ခုန်း... ခုန်း...
လေးလံလှသော ခြေလှမ်းသံများနှင့်အတူ လူငယ်တစ်ဦးသည် စင်မြင့်ထက်သို့ ချဉ်းကပ်လာခဲ့သည်။
သူ့တွင် သွယ်လျပြီး အချိုးအစားကျနလှသော ခန္ဓာကိုယ် ရှိပြီး... ထူထဲသော မျက်ခုံးများနှင့် ပါးလွှာသော နှုတ်ခမ်းလွှာတို့ ရှိကြသည်။ သူ့ပုံစံက ကောက်ကျစ်ပြီး ရက်စက်မည့် ပုံစံမျိုး ပေါက်နေ၏။
သူကတော့ ‘မိုးတိမ်ရမှတ်စာရင်း’ တွင် အဆင့် (၇) ချိတ်ထားသူ ဖြစ်သည်။ အပြင်စည်းဂိုဏ်းသားများက သူ့ကို ‘ဘော့စ်ဝမ်’ ဟု ခေါ်ကြသည်။ သူကတော့ ‘ဝမ်ချုံ’ ပေတည်း။
ရွှီရှောင်ရှို့သည် သူ့လက်သီးဆီသို့ ပြင်းထန်လှသော ဖိအားတစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။ ဝမ်ချုံတွင် အားမွေးရန်လိုအပ်သည့် နည်းစနစ်တစ်ခု ရှိနေကြောင်း သူ သိလိုက်၏။ တကယ်လို့ သူသာ ဝမ်ချုံကို အားမွေးခွင့် ပေးလိုက်မည်ဆိုပါက... ထိုတိုက်ကွက်အောက်တွင် သူ တစ်ကွက်မျှပင် ခံနိုင်ရည်ရှိမှာ မဟုတ်ချေ။
သူက လက်ထဲက ဝိညာဉ်သလင်းကျောက်ကို အနံ့တစ်ချက် ခံလိုက်ပြီး အသာအယာ ပြုံးကာ - “ဟယ်လို... ဂျူနီယာလေး!” ဟု နှုတ်ဆက်လိုက်သည်။
ဝမ်ချုံတစ်ယောက် အလွန်အမင်း ဒေါသထွက်သွားသဖြင့် ခြေလှမ်းများပင် တုန်လှုပ်သွားခဲ့ပြီး... ရွှီရှောင်ရှို့ ဘာမှလုပ်စရာမလိုဘဲ သူ့ရဲ့ ဖိအားများက အလိုအလျောက် ပျက်ပြယ်သွားခဲ့သည်။
သူ့ရဲ့ ဖိအားက ပြင်းထန်ပြီး ထူးခြားဆန်းပြားလှသော်လည်း... သူက ရွှီရှောင်ရှို့ထက် အပြင်စည်းဂိုဏ်းသို့ တစ်နှစ်နောက်ကျပြီးမှ ဝင်ရောက်လာခဲ့သည့် ဂျူနီယာတစ်ယောက်သာ ဖြစ်သည် မဟုတ်ပါလား။
လူအုပ်ကြီးက ဝမ်ချုံ၏ ပြင်းထန်လှသော ဖိအားအောက်တွင် ရွှီရှောင်ရှို့တစ်ယောက် ဘယ်လို တောင့်ခံမလဲဆိုတာကို စိတ်ပူနေခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း ထိုကောင်လေးတွင် ကောက်ကျစ်လှသော နည်းဗျူဟာမျိုးစုံ ရှိနေပြီး တစ်ခုချင်းစီက အလွန်အမင်း ထိရောက်လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ကြချေ။
“ငါတော့ ရယ်ရလွန်းလို့ သေတော့မယ်။ ရွှီရှောင်ရှို့ကိုတော့ လက်ဖျားခါမိတယ်!”
“ဘုရားသခင်... သူက ဘော့စ်ဝမ်ရဲ့ ရှေ့မှာတောင် ဒီလို စကားမျိုး ပြောရဲတယ်လား။ ငါသာ အဲဒီအခြေအနေမျိုးမှာဆိုရင် ခြေထောက်တွေပါ တုန်နေလောက်ပြီ။”
“ဟားဟား... မင်းက သူ အခုထက်ထိ ဘယ်လို အသက်ရှင်နေလဲလို့ ထင်လို့လဲ။ ရွှီရှောင်ရှို့ကလည်း တော်တော်လေး သန်မာတာပဲလေ။”
စင်မြင့်ထက်တွင်တော့ ဝမ်ချုံက ရွှီရှောင်ရှို့ကို သိမ်းငှက်တစ်ကောင်လို မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး - “ရွှီရှောင်ရှို့... မင်းက တော်တော်လေး အထင်ကြီးဖို့ ကောင်းတာပဲ။ ငါ့လူကိုတောင် လက်ဖျားနဲ့ ထိရဲတယ်ပေါ့။ မင်း သေဖို့အတွက် ပြင်ဆင်ထားသင့်တယ်!”
ရွှီရှောင်ရှို့ သူ ဘယ်သူ့ကို ပြောနေလဲဆိုတာ သိတာပေါ့။ အဲဒါ လျူကျိန်းပဲလေ။ ဒါကို လူတိုင်း သိကြသည်။
သူကတော့ သူ့အခြေအနေကို စိတ်ထဲကနေ ကျိန်ဆဲနေမိ၏။ သူက ဘာလို့ ဒီလောက်တောင် ကံဆိုးရတာလဲ။ သူ လက်ပါးစေကို အခုတင် အနိုင်ယူခဲ့ရုံပဲ ရှိသေးတယ်၊ အခုတော့ ဘော့စ်ဖြစ်သူက သူ့ကို ဒဏ်ရာကုသဖို့ အချိန်တောင်မပေးဘဲ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သူ့ဘာသာသူ မထိန်းချုပ်နိုင်တော့ဘဲ အနောက်သို့ လှည့်ကာ ဒိုင်လူကြီးကို မျက်စောင်းထိုး ကြည့်လိုက်မိသည်။
ဒိုင်လူကြီးက ဒေါသတကြီးဖြင့် လက်ကို ဝှေ့ယမ်းလိုက်ပြီး - “တိုက်ပွဲ... စတင်စေ!” ဟု အော်လိုက်တော့၏။
ရွှီရှောင်ရှို့ ချက်ချင်းပင် အကွာအဝေးတစ်ခုသို့ နောက်ဆုတ်လိုက်သည်။ ဝမ်ချုံ၏ အစွမ်းထက်ဆုံး နည်းစနစ်က သူ့ရဲ့ ဖိအားမဟုတ်ချေ။ ထိုအစား အဲဒါက ‘အရိပ်ခွဲ ဝိညာဉ်နည်းစနစ်’ ဟု ခေါ်သည့် ဝိညာဉ်နည်းစနစ်တစ်ခု ဖြစ်သည်။
ထိုနည်းစနစ်က တစ်ပြိုင်နက်တည်းမှာတင် အရိပ်တူပွား ခုနစ်ခုအထိ ဖန်တီးနိုင်သည်။ ဒါက ဝမ်ချုံ၏ မြှားမြှောင်နည်းစနစ်များနှင့် ပေါင်းစပ်လိုက်မည်ဆိုပါက... ရွှီရှောင်ရှို့သာ သူ့ရဲ့ တိုက်ခိုက်မှုအောက်တွင် ပိတ်မိသွားပါက မည်သို့မျှ လွတ်မြောက်နိုင်မှာ မဟုတ်ချေ။
‘အရိပ်ခွဲ ဝိညာဉ်နည်းစနစ်’ က ‘ရရှိပြီးအဆင့် နည်းစနစ်တစ်ခုသာ ဖြစ်သော်လည်း... ၎င်း၏ လက်တွေ့အသုံးချမှုက ‘မွေးရာပါအဆင့်’ နည်းစနစ်များကိုပင် ယှဉ်ပြိုင်နိုင်သည်။
ရွှီရှောင်ရှို့ အနောက်သို့ ဆုတ်ခွာသွားတာကို မြင်လိုက်ရသောအခါ ဝမ်ချုံ၏ မျက်နှာပေါ်တွင် အေးစက်လှသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ဒါက သူဖြစ်စေချင်တဲ့ အရာပဲလေ။
သူက ‘အရိပ်ခွဲ ဝိညာဉ်နည်းစနစ်’ ကို အားမွေးရန် အချိန်ပိုယူလေလေ... တစ်ကြိမ်တည်းနှင့် အရိပ်တူပွားတွေကို ပိုပြီး ဖန်တီးနိုင်လေလေ ဖြစ်သည်။ ရွှီရှောင်ရှို့က သူတို့ကြားထဲက အကွာအဝေးကို ပိုပြီး ဝေးကွာအောင် လုပ်ဆောင်ချင်နေမှတော့... သူက ဒါကို အခွင့်ကောင်းယူပြီး အချိန်ဆွဲနိုင်တာပေါ့။
ဝမ်ချုံက လက်ဟန်ခြေဟန်တစ်ခုကို ပြင်းထန်စွာ လုပ်ဆောင်လိုက်ပြီးနောက် အေးစက်စွာ ရယ်မောလိုက်သည်။ ရွှီရှောင်ရှို့ကတော့ သူ့ရဲ့ အရိပ်တူပွား ခုနစ်ခုကို ဆင့်ခေါ်လိုက်သည့်အချိန်တွင် သေချာပေါက် သေဆုံးသွားရလိမ့်မည်။
စင်မြင့်ထက်က ပြိုင်ပွဲဝင်များသည် တိုက်ပွဲမစတင်မီအချိန်အထိ ဆူညံနေခဲ့ကြသော်လည်း... အခုတော့ သုသာန် တိတ်ဆိတ်သွားခဲ့ကြပြီ ဖြစ်သည်။ ပွဲကြည့်စင်ပေါ်က ပရိသတ်တွေအတွက်ကတော့ တစ်မျိုးပေါ့။ သူတို့ကတော့ ဆူညံသံကို ဘယ်တုန်းကမှ မရပ်တန့်ခဲ့ကြချေ။
“ရွှီရှောင်ရှို့ ရူးသွားပြီလား။ ဘော့စ်ဝမ်ရဲ့ ရိပ်ခွဲဝိညာဉ်နည်းစနစ်က အားမွေးလို့ရမှန်း သူ မသိဘူးလား။ သူက သေရမယ့်အချိန်ကို ဆွဲဆန့်ဖို့အတွက် အကွာအဝေးကို ဝေးအောင် လုပ်နေတာလား...”
“ငါကြားတာတော့ သူက ‘ဖြတ်သန်းစီးဆင်းသော မိုးတိမ်ဓားသိုင်း’ တစ်ခုတည်းကိုပဲ သိတာတဲ့။ သူ ဘော့စ်ဝမ်ရဲ့ နည်းစနစ်အကြောင်းကို တကယ် မသိတာ ဖြစ်နိုင်မလား...”
“သွားပါပြီ... သွားပါပြီ။ အဲဒီကောင်လေးကတော့ ဘော့စ်ဝမ်နဲ့ သူ့ရဲ့ အရိပ်တူပွား ခုနစ်ခု ရှေ့ကို တစ်ပြိုင်နက်တည်း ပြေးဝင်လာတဲ့အချိန်မှာ အပိုင်းပိုင်း ပြတ်သွားတော့မှာပဲ။”
“ဟုတ်ပ။ သူ့တစ်ယောက်တည်းမှာပဲ ဒသမအဆင့် ဝိညာဉ်လက်နက် ရှိတာ မဟုတ်ဘူးလေ။ တခြားလူတွေမှာလည်း ရှိတာပဲ! ဘော့စ်ဝမ်ရဲ့ ခရမ်းရောင် မြှားမြှောင်တစ်စုံလိုမျိုးပေါ့။ ... အဲဒါတွေက တကယ့်ကို ကြောက်စရာကောင်းတာ!”
“ကြည့်စမ်း... ရွှီရှောင်ရှို့က အခုထက်ထိ သစ်သားဓားကို ကိုင်ထားတုန်းပဲ။ ဖက်ခ်... သူ... သူ မျက်လုံးတွေ ပိတ်လိုက်တာလား...”
လျူကျိန်းသည် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၏ ပြုစုစောင့်ရှောက်မှုကြောင့် သတိပြန်ရလာခဲ့ပြီ ဖြစ်သည်။ သူ ပွဲကြည့်စင်သို့ ရောက်ရှိလာသည့် ခဏတွင်ပဲ... ပြိုင်ပွဲဝင်နှစ်ဦးကြားက တိုက်ပွဲက ချက်ချင်း ပေါက်ကွဲတော့မည့် အခြေအနေကို မြင်လိုက်ရသည်။
သူ့မျက်သူငယ်အစုံ ကျုံ့သွားခဲ့ရသည်က... ဝမ်ချုံ၏ အရိပ်ခွဲဝိညာဉ်နည်းစနစ်ကြောင့် မဟုတ်ဘဲ၊ ရွှီရှောင်ရှို့ မျက်လုံးများ မှိတ်ထားသည့် ရိုးအီနေတဲ့ မြင်ကွင်းကြောင့် ဖြစ်သည်။
‘အဲဒါက... ပြီးခဲ့တဲ့ တိုက်ပွဲရဲ့ နောက်ဆုံးအခိုက်အတန့်မှာ သူ အသုံးမပြုနိုင်ခဲ့တဲ့ ဓားသိုင်း မဟုတ်လား...’ သူ သူ့ဘာသာသူ တွေးလိုက်မိ၏။
‘နှစ်ဖက်စလုံးက တိုက်ပွဲအစမှာတင် သူတို့ရဲ့ ဝှက်ဖဲတွေကို ထုတ်သုံးကြတော့မှာလား။ သူတို့က တကယ်ပဲ ဒီလောက်တောင် စိတ်မရှည်ဖြစ်နေကြတာလား...’
ရွှီရှောင်ရှို့ကတော့ ထိုအတိုင်း လုပ်ဆောင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သူ့ခန္ဓာကိုယ်က အချိန်ဆွဲရမည့် တိုက်ပွဲမျိုးကို ဆင်နွှဲနိုင်စွမ်း မရှိတော့ချေ။ ‘အရိပ်ခွဲ ဝိညာဉ်နည်းစနစ်’ ရော ‘ဖြတ်သန်းစီးဆင်းသော မိုးတိမ်ဓားသိုင်း’ ပါ အားမွေးရန် လိုအပ်နေမှတော့... သူက တိုက်ခိုက်မှု တစ်ချက်တည်းနှင့်တင် တိုက်ပွဲကို အဆုံးအဖြတ် ပေးရုံသာ ရှိတော့သည်။
သို့သော်လည်း... ပြိုင်ဘက်ကို ဒဏ်ရာအပြင်းအထန်မရစေရန်အတွက် ရွှီရှောင်ရှို့က သစ်သားဓားကို အသုံးပြုနေခြင်း ဖြစ်သည်။
သူက သူ့ပြိုင်ဘက်အပေါ် အမြဲတမ်း စာနာပေးတတ်တဲ့ ကြင်နာတတ်တဲ့ ပြိုင်ပွဲဝင်တစ်ဦး ဖြစ်သည် မဟုတ်ပါလား။
သူ မနေ့က သစ်သားဓားကို စမ်းသပ်ကြည့်ခဲ့ဖူးသည်။ ၎င်းတွင် ကောင်းမွန်လှသော တိုက်ခိုက်ရေး စွမ်းရည် ရှိနေ၏။ အနည်းဆုံးတော့ သစ်ပင်တစ်ပင်ရဲ့ အခေါက်ကို ဖြတ်တောက်နိုင်စွမ်း ရှိသည်။
အမှန်စင်စစ်တော့... ‘ဖြတ်သန်းစီးဆင်းသော မိုးတိမ်ဓားသိုင်း’ ရဲ့ အစွမ်းက လက်နက်ပေါ်မှာ မူတည်နေခြင်း မဟုတ်ဘဲ ‘ဓားအသိ’ ပေါ်မှာ မူတည်နေခြင်း ဖြစ်သည်။
အခြားတစ်ဖက်တွင်တော့ ဝမ်ချုံ၏ ဘေးပတ်ပတ်လည်၌ အရိပ်သဏ္ဍာန်များစွာ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ မည်သူမှ အသက်ပင် မရှူရဲကြချေ။ တိုက်ပွဲက တစ်ခဏအတွင်းမှာတင် အဆုံးအဖြတ် ပေးတော့မည်ကို သူတို့ သိကြသည်။
ဒိုင်လူကြီးကတော့ ကုန်းကုန်းလေး ထိုင်နေ၏။ အမှန်အတိုင်းပြောရလျှင် ဒီလို အလုပ်မျိုး လုပ်ရတဲ့လူတွေက ထိပ်တိုက်ရင်ဆိုင်ရမယ့် တိုက်ပွဲမျိုးကို အကြောက်ဆုံး ဖြစ်သည်။
ဒါပေမဲ့ ပြိုင်ပွဲဝင်တွေကို အစွမ်းကုန် တိုက်ခိုက်ခွင့် မပေးဘူးဆိုရင်လည်း အနိုင်ရရှိသူကို ဆုံးဖြတ်နိုင်မှာ မဟုတ်ချေ။ သို့သော်လည်း သူတို့ကို ဓားချင်းယှဉ်ပြိုင်ခွင့် ပေးလိုက်မည်ဆိုပါက တစ်ယောက်ယောက် သေဆုံးသွားနိုင်ပေသည်။
“ဝူးးး...”
ဒိုင်လူကြီး ရွှီရှောင်ရှို့ကို လှမ်းကြည့်လိုက်ပြီး... သူ့ရဲ့ သစ်သားဓား၊ ပိတ်ထားတဲ့ မျက်လုံးတွေနဲ့ တဖြည်းဖြည်း မှေးမှိန်သွားတဲ့ ဖိအားတွေကို မြင်လိုက်ရသောအခါ အလွန်အမင်း ထိတ်လန့်သွားမိသည်။
‘နည်းနည်းလောက် ပိုပြီး ကြိုးစားစမ်းပါဦး!’ သူ တွေးလိုက်မိ၏။
‘မင်းမှာ ဒသမအဆင့် ဝိညာဉ်ဓားတစ်လက် ရှိနေတာ မဟုတ်ဘူးလား။ အဲဒါကို ထုတ်သုံးလိုက်စမ်းပါ!’
‘မင်းသာ ဝမ်ချုံရဲ့ ပထမဆုံး အားမွေးထားတဲ့ တိုက်ခိုက်မှုကို တောင့်ခံနိုင်မယ်ဆိုရင်... ငါ မင်းကို ကယ်တင်ပေးနိုင်မှာပါ!’
“ဝုန်းးး...”
ဓား၏ ကြည်လင်ပြတ်သားလှသော မြည်ဟီးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အားလုံးက ရွှီရှောင်ရှို့၏ ဓားကို စိုက်ကြည့်ရင်း စိုးရိမ်တကြီး ဖြစ်သွားကြတော့၏။
အင်း... သစ်သားဓား ဟုတ်လား...
သူတို့ နားကြားမှားနေတာလား...
ဒါမှမဟုတ် တုန်ခါနေတာက ဝမ်ချုံ၏ မြှားမြှောင် ဖြစ်မလား...
အားလုံးက တစ်ပြိုင်နက်တည်း အနောက်သို့ လှည့်ကြည့်လိုက်ကြရာ... ဝမ်ချုံ၏ မျက်လုံးများထဲတွင် တောက်ပလှသော အရောင်အဝါများနှင့်အတူ ရှေ့သို့ ပြေးဝင်လာတာကို မြင်လိုက်ရသည်။ သူ့ခန္ဓာကိုယ်ကြီးက အရိပ်တူပွားများကြားထဲတွင် လှုပ်ရှားရင်း တည်နေရာကို အဆက်မပြတ် ပြောင်းလဲနေပြီး ရွှီရှောင်ရှို့ဆီသို့ သူ့ရဲ့ မြှားမြှောင်ဖြင့် ပိုင်းဖြတ်ရန် တိုးဝင်လာခဲ့သည်။
သူက အနားသို့ ချဉ်းကပ်လာခဲ့ပြီ...
စင်မြင့်ရဲ့ တစ်ဝက်...
တစ်မီတာ…
ရွှီရှောင်ရှို့ကတော့... အခုထက်ထိ မျက်လုံးမှိတ်ထားဆဲ ဖြစ်သည်။
လူတိုင်း စိတ်ထဲကနေ ကျိန်ဆဲနေကြတော့၏။ သူ သေတော့မယ့် အခြေအနေ ရောက်နေပြီ ဖြစ်သော်လည်း မျက်လုံးကို အခုထက်ထိ မဖွင့်သေးချေ။ တကယ်လို့ သူသာ တစ်ခုခုမလုပ်ဘူးဆိုရင် သူ့မျက်လုံးတွေက ထာဝရ ပိတ်သွားနိုင်ပေသည်။
ဒိုင်လူကြီး ချက်ချင်းပင် ရှေ့သို့ ပြေးဝင်လိုက်သည်။ ရွှီရှောင်ရှို့ သေချာပေါက် ရူးသွားပြီ ဖြစ်ရမည်။ သူက ပြင်းထန်စွာ ဒဏ်ရာရထားပြီး ပြိုင်ပွဲကို လက်လျှော့လိုက်တာ ဖြစ်ရမည်။
သို့သော်လည်း... ပြိုင်ပွဲဝင်နှစ်ဦးလုံး လက်မအနည်းငယ်သာ ကွာဝေးတော့မည့် အခိုက်အတန့်တွင် ရွှီရှောင်ရှို့ ရုတ်တရက် မျက်လုံးပွင့်လာခဲ့သည်။ သူ့ရဲ့ ညာဘက်လက်ထဲက ဓားကို ဘယ်အချိန်က လှုပ်ရှားလိုက်လဲဆိုတာ မည်သူမှ မမြင်လိုက်ကြရချေ။
ဒီတိုက်ခိုက်မှုက ဖြတ်သန်းစီးဆင်းနေတဲ့ မိုးတိမ်တစ်ခုလိုမျိုး အလွန်အမင်း နှေးကွေးလှပြီး... စိတ်မရှည်ဖြစ်နေကြတဲ့ ပွဲကြည့်ပရိသတ်တွေကို ချက်ချင်းပင် ငြိမ်သက်သွားစေခဲ့သည်။
“ဝုန်းးး...”
နောက်ထပ် ဓားမြည်ဟီးသံတစ်ခု ထွက်ပေါ်လာပြန်သည်။ ဒီတစ်ကြိမ်တွင်တော့ ဘာဖြစ်ပျက်သွားလဲဆိုတာကို အားလုံး မြင်လိုက်ကြရပြီ ဖြစ်သည်။ ပျော်ရွှင်စွာ ကခုန်နေသည်က ရွှီရှောင်ရှို့၏ သစ်သားဓားဖြစ်ပြီး ဝမ်ချုံ၏ မြှားမြှောင် မဟုတ်ချေ။
“သစ်သားဓား ဟုတ်လား...”
“ဘာတွေ ဖြစ်နေတာလဲ...”
ပွဲကြည့်စင်ပေါ်က လူတိုင်းက တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြသည်။ သို့သော်လည်း သူတို့ကိုယ်တိုင်ပင် ထိုတိုက်ခိုက်မှုရဲ့ ရိုက်ခတ်မှုကို ခံလိုက်ရလိမ့်မည်ဟု မည်သူမှ မျှော်လင့်မထားခဲ့ကြချေ။
“ချလွင်...”
ဒီအသံက လူတိုင်း၏ ဓားတွေကို တုန်ခါသွားစေခဲ့ပြီး... ဓားတွေအားလုံးက ‘ဓားအသိ’ ရဲ့ ဆွဲဆောင်မှုကို ခံလိုက်ရသလိုမျိုး တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားခဲ့ကြသည်။
ဒီမြင်ကွင်းက တကယ့်ကို ရိုးအီနေတဲ့ မြင်ကွင်းတစ်ခု ဖြစ်သည်။ အခင်းဖြစ်ပွားရာနေရာက ဓားသမားအားလုံးက လွန်ခဲ့တဲ့ နှစ်ရက်ခန့်က အပြင်စည်းဂိုဏ်းတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့တဲ့ အမည်မသိ ဓားမြည်ဟီးသံအကြောင်းကို အလိုအလျောက် ပြန်လည်တွေးမိသွားကြတော့သည်။
အဲဒါက ရွှီရှောင်ရှို့ကြောင့် ဖြစ်ရော့သလား...
“ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
“ငါ မျက်စိမှားနေတာလား...”
ကောင်းကင်ယံထက်တွင်တော့ ရှောင်ချီရှို့ ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ရပြီး... ထိတ်လန့်တုန်လှုပ်စွာဖြင့် သူ့ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်မိသည်။
“သဘာဝအလျောက်အဆင့် ဓားအသိ’ ဟုတ်လား?!
ဒါက တကယ်ပဲ ရွှီရှောင်ရှို့ဆီကနေ ထွက်ပေါ်လာတာလား။
စင်မြင့်ထက်တွင်တော့ မြည်ဟီးသံ ထွက်ပေါ်လာပြီးနောက် ဝမ်ချုံက သူ့ရဲ့ တိုက်ခိုက်ရေးအစီအစဉ်ကို ချက်ချင်း ပြောင်းလဲလိုက်သည်။ သူက ရွှီရှောင်ရှို့၏ နှာခေါင်းအောက်တည့်တည့်ကနေ အနောက်သို့ ဆုတ်ခွာလိုက်ပြီး... သူ့ရဲ့ အရိပ်တူပွား ခုနစ်ခုကို သူ့ရှေ့တွင် ကာကွယ်ခိုင်းလိုက်တော့၏။
ချလွင်... ချလွင်... ချလွင်...
ဓားအလင်းတန်းက ခရမ်းရောင် မြှားမြှောင်များနှင့် ရိုက်ခတ်မိသွားခဲ့ပြီး သတ္တုချင်း ထိခိုက်မိသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။
ဝမ်ချုံတစ်ယောက် အလွန်အမင်း ထိတ်လန့်သွားမိ၏။ ထိုကောင်လေး၏ တိုက်ခိုက်မှုတစ်ခုက ဓားအလင်းတန်း ရာပေါင်းများစွာကို ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။ အလွန်အမင်း နှေးကွေးလှပုံရတဲ့ ဓားကွန်ရက်ကြီးတစ်ခုက သူ့ပြိုင်ဘက်၏ တိုက်ခိုက်ရေးလမ်းကြောင်းကို ပိတ်ဆို့ထားခဲ့ပြီး သူ့ကို အကြိမ်ကြိမ် အနောက်သို့ ဆုတ်ခွာသွားစေခဲ့သည်။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
“ဒီကောင်က ခန္ဓာကိုယ်ကိုပဲ ကျင့်ကြံထားတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဒီလောက် ကြောက်စရာကောင်းတဲ့ ဓားသိုင်းမျိုး ရှိနေရတာလဲ...”
ဖျတ်... ဖျတ်... ဖျတ်...
ဝမ်ချုံ၏ အရိပ်တူပွားများက တစ်ခုပြီးတစ်ခု အပိုင်းပိုင်း ပြတ်သွားခဲ့ရပြီး... ဝမ်ချုံ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ပါးလွှာသော ဓားရာများ ပေါ်ထွက်လာခဲ့သည်။ သူ့ဒဏ်ရာများဆီမှ သွေးစိမ်းရှင်ရှင်များ စီးကျလာတော့၏။
စင်မြင့်အပြင်ဘက်တွင်တော့ လျူကျိန်း ဆွံ့အသွားခဲ့ရသည်။ ဒီဓားသိုင်းက...
သူတို့ တိုက်ခိုက်စဉ်တုန်းက ရွှီရှောင်ရှို့သည် ‘နာကျင်မှုပုန်းကွယ်ခြင်း’ ဓားကို ကိုင်ဆောင်ထားခဲ့ကြောင်း သူ မှတ်မိသွားသည်။ တကယ်လို့ သူသာ ရွှီရှောင်ရှို့၏ တိုက်ခိုက်မှုကို ဖြတ်တောက်ဖို့အတွက် မှောင်မိုက်တဲ့ စွမ်းအင်ပေါက်ကွဲမှုကို အသုံးမပြုခဲ့ဘူးဆိုရင်... သူ သေချာပေါက် အသားစင်းကော ဖြစ်သွားလောက်ပြီ။
သူ မျှော်လင့်ထားခဲ့သလိုပဲ... ဒီကောင်က သူ့ရဲ့ စစ်မှန်တဲ့ ခွန်အားကို ဖုံးကွယ်ထားတာ သေချာတယ်!
စင်မြင့်ထက်တွင်တော့ ဝမ်ချုံသည် ဓားအလင်းတန်းများကြောင့် သူ့ရဲ့ မူလနေရာသို့ ပြန်လည် ရောက်ရှိသွားခဲ့ရပြီး စင်မြင့်အပြင်ဘက်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။
သူက သူ့မြှားမြှောင်ကို သိမ်းဆည်းလိုက်ပြီး လက်မောင်းနှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ကာကွယ်လိုက်၏။ သူ့ခန္ဓာကိုယ်ထဲကနေ ဝိညာဉ်စွမ်းအင် အကာအကွယ်အတားအဆီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဓားအလင်းတန်းအားလုံးကို ချက်ချင်းပင် ပြန်လည်မောင်းထုတ်ပစ်လိုက်သည်။
“ဝိညာဉ်လှိုင်း အကာအကွယ်!”
ဝိညာဉ်စွမ်းအင်များ ပျံ့လွင့်သွားခဲ့ပြီး ဝမ်ချုံ၏ မျက်သူငယ်များ ပြူးကျယ်သွားခဲ့ရသည်။
ရွှီရှောင်ရှို့၏ ဆံပင်များက ရှေ့သို့ တိုးဝင်လာတဲ့ အရှိန်ကြောင့် အပေါ်သို့ လန်တက်သွားခဲ့ပြီး... သူ့ရဲ့ သစ်သားဓားက ဝမ်ချုံ၏ လည်ပင်းတည့်တည့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
“မင်း ရှုံးပြီ။”
ဂုဋ်...
ဝမ်ချုံ သူ့ဘာသာသူ မထိန်းနိုင်ဘဲ တံတွေးတစ်ချက် မျိုချလိုက်မိသည်။ သူ့ရဲ့ လည်ချောင်းသီး လှုပ်ရှားသွားသည်နှင့်အမျှ သစ်သားဓား၏ ဓားစွမ်းအင်ကြောင့် ဖြစ်ပေါ်လာတဲ့ ဒဏ်ရာဆီမှ သွေးအနည်းငယ် စီးကျလာခဲ့၏။
သူ့မျက်နှာတစ်ခုလုံး သွေးများဖြင့် ပေကျံနေသော်လည်း... အားလုံးက အရေပြားဒဏ်ရာများသာ ဖြစ်ကြသည်။ သူက အကောင်းဆုံး အခြေအနေမှာ ရှိနေဆဲ ဖြစ်သော်လည်း... သူ ရှုံးနိမ့်သွားခဲ့ပြီ။
ဓားတစ်လက်... စကားတစ်ခွန်း...
‘မိုးတိမ်ရမှတ်စာရင်း’ ရဲ့ အဆင့် (၇) ချိတ်ထားသူတစ်ယောက် အရေးနိမ့်သွားခဲ့ချေပြီ။
လေပြေညင်းက စင်မြင့်ထက်သို့ ဖြတ်သန်းတိုက်ခတ်သွားခဲ့သည်။ ပွဲကြည့်စင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့ရပြီး... ဒိုင်လူကြီးကတော့ ဇဝေဇဝါဖြင့် ခေါင်းကို လှည့်ကြည့်လိုက်မိသည်။
ရွှီရှောင်ရှို့ သူ့ဓားကို ပြန်ရုပ်သိမ်းလိုက်ပြီး လှည့်ထွက်ခဲ့တော့သည်။ သူ အနောက်သို့ ပြန်သွားပြီး ခန္ဓာကိုယ်ကို ပြန်လည်ကုသရမည် ဖြစ်သည်။ ထိုဓားသိုင်းက သူ့ရဲ့ ဝိညာဉ်စွမ်းအင် အားလုံးကို ကုန်ခမ်းသွားစေခဲ့ပြီ ဖြစ်သည်။
သူ့ခြေထောက်တွေ တုန်ခါနေတယ်...
‘အောင့်ခံစမ်း...’ သူ သူ့ကိုယ်သူ ပြောလိုက်မိသည်။ ‘မင်း လဲကျလို့ မဖြစ်ဘူး။ လူတွေအများကြီး ကြည့်နေကြတာ။ မင်း ဒီပြဇာတ်ကို အဆုံးထိ ကပြရမယ်!’
ဝမ်ချုံ၏ မျက်လုံးများထဲတွင်တော့ မကျေနပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူတို့ တိုက်ခိုက်မှုအတွက် အားမွေးခဲ့တဲ့ အချိန်တွေကို ဖယ်ထုတ်လိုက်မည်ဆိုပါက... တိုက်ပွဲက စက္ကန့်အနည်းငယ်သာ ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူ ရှုံးနိမ့်သွားခဲ့ရတယ် ဟုတ်လား…
‘မိုးတိမ်ရမှတ်စာရင်း’ ရဲ့ အဆင့် (၇)၊ အပြင်စည်းဂိုဏ်းရဲ့ ဘော့စ်ဝမ်က အရေးနိမ့်သွားခဲ့ပြီ ဖြစ်သည်။
သူ အနောက်သို့ လှည့်မကြည့်ချေ။ သူ အကာအကွယ်အတားအဆီးထဲမှာ ရှိနေသော်လည်း... လူအုပ်ကြီး၏ ရက်စက်လှသော လှောင်ပြောင်သံတွေကို ကြားနေရသလိုမျိုး ခံစားနေရသည်။
လျူကျိန်းတောင်မှ တိုက်ပွဲအတွင်းမှာ ရွှီရှောင်ရှို့ကို အပြင်းအထန် ရိုက်နှက်နိုင်ခဲ့သေးတယ်၊ ဒါပေမဲ့ ဘော့စ်ဝမ်ဖြစ်တဲ့သူကတော့ တစ်ကွက်တည်းနဲ့တင် အရေးနိမ့်သွားခဲ့ရတယ် ဟုတ်လား…
ဒီ ရွှီရှောင်ရှို့က တီရှင်းအာကို သစ်သားဓားနဲ့ ကျီစယ်ရဲခဲ့သော်လည်း... ဘော့စ်ဝမ်ကတော့ ကွင်းထဲဝင်လာတဲ့အချိန်မှာ ဘာမှမလုပ်နိုင်ခဲ့ချေ။
ဝမ်ချုံ၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်လှသော အမူအရာတစ်ခု ဖြတ်သန်းသွားခဲ့သည်။
သူ့လက်အင်္ကျီထဲတွင် ဝှက်ထားသည့် ခရမ်းရောင် မြှားမြှောင်က ဆန်းပြားလှတဲ့ အရောင်အဝါတွေကို ထုတ်လွှတ်လိုက်ပြီး... ဝမ်ချုံ၏ ခန္ဓာကိုယ်ကြီးက အရိပ်တစ်ခုလိုမျိုး ရွှီရှောင်ရှို့ဆီသို့ ထပ်မံ ပြေးဝင်သွားတော့၏။
“သတိထား!”
“ရပ်လိုက်စမ်း... ဝမ်ချုံ!”
“တိုက်ပွဲက ပြီးသွားပြီ! အခုရပ်!” ဒိုင်လူကြီးက ရှေ့သို့ ပြေးဝင်ရင်း အော်ဟစ်လိုက်သည်။ သူက ပွဲပြီးကြောင်း ကြေညာဖို့ နောက်ကျသွားခဲ့သည့်အတွက် ဒီလိုရလဒ်မျိုး ထွက်ပေါ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
ရွှီရှောင်ရှို့ အနိုင်ရသွားတာကို မည်သူမဆို မြင်နိုင်ပါသည်။ ဝမ်ချုံက ဒီလိုလုပ်ရပ်မျိုးကို လုပ်ဆောင်ပြီး ပုန်းကွယ်တိုက်ခိုက်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
သူ ဝမ်ချုံ၏ တိုက်ခိုက်မှုကို အချိန်မီ တားဆီးနိုင်မှာ မဟုတ်တော့ချေ။
[ပုန်းကွယ်တိုက်ခိုက်ခြင်း ခံလိုက်ရသည်။ အလိုအလျောက် ရမှတ် +၁]
ရွှီရှောက်ရှို့သည် အလိုအလျောက်ရမှတ်တွေကို အလွန်အမင်း မက်မောသူဖြစ်သဖြင့်... စနစ်မျက်နှာပြင်ကို အမြဲတမ်း အာရုံစိုက်ထားလေ့ရှိသည်။ ဒီ အကြောင်ကြားစာ ကို မြင်လိုက်ရသောအခါ... သူ ချက်ချင်းပင် အနောက်သို့ လှည့်ကာ ပြန်လည်တုံ့ပြန်လိုက်တော့၏။
ဖျတ်...
ဝမ်ချုံ၏ ဒသမအဆင့် ဝိညာဉ်မြှားမြှောင်က ရွှီရှောင်ရှို့၏ ပုခုံးကို ပြင်းထန်စွာ ထိုးစိုက်မိသွားခဲ့ပြီး သွေးများ နေရာအနှံ့ ပန်းထွက်သွားခဲ့သည်။
ဇွပ်...
ရွှီရှောင်ရှို့၏ ညာဘက်လက်ဝါးက ဝမ်ချုံ၏ ရင်ဘတ်ကို ဖောက်ထွက်သွားခဲ့ပြီး... သူ့ရဲ့ နှလုံးသားတည့်တည့်သို့ ချဉ်းကပ်သွားခဲ့တော့သည်။