို ရှာဖွေတွေ့ရှိသွားခဲ့သည့်ပုံ ရပေသည်။
သူ ကြုံတွေ့နေရသည့် နာကျင်မှုများကို အောင့်အည်းးသည်းခံလိုက်ရင်း ‘နာကျင်မှုပုန်းကွယ်ခြင်း’ ဓားကို မြှောက်လိုက်ကာ ကြီးမားလှသော ဓားစိတ်ဆန္ဒများကို ဓားသွားပေါ်တွင် စုစည်းစေလိုက်တော့သည်။ သူသည် ဒီတိုက်ကွက်တွင် အရာအားလုံးကို ပုံအောပြီး စွန့်စားလိုက်ခြင်း ဖြစ်၏
ရှုးးး...
နာကျင်မှုပုန်းကွယ်ခြင်းဓားက လေထုကို လျင်မြန်စွာ ဖြတ်သန်းသွားခဲ့ပြီး ဓားသွားပေါ်တွင် မီးလျှံများ တောက်လောင်လာခဲ့သည်။ သို့သော်လည်း ကျောက်ချင်းထန်က ဒါကို ကြိုတင်ပြင်ဆင်ထားခဲ့ပြီးသား ဖြစ်သဖြင့် ခေါင်းကို အနည်းငယ် စောင်းလိုက်ရာ ထိုဝိညာဉ်ဓားက သူ၏ ပုခုံးကိုသာ ထိုးဖောက်သွားခဲ့တော့၏။
ဓားကတော့ အရှိန်အဟုန်ကြောင့် ရှေ့သို့ ဆက်လက်ပျံသန်းသွားခဲ့ပြီး အကာအကွယ်အတားအဆီးကို ဖောက်ထွက်ကာ ပွဲကြည့်ပရိသတ်များ၏ မှင်တက်သွားသော အကြည့်များအောက်တွင် ကောင်းကင်စွန်းဆီသို့ ပျံသန်းကွယ်ပျောက်သွားခဲ့တော့သည်။
ပွဲကြည့်ပရိသတ်များအနေဖြင့် ထိုဝိညာဉ်ဓားကို ဂရုစိုက်ဖို့ အချိန်မရှိတော့ပါချေ။ ကျောက်ချင်းထန်သည် သူ၏ ပုခုံးဒဏ်ရာက နာကျင်မှုများကို အောင့်အည်းသည်းခံရင်း လက်ဝါးကို ရှေ့သို့ ဆက်လက်တွန်းလွှတ်လိုက်တော့သည်။
အခြားတစ်ဖက်တွင်မူ ရွှီရှောင်ရှို့ကတော့...
သူ့တွင် ပြန်လည်တုံ့ပြန်ရန် တိုက်ကွက်များ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏
“အမှောင်ရေခဲ ချိပ်ပိတ်လက်ဝါး!”
ဘုန်း...
ထိုအော်ဟစ်သံနှင့်အတူ ရွှီရှောင်ရှို့ကို အပြင်းအထန် တိုက်ခိုက်နေခဲ့သည့် ဓားစိတ်ဆန္ဒနှင်းပွင့်များမှာ ရုတ်တရက် ရပ်တန့်သွားခဲ့ရသည်။
ကျောက်ချင်းထန်၏ အရှေ့ဘက်ရှိ နေရာတစ်ခုလုံးနှင့် ရွှီရှောင်ရှို့ ရှိနေသည့် နေရာ အပါအဝင် စင်မြင့်ထက်က နေရာအများစုမှာ ကျောက်ချင်းထန်၏ ထိတ်လန့်စရာကောင်းလှသော လက်ဝါးတိုက်ကွက်ကြောင့် ချက်ချင်းပင် ရေခဲတုံးကြီးအဖြစ် ပြောင်းလဲသွားခဲ့တော့သည်။
စင်မြင့်ထက်က နေရာတစ်ဝက်ကျော်လောက် ရေခဲပြင်ကြီးအဖြစ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်၏။
ပွဲကြည့်ပရိသတ်များ တိတ်ဆိတ်သွားခဲ့ကြရသည်။ အိမ်တစ်လုံးထက်ပင် ကြီးမားလှသော ရေခဲတုံးကြီးက တကယ့်ကို ထိတ်လန့်တုန်လှုပ်စရာကောင်းလွန်းလှပေသည်
လူတိုင်း အေးခဲသွားခဲ့ကြရ၏။
သို့သော်လည်း ပွဲကြည့်ပရိသတ်များမှာ ထိုတိုက်ကွက်က မဆုံးသေးကြောင်း ထိတ်လန့်စွာဖြင့် ထပ်မံသိရှိလိုက်ရပြန်သည်။
ကျောက်ချင်းထန် နောက်ဆုံးတော့ သက်ပြင်းတစ်ချက် ချလိုက်တာကို သူတို့ မြင်တွေ့လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် စွန်းထင်းနေခဲ့၏။ သူက လက်နှစ်ဖက်ကို ပူးလိုက်ရင်း
“ချိပ်ပိတ်စမ်း!” ဟု အော်ဟစ်လိုက်တော့သည်
ဘုန်း...
တိုးညင်းလှသော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ပွဲကြည့်ပရိသတ်များ၏ မယုံကြည်နိုင်လောက်သော အကြည့်များအောက်တွင်... စင်မြင့်ထက်က နေရာအများစုကို ယူထားသည့် ရေခဲတုံးကြီးမှာ လျင်မြန်စွာ ကျုံ့ဝင်သွားခဲ့ပြီး ရွှီရှောင်ရှို့၏ ခန္ဓာကိုယ်ကို တင်းကျပ်စွာ ချိပ်ပိတ်ပစ်လိုက်တော့၏။
နောက်ဆုံးတွင်တော့ ရေခဲတုံးလေးသည် လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်ထားသည့် ရွှီရှောင်ရှို့၏ ခန္ဓာကိုယ်အနားတွင်သာ ရပ်တန့်သွားခဲ့တော့သည်။
“အော်... ချီးပဲ!”
လူတိုင်း၏ မျက်လုံးအစုံမှာ ပြူးထွက်မတတ် ဖြစ်သွားခဲ့ကြရ၏
ထိုမျှလောက် ကြီးမားလှသည့် ရေခဲတုံးကြီးက မျက်စိတစ်မှိတ်အတွင်းမှာတင် ဒီလောက်အထိ သေးငယ်သွားခဲ့ခြင်း ဖြစ်ရာ... ရေခဲ၏ သိပ်သည်းဆကြောင့် အတွင်းထဲတွင် ပိတ်မိနေသည့် လူမှာ ရေခဲရုပ်ကြွင်းတစ်ခုအဖြစ် ပြောင်းလဲသွားမှာ မဟုတ်ဘူးလား။
သူ အသက်ရှင်နိုင်မည့် အခွင့်အရေး ရှိပါဦးမလား။ ကျောက်ချင်းထန်က တကယ့်ကို လက်လွန်သွားခဲ့ပြီ ဖြစ်သည်။
ရွှီရှောင်ရှို့ သေဆုံးသွားခဲ့ပြီလား...
ဒိုင်လူကြီး ရှောင်ချီရှို့ အသက်ပြင်းပြင်း ရှူလိုက်မိသည်။ သူ တစ်ခုခု မကောင်းတာ ဖြစ်ပျက်တော့မည်ကို အာရုံခံမိလိုက်၏။
စကားပုံတစ်ခုကတော့ မှန်ကန်ဆဲ ဖြစ်သည်။ ဒိုင်လူကြီးတွေ အကြောက်ဆုံးအရာကတော့ မျက်စိတစ်မှိတ်အတွင်းမှာတင် ပွဲပြတ်သွားနိုင်သည့် တိုက်ကွက်မျိုး ဖြစ်၏။
တကယ်လို့ သူသာ ရွှီရှောင်ရှို့ကို ကယ်တင်လိုက်မယ်ဆိုရင် ရွှီရှောင်ရှို့ကို အရှုံးပေးခိုင်းလိုက်သလိုမျိုး ဖြစ်သွားမှာဖြစ်သဖြင့် ရွှီရှောင်ရှို့က သူ့ကို ကျေးဇူးတင်မှာ မဟုတ်ပါချေ။ သို့သော်လည်း သူသာ ဘေးကနေ ဒီအတိုင်း စောင့်ကြည့်နေမယ်ဆိုရင် ပြိုင်ပွဲဝင်တစ်ဦး သေဆုံးသွားတာကို ဒီအတိုင်း ကြည့်နေရတော့မှာ ဖြစ်သည်။ သူ ဒီလိုအခြေအနေမျိုးမှာ ဘာလုပ်ရမှာလဲ။
သူသည် သူ၏ လက်ကိုသာ ဖြည်းညှင်းစွာ မြှောက်လိုက်ရင်း
“တိုက်ပွဲ ပြီးဆုံး...”
ရှုးးး...
ထိုခဏတွင် လေထုကို ဖြတ်သန်းသွားသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ရှောင်ချီရှို့၏ စကားကို ဖြတ်တောက်ပစ်လိုက်တော့သည်။
လူတိုင်း ဇဝေဇဝါဖြစ်စွာဖြင့် ကောင်းကင်ယံထက်သို့ မော့ကြည့်လိုက်ကြရာ... ကျောက်ချင်းထန်၏ ပုခုံးကို ထိုးဖောက်သွားခဲ့ပြီး အရှိန်အဟုန်ကြောင့် ကောင်းကင်စွန်းဆီသို့ ကွယ်ပျောက်သွားခဲ့သည့် ‘နာကျင်မှုပုန်းကွယ်ခြင်း’ ဓားက အသံထက်မြန်သော နှုန်းဖြင့် စင်မြင့်ထက်သို့ ပြန်လည်၍ ပျံသန်းလာတာကို မြင်တွေ့လိုက်ရတော့၏
ကျောက်ချင်းထန် ထိတ်လန့်တုန်လှုပ်စွာဖြင့် အနောက်သို့ လှည့်ကြည့်လိုက်မိရာ အနက်ရောင် အစက်အပြောက်လေးတစ်ခုက ချက်ချင်းပင် ကြီးမားလာပြီး သူ့ထံသို့ တိုးဝင်လာကာ သူ၏ ရင်ဘတ်ကို ထိုးဖောက်သွားခဲ့ပြီးနောက် ရွှီရှောင်ရှို့၏ ရေခဲရုပ်တုကြီးပေါ်သို့ ပြင်းထန်စွာ ကျရောက်စိုက်ဝင်သွားခဲ့တော့သည်။
“ဖူးးး...”
ကျောက်ချင်းထန်၏ ခန္ဓာကိုယ်ကြီး ယိုင်နဲ့သွားခဲ့ရပြီး သူ၏ ကလီစာအစအနများ ပါဝင်သည့် သွေးတစ်လုပ်ကို ပြင်းထန်စွာ အန်ထုတ်လိုက်တော့၏။
ဒိုင်လူကြီး ရှောင်ချီရှို့အနေဖြင့် ထိုဓားကို တားဆီးရန်အတွက် ရှေ့သို့ ပြေးဝင်ဖို့ နှောင့်နှေးသွားခဲ့ရခြင်းမှာ ထိုဓားက အနောက်ဘက်ကနေ ပြန်လည်တိုးဝင်လာလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့မိသောကြောင့် ဖြစ်၏။
နာကျင်မှုပုန်းကွယ်ခြင်းဓားက ရေခဲရုပ်တုကြီးပေါ်တွင် စိုက်ဝင်နေခဲ့ပြီး ဝိညာဉ်အရှိန်အဝါများ ပြည့်နှက်နေသည့်အတိုင်း စိတ်လှုပ်ရှားစွာဖြင့် တုန်ခါနေခဲ့သည်
ရှောင်ချီရှို့၏ မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားခဲ့ရ၏။ ဒါက...
ဓားနှင့် စိတ်ချင်းဆက်နွှယ်ခြင်း လား...
ရွှီရှောင်ရှို့က မွေးရာပါအဆင့် ဓားစိတ်ဆန္ဒရဲ့ တံခါးဝကို တကယ့်ကို ထိတွေ့နိုင်သွားခဲ့တာလား။
စင်မြင့်အပြင်ဘက်တွင် ကျိုးထျန်းရှန် စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ရပ်လိုက်မိသည်။ သူသည် အဆက်မပြတ် တုန်ခါနေသည့် နာကျင်မှုပုန်းကွယ်ခြင်းဓားကို စိုက်ကြည့်လိုက်ရင်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် တိုက်ခိုက်လိုစိတ်ပြင်းထန်မှုများ တောက်လောင်လာခဲ့၏။
ထိုဓားသိုင်းက... အလွန်အမင်း အစွမ်းထက်လွန်းလှသည်!
တကယ့်ကို အစွမ်းထက်လွန်းလှပေသည်။
၎င်းက မနေ့တုန်းက ရွှီရှောင်ရှို့ ပြသခဲ့သည့် စွမ်းရည်ထက် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်လွန်းလှပေသည်။
အကြီးအကဲ ချောင် မှင်တက်သွားခဲ့ရ၏။ သူသည် ရွှီရှောင်ရှို့က ရက်အနည်းငယ်မျှသာရှိသေးသည့် တံခါးပိတ်ကျင့်ကြံခြင်း မှ ထွက်လာပြီးနောက်... မတွေ့ရသည့် ရက်ပိုင်းအတွင်းမှာတင် ဒီလောက်အထိ အံ့အားသင့်စရာကောင်းလောက်အောင် တိုးတက်လာလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပါချေ
ဒါက တကယ့်ကို စိတ်ကူးယဉ်လို့ပင် မရနိုင်လောက်အောင် ဖြစ်ရပေသည်။
မလှမ်းမကမ်းရှိ စောင့်ဆိုင်းခန်းအတွင်းတွင်တော့ အစေခံတစ်ဦးက ကုလားထိုင်ပေါ်မှ လဲကျသွားခဲ့သည့် မုဇီချီကို ကုလားထိုင်အသစ်တစ်လုံးပေါ်သို့ ပြန်လည်တွဲထူပေးနေခဲ့ရသည်။ ဒီဝတ်စုံစိမ်းနှင့် မိန်းကလေးမှာတော့ ပါးစပ်ကြီး အဟောင်းသား ဖြစ်နေခဲ့ပြီး သူမ၏ ကျစ်ဆံမြီးလေးနှစ်ဖက်ကိုပင် ဆွဲနှုတ်မိလုနီးပါးအထိ ဖြစ်သွားခဲ့ရ၏။
ဂျွတ်... ဂျွတ်...
ဓား၏ တုန်ခါမှုကြောင့် ရေခဲရုပ်တုကြီးပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ပေါက်လာခဲ့သည်
ရွှီရှောင်ရှို့၏ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာများမှာ အေးခဲနေခဲ့ပြီး သူ၏ ဝိညာဉ်ပင်လျှင် တုန်ခါနေခဲ့သလိုမျိုး ခံစားလိုက်ရ၏။
သူ နောက်ဆုံးထွက်သက်အထိ တောင့်ခံထားနိုင်ရသည့် တစ်ခုတည်းသော အကြောင်းရင်းကတော့ သူ၏ ‘ထာဝရရှင်သန်ခြင်း ဗီဇစွမ်းရည်’ က အလွန်အမင်း အစွမ်းထက်လွန်းနေသောကြောင့် ဖြစ်သည်။
သူသည် တုန်ရင်နေသည့် နှုတ်ခမ်းများဖြင့် ရေခဲရုပ်တုကြီးထဲမှ ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာခဲ့ပြီးနောက် ခန္ဓာကိုယ်ကြီး မြေပြင်ပေါ်သို့ အားနည်းစွာဖြင့် လဲကျသွားခဲ့ရတော့၏
“ဒါက... ဘယ်လိုမျိုး ဓားသိုင်းလဲ!” ကျောက်ချင်းထန် တကယ့်ကို မကျေမနပ်ဖြစ်စွာဖြင့် လှမ်းကြည့်လိုက်မိသည်။
ရွှီရှောင်ရှို့ တုန်တုန်ရင်ရင်ဖြင့် အအေးဓာတ်များကို ဖြည်းညှင်းစွာ အသက်ရှူထုတ်လိုက်ရင်း
“တိမ်ဖြူဓားသိုင်း။”
“သံသယဝင်ခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၁။”