ဖြောင်း... ဖြောင်း... ဖြောင်း...
ပွဲကြည့်စင်များဆီမှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော လက်ခုပ်သြဘာသံများ ထွက်ပေါ်လာခဲ့သည်။ သံသယဖြစ်စရာမလိုဘဲ ယခုတိုက်ပွဲက အလွန်အမင်း စိတ်လှုပ်ရှားစရာကောင်းပြီး အချိုးအကွေ့ အပြောင်းအလဲများဖြင့် ပြည့်နှက်နေခဲ့ခြင်း ဖြစ်သည်။
သူတို့အားလုံးက လျူကျိန်း၏ ‘မဟာအမှောင်ဘေးဒုက္ခ လက်သီးချက်’ အဆက်မပြတ် တိုက်ခိုက်မှုအောက်တွင် ရွှီရှောင်ရှို့တစ်ယောက် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးဟု ထင်မှတ်ခဲ့ကြသည်။ သို့သော်လည်း သူက ထိုတိုက်ကွက်ကို လက်ညှိုးတစ်ချောင်းတည်းဖြင့် ပြန်လည်တုံ့ပြန်ပြီး တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်ပစ်လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ကြချေ။
ထို့ပြင် ‘မဟာအမှောင်ဘေးဒုက္ခ လက်သီးချက်’ ကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီးနောက် ရွှီရှောင်ရှို့တစ်ယောက် ပြန်လည်ရုန်းထွက်နိုင်မှာ မဟုတ်ဘူးဟု ထင်ခဲ့ကြသော်လည်း... သူက ရရှိထားတဲ့ ဒဏ်ရာကို အခွင့်ကောင်းယူကာ အသာစီးရယူပြီး သူ့သွေးများဖြင့် လျူကျိန်း၏ အမြင်အာရုံကို မှုန်ဝါးသွားအောင် လုပ်ဆောင်ခဲ့သည်။
ပိုပြီး အရေးကြီးသည်ကတော့... သူတို့နှစ်ဦးလုံး ကောင်းကင်ယံထက်တွင် အရှိန်အဟုန်ပြင်းစွာဖြင့် လည်ပတ်နေခဲ့ကြခြင်း ဖြစ်သည်။ ရွှီရှောင်ရှို့၏ လည်ပတ်မှုက လျူကျိန်းကို သူ့ဘဝသူ သံသယဝင်သွားစေရုံသာမက... နောက်ဆုံးတွင် သုံးစွဲလိုက်သည့် နည်းစနစ်က လျူကျိန်း၏ အနောက်သို့ ရောက်ရှိသွားစေပြီး မြေကြီးပေါ်သို့ အရှိန်ပြင်းစွာ ဆွဲချပစ်လိုက်ခြင်း ဖြစ်ရာ... သူ၏ ပြင်းထန်လှသော လက်ဝှေ့သတ်ပုတ်ခြင်း စွမ်းရည်ကို အပြည့်အဝ ပြသနိုင်ခဲ့ချေပြီ။
ဒီရူးသွပ်ဖွယ် တိုက်ပွဲကို စတင်ခဲ့သည့် ရွှီရှောင်ရှို့ကိုယ်တိုင်ပင်လျှင် သူ့တွင် ‘ခွန်အားတိုးမြှင့်ခြင်း’ သာ မရှိခဲ့ပါက သေချာပေါက် အရေးနိမ့်သွားလိမ့်မည်ဟု တွေးလိုက်မိသည်။
‘မဟာအမှောင်ဘေးဒုက္ခ လက်သီးချက်’ ရဲ့ မှောင်မိုက်တဲ့ စွမ်းအင်က တကယ့်ကို ကြောက်စရာကောင်းလှ၏။ သူ ရှုံးနိမ့်လုနီးပါး အခြေအနေကနေ အောင်ပွဲခံနိုင်ခဲ့သော်လည်း... အခုတော့ တိုက်ခိုက်နိုင်စွမ်းအားလုံး ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။
ဒိုင်လူကြီးက အနားသို့ ပြေးလာပြီး - “မင်း နားဖို့ လိုအပ်သလား” ဟု မေးလိုက်သည်။
“လိုပါတယ်” ရွှီရှောင်ရှို့ ခေါင်းညိတ်ပြလိုက်၏။
ဒိုင်လူကြီးက အသက်ကို ဝဝရှူလိုက်ပြီး ရွှီရှောင်ရှို့၏ ခန္ဓာကိုယ်အောက်တွင် ဖိညှပ်ခြင်း ခံထားရသည့် လျူကျိန်းကို လက်ညွှန်းထိုးပြကာ - “သူလည်း နားဖို့ လိုနေပြီ ထင်တယ်” ဟု ပြောလိုက်သည်။
လျူကျိန်းကတော့ သတိလစ်မေ့မြောသွားခဲ့ပြီ ဖြစ်သည်။ သူက မြေကြီးပေါ် ပြုတ်ကျတဲ့ အရှိန်ကြောင့် သတိလစ်သွားတာလား၊ ဒါမှမဟုတ် ဒေါသထွက်လွန်းလို့ သတိလစ်သွားတာလား ဆိုတာတော့ မခွဲခြားနိုင်တော့ချေ။
ရွှီရှောင်ရှို့ အိုးတိုးအမ်းတမ်းဖြင့် မတ်တတ်ထရပ်လိုက်ပြီး ပြိုင်ပွဲဝင် လျူကျိန်းကို နောက်ဆုံးတွင်တော့ လွှတ်ပေးလိုက်ပြီ ဖြစ်သည်။ ဝန်ထမ်းများက ချက်ချင်းပင် ရှေ့သို့ ပြေးလာကြပြီး လျူကျိန်းကို ထမ်းစင်ဖြင့် သယ်ဆောင်သွားကြတော့သည်။
“မင်း ဒဏ်ရာတွေ သက်သာအောင် အကာအကွယ်အတားအဆီးထဲ ဝင်မနားတော့ဘူးလား” ဒိုင်လူကြီးက မေးလိုက်သည်။
ရွှီရှောင်ရှို့ လက်ခုပ်တီးနေကြသည့် လူအုပ်ကြီးကို ခိုးကြည့်လိုက်ကာ - ‘ဟာသပဲ... ငါက ဘယ်လိုလုပ် အကာအကွယ်ထဲ ဝင်နားမှာလဲ’ ဟု တွေးလိုက်မိသည်။
သူက ခေါင်းခါပြလိုက်ပြီး သူ့စိတ်အာရုံထဲက စနစ်မျက်နှာပြင်ကိုသာ အာရုံစိုက်လိုက်တော့၏။
[အားပေးခြင်း ခံလိုက်ရသည်။ အလိုအလျောက် ရမှတ် +၂၄၂]
[ချီးမွမ်းခြင်း ခံလိုက်ရသည်။ အလိုအလျောက် ရမှတ် +၃၆၆]
သူ့ရဲ့ အကြောင်းကြားစာ မျက်နှာပြင်က အဆက်မပြတ် ပြောင်းလဲနေသည်။ နာရီဝက်အတွင်းမှာတင် သူရရှိထားတဲ့ အလိုအလျောက်ရမှတ်တွေက ပြီးခဲ့တဲ့ တိုက်ပွဲနှစ်ခုလုံးမှာ ရခဲ့တာထက် ကျော်လွန်သွားခဲ့ချေပြီ။
ရွှီရှောင်ရှို့ မျက်နှာပြင်၏ အောက်ခြေကဏ္ဍကို မကြည့်ဘဲ မနေနိုင်တော့ချေ။
[အလိုအလျောက် ရမှတ်: ၇၂၂၅]
တောက် တောက်...
တီရှင်းအာ ပေးခဲ့တဲ့ ရမှတ်အနည်းငယ်ကို မရေတွက်ဘူးဆိုရင်တောင်... လျူကျိန်း တစ်ယောက်တည်းဆီကတင် အလိုအလျောက်ရမှတ် ၂,၀၀၀ ကျော် ရရှိခဲ့တာ ဖြစ်သည်။
ကျန်တဲ့ ရမှတ်တွေကိုတော့ တိုက်ပွဲကြားထဲမှာ ရူးသွပ်နေကြတဲ့ လူအုပ်ကြီးဆီကနေ ရရှိခဲ့ခြင်း ဖြစ်သည်။
ဒီကိန်းဂဏန်းက အခုထက်ထိ အဆက်မပြတ် မြင့်တက်နေဆဲပေါ့။
ရွှီရှောင်ရှို့ ရမှတ်တွေကို ဆက်ပြီး အာရုံမစိုက်တော့ဘဲ သူ့ခန္ဓာကိုယ်ကိုသာ စစ်ဆေးလိုက်တော့သည်။
သူက မှောင်မိုက်တဲ့ စွမ်းအင်တွေရဲ့ ပေါက်ကွဲမှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တာ ဖြစ်သည်။ ပေါက်ကွဲမှုဖြစ်ပြီးနောက် သူလုပ်ခဲ့သမျှ အရာအားလုံးက သူ့ရဲ့ စိတ်ဓာတ်ခွန်အားတစ်ခုတည်းနဲ့တင် လုပ်ဆောင်ခဲ့တာလို့ ပြောလို့ရသည်။
အခု စိတ်အေးသွားတဲ့အချိန်မှာတော့ ခန္ဓာကိုယ်ကို လှုပ်ရှားနိုင်စွမ်း မရှိတော့ချေ။ လက်ညှိုးလေး တစ်ချောင်း မြှောက်ဖို့အတွက်တင် အလွန်အမင်း နာကျင်နေရသည်။
သို့သော်လည်း ပဏာမအဆင့် ပြိုင်ပွဲမှာ နောက်ထပ် တစ်ကျော့ ကျန်သေးသည် မဟုတ်ပါလား။
ရွှီရှောင်ရှို့ သွားကို ကြိတ်လိုက်ပြီး လူအုပ်ကြီးကို ကျောခိုင်းကာ ‘ချူယွင်စင်မြင့်’ ပေါ်တွင် ဝင်ထိုင်လိုက်သည်။
သူက ဆေးပုလင်းတစ်လုံးကို ထုတ်ယူလိုက်၏။ အတွင်းထဲတွင်တော့ အုပ်စုအဆင့် တိုက်ပွဲအပြီးမှာ အကြီးအကဲချောင် ပေးထားခဲ့တဲ့ ဒသမအဆင့် ဒဏ်ရာကုသရေး ဝိညာဉ်ဆေးလုံး ဖြစ်သော ‘ရွှေနီဆေးလုံး’ ရှိနေသည်။
‘ငါ အစွမ်းကုန် ကြိုးစားရမှာပဲ!’ သူ တွေးလိုက်မိသည်။
ရွှီရှောင်ရှို့သည် ကိုယ့်ကိုယ်ကိုယ် အသေခံဖို့ ပြင်ဆင်ထားသည့်အလား... ရွှေနီဆေးလုံးတစ်လုံးကို ကောက်ယူလိုက်သော်လည်း အနံ့ကို ပြင်းပြင်းမရှူရဲချေ။ သူက အသာအယာလေးသာ အနံ့ခံလိုက်သည်။
ထိုခဏတွင်ပဲ... သူ ခန္ဓာကိုယ်တစ်ခုလုံး မိုးကြိုးပစ်ခံလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။ သူ့မျက်လုံးအစုံက အပေါ်သို့ လန်တက်သွားပြီး ခန္ဓာကိုယ်ကြီးကလည်း ပြင်းထန်စွာ တုန်ခါလာတော့သည်။
“အီးးး... ဟီးးး...”
ပွဲကြည့်စင်ပေါ်က လူတိုင်းက ရွှီရှောင်ရှို့ကို စိုက်ကြည့်နေကြခြင်း ဖြစ်သည်။ ထိုစဉ် ရွှီရှောင်ရှို့တစ်ယောက် လူအုပ်ကြီးကို ကျောခိုင်းထားရင်း ရုတ်တရက် ခန္ဓာကိုယ်ကြီး တုန်ခါလာတာကို မြင်လိုက်ရသောအခါ... အားလုံးက အလွန်အမင်း စူးစမ်းချင်စိတ်ဖြင့် လည်ပတ်ကြည့်ရှုကြတော့သည်။
“သူ ဘာလုပ်နေတာလဲ...”
“သူ ဆေးသောက်နေတာလား။ အဲဒါ ဘာဆေးမို့လို့ အာနိသင်က ဒီလောက်တောင် ပြင်းရတာလဲ...”
“ဒါက အဆိပ်ဆေးလုံး ဖြစ်ရမယ်။ တကယ့်ကို ကြောက်စရာကောင်းလိုက်တာ!”
ထိုင်နေတဲ့ ရွှီရှောင်ရှို့တစ်ယောက် ရုတ်တရက် အနောက်သို့ ပက်လက်လန်လဲကျသွားတာကို လူတိုင်း မြင်လိုက်ကြရသည်။ သူ့ခန္ဓာကိုယ်ကြီးက ‘ချူယွင်စင်မြင့်’ ပေါ်တွင် ကြယ်ငါးပွင့်ပုံသဏ္ဍာန် ဖြစ်သွားခဲ့ပြီး တုန်ခါနေသည့် ရွှံ့နွံပုံကြီးတစ်ခုလို ဖြစ်နေတော့သည်။
“သူ ဘာတွေ စားလိုက်တာလဲ။ ဘာလို့ အဲဒီလောက်တောင် တုန်နေရတာလဲ...”
“ဒီကောင်က တုန်ခါတတ်တဲ့ အမျိုးအစား ထင်တယ်...”
လူတိုင်း ချက်ချင်း ဇဝေဇဝါ ဖြစ်သွားကြတော့သည်။ ရွှီရှောင်ရှို့ သတိလစ်လုနီးပါး ဖြစ်နေချိန်မှာတင် သံသယဝင်ခြင်းကြောင့် ရမှတ်အမြောက်အမြား ထပ်မံ ရရှိလိုက်ပြန်သည်။
ဒိုင်လူကြီးပင်လျှင် လန့်ဖျတ်သွားမိ၏။ ‘ဒါက ဘာလဲ’ သူ တွေးလိုက်မိသည်။ ‘ငါတို့ လျူကျိန်းကိုပဲ အခုတင် သယ်ထုတ်သွားရသေးတယ်၊ အခု မင်းကပါ ထပ်ပြီး လဲကျသွားပြန်ပြီလား။’
‘မင်း အသက်ဘယ်လောက်ရှိပြီလဲ။ ငါ့လို ဒိုင်လူကြီးတစ်ယောက်ကို ဘာလို့ ဒီလောက်တောင် စိတ်ပူအောင် လုပ်နေရတာလဲ!’
သူက ဆေးဘက်ဆိုင်ရာအဖွဲ့နှင့်အတူ အနားသို့ အမြန်ပြေးလာခဲ့သည်။ သူတို့က ရွှီရှောင်ရှို့၏ နှာခေါင်းနှင့် နှုတ်ခမ်းကြားကို ဖိနှိပ်ပေးရင်း သွေးခုန်နှုန်းကို စမ်းသပ်လိုက်ကြ၏။
“အီးးး... ငါ... ငါ အဆင်ပြေပါတယ်...” ရွှီရှောင်ရှို့ နှုတ်ခမ်းထောင့်ကနေ အမြှုပ်များ ထွက်လာခဲ့သည်။
“မင်းပုံစံက အဆင်ပြေတဲ့ ပုံစံပေါက်နေလို့လား” ဒိုင်လူကြီး ဆဲရေးတိုင်းထွာပစ်ချင်စိတ် ပေါက်သွားသည်။
“မင်း တောင့်မခံနိုင်ရင် ငါ့ကို ပြောရမယ်လေ၊ ငါ မင်းကို ဒဏ်ရာကုသဖို့ ခေါ်သွားပေးမယ်!” ဒိုင်လူကြီးက ရွှီရှောင်ရှို့ တုန်ခါမနေစေရန်အတွက် သူ့ရင်ဘတ်ကို ဖိနှိပ်ပေးဖို့ ကြိုးစားလိုက်သည်။
ရွှီရှောင်ရှို့ မျက်လုံးများ လန်တက်နေဆဲဖြစ်ပြီး မတ်တတ်ထထိုင်ဖို့ ရုန်းကန်နေသော်လည်း... သူ့ခန္ဓာကိုယ်ထဲတွင် ခွန်အားတစ်ခုမျှ မရှိတော့ချေ။ သူက အားနည်းစွာဖြင့် အော်ဟစ်လိုက်မိသည်။
“မ... ငါ့ကို မထိနဲ့!”
“လောလောဆယ် ငါ့မှာ... အာရုံခံစားလွယ်တဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ ရှိနေလို့... အီးးး...”
ဒိုင်လူကြီး စကားပင် မထွက်နိုင်တော့ချေ။
သူက ရွှီရှောင်ရှို့ပေါ်က သူ့လက်တွေကို တိတ်ဆိတ်စွာ ပြန်ရုပ်သိမ်းလိုက်သည်။ ‘ကြည့်ရတာ သူ ငါ့အကူအညီကို မလိုချင်ဘူးထင်တယ်...’ သူ တွေးလိုက်မိ၏။
ပွဲကြည့်ပရိသတ်အားလုံးက ဘာတွေဖြစ်ပျက်နေလဲဆိုတာကို စူးစမ်းနေကြသည်။ ရွှီရှောင်ရှို့က မြေကြီးပေါ်တွင် လဲလျောင်းနေသဖြင့် သူ့မျက်နှာကို မြင်နေရပြီး... နှုတ်ခမ်းဖတ်တတ်သည့် ပရိသတ်အချို့က သူတို့ပြောနေသည့် စကားလုံးများကို ပြန်လည် အဓိပ္ပာယ်ဖော်ပေးလိုက်ကြသည်။
ပွဲကြည့်စင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့၏။
“သူ သေချာပေါက် ကာမစိတ်ကြွဆေးတွေ သောက်ထားတာ ဖြစ်ရမယ်!”
“ပြိုင်ပွဲမစခင် အဲဒီလို အရာတွေကို သောက်တယ်... ငါတော့ သူ့ကို လက်ဖျားခါမိတယ်!”
“တစ်ယောက်ယောက် သွားဆွဲထုတ်ပြီး သူ့ကို အအေးခံပေးလိုက်စမ်းပါဦး!”
“ဆေးစစ်ချက်လုပ်ဖို့ ငါ ပြင်းပြင်းထန်ထန် တောင်းဆိုပါတယ်။ အဲဒီ ရွှီရှောင်ရှို့က တားမြစ်ထားတဲ့ ဆေးဝါးတွေကို သောက်သုံးထားတာ သေချာတယ်!”
ဒီလို လွဲမှားတဲ့ အဓိပ္ပာယ်ကောက်ယူမှုအားလုံးက ရွှီရှောင်ရှို့ကို အလိုအလျောက်ရမှတ် အမြောက်အမြား ဆောင်ကြဉ်းပေးခဲ့သည်။ ထိုအထဲတွင် သံသယဝင်ခြင်း၊ လေးစားခြင်း၊ လှောင်ပြောင်ခြင်းများ... အစုံအလင် ပါဝင်နေသည်။
ရွှီရှောင်ရှို့၏ သွေးခုန်နှုန်းကို စမ်းသပ်နေသည့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းက သူ့လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်ပြီး အံ့သြစွာဖြင့် - “သူက အဆင်ပြေနေတဲ့ ပုံပဲ?” ဟု ပြောလိုက်သည်။
“ဘာ...” ဒိုင်လူကြီး ဇဝေဇဝါ ဖြစ်သွားသည်။
“သူ ဘာဆေးသောက်လိုက်လဲတော့ ငါမသိဘူး၊ ဒါပေမဲ့ အာနိသင်က တကယ့်ကို အစွမ်းထက်လှတယ်။ သူ့ခန္ဓာကိုယ်က အရှိန်အဟုန်ပြင်းစွာနဲ့ ပြန်လည်ကောင်းမွန်လာနေပြီ။ သူ အပြည့်အဝနီးပါး ပြန်ကောင်းသွားပြီဗျ။”
“ဟဲဟဲ!”
“သူက အပြည့်အဝနီးပါး ပြန်ကောင်းသွားပြီ ဟုတ်လား...”
ဒိုင်လူကြီးက တုန်ခါနေဆဲဖြစ်တဲ့ ရွှီရှောင်ရှို့၏ ခန္ဓာကိုယ်ကို လက်ညှိုးထိုးပြကာ - “ဒါဆို အဲဒါက ဘာဖြစ်နေတာလဲ” ဟု မေးလိုက်သည်။
ဆေးဘက်ဆိုင်ရာ ဝန်ထမ်းက ထစ်ထစ်အအဖြင့် ကိုယ်တိုင်လည်း သေချာမသိဘဲ - “သာယာမှု ခံစားနေရလို့ များလား...” ဟု ပြောလိုက်မိသည်။
ဒိုင်လူကြီး၏ မျက်နှာကြီး မည်းမှောင်သွားတော့သည်။ ‘သာယာမှု ဟုတ်လား... ငါ့ခြေဖဝါးပဲ!’ သူ တွေးလိုက်မိ၏။
‘မင်းက တကယ့်ကို အသုံးမကျတဲ့ကောင်ပဲ!’
သူ ခဏမျှ တွေးတောလိုက်ပြီးနောက် ရွှီရှောင်ရှို့၏ လက်ဖဝါးကို ဆွဲဖွင့်လိုက်ရာ... ရွှေနီဆေးလုံးကို မြင်လိုက်ရသည်။
“ဒီဆေးလုံးလေးတင်လား...”
သူ မျက်ခုံးပင့်လိုက်ပြီး ဆေးလုံးကို ယူကာ သူ့ပါးစပ်ထဲသို့ ပစ်ထည့်လိုက်တော့သည်။ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းက ဒါကို မြင်သောအခါ လန့်ဖျတ်သွားပြီး - “ဒါကို မစားပါနဲ့ဦး!” ဟု အော်လိုက်မိ၏။
“အဆင်ပြေပါတယ်။ ဒါက အဆိပ်မဟုတ်ဘူး။ တကယ်လို့ အဆိပ်ဆိုရင် ရွှီရှောင်ရှို့က သောက်ရဲမှာ မဟုတ်ဘူး၊ ပြီးတော့ မင်းပြောတဲ့ အကျိုးသက်ရောက်မှုမျိုးလည်း ရှိလာမှာ မဟုတ်ဘူး။ ငါ ဒါကို မြည်းစမ်းကြည့်လိုက်ရင် သူ ပြိုင်ပွဲမစခင်က တားမြစ်ဆေးတွေ သောက်ထားခြင်း ရှိမရှိ ချက်ချင်း သိနိုင်တာပေါ့။”
ဒိုင်လူကြီး တင်ပလ္လင်ခွေ ဝင်ထိုင်လိုက်သည်။ သူက သူ့ခန္ဓာကိုယ်ထဲက ဝိညာဉ်အရင်းအမြစ်ကို လည်ပတ်စေလိုက်ရာ ဆေးလုံးက သူ့ခန္ဓာကိုယ်ထဲတွင် ချက်ချင်း အရည်ပျော်သွားခဲ့၏။
သူ မျက်လုံးဖွင့်လိုက်မိသည်။ ‘ဘာတွေဖြစ်ပျက်နေတာလဲ’ သူ တွေးလိုက်မိသည်။
‘ဒါက တကယ်ပဲ ရွှေနီဆေးလုံး ဟုတ်ရဲ့လား...’
သူက တုန်ခါနေတာကို မရပ်တန့်နိုင်သေးတဲ့ ရွှီရှောင်ရှို့ကို လှမ်းကြည့်လိုက်ပြီး တွေးတောမှု နက်နဲသွားတော့သည်။ ‘ငါတို့ စားလိုက်တာက တူတူပဲ မဟုတ်ဘူးလား...’ သူ တွေးလိုက်မိ၏။
‘ဒါမှမဟုတ်... သူက တကယ်ပဲ အာရုံခံစားလွယ်တဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ ရှိနေလို့လား...’
ဒိုင်လူကြီး ထိုအကြောင်းကို တွေးမိသောအခါ ခန္ဓာကိုယ်ပါ တုန်ခါသွားမိပြီး... ဆေးဘက်ဆိုင်ရာ ဝန်ထမ်းပါ လန့်သွားတော့သည်။
ဘေးနားက မြေကြီးပေါ်တွင်တော့ ရွှီရှောင်ရှို့တစ်ယောက် ခဏမျှ ထပ်မံ တုန်ခါနေခဲ့ပြီးနောက် တဖြည်းဖြည်းနှင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ပြီးခဲ့တဲ့အကြိမ်က ‘ဝိညာဉ်ကျင့်ကြံခြင်း ဆေးလုံး’ ကို သောက်သုံးခဲ့ဖူးသည့် အတွေ့အကြုံကြောင့်... ဒီတစ်ကြိမ်တွင်တော့ သူ ပိုပြီး ခံနိုင်ရည် ရှိနေခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ရွှေနီဆေးလုံးက ဒဏ်ရာတွေကို ကုသပေးမယ့် ဆေးဝါးတစ်ခုသာ ဖြစ်သည်။ ဆေးရှိန်တက်တာက တစ်ကြိမ်ပဲ လာတာဖြစ်ပြီး... မြန်မြန်ဆန်ဆန် ရောက်လာသလို မြန်မြန်ဆန်ဆန်ပဲ ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။
သူ ဝန်ခံရမည်ကတော့... ‘အသက်ရှူခြင်းအတတ်’ ရဲ့ ဘေးထွက်ဆိုးကျိုးက ကြီးမားလှသော်လည်း၊ အကျိုးသက်ရောက်မှုကတော့ ပိုပြီး ကြီးမားလှပေသည်။
‘ငါ အပြည့်အဝနီးပါး ပြန်ကောင်းသွားပြီပဲ။ နည်းနည်းတော့ နာနေသေးပေမဲ့...’ ရွှီရှောင်ရှို့ သူ့ဘာသာသူ အတွေးပွားနေမိသည်။
‘မဟာအမှောင်ဘေးဒုက္ခ လက်သီးချက်’ ကြောင့် ကျန်ရစ်ခဲ့တဲ့ မှောင်မိုက်တဲ့ စွမ်းအင်တွေရဲ့ ပေါက်ကွဲမှုက နောက်ပြောင်စရာ မဟုတ်ချေ။ သူ အဲဒီအကြောင်း ပြန်တွေးမိတိုင်း အခုထက်ထိ ကြက်သီးတဖြန်းဖြန်း ထနေမိဆဲ ဖြစ်သည်။ ထိုတိုက်ပွဲအတွင်းမှာ သူ ဘယ်လို သတ္တိမျိုးနဲ့ အတင်း တောင့်ခံခဲ့လဲဆိုတာ သူကိုယ်တိုင်ပင် မသိတော့ချေ။
‘ဟုတ်တယ်... အဲဒီတိုက်ပွဲတုန်းက ငါ အတင်းတောင့်ခံဖို့ကလွဲလို့ တခြားဘာမှ မတတ်နိုင်ခဲ့ဘူး ထင်တယ်...’ သူ တွေးလိုက်မိ၏။
ရွှီရှောင်ရှို့ သူ့လက်မောင်းတွေနဲ့ ခြေထောက်တွေကို ဆန့်ထုတ်လိုက်ပြီး သူ့ကိုယ်သူ အားအင်တွေ ပြန်ပြည့်လာအောင် အတင်း ကြိုးစားလိုက်သည်။ သူ့တွင် နောက်ထပ် တိုက်ပွဲတစ်ပွဲ ကျန်သေးသည် မဟုတ်ပါလား။ သူ စိတ်ဓာတ်ကျနေလို့ မဖြစ်ချေ။
ဒိုင်လူကြီးက ရွှီရှောင်ရှို့ ခုန်ပေါက်နေပြီး တစ်ခါတစ်ရံတွင် ခန္ဓာကိုယ်ကြီး တုန်ခါသွားတာကို စိုက်ကြည့်ရင်း မျက်နှာပေါ်တွင် သံသယဖြစ်ဖွယ် အမူအရာများ ပေါ်ထွက်နေသည်။
‘ဒါဆို အားလုံးက ပြီးသွားပြီပေါ့ ဟုတ်လား...’ သူ သူ့ဘာသာသူ တွေးလိုက်မိ၏။
ရွှီရှောင်ရှို့ ခုန်ပေါက်လိုက်ပြီး အနောက်ကို လှည့်ကြည့်ကာ သူ့ကို ချစ်ခင်ကြတဲ့ ပွဲကြည့်ပရိသတ်တွေကို လက်ဝှေ့ယမ်းပြပြီး နှုတ်ဆက်လိုက်သည်။ သူတို့ကို စိတ်ပူပေးလို့ ကျေးဇူးတင်ကြောင်း ပြောကြားပြီးနောက်... သူ့စိတ်ထဲက အကြောင်းကြားစာ မျက်နှာပြင်ဆီသို့ ပြန်လည် အာရုံစိုက်လိုက်တော့သည်။
[အလိုအလျောက် ရမှတ်: ၁၀၂၂၀]
တောက် တောက်... ရမှတ်တွေက ၃,၀၀၀ ကျော်တောင် ထပ်တိုးလာတာပဲ။
“ဒါက တကယ့် စစ်မှန်တဲ့ အချစ်ပဲ!” ရွှီရှောင်ရှို့ တုန်ခါနေတဲ့ ခြေထောက်တွေနဲ့ အကာအကွယ်အတားအဆီးထဲကို ထပ်မံ ဝင်ရောက်ရင်း ရေရွတ်လိုက်မိသည်။
သူ ဒီနေ့အတွက် သတ်မှတ်ထားတဲ့ ရမှတ်တွေကို ရရှိခဲ့ပြီဖြစ်ပြီး... သတ်မှတ်ချက်ထက်တောင် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
ဒိုင်လူကြီးက သူ့ရဲ့ သက်တော်စောင့်တစ်ယောက်လိုမျိုး သူ့အနောက်ကနေ လိုက်ပါလာခဲ့၏။ “မင်း နောက်ထပ် တိုက်ပွဲအတွက် အဆင်သင့်ဖြစ်ပြီလား” ဟု သူက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
“မလောပါနဲ့ဦးဗျာ။ ငါ့ကို ခဏလောက် ထပ်နားခွင့်ပေးပါဦး။ အချိန်နည်းနည်းလောက် ပေးပါဦး၊ အဆင်ပြေမလား!”
ရွှီရှောင်ရှို့ ဝိညာဉ်သလင်းကျောက်တစ်ခုကို ထုတ်ယူလိုက်ပြီး... သူ့ရဲ့ အကောင်းဆုံး အခြေအနေမှာ ရှိနေစေရန်အတွက် ရံဖန်ရံခါ အနံ့ခံလိုက်သည်။
သူက ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုကို ကြုံတွေ့ခဲ့ရပြီး ပြင်းထန်တဲ့ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာခဲ့တာ ဖြစ်သော်လည်း... သူ့ရဲ့ ခွန်အား ၆၀ ကနေ ၇၀ ရာခိုင်နှုန်းလောက်အထိကို သုံးစွဲနိုင်ဆဲဖြစ်လို့ ဒါက မဆိုးဘူးလို့ ပြောလို့ရသည်။
“အဆင်ပြေတာပေါ့!” ဒိုင်လူကြီးက ခပ်ပြုံးပြုံးဖြင့် - “ဒါဆို စတင်ကြစို့။ ဘာပဲဖြစ်ဖြစ် အချိန်က မရှိတော့ဘူး” ဟု ပြောလိုက်သည်။
ရွှီရှောင်ရှို့ ဒိုင်လူကြီးကို အံ့သြတုန်လှုပ်စွာ စိုက်ကြည့်လိုက်မိသည်။ ‘မင်းက တကယ့် ခွေးပဲ! အချိန်မရှိတော့ဘူးဆိုရင် ငါ့ကို အဆင်သင့်ဖြစ်ပြီလားလို့ ဘာလို့ လာမေးနေသေးတာလဲ။ လူကို ဒီလို လာပြီး လှောင်ပြောင်ရတာ ပျော်လို့လား။’
ဒိုင်လူကြီးက ဝိညာဉ်အစီအရင် တိုကင်ပြားထဲသို့ သူ့ရဲ့ ဝိညာဉ်အရင်းအမြစ်ကို ပျော်ရွှင်စွာ ထည့်သွင်းလိုက်ပြီး... ရွှီရှောင်ရှို့အပေါ် အောင်ပွဲအနည်းငယ် ရရှိသွားသည့်အတွက် အောင်နိုင်သူတစ်ယောက်ရဲ့ အပြုံးဖြင့် မျက်နှာပြင်ကို အသက်သွင်းလိုက်တော့သည်။
မျက်နှာပြင်က တဖိတ်ဖိတ် တောက်ပလာခဲ့ပြီး နာမည်တစ်ခုကို ရွေးချယ်လိုက်ပြီ ဖြစ်သည်။
“ဝမ်ချုံ!”
ရွှီရှောင်ရှို့ ဒိုင်လူကြီးကို ဆွံ့အစွာ စိုက်ကြည့်လိုက်မိသည်။ ‘ဝမ်ချုံ ဟုတ်လား... မင်း ငါ့ကို သက်သက် ကစားနေတာ မဟုတ်လား!’
ဒိုင်လူကြီးက လက်နှစ်ဖက်ကို မြှောက်ပြလိုက်ပြီး... ဒီကိစ္စက သူနဲ့ ဘာမှမဆိုင်ကြောင်း အပြစ်ကင်းစင်တဲ့ မျက်နှာပေးဖြင့် ပြသလိုက်၏။
ထိုအချိန်မှာတင် ပွဲကြည့်ပရိသတ်အားလုံး ချက်ချင်း ဆူညံပွက်လောရိုက်သွားကြတော့သည်။ လေထုတစ်ခုလုံးက ထိုနာမည်ကြောင့် ချက်ချင်း အရှိန်အဟုန် ပြင်းထန်လာခဲ့၏။
“ဘုရားသခင်... ဝမ်ချုံ ဟုတ်လား?!”
“ဒါက သေချာပေါက် မတရား စီစဉ်ထားတာ ဖြစ်ရမယ်။ အဲဒီ ရွှီရှောင်ရှို့က သနားဖို့ကောင်းလိုက်တာ။ တစ်ယောက်ယောက်က သူ့ကို ကလဲ့စားချေဖို့ သက်သက် လုပ်လိုက်တာ သေချာတယ်!”
“ဟုတ်ပပ။ သူက အခုတင် သေလုမတတ် တိုက်ပွဲတစ်ခုကို ဖြတ်ကျော်ခဲ့ရတာ၊ ဒါပေမဲ့ နောက်ဆုံးမှာတော့... သူ နားခွင့်တောင်မရဘဲ စင်မြင့်ရဲ့ ချန်ပီယံတစ်ယောက် ဖြစ်လာမယ့် ဘော့စ်ကြီးနဲ့ ရင်ဆိုင်ရတော့မယ်။”
“စင်မြင့်ရဲ့ ချန်ပီယံ ဟုတ်လား...” တချို့လူတွေက စိတ်လှုပ်ရှားနေကြပြီး၊ အချို့လူတွေကတော့ လူတိုင်း ဘာလို့ ဒီလောက်တောင် ဆူညံသွားလဲဆိုတာကို နားမလည်နိုင်ကြချေ။ “မြန်မြန်ပြောပြစမ်းပါ။ ဘာတွေဖြစ်နေတာလဲ...”
“မင်း ဒုတိယမြောက် စင်မြင့်အကြောင်း သိလား။ ဘော့စ်ဝမ်က ကံဆိုးပြီး အုပ်စုအဆင့် ပြိုင်ပွဲတုန်းက ကျောက်ချင်းထန် နဲ့ တစ်အုပ်စုတည်း ကျခဲ့တာ။ သူက အပြင်းအထန် အနိုင်ယူခြင်း ခံခဲ့ရတာလေ။ ကျောက်ချင်းထန်က ချန်ပီယံဖြစ်သွားပြီး သူက ဒုတိယနေရာ ရခဲ့တာ။”
“တောက်... ဒါဆို ဘာဖြစ်လဲ။ ရွှီရှောင်ရှို့ကလည်း ချန်ပီယံပဲလေ!”
“ကျောက်ချင်းထန်က အဆင့် ၂ မှာ ရှိပြီး... မွေးရာပါအဆင့် ကျွမ်းကျင်သူတစ်ယောက်ကွ!”
“ဘော့စ်ဝမ်က အဆင့် ၂ မှာရှိပြီး... မွေးရာပါအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့လူ!”
“ရှူးးး... သူက အဲဒီလောက်တောင် သန်မာတာလား...”
“ဟဲဟဲ... မင်းက ဒါပဲ ရှိသေးတယ် ထင်နေတာလား။ မဟုတ်ဘူး... မဟုတ်ဘူး... အဲဒီလူက ရွှီရှောင်ရှို့ရဲ့ ‘မဟာရန်သူတော်ကြီး’ ကွ!”
စကားပြောနေတဲ့လူက စကားကို လှည့်ပတ်ပြောနေပြီး ဘေးနားက လူတွေရဲ့ စူးစမ်းချင်စိတ်ကို ဆွပေးနေခြင်း ဖြစ်သည်။
“စကားကို ပတ်ချာလည် မရိုက်နေနဲ့။ မြန်မြန် ပြောပြစမ်းပါ!” ဘေးနားက လူတွေ စိတ်မရှည်တော့ဘဲ အော်လိုက်ကြ၏။
“မင်း လျူကျိန်းကို သိလား။ ရွှီရှောင်ရှို့ကို ပေါက်ကွဲလုနီးပါး ဖြစ်အောင် လုပ်ခဲ့တဲ့ အဆင့် ၁၀ ကောင်လေ?!”
“သိတာပေါ့... သိတာပေါ့!” အားလုံး ခေါင်းညိတ်ပြကြသည်။
“သူက ဝမ်ချုံရဲ့ လက်ပါးစေကွ!”
“ရှူးးး!” လူအုပ်ကြီး အသက်ရှူရပ်မတတ် ဖြစ်သွားကြသည်။
“ဒါတင် မကသေးဘူးနော်!” စကားပြောသူက ဂုဏ်ယူဝင့်ကြွားတဲ့ မျက်နှာပေးဖြင့် ဆက်ပြောလိုက်သည်။ “မင်း တီရှင်းအာကို သိတယ်မလား။ ရွှီရှောင်ရှို့က သူ့ရဲ့ သစ်သားဓားနဲ့ ခေါင်းကို နှစ်ကြိမ်တိုင်တိုင် ရိုက်နှက်ခြင်း ခံခဲ့ရတဲ့ မိန်းကလေးလေ!”
“သိတာပေါ့... သိတာပေါ့!”
သူက တုန်လှုပ်စရာကောင်းတဲ့ သတင်းကို ဖွင့်ချလိုက်တော့သည်။ “သူမက ဝမ်ချုံရဲ့ နတ်သမီးလေး ကွ!”
“အမလေး... သွားပြီ!”
“ဒါက တကယ့်ကို ပြင်းထန်တဲ့ ပွဲကြီးပွဲကောင်းပဲ!”
“ဒါဆို ရွှီရှောင်ရှို့တော့ သေချာပေါက် သွားပြီပေါ့... တောက်...”