အခန်း (၆၂) ပြန်လည်သုံးသပ်ရန် လိုအပ်သည်
‘သူမနှင့် အခန်းတစ်ခန်းတည်း အတူရှိနေခဲ့သော ထိုလူငယ်လေးသည် ရှေးဟောင်းကိုယ်ခံပညာကို တကယ်ပင် ကျွမ်းကျင်ပိုင်နိုင်သွားပြီလား’
ထိုသို့သော ရှုပ်ထွေးလှသည့် အတွေးများဖြင့် ကျိုးမေသည် ဖုန်းချန်းအလွတ်စုံထောက်ရုံး၏ တံခါးကို ပိတ်လိုက်ပြီး ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့ဆီသို့ ပြန်သွားခဲ့လေသည်။
ခရီးဆုံးသို့ ရောက်ရန် မိနစ် ၂၀ ကြာမြင့်ပြီးနောက် သူမသည် အပေါ်ထပ်ရှိ ရဲမှူးကြီးကျန်း၏ ရုံးခန်းဆီသို့ တန်းတန်းမတ်မတ် သွားလိုက်၏။
ရဲမှူးကြီးကျန်းမှာ ရုံးခန်းထဲတွင် တစ်ညလုံး အိပ်စက်ခြင်းမရှိဘဲ တာဝန်ထမ်းဆောင်ထားပုံရသည်။
သူ၏ မျက်လုံးများမှာ နီရဲနေဆဲဖြစ်ပြီး မေးရိုးတစ်လျှောက်တွင်လည်း မုတ်ဆိတ်မွှေးများ ထွက်နေ၏။ သူသည် လည်ပင်းကို ငဲ့စောင်းလျက် မုတ်ဆိတ်ရိတ်ဓားဖြင့် ထွက်ပြူလာသော မုတ်ဆိတ်မွှေးများကို အပြင်းအထန် တိုက်ခိုက်နေလေတော့သည်။
ကျိုးမေ ဝင်လာသည်ကို မြင်သည်နှင့် ရဲမှူးကြီးကျန်းသည် မုတ်ဆိတ်ရိတ်ဓားကို လွှင့်ပစ်ကာ မေးရိုးကို ပွတ်သပ်လိုက်ပြီး ရယ်မောလိုက်သည်။
"ကျိုးမေ မင်း နောက်ထပ် ဂုဏ်ပြုထိုက်တဲ့ လုပ်ရပ်တစ်ခု ထပ်လုပ်ပြန်ပြီ အတော်ကို ထူးချွန်တာပဲ"
"ဘာဖြစ်လို့လဲ"
"လီခိုင်ယွမ် ဖမ်းမိသွားပြီ"
ကျိုးမေ၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားသည်။
လီခိုင်ယွမ်မှာ မနေ့က သူမ သီးသန့်အမှုတွဲအဖွဲ့သို့ တိုင်ကြားထားသူဖြစ်ပြီး သူမပေးသော သတင်းအချက်အလက်မှာ မှန်ကန်နေခြင်းပင်ဖြစ်၏။
ရဲမှူးကြီးကျန်းမှာ အလွန်ပင် ပျော်ရွှင်နေပေသည်။
"လီခိုင်ယွမ်က ဒီလိုမျိုး ကြိုတင် စီစဉ်ထားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ မင်း တကယ်ကို ဒီသဲလွန်စကို ရှာတွေ့ခဲ့တာပဲ မင်းရဲ့ ပုခုံးပေါ်က ရဲတံဆိပ်ကြယ်ပွင့်လေး တောက်ပဖို့ မင်း အမှန်တကယ် ထိုက်တန်ပါတယ်"
"သူက ခုနစ်နှစ်လောက်ကတည်းက ကျန်းယွဲ့ဆိုတဲ့ တရုတ်နွယ်ဖွားတစ်ယောက်အနေနဲ့ နိုင်ငံထဲ ပြန်ဝင်လာပြီး ကျန်းချန်မှာ လယ်ယာလုပ်ငန်း စလုပ်ခဲ့တာလား ပြီးတော့ ဇနီးလည်း ရပြီး သားတစ်ယောက်တောင် ရနေတာလား"
"ဟုတ်တယ် သူ့ရဲ့ အထောက်အထားက ပြည့်စုံရုံတင်မကဘူး သူ့ပုံစံကလည်း လုံးဝ ပြောင်းလဲ သွားတယ် မျက်မှန်တပ် ဆံပင်ကို နောက်ပြန်လှန်သိမ်းထားပြီးတော့ အတော်ကို ယဉ်ကျေး သိမ်မွေ့တဲ့ လူကြီးလူကောင်းတစ်ယောက် ဖြစ်သွားတာပဲ အဖွဲ့သားတွေက သူ့ကို ဝိုင်းထားပြီးမှ သူမှန်းတောင် မမှတ်မိကြဘူး ဒီလောက် တိကျတဲ့ သတင်းအချက်အလက် မရှိရင် သူက ဥပဒေကနေ အမြဲတမ်း လွတ်မြောက်နေဦးမှာပဲ"
နိုင်ငံခြားရောက် တရုတ်နွယ်ဖွားဟူသော အထောက်အထားမှာ သူ လွန်ခဲ့သော ခုနစ်နှစ်ကတည်းက ဆင်ထားသော ထောင်ချောက်တစ်ခုဖြစ်ပြီး သူဌေးကြီးဟူးပင် မသိရှိသော လျှို့ဝှက်သည့် နှစ်ထပ် ဖုံးကွယ်ထားသော အထောက်အထားတစ်ခု ဖြစ်သည်။ အများပြည်သူ၏ အမြင်တွင်မူ သူတို့ကဲ့သို့ အပြေးသမားများမှာ တောနက်ထဲတွင် ပုန်းအောင်းနေလိမ့်မည်ဟု ထင်ကြသော်လည်း သူကမူ ပြည်နယ်မြို့အနီးတွင် တရားဝင် လယ်ယာလုပ်ငန်းပိုင်ရှင်အဖြစ် နေထိုင်ကာ ဆန့်ကျင်ဘက်ပင် လုပ်ဆောင် နေထိုင်ပြခဲ့လေသည်။
ထို့အပြင် ပတ်ဝန်းကျင်ရှိ လူတိုင်း ရင်းနှီးနေသည့် နိုင်ငံခြားရောက် တရုတ်နွယ်ဖွား အထောက် အထားလည်း သူတွင် ရှိနေပေသည်။
"ဒီသဲလွန်စကို မင်း ဘယ်လို ရှာတွေ့ခဲ့တာလဲ"
ရဲမှူးကြီးကျန်းက အရေးအကြီးဆုံး မေးခွန်းကို မေးလိုက်၏။
ကျိုးမေက အသက်ကို ခပ်ဖြည်းဖြည်း ရှူထုတ်လိုက်သည်။
"အစ်ကို့ကို ဖုံးကွယ်ထားလို့ မရတော့ပါဘူး ဒီသဲလွန်စကို တခြားတစ်ယောက်က ကျွန်မကို ပေးတာပါ"
"လင်ရှောင်စုလား"
"ဟုတ်ကဲ့"
ကျိုးမေက ဆက်ပြောလိုက်သည်။
"ရဲမှူးကြီးကျန်း ဒီအကြောင်းကို ခဏထားလိုက်ပါဦး မနေ့က မွန်းလွဲပိုင်းက ဖြစ်ပျက်ခဲ့တဲ့ တခြား အရေးကြီးတဲ့ အကြောင်းအရာတစ်ခုကို အစီရင်ခံရဦးမယ်..."
ကျိုးမေသည် ဒဲလ်ကုမ္ပဏီတွင် ဖြစ်ပျက်ခဲ့သည်များကို ရဲမှူးကြီးအား အသေးစိတ် အစီရင်ခံလိုက် လေသည်။ လီယွီဖန်း၏ အမှုမှာ အစကတည်းက သံသယများဖြင့် ပြည့်နှက်နေပြီး ရုံးတွင် အစည်းအဝေးများစွာ ပြုလုပ်ခဲ့ရ၏။ မရေမတွက်နိုင်သော ခွဲခြမ်းစိတ်ဖြာမှုများ ပြုလုပ်ခဲ့သော်လည်း မည်သူမျှ မဖြေရှင်းနိုင်ခဲ့ပေ။
ယခုမူ ပြီးပြည့်စုံလုနီးပါး အဖြေတစ်ခုမှာ သူတို့ရှေ့တွင် ရှိနေပေသည်။
ရဲမှူးကြီးကျန်းမှာ သူ၏ နှစ်ပေါင်းများစွာ စုံစမ်းထောက်လှမ်းရေး အတွေ့အကြုံအရ ဤအမှု၏ အဆုံးစွန်သောအဖြေဖြစ်ကြောင်း နီးပါး အတည်ပြုနိုင်ခဲ့လေသည်။
ထိုအချက်က သူ့ကို ပို၍ စိတ်လှုပ်ရှားစေ၏။
သူ၏ နှလုံးခုန်သံများ မြန်ဆန်လာပြီး မျက်နှာပေါ်တွင် ပီတိဖြစ်ခြင်း အနည်းငယ် ပေါ်လာကာ
"သူ ဘယ်မှာလဲ သူ့ကို ခေါ်လိုက် ငါတို့ ကောင်းကောင်း ပြောဆိုဆွေးနွေးကြမယ်"
"သူ ဒေါင်ဇီ နောက်ကို လိုက်သွားပြီ"
"ဘာ သူ... သူ တစ်ယောက်တည်း လိုက်သွားတာလား ဒီကောင်လေး သေချင်နေတာလား..."
"ရဲမှူးကြီးကျန်း ကျွန်မ ဒီနေ့ အခုလို အရေးတကြီး တိုင်ကြားရတာကလည်း ဒီကိစ္စကြောင့်ပဲ"
ကျိုးမေက ဆက်ပြောလိုက်သည်။
"ကျွန်မကားမှာ ခြေရာခံစက် တပ်ထားတယ် သူ့နေရာကို ချက်ချင်း ရှာလိုက်ရအောင် ဒေသခံရဲတွေကို အမြဲတမ်း ဆက်သွယ်ဖို့ အဆင်သင့်ပြင်ထား တစ်ခုခု ဖြစ်လာရင် သူ့လုံခြုံရေးက အရေးကြီးဆုံးပဲ"
"ကောင်းပြီ ခြေရာခံစက်ကို ဖွင့်လိုက်"
ရှေ့ရှိ ကွန်ပျူတာတွင် ကျိုးမေ စတင်လုပ်ဆောင်လိုက်သည်။
ရုတ်တရက် သူမ အံ့အားသင့်သွား၏။
ကွန်ပျူတာမျက်နှာပြင်မှာ တီဗွီလိုင်းမမိသကဲ့သို့ ဖားလျားဖြစ်နေလေသည်။
"ခြေရာခံစက် ပျောက်သွားပြီ သူ ဖျောက်လိုက်တာ"
ရဲမှူးကြီးကျန်း၏ မျက်နှာ ပျက်သွား၏။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ သူက ကျွန်မရဲ့ ခြေရာခံစက် ဘယ်မှာ တပ်ထားလဲဆိုတာတောင် မသိတာ ပြီးတော့ ခြေရာခံစက်က ကားနဲ့ ပေါင်းစပ်တပ်ဆင်ထားတာ တကယ်လို့ ဖြုတ်ပြီး အပြင်လွှင့်ပစ်လိုက်ရင်တောင် အချက်ပြမှု တစ်ခုခုတော့ ရှိရမှာပဲ ဒါက ပရော်ဖက်ရှင်နယ် တစ်ယောက်ရဲ့ လက်ရာပဲ..."
ကျိုးမေ၏ ပါးပြင်များ နီရဲလာ၏။
"သူ ဘာတွေ လုပ်နေတာလဲ"
ရဲမှူးကြီးကျန်းက သူမ၏ နီရဲနေသော ပါးပြင်ကို ကြည့်ကာ ပြောလိုက်သည်။
"ဒီ စုံထောက်လေးက ငါတို့ နားလည်ထားတာထက် ပိုနေပြီပဲ သူက စက်မှုနဲ့ အီလက်ထရွန်နစ် ပိုင်းမှာ ပရော်ဖက်ရှင်နယ် အဆင့်ထိ ကျွမ်းကျင်နေတယ်"
"ရဲမှူးကြီးကျန်း အခု ဒါတွေကို ဆွေးနွေးနေရမယ့် အချိန်လား အခု ဘာဆက်လုပ်ကြမလဲ"
ကျိုးမေက ပြောလိုက်လေသည်။
"သူ ဒါလုပ်နေတာ ကျွန်မတို့ အမှုအတွက်ပါ သူ့တာဝန်တောင် မဟုတ်ဘူး သူ ကျွန်မတို့ အမှုအတွက် ကူညီရင်း တစ်ခုခု ဖြစ်သွားရင်..."
"မပူပါနဲ့ ငါ တစ်ခု ပြောပါရစေ"
ရဲမှူးကြီးကျန်းက ဆက်ပြောသည်။
"ပထမအချက် သူ့ရဲ့ စွမ်းရည်တွေကို ပြန်လည် သုံးသပ်ဖို့ လိုအပ်တယ် ဒီလို စွမ်းရည်မျိုးနဲ့ဆိုရင် ကမ္ဘာပေါ်မှာ ဘယ်နေရာမှာမဆို သူ အန္တရာယ်ဖြစ်ဖို့ မလွယ်ဘူး"
ထိုစကားကြောင့် ကျိုးမေ အနည်းငယ် စိတ်သက်သာရာ ရသွား၏။
ရဲမှူးကြီးကျန်းက ဆက်ပြောသည်။
"ဒုတိယအချက် သူ ခြေရာခံစက်ကို ဖျောက်လိုက်တယ်ဆိုတာက သူ အလွန် သတိထား တတ်သူဖြစ်ကြောင်း ပြနေတာပဲ ရန်သူကို ရင်ဆိုင်ရာမှာ ဒီလောက် သတိထားတဲ့သူဆိုတော့ သူ့ကို သေစေနိုင်တဲ့ အခြေအနေမျိုး ငါ မမြင်မိဘူး"
ကျိုးမေ အသက်ကို ခပ်ဖြည်းဖြည်း ရှူထုတ်လိုက်မိသည်။
ရဲမှူးကြီးကျန်း ပြောသလိုပင် စွမ်းရည်ရှိပြီး သတိထားတတ်သည့်သူကို စိုးရိမ်စရာ မလိုပေ။
"မင်း ဒီနေ့ ကြည့်ရတာ စိတ်ကြည်လင်နေတာပဲ ညက ကောင်းကောင်း အိပ်ပျော်ခဲ့ရဲ့လား"
ရဲမှူးကြီးကျန်း၏ စကားက သူမနားထဲသို့ တိုးဝင်လာသည်။
ကျိုးမေ၏ စိတ်မှာ အနည်းငယ် လှုပ်ရှားသွား၏။
"ဟုတ်ကဲ့ တစ်ညလုံး အိပ်ပျော်ခဲ့ပါတယ်"
"ဟားဟား တကယ်လို့ မင်း အရမ်း ပင်ပန်းနေတယ်လို့ ခံစားရရင် စုံထောက်ရုံးမှာ အိပ်ဖို့ တစ်ရက် ခွင့်ပေးမယ် နောက်နေ့ဆို မင်း ပြန်လည် အားပြည့်လာလိမ့်မယ်"
ရဲမှူးကြီးကျန်းက နောက်ပြောင်သလို ပြောလိုက်သည်။
"ရဲမှူးကြီးကျန်း အဲဒီလို နောက်တာတွေ ရပ်လိုက်ပါ"
ကျိုးမေက ရဲမှူးကြီးကို စိုက်ကြည့်လိုက်သည်။
"နောက်တာပါ မင်း စိတ်လျှော့နိုင်အောင်လို့ပါ" ရဲမှူးကြီးက ပြုံးလျက် ပြောသည်။
ကျိုးမေလည်း ပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။
"အစ်ကိုကသာ စိတ်လျှော့ပါလို့ ပြောနေတာ ဒါပေမဲ့ ကျွန်မ မရဘူး သူ ဒီခရီးက ပြန်လာရင် ကျွန်မကို ယာဉ်မောင်း စည်းကမ်းဖောက်ဖျက်မှု ဒဏ်ငွေတွေ အများကြီး လာပေးမှာကို စိုးရိမ်နေတာ"
နမ်ချန်းကို စွန့်ခွာပြီး ယင်ရှန်းခရိုင်သို့ သွားရာလမ်းမှာ နိုင်ငံတော်လမ်းမကြီးပင် ဖြစ်ချေသည်။ အမြန်လမ်းမကြီးများ ချဲ့ထွင်လိုက်ပြီးနောက်တွင် ဤလမ်းမကြီးမှာ လူသွားလူလာ နည်းပါး သွားလေ၏။
လမ်းကျယ်သော်လည်း အမြန်လမ်းများနှင့် ယှဉ်လျှင် အသာမရနိုင်ပေ။
ထို့ကြောင့် ချမ်းသာသူများ အရေးကြီးကိစ္စရှိသူများ သို့မဟုတ် ဂုဏ်ရှိသူများမှာ ဤလမ်းကို မသုံးကြပေ။
လင်ရှောင်စုသည် ကျိုးမေ၏ကားကို ဤလမ်းမပေါ်တွင် မောင်းနှင်နေလေသည်။
သူ့ခန့်မှန်းချက် မှန်ကန်နေခြင်းကြောင့် ဖြစ်၏။
ဒူလီဖန်း၏ ယာဉ်မောင်း ဒေါင်ဇီမှာ ညဉ့်နက်ပိုင်းတွင် ဤလမ်းကို အသုံးပြု၍ ထွက်ပြေးသွားခဲ့ ခြင်းပင် ဖြစ်လေသည်။ သူ မောင်းသွားသော ကားမှာ မြေအောက်ကားဂိုဒေါင်ထဲက ထွက်လာခြင်းဖြစ်ပြီး ဖုန်တွေ ဖုံးလွှမ်းနေကာ ကာလအတော်ကြာ မောင်းနှင်ထားခြင်း မရှိပုံရ၏။
ဒေါင်ဇီ ကားပေါ်တက်တုန်းက သူသည် ရောင်စုံ ဂျင်းအဝတ်အစားများနှင့် ရွှေဆွဲကြိုးကြီးများကို ဝတ်ဆင်ထားပြီး လက်မောင်းတွင် အစိမ်းရောင် နဂါးတက်တူး ထိုးထားလေသည်။
သူ၏ ပုံပန်းမှာ ကုမ္ပဏီသူဌေးတစ်ယောက်၏ လုံခြုံရေးဝန်ထမ်းနှင့် လုံးဝ မတူညီပေ။
ထိုကဲ့သို့ ဖုံးကွယ်ထားခြင်းမှာ လင်ရှောင်စုသာ သူ့ကို မြင်လိုက်မိကတည်းက တင်းတင်းကျပ်ကျပ် ခြေရာခံမထားပါက လမ်းခုလတ်တွင် ဆုံတွေ့လျှင်ပင် မှတ်မိရန် ခက်ခဲပေလိမ့်မည်။
ခေတ်သစ်လူ့အဖွဲ့အစည်း၏ အသွင်ပြောင်းလဲခြင်းမှာ မျက်နှာကို ပြောင်းလဲရုံတင် မဟုတ်ဘဲ အဝတ်အစားပုံစံ ပြောင်းလဲခြင်းကလည်း အာရုံလွှဲရန် အလွန်ကောင်းမွန်ပေသည်။
မျိုးရိုးဗီဇပြုပြင်ထားသူများမှာ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် အလွန် အထိခိုက်မခံပေ။
အဘယ်ကြောင့်ဆိုသော် မျိုးရိုးဗီဇ ပြုပြင်ခြင်း၏ ကုန်ကျစရိတ်မှာ အလွန်ပင် ကြီးမားသော ကြောင့်ပင် ဖြစ်ချေ၏။ ထို့ကြောင့် မျိုးရိုးဗီဇပြုပြင်ထားသူများမှာ ချမ်းသာသူတို့၏ သီးသန့် အခွင့်အရေး ဖြစ်နေလေ့ရှိကြသည်။ သို့သော် မျိုးရိုးဗီဇ ပြုပြင်ခြင်းတွင် မသိနိုင်သော အန္တရာယ်များ များစွာရှိသဖြင့် ချမ်းသာသူတိုင်းကလည်း ဤလမ်းကို မရွေးချယ်ကြပေ။
အချို့သော မျိုးရိုးဗီဇပြုပြင်ထားသူများကိုမူ ရာဇဝတ်ဂိုဏ်းများက အထူးရည်ရွယ်ချက်ဖြင့် ဖန်တီးကြသည်။
ရှန်လုံအဖွဲ့တို့တွင်လည်း မျိုးရိုးဗီဇပြုပြင်ထားသူများ ရှိပြီး အထူးရည်ရွယ်ချက်အတွက် ဖြစ်သော် လည်း ၎င်းမှာ သူတို့တွင် ရွေးချယ်စရာ မရှိသောကြောင့်ပင် ဖြစ်ပေ၏။
ရန်သူများမှာ လူသားစွမ်းအားထက် ကျော်လွန်သော စွမ်းဆောင်ရည်များ ရှိလာသဖြင့် သာမန် ဥပဒေစိုးမိုးရေး ဝန်ထမ်းများက မထိန်းချုပ်နိုင်တော့သည့်အခါ မျိုးရိုးဗီဇ ပြုပြင်ခြင်းဖြင့် ဖန်တီးထားသော ခေတ်သစ် ဥပဒေစိုးမိုးရေး ဝန်ထမ်းများ လိုအပ်လာခြင်းပင် ဖြစ်လေသည်။
ဤသည်မှာ "နတ်ဆိုးက တစ်ပေမြင့်လျှင် တရားဓမ္မက တစ်ပေမြင့်သည်" ဟူသော စကားပုံ အတိုင်းပင်။
ဒူလီဖန်းမှာလည်း ထောက်လှမ်းခြင်းကို တန်ပြန်နိုင်သည့် အာရုံခံနိုင်စွမ်း အလွန် ကောင်းမွန်၏။
လင်ရှောင်စုက ဒေါင်ဇီ၏ ဆံပင်တစ်ချောင်း ယူလိုက်သည်ကိုပင် သူ သိရှိသွားပြီး ဒေါင်ဇီ၏ မျိုးရိုးဗီဇပြုပြင်ထားသူ ဖြစ်ကြောင်း ပေါ်သွားမည်ကို စိုးရိမ်သဖြင့် ချက်ချင်း ထွက်ပြေးခိုင်းခြင်း ဖြစ်လေသည်။
ဒူလီဖန်း၏ လျှို့ဝှက်ချက်မှာ အဘယ်အရာဖြစ်သနည်း။
လင်ရှောင်စုအတွက်မူ ယခုအချိန်တွင် တွေးတောနေရန် အချိန်မရှိပေ။
သူ လုပ်ဆောင်ရမည့် တစ်ခုတည်းသော အရာမှာ ဒေါင်ဇီကို ခြေရာခံရန်သာ ဖြစ်ပေသည်။
ဤလမ်းမကြီးတွင် ကင်မရာများ မရှိသလို ခရီးဆုံးမှာလည်း ဖြစ်နိုင်ခြေ တစ်ထောင်ကျော် ရှိနေသည်။
သို့သော် လင်ရှောင်စု၏ ခြေရာခံခြင်းမှ မည်သည့်ယာဉ်ကများ လွတ်မြောက်နိုင်မည်နည်း။
လေထဲ ပျောက်ကွယ်သွားသည်မှလွဲလျှင် မည်သူမျှ မလွတ်မြောက်နိုင်ပေ။
သို့သော်….
လင်ရှောင်စုမှာမူ စိတ်အေးလက်အေး မဟုတ်ဘဲ အခက်အခဲ တစ်ခုခုနှင့် ကြုံတွေ့နေရပုံ ပေါက်နေ၏။