ဒိုင်လူကြီးလည်း ကြောင်အမ်းသွားခဲ့ရသည်။
ဆူညံစွာ အော်ဟစ်နေကြသည့် ပွဲကြည့်ပရိသတ်အားလုံးလည်း ဆွံ့အကာ ကြောင်အမ်းသွားခဲ့ကြရသည်။
ကောင်းကင်ယံထက်တွင် ရပ်နေသည့် ရှောင်ချီရှို့ပင်လျှင် အနည်းငယ် မှင်တက်သွားမိ၏။ သူက တိုက်ပွဲပြီးဆုံးသွားသည့်အချိန်တွင် အခြားစင်မြင့်များဆီသို့ အာရုံလွှဲလိုက်ခြင်းဖြစ်ရာ... မျက်လုံးပြန်အလှည့် တွင် ယခုလို ပြင်းထန်လှသော အလှည့်အပြောင်းမျိုး ဖြစ်ပျက်သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
သူ ပြိုင်ပွဲမစတင်မီက ပြောခဲ့သည့် စကားတစ်ခွန်းကို ပြန်လည်သတိရမိသွားသည်။ ‘တစ်ခါတလေ ဒိုင်လူကြီးတွေ သတိမထားမိတဲ့ အချိန်မျိုး ရှိတတ်တယ်’ ဟူသော စကားပင် ဖြစ်သည်။ သူ့စကားက တကယ်ပဲ မှန်ကန်သွားခဲ့လေသလား...
စင်မြင့်ထက်က လူတိုင်း ဆွံ့အသွားခဲ့ကြပြီ။
ဝမ်ချုံ၏ နှုတ်ခမ်းထောင့်များ တုန်ခါနေခဲ့သည်။ သူ တစ်ခုခု ပြောချင်နေသည့်ပုံ ပေါက်သော်လည်း... ပါးစပ်ထဲမှ သွေးစိမ်းရှင်ရှင်များ စီးကျလာပြီး မျက်လုံးများ ပြူးကျယ်လာခဲ့သည်။ သူသည် ဇဝေဇဝါဖြစ်လျက် အချိန်အတော်ကြာသည်အထိ စကားတစ်လုံးမျှ မဆိုနိုင်တော့ချေ။
သူ့မျက်လုံးများထဲက ရက်စက်ကြမ်းကြုတ်မှုများ ပျောက်ကွယ်သွားခဲ့ပြီး... ၎င်းတို့နေရာတွင် မယုံကြည်နိုင်မှုများဖြင့် အပြည့်အဝ အစားထိုးဝင်ရောက်သွားခဲ့သည်။
သူ ခေါင်းငုံ့ကာ သူ့ရင်ဘတ်ကို ဖောက်ထွက်ပြီး နှလုံးသားတည့်တည့်သို့ ရောက်ရှိနေသည့် ရွှီရှောင်ရှို့၏ လက်မောင်းကို စိုက်ကြည့်လိုက်မိသည်။ သူ့သွေးများကြောင့် ရဲရဲနီနေသည့် လက်တံတောင်ဆစ်ကိုသာ သူ မြင်နိုင်တော့၏။ ကျန်တဲ့ လက်တစ်ဖက်လုံးကတော့ သူ့ရင်ဘတ်ထဲသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
‘သူ့လက်က...’ သူ တွေးလိုက်မိသည်။
‘ငါ့ရင်ဘတ်ကို ဖောက်ထွက်သွားတာလား...’
‘ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...’
ပြင်းထန်လှသော နာကျင်မှုကြောင့် ဝမ်ချုံ၏ မျက်လုံးထောင့်က အကြောများပင် ထောင်တက်လာခဲ့ရသည်။
သူက အဖြေတစ်ခုကို တောင်းဆိုနေသည့်အလား ဇဝေဇဝါမျက်လုံးများဖြင့် ရွှီရှောင်ရှို့ကို စိုက်ကြည့်လိုက်၏။
ရွှီရှောင်ရှို့သည် သူ့လက်ဖျံဘေးပတ်ပတ်လည်တွင် ညှစ်ထားသလိုမျိုး ခံစားချက်ကို ခံစားနေရသည်။ ဒုတ်ဒုတ်... ဒုတ်ဒုတ်…
“သူ့ကို ကယ်ကြပါဦး!” သူ အော်ဟစ်လိုက်မိသည်။ ထိုအခိုက်အတန့်တွင် သူ့လက်ကို ပြန်ဆွဲထုတ်ရမလား၊ မထုတ်ရဘူးလား ဆိုတာကို သူ မဝေခွဲနိုင်တော့ချေ။
ဒါက ဘာလို့ ဒီလိုအခြေအနေမျိုးအထိ ရောက်သွားရတာလဲ။
ရွှီရှောင်ရှို့ စိုးရိမ်တုန်လှုပ်သွားခဲ့သည်။ သူ ဘယ်တုန်းကမှ လူမသတ်ဖူးချေ။ သို့သော်လည်း ဝမ်ချုံက ရှေ့သို့ ပြေးဝင်ပြီး ပုန်းကွယ်တိုက်ခိုက်လိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့မိခြင်း ဖြစ်သည်။
သူက အလိုအလျောက်စနစ် ရဲ့ သတိပေးချက်ကို ယုံကြည်သောကြောင့် အလိုအလျောက် အနောက်သို့ လှည့်ပြီး ပြန်လည်တုံ့ပြန်လိုက်မိခြင်းသာ ဖြစ်သည်။ ဝမ်ချုံက သူ့ကို သတ်ချင်ဇောဖြင့် ပြေးဝင်လာရင်း... သူ့လက်ဝါးအတွင်းသို့ အတင်းတိုးဝင်မိသွားလိမ့်မည်ဟု သူ မတွေးမိခဲ့ချေ။
“မင်းက ဘာလို့ ဒီလိုလုပ်ရတာလဲ!” ရွှီရှောင်ရှို့ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူက ‘ရွှေနီဆေးလုံး’ တစ်လုံးကို ထုတ်ယူပြီး ဝမ်ချုံ၏ ပါးစပ်ထဲသို့ အတင်းထည့်ပေးလိုက်၏။ ဝမ်ချုံက ခေါင်းခါပြနေသည့်ပုံ ပေါက်သော်လည်း... အလွန်အမင်း အားနည်းနေသဖြင့် မသိသာလှချေ။
သူ့နှုတ်ခမ်းလွှာများက အနည်းငယ် ပွင့်ဟနေခဲ့ပြီး ဘယ်တော့မှ ပြန်မပိတ်တော့ချေ။
“စားစမ်းပါ!”
ရွှီရှောင်ရှို့ သူ့ရဲ့ ဘယ်ဘက်လက်ဖြင့် ဝမ်ချုံ၏ ပါးစပ်ကို ပိတ်ပေးလိုက်ပြီး... ဝမ်ချုံ ဆေးလုံးကို စားသုံးမိကာ ဆေးအာနိသင် ပြန့်နှံ့သွားစေရန် ကြိုးစားလိုက်သည်။ သို့သော်လည်း... သူ လက်ကို ဖယ်လိုက်သည့် ခဏတွင်ပဲ ဆေးလုံးက ဝမ်ချုံ၏ ပါးစပ်ထဲမှ လိမ့်ကျကာ မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့တော့သည်။
တောက်... တောက်...
ရွှေနီရောင် ဆေးလုံးလေး တိတ်ဆိတ်စွာ လိမ့်ထွက်သွားတာကို သူ မြင်လိုက်ရပြီး... ထိုဆေးလုံးနှင့်အတူ အခြားအရာတစ်ခုပါ ထာဝရ ဆုံးရှုံးသွားခဲ့ပြီဖြစ်ကြောင်း သူ သတိပြုမိလိုက်သည်။
ဒိုင်လူကြီးက အနားသို့ လျှောက်လာပြီး ဝမ်ချုံ၏ ရင်ဘတ်ထဲမှ ရွှီရှောင်ရှို့၏ လက်ကို ဆွဲထုတ်ပေးလိုက်ကာ - “မရတော့ ဖူး... သူ သေသွားပြီ!” ဟု တည်ငြိမ်စွာ ပြောလိုက်တော့၏။
ရွှီရှောင်ရှို့ ခန္ဓာကိုယ်ကြီး တုန်ခါသွားခဲ့ရသည်။ သေသွားပြီ ဟုတ်လား...
ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ရဲ့ အသက်က ဒီလောက်တောင် ကြွပ်ဆတ်လွယ်တာလား။ တစ်ချက်တည်း အထိုးခံရရုံနဲ့တင် သေဆုံးသွားရတယ် ဟုတ်လား...
ဒိုင်လူကြီးက ရွှီရှောင်ရှို့၏ အခြေအနေကို မြင်သောအခါ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ သူက ရွှီရှောင်ရှို့၏ ပုခုံးကို ပုတ်ပေးလိုက်ရင်း နှစ်သိမ့်ပေးလိုက်သည်။
“ဒါ မင်းအတွက် ပထမဆုံးအကြိမ် လူသတ်ဖူးတာလား...”
“နေသားကျသွားမှာပါ!”
သူက ရွှီရှောင်ရှို့၏ ပုခုံးတွင် စိုက်ဝင်နေသည့် ဝမ်ချုံ၏ မြှားမြှောင်ကို ဆွဲထုတ်ပေးလိုက်ပြီး... ရွှီရှောင်ရှို့ အစောပိုင်းက သုံးစွဲလိုက်သည့် ‘ရွှေနီဆေးလုံး’ အတွက် အစားထိုးအဖြစ် ဆေးပုလင်းတစ်လုံးကို ကမ်းပေးလိုက်သည်။
“စိတ်မပူပါနဲ့။ ဒါ မင်းအပြစ် မဟုတ်ဘူး။ သူက အရင်ဆုံး ပုန်းကွယ်တိုက်ခိုက်ခဲ့တာမို့လို့ သူပဲ မှားတာ။ တကယ်လို့ တစ်ယောက်ယောက်ကို အပြစ်တင်ရမယ်ဆိုရင်... ဒါ ငါ့ရဲ့ ပေါ့ဆမှုကြောင့်ပဲ။”
“မင်း အဆင်ပြေသွားမှာပါ။ အနောက်ကို ပြန်ပြီး နားလိုက်ပါတော့။ ကျန်တဲ့ ကိစ္စတွေကို ငါ့ကိုပဲ လွှဲထားလိုက်။”
ရွှီရှောင်ရှို့ ဇဝေဇဝါ ဖြစ်နေဆဲ ဖြစ်သည်။ သူက ဒိုင်လူကြီး၏ ရင်ခွင်ထဲတွင် ရှိနေသည့် ဝမ်ချုံကို ငေးကြည့်လိုက်ပြီး... သူ့ပုခုံးကို ဆုပ်ကိုင်ရင်း စင်မြင့်ထက်မှ တိတ်ဆိတ်စွာ လှည့်ထွက်လာခဲ့တော့သည်။
ပွဲကြည့်ပရိသတ်များသည် သူ့မျက်နှာပေါ်က စိတ်ပျက်အားလျော့ပြီး လမ်းပျောက်နေသည့် အမူအရာကို မြင်တွေ့လိုက်ရသဖြင့်... ထိုအခိုက်အတန့်တွင် မည်သူမျှ ကျယ်လောင်စွာ မဆူညံရဲကြတော့ချေ။
“သူ တကယ်ပဲ သေသွားတာလား...”
“ငါထင်တာတော့ ဒါက ဆယ်စုနှစ်တစ်ခုအတွင်းမှာ အပြင်စည်းဂိုဏ်းရဲ့ ပထမဆုံး သေဆုံးမှု ဖြစ်ရမယ်။”
“ဟုတ်ပပ။ ပြီးခဲ့တဲ့ ပြိုင်ပွဲတွေတုန်းက ဒိုင်လူကြီးတွေရော ပြိုင်ပွဲဝင်တွေပါ ဘယ်အချိန်မှာ ရပ်ရမလဲဆိုတာ သိကြတယ်။ ဒီတစ်ကြိမ်မှာတော့... ဘော့စ်ဝမ်က တကယ့်ကို စိတ်လိုက်မာန်ပါ လုပ်မိသွားတာပဲ!”
“ရွှီရှောင်ရှို့... ဘုရားသခင်၊ ငါတော့ သူ့အတွက် တကယ် စိတ်မကောင်းဖြစ်မိတယ်...”
အချို့လူများက ရွှီရှောင်ရှို့ကို ထောက်ခံကြသော်လည်း... သူတို့က လူနည်းစုသာ ဖြစ်ကြသည်။ ကျန်တဲ့ ပွဲကြည့်ပရိသတ် အများစုကတော့ သူ့ရဲ့ လုပ်ရပ်ကို ဆန့်ကျင်နေကြခြင်း ဖြစ်သည်။
“ငါတော့ ဆက်ပြီး ကြည့်မနေနိုင်တော့ဘူး။ အဲဒီ ရွှီရှောင်ရှို့က လူတစ်ယောက်ကို သတ်ပြီးတာတောင် မကျေနပ်တဲ့ မျက်နှာပေးမျိုး ဖြစ်နေတုန်းပဲ။”
“ဘော့စ်ဝမ်က တကယ့်ကို မကျေမနပ်နဲ့ သေဆုံးသွားခဲ့ရတာ! ဒိုင်လူကြီးက ပွဲပြီးကြောင်း မကြေညာသေးဘူးလေ၊ ဒါကြောင့် ဘော့စ်ဝမ်က စည်းမျဉ်းတွေအတွင်းကနေ တိုက်ခိုက်ခဲ့တာပဲ။ ရွှီရှောင်ရှို့က ဘယ်လိုလုပ် ဒီလောက် ပြင်းထန်တဲ့ တိုက်ခိုက်မှုမျိုးကို လုပ်ရက်ရတာလဲ...”
“ရွှီရှောင်ရှို့ကို ပြိုင်ပွဲကနေ ထုတ်ပယ်ဖို့ ငါ ပြင်းပြင်းထန်ထန် တောင်းဆိုပါတယ်။ ရွံစရာကောင်းလိုက်တာ!”
“ဟုတ်ပပ။ ဂိုဏ်းတူ ညီအစ်ကိုအချင်းချင်း တိုက်ခိုက်တာကို ဒီလောက်အထိ သေစေနိုင်တဲ့ တိုက်ကွက်မျိုး သုံးရတယ်လို့။ သူက တကယ့် တိရစ္ဆာန်ပဲ!”
ဘေးနားတွင်တော့ ရွှီရှောင်ရှို့ကို ထောက်ခံသည့် လူများ ချက်ချင်း ဒေါသထွက်သွားကြပြီး မတ်တတ်ထရပ်လိုက်ကြသည်။ “ပေါက်ကရတွေ!” သူတို့ ပြန်လည်တုံ့ပြန်လိုက်ကြ၏။
“မျက်လုံးရှိတဲ့ လူတိုင်းက ဝမ်ချုံ ရှုံးသွားတာကို မြင်နိုင်တာပဲ။ တကယ်လို့ ရွှီရှောင်ရှို့သာ သူ့ရဲ့ ဝိညာဉ်ဓားကို သုံးခဲ့မယ်ဆိုရင် ဝမ်ချုံက ဘယ်လိုလုပ် ပြန်တုံ့ပြန်နိုင်မှာလဲ။ ရွှီရှောင်ရှို့က အများကြီး ညှာတာပေးခဲ့ပြီးပြီ!”
“ဝမ်ချုံရဲ့ ခိုးတိုက်မှုက ကျရှုံးသွားပြီး ရွှီရှောင်ရှို့ရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရတာလေ။ ရွှီရှောင်ရှို့က သူ့ကို ဆေးတောင် တိုက်ဖို့ ကြိုးစားခဲ့သေးတယ်။ မင်းတို့ ရွှီရှောင်ရှို့ရဲ့ ရှားရှားပါးပါး လူသားဆန်မှုကို မမြင်ကြဘူးလား...”
ဝမ်ချုံကို ထောက်ခံသည့် လူများက အေးစက်စွာ ရယ်မောလိုက်ပြီး - “ဒိုင်လူကြီးက ပွဲပြီးကြောင်း မကြေညာသေးဘူးလေ၊ ဒါကြောင့် ဝမ်ချုံရဲ့ တိုက်ခိုက်မှုက စည်းမျဉ်းတွေအတွင်းမှာပဲ ရှိသေးတယ်။ အခြားတစ်ဖက်မှာတော့ ရွှီရှောင်ရှို့ လုပ်ခဲ့တဲ့ လုပ်ရပ်က လုံးဝကို ခွင့်မလွှတ်နိုင်စရာပဲ!”
“ခွင့်မလွှတ်နိုင်စရာ ဟုတ်လား... မင်းတို့လို ဖားယားတတ်တဲ့ ကောင်တွေ။ ဒီကို လာခဲ့စမ်း!”
“ဘာဖြစ်လဲ... ရဲရင် လာကိုက်စမ်းပါ!”
“အားးး...”
“အမလေး... သွားပြီ... ပါးစပ်ကို လွှတ်စမ်းပါ... ပါးစပ်ကို လွှတ်စမ်းပါဦး တောက်...”
...
ငန်းကန်
ကြည်လင်လှသော ရေပြင်က ကောင်းကင်ယံကို ထင်ဟပ်နေပြီး... ဆူဖြိုးလှသော ငန်းကြီးများသည် ရေပြင်ပေါ်တွင် ထင်ဟပ်နေသည့် တိမ်တိုက်များပေါ်၌ ပျော်ပါးနေကြသည်။
ဒါကတော့ ‘ထျန်းဆန်း ဝိညာဉ်နန်းတော်’ ရဲ့ အပြင်စည်းဂိုဏ်းထဲတွင် သာယာလှပလှသော နေရာတစ်ခု ဖြစ်သည်။ ထိုနေရာကို မိုးမခပင်များက ဝန်းရံထားပြီး ကန်ကြီးကို နှလုံးသားပုံသဏ္ဍာန် ရှိသော အဖြူရောင် လက်ရန်းများဖြင့် ဝန်းရံထားသည်။ ကန်ရေပြင်က အလွန်အမင်း ကြည်လင်နေပြီး ဝိညာဉ်စွမ်းအင်များဖြင့် တဖိတ်ဖိတ် တောက်ပနေ၏။
ကန်ကြီးထဲတွင် ကူးခတ်နေကြသည့် သတ္တဝါများကတော့ အကြီးအကဲချောင် မွေးမြူထားသည့် ‘ဝိညာဉ်ငန်းပုတ်’ များ ဖြစ်ကြသည်။ သူတို့၏ အသားက ဆူဖြိုးပြီး အရသာရှိလှပေသည်။ ရွှီရှောင်ရှို့သည် ကံကောင်းထောက်မစွာဖြင့် ၎င်းတို့ကို အကြိမ်အနည်းငယ် မြည်းစမ်းခွင့် ရရှိခဲ့ဖူးသည်။
ပုံမှန်နေ့ရက်များတွင် လူအများအပြားက ‘ငန်းကန်’ သို့ လာရောက်ကာ ကျင့်ကြံလေ့ရှိကြသည်။ သို့သော်လည်း လတ်တလောတွင် ဖြစ်ပွားနေသည့် ‘မိုးတိမ်ပြိုင်ပွဲ’ ကြောင့် ထိုနေရာတွင် လူသိပ်မရှိဘဲ... ပုံမှန်ထက် ပိုပြီး ဆိတ်ငြိမ်နေခဲ့သည်။
ရွှီရှောင်ရှို့ လက်ရန်းနားတွင် မတ်တတ်ရပ်နေပြီး သူ့မျက်လုံးများထဲတွင်တော့ စိတ်ပျက်အားလျော့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သူက သူ့ရဲ့ ခြံဝင်းဆီသို့ မပြန်ဘဲ... ပုံမှန် ဓားသိုင်းကျင့်လေ့ရှိသည့် နေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ဒါကတော့ တိုက်ပွဲတစ်ခုကို အနိုင်ရရှိပြီးနောက် သူ စိတ်မလှုပ်ရှားနိုင်တော့သည့် ပထမဆုံးအကြိမ် ဖြစ်သည်။ သူ သူ့ရဲ့ အလိုအလျောက်ရမှတ်တွေကိုပင် လှည့်မကြည့်ချင်တော့ချေ။
သူက စင်မြင့်ထက်မှ လမ်းပျောက်နေသည့်အလား ဇဝေဇဝါဖြင့် လှည့်ထွက်လာခဲ့ပြီး... လမ်းသရဲတစ်ယောက်လို လျှောက်သွားနေရင်းမှ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
နေဝင်ရိုးရီ အချိန်သို့ ရောက်ရှိလာခဲ့ပြီ။ ရွှီရှောင်ရှို့ ဤနေရာတွင် ရှိနေခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။
သူက ကျောက်ခဲတစ်လုံးကို ‘ငန်းကန်’ ထဲသို့ ပစ်ချလိုက်ရာ... ကန်ရေပြင်က လှိုင်းတွန့်လေးများ ဖြစ်ပေါ်သွားခဲ့ပြီးနောက် ပြန်လည် ငြိမ်သက်သွားခဲ့ပြန်သည်။
‘ဒါဆို ဒီကမ္ဘာကြီးကလည်း ဒီအတိုင်းပဲ ဖြစ်ရမယ်။ ဘဝဆိုတာ ကျောက်ခဲတစ်လုံးလိုပဲလေ။ ဘယ်လောက်ပဲ ကြီးမားပါစေ... ငန်းကန်ထဲကို နစ်မြုပ်သွားပြီးတဲ့နောက်မှာတော့ ကြီးမားတဲ့ လှိုင်းတွန့်တွေကို ဖန်တီးပေးနိုင်မှာ မဟုတ်ဘူး...’
ရွှီရှောင်ရှို့ သက်ပြင်းတစ်ချက် ချလိုက်ပြီး သူ့ရဲ့ ညာဘက်လက်ဖျံကို ပြန်လည်ကိုင်တွယ်လိုက်ရာ... ဝမ်ချုံ၏ နောက်ဆုံး နှလုံးခုန်သံတွေကို ထပ်မံ ခံစားလိုက်ရသလိုမျိုး ဖြစ်နေတော့သည်။
နောင်တရနေတာလား...
မဟုတ်ဘူး!
ရွှီရှောင်ရှို့ ဝမ်ချုံကို မတော်တဆ သတ်မိသွားခဲ့သော်လည်း နောင်တအနည်းငယ်မျှ မရမိချေ။ ပိုပြီး တိကျအောင် ပြောရမည်ဆိုပါက... သူ ဒါကို ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။
ဒီကမ္ဘာကြီးကို ရောက်ရှိလာပြီးတဲ့နောက်မှာတော့ လူတစ်ယောက်ကို သတ်ဖြတ်ခြင်းက သူ့အတွက် ပုံမှန်အခြေအနေတစ်ခု ဖြစ်လာတော့မည်။
‘ထျန်းဆန်း ဝိညာဉ်နန်းတော်’ ထဲတွင် ဒါက သိပ်ပြီး မသိသာလှသော်လည်း... ရွှီရှောင်ရှို့က အဲဒီလောက်အထိ ရိုးသား မနေချေ။ ဒါက အစပြုခြင်းမျှသာ ရှိသေးသည်။
သူ စိတ်လှုပ်ရှားပြီး စိတ်ဓာတ်ကျနေရသည့် အကြောင်းရင်းကတော့... သူ့ရဲ့ သနားကြင်နာတတ်တဲ့ စိတ်နဲ့ အသက်တစ်ခုက ဘယ်လောက်တောင် ကြွပ်ဆတ်လွယ်လဲဆိုတဲ့ အတွေးတွေကြောင့် ဖြစ်သည်။
ဒီတိုက်ကြီးပေါ်က လူတွေအတွက်တော့ ဘဝဆိုတာ ပြောပလောက်စရာ မရှိတာ ဖြစ်နိုင်ပေသည်။ ဒီနေ့ပြီးရင် သူလည်း ထိုနည်းတူ တွေးတောမိသွားနိုင်ပေသည်။
သို့သော်လည်း... လောလောဆယ်တွင်တော့ ရွှီရှောင်ရှို့တစ်ယောက် အချိန်အတော်ကြာသည်အထိ စိတ်ကို ပြန်လည်မတည်ငြိမ်နိုင်သေးချေ။
သူ ပြီးခဲ့တဲ့ဘဝတုန်းက ဖြူဖွယ်လှတဲ့ ဆေးရုံကုတင်ပေါ်တွင် အဆုံးမရှိ နှိပ်စက်ခြင်း ခံခဲ့ရဖူးသည်။ သူ အသက်ရှင်သန်ဖို့အတွက် မျှော်လင့်ချက်တွေကို အမြဲတမ်း ဆုပ်ကိုင်ထားခဲ့တာ ဖြစ်သည်။ ဒါကြောင့် ရွှီရှောင်ရှို့သည် လူ့အသက်ကို ဒီကမ္ဘာက သာမန်လူတွေထက် ပိုပြီး တန်ဖိုးထားတတ်သည်ဟု ပြောလို့ရသည်။
ဒါပေမဲ့ အခုတော့... သူကိုယ်တိုင်ပင်လျှင် ထိုတန်ဖိုးရှိလှတဲ့ အသက်တစ်ခုကို ပုဂ္ဂိုလ်ရေးအရ ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။
သူ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့တာ မှန်သော်လည်း... ဒီလို အလှည့်အပြောင်းမျိုးမှာ ဘယ်သူက စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။
ထိုတန်ဖိုးရှိလှတဲ့ အသက်က ‘ဘော့စ်ဝမ်’ ဖြစ်သည်။ သို့သော်လည်း ရွှီရှောင်ရှို့၏ မျက်လုံးထဲတွင်တော့... သူက ပါရမီအနည်းငယ်ရှိပြီး အနည်းငယ် မောက်မာတတ်တဲ့ ညီအစ်ကိုတစ်ယောက်သာ ဖြစ်သည်။
ဝမ်ချုံက ပုန်းကွယ်တိုက်ခိုက်ခဲ့တာ မှန်သော်လည်း... သူ့ကို သတ်ပစ်ဖို့အထိ ရည်ရွယ်ချက် မရှိတာလည်း ဖြစ်နိုင်သည်။
‘နောက်ဆုံးတော့... သူက သူ့မြှားမြှောင်နဲ့ ငါ့ပုခုံးကိုပဲ ထိုးစိုက်ခဲ့တာ မဟုတ်ဘူးလား...’
‘ဒါဆို...’
‘ငါ သူ့ကို မသတ်ခဲ့သင့်ဘူးလား...’
ရွှီရှောင်ရှို့ ခေါင်းခါပြလိုက်ပြီး... ဒီလို ရူးကြောင်ကြောင် အတွေးတွေကို သူ့စိတ်ထဲကနေ မောင်းထုတ်ပစ်လိုက်သည်။
ဝမ်ချုံက ဒီလိုလုပ်ရပ်မျိုးကို လုပ်ဝံ့မှတော့... ရလဒ်တွေက ဘယ်လောက်ပဲ ခါးသီးပါစေ၊ အကျိုးဆက်တွေကို ရင်ဆိုင်ဖို့အတွက် သူ ကြိုတင်ပြင်ဆင်ထားသင့်တာပေါ့။
ဒီစကားလုံးတွေက သေဆုံးသွားတဲ့ ဝမ်ချုံအတွက် ရည်ရွယ်ခြင်း ဖြစ်သော်လည်း... သူ့ရဲ့ အနာဂတ်အတွက်လည်း သတိပေးချက်တစ်ခု ဖြစ်ပေသည်။
ဝေးကွာလှသော နေရာတွင်တော့ ဝင်လုဆဲဆဲ နေမင်းကြီးက မိုးကုပ်စက်ဝိုင်းက တောင်တန်းကြီးများနောက်သို့ ကွယ်ပျောက်သွားခဲ့ပြီး... ကောင်းကင်ယံကြီး မည်းမှောင်သွားခဲ့ပြီ ဖြစ်သည်။ အရာအားလုံး ပြန်လည် တိတ်ဆိတ်သွားခဲ့ချေပြီ။
ထိုစဉ် ငန်းကန်အနီးတွင် ဝိညာဉ်စွမ်းအင်များ ရုတ်တရက် လှုပ်ခတ်သွားခဲ့သည်။ ဒါက ဆူဖြိုးလှသော ငန်းပုတ်ကြီးအားလုံးကို လန့်ဖျတ်သွားစေခဲ့ပြီး... မိုးမခပင်များကိုလည်း အနည်းငယ် လှုပ်ခတ်သွားစေခဲ့၏။
ရွှီရှောင်ရှို့ အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။ သူ သတိမထားမိဘဲ... ‘ဝိညာဉ်ကျင့်ကြံခြင်း အဆင့် (၇)’ သို့ အောင်မြင်စွာ အဆင့်တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။
“ဟူးးး...”
သူ ရုတ်တရက် ကျောက်ခဲတစ်လုံးကို ကောက်ယူလိုက်ပြီး... လူသတ်လိုစိတ်များနှင့်အတူ သူ့ရဲ့ စိတ်ပျက်မှုတွေကို လွှတ်ထုတ်ပစ်သည့်အလား ဆူဖြိုးလှသော ငန်းအုပ်ကြီးဆီသို့ ပစ်ပေါက်လိုက်တော့သည်။
ကျောက်ခဲက ကန်ရေပြင်ပေါ်သို့ ကျရောက်သွားသည့်အချိန်တွင် ရေလှိုင်းများ နေရာအနှံ့ ပန်းထွက်သွားခဲ့သော်လည်း... ငန်းပုတ်တစ်ကောင်ကိုမျှ မထိမှန်ခဲ့ချေ။
ရွှီရှောင်ရှို့ ဝမ်းနည်းပက်လက်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ဘာပဲဖြစ်ဖြစ်... သူ လူတစ်ယောက်ကိုတော့ သတ်မိသွားခဲ့ပြီ ဖြစ်သည်။