ကျောက်ရှီးတုန်းသည် သူ၏ အကြီးအကဲနှင့် နောက်တစ်ကြိမ် ဘယ်တော့မှ စနောက်တော့မည် မဟုတ်ကြောင်း ကျိန်ဆိုလိုက်သည်။
“ဒီလောက်ထိ လုပ်စရာ လိုလို့လားဗျာ” ဟု သူ တွေးလိုက်မိသည်။ “လူတွေကို ဒီလိုမျိုး ရိုက်နှက်နေတာ ဘယ်သူများလဲ။ နည်းနည်းလောက်တော့ သက်ညှာပေးပါဦး”
သူသည် ပြန်ထလာပြီး “တကယ်တော့ သူမကို စမြင်တဲ့အချိန်ကတည်းက တစ်ခုခု မသင်္ကာစရာ ရှိနေတယ်လို့ ကျွန်တော် အမြဲ ထင်ခဲ့တာ။ ဘယ်လို ပြောရမလဲ... သူမမှာ တစ်ခုခုတော့ မမှန်ဘူးလို့ ခံစားရတယ်... အင်း... ဟုတ်ပါပြီ၊ ကျွန်တော် ပြောတာ သိပ် နားမလည်နိုင်စရာ ဖြစ်နေမယ်” ဟု အလန့်တကြား ရှင်းပြသည်။ ထို့နောက် “သူမက လူသားနဲ့ တူပါတယ်...” ဟု ရုတ်တရက် ပြောလိုက်သည်။
ရှောင်ချီရှို၏ မျက်ခုံးများမှာ တွန့်ချိုးသွားသည်။ “သူပြောတာက... မိုမိုက လူသား မဟုတ်ဘူးလို့ ပြောတာလား?” ဟု သူ တွေးလိုက်မိသည်။
“မင်း ဘာပြောနေတာလဲဆိုတာ မင်း သိရဲ့လား?” ရှောင်ချီရှို၏ အသံမှာ တည်ငြိမ်နေသော်လည်း ဒေါသများ ထွက်ပေါ်နေသည်။
ကျောက်ရှီးတုန်းမှာ အလန့်တကြားဖြင့်
“မဟုတ်ပါဘူး၊ ကျွန်တော် ဆိုလိုတာက အဲ့ဒါ မဟုတ်ပါဘူး။ သူမ ပတ်ဝန်းကျင်က လူတွေက သာမန်လူတွေ ဖြစ်နေတော့ သူမကလည်း သာမန်လူနဲ့ တူတယ်လို့ ပြောတာပါ။ ကျွန်တော် ဆိုလိုတာ အဲ့ဒါပါ” ဟု ပြောလိုက်သည်။
အကြီးအကဲ လေးဦးစလုံးမှာ တိတ်ဆိတ်နေကြသည်။ အမှန်တကယ်တော့ သူတို့ထဲမှ မည်သူမျှ မိုမိုနှင့် သိပ်ပြီး မထိတွေ့ဖူးကြပေ။ အကြီးအကဲ ခေျာင်က ခေါင်းခါလိုက်သည်
“သူမက သူလျှို မဟုတ်ဘူး။”
ရွှီရှောင်ရှို့အတွက် သတင်းအချက်အလက် စုဆောင်းရန်အတွက် သူသည် ထိုမိန်းကလေးကို စုံစမ်းခဲ့ဖူးပြီး မမှန်ကန်သော အရာကို မတွေ့ခဲ့ရပေ။ သူမတွင် ထူးခြားချက် တစ်ခုခု ရှိပါက၊ ၎င်းမှာ အလွန် ရှားပါးသော သဘာဝ ဝိညာဉ်စွမ်းအား ဖြစ်သည်။ သို့သော် ၎င်းမှာ သူမ ပါရမီရှင် ဖြစ်ကြောင်း ပြသနေခြင်းသာ မဟုတ်လော။
ဝိညာဉ်နန်းတော် တည်ရှိလာခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်ပြီး နှစ်အနည်းငယ်တိုင်းတွင် ပါရမီရှိသော တပည့်များ ထွက်ပေါ်လာခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။
ဤအချက်သို့ ရောက်သောအခါ ကျောက်ရှီးတုန်းမှာ ပြောစရာ စကား မရှိတော့ပေ
“အကယ်၍ ရွှီရှောင်ရှို့လည်း မဟုတ်၊ မိုမိုလည်း မဟုတ်ရင်တော့ ဘယ်သူလဲဆိုတာ ကျွန်တော် မသိတော့ပါဘူး။”
အကြီးအကဲများသည် ကျောက်ရှီးတုန်း၏ အဖြေကို ရွှီရှောင်ရှို့နှင့် ပတ်သက်၍ အပြစ်မတင်ခဲ့ကြပေ။ အဘိုးကြီးစန်းက ယဲ့ရှောင်ထျန်းကို ကြည့်လိုက်သည်။ “ကဲ၊ အချိန်ဆွဲနေတာ ကြာပြီ။ မင်းရဲ့ ‘ကောင်းကင် အမြင်’ ကို သုံးတော့။”
“ကောင်းကင် အမြင်” ဆိုသည်မှာ ယဲ့ရှောင်ထျန်း တစ်ဦးတည်းသာ ပိုင်ဆိုင်သော အာကာသဆိုင်ရာ စွမ်းရည် တစ်ခုဖြစ်သည်။ ၎င်းက အလွန် ဝေးကွာသော နေရာမှ မြင်ကွင်းကို ကြည့်ရှုနိုင်စေသည်။ သို့သော် ယဲ့ရှောင်ထျန်းက ချက်ချင်း သဘောမတူပေ။ “ငါတို့က တူညီတဲ့ အာကာသထဲမှာ ရှိနေရင်တော့ ‘ကောင်းကင် အမြင်’ ကို သုံးရတာ လွယ်ကူမှာပေါ့။ ဒါပေမဲ့ အခု သူတို့က အခြား အတိုင်းအတာ တစ်ခုထဲမှာ ရောက်နေတာလေ... ဒါက ဘယ်လောက်တောင် ခက်ခဲမလဲဆိုတာ မင်း သိရဲ့လား?” ဟု ပြောလိုက်သည်။
အဘိုးကြီးစန်းက ခေါင်းညိတ်ကာ “မင်း ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မလဲ ဆိုတာပဲ ပြောပါ” ဟု ဆိုသည်။
“ဆယ်စက္ကန့်။”
“အဲ့ဒါ မင်းရဲ့ အမြင့်ဆုံးလား?” အဘိုးကြီးစန်းမှာ သံသယ ဝင်နေသည်။
“ဟုတ်တယ်။ ၁၀ စက္ကန့်က ငါ အထိန်းနိုင်ဆုံးပဲ။”
“အင်း... တိုလိုက်တာ။” ယဲ့ရှောင်ထျန်း၏ နဖူးပေါ်တွင် သွေးကြောများ ထောင်လာသည်
“အဘိုးကြီး၊ မင်း အခု ရှိနေတဲ့ နေရာကို ငါ အပိုင်းပိုင်း ဖြတ်ပစ်ရမလား?”
“ဟားဟားဟား...” ချောင်ချန်းကျိမှာ ရယ်မောလိုက်ပြီး
“ကောင်းပြီ။ တော်ကြတော့။ ၁၀ စက္ကန့်ပဲ ထားလိုက်ကြတာပေါ့” ဟု ပြောလိုက်သည်။
ယဲ့ရှောင်ထျန်းက နောက်မလှည့်ဘဲ “မင်းတို့ တကယ် ကြည့်ချင်တာလား?” ဟု မေးလိုက်သည်။
“ဟုတ်မှာပေါ့?” ချောင် းချန်းကျိက စားပွဲပေါ်ရှိ ဝိညာဉ်ဘီးကို ကြည့်လိုက်သည်။ “ရတနာ တစ်ခု ပျောက်သွားပြီ။ အချိန်ဆွဲနေရင် နောက်တစ်ခုကိုပါ ဆုံးရှုံးရလိမ့်မယ်။”
ယဲ့ရှောင်ထျန်းက ပြုံးလိုက်သည်။ “ဒီနေ့က ပထမဆုံးနေ့ပဲ ရှိသေးတယ်။ အခြေအနေက အဆိုးဆုံး မဟုတ်သေးလောက်ပါဘူး။”
လူတိုင်းမှာ အံ့အားသင့်သွားကြသည်။ သူပြောတာလည်း အမှန်ပင်။ သို့သော်... သူ ပြောလိုက်ပုံက အလွန် ကြောက်စရာ ကောင်းနေသည်။
“အဲ့ဒီလို အဆိုးမမြင်ပါနဲ့!” ချောင်ချန်းကျိမှာ စိုးရိမ်နေသည်။
အဘိုးကြီးစန်းသည် စားပွဲကို တူဖြင့် ခေါက်ကာ တွေးတောနေသည်။ ရွှီရှောင်ရှို့မှာ အင်အား မရှိသေးသဖြင့် အထဲတွင် သူလျှို နှစ်ယောက် ရှိနေနိုင်သည်ဟု သူ ယူဆလိုက်သည်။ “မစောင့်နိုင်တော့ဘူး။ အခုပဲ ကြည့်လိုက်ကြတာပေါ့။ တစ်ခုခု ဖြစ်လာရင်တော့ တရားဥပဒေ ထိန်းသိမ်းသူတွေကို အထဲ လွှတ်လိုက်ရုံပဲ။”
ယဲ့ရှောင်ထျန်းက ခေါင်းညိတ်လိုက်သည်
“ကောင်းကင် အမြင်!”
သူသည် လက်ခုပ်တီးလိုက်ရာ မြင်ကွင်းများစွာ သူ့မျက်စိရှေ့တွင် ပေါ်လာသည်။ သူ၏ နဖူးတွင် ချွေးများ ပြန်လာသည်။
ဝူး!
အခန်းကျဉ်းထဲတွင် ဖန်သားပြင်တစ်ခု ပေါ်လာသည်။ မြင်ကွင်းမှာ ရှင်းလင်းမှု မရှိသော်လည်း အထဲတွင် ရှိသည်များကို မြင်နေရသည်။ ၎င်းမှာ သွေးအေးများနှင့် ပြည့်နှက်နေသော ကျောက်ဆောင်တစ်ခု ဖြစ်ပြီး ပတ်ပတ်လည်တွင် သံတံခါး ရှစ်ခု ရှိသည်။
“သတ်ဖြတ်ရာ မြေပြင်။” ကျောက်ရှီးတုန်းမှာ ၎င်းနေရာကို သိရှိသည်။ လက်တစ်ဖက်သာ ရှိသော လူငယ်တစ်ယောက်မှာ သံရုပ်သေးများနှင့် ဝိုင်းရံခံထားရသည်။ “ကျိုးထျန်းရှင်း? သူ အဲ့ဒီမှာ ဘာလုပ်နေတာလဲ?”
သံရုပ်သေးတစ်ခု ထွက်ပေါ်လာပြီး လူငယ်မှာ ဓားကို ကိုင်ကာ ရုပ်သေးကို နှစ်ပိုင်း ခွဲလိုက်သည်။ ၎င်းဓားမှာ သူ၏ ကိုယ်ခန္ဓာနှင့် မလွတ်တလွတ် ဖြစ်နေသဖြင့် သူ၏ ဘယ်ဘက်လက်ကိုပါ ဖြတ်မိမတတ် ဖြစ်သွားသည်။ လူတိုင်းမှာ အံ့အားသင့်သွားကြသည်။ ကျိုးထျန်းရှင်းမှာ အရင်က လက်နှစ်ဖက်လုံး ရှိခဲ့သည်ကို သူတို့ သိကြသည်။ သူက သူ့လက်ကို သူကိုယ်တိုင် ဖြတ်လိုက်ခြင်း ဖြစ်နိုင်သလား။
အဘိုးကြီးစန်းက “ကိုယ်ကို ကိုယ် ဖြတ်တောက်ခြင်းလား?” ဟု မရေရာစွာ ပြောလိုက်သည်။ သူသည် စာကြည့်တိုက်တွင် ထိုကလေး ရှာတွေ့ခဲ့သော ဝိညာဉ်နည်းပညာကို သတိရလိုက်သည်။
“သူက အဲ့ဒီလို ထူးဆန်းတဲ့ အရာမျိုးကို လေ့ကျင့်နေတာပဲ။”
“ကိုယ်ကို ကိုယ် ဖြတ်တောက်ခြင်း ဆိုတာ ဘာလဲ?” ကျောက်ရှီးတုန်းမှာ နားမလည် ဖြစ်နေသည်။
“မင်း မသိပါဘူး။ အဲ့ဒါက အရင်ခေတ်က ကိစ္စပါ။ လက်တစ်ဖက်တည်းရှိတဲ့ ဓားနတ်ဘုရားအကြောင်း မကြားဖူးဘူးလား?”
“မကြားဖူးပါဘူး။”
“မင်း ဘာမှ မသိပါဘူးကွာ။” အဘိုးကြီးစန်းက ယဲ့ရှောင်ထျန်းကို ကြည့်ကာ “နောက်တစ်ခု ပြောင်းလိုက်။ အဲ့ဒီကလေးက သူလျှို မဖြစ်နိုင်ဘူး။”
ယဲ့ရှောင်ထျန်းက မြင်ကွင်းကို ပြောင်းလိုက်သည်။
“မြန်မြန်လုပ်ပါ!”
အဘိုးကြီးစန်းသည် ခက်ခဲနေသော ယဲ့ရှောင်ထျန်းအတွက် မြင်ကွင်းများကို တစ်ချက်ချင်းစီသာ ကြည့်လိုက်သည်။
“နောက်တစ်ခု။”
“...”
“ရပ်လိုက်!”
ယဲ့ရှောင်ထျန်းက ရပ်လိုက်သည်။ မြင်ကွင်းမှာ “ဆန်လု သစ်တော” ကို မြင်နေရသည်။ ထိုတွင် အစိမ်းရောင် ဝတ်စုံဝတ်ထားသော မိန်းကလေးတစ်ယောက်မှာ ရှေးဟောင်း ရေတွင်းတစ်ခုပေါ်တွင် လွင့်မျောနေသည်။ သူမ၏ မျက်နှာမှာ နီရဲနေပြီး မူးယစ်နေသကဲ့သို့ ဖြစ်နေသည်။ “ဂူဂျီ ဂူဂျီ...”
“မူဇီရှီး?” အကြီးအကဲ ချောင် က ပျော်ရွှင်စွာ ပြောလိုက်သည်။ “အဘိုးကြီးစန်း၊ မင်းရဲ့ တပည့်နှစ်ယောက်ကတော့ တကယ်ကို ထူးခြားတာပဲ။”
အဘိုးကြီးစန်း၏ မျက်နှာမှာ ရှက်ရွံ့သလို ဖြစ်သွားသည်။ “တခြားသူတွေက အရက်မူးကြပေမဲ့ မင်းကတော့ ဝိညာဉ်စွမ်းအား မူးနေတာလား?”
“နောက်တစ်ခု!”
ယဲ့ရှောင်ထျန်း မြင်ကွင်း ပြောင်းရန် လုပ်စဉ် ရှောင်ချီရှိုက တားလိုက်သည်။ “စောင့်ပါဦး! သူမက ‘ဘဝ၏ ရှေးဟောင်း ရေတွင်း’ ပေါ်မှာ ရှိနေတာ။ သူမ ‘ဘဝ၏ ဝိညာဉ် တံဆိပ်’ ကို ရှာနေတာလား?”
အဘိုးကြီးစန်းက “သူမ ဘယ်လောက်ထိ မူးနေလဲဆိုတာ မင်း မမြင်ဘူးလား? သူမ ရေတွင်းထဲ မပြုတ်ကျတာကိုပဲ ကျေးဇူးတင်ရမယ်။”
“ဟုတ်တာပေါ့။” ရှောင်ချီရှိုက ပြန်ပြောသည်။
“မြန်မြန်လုပ်ပါ!” ယဲ့ရှောင်ထျန်းက အရှိန်မြှင့်ခိုင်းသည်။
“နောက်တစ်ခု။”
မြင်ကွင်း ပြောင်းသွားသည်။ အနက်ရောင် ရေတံခါး၏ ထိပ်တွင် ဓားကို ကိုင်ထားသော မိန်းကလေးတစ်ယောက်...
“လေးလေး?” လူတိုင်းမှာ အံ့အားသင့်သွားကြသည်။ ထိပ်တွင် စိုက်ထားသည်မှာ “အနက်ရောင် အိမ်” ဖြစ်သည်။ ဒါဆို သူမက သူလျှိုလား။
“စောင့်ပါဦး၊ ဘေးနားကို ကြည့်လိုက်!” ကျောက်ရှီးတုန်းမှာ တွေ့လိုက်သည်။
“ခြေထောက် တစ်ချောင်း?”
“မြင်ကွင်းကို နည်းနည်း ရွှေ့လိုက်ပါဦး။”
ယဲ့ရှောင်ထျန်း မထိန်းနိုင်တော့ဘဲ ဖန်သားပြင်မှာ ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ထိုခဏလေးအတွင်းမှာပင် လူတိုင်းမှာ ထိုခြေထောက်၏ ပိုင်ရှင်ကို မြင်လိုက်ရသည်။ ၎င်းမှာ အတွင်းခံနှင့် လူငယ် တစ်ယောက် ဖြစ်သည်။
“ရွှီရှောင်ရှို့?”
လူတိုင်းမှာ အဘိုးကြီးစန်းကို ကြည့်လိုက်ကြသည်
“အဘိုးကြီးစန်း၊ မင်း တပည့် ရွေးတဲ့ မျက်လုံးတော့ ကောင်းသားပဲ။”
ချောင်ချန်းကျိမှာ ရယ်မောလိုက်သည်။ “ဟားဟားဟား!”
အဘိုးကြီးစန်းမှာ ဒေါသထွက်လွန်းသဖြင့် တုန်ယင်နေသည်။ “ရွှီရှောင်ရှို့က သူလျှိုနဲ့ ဘာလို့ တစ်နေရာတည်းမှာ ရောက်နေရတာလဲ? ငါ တကယ်ပဲ မှားတွက်မိတာလား?”