အခန်း (၁) - အမည်းရောင် စက်ဝိုင်းချား
“တောက်... အစုတ်အပြတ်ပဲကွာ...”
ရွှီရှောင်ရှို့ တစ်ယောက် မျက်လုံးပြန်ပွင့်လာချိန်မှာတော့ ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
သူ့မျက်စိထဲ ပထမဆုံး မြင်လိုက်ရသည်က ပင့်ကူအိမ်တွေ အထပ်ထပ်နဲ့ မျက်နှာကျက်၊ ဖုန်တွေ တက်နေတဲ့ စားပွဲအစုတ်လေးတစ်လုံး၊ ကုန်စင်အောင် လောင်ကျွမ်းသွားတဲ့ ဖယောင်းတိုင်ငုတ်တိုလေးတစ်ခုနဲ့ ဝိညာဉ်စွမ်းအားတွေ ထွက်ပေါ်နေတဲ့ ဓားအမည်းရောင် တစ်လက်သာ ဖြစ်သည်။
ဒီအခန်းရဲ့ အပြင်အဆင်က သူနေခဲ့တဲ့ ဆေးရုံကုတင်နဲ့ လုံးဝ တခြားစီ။
ရွှီရှောင်ရှို့ ခေါင်းကို ရမ်းလိုက်ပြီး သူ့မှတ်ဉာဏ်တွေကို ပြန်လည်ရှာဖွေကြည့်မိသည်။ သူမှတ်မိသလောက်တော့ ခန္ဓာကိုယ်ကို နှိပ်စက်နေတဲ့ ရောဂါဝေဒနာကို သုံးနှစ်ပတ်လုံး အကောင်းမြင်စိတ်နဲ့ ကြိတ်မှိတ်ခံစားပြီးနောက် နောက်ဆုံးမှာတော့ အသက်ထွက်သွားခဲ့ပြီ မဟုတ်ပါလား။
နာကျင်မှုတွေကတော့ ပြီးဆုံးသွားခဲ့ပြီ။ သူကတော့ ကောင်းကင်ကြီးကို လက်ပြနှုတ်ဆက်ပြီး ထွက်လာခဲ့ပေမဲ့ ရင်ထဲမှာတော့ မကျေနပ်ချက်တွေ ရှိနေတုန်းပင်။
ဘာလို့ တခြားလူတွေကျတော့ ဘဝကို လှလှပပ ဖြတ်သန်းခွင့်ရပြီး သူကျမှ ကိုးနှစ်တာ အခြေခံပညာရေး ပြီးကတည်းက ဆေးရုံကုတင်ပေါ်မှာပဲ အချိန်ကုန်သွားရတာလဲ။
‘ကျောင်း’ နဲ့ ‘ဆေးရုံ’... လူတွေအတွက်တော့ နာကျင်စရာ စကားလုံးတွေ ဖြစ်ပေမဲ့ ထိုအရာနှစ်ခုကပဲ သူ့တစ်ဘဝလုံးကို ဝါးမြိုသွားခဲ့တာ ဖြစ်သည်။
ဒါပေမဲ့ အခုတော့...
သူက စိမ်းသော်လည်း အနည်းငယ် ရင်းနှီးနေသည့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ပြီး သူ့ကိုယ်သူ ဆိတ်ကြည့်လိုက်သည်။ သို့သော်လည်း ထူးထူးခြားခြား နာကျင်မှုကို မခံစားရပေ။
“ဘုရားသခင်က ငါ့ကို သနားသွားတာလား။ ငါတကယ်ပဲ ဘာနာကျင်မှုမှမရှိဘဲ တခြားကမ္ဘာကို ကူးပြောင်းလာတာလား...”
ရွှီရှောင်ရှို့က စားပွဲပေါ်က ကြေးမှန်ဆီ အကြည့်ရွှေ့လိုက်ရာ အသစ်စက်စက် ချောမောခန့်ညားတဲ့ မျက်နှာတစ်ခုကို မြင်လိုက်ရသည်။
ဖြူဖျော့တဲ့ အသားအရေရှိပြီး အသက် ၁၈ နှစ်အရွယ် လူငယ်လေးတစ်ယောက်။ နေရောင်ခြည်နဲ့ ဝေးကွာနေသည်မှာ ကြာပြီဖြစ်ကြောင်း သိသာလှ၏။ နှာတံက ပေါ်လွင်နေပြီး ပါးပြင်နှစ်ဖက်ပေါ်မှာတော့ တင်းတိတ်အနည်းငယ် ရှိနေကာ နှုတ်ခမ်းတွေကတော့ ခြောက်သွေ့အက်ကွဲနေသည်။
“မဆိုးပါဘူး။ အသားလေး နည်းနည်းညိုလာပြီး အစားအသောက် ဝဝလင်လင် စားလိုက်ရင် ပိုကြည့်ကောင်းလာမှာ။ အထူးသဖြင့် ဒီတင်းတိတ်လေးတွေက...”
ရွှီရှောင်ရှို့က နှုတ်ခမ်းကို စုလိုက်ပြီး နှုတ်ခမ်းပေါ်က အရေခွံပတ်တွေကို ပွတ်ထုတ်လိုက်သည်။ ထို့နောက် ဒီခန္ဓာကိုယ်ပိုင်ရှင်က ဘာလို့ ဒီလောက်တောင် ပိန်လှီညှိုးနွမ်းနေရသလဲဆိုတာ သိနိုင်ရန် မှတ်ဉာဏ်တွေကို ပြန်လှန်ကြည့်လိုက်မိသည်။
ဒီကောင်လေးက ‘ထျန်းဆန်း ဝိညာဉ်နန်းတော်’ ရဲ့ အပြင်စည်းတပည့်တစ်ယောက် ဖြစ်သည်။ ကံဆိုးချင်တော့ သူ့ရဲ့ ပါရမီက သာမန်ကာလျှံကာပဲ ရှိပြီး ။ ဝိညာဉ်နန်းတော်ကို ရောက်လာတာ သုံးနှစ်ရှိပြီဖြစ်သော်လည်း ‘ဝိညာဉ်ကျင့်ကြံခြင်း အဆင့်တစ်ဆယ်’ ထဲက အဆင့် (၃) ကိုသာ ရောက်သေးသည်။ ထို့ကြောင့် မကြာခင်ကျင်းပတော့မည့် ‘ဖုန်းယွင်သိုင်းပြိုင်ပွဲ’ ကို ရင်ဆိုင်နိုင်ရန်အတွက် သေမထူးနေမထူး တစ်လတိုင်တိုင် ဂူအောင်းကျင့်ကြံနေခဲ့ခြင်း ဖြစ်သည်။
အောင်မြင်မှုမရရင် အသေခံမယ်ဆိုတဲ့ စိတ်မျိုးနှင့်။
နောက်ဆုံးတော့... တကယ်ပဲ သေသွားခဲ့လေသည်။
ရွှီရှောင်ရှို့တစ်ယောက် ထိုကောင်လေးအတွက် နှမြောတသစွာ ခေါင်းရမ်းလိုက်မိသည်။ ထိုကောင်လေးက သူ အဆင့် (၄) ကို တက်လှမ်းနိုင်မှာမဟုတ်မှန်း ကိုယ့်ကိုယ်ကိုယ် သိနေခဲ့တာ ဖြစ်သည်။ ပြီးခဲ့သည့် သုံးနှစ်လုံးလုံး လှောင်ပြောင် သရော်မှုတွေကို ခံခဲ့ရသည့်အတွက် သေချာပေါက် သေချင်စိတ် ပေါက်နေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဒီတစ်ကြိမ် ဂူအောင်းကျင့်ကြံခြင်းက သူ့ရဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေမည့် အစီအစဉ်အတွက် အကြောင်းပြချက်တစ်ခုမျှသာ ဖြစ်ခဲ့သည်။
မတူညီတဲ့ ကမ္ဘာမှာ မတူညီတဲ့ ဒုက္ခတွေပါပဲလား။ ရွှီရှောင်ရှို့က ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှုကို ခံခဲ့ရပြီး ဒီကောင်လေးကတော့ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုကို ခံခဲ့ရတာ ဖြစ်သည်။
နှစ်ယောက်လုံးရဲ့ ဘဝက သနားစရာကောင်းလှ၏။
“ဒါပေမဲ့ ငါ့ကို ဒီအခွင့်အရေး ပေးလိုက်ပြီဆိုမှတော့... အတင်းအဖျင်းတွေနဲ့ တိုက်ခိုက်မှုတွေရှေ့မှာ ငါ ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူး” ဟု ရွှီရှောင်ရှို့ စိတ်ထဲက ရေရွတ်လိုက်သည်။ သူ မှတ်ဉာဏ်အပိုင်းအစတွေကို ဆက်ပြီး ရှာဖွေကြည့်လိုက်စဉ်မှာပဲ သူ့မျက်နှာကြီး မှောင်ကျသွားတော့သည်။
ဘာလို့လဲဆိုတော့... ‘ဖုန်းယွင်သိုင်းပြိုင်ပွဲ’ ဆိုသည်က နှစ်ချုပ်စာမေးပွဲနှင့် တူနေသောကြောင့် ဖြစ်သည်။ ဒီကောင်လေးက ပြီးခဲ့သည့် နှစ်နှစ်လုံးလုံး အဆင့်အောက်ဆုံးမှာ ရှိခဲ့သည်။ တကယ်လို့ ဒီနှစ်မှာသာ ထပ်ရှုံးရင် သူ ထျန်းဆန်းဝိညာဉ်နန်းတော်ကနေ အထုတ်ဆွဲပြီး ထွက်သွားရတော့မည် ဖြစ်သည်။
သူ ဘာလို့ သေမထူးနေမထူး ဂူအောင်းခဲ့လဲဆိုတာ အံ့သြစရာ မရှိတော့ပါ။ သူ့မှာ တခြားရွေးချယ်စရာ မရှိခဲ့လို့ပဲ ဖြစ်ရမည်။
ရွှီရှောင်ရှို့တစ်ယောက် အကျပ်ရိုက်သွားချေပြီ။ ဘာလို့ ကမ္ဘာကူးပြောင်းလာတဲ့ ပထမဆုံး စက္ကန့်မှာတင် ဒီလောက် ဖိအားများတဲ့ အခြေအနေနဲ့ တိုးရတာလဲ။ နှစ်ချုပ်စာမေးပွဲကြီးတဲ့လား။ အောက်ဆုံးအဆင့်ရရင် ကျောင်းထုတ်ခံရမယ် ဟုတ်စ။
စာမေးပွဲတွေကို ဖြတ်သန်းခဲ့ဖူးတဲ့ လူတစ်ယောက်အနေနဲ့ စာမေးပွဲဆိုတာ သူအကြောက်ဆုံးအရာ ဖြစ်သည်။ အထူးသဖြင့် အခုအချိန်မှာ သူ့မှာ ဘာအရည်အချင်းမှ မရှိသေးတဲ့ အချိန်မျိုးမှာပေါ့။
ပိုဆိုးတာက ဒီကမ္ဘာမှာ နည်းပညာအဆင့်မြင့် ပစ္စည်းတွေမရှိတော့ ခိုးချဖို့ကလည်း မဖြစ်နိုင်။
သူ့အတွေးတွေ ဗရပွဖြစ်နေစဉ်မှာပဲ ခန္ဓာကိုယ်ရဲ့ မှတ်ဉာဏ်အားလုံးကို ရရှိသွားပြီး သူ့ရဲ့ ဝိညာဉ်ကလည်း ဒီခန္ဓာကိုယ်နဲ့ လုံးဝ တစ်သားတည်း ဖြစ်သွားခဲ့သည်။
နောက်တစ်စက္ကန့်မှာတော့ သူ့ရဲ့ စိတ်အာရုံထဲမှာ ‘အမည်းရောင် စက်ဝိုင်းချား’ ကြီးတစ်ခု ပေါ်လာတော့သည်။
“...” ရွှီရှောင်ရှို့ အံ့သြသွားသည်။
“ဒီကမ္ဘာမှာလည်း ခိုးချလို့ရမယ့် နည်းပညာဆန်းတွေ ရှိတာပဲလား...”
သူက စိတ်ကိုအမြန်စုစည်းပြီး ထိုအမည်းရောင် စက်ဝိုင်းချားကြီးကို သေချာစစ်ဆေးကြည့်လိုက်သည်။
စက်ဝိုင်းချားရဲ့ ပုံစံက တော်တော်လေး ရိုးရှင်းလွန်းလှသည်။ လမ်းဘေးဆိုင်က အရုပ်တစ်ခုလိုမျိုးဖြစ်ပြီး တန်ဖိုးရှိမယ့်ပုံလည်း မပေါ်။ ရွှီရှောင်ရှို့ကတော့ ဒီပစ္စည်းစုတ်ကြီးက သူ့ကို လာနောက်နေတာလားဟု ပြင်းပြင်းထန်ထန် သံသယဝင်မိသည်။
စက်ဝိုင်းချားရဲ့ အောက်ခြေကို အပိုင်းနှစ်ပိုင်း ပိုင်းထားပြီး တစ်ဖက်က ရွှေရောင်၊ တခြားတစ်ဖက်ကတော့ အနီရောင် ဖြစ်သည်။
စိတ်ဝင်စားစရာကောင်းတာက ရွှေရောင်အပိုင်းက စက်ဝိုင်းတစ်ခုလုံးရဲ့ ကိုးဆယ်ရာခိုင်နှုန်းကို ယူထားပြီး အနီရောင်အပိုင်းကတော့ အကွက်သေးသေးလေးပဲ ရှိတာ ဖြစ်သည်။
“မတရားလိုက်တာ...” ရွှီရှောင်ရှို့ စိတ်ထဲကနေ ကျိန်ဆဲလိုက်မိသည်။ သူ့ရဲ့ အရင်ဘဝ အတွေ့အကြုံအရဆိုရင်တော့ ဒီလို အကွက်သေးသေးလေးတွေထဲမှာမှ အကောင်းဆုံး ပစ္စည်းတွေ ရှိတတ်တာ မဟုတ်ပါလား။
ဒါပေမဲ့ ရွှေရောင်အကွက်ကြီးပေါ်မှာ ရေးထားတာက ကိုယ်တိုင်လုပ် စနစ် ဖြစ်ပြီး အနီရောင်အကွက်သေးသေးလေးပေါ်မှာ ရေးထားတာကတော့ အလိုအလျောက် စနစ် ဖြစ်နေသည်။
“ကိုယ်တိုင်လုပ် နဲ့ အလိုအလျောက် လား...” ရွှီရှောင်ရှို့ ဇဝေဇဝါ ဖြစ်သွားသည်။ ဂိမ်းကစားနည်းအရ ကြည့်ရင်တော့ ကိုယ်တိုင်လုပ် စွမ်းရည်တွေက သေချာပေါက် ပိုကောင်းတာပေါ့။ အလိုအလျောက်စွမ်းရည် တွေချည်းပဲ သုံးပြီး ရန်သူကို ဘယ်လိုသွားသတ်ရမှာလဲ။
လမ်းဘေးက တောကောင်တွေကိုတောင် သတ်နိုင်ပါ့မလား မသိ။
ဒီအမည်းရောင် စက်ဝိုင်းချားကြီးက ငါ့ရဲ့ အရင်ဘဝကို သနားလို့ အကွက်ကြီးကို ဆုလာဘ်အနေနဲ့ အကျယ်ကြီး လုပ်ပေးထားတာ ထင်တယ်...
ရွှီရှောင်ရှို့ စိတ်လှုပ်ရှားသွားသည်။ သေချာပေါက် အဲဒီလိုပဲ ဖြစ်ရမည်။
“လူသားဆန်တဲ့ စက်ဝိုင်းချားပဲဟေ့။ ဒီလိုပစ္စည်းမျိုးက တွေ့ရခဲတယ်...”
သူ ပျော်သွားပြီး စတင်လှည့်ရမယ့် ခလုတ်ကို လိုက်ရှာကြည့်သော်လည်း ဘာမှ ရှာမတွေ့။
သူ့ရဲ့ စိတ်အာရုံထဲမှာ ဒီစက်ဝိုင်းချားအစုတ်ကြီးကလွဲလို့ ဘာမှမရှိချေ။
ဒါကို ကိုယ်တိုင် လက်နဲ့ လှည့်ရတာလား။
သူက စက်ဝိုင်းချားအစုတ်ကြီးကို ကြည့်ပြီး မတော်တဆ ပျက်စီးသွားမှာကို စိုးရိမ်မိသည်။ ဒါပေမဲ့ အတင်းအကျပ် လှည့်ကြည့်ဖို့ကလွဲလို့ တခြားနည်းလမ်း မရှိတော့။
ရွှီရှောင်ရှို့က စက်ဝိုင်းချားပေါ်က လက်တံကို ကြည့်လိုက်သည်။ လက်တံက ရှည်လျားပြီး သေးသွယ်လွန်းလှရာ လေတိုက်ရင်တောင် ကျိုးသွားမည့်ပုံမျိုး။
သူ စမ်းကြည့်လိုက်သည်။ စိတ်အာရုံကို သုံးပြီး လက်တံကို ခပ်ဖွဖွလေး တွန်းလိုက်ရာ စက်ဝိုင်းချားကြီး တုန်ခါသွားပြီး လည်ပတ်တော့မည့်ပုံစံ ဖြစ်လာသည်။
... ပြီးတော့ ဘာမှဖြစ်မလာတော့။
“ဒါပဲလား...”
စက်ဝိုင်းချားက လည်တော့မည့်အတိုင်း တုန်ခါသွားရုံသာရှိပြီး လက်တံကတော့ တစ်လက်မမျှပင် မရွေ့လျားခဲ့။ ရွှီရှောင်ရှို့တစ်ယောက် ဒီပစ္စည်းကို လုပ်တဲ့လူက သေချာ အာရုံစိုက်ပြီး မလုပ်ထားဘူးဟု ခံစားလိုက်ရသည်။
ပစ္စည်းက စုတ်တာ ထားပါတော့၊ ချောဆီလေးတောင် ထည့်မထားဘူး။ ဒါကို ဘယ်လို သုံးရမှာလဲ။
သူက စိတ်ကို ပိုစုစည်းပြီး ခပ်ပြင်းပြင်းလေး ထပ်တွန်းလိုက်သည်။ လက်တံက ဘေးကို နည်းနည်းစောင်းသွားသော်လည်း သူ့ကို ပြန်ရုန်းကန်နေသလို ခံစားရသည်။ အား ထပ်စိုက်ဖို့ လိုနေပြီ။
ရွှီရှောင်ရှို့ အားကုန် စိုက်ထုတ်လိုက်တော့သည်။ ရှည်လျားသေးသွယ်တဲ့ လက်တံက ဒီတစ်ကြိမ်မှာတော့ ဘေးကို တော်တော်လေး စောင်းသွားခဲ့သည်။ သူလည်း တစ်ခုခု မှားနေပြီဟု ခံစားမိတာကြောင့် အားကို ချက်ချင်း ပြန်လျှော့လိုက်သော်လည်း... လက်တံက ဒဏ်မခံနိုင်တော့ဘဲ ဖျတ်ခနဲ ကျိုးသွားလေတော့သည်။
ကျိုးသွားတယ်?
တကယ်ကြီး ကျိုးသွားတာပဲ။
ရွှီရှောင်ရှို့ မျက်နှာကြီး ပျက်သွားတော့သည်။ ဒီစက်ဝိုင်းချားက ကြည့်ရတာတင် စုတ်တာမဟုတ်ဘဲ တကယ်ကြီးကို အစုတ်အပြတ် ဖြစ်နေတာပဲ။
လက်တံက ရွှေရောင်အကွက်ရဲ့ အစွန်းနားကို ညွှန်ပြနေခဲ့တာ ဖြစ်သော်လည်း အခုတော့ ကျိုးသွားပြီဖြစ်တာကြောင့် ရွှေရောင်အကွက်ရဲ့ အပြင်ဘက်က အနီရောင်အကွက်အသေးလေးထဲကို လိမ့်ဆင်းသွားတော့သည်။
အနီရောင်...အလိုအလျောက်စနစ် တဲ့လား။
ရွှီရှောင်ရှို့ရဲ့ မျက်နှာက အမည်းရောင်ကနေ ခရမ်းရောင်အထိ ပြောင်းလဲသွားတော့သည်။ လူကို ဒီလို လာနောက်လို့ ဘယ်ဖြစ်မလဲ။ ဒီပစ္စည်းကို ဘယ်သူလုပ်တာလဲ၊ တကယ့် ဂြိုဟ်ဆိုး အသုံးအဆောင်ပဲ။
ထိုစဉ်မှာပဲ သူ့ခေါင်းထဲ အတွေးတစ်ခု ဝင်လာသည်။ စက်ဝိုင်းချားကို အသက်သွင်းဖို့က လက်တံကို တွန်းရတာမဟုတ်ဘဲ စက်ဝိုင်းချားကြီးကို လှည့်ရတာများလား။
“ဟမ်... မဖြစ်နိုင်တာ...”
ရွှီရှောင်ရှို့ မျက်နှာကြီး နီမြန်းသွားပြီး လက်တံအောက်က စက်ဝိုင်းချားကြီးကို စမ်းပြီး လှည့်ကြည့်လိုက်သည်။ သေချာပေါက်ပါပဲ... စက်ဝိုင်းချားကြီးက ချောချောမွေ့မွေ့ လည်ပတ်သွားခဲ့ပြီး ချောဆီထည့်ဖို့တောင် မလိုချေ။
“ဒါကတော့...” ရွှီရှောင်ရှို့တစ်ယောက် မျက်လုံးကြီး အပေါ်လန်သွားပြီး ကုတင်ပေါ်ကို အနောက်လှန် လဲကျသွားတော့သည်။
နောက်တစ်စက္ကန့်မှာတော့ သူ ကုတင်ပေါ်ကနေ ဝုန်းခနဲ ပြန်ထလိုက်ပြီး စိတ်အာရုံကို သုံးကာ ကျိုးသွားတဲ့ လက်တံကို ကောက်ယူဖို့ အသည်းအသန် ကြိုးစားတော့သည်။ စက်ဝိုင်းချားကြီး သတိမထားမိခင် လက်တံကို ရွှေရောင်အကွက်ပေါ် အမြန် ပြန်တင်ချင်နေတာ ဖြစ်သည်။
ဒါပေမဲ့ ဒီစက်ဝိုင်းချားကြီးက သူ့ရဲ့ လှည့်ကွက်ကို သိသွားပုံရပြီး ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
စာသားတစ်ကြောင်း ပေါ်လာခဲ့သည် -
[အလိုအလျောက် စနစ် အသက်ဝင်ပါပြီ၊ ဒေါင်းလုဒ်ဆွဲနေသည်...]
ရွှီရှောင်ရှို့တစ်ယောက် ငိုချင်စိတ်ပေါက်သွားသော်လည်း အခြေအနေကို လက်ခံရုံမှတစ်ပါး တခြားမရှိတော့။
စာသားတွေ ပျောက်ကွယ်သွားပြီးနောက် အနီရောင် မှန်သားပြင် အသေးလေးတစ်ခု ပေါ်လာသည်။ ရွှီရှောင်ရှို့လည်း မျှော်လင့်ချက်အနည်းငယ်ဖြင့် လှမ်းကြည့်လိုက်မိသည်။
ထို မှန်သားပြင် ပေါ်မှာ ကဏ္ဍတစ်ခုတည်းသာ ရှိပြီး စာလုံးကြီးကြီးတွေ ရေးထားသည်။
အခြေခံ အလိုအလျောက် စွမ်းရည် -
[အသက်ရှူကျင့်စဉ် (လူသားအဆင့် - ၁)]
ရွှီရှောင်ရှို့တစ်ယောက် ကုတင်ပေါ် ပြန်လဲကျသွားတော့သည်။ ဖြူဖျော့နေတဲ့ မျက်နှာကြီးက ဒေါသကြောင့် နီမြန်းလာပြီး သွေးတွေကလည်း တဒုန်းဒုန်း တိုးဝှေ့လာ၏။ သူ တကယ်ကို ဒေါသထွက်သွားချေပြီ။
‘တောက်... အသက်ရှူကျင့်စဉ် တဲ့လား။ အသက်ရှူဖို့ကို မင်းက လာသင်ပေးနေရသေးလား’
မွေးကင်းစကလေးတောင် အသက်ရှူတတ်တယ်ကွ။
ရွှီရှောင်ရှို့ကတော့ ဒီ အလိုအလျောက် စနစ် ကနေ အံ့သြမှင်တက်သွားစေမယ့် နတ်ဘုရားအဆင့် စွမ်းရည်မျိုး ပေးလိမ့်နိုး မျှော်လင့်ထားခဲ့တာ ဖြစ်သည်။
အခုတော့ သူ လုံးဝကို စိတ်ပျက်သွားရပြီ။ တကယ့်ကို အလိုအလျောက် ကြီးပါပဲလား... အသက်ရှူတာတဲ့...
အသက်ရှူတာကြီးကို တောက်။
သူက ဒေါသထွက်ထွက်နဲ့ အသက်ကို ပြင်းပြင်းရှူလိုက်မိစဉ်မှာပဲ သူ့ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားတွေက ဗြုန်းစားကြီး သောင်းကျန်းလာတာကို ခံစားလိုက်ရသည်။
“ဘာဖြစ်တာလဲ...” ရွှီရှောင်ရှို့ အကြီးအကျယ် လန့်သွားသည်။ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဝိညာဉ်အဆင့် (၃) ပဲ ရှိတာမို့လို့ အဆင့်တက်ခါနီးမှလွဲရင် ဝိညာဉ်စွမ်းအားတွေက ဒီလောက်အထိ ပြင်းပြင်းထန်ထန် မလှုပ်ရှားနိုင်။ ငါ တကယ်ကြီး အဆင့်တက်တော့မှာလား။
သူ တင်ပလ္လင်ခွေ အမြန်ထိုင်လိုက်သည်။ သူ တစ်ခုခုလုပ်ဖို့ ပြင်လိုက်စဉ်မှာပဲ သူ့ရဲ့ ဝိညာဉ်စွမ်းအားတွေက ပိုးအိမ်တစ်ခုလို ဖြစ်သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။ ဆန်းကြယ်တဲ့ စွမ်းအင်စီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး အတားအဆီးတွေကို ဖြတ်ကျော်ကာ ပင်လယ်ထဲ ပြန်ရောက်သွားတဲ့ ငါးတစ်ကောင်လို လွတ်လပ်သွားခဲ့သည်။
ဒြပ်မဲ့လှိုင်းလုံးတွေက ပတ်ဝန်းကျင် လေထုထဲမှာ ဂယက်ထသွားပြီး စားပွဲပေါ်က ဖုန်မှုန့်တွေကိုတောင် လွင့်စင်သွားစေခဲ့သည်။
“ငါ... ငါ တကယ်ကြီး အဆင့်တက်သွားတာလား...”
ရွှီရှောင်ရှို့ ကြောင်အမ်းအမ်း ဖြစ်သွားသည်။ ဒီခန္ဓာကိုယ်ပိုင်ရှင်က တစ်လလုံးလုံး အသေအလဲ ဂူအောင်းခဲ့တာတောင် အဆင့်မတက်ခဲ့ဘဲ အခုကျမှ သူ ဒေါသထွက်ပြီး အသက်ပြင်းပြင်း ရှူလိုက်ရုံနဲ့ အဆင့်တက်သွားရတယ်လား။
တစ်ခုခုတော့ မှားနေပြီ...
အသက်ရှူတာ?
ရွှီရှောင်ရှို့ရဲ့ မျက်လုံးတွေ ဝင်းခနဲ ဖြစ်သွားသည်။ “အသက်ရှူကျင့်စဉ် ဟုတ်လား...”
ဒီ ‘အသက်ရှူကျင့်စဉ်’ က သိုင်းကျင့်စဉ်တစ်ခုလိုမျိုး ဖြစ်ပြီး သူ အသက်ရှူလိုက်တိုင်း ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအားတွေကို သူ့ခန္ဓာကိုယ်ထဲ ဆွဲသွင်းပေးနေတာများလား။
“အမလေး... ငါတော့ ရတနာသိုက်ကြီး တိုးပြီပဲ...”
ရွှီရှောင်ရှို့က စနစ်အစုတ်ကြီး ရလိုက်ပြီအမှတ်နဲ့ စိတ်ညစ်နေခဲ့တာ ဖြစ်သော်လည်း အခုတော့ ဒါက တကယ့် စနစ်ကောင်းကြီးမှန်း သိလိုက်ရပြီ။ သူက အလိုအလျောက် ဆိုတဲ့ စကားလုံးကို သေချာ စဉ်းစားကြည့်ပြီးနောက် ရုတ်တရက် သဘောပေါက်သွားသည်။
“အလိုအလျောက် အသက်ရှူမယ်...”
“အလိုအလျောက် ကျင့်ကြံမယ်...”
သူက အသက်ရှူရင်း ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်ရာ... သေချာပေါက်ပါပဲ၊ သူ အသက်တစ်ခါ ရှူလိုက်တိုင်း ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအား အပိုင်းအစလေးတွေက သူ့ရဲ့ ဝိညာဉ်ပင်လယ်ထဲကို စီးဝင်သွားတာကို တွေ့လိုက်ရသည်။
ပမာဏက မများလှပေမဲ့ အမြဲတမ်း ဖြစ်နေတာမို့လို့ လုံလောက်လှပြီ။
သူ့ရဲ့ ကျင့်ကြံခြင်းက အထွတ်အထိပ်မှာ ပိတ်မိနေတာဖြစ်လို့ အခုလို အသက်ရှူလိုက်ရုံနဲ့ ရလိုက်တဲ့ ဝိညာဉ်စွမ်းအားလေးတွေကပဲ လိုအပ်နေတဲ့ အချိုးအကွေ့ကို ဖြည့်ဆည်းပေးပြီး အောင်မြင်သွားစေခဲ့တာ ဖြစ်သည်။
ရွှီရှောင်ရှို့တစ်ယောက် ရင်ထဲမှာ စိတ်လှုပ်ရှားမှုတွေ ဝေစီလာတော့သည်။ စက်ဝိုင်းချားရဲ့ အကွက်အသေးလေးထဲမှာပဲ အကောင်းဆုံး ပစ္စည်းတွေ ရှိတတ်တာ တကယ်မှန်ပေသည်။
တကယ်လို့ သူက ကိုယ်တိုင် လုပ် စွမ်းရည်ကြီးတစ်ခု ရခဲ့ရင်တောင် အဲဒါကို ကိုယ်တိုင် အပင်ပန်းခံပြီး လေ့ကျင့်နေရဦးမည် ဖြစ်သည်။
ဒါပေမဲ့ ဒီ ‘အသက်ရှူကျင့်စဉ်’ ကတော့ ကျင့်ကြံရမယ့် အဆင့်ကိုပါ ကျော်ဖြတ်ပေးလိုက်တာ ဖြစ်သည်။ ဒါက ဘာကို ဆိုလိုတာလဲ။
ရွှီရှောင်ရှို့က သူ့ဝတ်ရုံစကို ခါလိုက်ပြီး နဖူးပေါ်က ဆံပင်ရှည်တွေကို အနောက်ကို သပ်တင်လိုက်သည်။ သူ့မျက်နှာပေါ်မှာတော့ ယုံကြည်ချက်အပြည့်နဲ့ ပုံစံတစ်ခု ပေါ်လာ၏။
“ငါ... ရွှီရှောင်ရှို့ကတော့ ခြေတစ်လှမ်းမှ မလှုပ်ဘဲနဲ့တောင် တစ်လောကလုံးမှာ အနှိုင်းမဲ့ ဖြစ်လာတော့မှာပဲ...”
ကံဆိုးချင်တော့ သူ့ရဲ့ ဒီလို ခန့်ညားတဲ့ ပုံစံကို ကြည့်မယ့်လူ တစ်ယောက်မှ ရှိမနေတာကတော့ နှမြောစရာပင်။
သူက အနီရောင် မှန်သားပြင် လေးကို နောက်တစ်ကြိမ် ကြည့်လိုက်တဲ့အခါမှာတော့ ခံစားချက်က အရင်နဲ့ လုံးဝ ကွာခြားသွားခဲ့ပြီ။
[အသက်ရှူကျင့်စဉ် (လူသားအဆင့် - ၁)]
သူ့အကြည့်က ကွင်းစကွင်းပိတ်ထဲက စာသားတွေဆီ ရောက်သွားပြီး ရွှီရှောင်ရှို့က အလိုအလျောက် ရေရွတ်မိသည်။ “လူသားအဆင့်... ၁...”
ဒါက အဆင့်မြှင့်လို့ရတယ်ဆိုတဲ့ သဘောပဲ။ ဒါဆို ဒီစွမ်းရည်ကို အဆင့်မြှင့်ဖို့ ဘာလိုမလဲ။
ထိုစဉ်မှာပဲ မှန်သားပြင် ရဲ့ အောက်ခြေက စာသားအသေးလေးတစ်ခုကို သတိထားမိသွားသည်။ စောစောက သူ စိတ်လှုပ်ရှားနေတာကြောင့် မမြင်ခဲ့မိခြင်း ဖြစ်သည်။
“အလိုအလျောက် ရမှတ် - 0”
ရွှီရှောင်ရှို့ မေးစေ့ကို ပွတ်လိုက်သည်။ အလိုအလျောက် ရမှတ် တဲ့လား။
ဒါက စွမ်းရည်တွေကို အဆင့်မြှင့်ဖို့ လိုအပ်တဲ့ အရာ ဖြစ်ရမည်။ ဒါပေမဲ့ ဒီ အလိုအလျောက် ရမှတ် တွေကို ဘယ်လို ရအောင်လုပ်ရမလဲ။
နွေရာသီရဲ့ ညချမ်းကတော့ ပုစဉ်းရင်ကွဲတွေရဲ့ အော်သံ၊ ခြင်တွေရဲ့ တဝီဝီအော်သံတွေနဲ့ ပြည့်နှက်နေသည်။ ရွှီရှောင်ရှို့တစ်ယောက် အတွေးနက်နေစဉ် အခန်းတစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။
ရုတ်တရက် သူ့လက်မောင်းပေါ်မှာ ယားကျိကျိ ခံစားလိုက်ရသဖြင့် အသိစိတ်မဲ့စွာ ဖတ်ခနဲ ရိုက်ချလိုက်သည်။ လက်ဝါးကို ပြန်ဖြန့်ကြည့်လိုက်တော့ သွေးကွက်လေးတစ်ခုကို မြင်လိုက်ရ၏။
“ခြင်စုတ်ပဲ...”
ရွှီရှောင်ရှို့ ဒီအခန်းကို သေချာ သန့်ရှင်းရေးလုပ်ဖို့ လိုပြီဟု တွေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒီအခန်းက တစ်လကျော်လုံး သန့်ရှင်းရေး မလုပ်ရသေးသည် မဟုတ်ပါလား။ ဒါပေမဲ့ နောက်တစ်စက္ကန့်မှာတော့ သူ ကြောင်အမ်းသွားပြီး ရယ်ရမလို ငိုရမလို ဖြစ်သွားတော့သည်။
ဘာလို့လဲဆိုတော့ အနီရောင် မှန်သားပြင် ရဲ့ အောက်ခြေမှာ သတိပေး စာသားလေးတစ်ခု ပေါ်လာသောကြောင့် ဖြစ်သည်။
[တိုက်ခိုက်ခံလိုက်ရသည်။ အလိုအလျောက် ရမှတ် +1]