သစ်ပင်ပန်းမာန်များပေါ်တွင် နှင်းစက်များ တွဲလဲခိုနေပြီး အရှေ့ဘက်ဆီမှ ထွက်ပြူလာသော နံနက်ခင်း နေမင်းကြီးထံမှ နေရောင်ခြည်နုနုကို မြူခိုးများက ဖုံးလွှမ်းထားသည်။
‘ထျန်းဆန်း ဝိညာဉ်နန်းတော်’ ရဲ့ ဝိညာဉ်ကျင့်ကြံသူများသည် နိုးနိုးကြားကြား ရှိနေကြပြီဖြစ်ပြီး နေရာအနှံ့အပြားတွင် ဝိညာဉ်စွမ်းအားများကို စုပ်ယူကျင့်ကြံနေကြပြီ ဖြစ်သည်။ တချို့က သစ်ပင်ထက်တွင်၊ တချို့က ဇရပ်ငယ်လေးများတွင်၊ တချို့ကတော့ မိတ်ဆွေများ၏ အိမ်ရှေ့ဝင်းများထဲတွင်ပေါ့...
သစ်ရွက်ကလေးများ တရှဲရှဲ လှုပ်ခတ်နေပြီး ဝိညာဉ်သပိတ်စွဲငှက်ကလေးများကလည်း တကျိကျိ အော်မြည်နေကြသည်။ အရာအားလုံးက အေးချမ်းသာယာပြီး လှပလွန်းလှ၏။
သို့သော်လည်း တိတ်ဆိတ်ပြီး ကွေ့ကောက်နေသော လမ်းကလေးတစ်ခုပေါ်တွင်တော့ လျှို့ဝှက်ဆန်းပြားသည့် လူရိပ်နှစ်ခုက ကုပ်ကုပ်ကုပ်ကုပ်ဖြင့် လှုပ်ရှားနေကြသည်။ ထိုသူနှစ်ဦးထဲမှ တစ်ဦးက အရပ်ရှည်ရှည် ဗလတောင့်တောင့် ဗဟိဒ္ဓကိုယ်ထည်နှင့် ဖြစ်ပြီး တခြားတစ်ဦးကတော့ အရပ်ပုပု ခပ်ပြည့်ပြည့် ဖြစ်သည်။
အရပ်ရှည်ရှည်နှင့် လူကတော့ ကြွက်သားအမြှောင်းမြှောင်းနှင့် လူသန်ကြီးတစ်ဦး ဖြစ်သည်။ သူ့လက်ထဲတွင် ဂုန်နီအိတ်တစ်လုံးကို ကိုင်ထားပြီး ဘယ်ပြန်ညာပြန် လှည့်ပတ်ကြည့်နေကာ ခါးကြီးကိုလည်း ကိုင်းထားသေးသည်။ သူ တစ်ခုခု မကောင်းတာလုပ်ဖို့ ကြံစည်နေသည်မှာ သိသာလွန်းလှ၏။
သူ့ဘေးတွင်တော့ ထိုလူသန်ကြီး၏ လည်ပင်းလောက်သာ အရပ်ရှိသည့် လူငယ်လေးတစ်ဦး ပါလာသည်။ ခါးတွင် ဓားရှည်တစ်လက်ကို ချိတ်ဆွဲထားပြီး မျက်နှာပေါ်တွင်တော့ စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်များ အထိုင်းအမှိုင်း ရှိနေသည်။
“စီနီယာလျူ... ကျွန်တော်တို့ကို ဘာလို့ အလောင်းကောက်တဲ့ တာဝန် ပေးလိုက်ရတာလဲ။ ပုံမှန်ဆိုရင် အပြင်စည်းက အကြီးအကဲတွေပဲ ဒါကို ဖြေရှင်းကြတာ မဟုတ်ဘူးလား” ဟု အရပ်ပုပုနှင့် လူငယ်လေး ‘ကျိုးဇော့’ က မေးလိုက်သည်။
“ဒါက သေချာပေါက် နောက်ကွယ်ကနေ ကြိုးကိုင်ထားလို့ပေါ့ကွ။ မင်းက ဒီလို အခွင့်အရေးမျိုးက ကောင်းကင်ကနေ ဒီအတိုင်း အလကား ပြုတ်ကျလာတယ် အောက်မေ့နေတာလား” လူသန်ကြီး ‘လျူကျိန်း’ က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ သူတို့ကို ဘယ်သူမှ ဂရုမစိုက်မှန်း သိလိုက်ရမှ အသက်ကို ဝဝရှူနိုင်တော့သည်။ “ငါကြားတာတော့ ဘော့စ်ဝမ်က သူတို့ကို ‘ဝိညာဉ်ကျောက်တုံး’ တော်တော်များများ ပေးလိုက်ရတယ်တဲ့။”
“သြော်... ဒါကြောင့်ကိုး...” ကျိုးဇော့က မျက်လုံးလေး မှေးလိုက်ပြီး လက်နှစ်ဖက်ကို ပွတ်သပ်ကာ အသံကို နှိမ့်လိုက်သည်။ “ဒါနဲ့... ကျွန်တော်တို့က ဘယ်သူ့အလောင်းကို သွားကောက်ရမှာလဲ။”
“ရွှီရှောင်ရှို့ ရဲ့ အလောင်းလေကွာ...” လျူကျိန်းက လမ်းလျှောက်ရင်း ပြောလိုက်သည်။ “ငါကြားတာတော့ အဲဒီကောင်က ဖုန်းယွင်သိုင်းပြိုင်ပွဲအတွက် အဆင့် ၃ ကို ကျော်ဖြတ်နိုင်ဖို့ သေမထူးနေမထူး ဂူအောင်းကျင့်ကြံနေတာတဲ့။ အချိန်တွက်ကြည့်ရင် ဒီနေ့က သူ့ရဲ့ နောက်ဆုံးနေ့ပဲ။ သူ ဂူထဲကနေ ထွက်မလာတာ တော်တော်ကြာပြီဆိုတော့ သေချာပေါက် သေနေလောက်ပြီ။”
“အဆင့် ၃ ဟုတ်လား...” ကျိုးဇော့က သူ့ကို အံ့သြတုန်လှုပ်စွာ ကြည့်လိုက်သည်။ ရွှီရှောင်ရှို့ရဲ့ ကျင့်ကြံခြင်းအဆင့်က သူ့ထက်တောင် သိပ်မသာလှချေ။ “အဆင့် ၃ သမားတစ်ယောက်မှာ ဘာတန်ဖိုးရှိတဲ့ ရတနာတွေ ရှိမှာမို့လို့လဲ။ သူ့ဘာသာသူ အသေခံလိုက်တာပဲ ကောင်းပါတယ်။”
“မင်းက ဘာသိလို့လဲဟ” လျူကျိန်းက သူ့ကို လှမ်းငေါက်လိုက်သည်။ “အဲဒီ ရွှီရှောင်ရှို့က ဝိညာဉ်နန်းတော်ကို ရောက်နေတာ သုံးနှစ်နီးပါး ရှိပြီကွ။ ဘာမှမရှိဘူးဆိုရင်တောင် သူ့ရဲ့ အိမ်ရှေ့ဝင်းကတင် ဝိညာဉ်ကျောက်တုံး ထောင်ချီ တန်တယ်။”
“ဝါး... သူက အဲဒီလောက်တောင် ချမ်းသာတာလား။”
“ဒါပေါ့။ ပြီးတော့ သူ့မှာ ‘နဝမအဆင့်’ ရှိတဲ့ ဝိညာဉ်ဓားတစ်လက် ရှိတယ်လို့လည်း ငါကြားထားသေးတယ်။”
ကျိုးဇော့သည် ထိုစကားကို ကြားလိုက်ရသောအခါ မျက်လုံးအစုံက အရည်ပျော်ကျလုမတတ် အံ့သြသွားတော့သည်။ “နဝမအဆင့် ဝိညာဉ်ဓား ဟုတ်လား...”
“အသံကို နှိမ့်စမ်းပါကွာ” လျူကျိန်းက ဘေးပတ်ဝန်းကျင်ကလူတွေ ကြားသွားမှာ စိုးရိမ်သဖြင့် သတိပေးလိုက်သည်။ ပတ်ဝန်းကျင်က လူအချို့၏ မကျေနပ်သည့် အကြည့်များကို မြင်လိုက်ရသဖြင့် သူ့အဖော်၏ ခေါင်းကို ထပ်ပြီး ရိုက်လိုက်မိသည်။ ဒီကောင်က တခြားလူတွေ ကြားအောင် ဘာလို့ အဲဒီလောက် အော်ပြောနေရတာလဲ။
သူတို့နှစ်ဦးသည် ကွေ့ကောက်နေသော လမ်းကလေးအတိုင်း စကားတပြောပြောဖြင့် လျှောက်လာကြပြီးနောက် နောက်ဆုံးတွင်တော့ တိတ်ဆိတ်သော အိမ်ရှေ့ဝင်းတစ်ခု ရှေ့သို့ ရောက်လာခဲ့ကြသည်။ ထိုဝင်းတစ်ခုလုံးကို ဝိညာဉ်အကာအကွယ် အစီအရင်ကြီးတစ်ခုဖြင့် ဖုံးလွှမ်းထား၏။
ရှေ့ကနေ လမ်းပြလာသော လျူကျိန်းက ဗြုန်းစားကြီး ခြေလှမ်းရပ်လိုက်သည်။
“တော်တော်လေးတော့ ဝေးသား... အမေရေ...”
နောက်ကနေ လိုက်လာသည့် ကျိုးဇော့က လျူကျိန်း၏ ကျောပြင်ကြီးကို အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်မိသွားတော့သည်။ သူက နာကျင်သွားသော နဖူးလေးကို ပွတ်သပ်ရင်း ညည်းညူလိုက်မိ၏။ “စီနီယာလျူ... ဘာလို့ ချက်ချင်းကြီး ရပ်လိုက်ရတာလဲ...”
သူက အရပ်ပုသဖြင့် ရှေ့တွင် ဘာရှိသည်ကို မမြင်ရချေ။ ထို့ကြောင့် ဘေးကို တိုးထွက်ကြည့်လိုက်သည့် အခါမှာတော့ လျူကျိန်း ဘာလို့ ရုတ်တရက် ခြေလှမ်းရပ်သွားလဲဆိုတာကို ချက်ချင်း သဘောပေါက်သွားတော့သည်။
အိမ်ရှေ့ဝင်း၏ ရှေ့တွင် လူတစ်ဒါဇင်ခန့် တင်ပလ္လင်ခွေ ထိုင်နေကြသောကြောင့် ဖြစ်သည်။
သူတို့က စကားမပြောကြချေ။ အားလုံးက တိတ်ဆိတ်စွာ ထိုင်နေကြပြီး ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေကြသည်။ ကြည့်ရတာ တကယ့်ကို ညီညွတ်မျှတလွန်းလှ၏။
“လူတွေက ဘာလို့ ဒီလောက်တောင် များနေရတာလဲ...”
ကျိုးဇော့ ဇဝေဇဝါ ဖြစ်သွားသည်။ သူက ခေါင်းမော့ပြီး လျူကျိန်းကို ကြည့်လိုက်ကာ - “စီနီယာ... ဘော့စ်ဝမ်က ဝိညာဉ်ကျောက်တုံးတွေ အများကြီး အကုန်အကျခံပြီးမှ ဒီအခွင့်အရေးကို ရတာဆို” ဟု သံသယဖြင့် မေးလိုက်သည်။
လျူကျိန်းက ကျိုးဇော့၏ ခေါင်းကို လက်ဝါးဖြင့် ဖြုန်းခနဲ ရိုက်ချလိုက်ပြန်သည်။ သူ ဒေါသထွက်လွန်းသဖြင့် စကားပင် မထွက်နိုင်တော့။
“မင်း မမြင်ဘူးလား။ ဒီကောင်တွေ အကုန်လုံးက ဉာဏ်များကြတာကွ။”
“တောက်... ကျင့်ကြံဖို့ တခြားနေရာ ရှာမရတော့ဘူးကျနေတာပဲ၊ ဘာလို့ ဒီနေရာမှ ရွေးလာကြတာလဲ။ သတင်းပေါက်ကြားသွားတာ သေချာပြီ။”
ကျိုးဇော့က မျက်နှာလေး ရှုံ့မဲ့ကာ သူ့ခေါင်းကို ပြန်ပွတ်နေမိသည်။ ‘ကိုယ့်ဒေါသကို ကျွန်တော့်ပေါ် လာပုံချမနေပါနဲ့’ ဟု စိတ်ထဲကပဲ ကျိန်ဆဲနေလိုက်၏။
အိမ်ရှေ့ဝင်းတွင် ထိုင်နေကြသည့် လူတစ်ဒါဇင်ကျော်က တခြားလူတွေ ရောက်လာတာကို မြင်သောအခါ မပျော်ဘဲ မနေနိုင်ကြချေ။ အားလုံးက စကားတပြောပြော လုပ်လာကြသည်။
“ဟော... တခြားလူတွေတောင် ရောက်လာသေးတယ်ဟ။ နည်းနည်းတော့ နောက်ကျသွားပြီနော်၊ အရှေ့ဘက်မှာ နေတောင် ထွက်နေပြီ။”
“ဒါ လျူကျိန်းပဲ ဖြစ်ရမယ်။ သူ့ဘေးကလူက ဘယ်သူလဲ။ လူသစ်ထင်တယ်၊ အခြေအနေလာကြည့်တာလား။”
“ဟေး... လျူကျိန်း၊ မင်းက တော်တော်လေး ပေါ့ဆတာပဲ။ ငါ နေမထွက်ခင်ကတည်းက လာတာ၊ အဲဒီအချိန်ကတည်းက လူတွေ ရောက်နေပြီကွ...”
“ဟဲဟဲ... ငါကတော့ မနေ့ညကတည်းက ရောက်နေတာ။”
“ငါက လွန်ခဲ့တဲ့ နှစ်ရက် ကတည်းက ရောက်တာ။”
“ငါကတော့ လွန်ခဲ့တဲ့ သုံးရက်ကတည်းကဟေ့။”
ဝင်းရှေ့တွင် ဆူညံပွက်လောရိုက်သွားတော့သည်။ လျူကျိန်းကတော့ သူတို့ ကြွားလုံးထုတ်နေတာလား၊ တကယ်ပြောတာလား မခွဲခြားနိုင်တော့ချေ။ နောက်ဆုံးတွင်တော့ လူတစ်ယောက်က သူ ဒီနေရာမှာ ရှိနေတာ တစ်လရှိပြီဟု ပြောလိုက်ရာ... အားလုံးက ထိုလူ့ကို အံ့သြလေးစားစွာဖြင့် လှည့်ကြည့်လိုက်ကြသည်။
လျူကျိန်းတစ်ယောက် ခေါင်းတွေ မူးနောက်သွားပြီး ဒေါသတကြီးဖြင့် အော်ပစ်လိုက်သည်။ “မင်းတို့အားလုံးက ဒီကို ဘာလာလုပ်ကြတာလဲ...”
“ဟေး... လျူကျိန်း၊ ဒါကိုတော့ ငါတို့ ဖွင့်ပြောလို့မရဘူး။”
“ဒါပေမဲ့ မင်း တကယ်သိချင်တယ်ဆိုရင်တော့... ငါတို့က နဝမအဆင့် ဝိညာဉ်ဓားအတွက် လာခဲ့ကြတာ။”
ကျိုးဇော့တစ်ယောက် ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရသည်။ အားလုံးက ဒီသတင်းကို သိနေကြတာပဲလား။ ဟီးဟီး... စီနီယာလျူကတော့ သူ့ကို တိုးတိုးပြောဖို့ သတိပေးနေသေးသည်။
သူက လျူကျိန်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ပြောမည့်စကားလုံးတွေကို ပြန်မျိုချလိုက်ရသည်။ လျူကျိန်း၏ မျက်နှာကြီးက မီးရှူးမီးပန်းတွေကို ဝါးမြိုထားသည့်အလား မည်းမှောင်နေပြီး နောက်တစ်စက္ကန့်မှာတင် ပေါက်ကွဲထွက်တော့မည့်ပုံစံ ဖြစ်နေသည်။
လျူကျိန်းတစ်ယောက် ရင်ဘတ်ကြီး ပေါက်ကွဲမတတ် ခံစားနေရသည်။ ဘော့စ်ဝမ်က ဝိညာဉ်ကျောက်တုံးတွေ အများကြီးပေးပြီးမှ ရလာတဲ့ သတင်းက ဘာလို့ ဒီလောက်တောင် တန်ဖိုးမရှိ ဖြစ်သွားရတာလဲ။
သူတို့ဘက်က လူတွေကတော့ သတင်းပေါက်ကြားအောင် လုပ်မှာမဟုတ်ဘူး၊ ဒါဆို ဒီကောင်တွေ အကုန်လုံးက အကြီးအကဲကို လာဘ်ထိုးထားကြတာလား။
စောစောကလူက ဖွင့်ပြောလို့မရဘူးလို့ ပြောတယ်ဆိုတော့…
တောက်... ဘယ်အကြီးအကဲကများ ဒီလောက်တောင် ကိုယ်ကျင့်တရားပျက်ပြားပြီး သတင်းတစ်ခုတည်းကို လူအများကြီးဆီ လျှောက်ရောင်းနေရတာလဲ။
သူ ပြောချင်တဲ့ စကားတွေကို အပြင်ထုတ်လို့မရဘဲ လည်ချောင်းထဲမှာ တစ်ခုခု နင်နေသလို ခံစားလိုက်ရသည်။ သူတို့နှစ်ယောက်လုံး လမ်းကလေးရှေ့တွင် ငုတ်တုတ်မေ့နေကြရာ... လေထုတစ်ခုလုံးက ငိုကြွေးနေတဲ့ ကျီးကန်းတစ်ကောင်လို အိုးတိုးအမ်းတမ်း ဖြစ်သွားတော့သည်။
ဝင်းရှေ့က လူတွေကတော့ ဒီလိုအခြေအနေမျိုးကို အကြိမ်ကြိမ် ကြုံဖူးနေပုံရပြီး မြေကြီးကို ကျွမ်းကျင်စွာ ပုတ်ပြလာကြသည်။
“လျူကျိန်း... ဒီကိုလာပြီး ထိုင်ပါဦး။”
“အားမနာပါနဲ့ကွာ၊ မင်းကိုယ်ပိုင် အိမ်ရှေ့ဝင်းလိုပဲ သဘောထားလိုက်ပါ။”
“ဟားဟား...” ကျိုးဇော့တစ်ယောက် မထိန်းနိုင်တော့ဘဲ ဟားတိုက်ရယ်မောမိတော့သည်။
လျူကျိန်းက သူ့ကို ရိုက်ချပြီး မြေကြီးပေါ် တွန်းလှဲလိုက်ကာ စိတ်ပျက်လက်ပျက်ဖြင့် လှမ်းလျှောက်လာခဲ့သည်။ သို့သော်လည်း လမ်းတစ်ဝက်တွင် အိမ်ရှေ့ဝင်းကို ကြည့်လိုက်မိပြီး အံ့သြမှင်တက်ကာ ခြေလှမ်းရပ်သွားပြန်သည်။
အိမ်ရှေ့ဝင်းကို ဖုံးလွှမ်းထားသည့် ဒြပ်မဲ့ အကာအကွယ်အတားအဆီးကြီးက လှိုင်းတွန့်တွေလို လှုပ်ခတ်လာတာကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။ နောက်တစ်စက္ကန့်မှာတော့ အကာအကွယ်ကြီးက ကွဲအက်သွားပြီး ဝင်းတံခါးကြီး ပေါ်ထွက်လာခဲ့သည်။
မြေကြီးပေါ်တွင် တင်ပလ္လင်ခွေ ထိုင်နေကြသည့် လူအုပ်ကြီးကလည်း ဒီအပြောင်းအလဲကို သတိထားမိသွားကြပြီး အားလုံးက လှည့်ကြည့်လိုက်ကြသည်။ တချို့က ကောင်းကင်ယံရဲ့ အရောင်အဝါကို ကြည့်ပြီး တစ်ခုခု မှားနေပြီမှန်း သတိထားမိသွားကြ၏။
“ဘယ်နှစ်နာရီ ရှိပြီလဲ။ အစီအရင်က မွန်းတည့်မှ ပျက်မှာဆို။”
“ဘယ်သူက အစီအရင်ကို ဖျက်လိုက်တာလဲ။ ဒီထဲမှာ အစီအရင်ဖျက်တတ်တဲ့လူ မပါဘူးလေ။ မင်းလုပ်တာလား... လျူကျိန်း။”
လျူကျိန်းတစ်ယောက် ရှေ့ကို ပြေးသွားပြီး ထိုလူ့ကို မြေကြီးထဲ စိုက်ပစ်ချင်စိတ် ပေါက်သွားသည်။ သူက အိမ်ရှေ့ဝင်းနဲ့ ဒီလောက်တောင် ဝေးတဲ့နေရာမှာ ရှိနေတာကို အစီအရင်ကို ဘယ်လိုလုပ် သွားဖျက်နိုင်မှာလဲ။
ပြီးတော့ မင်းက ဘာမို့လို့ ငါ့နာမည်ကို သူငယ်ချင်းလို လာခေါ်နေရတာလဲ။ ငါတို့က မရင်းနှီးဘူးကွ။ မင်းကိုလည်း ငါမသိဘူး။
လျူကျိန်းတစ်ယောက် သူ့ကို လာပြီး ဆရာလုပ်နေကြတဲ့ လူအုပ်ကြီးကို စကားပင် မဆိုချင်တော့ချေ။ သို့သော်လည်း အခုက အဲဒီကိစ္စတွေကို အာရုံစိုက်နေရမယ့် အချိန်မဟုတ်။ သူက ရှေ့က ဝင်းတံခါးကြီးဆီကိုသာ အကြည့်စုစည်းလိုက်သည်။
ကျွီ...
တံခါးကြီး ပွင့်ဟသွားခဲ့သည်။ ဓားအမည်းရောင်တစ်လက်ကို ထမ်းထားသည့် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူငယ်တစ်ဦးက အိပ်ချင်မူးတူး မျက်လုံးများဖြင့် တံခါးဝတွင် မှီရပ်နေသည်။
“မနက်စောစောစီးစီး ဘာလို့ ဒီလောက်တောင် ဆူညံနေကြတာလဲ။ လူကို အိပ်ခွင့်မပေးချင်ကြဘူးလား။”
ရွှီရှောင်ရှို့တစ်ယောက် စိတ်ပျက်နေမိသည်။ သူ မနေ့ညက ကျင့်ကြံဖို့ ပြင်ဆင်ခဲ့ပေမဲ့ ရုတ်တရက် အတွေးတစ်ခု ဝင်လာခဲ့တာ ဖြစ်သည် - သူ အိပ်ပျော်နေရင်လည်း အသက်ရှူနေရတာပဲ၊ အသက်ရှူနေသရွေ့က ကျင့်ကြံနေတာပဲ မဟုတ်လား...
ဒါကြောင့် သူ ကုတင်ပေါ် လှဲပြီး အိပ်ပစ်လိုက်တာ ဖြစ်သည်။
သူ ခြင်တစ်ကောင်ကို ရိုက်သတ်ပြီးတာနဲ့ နောက်ထပ် ခြင်တစ်ကောင် ပေါ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။ ပြီးတော့ အဲဒီနောက်မှာ နောက်ထပ် သုံးကောင်တောင် ထပ်တိုးလာသေးသည်။
ခြင်တွေရဲ့ နှိပ်စက်မှုကြောင့် သူ ကောင်းကောင်း အိပ်မပျော်ခဲ့ရချေ။ တစ်ညလုံး အသည်းအသန် ရုန်းကန်ပြီးနောက် မနက်ခင်းကျမှ အိပ်ပျော်သွားခဲ့တာ ဖြစ်သော်လည်း အခုတော့ မနက်စောစောစီးစီး ဆူညံသံတွေကြောင့် လန့်နိုးလာရပြန်ပြီ။
အိမ်ရှေ့ဝင်းပတ်ပတ်လည်မှာ အသံလုံအစီအရင် ရှိနေပေမဲ့ ဒါက အဆင့်မြင့်အစီအရင်မျိုး မဟုတ်ချေ။
ဒီလူအုပ်ကြီးရဲ့ အသံက တဖြည်းဖြည်း ကျယ်လောင်လာပြီး သူတို့ရဲ့ အော်ဟစ်သံတွေက သူ့အခန်းထဲအထိ ခြင်တဝီဝီအော်သံလိုမျိုး စီးဝင်လာခဲ့တာ ဖြစ်သည်။
ထပ်ပြီး သည်းမခံနိုင်တော့တာကြောင့် သူ ဓားကို ဆွဲပြီး ကုတင်ပေါ်က ထလာခဲ့ခြင်း ဖြစ်ပေသည်။
ရွှီရှောင်ရှို့က အပြင်စည်းမှာ သုံးနှစ်တိုင်တိုင် နေခဲ့တာဖြစ်လို့ ဒီလူအုပ်ကြီး ဘာတွေးနေလဲဆိုတာ သေချာပေါက် သိသည်။ သူ သေသွားပြီအမှတ်နဲ့ အခွင့်ကောင်းယူပြီး အလောင်းလာကောက်ကာ အမြတ်ထုတ်ချင်နေကြတာ ဖြစ်သည်။
ကံဆိုးချင်တော့... သူ သေသွားခဲ့တာ မှန်ပေမဲ့ တခြား ‘သူ’ တစ်ယောက်က ထပြီး အစားထိုးဝင်ရောက်သွားခဲ့ပြီ မဟုတ်ပါလား။
သူက တံခါးဝတွင် မှီရပ်ရင်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ကာ သရော်တော်တော် အသံဖြင့် - “ဟေ့လူတွေ... မနက်စောစောစီးစီး ငါ့တံခါးဝမှာ ဘာလာအုံနေကြတာလဲ။ ငါ မနက်စာ ဝယ်မစားဘူးနော်” ဟု ပြောလိုက်သည်။
လူအုပ်ကြီးအားလုံးက တံခါးဝမှာ မှီရပ်နေသည့် ဓားသမားလေးကို လှမ်းကြည့်လိုက်ကြပြီး အားလုံး ဆွံ့အသွားကြတော့သည်။
ရွှီရှောင်ရှို့ ဟုတ်လား...
သူ အဆင့်တက်ပြီး ဂူထဲက ထွက်လာတာလား။
ပါရမီမရှိရင် ဘယ်မှ ခရီးမရောက်နိုင်ဘူးဆိုတာ လူတိုင်း သိကြတာပဲ။ ရွှီရှောင်ရှို့ကလည်း ပြီးခဲ့တဲ့ သုံးနှစ်လုံးလုံး သူက မွေးရာပါ အဆင့် ၃ မှာတင် ပိတ်မိနေမယ့်လူလို့ လူတိုင်းကို သက်သေပြခဲ့တာ မဟုတ်လား။ သူက ဘာမို့လို့ သေမထူးနေမထူး ဂူအောင်းရုံနဲ့ အဆင့်တက်လာနိုင်ရတာလဲ။
သူက ဘယ်လို ကံကောင်းခြင်းမျိုးကို ရရှိသွားတာလဲ။
“ရွှီရှောင်ရှို့လား...”
“မင်း မသေဘူးပေါ့...”
“ဘာဖြစ်သွားတာလဲ... မင်း... မင်း တကယ်ကြီး အဆင့် ၄ ကို တက်သွားတာလား...”
ရွှီရှောင်ရှို့ စကားပြန်ပြောဖို့ ပြင်လိုက်စဉ်မှာပဲ သူ့ရဲ့ စိတ်အာရုံထဲက မျက်နှာပြင်မှာ သတိပေးတ စာသားအသစ် ပေါ်လာတာကို တွေ့လိုက်ရသည်။
[သံသယဝင်ခြင်း ခံလိုက်ရသည်။ အလိုအလျောက် ရမှတ် +12]
ရွှီရှောင်ရှို့တစ်ယောက် ရင်ထဲမှာ အပျော်ကြီး ပျော်သွားတော့သည်။ သူ မနေ့ညက သူ့ရဲ့ နုပျိုတဲ့ အသားအရေနဲ့ ခြင်တွေကို ဆွဲဆောင်ပြီး ရမှတ်တွေတက်အောင် အသည်းအသန် ကြိုးစားခဲ့ရလို့ စိတ်ပျက်နေခဲ့တာ ဖြစ်သည်။ အခုကြည့်ရတာတော့...
တိုက်ခိုက်ခံရမှ ရမှတ်တက်တာ မဟုတ်ဘဲ သံသယဝင်ခံရရင်လည်း ရမှတ်တက်တာပဲ ဖြစ်ရမည်။
ဒါဆို တစ်ဖက်လူက ကိုယ့်အပေါ် သံသယဝင်မယ့် စကားလုံးတွေ၊ လုပ်ရပ်တွေ လုပ်မိရင်လည်း ရမှတ်တွေ တက်လာမှာပေါ့။
အခုတင် ရလိုက်တဲ့ ရမှတ်တွေနဲ့ မနေ့ညက ခြင်ခြောက်ကောင်ရဲ့ တိုက်ခိုက်မှုကို ခံရလို့ ရထားတဲ့ ရမှတ်တွေကို ပေါင်းလိုက်ရင် သူ့မှာ အခု ‘အလိုအလျောက် ရမှတ်’ ၁၈ မှတ် ရှိနေပြီ ဖြစ်သည်။
ဒါပေမဲ့ သူ မနေ့ညက ခြင်အကိုက်ခံရတုန်းက တစ်ခါကို ၁ မှတ်ပဲ တက်တာ၊ ဘာလို့ သံသယဝင်ခံရတဲ့အချိန်ကျမှ ချက်ချင်းကြီး ‘+12’ တောင် တက်သွားရတာလဲ။
ရွှီရှောင်ရှို့ ဇဝေဇဝါ ဖြစ်သွားသည်။ သူက ရှေ့က လူတွေကို လှမ်းရေတွက်ကြည့်လိုက်ရာ... စုစုပေါင်း ၁၇ ယောက် ရှိသည်။
ဒါဆို ဒီလူအုပ်ထဲက ၁၂ ယောက်က သူ အဆင့် ၄ ကို ရောက်သွားတယ်ဆိုတာကို သံသယဝင်နေကြတာပေါ့။
ကျိုးဇော့က လျူကျိန်းရဲ့ ဘေးကို အမြန်တိုးသွားပြီး တိုးတိုးလေး မေးလိုက်သည်။ “စီနီယာ... ဒါ ရွှီရှောင်ရှို့လား...”
[သံသယဝင်ခြင်း ခံလိုက်ရသည်။ အလိုအလျောက် ရမှတ် +1]
ရွှီရှောင်ရှို့ ပိုပြီး သဘောကျသွားသည်။ သူ့ရဲ့ အကြားအာရုံက အလွန်ကောင်းမွန်လှ၏။ ဒီအလောင်းကောက်သမားတွေထဲမှာ သူ ဘယ်သူ့အလောင်းကို လာကောက်ရမှန်းတောင် မသိတဲ့လူ ပါနေသေးတယ်ပေါ့။
သူက ဓားအမည်းရောင်ကို ကိုင်ပြီး ဝင်းထဲကနေ လှမ်းထွက်ခဲ့ရာ လူအုပ်ကြီးက အနောက်ကို အလိုအလျောက် ဆုတ်သွားကြသည်။
ရွှီရှောင်ရှို့က သူ ဂူအောင်းကျင့်ကြံတော့မည့်အကြောင်းကို ပြသရန်အတွက် သူ့မှာရှိသမျှ ဝိညာဉ်ကျောက်တုံးအားလုံးကို အကုန်အကျခံပြီး နဝမအဆင့် ဝိညာဉ်ဓားကို ဝယ်ယူခဲ့တာ ဖြစ်သည်။
ဓားရဲ့ နာမည်က ‘ကွယ်ပျောက်ခြင်း နာကျင်မှု’ ဟု အဓိပ္ပာယ်ရပြီး သူ့ရဲ့ နာကျင်မှုနဲ့ ခံစားချက်တွေကို ဖုံးကွယ်ထားခြင်း ဖြစ်သည်။ တကယ်လို့ သူသာ အဆင့်မတက်နိုင်ခဲ့ရင် ဒီဓားနဲ့အတူ အသေခံမယ်လို့ ဆုံးဖြတ်ထားခဲ့တာ ဖြစ်သည်။
အခုတော့ သူ အဆင့် ၄ ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး သူ့မှာ နဝမအဆင့် ဝိညာဉ်ဓားနဲ့အတူ သုံးနှစ်ပတ်လုံး လေ့ကျင့်ခဲ့တဲ့ ‘မိုးတိမ်ဖြူ ဓားကွက်’ လည်း ရှိနေပြီ ဖြစ်သည်။ သူက တစ်ကွက်တည်းသာ တတ်မြောက်ထားသေးသော်လည်း ရှေ့က လူအုပ်ကြီးကို ရင်ဆိုင်ဖို့တော့ အခွင့်အရေး ရှိနေပြီ ဖြစ်သည်။
ဒီကို ရောက်လာတဲ့လူတွေထဲမှာ ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးလူက ဝိညာဉ်အဆင့် ၅ ရှိတဲ့ လျူကျိန်း ဖြစ်သည်။ အဆင့်မြင့်တဲ့ ဘော့စ်ကြီးတွေကတော့ အလောင်းကောက်ဖို့အတွက် ကိုယ်တိုင် ထွက်မလာကြချေ။ သူတို့ရဲ့ ဂုဏ်သိက္ခာက မြင့်မားလွန်းလှသည် မဟုတ်ပါလား။
လူအုပ်ကြီးက ရွှီရှောင်ရှို့ ထွက်လာတာကို မြင်သောအခါ အလိုအလျောက် နောက်ဆုတ်သွားကြသည်။
ဓားတစ်လက်ကို ကိုင်ထားသည့် လူတစ်ယောက်က လူအုပ်ကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ချေပြီ။
“ငါ့အလောင်းကို လာကောက်ဖို့အထိ ကြံစည်ရဲတယ်ပေါ့။ ငါ... ရွှီရှောင်ရှို့ ရဲ့ အလောင်းကိုလေ။ မင်းတို့ရဲ့ ဘော့စ်ကြီးတွေက ဘာလို့ ကိုယ်တိုင် ထွက်မလာကြတာလဲ။”
ကျင့်ကြံခြင်းအဆင့်မှာရော၊ အတွေ့အကြုံမှာပါ အပြင်စည်းမှာ သုံးနှစ်တိုင်တိုင် နေခဲ့တဲ့ ရွှီရှောင်ရှို့ကို စီနီယာတစ်ယောက်အဖြစ် သတ်မှတ်လို့ရသည်။ သူက အိမ်ရှေ့ဝင်းအသေးလေးတစ်ခုနဲ့ ဝိညာဉ်ဓားတစ်လက်ကို ပိုင်ဆိုင်နိုင်တဲ့အထိ ဝါရင့်နေခဲ့ပြီ မဟုတ်ပါလား။
သူ့ထက် သန်မာတဲ့လူတွေကတော့ ‘မွေးရာပါအဆင့်’ ကို ရောက်သွားကြပြီး အတွင်းစည်းကို တက်လှမ်းသွားကြပြီ ဖြစ်သည်။ အပြင်စည်းမှာ ကျန်ခဲ့တဲ့ ဘော့စ်ဆိုသူအချို့ကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူ့အနောက်ကနေ လိုက်ခဲ့ရတဲ့လူတွေသာ ဖြစ်သည်။
ထို့ကြောင့် သူ စကားပြောနေချိန်တွင် ဘယ်သူမှ ပြန်မပြောရဲကြချေ။ သူ့ထက် တစ်ဆင့်မြင့်သည့် လျူကျိန်းပင်လျှင် ရွှီရှောင်ရှို့၏ ပုခုံးပေါ်က ဓားအမည်းရောင်မှ ထွက်ပေါ်နေသော ဝိညာဉ်အလင်းတန်းကို မြင်ပြီး တိတ်ဆိတ်နေခဲ့ရသည်။
“လစ်ကြစမ်း... လာတဲ့နေရာကိုပဲ ပြန်သွားကြတော့” ရွှီရှောင်ရှို့က ဘဲတွေကို မောင်းထုတ်သလိုမျိုး သူ့လက်မောင်းတွေကို ယမ်းပြလိုက်သည်။
လူအုပ်ကြီးက ရွှီရှောင်ရှို့ ထွက်လာတာနဲ့ သူတို့ရဲ့ စိတ်ဓာတ်ကို ချက်ချင်း လာပြီး နှိမ်နင်းလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ကြချေ။ အားလုံးက မကျေမနပ်ဖြင့် လှည့်ထွက်သွားကြပြီး ဘယ်သူမှ စကားတစ်ခွန်းမျှပင် မဆိုရဲကြတော့။
“စီနီယာလျူ... ကျွန်တော်တို့ ဒီအတိုင်းကြီး ပြန်သွားရတော့မှာလား” ကျိုးဇော့က သတိကြီးစွာဖြင့် မေးလိုက်သည်။
လျူကျိန်းက ရွှီရှောင်ရှို့ကို လှမ်းကြည့်လိုက်သည်။ သူ မကျေနပ်သော်လည်း ရှေ့ကို ပြေးသွားပြီး သူ့ကို သတ်ကာ အလောင်းကို အတင်းဆွဲခေါ်သွားလို့မှ မရဘဲ။
ဝိညာဉ်နန်းတော်ထဲမှာ ကိုယ်ပိုင် အငြှိုးအတေးနဲ့ တိုက်ခိုက်တာကို တားမြစ်ထားပြီး တကယ်လို့ မတားမြစ်ထားရင်တောင် သူ ရွှီရှောင်ရှို့ကို နိုင်ပါ့မလားဆိုတာ သံသယရှိလှသည်။
“သွားစို့...” သူ သက်ပြင်းချလိုက်ပြီး လူအုပ်နဲ့အတူ ထွက်ခွာ ဖို့ ပြင်လိုက်သည်။
“နေဦး...”
ရွှီရှောင်ရှို့က တစ်ခုခုကို သတိရသွားသည့်အလား သူတို့အနောက်ကနေ လှမ်းခေါ်လိုက်ပြန်သည်။
လူအုပ်ကြီးအားလုံး ဇဝေဇဝါဖြင့် လှည့်ကြည့်လိုက်ကြသည်။ ရွှီရှောင်ရှို့က သူ့ဓားကို မြေကြီးထဲ စိုက်လိုက်ပြီး - “မင်းတို့က လာချင်တဲ့အချိန်လာပြီး ပြန်ချင်တဲ့အချိန် ပြန်သွားရအောင်... ငါ့မှာ ဒေါသ မရှိဘူး အောက်မေ့နေတာလား” ဟု အော်ပြောလိုက်သည်။
အားလုံး ဒေါသထွက်သွားကြတော့သည်။ သူတို့က ဒီနေရာမှာ နာရီပေါင်းများစွာ အချိန်ကုန်ခံပြီး စောင့်ခဲ့ရတာတောင် ဘာမှမရခဲ့ချေ။ အခုလည်း လှည့်ပြန်ဖို့ ပြင်နေပြီဖြစ်တာကို ရွှီရှောင်ရှို့က ဘာထပ်လိုချင်နေရသေးတာလဲ။
“မင်းက ဘာလုပ်နိုင်မှာမို့လို့လဲ” လျူကျိန်း မျက်ခုံးပင့်ပြီး မေးလိုက်သည်။ တကယ်လို့ ဒီလူအုပ်ကြီးသာ ဝိုင်းချရင် ရွှီရှောင်ရှို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မှာ မဟုတ်ချေ။ သူ ဂူအောင်းကျင့်ကြံရင်း ရူးသွားလို့ လူ ၁၇ ယောက်လုံးကို တစ်ယောက်တည်း ရင်ဆိုင်ချင်နေတာလား။
ထိုစဉ် ရွှီရှောင်ရှို့က ခပ်ပြုံးပြုံးဖြင့် - “ဘာမှမလုပ်ပါဘူး။ စိတ်မပူကြပါနဲ့၊ ငါက မေးခွန်းလေးတစ်ခုပဲ မေးမလို့ပါ” ဟု ပြောလိုက်သည်။
လူအုပ်ကြီး တိတ်ဆိတ်သွားသည်။ ရွှီရှောင်ရှို့က ပျော်ရွှင်စရာကောင်းတဲ့ မျက်နှာပေးဖြင့် - “ငါ အဆင့် ၄ ကို ရောက်သွားပြီလို့ ပြောရင် မင်းတို့ ယုံကြလား...”
သူ့မေးခွန်းကို ကြားလိုက်ရသောအခါ အားလုံး ကြောင်အမ်းသွားကြသည်။ သူက လူတွေကို ဒီလို မေးခွန်းအူကြောင်ကြောင် မေးဖို့အတွက် တားထားတာတဲ့လား။ ဒါပေမဲ့ ဒီနေရာကနေ အမြန်ထွက်သွားချင်တာကြောင့် အားလုံးကပဲ လိုက်လျောပေးလိုက်ကြသည်။
“ယုံပါတယ်... ယုံတာပေါ့။”
“ယုံတာပေါ့ဗျာ။”
“မင်းက အဆင့် ၄ ကို ရောက်သွားပြီပဲ၊ တကယ်ကို အားကျဖို့ကောင်းပါတယ် စီနီယာရွှီ။ ဒါဆို ကျွန်တော်တို့ သွားလို့ရပြီလား။”
ရွှီရှောင်ရှို့ ကြောင်သွားသည်။ ဘာလို့ ဒီလို တုံ့ပြန်ကြတာလဲ။
‘ဒီလို မလုပ်ပါနဲ့။ ငါ့ကို သံသယဝင်ပေးကြပါဦး။ ကျေးဇူးပြုပြီး မင်းတို့ ကြိုက်သလို သံသယဝင်ပေးကြပါ’ သူ စိတ်ထဲကနေ အော်ဟစ်နေမိသည်။ သူ ရမှတ်တွေရအောင် အသည်းအသန် ကြံစည်ထားရတာ ဖြစ်သော်လည်း ဘယ်သူမှ သူ့နောက်ကို လိုက်မလာကြချေ။
သူက စိတ်မရှည်ဘဲ ထွက်သွားချင်နေသည့် လူအုပ်ကြီးကို လှမ်းကြည့်လိုက်ပြီး ရုတ်တရက် ဉာဏ်အလင်းပွင့်သွားခဲ့သည်။ သူ ဓားကို ဆွဲပြီး မတ်မတ်ရပ်လိုက်ကာ ပေါ့ပေါ့ပါးပါး လေသံဖြင့် - “ငါ မင်းတို့ကို အမှန်အတိုင်း ဖွင့်ပြောရရင်... တကယ်တော့ ငါ အဆင့် ၅ ကို ရောက်သွားပြီကွ...”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
“ဟဲဟဲ... စီနီယာရွှီ၊ မင်း နောက်နေတာပဲ ဖြစ်ရမယ်...”
အားလုံးက သူတို့အတွေးတွေကို ဖွင့်ပြောလာကြသည်။ သူတို့က မျက်မမြင်တွေ မဟုတ်ကြချေ။ သူ ဘယ်လိုကြည့်ကြည့် အဆင့် ၄ ရဲ့ အရည်အချင်းပဲ ရှိတာကို ဘာလို့ အဆင့် ၅ လို့ လာလိမ်နေရတာလဲ။
သူက လူဗြောင်လိမ်နေတာပဲ။ တကယ်ကို အံ့သြစရာကောင်းလှ၏။
[သံသယဝင်ခြင်း ခံလိုက်ရသည်။ အလိုအလျောက် ရမှတ် +15]
ရွှီရှောင်ရှို့ တကယ့်ကို သဘောကျသွားသည်။ ဒါဆို ဒီလိုလုပ်ရမှာပေါ့။
ဒါပေမဲ့ ရမှတ်က ၁၅ မှတ်ပဲ ရှိတာဆိုတော့ လူနှစ်ယောက်က သူ့စကားကို တကယ်ကြီး ယုံနေကြတာလား။ သူတို့က အူကြောင်ကြောင်တွေလား။
“ဟဲဟဲ... တကယ်တော့လေ... ငါ အဆင့် ၆ ကို တောင် ရောက်နေပြီ...”
“???”
[သံသယဝင်ခြင်း ခံလိုက်ရသည်။ အလိုအလျောက် ရမှတ် +17]
မိုက်တယ်။ ဒီလူအုပ်ကြီးက ရမှတ်တွေ ရှာဖွေဖို့အတွက် တကယ်ကို အသုံးဝင်တဲ့ လူတွေပဲ။
ရွှီရှောင်ရှို့က လက်နှစ်ဖက်ကို ဖြန့်ပြလိုက်ပြီး - “ငါ ဟန်ဆောင်မနေတော့ဘဲ အမှန်အတိုင်း ပြောပြမယ်။ တကယ်တော့ ငါ အဆင့် ၇ ကို ရောက်နေတာ...”
လူအုပ်ကြီးရဲ့ နဖူးပေါ်မှာ အကြောပြိုင်းပြိုင်း ထလာတော့သည်။ ဒီ ရွှီရှောင်ရှို့က သူတို့ကို ကစားနေတာလား၊ ဒါမှမဟုတ် တခြား ရည်ရွယ်ချက်တစ်ခုခု ရှိနေလို့လား။
[သံသယဝင်ခြင်း ခံလိုက်ရသည်။ အလိုအလျောက် ရမှတ် +13]
‘ဟင်... ဘာလို့ ရမှတ်တွေ ကျသွားရတာလဲ’
ရွှီရှောင်ရှို့က သူ့စိတ်ထဲက မျက်နှာပြင်က သတိပေးစာ တွေကိုပဲ အာရုံစိုက်နေမိပြီး သူတို့မျက်နှာပေါ်က အမူအရာတွေကို သတိမထားမိခဲ့ချေ။ သူက ချက်ချင်းပဲ ထပ်ပြောလိုက်ပြန်သည်။ “ကဲပါ... ကဲပါ... ငါ နောက်မနေတော့ဘူး။ တကယ်တော့ ငါ အဆင့် ၈ ကို...”
“ရွှီရှောင်ရှို့... မင်း တော်တော်လွန်နေပြီနော်။”
“မင်း ငါတို့ကို သတ်ချင်သတ်လို့ရတယ်၊ ဒါပေမဲ့ ဒီလို လာပြီး မစော်ကားနဲ့။”
“ချပစ်ကြဟေ့ ညီအစ်ကိုတို့။”
ရွှီရှောင်ရှို့ လန့်သွားတော့သည်။ သူ အသိစိတ်ပြန်ဝင်လာပြီး ရှေ့က ဒေါသထွက်နေတဲ့ မျက်နှာပေါင်း ၁၇ ခုကို မြင်လိုက်ရသောအခါ... ချက်ချင်းပဲ အိမ်ရှေ့ဝင်းထဲ အမြန်ပြေးဝင်ပြီး တံခါးကို ပိတ်ကာ အစီအရင်ကို အသက်သွင်းလိုက်တော့သည်။
‘ငါ့ရဲ့ လိမ္မာတဲ့ သူငယ်ချင်းတို့ရာ... ငါက မေးခွန်းအနည်းငယ်ပဲ မေးတာကို၊ ဘာလို့ ယမ်းတောင့်တွေကို ဝါးမြိုထားတဲ့အတိုင်း ချက်ချင်းကြီး ပေါက်ကွဲသွားရတာလဲ’