အခန်း (၆၃) သူလျှိုစွမ်းရည်
ကားတစ်စီးကို ကိုယ်တိုင်မောင်းနှင်နေရင်း အချိန်နောက်ကြောင်း ပြန်ကြည့်ခြင်းတွင် အာရုံစိုက် ရန်မှာ လွန်စွာ ခက်ခဲသော ကိစ္စတစ်ရပ်ပင် ဖြစ်ပေသည်။
သို့သော် ပြဿနာမှာ သူကိုယ်တိုင် ကားမောင်းနေရခြင်း ဖြစ်ပြီး ညက မြင်ခဲ့ရသည့် မြင်ကွင်းကို ယခုအချိန်သို့ ခဏပြန်လှည့်ကြည့်လိုက် လက်ရှိမြင်ကွင်းသို့ ပြန်ရောက်လာလိုက်နှင့် အလွန် အန္တရာယ်များလှ၏။
အကယ်၍သာ ရှေ့မှလာသည့် ကားတစ်စီးနှင့် မျက်နှာချင်းဆိုင် တိုးမိပြီး မိမိ၏ အမြင်အာရုံက ညကမြင်ခဲ့ရသည့် လွတ်လပ်သော မြင်ကွင်းထဲ၌ ပိတ်မိနေပါက အဘယ်သို့ ဖြစ်မည်နည်း။
လိုအပ်ချက်များကပင် ကျွမ်းကျင်မှုများကို မွေးဖွားပေးလေ့ရှိသည်ဟု ဆိုရပေမည်။
လင်ရှောင်စုသည် မိုင်ပေါင်းများစွာ မောင်းနှင်လာခဲ့ပြီး မျက်လုံးကို ပိတ်လိုက် ဖွင့်လိုက် ပြုလုပ်ကာ အချိန်ကို ပိုင်းခြား၍ ကြည့်ရှုလေ့ကျင့်ခဲ့၏။
ညာဘက်မျက်လုံးဖြင့် လက်ရှိမြင်ကွင်းကို ကြည့်ပြီး ဘယ်ဘက်မျက်လုံးဖြင့် အတိတ်ကို ပြန်လှည့်ကြည့်လေသည်။
ဤနည်းလမ်းဖြင့် သူသည် မယုံနိုင်လောက်အောင် စိတ်အေးချမ်းမှုကို ခံစားလိုက်ရသည်။
ကား၏အရှိန်မှာလည်း ထူးခြားစွာ မြန်ဆန်လာ၏။
ဒေါင်ဇီသည် နိုင်ငံတော်လမ်းမကြီးပေါ်တွင် အရှိန်အပြင်းဖြင့် မောင်းနှင်သွားပြီး ရှေ့ရှိ ဓာတ်ဆီဆိုင်တွင် ဆီဖြည့်ခဲ့လေသည်။
လင်ရှောင်စုလည်း အလားတူပင် ပြုလုပ်ခဲ့လေ၏။
နေ့လယ်အချိန်တွင် ဒေါင်ဇီသည် တင်းရှီးပြည်နယ်နယ်စပ်အနီးရှိ စားသောက်ဆိုင်ငယ်တစ်ခုတွင် နေ့လယ်စာ စားသောက်ခဲ့ပြီး လင်ရှောင်စုလည်း ထိုနေရာ၌ပင် ဝင်ရောက် စားသောက်ခဲ့သည်။
နေ့လယ်ဘက်တွင် ဒေါင်ဇီ၏ကားသည် ကွေ့ကောက်နေသော တောင်ပေါ်လမ်းကြောင်းသို့ ရောက်ရှိသွားပြီး သူလည်း လိုက်ပါသွားလေသည်။
ညဘက်ရောက်သော် ဒေါင်ဇီ၏ကားသည် အပန်းဖြေနေရာတစ်ခုတွင် ရပ်တန့်သွားပြီး ကားပါကင် တွင် ၃ နာရီခန့် အိပ်စက်သည်။ ထို့နောက် ကားကို ပြန်နှိုးပြီး မောင်းနှင်သွား၏။
တကယ်တမ်းတွင် ဒေါင်ဇီကား စတင်မောင်းနှင်ပြီး နှစ်နာရီခန့်အကြာတွင် လင်ရှောင်စုသည် ဒေါင်ဇီအိပ်စက်ခဲ့သည့် နေရာသို့ ရောက်ရှိနှင့်နေပြီဖြစ်သည်။
အကယ်၍ သူသာ အလျင်စလိုလိုက်မည်ဆိုပါက ဒေါင်ဇီကို နာရီအနည်းငယ်အတွင်းပင် မှီနိုင်ပေသည်။
သို့သော် လင်ရှောင်စု အလျင်မလိုပေ။
သူသည် အပန်းဖြေစခန်းတွင် အခန်းတစ်ခန်း ငှားရမ်းကာ တစ်ညတာ သက်သောင့်သက်သာ အနားယူခဲ့၏။
ဖုန်းကို ပိတ် ကားပေါ်ရှိ ခြေရာခံစက်ကို ဖြုတ်ထားလိုက်သောကြောင့် သူသည်လည်း ခြေရာလက်ရာ ပျောက်ဆုံးသွားသည့် လူတစ်ယောက် ဖြစ်လာခဲ့ပေသည်။
ဒေါင်ဇီမှာလည်း ဘယ်ဆီသို့မှ မပြေးနိုင်သည်ကို သူသိထားပြီး ဒေါင်ဇီမှာလည်း သူ့၏ အဓိကပစ်မှတ် မဟုတ်ပေ။
အချိန်ကို ပြန်လှည့်နိုင်သည့် ထူးခြားသောစွမ်းရည်ရှိခြင်းသည် ခြေရာခံခြင်းအတွက်မူ အမြင့်မား ဆုံးသော နည်းပညာပင် ဖြစ်လေတော့သည်။
ခရီးစဉ်၏ နောက်ဆုံးပိုင်းတွင် ဒေါင်ဇီမှာ အရှိန်ကို သိသိသာသာ လျှော့ချလိုက်၏။
တင်းရှီးပြည်နယ်၏ အနောက်ဘက်နယ်စပ်တွင်ပင် တစ်ညတာ ဝင်နားလိုက်သည်။
နောက်တစ်နေ့တွင် ထိုခရိုင်မြို့လေးရှိ မြစ်တစ်ဖက်ကမ်းတစ်ဖက်ကို ကြည့်ရှုရင်း အပန်းဖြေ နေသေးသည်။ သူသည် သာမန် ခရီးသွားတစ်ယောက်ကဲ့သို့ပင်။
သို့သော် ရှစ်နာရီခန့် နောက်ကျ၍ ထိုလမ်းကြောင်းအတိုင်း ပြန်ကြည့်သောအခါ ဒေါင်ဇီ အရှိန်လျှော့ရသည့် အကြောင်းရင်းအမှန်ကို လင်ရှောင်စု သိလိုက်ရလေသည်။
သူသည် နောက်ကနေ လိုက်ပါလာသူ ရှိမရှိ စစ်ဆေးနေခြင်းပင် ဖြစ်ပေ၏။
သူ၏ ပုံစံမှာ အေးဆေးတည်ငြိမ်နေသော်လည်း သူ၏ အကြည့်များမှာ လွန်စွာ စူးရှနေ၏။
လင်ရှောင်စု၏ နှလုံးခုန်သံများ မြန်ဆန်လာသည်။
ခရီးဆုံးသို့ ရောက်တော့မည်ကို သူ သိလိုက်ရချေပြီ။
ဘေးအန္တရာယ် မရှိကြောင်း အတည်ပြုပြီးမှသာ ဒေါင်ဇီသည် သူ၏ ခရီးဆုံးနေရာသို့ တရားဝင် ဝင်ရောက်လိမ့်မည်ဖြစ်သည်။
၎င်းကပင်လျှင် သူသွားမည့်နေရာမှာ သာမန်မဟုတ်ကြောင်း သွယ်ဝိုက်၍ ပြသနေသည်။
ဒေါင်ဇီအနေဖြင့် မိုင်ပေါင်းရာချီဝေးကွာသော နေရာမှ လိုက်ပါလာသည့် ခြေရာခံစက်ကို မမြင်နိုင်သဖြင့် သူသည် သတိလျှော့ကာ နောက်ဆုံးခရီးစဉ်ကို ဆက်လက်ထွက်ခွာသည်။
ရှေ့တွင် ယွမ်ထိုင်တောင် အပန်းဖြေစခန်း ရှိနေလေသည်။
ဤအပန်းဖြေစခန်းမှာ ဒေသတွင်း၌သာ လူသိများပြီး ဖွံ့ဖြိုးတိုးတက်မှု အားနည်းသေးသည်။ ဒေသအစိုးရက ကြိုးပမ်းသော်လည်း ကြယ်လေးပွင့် အဆင့်သာ ရရှိထားသည့် သာမန် ခရီးသွားနေရာတစ်ခုသာ ဖြစ်၏။
သူ၏ကားသည် အပန်းဖြေစခန်းထဲသို့ ဝင်သွားပြီး ခုနစ်ကွေ့ရှစ်ကွေ့ ပတ်မောင်းကာ ယာတောအိမ် တစ်ခုသို့ ရောက်ရှိသွားလေသည်။
ဇီဝေဗီလာဟု အမည်ပေးထားသော ထိုနေရာမှာ ဧရိယာကျယ်ဝန်းပြီး အထက်တွင် သစ်သီးခြံများ အောက်တွင် ငါးကန်များ ရှိကာ တောင်စောင်း၌ တည်ဆောက်ထားသည့် အဆောက်အအုံနှစ်ခု ရှိနေ၏။
စားသောက်ရန် ပြဿနာမရှိသလို စနေ တနင်္ဂနွေတွင် သားသမီးများကို သစ်သီးခူးရန်နှင့် ငါးဖမ်းရန် ခေါ်လာဖို့အတွက် အတော်လေး ကောင်းမွန်လှသည်။
သို့သော် ဧည့်သည် များများစားစား မရှိပေ။
လင်ရှောင်စု၏ကားမှာလည်း ဒေါင်ဇီနောက်မှ ကပ်ဝင်သွား၏။
သို့သော် ဝင်လိုက်သည်နှင့် သူ၏မျက်လုံးများ တောက်ပသွားလေသည်။
‘ဒေါင်ဇီ၏ကား ပျောက်သွားပြီ’
ထိုနေရာတွင် တောင်ပေါ်လမ်းတစ်ခုသာ ရှိပြီး ဒေါင်ဇီကား အပြင်သို့ ပြန်ထွက်သွားသည်ကို မမြင်လိုက်ရဘဲ လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေပေသည်။
လင်ရှောင်စု အချိန်ကို ပြန်လှည့်ကြည့်လိုက်ရာ ညဉ့်နက်ပိုင်းတွင် ကားမှာ မြေအောက်ကား ဂိုဒေါင်တစ်ခုထဲသို့ ဝင်သွားသည်ကို တွေ့လိုက်ရ၏။
ဒေါင်ဇီကားထဲမှ ထွက်လာပြီး ညာဘက်ရှိ အဆောက်အအုံထဲသို့ ဝင်သွားကာ ပြန်ထွက်မလာ တော့ပေ။
ခရီးဆုံးသို့ ရောက်ရှိချေပြီ။
ဤယာတောအိမ်မှာ တစ်ခုခု လွဲနေပေသည်။
ဒေါင်ဇီ ဝင်သွားသော အဆောက်အအုံမှာ တည်းခိုရန်အတွက် မဟုတ်ဘဲ ဗီလာပိုင်ရှင်၏ ပုဂ္ဂလိက နေအိမ်နှင့် ပိုတူနေ၏။
ထို့ပြင် ၈ နာရီကြာသည်အထိ သူ ပြန်မထွက်လာပေ။
လင်ရှောင်စု၏ ကောင်းကင်တာအို ဉာဏ်ပညာမျက်လုံးဖြင့် ကြည့်လိုက်ရာ ထိုအခန်းထဲတွင် လူမရှိသကဲ့သို့ပင် ဖြစ်နေလေသည်။
လင်ရှောင်စု ကားကို ရပ်ကာ ပစ္စည်းအိတ်ကို ဆွဲပြီး ဆင်းလိုက်၏။
"စားစရာ တစ်ခုခု လိုချင်သလား"
ဒေသခံဝတ်ရုံဝတ်ထားသော အလယ်အလတ်အရွယ် အမျိုးသမီးတစ်ဦးက ဒေသစကားဖြင့် မေး၏။
"အင်း"
"စားသောက်ဆိုင်က ဟိုဘက်မှာပါ ဘယ်က လာတာလဲ"
"ဒေသခံပါ"
လင်ရှောင်စုက ဒေသစကားဖြင့် ပြန်ဖြေလိုက်၏။
သူသည် အခြားစကားမတတ်သော်လည်း ထိုအမျိုးသမီး ပြောသွားသော စကားလုံးသုံးလုံးကို အသုံးပြုလိုက်ခြင်းပင် ဖြစ်သည်။
"ဒေသခံလား ခရိုင်မြို့က လာတာလား"
"ဟုတ်ကဲ့ ဘယ်လို ဒေသထွက်ဟင်းလျာတွေ ရှိလဲ"
ထိုအမျိုးသမီးက ဟင်းလျာများကို စတင် မိတ်ဆက်ပေးနေ၏။
လင်ရှောင်စုအနေဖြင့် ဒေသစကားကို ဘယ်တုန်းကမှ မသင်ဖူးကြောင်း မည်သူမျှ မသိပေ။
သို့သော် စူပါအာရုံခံနိုင်စွမ်း ရှိသူဖြစ်သည့်အတွက် သူမ၏ စကားများကို ပြန်သုံးကာ အခြား မေးခွန်းများ မေးမြန်းရင်း စကားပြောဆိုမှုမှာ ချောမွေ့နေလေသည်။
စားသောက်ဆိုင်ရှိ တခြားစားပွဲဝိုင်းမှ ခရိုင်မြို့သားများ စကားပြောသံကို နားထောင်ရင်း လင်ရှောင်စု၏ "ဘာသာစကား မှော်အတတ်" မှာ အလုပ်စလုပ်တော့၏။
လူ့သားတို့၏လမ်းစဉ် သစ်ခွနှလုံးသား၏ အစွမ်းကြောင့် ခက်ခဲသော ဒေသစကားကိုပင် နာရီပိုင်း အတွင်း၌ ကျွမ်းကျင်စွာ ပြောနိုင်သွားလေသည်။
သူသည် ဝန်ထမ်းနှင့်ပင် ဒေသစကားဖြင့် နောက်ပြောင် ပြောဆိုနိုင်နေပြီ ဖြစ်သည်။
စားသောက်ပြီးနောက် လင်ရှောင်စုသည် တည်းခိုခန်းတွင် တည်းခိုရန် အကြံပေးလိုက်ရာ ထိုအမျိုးသမီးက သူမျှော်လင့်ထားသည့်အတိုင်း ဘယ်ဘက် အဆောက်အအုံတွင် အခန်းပေးလိုက် လေသည်။
ဘယ်ဘက်မှာ အသစ်ဖြစ်ပြီး ညာဘက်မှာ အဟောင်းဖြစ်၏။
ညာဘက်မှာ ပိုင်ရှင်များ နေထိုင်သည့်နေရာပင် ဖြစ်ပေသည်။
သို့သော် သူ၏အခန်းထဲသို့ ဝင်လိုက်သည်နှင့် လျှပ်စစ်ပလပ်ပေါက်များတွင် တပ်ဆင်ထားသော အဆင့်မြင့် စောင့်ကြည့်ကင်မရာများကို တွေ့လိုက်ရ၏။
သို့သော် လင်ရှောင်စု၏ ဉာဏ်ပညာမျက်လုံးအောက်တွင် မည်သူမျှ မလွတ်မြောက်နိုင်ပေ။
သူသည် သာမန် ခရီးသွားတစ်ယောက်ကဲ့သို့ပင် ဟန်ဆောင်နေလိုက်၏။
သူသည် အိတ်ကိုချ ရေနွေးအိုး တည် အိပ်ရာပေါ်ထိုင်၍ ဖုန်းကိုသာ ကစားနေလိုက်သည်။
ရိုလန်ဆီမှ ဖုန်းဝင်လာသော်လည်း သူ မဖြေပေ။
ထို့နောက် အောက်ထပ်သို့ ဆင်းကာ လျှောက်လည်၏။
ဗီလာအပြင်ဘက်တွင် ရပ်၍ ယွမ်ထိုင်တောင်ကို ဓာတ်ပုံရိုက် ကြက်ခြံကို ကြည့်လိုက်နှင့် ပုံမှန်အတိုင်း ပြုမူနေခဲ့လေသည်။
ထို့နောက် အနီးရှိ တောင်ကုန်းတစ်ခုပေါ်သို့ တက်သွားလိုက်၏။
ထိုနေရာသည် ဗီလာထက် ၄-၅ မီတာခန့် မြင့်ပြီး မီတာ ၅၀ ခန့်သာ ဝေးသည်။
လင်ရှောင်စုသည် သူကြည့်လိုသော အခန်းပြတင်းပေါက်ကို နောက်ဆုံးတွင် မြင်လိုက်ရပြီ။
ယခင်က ကန့်လန့်ကာများ အုပ်ထားသော်လည်း ယနေ့တွင် ဖွင့်ထား၏။
ကန့်လန့်ကာ ဖွင့်လိုက်သည်နှင့် ဒေါင်ဇီ ဝင်သွားသောအခန်း၏ မြင်ကွင်းအားလုံးကို လင်ရှောင်စု ကြည့်ရှုလိုက်ရလေသည်။
သူ တုန်လှုပ်သွားလေသည်။
လျှို့ဝှက်ချက်အားလုံး ပေါ်ပေါက်လာခဲ့ချေပြီ။
ဒေါင်ဇီ ထွက်မလာရသည့် အကြောင်းရင်းမှာ သူသည် ထိုအခန်းထဲတွင် မရှိတော့သောကြောင့် ဖြစ်ပေသည်။
အဆောက်အအုံကို တောင်စောင်းနှင့် ကပ်၍ တည်ဆောက်ထားသည့် အကြောင်းရင်းမှာ လောင်တောင်ရှိ မျိုးရိုးဗီဇပြုပြင်ထားသူများ စခန်းကဲ့သို့ပင် အတွင်းထဲတွင် ကြီးမားသော ဂူတစ်ခု ရှိနေ၍ပင် ဖြစ်ပေ၏။
ဤသည်မှာ အဆင့်မြင့် စောင့်ကြည့်နည်းပညာများပင် လိုက်မမီနိုင်သော အချိန်၏ နိယာမဖြင့် အချိန်နောက်ကြောင်းပြန်ကြည့်ခြင်းကို ပြန်လည်ဖော်ပြမှုပင် ဖြစ်ချေသည်။
လင်ရှောင်စုသည် ပုံမှန်အတိုင်းပင် ဟန်ဆောင်နေသော်လည်း သူ၏မျက်လုံးများမှာမူ ထိုလူများ၏ ထူးခြားမှုများကို အကဲခတ်နေလေတော့သည်။