ရွှီရှောင်ရှို့တွင် လောလောဆယ်၌ အလိုအလျောက်စွမ်းရည် ငါးခု ရှိနေပြီး... ၎င်းတို့အနက် သုံးခုမှာ ‘မွေးရာပါအဆင့်’ သို့ ရောက်ရှိထားပြီး ဖြစ်သည်။ ကျန်ရှိနေသည့် နှစ်ခုကတော့ အဆင့် (၆) တွင်သာ ရှိနေသေးသဖြင့် အဆင့်မြှင့်တင်၍ ရနိုင်သေး၏။
တကယ်လို့ သူ နောက်ထပ် အသုံးပြုဖို့အတွက် အလိုအလျောက်ရမှတ် (၁၀,၀၀၀) ကို သီးသန့်ဖယ်ထားမယ်ဆိုရင်တောင်... သူ့မှာ သုံးစွဲဖို့အတွက် အလိုအလျောက်ရမှတ် (၃၈,၀၀၀) အထိ အများကြီး ကျန်ရှိနေဦးမည် ဖြစ်သည်
သူ ‘ထာဝရအသက်စွမ်းအား’ ကို ရရှိခဲ့စဉ်တုန်းက အလိုအလျောက်သော့ သုံးချောင်း ရရှိခဲ့ဖူးသည်။ ထို့ကြောင့်... ရွှီရှောင်ရှို့သည် စနစ်အရောင်းအဝယ်ကဏ္ဍမှ သော့ခုနစ်ချောင်းကို ထပ်မံဝယ်ယူလိုက်ပြီး၊ လျှို့ဝှက်ဆုမဲဘီးကြီးကို ဆယ်ကြိမ်ဆက်တိုက် လှည့်ပတ်ရန် ပြင်ဆင်လိုက်တော့၏
သူ သူ့ရဲ့ လက်ဖဝါးနှစ်ဖက်ကို ပူးကပ်လိုက်ပြီး ကံကောင်းခြင်းတွေ ရရှိပါစေကြောင်း စိတ်ထဲကနေ တိတ်တဆိတ် ဆုတောင်းလိုက်မိသည်။
စနစ်အရောင်းအဝယ်ကဏ္ဍရှိ အနီရောင် ဆုမဲဘီးကြီးကတော့ မြူခိုးများဖြင့် ဖုံးလွှမ်းနေဆဲ ဖြစ်သည်။ ရွှီရှောင်ရှို့ သော့များကို တစ်ချောင်းပြီးတစ်ချောင်း ဆုမဲဘီး၏ သော့အိမ်ထဲသို့ ထည့်သွင်းလိုက်၏။
သူ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက်... ပုံမှန်အတိုင်း အော်ဟစ်လိုက်ရန် ဆုံးဖြတ်လိုက်သည်
“ကံတရားနတ်ဘုရားကြီး... ကျွန်တော့်ကို စောင့်ရှောက်ပေးပါဦး!”
ကံဆိုးမှုတွေကို ရိုးရာထုံးတမ်းစဉ်လာတွေနဲ့ ပြောင်းပြန်လှန်ပစ်လို့ ရတယ်!
ဒါကတော့ ရွှီရှောင်ရှို့ အမြဲတမ်း ယုံကြည်ထားသည့် အရာတစ်ခု ဖြစ်သည်။
စောင့်ဆိုင်းရာအခန်းထဲက အစေခံနှစ်ယောက် ရွှီရှောင်ရှို့၏ အော်ဟစ်သံကို ကြားလိုက်ရသည့်အခါ တစ်ပြိုင်နက်တည်း အချင်းချင်း စိုက်ကြည့်လိုက်မိကြ၏
“သူ ထပ်ပြီး ရူးသွပ်ပြန်ပြီ!”
သူတို့နှစ်ယောက် ထောင့်တစ်နေရာသို့ သွားလိုက်ကြပြီး... တစ်ယောက်က ထိုင်လျက်၊ ကျန်တစ်ယောက်က မတ်တတ်ရပ်လျက်ဖြင့် ရွှီရှောင်ရှို့ကို စူးစမ်းလိုစိတ်အပြည့်ရှိသော မျက်နှာပေးများဖြင့် တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြသည်။
ထိုင်နေသည့် အစေခံက သူ့အပေါ်တွင် မတ်တတ်ရပ်နေသည့် အစေခံကို ခေါင်းဖြင့် တို့လိုက်ရင်း
“မင်း သွားပြီးတော့ အရေးပေါ် အသက်ကယ်ကိရိယာတွေကို သွားပြင်ထားလိုက်တော့...”
ဟု ပြောလိုက်၏။
“နေဦး... ငါလည်း နည်းနည်းလောက် လှမ်းကြည့်ချင်သေးတယ်!”
“မြန်မြန်လုပ်ပါကွာ၊ တကယ်လို့ ခဏကျရင် တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ...”
ရွှီရှောင်ရှို့ နားနေကုတင်ပေါ်တွင် ထိုင်နေရင်း... သူ့ရဲ့ အကြည့်များက စနစ်သတိပေးချက်ဘောင်ပေါ်သို့ ကျရောက်နေခဲ့သည်
“နောက်တစ်ကြိမ်ကျရင် ကံကောင်းပါစေ!”
“အပိုသော့တစ်ချောင်း ရရှိသည်။”
...
(“နောက်တစ်ကြိမ်ကျရင် ကံကောင်းပါစေ!” ခုနစ်ကြိမ်ဆက်တိုက် ပြသနေခဲ့သည်)
...
“အပိုသော့တစ်ချောင်း ရရှိသည်။”
“နောက်တစ်ကြိမ်ကျရင် ကံကောင်းပါစေ!”
ဗုန်း...
နံရံအနောက်ဘက်တွင်တော့... အစေခံနှစ်ယောက်သည် ဆုတောင်းနေသည့်ပုံစံအတိုင်း ကျောက်ရုပ်တစ်ရုပ်လို တောင့်တင်းသွားပြီး၊ ခေါင်းဖြင့် မြေကြီးပေါ်သို့ စိုက်ကျသွားသည့် ရွှီရှောင်ရှို့ကို လှမ်းကြည့်လိုက်မိကြသည်။ သူတို့နှစ်ယောက်လုံး ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ ကြိုတင်မျှော်လင့်ထားခဲ့ကြသည့်ပုံ ပေါက်နေ၏
မတ်တတ်ရပ်နေသည့် အစေခံ ချက်ချင်းပင် ဆေးဝါးများနှင့် ကိရိယာများကို သွားရောက်ယူဆောင်ရန် လှည့်ထွက်သွားခဲ့ပြီး... ကျန်အစေခံတစ်ယောက်ကတော့ ချက်ချင်း ပြေးထွက်လာခဲ့သည်။ သူ ပြေးလာစဉ်အတွင်းမှာ... ဒီလူ့ကို ပါးစပ်ချင်းတေးပြီး အသက်ရှူသွင်းပေးဖို့ လိုအပ်မလား၊ မလိုအပ်ဘူးလားဆိုတာကို တွေးတောနေခဲ့၏
မြေကြီးပေါ်သို့ လဲကျသွားသည့် ရွှီရှောင်ရှို့ ရုတ်တရက် ခေါင်းကို လှည့်ကြည့်လိုက်ပြီး
“မင်းတို့ ဘာလုပ်နေကြတာလဲ...”
အစေခံနှစ်ယောက် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ရပြီး ဇဝေဇဝါ ဖြစ်သွားခဲ့ကြ၏။ အပူခံလက်အိတ်ကို စွပ်ထားပြီး လက်ထဲတွင် ဆေးပုလင်းနှစ်ပုလင်းကို ကိုင်ထားသည့် အစေခံ ခြေလှမ်းများကို ရပ်တန့်လိုက်မိသည်။
“မင်း... အဆင်ပြေရဲ့လား...”
အစေခံနှစ်ယောက် ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်မိကြ၏။
“ဟဲဟဲ... ငါက ဘာလို့ အဆင်မပြေရမှာလဲ...”
ရွှီရှောင်ရှို့ အေးစက်စွာ ရယ်မောလိုက်သည်။ စနစ်ဆီကနေ အရာတစ်ခုခုကို ရရှိဖို့က တဖြည်းဖြည်းနှင့် ပိုမိုခက်ခဲလာခဲ့ပြီ ဖြစ်သည်။ သူ ဒါကို ကြိုတင်ပြင်ဆင်ထားခဲ့တာပေါ့။ အနည်းဆုံးတော့... ဒီတစ်ကြိမ်မှာ သူ လန့်ပြီး သတိလစ်မသွားခဲ့ပါချေ
သူ ထိုအစေခံနှစ်ယောက်ကို လက်ဝှေ့ယမ်းပြလိုက်ရင်း
“မင်းတို့တွေကတော့ ပုရွက်ဆိတ်တောင်ပူစာကို မြင်းမိုရ်တောင်လောက် ဖြစ်အောင် လုပ်နေကြတာပဲ။ အရင် ပြန်သွားကြစမ်းပါ!”
“အော်... ဟုတ်ကဲ့ပါ!”
အစေခံနှစ်ယောက် သုံးလှမ်းလျှောက်တိုင်း ရွှီရှောင်ရှို့ဆီသို့ အနောက်လှည့်ကြည့်နေခဲ့ကြသည်
“ဒီနေ့ သူ့ခန္ဓာကိုယ်က သိပ်ပြီး ပူမနေဘူးနော်...”
သူတို့ အချင်းချင်း တီးတိုးပြောဆိုလိုက်ကြသည်
“ဒါကြောင့် အပူခံလက်အိတ်တွေ စွပ်ထားဖို့ လိုမယ်မထင်ဘူး။”
“ဘယ်သူသိမှာလဲ။ မင်း ဒါကို ဒီအတိုင်းပဲ စွပ်ထားလိုက်တာ ပိုကောင်းပါတယ်”
ရွှီရှောင်ရှို့ အစေခံနှစ်ယောက် နံရံအနောက်ဘက်သို့ ပျောက်ကွယ်သွားတာကို စောင့်ကြည့်လိုက်ပြီးနောက်... သူ့ရဲ့ မျက်နှာ အမူအရာ ချက်ချင်းပင် ပျက်ယွင်းသွားခဲ့ရသည်။ သူ သူ့ရဲ့ ရင်ဘတ်ကို အတင်းဆုပ်ကိုင်လိုက်မိ၏
‘ဒါက ငါ့ကို ကစားနေတာပဲ!’
‘ဒီအသုံးမကျတဲ့ စနစ်ဆိုးကြီး။ ဒါက ငါ့ရဲ့ အလိုအလျောက်ရမှတ် (၁၀,၀၀၀) ကို ရေထဲ မျှောလိုက်ရတာနဲ့ အတူတူပဲ’
သူ ရလဒ်ကို ကြိုတင်ပြင်ဆင်ထားခဲ့တယ်ဆိုပေမဲ့... ဘယ်သူမဆို ဒီလိုမျိုး ကြုံတွေ့ရရင် စိတ်ပျက်မိမှာ သေချာသည်။
‘ဟဲဟဲ... အလိုအလျောက်ရမှတ် (၁၀,၀၀၀) သုံးပြီး သော့နှစ်ချောင်းပဲ ရတယ် ဟုတ်လား...’
သူ ပထမဆုံးအကြိမ် ဆုမဲဘီး လှည့်ခဲ့စဉ်တုန်းက... သော့သုံးချောင်းတည်းနဲ့တင် ‘ထက်မြက်ခြင်း’ နဲ့ အခြားသော့တစ်ချောင်း ရရှိခဲ့တာကို သူ သတိရမိသည်။ အခုကျမှ ဘာလို့ ဒီလိုဖြစ်ရတာလဲ...
ဟင်း!
ရွှီရှောင်ရှို့ အရေအတွက် အတိအကျဖြစ်သွားစေရန်အတွက် သော့ရှစ်ချောင်းကို ထပ်မံဝယ်ယူလိုက်ပြီး... သော့တစ်ချောင်းကို အနီရောင် ဆုမဲဘီးကြီး၏ သော့အိမ်ထဲသို့ ပြင်းပြင်းထန်ထန် ထိုးထည့်လိုက်သည်
နောက်ထပ် သော့ကိုးချောင်း ကျန်သေးတယ်...
ထပ်ပြီး ထိုးထည့်လိုက်စမ်း!
ဆက်လုပ်...
“ဟား... ကံတရားနတ်ဘုရားကြီး စောင့်ရှောက်ပါဦး!”
ရွှီရှောင်ရှို့ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်မိသည်။ သူ စနစ်သတိပေးချက်ဘောင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်မိ၏။ စူးစူးစိုက်စိုက် ကြည့်လိုက်မယ်ဆိုရင် ပိုကောင်းတဲ့ အရာတွေကို ရရှိနိုင်လိမ့်မယ်လို့ တွေးနေပုံရသည်
“နောက်တစ်ကြိမ်ကျရင် ကံကောင်းပါစေ!”
“နောက်တစ်ကြိမ်ကျရင် ကံကောင်းပါစေ!”
“အပိုသော့တစ်ချောင်း ရရှိသည်။”
...
(“နောက်တစ်ကြိမ်ကျရင် ကံကောင်းပါစေ!” လေးကြိမ်ဆက်တိုက် ပြသနေခဲ့သည်)
...
“တိုးချဲ့အလိုအလျောက်စွမ်းရည် ရရှိသည် - ‘အာရုံခံစားခြင်း’!”
“နောက်တစ်ကြိမ်ကျရင် ကံကောင်းပါစေ!”
“နောက်တစ်ကြိမ်ကျရင် ကံကောင်းပါစေ!”
ဝုန်းကနဲ အသံနှင့်အတူ... သူ ထိုင်နေသည့် နားနေကုတင်ကြီးသည် ချက်ချင်းပင် ကြေမွပျက်စီးသွားခဲ့ရသည်။ ရွှီရှောင်ရှို့ အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့သဖြင့်... သူ့ရဲ့ ‘မွေးရာပါအဆင့်’ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ မျက်နှာကျက်ကို ခေါင်းဖြင့် ဆောင့်မိသွားခဲ့တော့၏
“ခံစားလို့ ကောင်းလိုက်တာ... အား!”
သစ်သားအစအနများ မြေကြီးပေါ်သို့ လွင့်စင်ကျလာခဲ့ပြီး... ရွှီရှောင်ရှို့၏ မျက်နှာကတော့ မျက်နှာကျက်ထဲသို့ တိုးဝင်သွားခဲ့ရသည်။
နံရံအနောက်ဘက်က အစေခံနှစ်ယောက်ကတော့... လက်နှစ်ဖက်ဖြင့် မျက်နှာကျက်ကို ထောက်ထားပြီး သူကိုယ်တိုင် ဖန်တီးလိုက်သည့် အပေါက်ကြီးထဲမှ ခေါင်းကို ပြန်ဆွဲထုတ်ရန် အသည်းအသန် ကြိုးစားနေသည့် ရွှီရှောင်ရှို့ကို လှမ်းကြည့်လိုက်ရင်း... အချင်းချင်း စိုက်ကြည့်လိုက်မိကြပြန်သည်
“သူက သဘောထားကြီးတယ်ဆိုပေမဲ့... သူ့ဦးနှောက်ကတော့ သေချာပေါက် ရောဂါတစ်ခုခု ရှိနေတာပဲ။”
“ဟုတ်တယ်... ဟုတ်တယ်!”
“ဘာပဲဖြစ်ဖြစ်... ငါတို့ သူ့ဆီကနေ ဆေးဝါးတွေ ရရှိထားတာပဲလေ။ နောက်ကျရင် ကုတင်နဲ့ မျက်နှာကျက်ကို ပြန်ပြင်လိုက်ကြရအောင်။ သူ့ကို ပိုက်ဆံတောင်းဖို့ မလိုပါဘူး”
“ဟုတ်တယ်... ဟုတ်တယ်!”
“ဟူးးး... သူက လူကောင်းတစ်ယောက်ပါ၊ နှမြောစရာကောင်းတာကတော့ တစ်ဝက်ပဲ အသုံးဝင်တာပဲ...”
“ဟုတ်တယ်... ဟုတ်တယ်!”
ရွှီရှောင်ရှို့ မျက်နှာကျက်ထဲမှ ခေါင်းကို ပြန်ဆွဲထုတ်နေစဉ်အတွင်းမှာပဲ ရုတ်တရက် လှုပ်ရှားမှုအားလုံး ရပ်တန့်သွားခဲ့သည်။ နံရံအနောက်ဘက်က အစေခံနှစ်ယောက် အနည်းငယ် စိုးရိမ်သွားခဲ့ကြ၏။
‘သူ ပြန်ဆွဲထုတ်လို့မရလို့လား...’ သူတို့ တွေးလိုက်မိကြသည်။ ‘သူ အကူအညီ လိုအပ်နေတာလား...’
ရွှီရှောင်ရှို့ကတော့ တကယ်လို့ သူ အလိုရှိမယ်ဆိုရင် မျက်နှာကျက်ထဲမှ ခေါင်းကို အလွယ်တကူ ပြန်ဆွဲထုတ်နိုင်စွမ်း ရှိပေသည်။ သူ ထိုသို့ တောင့်တင်းသွားခဲ့ရခြင်းမှာ... သူ့ခန္ဓာကိုယ်က သစ်သားတုံးကြီးထဲတွင် ပိတ်မိနေသဖြင့် ဘာမှမမြင်ရသော်လည်း... နံရံအနောက်ဘက်တွင် စိုးရိမ်တကြီး ဖြစ်နေကြသည့် အစေခံနှစ်ဦး၏ ပုံရိပ်ကို ‘မြင်တွေ့’ လိုက်ရသောကြောင့် ဖြစ်သည်။
ပိုပြီး တိတိကျကျ ပြောရလျှင်... သူ့ပတ်ဝန်းကျင် မိုင်အနည်းငယ်အတွင်းမှာ ရှိနေသည့် သက်ရှိအားလုံး၏ အားနည်းလှသော ပုံရိပ်လွှာများသည် သူ့စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်၏
ရွှီရှောင်ရှို့ ထိုလူနှစ်ယောက်၏ စိတ်ခံစားချက်တွေကိုပင် ခွဲခြားသိမြင်နိုင်စွမ်း ရှိနေခဲ့ပြီ ဖြစ်သည်။
ဒါကတော့...
‘အာရုံခံစားခြင်း’ ပဲ ဖြစ်သည်!
ရွှီရှောင်ရှို့ အလွန်အမင်း ဝမ်းသာပီတိ ဖြစ်သွားခဲ့ရသည်။ ဒီအလိုအလျောက်စွမ်းရည်က တကယ့်ကို အစွမ်းထက်လွန်းလှပေသည်။ သူသည် သူ့ပတ်ဝန်းကျင်က ပုံရိပ်တွေကို သူ့စိတ်ထဲမှာတင် ပုံဖော်နိုင်စွမ်း ရှိနေခဲ့ပြီ ဖြစ်၏။ ဒါက ရန်သူတွေ သူ့ကို လုပ်ကြံသတ်ဖြတ်မှာကို ကာကွယ်ပေးနိုင်ရုံသာမက... မိန်းကလေးငယ်လေးတွေကို ချောင်းမြောင်းကြည့်ရှုဖို့အတွက်လည်း...
အဟွတ်... အဟွတ်...
ဒါက တကယ့်ကို ကောင်းမွန်တဲ့ သိုင်းပညာတစ်ခုပဲ!
“မင်း အောက်ကို ဆင်းလာလို့ရမလား...”
စိုးရိမ်ပူပန်နေသည့် အသံတစ်ခု အောက်ဘက်မှ ထွက်ပေါ်လာခဲ့သည်
သူ့စိတ်ထဲက ဝေဝါးနေတဲ့ ပုံရိပ်အရ... အစေခံတွေက လှေကားတစ်စင်းကို သယ်ဆောင်လာကြောင်း သူ သတိပြုမိလိုက်သည်။ ရွှီရှောင်ရှို့ မူးဝေသွားသလိုမျိုး ခံစားလိုက်ရ၏။ ဒါက ကိစ္စအသေးအမွှားလေးတင် ရှိသေးတာကို... သူတို့ ဘာလို့ လှေကားကြီးအထိ သယ်လာကြရတာလဲ
သူ ချက်ချင်းပဲ မျက်နှာကျက်ထဲမှ ခေါင်းကို ပြန်ဆွဲထုတ်လိုက်ပြီး အောက်သို့ ခုန်ဆင်းလိုက်တော့သည်။ ထို့နောက်... သူတို့တွေကို ထိုမျှလောက်အထိ ဒုက္ခခံဖို့မလိုကြောင်း လက်ဝှေ့ယမ်းပြလိုက်၏
အစေခံနှစ်ယောက် ပင်ပန်းနွမ်းနယ်စွာဖြင့် သက်ပြင်းချလိုက်မိကြသည်။
သူတို့တစ်သက်မှာ ဒီလိုမျိုး ထူးဆန်းလှတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ကို လုံးဝ မကြုံတွေ့ဖူးခဲ့ကြပါချေ။ သူက ခဏခဏ ရူးသွပ်တတ်ပြီး ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် လုပ်တတ်သေးသည်။ သူက ဟိုခုန်ဒီခုန် လုပ်တတ်ပြီး... သူ့ရဲ့ လက်နက်တိုက်ထဲတွင် စိတ်ကူးလို့ရသမျှ လှည့်ကွက်မှန်သမျှ ရှိနေကာ၊ ခဏခဏ သူ့ရဲ့ ထူးဆန်းတဲ့ အမူအရာတွေကို ပြသတတ်သေးသည်။
သူတို့နှစ်ယောက် တိတ်တဆိတ် လှေကားကို သယ်လာခဲ့ကြပြီး... အခုကျတော့လည်း တိတ်တဆိတ်ပဲ လှေကားကို ပြန်သယ်သွားကြရပြန်သည်။ သူတို့ စကားပြောနိုင်စွမ်းကိုပင် ဆုံးရှုံးသွားခဲ့ရသည့်ပုံ ပေါက်နေ၏
“ကျိန်ဆဲခြင်း ခံခဲ့ရသည်။ အလိုအလျောက်ရမှတ် +၂။”
ရွှီရှောင်ရှို့ သူ့ခေါင်းကို သူ ပြန်ရိုက်လိုက်မိသည်။ ‘ဒီမှာ မင်းတို့နှစ်ယောက်တည်းပဲ ရှိတာကို...’ သူ တွေးလိုက်မိ၏။ ‘မင်းတို့တွေကတော့ သိသာလွန်းတယ်...’
သူ အခြားကုတင်တစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့ပြီး ၎င်းပေါ်တွင် ထိုင်လိုက်ကာ... ချက်ချင်းပင် စွမ်းရည်မှတ် ဆယ်မှတ်ကို ဝယ်ယူလိုက်ပြီး ၎င်းတို့အားလုံးကို ‘အာရုံခံစားခြင်း’ ပေါ်တွင် သုံးစွဲလိုက်တော့သည်။
“အာရုံခံစားခြင်း (လောကီအဆင့် - ၂)။”
...
“အာရုံခံစားခြင်း (မွေးရာပါအဆင့် - ၁)။”
သူ့စိတ်ထဲက မြင်ကွင်းအကွာအဝေးသည် ဆယ်မီတာနီးပါးအထိ ကျယ်ပြန့်သွားခဲ့သည်။ ဒါက တော်တော်လေး ကောင်းမွန်လှပေသည်။ ရွှီရှောင်ရှို့ကို ပိုမိုထိတ်လန့်သွားစေသည့်အရာကတော့... ထိုပုံရိပ်က အရင်ကထက် အများကြီး ပိုပြီး ကြည်လင်ပြတ်သားလာခြင်း ဖြစ်၏။
ရွှီရှောင်ရှို့ မျက်လုံးများကို ပိတ်လိုက်ရာ... အစောပိုင်းက မပီမပြင် ဖြစ်နေသည့် ပုံရိပ်များသည် အများကြီး ပိုပြီး ရှင်းလင်းသွားခဲ့သည်။ သူ့အနောက်ဘက်က နံရံကို မှီထားသည့် အစေခံနှစ်ယောက်၏ ခေါင်းကိုပင် သူ သေသေချာချာ မြင်တွေ့နေရပြီ ဖြစ်သည်။
ရွှီရှောင်ရှို့ ရုတ်တရက် လှည့်ကြည့်လိုက်ပြီး သူတို့ရဲ့ မျက်လုံးချင်း ဆုံအောင် စိုက်ကြည့်လိုက်မိ၏။
ဂျုန်း...
ကလင်...
အစေခံနှစ်ယောက် ချက်ချင်းပင် သူတို့ရဲ့ ခေါင်းကို အနောက်သို့ ပြန်ဆွဲလိုက်ကြသဖြင့် မတော်တဆ အချင်းချင်း တိုက်မိသွားခဲ့ကြရသည်။ သူတို့ စားပွဲပေါ်က ရေနွေးကန်ကိုပါ တိုက်မိသွားခဲ့ကြပြီး... ထိတ်လန့်တုန်လှုပ်စွာဖြင့် အချင်းချင်း တီးတိုးပြောဆိုလိုက်ကြ၏။ “ဒီရွှီရှောင်ရှို့က သူ့ခေါင်းအနောက်မှာ မျက်လုံးတွေ ပါနေတာလား...”
“တောက်... ဒါက ငါ့ကို အသေလန့်သွားစေတာပဲ။ သူက ငါတို့ သူ့ကို ကြည့်နေတာကို ဘယ်လိုလုပ် သိသွားရတာလဲ...”
“ရှူးးး!”
ရွှီရှောင်ရှို့ လန့်ဖျတ်သွားခဲ့ရသည်။ အစေခံနှစ်ယောက် ဘာလုပ်နေလဲ၊ ဘာပြောနေလဲဆိုတာ... အားလုံးက သူ့စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း ပေါ်ပေါက်နေခဲ့ခြင်း ဖြစ်၏!
အတိတ်တုန်းကဆိုလျှင်... အစေခံတွေ သူ့ကို ချောင်းကြည့်နေတာကို သူ သတိပြုမိလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... သူတို့ ဘာအကြောင်းအရာတွေ ပြောဆိုနေလဲ သို့မဟုတ် သူတို့ ဘယ်လို လှုပ်ရှားနေလဲဆိုတာကိုတော့ သူ မြင်တွေ့နိုင်မှာ မဟုတ်ပါချေ။
ဒီအခြေအနေကတော့... သူ့ခေါင်းအနောက်ဘက်တွင် စောင့်ကြည့်ရေးကင်မရာတစ်လုံး တပ်ဆင်ထားပြီး ၎င်း၏ ပုံရိပ်တွေကို သူ့စိတ်ထဲသို့ တိုက်ရိုက် ပို့လွှတ်ပေးနေသလိုမျိုး ခံစားရစေသည်
“ဘုရားသခင်!”
ရွှီရှောင်ရှို့ အာမေဍိတ်သံ ထွက်ပေါ်လာခဲ့သည်။ ဝမ်ချုံက သူ့ကို နောက်ထပ်တစ်ကြိမ် ရုတ်တရက် တိုက်ခိုက်လာမယ်ဆိုရင်တောင်... ဒီတစ်ကြိမ်မှာ သူ ခေါင်းလှည့်ကြည့်ဖို့ မလိုတော့ပါချေ။ သူ အနောက်သို့ တိုက်ရိုက် ကန်ကျောက်လိုက်ရုံဖြင့်... သူ့ရဲ့ မွေးရာပါအဆင့် ‘ထက်မြက်ခြင်း’ စွမ်းရည်ကို သုံးပြီး ပြိုင်ဘက်ကို နှစ်ပိုင်း ပိုင်းပစ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်
‘ဒါက နောက်ထပ် ထူးခြားဆန်းပြားလှတဲ့ လှည့်ကွက်တစ်ခုပဲ...’
ရွှီရှောင်ရှို့ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။
သူ့ရဲ့ အလိုအလျောက်ရမှတ်တွေက မျက်စိတစ်မှိတ်အတွင်းမှာတင် (၂၀,၀၀၀) အထိ လျော့နည်းသွားခဲ့သော်လည်း... သူ့မှာ ရမှတ် (၂၀,၀၀၀) ကျန်ရှိနေသေးသည်။ သူ သွားကို ကြိတ်ကာ အစွမ်းကုန် ကြိုးစားရန် ဆုံးဖြတ်လိုက်ပြီး သော့ကိုးချောင်းကို ထပ်မံဝယ်ယူလိုက်တော့၏။
အစောပိုင်းက ကျန်ရှိနေသည့် သော့တစ်ချောင်းနှင့် ပေါင်းစပ်လိုက်မည်ဆိုပါက... အခု သူ့မှာ သော့ (၁၀) ချောင်း ကျန်ရှိနေပြီ ဖြစ်သည်!
‘ငါ အရာတစ်ခုခုကို ရရှိပြီးတဲ့နောက်မှာ ဆုမဲဘီးကို ထပ်ပြီး လှည့်ဖို့ မကြိုးစားဖူးသေးဘူး။ တကယ်လို့ ငါ ဇာတ်တိုက် စွမ်းရည်တွေ ရရှိသွားမယ်ဆိုရင်ကော...’
ရွှီရှောင်ရှို့ ပြင်းထန်စွာ တုန်ခါနေသည့် နှလုံးသားကို ပြန်လည်တည်ငြိမ်အောင် လုပ်ဆောင်လိုက်ပြီး... သော့များကို အနီရောင် ဆုမဲဘီးကြီး၏ သော့အိမ်ထဲသို့ ဂရုတစိုက် ထည့်သွင်းလိုက်သည်။
“ဟား... ကံတရားနတ်ဘုရားကြီး စောင့်ရှောက်ပါဦး!”
ဒီတစ်ကြိမ်မှာ ပြီးခဲ့တဲ့အကြိမ်ထက် ပိုပြီးတော့ ဆုလာဘ်တွေ ပေးသနားတော်မူပါဦး!
“နောက်တစ်ကြိမ်ကျရင် ကံကောင်းပါစေ!”
“နောက်တစ်ကြိမ်ကျရင် ကံကောင်းပါစေ!”
“နောက်တစ်ကြိမ်ကျရင် ကံကောင်းပါစေ!”
“အပိုသော့တစ်ချောင်း ရရှိသည်။”
...
(“နောက်တစ်ကြိမ်ကျရင် ကံကောင်းပါစေ!” ငါးကြိမ်ဆက်တိုက် ပြသနေခဲ့သည်)
...
“အပိုသော့တစ်ချောင်း ရရှိသည်။”
ဂျုန်း...
ကလင်...
“အား...”
အစေခံနှစ်ယောက်၏ လက်ထဲက ရေနွေးခွက်များသည် နံရံအနောက်ဘက်က ထွက်ပေါ်လာသည့် နားကွဲမတတ် အော်ဟစ်သံကြောင့် တုန်ခါသွားခဲ့ရပြီး ရေနွေးများပင် လျှံကျလုနီးပါး ဖြစ်သွားခဲ့ရသည်။
သူတို့နှစ်ယောက်လုံး အချင်းချင်း စိုက်ကြည့်လိုက်ကြပြီး ရေနွေးကြမ်းကို မျိုချလိုက်ကြကာ... လျင်မြန်စွာ လှုပ်ရှားလိုက်ကြတော့၏။
တစ်ယောက်က လက်အိတ်ကို ထပ်မံစွပ်လိုက်ပြီး ဆေးဝါးတွေကို လှမ်းကိုင်လိုက်သည်။ ကျန်တစ်ယောက်ကတော့ နှုတ်ခမ်းကို စုလိုက်ရင်း... လက်ချောင်းသုံးချောင်းကို ထောင်ပြလိုက်ကာ...
နှစ်ချောင်း!
တစ်ချောင်း!
“ပြေးဝင်ကြစို့!”
“မြန်မြန်လုပ်!”
“သူ ထပ်ပြီး ရူးသွပ်ပြန်ပြီ။ သူ့ကို အတင်းချုပ်ထားလိုက်ကြစမ်း!”
နောက်တစ်စက္ကန့်တွင်တော့... ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလှသော အသံတစ်ခု ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်
“တောက်... မင်းတို့ကောင်တွေ ဘာလုပ်နေကြတာလဲ...”
“ပါးစပ်ပိတ်ထားစမ်း... သွားသေလိုက်!”
“အင့်...”