ထိပ်သီးလေးဦးစာရင်းဝင်ရန် ယှဉ်ပြိုင်ရမည့် တိုက်ပွဲ။ တတိယမြောက် ပွဲစဉ်။
ကျောက်ချင်းထန်သည် သူ၏ ဓားကို အောက်သို့ စောင်းလျက် ကိုင်ဆောင်ထားရင်း မတ်တတ်ရပ်နေခဲ့သည်။ သူက ကောင်းကင်ယံထက်သို့ မော့ကြည့်နေခဲ့ပြီး... တကယ့်ကို မာနကြီးကာ အေးစက်လွန်းလှသည့်ပုံ ပေါက်နေ၏။
သူ ထိုနေရာတွင် မတ်တတ်ရပ်နေရုံမျှဖြင့် ပတ်ဝန်းကျင်က လေထုတစ်ခုလုံး ပိုမိုအေးစက်လာခဲ့သည့်ပုံ ရပေသည်။ သူ့ပတ်ဝန်းကျင်တွင် နှင်းပွင့်များပင် ကျဆင်းနေခဲ့၏။
ရွှီရှောင်ရှို့ အသံလုံအတားအဆီးထဲသို့ ခေါင်းပြူကြည့်လိုက်ပြီး ခန္ဓာကိုယ်ကြီး တုန်ခါသွားခဲ့ရသည်။ စင်မြင့်ထက်က အပူချိန်က အပြင်ဘက်က အပူချိန်ထက် အဆပေါင်းများစွာ ပိုမိုအေးစက်နေခဲ့ခြင်း ဖြစ်၏
‘ဒါက မွေးရာပါ ဓာတ်သဘာဝစွမ်းအား လား...’
သူ စိတ်ထဲကနေ တွေးလိုက်မိသည်။ ကျောက်ချင်းထန်တွင် ရေခဲဓာတ်သဘာဝ စွမ်းရည်များ ရှိနေကြောင်း သူ ကြိုတင်သိရှိထားခဲ့ပြီးသား ဖြစ်၏။ သို့သော်လည်း... သူ မွေးရာပါအဆင့် တိုက်ခိုက်ရေးသမားတစ်ဦးနှင့် တိုက်ရိုက် ရင်ဆိုင်ရသည့်အခါမှသာ ၎င်းက ဘယ်လောက်အထိ ထိတ်လန့်စရာကောင်းကြောင်း သေသေချာချာ သဘောပေါက်လိုက်ရတော့သည်။
ကျောက်ချင်းထန်က သူ့ရဲ့ စွမ်းအားတွေနဲ့ သဘာဝတရားကြီးကိုပါ သက်ရောက်မှု ရှိစေနေတာပဲ။ ဒါက ဘယ်လိုလုပ် ထိတ်လန့်စရာမကောင်းဘဲ နေမှာလဲ!?
ပြိုင်ပွဲဝင်များ စင်မြင့်ထက်သို့ ရောက်ရှိလာပြီးတဲ့နောက်မှာတော့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ရမည့် အချိန်အပိုင်းအခြားတစ်ခု ရှိပေသည်။ စရှောင်ရှို့ ရွှီရှောင်ရှို့ကို တော်တော်လေး ဂရုစိုက်ပေးခဲ့၏။ ဒီလူငယ်လေးက အမြဲတမ်း နောက်ကျတတ်တယ်ဆိုပေမဲ့... စရှောင်ရှို့ကတော့ သူ့ကို ပြင်ဆင်ဖို့အတွက် လိုအပ်တဲ့ အချိန်ကို ပေးစွမ်းခဲ့ဆဲ ဖြစ်သည်
ရွှီရှောင်ရှို့ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ လေထုထဲက နှင်းပွင့်လေးတွေက သူ့ရဲ့ လက်ဖဝါးပေါ်သို့ ကျရောက်လာခဲ့သည်။ ၎င်းက တကယ့်ကို တိတ်ဆိတ်ပြီး လှပလွန်းလှပေ၏။
ပွဲကြည့်ပရိသတ်များ စွဲမက်သွားခဲ့ကြရသည်။ စင်မြင့်ထက်က လူသုံးယောက်အပေါ်သို့ နှင်းပွင့်လေးတွေ ကျဆင်းနေခဲ့ခြင်းဖြစ်ရာ ထိုမြင်ကွင်းက ပန်းချီကားတစ်ချပ်ထဲကအတိုင်း တကယ့်ကို လှပလွန်းလှသည်
“ဒိုင်လူကြီး... သူ မတရားလုပ်နေတယ်။”
ပွဲကြည့်ပရိသတ်များ ထိုလှပလှသော မြင်ကွင်းထဲတွင် နစ်မြောနေကြဆဲမှာပဲ... ရွှီရှောင်ရှို့ ရုတ်တရက် အခြားတစ်ဖက်က ကျောက်ချင်းထန်ကို လက်ညှိုးထိုးပြလိုက်ရင်း ဒေါသတကြီးဖြင့်
“တိုက်ပွဲက မစရသေးဘူးလေ၊ သူက ပတ်ဝန်းကျင်ကို သက်ရောက်မှု ရှိအောင် လုပ်နေပြီ။ ဒါက မတရားဘူး!”
လေထုထဲက နှင်းပွင့်များ အနည်းငယ် ရပ်တန့်သွားခဲ့သည့်ပုံ ပေါက်နေပြီး... ကျောက်ချင်းထန် နောက်ဆုံးတော့ ရွှီရှောင်ရှို့ကို လှမ်းကြည့်လိုက်မိသည်။
“လှောင်ပြောင်ခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၁။”
‘အို... မိုင်!’ သူ တွေးလိုက်မိသည်။
‘မင်းက ငါ့ကို လာပြီး လှောင်ပြောင်နေတာလား...’
ရွှီရှောင်ရှို့ မကျေမနပ်ဖြစ်စွာဖြင့် ကျောက်ချင်းထန်ကို ပြန်လည်စိုက်ကြည့်လိုက်သည်
‘ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ...’
ရှောင်ချီရှို့ သူ့ရဲ့ မျက်ခုံးများကို တွန့်ချိုးလိုက်မိသည်။ ရွှီရှောင်ရှို့ ပြောဆိုလိုက်သည့် စကားက ကျိုးကြောင်းဆီလျော်မှု ရှိပေသည်။ သို့သော်လည်း... တိုက်ပွဲအလယ်မှာ ဘယ်သူက ဒီနှင်းပွင့်လေးတွေအပေါ် ဂရုစိုက်နေမှာမို့လို့လဲ
“အဲဒါကို မင်းက ငါ့ကို ဘာလုပ်ပေးစေချင်လို့လဲ...”
ရွှီရှောင်ရှို့ တဟားဟား ရယ်မောလိုက်ရင်း
“ငါ နည်းနည်း ချမ်းလို့ပါ။ သူ့ကို နှင်းတွေ ရပ်ခိုင်းလိုက်စမ်းပါ!”
သူ့ရဲ့ အမူအရာက အနည်းငယ် လွန်ကဲနေခဲ့သော်လည်း... သူ ဒီပွဲစဉ်ကို ပေါ့ပေါ့ဆဆ သဘောထားနေခဲ့ခြင်း မဟုတ်ပါချေ။
ဒီနှင်းပွင့်လေးတွေမှာ ဘယ်လိုမျိုး စွမ်းရည်တွေ ရှိနေမလဲဆိုတာ ဘယ်သူသိမှာလဲ။ ဖြစ်နိုင်တာကတော့... နှင်းပွင့်လေးတွေက ရန်သူကို ထိမှန်သွားတဲ့အခါ ကျောက်ချင်းထန်အနေနဲ့ ပြိုင်ဘက်ရဲ့ တည်နေရာကို အာရုံခံမိသွားတာမျိုး သို့မဟုတ် သူက ပြင်းထန်လှတဲ့ အကွက်တစ်ခုအတွက် အရှိန်ယူနေတာမျိုး ဖြစ်နိုင်သည်။
ရွှီရှောင်ရှို့အနေဖြင့် မွေးရာပါအဆင့် တိုက်ခိုက်ရေးသမားတစ်ဦးနှင့် တိုက်ခိုက်ရမည့်ပွဲတွင် ပြိုင်ဘက်ကို အခွင့်အရေးပေးရလောက်အောင်အထိ ပေါ့ဆတတ်သည့်လူ မဟုတ်ပါချေ။ တကယ်လို့ အခွင့်အရေးပေးလိုက်မယ်ဆိုရင် သူ တိုက်ပွဲရဲ့ တစ်ဝက်လောက်ကို ရှုံးနိမ့်သွားခဲ့ပြီဟု အဓိပ္ပာယ်ရသည် မဟုတ်ဘူးလား
ပွဲကြည့်ပရိသတ်များ ဒါကို မြင်တွေ့လိုက်ရသည့်အခါ အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့ကြရသည်။ အချို့သော ပွဲကြည့်ပရိသတ်များကတော့ ရွှီရှောင်ရှို့၏ သတိကြီးစွာ ထားရှိမှုကို သဘောတူညီကြသော်လည်း... အများစုကတော့ ရွှီရှောင်ရှို့က တကယ့်ကို အသေးအဖွဲလေးကို ချဲ့ကားနေသည်ဟု တွေးတောနေကြခြင်း ဖြစ်၏။
ဒါက နှင်းပွင့်အနည်းငယ်ပဲ ရှိသေးတာကို။ သူက ဒီလိုမျိုးအထိ လုပ်ဆောင်ဖို့ လိုအပ်လို့လား။
“ငါ ဒါကို ရပ်တန့်လို့မရဘူး...”
ကျောက်ချင်းထန်၏ အသံက အေးစက်လွန်းလှပေသည်။
“ဒါက မကောင်းဘူးနော်...”
ရွှီရှောင်ရှို့ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရင်း
“မင်းက အဝေးတိုက်ခိုက်ရေး သိုင်းပညာတွေကို အထူးပြုထားတာလေ၊ ငါကကျတော့ အနီးကပ်တိုက်ခိုက်ရေးကို အထူးပြုထားတာ။ ဒါ့အပြင်... မင်းက မတရားလည်း လုပ်နေသေးတယ်။ အဲဒီတော့ ငါတို့က ဘယ်လိုမျိုး တိုက်ခိုက်ကြမှာလဲ...”
ကျောက်ချင်းထန်ကဲ့သို့ မာနကြီးလှသည့် လူတစ်ယောက်ပင်လျှင်... ဆက်တိုက် “မတရားလုပ်နေသည်” ဟု စွပ်စွဲခံလိုက်ရသည့်အတွက် သူ့ရဲ့ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားခဲ့ရသည်
“မင်း တကယ်ပဲ ဘာလုပ်ချင်နေတာလဲ...”
“အတားအဆီးကို ဖွင့်လိုက်ပြီး နေရောင်ခြည်ကို ငါတို့အပေါ် ကျရောက်ခိုင်းလိုက်ရင် ဘယ်လိုလဲ...”
ရွှီရှောင်ရှို့ အကြံပြုလိုက်သည်။
ရှောင်ချီရှို့ ခြေလှမ်းများ ယိုင်နဲ့သွားခဲ့ရသည်
‘နေရောင်ခြည်ကို ငါတို့အပေါ် ကျရောက်ခိုင်းလိုက်မယ် ဟုတ်လား...’
‘မင်းက ပွဲကြည့်ပရိသတ် ထောင်ပေါင်းများစွာ အရှေ့မှာ မင်း နေပူဆာလှုံနေတာကို စောင့်ကြည့်ခိုင်းချင်တာလား...’
“နေရောင်ခြည်ကို ကျရောက်ခိုင်းဖို့ကတော့ မဖြစ်နိုင်ဘူး။ မင်းက အနီးကပ်တိုက်ခိုက်ဖို့ အကြံပြုထားတာဆိုတော့... ငါတို့ အကွာအဝေးကို နည်းနည်းလောက် ပိုပြီး နီးကပ်အောင် လုပ်လိုက်ကြရင်ကော ဘယ်လိုလဲ...”
ရှောင်ချီရှို့ စူးစမ်းလိုစိတ်အပြည့်ရှိသော အကြည့်များဖြင့် ကျောက်ချင်းထန်ကို လှမ်းကြည့်လိုက်သည်။
ကျောက်ချင်းထန် ခေါင်းညိတ်ပြလိုက်၏။ ရွှီရှောင်ရှို့ အလွန်အမင်း ဝမ်းသာသွားခဲ့ရပြီး
‘သူ ငါ့ရဲ့ အကွက်ထဲကို တိုးဝင်လာပြီ!’
“နည်းနည်းဆိုတာက ဘယ်လောက်အထိလဲ...” ရွှီရှောင်ရှို့ ဆက်လက်မေးမြန်းလိုက်၏။
ရှောင်ချီရှို့ ဒီလူငယ်လေးကို ဆက်ပြီး သည်းမခံနိုင်တော့ပါချေ။ သူက အတင်းအကျပ် လုပ်ဆောင်လွန်းလှပေသည်။
“မင်း ကြိုက်တဲ့ အကွာအဝေးတစ်ခုပေါ့”
ကျောက်ချင်းထန်၏ အကြည့်များ အေးစက်သွားခဲ့ပြီး... သူ တည်ငြိမ်လှသောအသံဖြင့် ဆက်လက်ပြောဆိုလိုက်သည်
“အပြင်ဘက်က ပွဲကြည့်ပရိသတ်တွေ စောင့်ဆိုင်းနေကြပြီ။ အမြန် စတင်လိုက်ကြရအောင်!”
“ကြိုက်တဲ့ အကွာအဝေး ဟုတ်လား...”
ရွှီရှောင်ရှို့ မျက်ခုံးတစ်ဖက်ကို ပင့်လိုက်မိသည်။
မျက်စိတစ်မှိတ်အတွင်းမှာတင်... သူ ကျောက်ချင်းထန်၏ အရှေ့သို့ ရောက်ရှိသွားခဲ့တော့သည်။ သူတို့နှစ်ယောက်၏ နှာခေါင်းချင်း ထိလုနီးပါးအထိ ဖြစ်သွားခဲ့၏။
“ဒီအကွာအဝေးက အဆင်ပြေရဲ့လား...”
ရွှီရှောင်ရှို့ အသက်ရှူထုတ်လိုက်သည်။
ကျောက်ချင်းထန် ရုတ်တရက် အပူချိန် မြင့်တက်လာမှုကြောင့် ထိတ်လန့်သွားခဲ့ရသည်။ သူ့ရဲ့ ဖျော့တော့လှတဲ့ အရေပြား ပိုမိုနီရဲသွားခဲ့၏။ သူ သူ့ရဲ့ နှလုံးသား ပြင်းထန်စွာ တုန်ခါသွားမှုကို ခံစားလိုက်ရပြီး... အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်ကာ ခဏမျှ တုံ့ဆိုင်းနေခဲ့ရတော့သည်။
“...အဆင်ပြေပါတယ်!”
ပွဲကြည့်ပရိသတ်များ ရူးသွပ်မတတ် ဖြစ်သွားခဲ့ကြရသည်။ အမျိုးသမီးတပည့်အချို့ကတော့ “မလုပ်နဲ့” ဟု အဆက်မပြတ် အော်ဟစ်နေခဲ့ကြ၏။
ကျောက်ချင်းထန်၏ စွမ်းရည်များနှင့် အေးစက်လှသော အမူအရာက သူ့ကို “မာနကြီးပြီး အေးစက်လှသည်” ဟူသော စကားလုံးအတွက် ပုံရိပ်တစ်ခု ဖြစ်စေခဲ့သည်။ သူက အပြင်စည်းဂိုဏ်းရှိ အမျိုးသမီးတပည့်တိုင်း၏ စိတ်နှလုံးသားထဲက အိမ်မက်မင်းသားတစ်ပါး ဖြစ်၏။
တကယ်လို့ ဒါက အခြားပွဲစဉ်တစ်ခုသာဆိုလျှင်... လူအများအပြားက ရွှီရှောင်ရှို့ကို ထောက်ခံအားပေးကြမှာ သေချာသည်။ သို့သော်လည်း... ရွှီရှောင်ရှို့၏ ပြိုင်ဘက်က ကျောက်ချင်းထန် ဖြစ်နေသည့်အတွက်ကြောင့် ထောက်ခံအားပေးသူအားလုံးက သူ့ဘက်သို့ ရောက်ရှိသွားခဲ့ကြရသည်။
“အဝေးကို ထွက်သွားစမ်းပါ။ မင်းကို ငါတို့ရဲ့ အစ်ကိုကြီးချင်းထန်အနား ကပ်ဖို့ ဘယ်သူက ခွင့်ပြုလို့လဲ...”
“သူ့ရဲ့ တောင်းဆိုမှုကို သဘောမတူပါနဲ့။ ဟင်း ဟင်း... အစ်ကိုကြီးချင်းထန်၊ သူ့ဆီကနေ အကွာအဝေးတစ်ခု မြန်မြန် ဆုတ်ခွာလိုက်ပါဦး”
“အို... မိုင်၊ ကိစ္စတွေကို ဒီလိုမျိုးလည်း လုပ်ဆောင်လို့ ရတာပဲလား။ ငါ အတုယူလိုက်ပြီ! ငါ ကောင်းကောင်း ကျင့်ကြံရမယ်။ ငါလည်း အစ်ကိုကြီးချင်းထန်နဲ့ အဲဒီလောက်အထိ နီးကပ်ချင်တာ...”
စင်မြင့်ထက်က ပြိုင်ပွဲဝင်နှစ်ယောက်သည် ခြေတစ်လှမ်းအကွာအဝေးအတွင်းမှာ ရှိနေခဲ့ကြပြီး... အချင်းချင်း စူးစူးစိုက်စိုက် ကြည့်ရှုနေခဲ့ကြသည်။
ရှောင်ချီရှို့ အခွင့်ကောင်းကို စောင့်ဆိုင်းရင်း လက်တစ်ဖက်ကို မြှောက်လိုက်၏
“တိုက်ပွဲ... စတင်စေ!”
သူ ကြေညာလိုက်သည်နှင့်တစ်ပြိုင်နက်... ရွှီရှောင်ရှို့၏ ပျော်ရွှင်နေသည့် မျက်နှာအမူအရာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ပြီး၊ သူ တည်ကြည်လှသော မျက်နှာပေးဖြင့် ကျဆင်းနေသည့် နှင်းပွင့်များကြားထဲမှ ကျောက်ချင်းထန်၏ ခန္ဓာကိုယ်ပေါ်သို့ လက်သီးတစ်ချက် ဝုန်းကနဲ လှမ်း၍ ထိုးနှက်လိုက်တော့သည်။
ဘုန်း...
ရေခဲအစအနများ ပတ်ဝန်းကျင်သို့ လွင့်စင်သွားခဲ့ရသည်။ ရွှီရှောင်ရှို့ မာကျောလှသော အရာတစ်ခုကို ထိမှန်သွားခဲ့သော်လည်း... သူ ကျောက်ချင်းထန်ကို ထိမှန်ခဲ့ခြင်းမဟုတ်ကြောင်း ချက်ချင်း သိရှိလိုက်၏။
‘ဒါက...’
ပုံရိပ်ယောင်လား၊ နေရာရွှေ့ပြောင်းခြင်းသိုင်းလား သို့မဟုတ် အစားထိုးခြင်းသိုင်းပညာလား…
အတွေးအများအပြား ရွှီရှောင်ရှို့၏ စိတ်ထဲတွင် လျင်မြန်စွာ ဖြတ်သန်းသွားခဲ့ရသည်။ ‘အာရုံခံစားခြင်း’ ရဲ့ စွမ်းရည်အတိုင်း... သူ့အနောက်ဘက်က နှင်းပွင့်များ လှုပ်ရှားသွားတာကို သူ မြင်တွေ့လိုက်ရပြီး၊ ကျောက်ချင်းထန် သူ့အနောက်တွင် ပေါ်ပေါက်လာခဲ့သည်။
ရုတ်တရက် ပေါ်ပေါက်လာခဲ့သည့် ကျောက်ချင်းထန် ချက်ချင်း တိုက်ခိုက်ခြင်း မပြုလုပ်ခဲ့ပါချေ။ ထို့ပြင်... သူသည် အကွာအဝေးတစ်ခုကို ဆုတ်ခွာရန် ရွေးချယ်လိုက်တော့၏။
သူ တစ်ခုခုကို ပြသသည့်အနေဖြင့် လက်ညှိုးတစ်ချောင်းကို မြှောက်လိုက်ပြီး တည်ငြိမ်စွာဖြင့်
“မင်းရဲ့ တိုက်ခိုက်မှုက တော်တော်လေး ကောင်းမွန်တာပဲ...”
“ချီးကျူးခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၁။”
ရွှီရှောင်ရှို့ သူ့ကိုယ်သူ လှောင်ပြောင်ခံလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။ ကျောက်ချင်းထန် ဘယ်လိုမျိုး ထွက်ခွာသွားလဲဆိုတာကို သူ လုံးဝ သဘောမပေါက်လိုက်ပါချေ။ သူ ထိုးနှက်လိုက်သည့် ကျောက်ချင်းထန်အတုကြီးကတော့ ကျဆင်းနေသည့် နှင်းပွင့်များအောက်တွင် ရေခဲရုပ်တုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကြေမွပျက်စီးသွားခဲ့ရသည်။
ဒါက တကယ့်ကို ထူးဆန်းဆန်းပြားလှပေသည်...
ရွှီရှောင်ရှို့လည်း ဘာမှမဖြစ်သလိုမျိုး ဟန်ဆောင်လိုက်၏
“မင်းလည်း ပုန်းကွယ်တာ တော်တာပဲ။ ငါ ထင်တာတော့ ဒါက ဒီနှင်းပွင့်တွေနဲ့ ဘာမှမဆိုင်ဘူး ထင်တယ်။ မဟုတ်ရင်... မင်းက တကယ်ပဲ မတရားလုပ်နေတာ ဖြစ်လိမ့်မယ်။”
ကျောက်ချင်းထန် တည်ငြိမ်နေဆဲ ဖြစ်သည်။ ရွှီရှောင်ရှို့ စိတ်ထဲကနေ ဒါက နှမြောစရာကောင်းတယ်ဟု တွေးလိုက်မိ၏။ ထိုလူ၏ မျက်နှာပေါ်တွင် ဘာအမူအရာမှ ရှိမနေခဲ့သဖြင့် သူ ပြိုင်ဘက်၏ နောက်ထပ်လှုပ်ရှားမှုကို ခန့်မှန်းလို့မရပါချေ။
သူ ကျောက်ချင်းထန်ကို ဘာမှမဖြစ်သလိုမျိုး စိုက်ကြည့်လိုက်ရင်း... ‘အာရုံခံစားခြင်း’ ရဲ့ စွမ်းရည်ကို အစွမ်းကုန် ချဲ့ထွင်လိုက်ရာ နှင်းပွင့်တစ်ပွင့်ချင်းစီတိုင်း၏ ဖြစ်တည်မှုနှင့် ကျဆင်းမှုပုံစံအားလုံးက သူ့စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း ပေါ်ပေါက်လာခဲ့တော့သည်။
သူ့ရဲ့ ဗီဇအသိစိတ်အရ... သူ ဒီနှင်းပွင့်တွေကို လျစ်လျူရှုထားလို့မရကြောင်း သတိပေးနေခဲ့၏။
ဒါက သူ ကျောက်ချင်းထန်နှင့် တိုက်ခိုက်သည့်အချိန်မှသာ ပေါ်ပေါက်လာသည့် နှင်းပွင့်များ ဖြစ်သည်။ အတိတ်တုန်းက ကျောက်ချင်းထန် ဒီသိုင်းပညာကို သုံးတာကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပါချေ။
ကျောက်ချင်းထန်၏ အပြာရောင် ‘ရေခဲစီးကြောင်းဓား’ တွင် တကယ့်ကို ကျယ်ပြန့်လှသော ဓားသွား ရှိနေခဲ့သည်။ ကျောက်ချင်းထန် ၎င်းကို နှေးကွေးစွာ မြှောက်လိုက်ရာ လေထုထဲက နှင်းပွင့်များ အနည်းငယ် တုန်ခါသွားခဲ့ရ၏။
ရွှီရှောင်ရှို့ ‘နာကျင်မှုပုန်းကွယ်ခြင်း’ ဓားကို ထုတ်ယူလိုက်သည်။ တကယ်လို့ သူသာ ကျောက်ချင်းထန်၏ သိုင်းပညာကို မဖျက်ဆီးနိုင်ဘူးဆိုရင် အနီးကပ်တိုက်ခိုက်ဖို့က မဖြစ်နိုင်ကြောင်း သူ သဘောပေါက်ထား၏။
မွေးရာပါအဆင့်တွင်... ကျောက်ချင်းထန်၏ ဝိညာဉ်စွမ်းအားက ဝိညာဉ်မြစ်ဖျားခံရာ တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ကျောက်ချင်းထန် သူ၏ ဝိညာဉ်မြစ်ဖျားခံရာစွမ်းအားကို ရေခဲစီးကြောင်းဓားထဲသို့ ထည့်သွင်းလိုက်ရာ ဓားသွားပေါ်တွင် ရေခဲပွင့်များ ဖြစ်တည်လာခဲ့ပြီး အက်ကွဲသံများ ထွက်ပေါ်လာခဲ့၏။
ရှုးးး...
ဓားသွားတစ်ချက် လေထုကို ဖြတ်သန်းသွားခဲ့ပြီး အေးစက်လှသော အအေးဓာတ်ကြီးတစ်ခု ရွှီရှောင်ရှို့ထံသို့ တိုးဝင်လာခဲ့သည်။ သူ တိုက်ခိုက်မှုကို ရှောင်တိမ်းရန်အတွက် ခန္ဓာကိုယ်ကို ဘေးသို့ စောင်းလိုက်ရန် ဆုံးဖြတ်လိုက်၏။
အေးစက်လှသော လေထုက သူ့ခန္ဓာကိုယ်ကို မထိမှန်ခဲ့သော်လည်း... ၎င်းက သူ့အနားသို့ ရောက်ရှိလာသည့်အခါ ပြင်းထန်လှသော အအေးဓာတ်ကို ထုတ်လွှတ်လိုက်ပြီး၊ ထိုအအေးဓာတ်က သူ့ရဲ့ လှုပ်ရှားမှုတွေကို တော်တော်လေး ကန့်သတ်ပစ်လိုက်တော့သည်။
ရွှီရှောင်ရှို့ နောက်ဆုံးတော့ ဘာလို့ ဘယ်သူမှ ကျောက်ချင်းထန်၏ ‘ရေခဲစီးကြောင်းဓားချက်’ ကို မရှောင်တိမ်းနိုင်ကြတာလဲဆိုတာကို သဘောပေါက်သွားခဲ့ရပြီ ဖြစ်သည်။
“စွတ်...”
ရွှီရှောင်ရှို့ ခန္ဓာကိုယ်ကြီး တုန်ခါသွားခဲ့ရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်သွားခဲ့ရသဖြင့် ဓားကိုပင် ဆက်လက်ကိုင်ဆောင်ထားနိုင်စွမ်း မရှိတော့ပါချေ။ သူ့တွင် ဒုတိယမြောက် ဓားဝိညာဉ်စွမ်းအားကို တားဆီးဖို့ နည်းလမ်းမရှိခဲ့သဖြင့်... သူ လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသော အရာကတော့ ‘နာကျင်မှုပုန်းကွယ်ခြင်း’ ဓားကို အတင်းမြှောက်လိုက်ဖို့သာ ရှိတော့သည်
ပြင်းထန်လှသော ထိမှန်သံ သို့မဟုတ် ပေါက်ကွဲသံမျိုး ထွက်ပေါ်မလာခဲ့ပါချေ...
ပွဲကြည့်ပရိသတ်များ၏ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အကြည့်များအောက်တွင်... ရွှီရှောင်ရှို့တစ်ယောက် ရေခဲရုပ်တုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရတော့သည်။
“အော်... တောက်! ရွှီရှောင်ရှို့တောင်မှ ဒီလိုမျိုး ကြုံတွေ့ရတယ် ဟုတ်လား။ သူက တိုက်ခိုက်မှု နှစ်ချက်တည်းနဲ့တင် အေးခဲသွားတာလား...”
“ကျောက်ချင်းထန်က တကယ့်ကို အစွမ်းထက်လွန်းတယ်။ သူက သူ့ရဲ့ ရန်သူအားလုံးအပေါ် ‘ရေခဲစီးကြောင်းဓားချက်’ ကို သုံးခဲ့တာလေ၊ ဒါပေမဲ့ ရွှီရှောင်ရှို့မှာ မွေးရာပါအဆင့် ခန္ဓာကိုယ် ရှိတာကို... အခုကျတော့ ရေခဲစီးကြောင်း ဓားချက်နှစ်ချက်တည်းနဲ့ တင်လား...”
“ဝိညာဉ်ကျင့်ကြံခြင်း အဆင့် (၁၀) နဲ့ မွေးရာပါအဆင့်ကြားမှာ ဒီလောက်တောင် ကွာခြားချက် ကြီးမားတာလား...” သူ တွေးလိုက်မိသည်။ “ငါတော့ ဆွံ့အသွားခဲ့ပြီ...”
ကျောက်ချင်းထန်၏ မျက်နှာအမူအရာ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူက အခြားသော ရန်သူတွေကို ရင်ဆိုင်နေရသလိုမျိုး သူ၏ ဓားဖြင့် ထပ်မံတိုက်ခိုက်လိုက်၏။ ရွှီရှောင်ရှို့က လူနှစ်ယောက်စာနှင့် ညီမျှနေရုံသက်သက်သာ ရှိသည်။
သို့သော်လည်း... ပြိုင်ဘက်တွင် မွေးရာပါအဆင့် ခန္ဓာကိုယ် ရှိနေခဲ့ပေသည်။ ဖြစ်နိုင်တာကတော့... ဝိညာဉ်ကျင့်ကြံခြင်း အဆင့် (၁၀) ရှိ တိုက်ခိုက်ရေးသမားတစ်ဦး၏ ခန္ဓာကိုယ်ကို အသေအလဲ အေးခဲစေနိုင်သည့် သူ၏ ‘ရေခဲစီးကြောင်း ဝိညာဉ်မြစ်ဖျားခံရာစွမ်းအား’ သည် ရွှီရှောင်ရှို့ကိုတော့ အသေသတ်နိုင်စွမ်း ရှိမှာ မဟုတ်ပါချေ...
ကျောက်ချင်းထန် ရှောင်ချီရှို့ကို လှမ်းကြည့်လိုက်သည်။ သူ ထိုအကြီးအကဲအနေဖြင့် ပြိုင်ဘက်ကို ကယ်တင်ဖို့ လှုပ်ရှားမည့် အရိပ်အယောင်မရှိတာကို မြင်တွေ့လိုက်ရသည့်အခါ သူ့ရဲ့ ခန့်မှန်းချက်ကို ပိုမိုသေချာသွားခဲ့ရ၏။
သူ ဆက်လက်တိုက်ခိုက်ရန် ပြင်ဆင်လိုက်တော့သည်။