ရွှီရှောင်ရှို့သည် ‘ငန်းကန်’ အနီးတွင် တစ်ညလုံး မတ်တတ်ရပ်နေခဲ့သည်။
နွေရာသီတွင် ကန်ရေပြင်ဘေးပတ်ပတ်လည်၌ ပိုးမွှားကောင်လေးများ အမြဲတမ်း ကျက်စားလေ့ရှိကြသည်။ ယခုအချိန်တွင်လည်း နေရာမသိတတ်သည့် ပိုးမွှားအချို့က ရွှီရှောင်ရှို့ကို ကိုက်ခဲပြီး... သူတို့၏ မပြောပလောက်သော စွမ်းအားလေးများဖြင့် ရွှီရှောင်ရှို့ကို အလိုအလျောက်ရမှတ် အချို့ ပေးချင်နေကြပုံရသည်။
သို့သော်လည်း သူတို့၏ အားနည်းလှသော အဆိပ်ဆူးလေးများသည် ရွှီရှောင်ရှို့၏ ခန္ဓာကိုယ်ကို ယခင်ကလို ဖောက်ထွက်နိုင်ခြင်း မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူသည် ‘မွေးရာပါအဆင့်’ ခန္ဓာကိုယ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်သည်။
အရုဏ်တက်ချိန်တွင် အလွန်အမင်း အေးစက်လှပေသည်။ ရွှီရှောင်ရှို့ သူ့ရဲ့ ဝတ်ရုံကို ကိုယ်မှာ ပိုပြီး ကပ်အောင် ဆွဲခြုံလိုက်၏။ သူ စိတ်အတော်အတန် တည်ငြိမ်သွားခဲ့ပြီဖြစ်ရာ... ဤနေရာမှ ထွက်ခွာရန် ပြင်လိုက်သည်။
သူ အနောက်သို့ လှည့်လိုက်သည့်အချိန်တွင်တော့... သူ့ကို စိုက်ကြည့်နေသည့် တွန့်လိပ်ညှိုးနွမ်းနေသော မျက်နှာတစ်ခုကို မြင်လိုက်ရသဖြင့် လန့်ဖျတ်သွားခဲ့ရသည်။
ဒီအဘိုးကြီးက သူ့မျက်လုံးအောက်က ကြောက်စရာကောင်းလှတဲ့ ကွင်းညိုကြီးနှစ်ကွင်းကလွဲရင်... ကျန်တဲ့ အစိတ်အပိုင်းအားလုံးက ပုံမှန်အတိုင်းပင် ဖြစ်သည်။
“မင်းက အပြင်စည်းဂိုဏ်းကလား...”
အဘိုးကြီး၏ နှုတ်ခမ်းများက ပြုံးယောင်သန်းသွားပြီး - “လူငယ်လေး... မင်း ‘မိုးတိမ်ပြိုင်ပွဲ’ ကို သွားမကြည့်ဘူးလား...” ဟု မေးလိုက်တော့သည်။
ရွှီရှောင်ရှို့ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး... သူတို့အကြားတွင် အကွာအဝေးတစ်ခု ထားရှိလိုက်သည်။ အဘိုးကြီး၏ အသံက တော်တော်လေး ရင်းနှီးနေသလိုမျိုး သူ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
“အဘိုးက...”
ရွှီရှောင်ရှို့ အဘိုးကြီးက ဘယ်သူလဲဆိုတာကို မှတ်မိအောင် ကြိုးစားလိုက်သည်။ သူ အုပ်စုအဆင့်ပြိုင်ပွဲသို့ တုန်တုန်ချိချိ ခြေလှမ်းများဖြင့် ခက်ခက်ခဲခဲ သွားခဲ့ရစဉ်တုန်းက... လမ်းမှာ ဆုံခဲ့ဖူးတဲ့ အဘိုးကြီး မဟုတ်ဘူးလား။
ဒါက ကံကြမ္မာက သူတို့ကို ပြန်လည်ဆုံစည်းပေးလိုက်တာလား...
အဘိုးကြီးက တဟားဟား ရယ်မောလိုက်ပြီး... သူ့လက်ထဲက ကောက်ရိုးဦးထုပ်ကို ခေါင်းပေါ်သို့ ဆောင်းလိုက်ရာ... ရွှီရှောင်ရှို့ ချက်ချင်းပင် သူ့ကို မှတ်မိသွားခဲ့တော့သည်။
“အကြီးအကဲ... အဘိုးက...”
ရွှီရှောင်ရှို့ ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ ပထမဆုံးအကြိမ် ဆုံတာကို တိုက်ဆိုင်မှုလို့ သတ်မှတ်နိုင်သော်လည်း... ဒုတိယအကြိမ် ထပ်ဆုံတာကတော့ တိုက်ဆိုင်မှုလို့ ပြောရန် မဖြစ်နိုင်တော့ပေ
ဒီအဘိုးကြီးက သူ့ကို တမင်သက်သက် လိုက်ရှာနေတာလား...
ကောက်ရိုးဦးထုပ်ဆောင်းထားသည့် အဘိုးကြီးက သူ့လက်နှစ်ဖက်ကို အနောက်တွင် ပူးထားရင်း -
“မင်း လက်လွတ်လိုက်ရပြီ။ လတ်တလော ဖြစ်ပွားနေတဲ့ မိုးတိမ်ပြိုင်ပွဲမှာ ပါရမီရှင်တွေ အများကြီး ရှိတယ်လို့ ငါ ကြားထားတာ။”
“မနေ့တုန်းက လူငယ်လေးတစ်ယောက် ရှိသေးတယ်။ သူ့နာမည်က ရှောင်ရှို့ ထင်တယ်...”
“သူက လူတစ်ယောက်ကိုတောင် သတ်ပစ်လိုက်သေးတာ။ တောက် တောက်... ဒီဘက်ခေတ် လူငယ်တွေကတော့ တကယ့်ကို ရဲတင်းကြတာပဲ!”
ရွှီရှောင်ရှို့၏ မျက်နှာ ပျက်သွားခဲ့ရသည်။ ‘ဘာလို့ အဲဒီအကြောင်းကို လာပြောနေရတာလဲ’ ဟု သူ စိတ်ထဲကနေ တွေးလိုက်မိ၏။ ‘လူသတ်သမားက အဘိုးရဲ့ အရှေ့တည့်တည့်မှာ ရပ်နေတာလေ!’
သို့သော်လည်း အဘိုးကြီးက သူ့ကို မှတ်မိပုံမရချေ။ “ဒါပေမဲ့ အဆင်ပြေပါတယ်။” သူက ဆက်ပြောလိုက်သည်။ “ငါက သူ့ကို လာရှာတာ မဟုတ်ဘူး။ မင်းကို လာရှာတာ!”
“ကျွန်တော်က...” ရွှီရှောင်ရှို့ စကားစလိုက်သော်လည်း အဘိုးကြီးက လက်တစ်ဖက် မြှောက်ကာ သူ့ကို တားဆီးလိုက်သည်။
“ငါ မင်းကို သိတာပေါ့!”
“အဖိုးကြီး ရှောင် နဲ့ အဖိုးကြီးချောင်တို့က... လွန်ခဲ့တဲ့ နှစ်ရက်တုန်းက အပြင်စည်းဂိုဏ်းမှာ ‘လောကီအဆင့် ဓားဆန္ဒ’ ကို တတ်မြောက်ထားတဲ့ အခြားဓားသမားတစ်ယောက် ပေါ်လာတယ်လို့ ငါ့ကို ပြောပြကြတယ်။”
“ဒါပေမဲ့ ငါက မင်းကို အကြိုက်ဆုံးပဲ!”
ရွှီရှောင်ရှို့ ဆက်ပြီး သည်းမခံနိုင်တော့ချေ။ ‘အဘိုးက ပေါက်ကရတွေ လျှောက်ပြောနေတာပဲ!’ ဟု သူ စိတ်ထဲကနေ တွေးလိုက်မိသည်။ ‘အဘိုးပြောတဲ့ လေးယောက်ထဲမှာ နှစ်ယောက်က ကျွန်တော် ဖြစ်နေတာလေ!’
“ကျွန်တော်က...”
“ဟေ့!” အဘိုးကြီးက သူ့ကို စိုက်ကြည့်လိုက်ပြီး... လူငယ်တစ်ယောက်အနေနဲ့ စိတ်မလောဘဲ သူ့စကားကို အဆုံးအထိ နားထောင်ရန် အရိပ်အယောင် ပြလိုက်သည်။
“ဟေ့ ဟေ့... မင်းမှာ မွေးရာပါအဆင့် ခန္ဓာကိုယ် ရှိနေတာပဲ။ ငါ ပြောတာ မမှားဘူးမလား!”
“ငါ မင်းကို ရှာနေတာ ရက်အနည်းငယ် ရှိပြီ။ အပြင်စည်းဂိုဏ်းတစ်ခုလုံးကို လိုက်ရှာပေမဲ့... မင်းက ဒီနေရာမှာ ငန်းတွေကို ငေးကြည့်နေလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး။ မင်းကတော့ ငါ့ရဲ့ အထင်ကြီး လေးစားမှုကို တကယ်ပဲ ထိုက်တန်ပါတယ်...”
“မင်းက ပျော်ပျော်နေတတ်တာပဲ!”
ရွှီရှောင်ရှို့ စိတ်ထဲကနေ မျက်လုံးလှန်လိုက်မိသည်။ ‘ဒါက ဘယ်လိုလုပ် ပျော်စရာဖြစ်မှာလဲ။ ကျွန်တော်က ဘဝအကြောင်း တွေးနေတာလေ၊ ငန်းတွေကို ငေးကြည့်နေတာ မဟုတ်ဘူး။’
‘ဒီဆူဖြိုးလှတဲ့ ငန်းပုတ်တွေကို ငေးကြည့်နေလို့ ဘာထူးမှာလဲ။ ချက်စားလိုက်ရင် ပိုတောင် အရသာရှိဦးမယ်။’
“ငါ မနေ့ညက ဒီကို လာပြီး မင်းကို စောင့်ကြည့်နေတာ!”
အဘိုးကြီး၏ စကားကြောင့် ရွှီရှောင်ရှို့ ထိတ်လန့်သွားခဲ့ရသည်။ ‘မနေ့ညက ဟုတ်လား...’ သူ တွေးလိုက်မိ၏။ ‘ကျွန်တော် အဘိုးကို လုံးဝ သတိမထားမိပါလား!’
သူ အဘိုးကြီးကို တိတ်တဆိတ် အကဲခတ်ကြည့်လိုက်ရာ... သူ့ရဲ့ ဝိညာဉ်စွမ်းအင် အရှိန်အဝါကို လုံးဝ မခံစားရကြောင်း သတိပြုမိလိုက်သည်။ သာမန် အဘိုးကြီးတစ်ယောက် သူ့အရှေ့တွင် ရပ်နေသလိုမျိုးပင် ဖြစ်သည်။
ဒါပေမဲ့ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ထျန်းဆန်း ဝိညာဉ်နန်းတော်ထဲမှာ သာမန်အဘိုးကြီးတစ်ယောက် ရှိနေတယ် ဟုတ်လား...
ဒီလူကတော့ သေချာပေါက် ‘ဆရာကြီး’ တစ်ယောက် ဖြစ်ရမည်!
သူ အခြေအနေကို တိတ်တဆိတ် သုံးသပ်လိုက်သည်။ ဒီလို အရေးကြီးလှတဲ့ ပုဂ္ဂိုလ်တစ်ယောက်က သူ့ကို ဘာလို့ လာရှာရတာလဲ ဆိုတာကို သူ မဝေခွဲနိုင်တော့ချေ။ သူ့ရဲ့ မွေးရာပါအဆင့် ခန္ဓာကိုယ်ကြောင့်လား...
ပျော်ပျော်နေတတ်တာ၊ ခန္ဓာကိုယ်၊ တိတ်တဆိတ် စောင့်ကြည့်နေတာ...
ရွှီရှောင်ရှို့ ခန္ဓာကိုယ်ကြီး တုန်ခါသွားခဲ့ရသည်။ တစ်ခုခု မှားယွင်းနေသလိုမျိုး သူ ဘာလို့ ခခံစားနေရတာလဲ...
အဘိုးကြီးက ရွှီရှောင်ရှို့၏ ထူးဆန်းသော အမူအရာကို သတိမထားမိဘဲ... သူ့လက်နှစ်ဖက်ကို အနောက်တွင် ပူးချည်ထားရင်း ဆက်ပြောလိုက်သည်။ “ငါ မင်းကို တစ်ညလုံး စောင့်ကြည့်နေတာ။ ကောင်းလေး... မင်းမှာ တကယ့်ကို ပြတ်သားတဲ့ စိတ်ဓာတ် ရှိတာပဲ!”
“ပိုးမွှားတွေ ကိုက်ခဲနေတာတောင်၊ ပြီးတော့ ဒီနေရာမှာ ကြောက်စရာကောင်းလှတဲ့ ဝိညာဉ်အော်ဟစ်သံတွေကို ကြားနေရတာတောင် မင်းက တစ်ချက်ကလေးမှ မလှုပ်ရှားဘူး။ အနောက်ကိုတောင် လှည့်မကြည့်ဘူး။”
“ငါ ဝန်ခံရမယ်ဆိုရင်... မင်းက ငါ ငယ်ငယ်တုန်းက ပုံစံနဲ့ တော်တော်လေး တူတာပဲ!”
ရွှီရှောင်ရှို့ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။ သူ မနေ့ညက သူ့လည်ပင်းနားတွင် အေးစိမ့်စိမ့် ခံစားချက်ကို မကြာခဏ ခံစားခဲ့ရပြီး... တစ်ယောက်ယောက်က သူ့အနောက်ကနေ အသက်ရှူနေသလိုမျိုး ဖြစ်နေခဲ့တာကို ပြန်လည်သတိရမိသွားသည်။
တကယ်ပဲ တစ်ယောက်ယောက်က သူ့အနောက်ကနေ အသက်ရှူနေခဲ့တာလား...
သူ ရုတ်တရက် ကြောက်လန့်သွားခဲ့ရသည်။ သူ ဘဝအကြောင်း တွေးတောရင်း ပင်ပန်းနွမ်းနယ်လာသဖြင့်... မတ်တတ်ရပ်လျက် အိပ်ငိုက်နေခဲ့ခြင်း ဖြစ်သည်။ ဒီအဘိုးကြီးကို သူ ဘယ်လိုလုပ် သတိမထားမိဘဲ နေရတာလဲ။
အခု ပြန်စဉ်းစားကြည့်တော့... သူ့ရဲ့ စနစ်သတိပေးချက် ထဲတွင်လည်း ပုန်းကွယ်တိုက်ခိုက်မှု သို့မဟုတ် ခြိမ်းခြောက်မှုဆိုင်ရာ အချက်ပြချက်မျိုး လုံးဝ ပေါ်မလာခဲ့ချေ။ စနစ်က သူ့အလုပ်သူ သေချာမလုပ်ခဲ့ဘူးပဲ!
‘ဒီလိုတော့ လုပ်လို့မဖြစ်ဘူး။ နောင်ကျရင် ငါ့ခြံဝင်းထဲကိုပဲ ပြန်ပြီး အိပ်တော့မယ်။’
‘နောင်ကျရင် အပြင်မှာ ဒီအတိုင်း လျှောက်ပြီး မတ်တတ်မရပ်နေတော့ဘူး။ မဟုတ်ရင် ငါ ဘယ်လိုသေသွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ဘူး!’
အဘိုးကြီးက ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်မိသည်။ သူ ရွှီရှောင်ရှို့ကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်လိုက်ပြီးနောက် ရုတ်တရက် မေးလိုက်၏။ “ငါ စကားတွေ အများကြီး ပြောပြီးပြီ။ မင်းရော ဘာပြောချင်လဲ...”
ရွှီရှောင်ရှို့ ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။
သူက စိမ်းဖန် ဖန် မျက်နှာပေးဖြင့် - “အဘိုးပဲ ကျွန်တော့်ကို စကားမပြောဖို့ တားမြစ်ခဲ့တာ မဟုတ်ဘူးလား...” ဟု ပြောလိုက်သည်။
“ငါကလား...”
“မဟုတ်လို့လား...”
“ပြန်ပြီး စဉ်းစားကြည့်ပါဦး။ ငါ တကယ်ပဲ တားခဲ့လို့လား...”
ရွှီရှောင်ရှို့ ပြန်လည်ချေပချင်သော်လည်း... သူတို့အကြားက အပြန်အလှန် ဆက်ဆံမှုကို ပြန်လည်တွေးတောမိသွားသည်။ အဘိုးကြီးက သူ့ကို သူ့ရဲ့ မျက်လုံးအကြည့်နဲ့ လက်ဟန်ခြေဟန်ဖြင့်သာ တားဆီးခဲ့ခြင်း ဖြစ်ပြီး၊ စကားတစ်လုံးမျှ မဆိုခဲ့ချေ။
သူ စိတ်ပျက်လက်ပျက်ဖြင့် - “ကျွန်တော် အဘိုးကို စိတ်ပျက်အောင် လုပ်မိပြီထင်တယ်၊ အကြီးအကဲ!” ဟု ပြောလိုက်တော့သည်။
“အဘိုးပြောတဲ့ ရဲတင်းလှတဲ့ လူသတ်သမား လူငယ်လေးဆိုတာ ကျွန်တော်ပါပဲ။ ဓားဆန္ဒကို တတ်မြောက်ထားတဲ့သူကလည်း ကျွန်တော်ပါပဲ။ မွေးရာပါအဆင့် ခန္ဓာကိုယ် ရှိတဲ့သူကလည်း... ဟုတ်ကဲ့၊ အဲဒါလည်း ကျွန်တော်ပါပဲ!”
“ပြီးတော့ ကျွန်တော့်နာမည်က ရွှီရှောင်ရှို့ ပါ!”
သူ ခဏမျှ အနားယူလိုက်ပြီးနောက် ဆက်ပြောလိုက်၏။ “ကျွန်တော် အခု မိုးတိမ်ပြိုင်ပွဲကို သွားရတော့မယ်၊ ပွဲကြည့်ပရိသတ်အနေနဲ့ မဟုတ်ဘူးနော်။ နှုတ်ဆက်ပါတယ်!”
အဘိုးကြီး ဘာကြောင့် ရောက်လာမှန်း သူ မသိသော်လည်း... သူ့ကို မပြစ်မှားမိတာက အကောင်းဆုံး ဖြစ်သည်။ ဘေးလွတ်ရာသို့ ပြေးရုံသာ ရှိတော့သည်။
“နေဦး!”
အဘိုးကြီးက သူ့ကို လှမ်းဆွဲလိုက်သည်။ သူ့တွင် ကြီးမားလှသော စွမ်းအားများ ရှိနေသဖြင့်... သူ့ရဲ့ ဆွဲကိုင်မှုကြောင့် ရွှီရှောင်ရှို့၏ လက်ကောက်ဝတ်ပင် နာကျင်သွားခဲ့ရ၏။
“အကြီးအကဲ... ကျွန်တော့်ကို လွှတ်ပေးပါဦး! ကျွန်တော့်အသားက စားလို့မကောင်းပါဘူး! ပြီးတော့ မနေ့ညက ရေလည်း မချိုးရသေးဘူး!”
အဘိုးကြီး၏ မျက်လုံးများ တုန်ခါသွားခဲ့ရသည်။
“မင်းက ဘာလို့ စားတဲ့အကြောင်းတွေ လျှောက်ပြောနေရတာလဲ။ ဆေးလုံးတွေက စားလို့မကောင်းဘူးလား။ ငါက မင်းကို ဘာလို့ စားရမှာလဲ...”
“တကယ်ပဲ စိတ်ညစ်ဖို့ကောင်းလိုက်တာ!”
သူ ရွှီရှောင်ရှို့ကို ခြေဆုံးခေါင်းဆုံး ထပ်မံ အကဲခတ်ကြည့်လိုက်ပြန်သည်။
“မင်းက တကယ်ပဲ ပါရမီရှင်တစ်ယောက် ဟုတ်ရဲ့လား...”
ရွှီရှောင်ရှို့ စနစ်သတိပေးချက်ဘောင်ကို လှမ်းကြည့်လိုက်ရာ... သူ့ကို သံသယဝင်နေသည့် အချက်ပြချက်မျိုး ပေါ်မလာသည်ကို မြင်လိုက်ရသဖြင့်၊ နှာခေါင်းသံဖြင့် -
“အဘိုးက ကျွန်တော့်ကို ယုံကြည်ပြီးပြီပဲ၊ ဘာလို့ ဒီမေးခွန်းကို ထပ်မေးနေရတာလဲ...” ဟု ပြောလိုက်သည်။
“ကောင်းလေး!”
အဘိုးကြီးက ပြုံးလိုက်ပြီး - “မင်းမှာ တကယ့်ကို ယုံကြည်မှုရှိတဲ့ လေသံ ရှိတာပဲ။ ငါ့ပုံစံအတိုင်းပဲ။ မိုးတိမ်ပြိုင်ပွဲမှာ မင်းကို အနိုင်ရလိမ့်မယ်လို့ ငါ ရွေးချယ်ခဲ့တာ မမှားလောက်ဘူး!
”
သူက သူ့အိတ်ကပ်ထဲမှ အနီရောင် အစေ့ပုံသဏ္ဍာန် အရာတစ်ခုကို ထုတ်ယူပြီး ရွှီရှောင်ရှို့ထံ ကမ်းပေးလိုက်ကာ - “စားလိုက်!” ဟု ပြောလိုက်တော့သည်။
ရွှီရှောင်ရှို့ ကြောက်လန့်ပြီး ဘောင်းဘီထဲ သေးပင် ထွက်ကျလုနီးပါး ဖြစ်သွားခဲ့ရသည်။ ဒါက ဘာကြီးလဲ!
‘ဒီစိတ်မမှန်တဲ့ အဘိုးကြီးကတော့ ခေါင်းထဲမှာ တစ်ခုခု ချို့ယွင်းနေတာ ဖြစ်ရမယ်’ ဟု သူ စိတ်ထဲကနေ တွေးလိုက်မိ၏။ ‘သူက ရုတ်တရက် ပေါ်လာပြီး ပွဲကြမ်းပြနေတာတင် မကဘူး၊ အခုကျတော့ အစေ့တစ်စေ့ကို အတင်းစားခိုင်းနေပြန်ပြီ’
‘ငါ ကျိန်ဆိုရဲပါတယ်၊ ငါ ရွှီရှောင်ရှို့ နောင်ကျရင် အပြင်မှာ လုံးဝ လျှောက်မတ်တတ်ရပ်မနေတော့ဘူး!’
ငါ့ဘဝက ဒီလောက်တောင် စုတ်ပြတ်သတ်ရမှာလား။ သေဆုံးသွားတဲ့ ဝမ်ချုံကြောင့် ငါ့ရဲ့ အပြစ်မဲ့မှုကို ဆုံးရှုံးလိုက်ရတာလား...
“စားလိုက်စမ်းပါ!” ရွှီရှောင်ရှို့၏ တောင်းပန်တိုးလျှိုးနေသည့် မျက်လုံးများကို မြင်သောအခါ အဘိုးကြီးက အမိန့်ပေးသည့်လေသံဖြင့် ပြောလိုက်သည်။ “အဆင်ပြေသွားမှာပါ။ အနည်းငယ် နာကျင်ရနိုင်ပေမဲ့... မင်းရဲ့ မွေးရာပါအဆင့် ခန္ဓာကိုယ်နဲ့ဆိုရင် ခဏလောက် အောင့်ခံလိုက်ရုံနဲ့တင် ပြီးသွားမှာပါ”
‘အဘိုးကို စကားမပြောဘဲ နေပေးဖို့ တောင်းပန်ချင်ပါတယ်!’ သူ စိတ်ထဲကနေ တွေးလိုက်မိပြီး ဒူးထောက်လုနီးပါး ဖြစ်သွားခဲ့ရသည်။ ‘အဘိုး အဲဒီအကြောင်းကို မပြောခင်တုန်းက အဆင်ပြေသေးတယ်၊ အခု အဲဒီလို ပြောလိုက်တော့... ငါ့နှလုံးသားထဲက မျှော်လင့်ချက်မီးတောက်လေးတောင် အေးစက်သွားပြီ!’
သူသည် လက်သည်းခွံခန့်ရှိသော အနီရောင် အစေ့လေးကို အတင်းအဓမ္မ လက်ခံလိုက်ရပြီး... ၎င်းက သူ့လက်ထဲတွင် မျှော်လင့်မထားဘဲ အလွန်အမင်း ပူပြင်းနေကြောင်း သတိပြုမိလိုက်သည်။
ရွှီရှောင်ရှို့ ထိတ်လန့်သွားခဲ့ရသည်။ သူက မွေးရာပါအဆင့် ခန္ဓာကိုယ် ရှိတာလေ။ သာမန်လူတစ်ယောက်ရဲ့ လက်ထဲမှာသာဆိုရင် ဒီအစေ့က အရည်ပျော်ပြီး လက်ကို ဖောက်ထွက်သွားလောက်ပြီ မဟုတ်ဘူးလား။
သူ ကောက်ရိုးဦးထုပ်ဆောင်းထားသည့် အဘိုးကြီးကို ထပ်မံ ငေးကြည့်လိုက်ရာ... အဘိုးကြီးက သူ့ကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်နေကြောင်း သတိပြုမိလိုက်သည်။ “စားလိုက်ပါ! တကယ့်ကို အရသာရှိတယ်!”
ဒီလူက သေချာပေါက် အရေးကြီးလှတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ရမည်၊ ဒါကြောင့် သူ့ကို အဆိပ်ခတ်ဖို့ ဒါမှမဟုတ် ရာဂစိတ်ကြွဆေးတွေကျွေးပြီး ကစားဖို့အတွက် ဒီလိုနည်းလမ်းမျိုး သုံးစရာ မလိုချေ...
ဟင်...
ရွှီရှောင်ရှို့ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ရသည်။ သူက ရုပ်ချောတာ မှန်သော်လည်း... တစ်ယောက်ယောက်က သူ့ကို အတင်းအဓမ္မ ပိုင်ဆိုင်ချင်လောက်တဲ့အထိတော့ ရုပ်ချောမနေပါချေ။
‘ငါ အစွမ်းကုန် ကြိုးစားကြည့်ရမှာပဲ!’ သူ တွေးလိုက်မိ၏။
“ဂလု...”
ရွှီရှောင်ရှို့ အဆိပ်ကို သောက်သုံးနေရသလိုမျိုး ခံစားလိုက်ရသည်။ သူ စိတ်ပျက်အားလျော့စွာဖြင့် အစေ့ကို မျိုချလိုက်ပြီးနောက် အဘိုးကြီးကို လှမ်းကြည့်လိုက်ကာ - “နောက်ထပ် ဘာဖြစ်မှာလဲ...” ဟု မေးလိုက်သည်။
“နောက်ထပ် ဟုတ်လား...” သူက မေးလိုက်၏။
“နောက်ထပ် ဘာမှ မရှိတော့ဘူး!”
အဘိုးကြီးက ရက်စက်ကြမ်းကြုတ်စွာ ရယ်မောလိုက်ပြီးနောက်... မည်သည့်ခြေရာလက်ရာမျှ မချန်ဘဲ ရုတ်တရက် ပျောက်ကွယ်သွားခဲ့တော့သည်။
တောက်...
ရွှီရှောင်ရှို့ ဒေါသတကြီးဖြင့် ပေါက်ကွဲလုနီးပါး ဖြစ်သွားခဲ့ရသည်။ “ဒါက ဘာကြီးလဲ...”
“အဘိုးက ကျွန်တော့်ကို အမည်မသိ အရာတစ်ခု ပေးတယ်၊ အတင်းစားခိုင်းတယ်၊ ပြီးတော့ ကျွန်တော် စားပြီးတာနဲ့ ချက်ချင်း ထွက်သွားတယ်...”
“ထွက်သွားပြီ!”
“အဘိုးကြီး တကယ်ပဲ ထွက်သွားတာလား!”
ရွှီရှောင်ရှို့ ရူးသွပ်မတတ် ဖြစ်သွားခဲ့ရသည်။ တကယ်လို့ သူ ဒီအဘိုးကြီးကို နောက်တစ်ကြိမ် ထပ်တွေ့ခဲ့မယ်ဆိုရင်... သူ့ရဲ့ ‘ဖြတ်သန်းစီးမျောတိမ်ဖြူ’ ကို ချက်ချင်း သုံးစွဲပစ်မည်ဟု ကျိန်ဆိုလိုက်မိ၏။ ‘နောက်ထပ် ဘာမှမရှိတော့ဘူး’ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်အစစ်အမှန်ကို သူ အဘိုးကြီးကို သင်ခန်းစာ ပေးလိုက်မည်!
နောက်တစ်စက္ကန့်တွင်တော့... ရွှီရှောင်ရှို့ သူ့မျက်နှာတစ်ခုလုံး ရဲရဲနီလာပြီး ခန္ဓာကိုယ်တစ်ခုလုံး ပူပြင်းလာကြောင်း ခံစားလိုက်ရသည်။
သူ့မျက်နှာပင်လျှင် တုန်ခါနေခဲ့ရ၏။
“ငါတော့ သွားပြီ!”
“ငါ့ခန္ဓာကိုယ်... ငါ့ခန္ဓာကိုယ်က ထူးဆန်းနေပြီ...”
“ဒါက ဘယ်လိုမျိုး ထူးဆန်းတဲ့ ခံစားချက်ကြီးလဲ!?”
ရွှီရှောင်ရှို့ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။ “အဲဒီအဘိုးကြီးက တစ်ယောက်ယောက်ကို သွားခေါ်ဖို့အတွက် ထွက်သွားတာလား...!”
“ကယ်ကြပါဦး!”
“ကျွန်တော်က အဲဒီလောက်အထိ တန်ဖိုးမရှိပါဘူး! ကယ်ကြပါဦး!”