သူ့ခန္ဓာကိုယ်၏ တစ်ဝက်က ရေခဲတိုက်တစ်ခုထဲတွင် အေးခဲနေသလို ခံစားရပြီး... ကျန်တဲ့တစ်ဝက်ကတော့ မီးတောင်တစ်ခုထဲသို့ နှစ်မြှုပ်ခံထားရသလိုမျိုး ခံစားနေရသည်။
သက်တောင့်သက်သာရှိမှုနှင့် နာကျင်မှုတို့က သူ့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်နေခဲ့ကြ၏။ သူ့ခန္ဓာကိုယ်သည် ပူပြင်းလှသော စွမ်းအားများကြောင့် ပျက်စီးနေရသော်လည်း... ‘ရွှေနီဆေးလုံး’ နှင့် ‘ထာဝရအသက်စွမ်းအား’ တို့၏ အာနိသင်များကြောင့် နှစ်ဆမျှ ပြန်လည်ကောင်းမွန်လာခဲ့ရသည်
မီးနှင့် ရေခဲတို့၏ ပြင်းထန်လှသော စွမ်းအားနှစ်ရပ်သည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာရင်း အချင်းချင်း ရောယှက်နေခဲ့ကြသည်။ ထိုစွမ်းအားများ စီးဆင်းရာ အိုးစည်တစ်ခုမျှသာ ဖြစ်သည့် ရွှီရှောင်ရှို့သည်... နာကျင်မှုကိုသာ အပြည့်အဝ ခံစားနေရတော့၏
“ခဲ ခဲ ခဲ...”
ရွှီရှောင်ရှို့၏ သွားများ တုန်ခါနေခဲ့သည်။ သူသည် ထိုစွမ်းအားများကို လုံးဝ ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။ အမှန်အတိုင်း ပြောရလျှင်... သူ ‘အသက်ရှူသိုင်းပညာ’ ကိုပင် ဆက်လက်မထိန်းချုပ်နိုင်တော့ပါချေ
သူ့ခန္ဓာကိုယ်အတွင်း လှည့်ပတ်စီးဆင်းနေသည့် စွမ်းအားများသည် သူ့ရဲ့ သွေးကြောမျှင်များကို ဖောက်ထွက်ပြီး... သူ့ရဲ့ ဝိညာဉ်စွမ်းအင်သိုလှောင်ရာ ထဲသို့ ချက်ချင်း ဝင်ရောက်သွားခဲ့သည်။ သူ့ရဲ့ ဝိညာဉ်စွမ်းအင်သိုလှောင်ရာက တစီစီ အသံမြည်လာပြီး ဆုတ်ပြဲလုနီးပါး ဖြစ်သွားခဲ့ရ၏။ ထိုနာကျင်မှုက လူတစ်ယောက်ကို ရူးသွပ်သွားစေရန် လုံလောက်လှပေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးတွင်လည်း မီးကျွမ်းနံ့များ နံစော်လာခဲ့သည်။ ရွှီရှောင်ရှို့ ထိုင်နေသည့် မြက်ခင်းပြင်သည် အပူရှိန်ကြောင့် ချက်ချင်းပင် ညှိုးနွမ်းပျောက်ကွယ်သွားခဲ့ရ၏။ သူ့ဘေးပတ်ပတ်လည်ရှိ မိုးမခပင်များသည်လည်း စိမ်းစိုရာမှ ဝါကျင့်ကျင့်၊ ထို့နောက် အမည်းရောင်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့ပြီး... ကန်ကြီးကို ဝန်းရံထားသည့် အဖြူရောင် ကျောက်စိမ်းလက်ရန်းများပေါ်တွင်လည်း မီးခိုးမှိုင်းများ ဖုံးလွှမ်းသွားခဲ့တော့သည်
ဆူဖြိုးလှသော ငန်းပုတ်ကြီးများသည်လည်း ကန်ရေပြင်က သူတို့ကို အရှင်လတ်လတ် ချက်ပြုတ်တော့မည်အလား ကြောက်လန့်တကြား ထွက်ပြေးနေခဲ့ကြရသည်။
ရွှီရှောင်ရှို့၏ ခန္ဓာကိုယ်ထဲတွင်တော့... ပူပြင်းလှသော စွမ်းအားများသည် ဝိညာဉ်စွမ်းအင်သိုလှောင်ရာထဲသို့ ဝင်ရောက်ပြီးနောက် ဆက်လက်သောင်းကျန်းချင်နေခဲ့သည်။ သို့သော်လည်း... အသက်ရှူသိုင်းပညာကို အတင်းအဓမ္မ ပြန်လည်အသက်သွင်းလိုက်သဖြင့် ထိုပူပြင်းလှသော စွမ်းအားများ ထပ်မံတောက်လောင်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ချက်ချင်း နှိပ်ကွပ်ပစ်လိုက်၏
ရွှီရှောင်ရှို့ ‘ရွှေနီဆေးလုံး’ အခြားတစ်လုံးကို ထုတ်ယူကာ အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ဆေးအာနိသင်ကြောင့် သူ့ရဲ့ နာကျင်မှုများ ချက်ချင်း ပြေပျောက်သွားခဲ့ပြီး ပျက်စီးနေသော ခန္ဓာကိုယ်ကိုလည်း လျင်မြန်စွာ ပြန်လည်ပြုပြင်ပေးလိုက်တော့၏။
ဝူးးး...
အနီရောင်နှင့် ရွှေရောင် ရောယှက်နေသည့် လှိုင်းတွန့်တစ်ခု ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားခဲ့ပြီး... သူ့ဘေးပတ်ပတ်လည်ရှိ ရွှံ့နွံများနှင့် မြက်ပင်များ ကောင်းကင်ယံထက်သို့ လွင့်စင်သွားခဲ့ရသည်။ မိုးမခပင်များ ကွေးညွတ်ကာ ကျိုးပြတ်သွားခဲ့ရပြီး၊ အဖြူရောင် ကျောက်စိမ်းလက်ရန်း အချို့လည်း ပေါက်ကွဲသွားခဲ့ရ၏
ပွက် ပွက်...
ငန်းကန်၏ ရေပြင်သည် ဆူပွက်လုနီးပါး ဖြစ်သွားခဲ့ရသည်။ ရေပူဖောင်းများ ရေမျက်နှာပြင်ပေါ်သို့ တက်လာခဲ့ပြီး သေဆုံးနေသည့် ငါးများ ပေါ်လာခဲ့၏။ ဘေးအန္တရာယ်မှ လွတ်မြောက်သွားခဲ့ကြသည့် ဆူဖြိုးလှသော ငန်းပုတ်ကြီးများသည် ဝေးကွာလှသော ထောင့်တစ်နေရာတွင် စုရုံးကာ တုန်တုန်ရီရီ ဖြစ်နေခဲ့ကြရသည်။
ကောက်ရိုးဦးထုပ်ဆောင်းထားသည့် အဘိုးကြီး ကောင်းကင်ယံထက်သို့ ပျံသန်းလိုက်ပြီး ‘ငန်းကန်’ ထဲသို့ လျင်မြန်စွာ ငုံ့ဆင်းလိုက်တော့သည်။
ရွှီရှောင်ရှို့ မျက်လုံးများကို ဖွင့်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်မှ သွေးများနှင့် ရောယှက်နေသည့် ချွေးအေးများ စီးကျနေခဲ့၏။ သူ သူ့ရင်ဘတ်ကို မပုတ်ဘဲ မနေနိုင်တော့ချေ
“ငါ... အသက်ရှင်သေးတာလား...”
သူ့ရဲ့ အသက်ရှူချက်တစ်ချက်ကြောင့် ‘ငရဲမီးလျှံအစေ့’ သည် တော်တော်လေး သေးငယ်သွားခဲ့ရပြီး... သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်သည်လည်း မူလ ဝိညာဉ်ကျင့်ကြံခြင်း အဆင့် (၇) မှ တော်တော်လေး တိုးတက်လာခဲ့ပြီ ဖြစ်သည်။
ပူပြင်းလှသော စွမ်းအားများကို နှိပ်ကွပ်နိုင်ခဲ့ပြီဖြစ်ရာ သူ့ခန္ဓာကိုယ်ထဲက ဒဏ်ရာများသည်လည်း မျက်စိဖြင့် မြင်နိုင်လောက်သည့် နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာခဲ့သည်။ ရွှီရှောင်ရှို့တစ်ယောက် ထုံကျင်ပြီး ပျော့ခွေသွားသလိုမျိုး ခံစားလိုက်ရ၏။
‘ထာဝရအသက်စွမ်းအား’ ၏ ကြောက်မက်ဖွယ်ကောင်းလှသော ပြန်လည်ရှင်သန်ခြင်း စွမ်းရည်နှင့် ‘ရွှေနီဆေးလုံး’ တို့၏ အာနိသင်ကို အပြည့်အဝ ပြသနိုင်ခဲ့ခြင်း ဖြစ်သည်
ရွှီရှောင်ရှို့ သွေးများနှင့် ချွေးများကို သုတ်လိုက်ရာ... သူ့ရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ အမူအရာနဲ့ ကုန်ခမ်းသွားတဲ့ ဝိညာဉ်စွမ်းအင်တွေကလွဲရင်... ကျန်တဲ့ အခြေအနေအားလုံးက သာမန်လူတစ်ယောက်နဲ့ မခြားနားတော့ကြောင်း သတိပြုမိလိုက်သည်။
“ဘုရားသခင်...”
“ဒီပြန်လည်ရှင်သန်ခြင်း စွမ်းရည်က တကယ့်ကို အစွမ်းထက်တာပဲ!”
ရွှီရှောင်ရှို့ အစောပိုင်းက ခံစားခဲ့ရသည့် နာကျင်မှုတွေကို ပြန်လည်တွေးတောမိပြီး ခန္ဓာကိုယ်ကြီး တုန်ခါသွားခဲ့ရသည်။
သူ့ရဲ့ ဝိညာဉ်စွမ်းအင်သိုလှောင်ရာ အထက်တွင်တော့... ‘ငရဲမီးလျှံအစေ့’ က မကျေမနပ် ဖြစ်နေသည့်ပုံ ပေါက်နေ၏။ ၎င်းက တော်တော်လေး သေးငယ်သွားခဲ့ရပြီး... ၎င်း၏ ဖျက်ဆီးခြင်းနှုန်းကိုလည်း ‘ထာဝရအသက်စွမ်းအား’ က အပြည့်အဝ နှိပ်ကွပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်
ရွှီရှောင်ရှို့ လတ်ဆတ်လှသော လေထုကို အကြိမ်အနည်းငယ် အသက်ရှူသွင်းလိုက်သည်။ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာတာကို မြင်သောအခါ... သူ သွားကို ကြိတ်ကာ ပြတ်သားသော မျက်လုံးများဖြင့် ထပ်မံ ထိုင်လိုက်ပြန်သည်။
နာကျင်ရတယ်ဆိုရင်လည်း ဘာဖြစ်လဲ!
သူ ပြီးခဲ့တဲ့ဘဝတုန်းကလည်း နှိပ်စက်ခြင်း ခံခဲ့ရဖူးတာပဲ။ ဒါ့အပြင်... ဒီဖြစ်စဉ်က အလွန်အမင်း နာကျင်ရတယ်ဆိုပေမဲ့၊ နာကျင်မှုက ယာယီပဲလေ။ တကယ်လို့ ဒါကို ဒီအတိုင်း ထားလိုက်မယ်ဆိုရင် စောစောစီးစီး ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမှာမို့လို့... အခုကတည်းက နာကျင်မှုကို အောင့်ခံပြီး ဒီနေ့ညမှာပဲ ဒီအစေ့ကို အလုံးစုံ ချေဖျက် သန့်စင်ပစ်လိုက်တာက ပိုကောင်းပါတယ်!
သူ ‘ဝိညာဉ်ကျင့်ကြံခြင်း ဆေးလုံး’ တစ်လုံးကို ထုတ်ယူကာ အသက်ရှူချက်တစ်ချက်ဖြင့် မျိုချလိုက်ပြီး... သူ့ကိုယ်သူ အကောင်းဆုံး အခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် လုပ်ဆောင်လိုက်သည်။
ရွှီရှောင်ရှို့ ရက်စက်ကြမ်းကြုတ်သော မျက်နှာပေးဖြင့်... သူ့ရဲ့ ပါးစပ်နဲ့ နှာခေါင်းထဲမှ အနီရောင် စွမ်းအားလုံးကြီးတစ်ခုကို ထပ်မံ မှုတ်ထုတ်လိုက်ပြန်သည်။ လေထုပင်လျှင် အပူရှိန်ကြောင့် လှုပ်ခတ်သွားခဲ့ရ၏။ ရွှီရှောင်ရှို့ ထိုစွမ်းအားများကို ‘ရွှေနီဆေးလုံး’ တစ်လုံးနှင့်အတူ ထပ်မံ မျိုချလိုက်ပြန်သည်
ငန်းကန်အောက်ခြေတွင်တော့... အဘိုးကြီးက ကောက်ရိုးဦးထုပ်ကို ကိုင်ထားရင်း ရွှီရှောင်ရှို့ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။ သူ ရေအောက်ထဲတွင် ရောက်နေသည်ကို လုံးဝ မေ့လျော့သွားခဲ့ပြီး မတော်တဆ ရေအနည်းငယ်ပင် မျိုချမိသွားခဲ့ရ၏။
သူ အပြင်စည်းဂိုဏ်းတွင် ‘မွေးရာပါအဆင့်’ ခန္ဓာကိုယ်ရှိသည့် လူတစ်ယောက် ရှိနေကြောင်း ပထမဆုံး ကြားသိခဲ့ရစဉ်တုန်းက... စမ်းသပ်ချင်စိတ်ဖြင့်သာ ထိုလူငယ်လေးကို ‘ငရဲမီးလျှံအစေ့’ အတင်းအဓမ္မ မျိုချခိုင်းခဲ့ခြင်း ဖြစ်သည်
တကယ်လို့ အောင်မြင်ခဲ့မယ်ဆိုရင် သူ မီးဓာတ်ပါရမီရှင်တစ်ယောက်ကို ဖန်တီးပေးနိုင်မှာ ဖြစ်သော်လည်း... တကယ်လို့ ကျရှုံးခဲ့မယ်ဆိုရင်တော့ အသက်တစ်ချောင်း ဆုံးရှုံးရုံသာ ရှိတော့သည်။ ဒါက သူ့အတွက်တော့ ပြောပလောက်စရာ မရှိပါချေ။
သို့သော်လည်း... ရွှီရှောင်ရှို့ကို တစ်နေ့လုံး စောင့်ကြည့်နေခဲ့ရခြင်းက သူ့ကို အနည်းငယ် စိတ်လှုပ်ရှားသွားစေခဲ့သည်။
ဒီလူက အစပိုင်းတွင် နာကျင်မှုကို သည်းမခံနိုင်ခဲ့သော်လည်း... နောက်ပိုင်းတွင် ‘ရွှေနီဆေးလုံး’ တွေရဲ့ အကူအညီနဲ့တင် နာကျင်မှုကို အတင်းအဓမ္မ နှိပ်ကွပ်နိုင်ခဲ့ပြီး စင်မြင့်ထက်သို့ တက်ရောက်ကာ တိုက်ခိုက်နိုင်ခဲ့သေးသည်
လူအများစုက သူ့ခန္ဓာကိုယ်ကြီး ရဲရဲနီနေသောကြောင့် ပြိုင်ပွဲမစတင်မီ ဆေးဝါးတွေ သုံးစွဲထားတယ်ဆိုပြီး လှောင်ပြောင်နေကြသော်လည်း... ‘ငရဲမီးလျှံအစေ့’ ကို စားသုံးဖူးသည့် သူတစ်ယောက်အနေဖြင့်တော့... ဒီလူငယ်လေး သူ့ရဲ့ အပြုံးတွေ၊ ဟာသတွေနောက်ကွယ်မှာ ဘယ်လောက်တောင် နာကျင်မှုကို ဖုံးကွယ်ထားရလဲဆိုတာကို သူ ကောင်းကောင်း သိတာပေါ့။
ဒါကြောင့်... ဒီလူငယ်လေး စရှောင်ရှို့ကို အနိုင်ကျင့်ဖို့ ကြိုးစားစဉ်တုန်းက၊ သူက အခွင့်ကောင်းယူပြီး စရှောင်ရှို့ကို သူကိုယ်တိုင် ဖော်စပ်ထားတဲ့ ‘ရွှေနီဆေးလုံး’ အိုး (၁၀) လုံး လှမ်းကမ်းပေးခဲ့ခြင်း ဖြစ်သည်
အခု လမင်းကြီးအောက်က ငန်းကန်အနီးတွင် ထိုလူငယ်လေး လုပ်ဆောင်နေသည့် ကျင့်ကြံခြင်း ဖြစ်စဉ်ကို မြင်သောအခါ သူ ထိတ်လန့်သွားခဲ့ရသည်။ ထိုလူငယ်လေးသည် အစေ့ကို ချေဖျက်ဖို့အတွက် အနည်းငယ် လက်လျှော့လိုက်ပြီး... စွမ်းအားတွေကို ငုံ့ကာ မျိုချဖို့အတွက် စတင်ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။
‘သူ သေမှာ မကြောက်ဘူးလား...’
သူ တွေးလိုက်မိ၏။
ကောက်ရိုးဦးထုပ်ဆောင်းထားသည့် အဘိုးကြီး ဆက်ပြီး သည်းမခံနိုင်တော့ဘဲ ရွှီရှောင်ရှို့ကို တားဆီးရန် ပြင်လိုက်သည်။ သို့သော်လည်း... သူ ပျံသန်းလာသည့် အချိန်အတွင်းမှာတင် ရွှီရှောင်ရှို့သည် ထူးခြားလှသော သိုင်းကွက်တစ်ခုနှင့် သူ့ရဲ့ ပြတ်သားလှသော စိတ်ဓာတ်စွမ်းအားကို သုံးစွဲပြီး... ပထမဆုံး နာကျင်မှုလှိုင်းလုံးကြီးကို တွန်းလှန်နိုင်လိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။
ဒါတင် မကသေးပါချေ။ သူသည် အသက်ရှူချက်အနည်းငယ်အပြီးမှာတင် ပြန်လည်ထိုင်နိုင်ခဲ့သေး၏...
‘သူ ထပ်ပြီး ကြိုးစားနေပြန်ပြီ!’ သူ တွေးလိုက်မိသည်။
‘သူက ဘယ်လိုမျိုး မိစ္ဆာကောင်လဲ...’
‘သူ နာကျင်မှုကို လုံးဝ မခံစားရဘူးလား...’
အဘိုးကြီး ထိတ်လန့်သွားခဲ့ရပြီး မတော်တဆ ရတနာတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့သလိုမျိုး ခံစားလိုက်ရသည်။ သူ့ရဲ့ စိတ်ဓာတ်စွမ်းအားတစ်ခုတည်းနဲ့တင် ရွှီရှောင်ရှို့တွင် ကြီးမားလှသော အလားအလာများ ရှိနေခဲ့ပြီ ဖြစ်သည်
သူ ရွှီရှောင်ရှို့ကို သူ့ရဲ့ တပည့်အဖြစ် သေချာပေါက် သိမ်းပိုက်ရမည်!
ငန်းကန်ဘေးပတ်ပတ်လည်က ပေါက်ကွဲမှုများသည် ‘ဝိညာဉ်ဥပဒေဌာန’ မှ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ အာရုံစိုက်မှုကို သဘာဝအတိုင်း ဆွဲဆောင်နိုင်ခဲ့ပြီး... ဝတ်ရုံနက်ဝတ်ဆင်ထားသည့် လူတစ်စု ကန်ကြီးဘေးပတ်ပတ်လည်တွင် ချက်ချင်း ပေါ်လာခဲ့ကြသည်။
ရွှီရှောင်ရှို့ကတော့ သူတို့ကို လုံးဝ သတိမထားမိပါချေ
“နောက်ဆုတ်ကြစမ်း!”
အဘိုးကြီး ရေကန်ထဲမှ ရုတ်တရက် ပျံသန်းထွက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်က အပူရှိန် မြင့်တက်လာခဲ့ပြီး သူ့ခန္ဓာကိုယ်ပေါ်မှ ရေငွေ့များကို ချက်ချင်း အငွေ့ပျံသွားစေခဲ့၏။ သူ ကောက်ရိုးဦးထုပ်ကို ဖိဆောင်းလိုက်ပြီး... သူ့အသံက အနည်းငယ် အက်ရှရှ ဖြစ်နေခဲ့သည်။
စည်းကမ်းထိန်းသိမ်းရေး အဖွဲ့၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကြပြီး... ကြည်လင်ပြတ်သားလှသော လပြည့်ဝန်းကြီးအောက်တွင် တွန့်လိပ်ညှိုးနွမ်းနေသည့် သာမန်လူတစ်ယောက်ကို မော့ကြည့်လိုက်မိကြသည်။
သို့သော်လည်း... အချို့သော စည်းကမ်းထိန်းသိမ်းရေး အဖွဲ့၏ သားများသည် ထိုလူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် အားနည်းလှသော ပူပြင်းသည့် စွမ်းအားများကို ခံစားလိုက်ရသဖြင့် အနည်းငယ် ထိတ်လန့်သွားခဲ့ကြရ၏။
“ဒုတိယအုပ်ချုပ်ရေးမှူးလား...”
“အကြီးအကဲစန်းလား...”
အရှေ့တွင် ရှိနေသည့် လူများ အချင်းချင်း စိုက်ကြည့်လိုက်ကြသည်။ သူတို့ ဘာဖြစ်နေမှန်း မဝေခွဲနိုင်ကြဘဲ အနည်းငယ် ဇဝေဇဝါ ဖြစ်နေခဲ့ကြ၏
“သူ ဘယ်တုန်းက ရောက်လာတာလဲ...”
“ဘယ်သူမ မသိလိုက်ရပေ”
“သွားကြမယ် အကြီးအကဲးစန်း ရှိတယ်”
အဖွဲ့ကို ဦးဆောင်လာသည့် စည်းကမ်းထိန်းသိမ်း ရေးမှူးက ထိုသို့ပြောလိုက်သည့် လူ၏ ခေါင်းကို ရိုက်လိုက်ရာ... ထိုစည်းကမ်းထိန်းသိမ်းရေး အဖွဲ့၏ ခေါင်းငုံ့ကာ အမိန့်ကို နာခံပြီး လျင်မြန်စွာ ထွက်ခွာသွားခဲ့တော့သည်။
“ဟုတ်ကဲ့!”
အနောက်တွင် ရှိနေသည့် လူများကလည်း အမိန့်ကို လျင်မြန်စွာ နာခံလိုက်ကြပြီး... စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ သားအားလုံး မျက်စိတစ်မှိတ်အတွင်းမှာတင် ပျောက်ကွယ်သွားခဲ့ကြတော့သည်။
အကြီးအကဲစန်း သူ့ရဲ့ ကောက်ရိုးဦးထုပ်ကို ချွတ်လိုက်ပြီး အဖြူရောင် ကျောက်စိမ်းလက်ရန်းထက်တွင် ရပ်လိုက်၏။
ညဦးယံလေပြေက သူ့ရဲ့ တွန့်လိပ်နေတဲ့ အင်္ကျီကို လှုပ်ခတ်သွားစေခဲ့ပြီး သူ့ခေါင်းပေါ်က ခြောက်သွေ့နေတဲ့ မြက်ပင်အနည်းငယ်ကိုလည်း လွင့်စင်သွားစေခဲ့သည်။ ဆူဖြိုးလှသော ငန်းပုတ်ကြီးများသည် သူ့ခြေထောက်အောက်တွင် စုရုံးကာ အော်ဟစ်နေခဲ့ကြပြီး... ဘေးကင်းလုံခြုံမှုကို အသည်းအသန် ရှာဖွေနေခဲ့ကြ၏
သို့သော်လည်း... သူ့ရဲ့ ကြီးမားလှသော မျက်လုံးနက်ကြီးနှစ်လုံးထဲတွင်တော့ လူတစ်ယောက်သာ ရှိနေခဲ့သည်။
“ဟားဟား...”
အကြီးအကဲစန်း ပြုံးလိုက်မိသည်။ သူ ဘာတွေးနေလဲဆိုတာကို ဘယ်သူမှ မသိနိုင်ချေ။
ထိုညတွင် ငန်းကန်အနီး၌ ဘယ်လိုမှ ငြိမ်းချမ်းမှု ရှိလာမှာ မဟုတ်တော့ချေ။ အဖြူရောင် ကျောက်စိမ်းလက်ရန်းများကိုလည်း အသည်းအသန် ပြန်လည်ပြုပြင်ဖို့ လိုအပ်နေခဲ့ပြီ ဖြစ်သည်
အဘယ်ကြောင့်ဆိုသော်... ဝေးကွာလှသော နေရာရှိ လူငယ်လေး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် ပူပြင်းလှသော လှိုင်းလုံးကြီးများသည် ထူးခြားလှသော ဖျက်ဆီးခြင်း စွမ်းရည်များ ရှိနေသောကြောင့် ဖြစ်သည်။
ဒိုင်း...
ဒိုင်း...
ဒိုင်း...
...
နောက်တစ်နေ့ မွန်းတည့်ချိန်တွင်တော့... အပြင်စည်းဂိုဏ်းမှ တပည့်များသည် ပျင်းရိငြီးငွေ့စွာဖြင့် ပွဲကြည့်စင်မြင့်များဆီသို့ ဝင်ရောက်လာခဲ့ကြသည်။
“တောက်... မနေ့ညက ဝိညာဉ်နန်းတော်ကို ပြန်လည်ပြုပြင်နေကြတာလား။ ပေါက်ကွဲသံတွေက တကယ့်ကို ဆူညံလွန်းတယ်။ မင်းတို့ရော ကြားလိုက်ကြလား...”
“ဒါက ငန်းကန်ဘက်ကနေ ထွက်လာတာ မဟုတ်ဘူးလား။ ငါ့ခြံဝင်းက အဲဒီနားမှာလေ။ တကယ့်ကို ဆူညံလွန်းတယ်။ တကယ်လို့ ဘာမှမဖြစ်ခဲ့ဘူးဆိုရင်... ရန်သူတစ်ယောက် ဝိညာဉ်နန်းတော်ထဲကို ကျူးကျော်ဝင်ရောက်လာတယ်လို့ ငါ ထင်မိမှာ သေချာတယ်”
“ဘာအသံလဲ။ ငါ့ခြံဝင်းကလည်း ငန်းကန်အနီးမှာပဲလေ!”
“မင်းက ဘယ်လိုလုပ် မကြားဘဲ နေရတာလဲ။ နားပင်းနေတာလား...”
“အော်... အော်... ဆော်ရီးပဲ။ အခု ပြန်စဉ်းစားကြည့်တော့... ငါ့အိမ်မှာ ‘အသံလုံအတားအဆီး’ ရှိတာပဲ။ ဟင်း... ငါ ချမ်းသာနေတော့လည်း မတတ်နိုင်ဘူးလေ”
“... မင်းကိုတော့ကွာ!”
ရွှီရှောင်ရှို့သည်လည်း မျက်လုံး ကွင်းညိုကြီးများနှင့်အတူ ‘ချူယွမ်စင်မြင့်’ ထဲသို့ ဝင်ရောက်လာခဲ့ပြီး... ထိုဆူညံသံများ၏ လာရာက အခြားသော သကောင်သားတစ်ယောက် ထင်နေပုံ ပေါက်နေခဲ့သည်။ ဒီလူကသာ ထိုဆူညံသံများ၏ တကယ့် တရားခံအစစ်အမှန် ဖြစ်ကြောင်းကိုတော့ ဘယ်သူမှ မသိကြပါချေ။
သူ လျင်မြန်စွာဖြင့် စောင့်ဆိုင်းရာနေရာသို့ ဝင်ရောက်လာခဲ့ပြီးနောက်... နောက်ဆုံးတွင်တော့ စိတ်သက်သာရာ ရသွားခဲ့ရသည်။
ပုံမှန်နေ့ရက်များတွင် သူ့ရဲ့ ကျင့်ကြံခြင်းက သူ့ခြံဝင်းထဲတွင် အိပ်စက်ခြင်းမျှသာ ရှိတတ်သည်။ သူ့တွင် ‘အသံလုံအတားအဆီး’ ရှိသောကြောင့် သူ့ကြောင့် ထွက်ပေါ်လာသည့် ဆူညံသံများက အိမ်နီးနားချင်းများကို အနှောင့်အယှက် ဖြစ်စေမှာကို သူ စိုးရိမ်စရာ မလိုပါချေ
‘ဒါပေမဲ့... ငါ ငန်းကန်မှာ သွားပြီး ကျင့်ကြံလိုက်တဲ့အချိန်မှာတော့ ဒီနည်းလမ်းက ချက်ချင်းပဲ အကျိုးသက်ရောက်မှု မရှိတော့ဘူး’ ဟု သူ တွေးလိုက်မိ၏။ ‘ငါ့ကြောင့် ထွက်ပေါ်လာတဲ့ ဆူညံသံတွေက ငါ့ရဲ့ ပြိုင်ဘက်ကို အနှောင့်အယှက် ဖြစ်စေခဲ့လား၊ မဖြစ်စေခဲ့ဘူးလား ဆိုတာကိုတော့ ငါ မသိဘူး...’
‘တကယ်လို့ ဖြစ်စေခဲ့မယ်ဆိုရင်တော့ တကယ့်ကို ကောင်းတာပေါ့!’
သူ တစ်ညလုံး အပြည့်အဝ ချေဖျက် သန့်စင်လိုက်ပြီးတဲ့နောက်မှာတော့... ‘ငရဲမီးလျှံအစေ့’ က လုံးဝ ကွယ်ပျောက်သွားခဲ့ပြီဖြစ်ပြီး၊ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း အဆင့် (၇) ရဲ့ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
တကယ်လို့ သူ အဆင့်တက်ချင်တယ်ဆိုရင် တက်လှမ်းနိုင်သော်လည်း... အခုလောလောဆယ်တွင်တော့ ထိုသို့လုပ်ဆောင်ရန် မလိုအပ်သေးပါချေ။
အဆက်မပြတ် တောက်လောင်နေမှုများကြောင့်... ရွှီရှောင်ရှို့သည် ပြီးခဲ့သည့် အဆင့်များမှ သူ သင်ယူခဲ့ရသမျှ အရာအားလုံးကို ထပ်တလဲလဲ ခိုင်မာအောင် လုပ်ဆောင်နိုင်ခဲ့သေးသည်။
အခု ပြန်စဉ်းစားကြည့်တော့... လူအများစုက ထိုဖြစ်စဉ်ကြောင့် စိတ်လှုပ်ရှားသွားကြမှာ သေချာသည်
စရှောင်ရှို့သည် ဘာမှမဖြစ်ခဲ့သလိုမျိုး ထိပ်သီး (၁၆) ဦး ပြိုင်ပွဲဝင်များအတွက် နောက်ထပ် ပွဲစဉ်များကို ဆက်လက်လုပ်ဆောင်ပေးခဲ့သည်။ ရွှီရှောင်ရှို့က အစေခံကို ညွှန်ကြားချက်အနည်းငယ် ပေးလိုက်ပြီးနောက်... စတင်ကာ ငိုက်မြည်းနေခဲ့တော့၏။
‘ငါ တကယ့်ကို ပင်ပန်းနေပြီ!’
သူ တွေးလိုက်မိသည်။
သူက ပုံမှန်အားဖြင့် အိပ်ပျော်နေရင်း အသက်ရှူခြင်းဖြင့် ကျင့်ကြံလေ့ရှိတာ ဖြစ်သည်။ သို့သော်လည်း... သူ နှစ်ရက်ဆက်တိုက် မအိပ်ဘဲ နေခဲ့ရသည်။ သူ ဒါကို အသားမကျသေးပါချေ။
သူ မကြာခင်မှာပဲ အိပ်ပျော်သွားခဲ့တော့သည်။ သူ့ရဲ့ အိပ်မက်ထဲတွင်တော့... အစေခံတစ်ယောက်က သူ့လက်ထဲတွင် ပုလင်းနှစ်လုံးကို ကိုင်ထားရင်း သူ့ဆီသို့ ပြေးလာခဲ့သည်။ ထိုအစေခံက သူ့ရဲ့ ပါးပြင်နှစ်ဖက်လုံးကို လှမ်းပြီး ရိုက်နှက်လိုက်၏။
“ဖြတ်...”
“နိုးပါတော့။ မင်းအလှည့် ရောက်နေပြီ!”