အခန်း (၆၁) ငါးစာကို ကိုက်လိုက်သည့် ငါး
လင်ရှောင်စုသည် သူမ၏ လုံခြုံမှုပေးမည်ဆိုသော ကမ်းလှမ်းချက်ကို ငြင်းဆန်ခြင်းမရှိခဲ့ပေ။
အကြောင်းမှာ ဒူလီဖန်း မည်သို့သော ရွေးချယ်မှုပြုလုပ်မည်ကို သူကိုယ်တိုင်ပင် အာမခံချက် မပေးနိုင်သောကြောင့်ပင် ဖြစ်လေသည်။
ငါးမျှားတံကို ရေထဲသို့ ချလိုက်ပြီဖြစ်ရာ ငါးက အစာကို ကိုက်မကိုက်မှာမူ မည်သူမျှ မသိနိုင်ပေ။
ကျိုးမေသည် သူ့ကို ကာကွယ်ပေးရန် စိတ်ကူးနေသကဲ့သို့ သူကိုယ်တိုင်ကလည်း ကျိုးမေကို ကာကွယ်ပေးရန် စိတ်ကူးနေမိလေသည်။
သူတို့နှစ်ဦး လိုအပ်သည်မှာ ဤတစ်ညတာမျှသာဖြစ်ပြီး မနက်ဖြန်မနက်ဆိုလျှင် ဒူလီဖန်း၏ နောက်ဆုံးဆုံးဖြတ်ချက်ကို သူ သိရှိရတော့မည်ဖြစ်သည်။
ထို့ကြောင့် ယနေ့ညတွင် ဖုန်းချန်းအလွတ်စုံထောက်ရုံး၌ လူအင်အား အပြောင်းအလဲပြုလုပ်ရန် လိုအပ်နေပေသည်။
နေဝင်ပြီး ညရောက်သည့်အခါ လင်ရှောင်စုနှင့် ကျိုးမေတို့သည် လမ်းတစ်လျှောက် လမ်းလျှောက်လာပြီး ဖုန်းချန်းအလွတ်စုံထောက်ရုံးထဲသို့ ဝင်ကာ အပြင်ဘက်မှ တံခါးကို ပိတ်လိုက်ကြ၏။
၎င်းမှာ ညဘက်လုပ်ငန်းစဉ် စတင်နေပြီဟူသည့် အရိပ်အယောင်ပင် ဖြစ်ပေသည်။
လမ်းတစ်ဖက်ရှိ ကုန်စုံဆိုင်တွင် အလယ်အလတ်အရွယ် အဒေါ်ကြီးတစ်ဦးသည် သူတို့ ထွက်ခွာ သွားသည်ကို ကြည့်နေရင်း သူမ၏ မျက်နှာသွင်ပြင်မှာ တက်ကြွနေပြီး ဖုန်းကို ကောက်ကိုင်ကာ သူမ၏သားဖြစ်သူထံ ဖုန်းဆက်လေတော့၏။
"သားရေ သား ရည်းစားထားရမယ့် အချိန်တန်ပြီ... အိမ်ကနေပြီးတော့ သင့်တော်မယ့်သူ ရှိမရှိ ရှာကြည့်လို့ မရဘူးလား အဓိကက သား ရည်းစားထားဖို့ လိုအပ်နေတာ အမေ့ရှေ့က ဖုန်းချန်းအလွတ်စုံထောက်ရုံးကို ကြည့်စမ်း သူတို့ဆီမှာ နောက်ထပ် မိန်းကလေးတစ်ယောက် လာအိပ်သွားပြန်ပြီ အမေ ပြောမယ် အတူအိပ်မယ့်သူ ရှာဖို့က အရေးကြီးဆုံးပဲ... ဘာတဲ့ အမေ့ကို ပိုက်ဆံပို့ခိုင်းမလို့လား မိန်းကလေးရှာဖို့ တစ်လကို နှစ်သောင်း သုံးချင်တာလား ဟိုဘက်က လူငယ် စုံထောက်လေးကို ကြည့်စမ်း သူက သူ့အမေဆီ ပိုက်ဆံ တောင်းဖူးလို့လား ပိုက်ဆံမရှိဘူးဆိုတဲ့ အကြောင်းပြချက်ကို မသုံးနဲ့ ကိုယ့်ဘာသာကိုယ် ရှာလို့ မရဘူးလား သူများတွေကျတော့ ဘာလို့ ရတာလဲ..."
ဆူပူကြိမ်းမောင်းလိုက်ပြီးနောက် နှိုင်းယှဉ်စရာ နမူနာများဖြင့် ပြည့်နှက်နေသည့် ထိုအဒေါ်ကြီး၏ စကားများကြောင့် လင်ရှောင်စုက ကျိုးမေကို အပေါ်ထပ် ခေါ်သွား၍ အိပ်သည်ဟူသော သာမန်ကိစ္စလေးမှာ သူ့အား "သူတစ်ပါးသားသမီး" ဟူသော စံပြပုံစံ ဖြစ်သွားစေတော့သည်။
လောကကြီးတွင် မိဘတစ်ဦး ဖြစ်လာဖို့မှာ ခက်ခဲလှသည်ဟုသာ ဆိုရပေမည်။
အပေါ်ထပ်ရောက်သောအခါ ကျိုးမေသည် မြောင်ရိုလန်၏ အခန်းထဲသို့ ခပ်ပေါ့ပေါ့လေး ဝင်ကြည့်မိလိုက်၏။
၎င်းမှာ သာမန်လိုပင် ဖြစ်သော်လည်း သူမသည် ရဲတစ်ယောက်ဖြစ်သည်ကို မေ့မထားသင့်ပေ။
သူမ၏ အမြင်အာရုံမှာ လင်ရှောင်စုကဲ့သို့ ထူးဆန်းမှု မရှိစေကာမူ သူမသည် အချက်တစ်ခုကို အာရုံစိုက်မိသည်။
တစ်စုံတစ်ယောက်သည် ထိုကုတင်ပေါ်တွင် အိပ်စက်ခဲ့ပြီး တစ်ယောက်တည်းသာ အိပ်စက်ခဲ့ခြင်း ဖြစ်ပေသည်။
ဤအချက်မှာ အရေးကြီးလှ၏။
ထို့နောက် သူမသည် လင်ရှောင်စု၏ အခန်းထဲသို့ ဝင်သွားလိုက်၏။
လင်ရှောင်စု၏ ကုတင်ပေါ်တွင်လည်း တစ်ယောက်တည်းသာ အိပ်စက်ထားခြင်း ဖြစ်ပေသည်။ အခန်းနှစ်ခန်းကို ကြည့်လိုက်ရုံဖြင့် ကောက်ချက်တစ်ခု ရသွားသည်။
ဖုန်းချန်းအလွတ်စုံထောက်ရုံးမှ သူတို့နှစ်ဦးမှာ "အလုပ်ကိစ္စပြီးလျှင် သီးခြားစီ အိပ်လေ့ရှိသည်" ဆိုသော အချက်ပင်ဖြစ်ပြီး ထိုနှစ်ဦးမှာ သန့်ရှင်းသော ဆက်ဆံရေး ရှိနေဆဲ ဖြစ်ဖွယ်ရှိလေ၏။
"မင်း မကြာသေးခင်ကမှ တစ်ညလုံး အိပ်မပျော်တဲ့ အကျင့်ဆိုးတစ်ခု ရနေတယ်လို့ ကြားတယ် ဒီညတော့ မင်းကို ကောင်းကောင်း အိပ်ပျော်စေဖို့ တစ်ညလုံး အချိန်ပေးမယ်"
လင်ရှောင်စုက ကုတင်ကို ညွှန်ပြလိုက်သည်။
"တက်ခဲ့"
ကျိုးမေသည် အနည်းငယ် တွေဝေသွား၏။
"ဒီညတော့ ဘေးကင်းမှာ မဟုတ်လောက်ဘူး"
"စိတ်မပူပါနဲ့ သူတို့ လာမှာ မဟုတ်ဘူးလို့ ၉၉ ရာခိုင်နှုန်း သေချာနေတယ်"
"သူတို့ လာခဲ့ရင်ရော"
"အဲဒီလို ဖြစ်ခဲ့ရင်တောင် လာတဲ့သူက မင်း ကိုင်တွယ်နိုင်မယ့်သူ မဟုတ်ဘူး ပြတင်းပေါက်ကို မျက်လုံးပြူးပြီး ကြည့်နေတာက မျက်လုံးမှိတ်ပြီး အိပ်နေတာနဲ့ ဘာမှ ထူးခြားမှာ မဟုတ်ဘူး"
"အဲဒါကတော့ တော်တော်လေး စော်ကားတဲ့ စကားပဲ ဒါပေမဲ့ ဘာလို့ အနည်းငယ် စိုးရိမ်နေတဲ့ အရိပ်အယောင်ကို ခံစားနေရတာလဲ"
ကျိုးမေသည် မျက်တောင် ခတ်လိုက်လေသည်။
"အခုမှပဲ ကျွန်တော် မင်းကို ကောင်းကောင်း ဆက်ဆံမှန်း သိတော့တယ်ပေါ့ ဟုတ်လား ဒါဆိုရင် မင်းရဲ့ အမေကို အိမ်လခ လျှော့ပေးဖို့ ပြောပေးရင်ရော"
ကျိုးမေ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။
"မင်း... မင်း...”
"လာခဲ့စမ်းပါ ကျွန်တော်က အလကားသက်သက် စုံထောက်လုပ်နေတာလို့ ထင်နေလား ဘယ်သူက ဒီနေရာကို ငှားပေးတာလဲဆိုတာတောင် မသိရအောင်လား"
လင်ရှောင်စုက ပြောလိုက်သည်။
"မင်း ဖုန်းတစ်ခေါ်တည်းနဲ့ ဒီလို ကောင်းမွန်တဲ့ ဆိုင်နေရာကို ရှာပေးတုန်းက အိမ်ရှင်ကလည်း စကားပြောရတာ လွယ်ကူလွန်းလို့ ကျွန်တော်နဲ့ မြောင်ရိုလန်ထဲက တစ်ယောက်ယောက်ကို သဘောကျပြီး သူ့ရဲ့ အူကြောင်ကြောင် သားလေး ဒါမှမဟုတ် အသက်ကြီးတဲ့ သမီးလေးအတွက် အကျိုးကျေးဇူးတစ်ခု စီစဉ်ပေးဖို့ စိတ်ကူးနေတာလို့ ထင်ခဲ့တာ ဒါနဲ့ ကျွန်တော် အနည်းငယ် စုံစမ်းကြည့်လိုက်တယ် မစုံစမ်းဘဲဆိုရင် ကျွန်တော် မင်းရဲ့ စေတနာကို လွဲချော်မိတော့မှာ နောက်ဆုံးတော့ ဒီအိမ်က တကယ်တမ်းကျတော့ မင်းရဲ့ ပိုင်ဆိုင်မှု ဖြစ်နေတာပဲ...”
ကျိုးမေသည် သူ့ကို စောင်းကြည့်လိုက်သည်။
"ကျွန်မရဲ့ အမေက သဘောကောင်းတယ်လို့ မင်း ပြောပြီးသားပဲ အိမ်လခကလည်း သက်သာပြီးသား မင်းက အဲဒါကို ထပ်လျှော့ခိုင်းဦးမလို့လား”
"ကောင်းပါပြီ ကောင်းပါပြီ မလျှော့တော့ပါဘူး အခု ပျော်ပြီလား အိပ်တော့"
ကျိုးမေသည် သူမ၏ ဖုန်းနှင့် အားသွင်းကြိုးကို ပေးလိုက်သည်။
"ဒါကို ကျွန်မအတွက် အားသွင်းပေးထားပါ”
ကုတင်ဘေး စားပွဲပေါ်ရှိ အားသွင်းပေါက်မှာ လင်ရှောင်စုနှင့် ပြည့်နေပြီဖြစ်ရာ သူသည် အခြားပေါက်တစ်ခုကို လိုက်ရှာနေ၏။
ကျိုးမေက ပြောလိုက်သည်။
"စားပွဲနောက်မှာ အခြား ပေါက်တစ်ခု ရှိသေးတယ်..."
ဤအချက်က အတည်ပြုလိုက်ခြင်းပင် ဖြစ်ပေသည်။
အိမ်မှာ အမှန်ပင် သူမပိုင်ဖြစ်ပြီး သူမ ကောင်းကောင်း သိထားသည် စားပွဲကွယ်နေသည့် အားသွင်း ပလပ်ပေါက်ကလေးအထိပင်။
ကျိုးမေသည် လှဲချလိုက်ပြီး ဂျက်ကတ်ကို ချွတ်လိုက်သော်လည်း အတွင်းထဲက အဝတ်အစား များကို မချွတ်ပေ။
သူမ၏ သေနတ်မှာလည်း စောင်အောက်တွင် ရှိနေဆဲဖြစ်သည်။
သူမသည် နံရံဘက်ကို ကပ်လျက် နေရာအနည်းငယ်ကိုသာ ယူထားပြီး အပြင်ဘက်တွင် နေရာကျယ်ကျယ် ချန်ထားပေးလေသည်။
မိန်းကလေးတစ်ယောက်အနေဖြင့် သူတို့နှစ်ဦးကို ကုတင်ပေါ်တက်ရန် တိုက်ရိုက် မဖိတ်ခေါ်နိုင် သော်လည်း အလွန်အမင်း အထာမလုပ်သရွေ့ သူသည် ကုတင်ပေါ်သို့ သူ့ဘာသာသူ တက်လာလိမ့် မည်ဟု သူမ ထင်လိုက်မိလေသည်။ ဒီတစ်ညမှာတော့ အချစ်ဇာတ်လမ်းနဲ့ လုံးဝ မဆိုင်ပေ အထူးအခြေအနေတစ်ခုကြောင့် အတူနေခြင်း သို့မဟုတ် ကုတင်မျှဝေအိပ်ခြင်းမျှသာ ဖြစ်သည်။
အိပ်ဖို့သာဆိုလျှင် ဒုတိယထပ်က မည်သည့်အခန်းမဆို ရသော်လည်း ဒီညတွင် လုပ်ကြံ သတ်ဖြတ်မည့် ခြိမ်းခြောက်မှု ရှိနေပေသည်။
အတူရှိနေမှသာ တစ်ယောက်ကို တစ်ယောက် စောင့်ရှောက်နိုင်မည် ဖြစ်၏။
ထို့ကြောင့် အခန်း သုံးခန်း ရှိသော်လည်း သူတို့နှစ်ဦးမှာ တစ်ခန်းတည်းမှာပင် ကျပ်ကျပ် တည်းတည်း နေရတော့သည်။
ကျိုးမေ အိပ်ပျော်သွားသည်။
လင်ရှောင်စု မအိပ်သေးပေ။
သူသည် မီးကို ပိတ်လိုက်ပြီး စားပွဲတင်မီးအိမ်ကို အနည်းဆုံး အလင်းရောင်သို့ ထားလိုက်၏။ သူသည် အသံမထွက်ဘဲ ပြတင်းပေါက်ဆီသို့ ရွေ့သွားပြီး ပက်လက်အနေအထားဖြင့် ထိုင်လိုက် လေသည်။ ရှေးဟောင်းကိုယ်ခံပညာကို လေ့ကျင့်လေလေ ပို၍ စွဲလမ်းလေလေပင် ဖြစ်ချေသည်။ ဘာကြောင့်လဲ လေ့ကျင့်တိုင်းတွင် တိုးတက်မှုများ ရှိနေသောကြောင့် ဖြစ်ပေ၏။
သူ၏ ဦးနှောက်ထဲရှိ ငွေရောင်ငါး၏ အကူအညီဖြင့် မရေရာသော မရီးဒန်များမှာ သူ၏ အတွင်းစိတ် အာရုံမျက်လုံးထဲတွင် မြင်သာသော ဇယားကွက်တစ်ခု ပုံစံ ဖြစ်လာ၏။
အခြားသူများအတွက် အခက်ခဲဆုံးဖြစ်သော မရီးဒန်များကို ခံစားရခြင်းမှာ သူ့အတွက် မျက်စိဖြင့် မြင်ရသကဲ့သို့ပင်။ ထို့ကြောင့် သူ၏ မရီးဒန်များ ကျော်ဖြတ်နိုင်ခြင်းမှာ ပဲစေ့စားသကဲ့သို့ပင် လွယ်ကူလှသည်။
ဆယ်ရက်ကျော်အတွင်းမှာပင် သူသည် ခန္ဓာကိုယ်၏ အဓိက သွေးကြောနှစ်ခု အဓိက မရီးဒန် ဆယ်ခုနှင့် ထူးခြားသော မရီးဒန် ရှစ်ခုတို့ကို ဖွင့်လှစ်နိုင်ခဲ့ပေသည်။
ဤအချက်ကို ရိုလန်ပင် မသိပေ။
ဘာကြောင့်လဲ လင်ရှောင်စု ကိုယ်တိုင်က သူ၏ ခန္ဓာကိုယ်မှ ထွက်လာသော အညစ်အကြေးများ မည်မျှ ညစ်ပတ်သည်ကို သိသောကြောင့်ဖြစ်ပြီး ရိုလန်မှာ သူ့အဝတ်အစားများကို လဲလိုက်တိုင်း လျှော်ဖို့ ကြိုးစားတတ်သူမျိုးဖြစ်ပေရာ လင်ရှောင်စုသည် တရားထိုင်တိုင်း အဝတ်အစား အကုန်ချွတ်လေ့ရှိသည်။
သို့သော် ဒီညတော့ မဟုတ်ပေ။
ဒီည ကျိုးမေ ကုတင်ပေါ်တွင် လှဲနေချိန်တွင် သူသည် အဝတ်များ အကုန်ချွတ်လိုက်ပြီး ထိုမိန်းကလေးက မျက်လုံးဖွင့်ကြည့်ကာ "ဘာလုပ်နေတာလဲ" ဟု မေးလျှင် သူ မည်သို့ ပြန်ပြောရမည်နည်း။ ၎င်းမှာ မြစ်ရေနှင့် ဆေး၍မရသော ကိစ္စမျိုးပင် ဖြစ်ချေသည်။
‘မေ့လိုက်ပါတော့ အဝတ်အစားတွေပဲလေ ညစ်ပတ်သွားပါစေတော့’
လင်ရှောင်စုသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ မရီးဒန်များကို ဖွင့်လှစ်ရန် နောက်ထပ် ကြီးမားသော စီမံကိန်းတစ်ခုကို စတင်ခဲ့လေသည်။ ထိုစီမံကိန်းမှာ သေးငယ်သော မရီးဒန်များနှင့် ပတ်သက်သည်။ လူ့ခန္ဓာကိုယ်အတွင်းတွင် သာမန်လူတို့ နားလည်ထားသော မရီးဒန် အဓိက နှစ်ခု ဆယ်ခုနှင့် ထူးခြားသော ရှစ်ခု ရှိသော်လည်း အမှန်တကယ်တွင်မူ မရေမတွက်နိုင်သော သေးငယ်သည့် မရီးဒန်များ ရှိလေသည်။ ထိုသေးငယ်သော မရီးဒန်များမှာ ဘယ်မှာရှိသနည်း။
‘ခန္ဓာကိုယ် အနှံ့မှာပဲ’
သင်၏ လက်မောင်းကို ဆံပင်တစ်ချောင်းနှင့် ကုတ်လိုက်သောအခါ သင် ခံစားရသည် မဟုတ်လား။ ထိုခံစားမှုမှာ မည်သို့ ပျံ့နှံ့သွားသနည်း။
အာရုံကြောများ၏ အစွန်းပိုင်း အစိတ်အပိုင်းများမှတစ်ဆင့် ဖြစ်ပြီး ၎င်းတို့မှာလည်း သေးငယ်သော မရီးဒန်များပင် ဖြစ်လေသည်...။ေ
ပြန်လည်နုပျိုခြင်းပညာရပ်က ဖော်ပြသည်မှာ မရီးဒန်များစွာ ရှိပြီး လွတ်လပ်စွာ ပေါင်းစပ်နိုင် လေသည်။ ၎င်းတို့ ပေါင်းစပ်သည့် နေရာတိုင်းတွင် အံ့ဖွယ် အကျိုးသက်ရောက်မှုများ ရှိလိမ့်မည်ဟု ဆိုထားလေ၏။
ဤကဲ့သို့ ဖော်ပြချက်က လင်ရှောင်စုကို တုန်လှုပ်စေခဲ့ပြီး သူ တွေးမိသည်မှာ ခန္ဓာကိုယ် အနှံ့ရှိ မရီးဒန်အားလုံးကို ဖွင့်လှစ်ပြီး စစ်မှန်သော ချီစွမ်းအင် စီးဆင်းမှုအတွက် လမ်းကြောင်းများ ဖန်တီးလိုက်မည် ဆိုပါက မည်သို့ဖြစ်သွားလိမ့်မည် ဆိုသောအချက်ပင် ဖြစ်ချေ၏။
အဝေးပြေးလမ်းမကြီးသာ တည်ဆောက် ပြီးမြောက်သွားသည်နှင့် တစ်ပြိုင်နက် အမျိုးမျိုးသော ပေါင်းစပ်မှုများအတွက် အဆင့်မြင့် လမ်းစကိုလည်း ဖန်တီးပေးပြီး ဖြစ်ပေလိမ့်မည်။
‘နောင်အခါတွင် ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုခုကို အထူးအာရုံစိုက်လိုလျှင် စစ်မှန်သော စွမ်းအင်ကို ဤ တည်ဆောက်ပြီးသား လမ်းကြောင်းများမှတစ်ဆင့် စီးဆင်းခွင့် ပေးလိုက်ရုံဖြင့် အဆင်မပြေပေဘူးလား’
ဤသည်မှာ ရည်မှန်းချက် ဖြစ်နိုင်သလို ပျင်းရိခြင်းဟုလည်း ခေါ်ဆိုနိုင်သည်။
လမ်းကြောင်း ပြဿနာကို စဉ်းစားရတာ ပျင်းစရာကောင်းသည်။
‘အခြေခံ အဆောက်အအုံကို အရင် လုပ်ထားတာ ပိုကောင်းပြီး နောက်ပိုင်းအတွက်ကတော့ စစ်မှန်သော စွမ်းအင်ကို သူသွားချင်သည့် နေရာတိုင်းတွင် လွတ်လပ်စွာ သွားပါစေတော့’
စစ်မှန်သော ချီစွမ်းအင်မှာ ခန္ဓာကိုယ်အတွင်း စီးဆင်းနေပြီး အနည်းငယ် နာကျင်မှုမှာ "နာကျင်သော်လည်း ပျော်ရွှင်သည်" ဟူသော စကားလုံးကို ဖြစ်ပေါ်စေလေသည်။
အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွား၏။
ဖုန်းချန်းမြို့လေးမှာလည်း တဖြည်းဖြည်း ငြိမ်သက်သွားလေတော့သည်။
ထိုတိတ်ဆိတ်မှုထဲတွင် အရှေ့ဘက်၌ မနက်ခင်း၏ ဖျော့တော့တော့ အလင်းရောင်များ စတင် ပေါ်ထွက်လာသည်။
လင်ရှောင်စုသည် မျက်လုံးဖွင့်လိုက်ပြီး စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
သူ ထ၍ ရေချိုးခန်းသို့ ဦးတည်သွားလိုက်ပြီးနောက် ရေချိုးဂျယ်လ်ကို အကြိမ်ကြိမ် အသုံးပြုရင်း ညစ်ပတ်နေသောရေများ စီးကျသွားလေသည်။
နောက်ဆုံးတွင် သန့်ရှင်းသွားပြီးနောက် သူသည် လျှော်ရန်အတွက် အဝတ်များကို ကောက်ယူ လိုက်၏။
အရာအားလုံး စနစ်တကျ ဖြစ်သွားချိန်တွင် နေ့ဘက်ပင် ဖြစ်နေချေပြီ။
လင်ရှောင်စုသည် လန်းဆန်းမှုကို ခံစားရပြီး သန့်ရှင်းသော အဝတ်အစားများကို ဝတ်ဆင်ကာ ရေချိုးခန်း တံခါးကို ဖွင့်လိုက်သောအခါ ကျိုးမေမှာ ကုတင်၏ အခြားတစ်ဝက်ကို ငေးမောကြည့် နေရင်း ထိုင်နေသည်ကို မြင်လိုက်ရ၏။
ထိုကုတင်၏ တစ်ဝက်မှာ ထိတွေ့ထားခြင်း မရှိပေ။
သူတို့ကဲ့သို့ လူမျိုးမှာ ကုတင်ပေါ်တွင် တစ်စုံတစ်ယောက် အိပ်ခဲ့သလား မအိပ်ခဲ့ဘူးလား ဆိုသည်ကို တစ်ချက်ကြည့်ရုံနှင့် သိနိုင်ပေသည်။
"မင်း ညက ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့တာလား" ကျိုးမေက မေးလိုက်သည်။
"အခုတော့ သိပြီပေါ့ ကျွန်တော်က စကားတည်တဲ့သူပါ နောက်ပိုင်းမှာ ကျွန်တော့်ကို လင်ရှောင်စု (လင် လူကြီးလူကောင်း) လို့ ခေါ်ဖို့ မမေ့နဲ့..."
လင်ရှောင်စုက ပြောလိုက်သည်။
"ဟွန်း ကြမ်းပြင်ပေါ်မှာ အိပ်လို့ လူကြီးလူကောင်း ဖြစ်သွားရောလား 'ရည်ရွယ်ချက်က သန့်ရှင်းသရွေ့ သီလရှင်နဲ့ ဘုန်းကြီးလည်း ခေါင်းအုံးအတူတူ သုံးနိုင်တယ်' ဆိုတဲ့ စကားကို မကြားဖူးဘူးလား မင်း ကုတင်ပေါ် မတက်ရဲတာက မင်းရဲ့ ရည်ရွယ်ချက်တွေ မသန့်ရှင်းဘူး ဆိုတာကိုပဲ သက်သေပြနေတာ”
"သောက်ကျိုးနည်း"
လင်ရှောင်စုက ပြောလိုက်လေသည်
"အဲဒီလို ဆိုရင်တော့ ကုတင်ပေါ်ကို မဖြစ်မနေ တက်ရတော့မှာပဲ ဟိုဘက်ကိုတိုး နေရာ နည်းနည်း ဖယ်ပေးဦး...”
"ကျွန်မ အလုပ်သွားတော့မယ် ကုတင်တစ်လုံးလုံး မင်းပဲ ယူလိုက်တော့"
ကျိုးမေသည် ခုန်ချလိုက်ပြီး တံခါးဆီသို့ ပြေးသွား၏။
တံခါးရောက်သောအခါ ကျိုးမေ၏ ပါးပြင်များမှာ နီရဲနေဆဲပင်။
သူမ၏အနောက်မှ အသံတစ်ခု ကြားလိုက်ရလေသည်။
"မင်းရဲ့ ကားကို ရက်အနည်းငယ်လောက် ငှားပါဦး”
ကျိုးမေသည် ခေါင်းခါလိုက်သည်။
"ပိုက်ဆံချေးတာက အဆင်ပြေပေမဲ့ ကားဆိုရင်တော့... ကျွန်မရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းမလေး တွေကလွဲရင် ဘယ်သူ့ကိုမှ မငှားဖူးဘူး သွားပြီ...”
"မင်း အကောင့်ထဲမှာ ရှစ်ထောင်ပဲ ရှိတာ ဘာများ ချေးစရာ ရှိလို့လဲ ကားသော့ ချထားခဲ့”
ကျိုးမေ လှည့်လာပြီး သူ့ကို တစ်ချက်ကြည့်လိုက်သည်။
"မင်း တကယ် ပြောနေတာလား"
"တကယ် ပြောတာ"
"ဘာလို့ ကား လိုတာလဲ”
"ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ ယာဉ်မောင်းလိုင်စင် မရှိဘူး ကားငှားဖို့တောင် မဖြစ်နိုင်ဘူး သူငယ်ချင်းတွေကိုပဲ ငှားခိုင်းလို့ ရမှာ”
ကျိုးမေ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
‘ယာဉ်မောင်းလိုင်စင် မရှိတာက ကားငှားရတဲ့ အကြောင်းပြချက်လား အဲဒါက ကားမငှားပေးရမယ့် အကြောင်းပြချက် မဟုတ်ဘူးလား’
သို့သော် သူမမှာ သာမန်လူ မဟုတ်ပေ သူမ၏ မျက်လုံးများမှာ တဖြည်းဖြည်း ငြိမ်သက်သွား၏။
"မင်း တကယ်တမ်း ဘာလုပ်ဖို့ စီစဉ်နေတာလဲ”
"မနေ့ညက ငါတို့ကို လုပ်ကြံဖို့ ဘယ်သူမှ မလာဘူး အဲဒါက ငါတို့ ခန့်မှန်းချက် မှန်တယ်ဆိုတာ သက်သေပြနေတယ် ဒေါင်ဇီက သီအိုရီအရ ထွက်ပြေးသွားပြီ”
"မင်း သူ့နောက်ကို လိုက်ချင်နေတာလား"
"ဒါပေါ့ မဟုတ်ရင် ကျွန်တော်က သူ့ကို ဘာလို့ ပြေးခိုင်းရမှာလဲ"
"အတူတူ သွားကြရအောင်”
"မသွားရဘူး ဒီခရီးမှာ မင်း ပါဝင်လို့ မရဘူး”
ကျိုးမေသည် သူမ၏ အိတ်ငယ်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး စိတ်ရှုပ်ထွေးနေသော နှလုံးသားဖြင့် ကားသော့ကို ကိုင်ထားမိလေသည်။
‘သူတစ်ယောက်တည်း သူ့နောက်ကို လိုက်မလို့လား ပြီးတော့ တစ်ဖက်လူမှာ မျိုးရိုးဗီဇပြုပြင်ထားသူဖြစ်ပြီး ဘယ်ကို သွားမှန်း မသိ မျိုးရိုးဗီဇပြုပြင်ထားသူတွေရဲ့ စခန်းကို ပြန်သွားတာလား မသိ အဲဒီလိုသာ ဆိုရင် သူပဲဖြစ်ဖြစ် သူမပဲဖြစ်ဖြစ် ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး အဖွဲ့ တစ်ခုလုံးကို ဆွဲခေါ်သွားရင်တောင် သေမင်းနဲ့ နီးကပ်နေတော့မှာပဲ’
"လင်ရှောင်စု မင်း ဒီလောက်တောင် အဆင်ခြင်မဲ့လို့ မရဘူး ကျွန်မ တကယ် ပြောနေတာ ဘာလို့... ဦးဆုံး ရဲမှူးကြီးကျန်းနဲ့ တိုင်ပင်မကြည့်ရတာလဲ”
"အချိန်မရှိတော့ဘူး"
လင်ရှောင်စု၏ လက်မှာ ဖြည်းညှင်းစွာ ဆန့်ထွက်လာပြီး သူမ၏ လက်ဖဝါးထဲမှ သော့ကို တိုက်ရိုက် ယူလိုက်သည်။
"စိတ်မပူပါနဲ့ ကျွန်တော် ဘယ်ယာဉ်စည်းကမ်းကိုမှ မချိုးဖောက်ပါဘူး”
"ဒီကိစ္စက မင်း စည်းကမ်း ချိုးဖောက်မလား မချိုးဖောက်ဘူးလားဆိုတဲ့ ကိစ္စလား ကျွန်မတို့က မင်းရဲ့ အသက်အကြောင်း ပြောနေတာ..."
"ဒါဆိုရင်တော့ ပိုပြီး စိတ်အေးလက်အေး ဖြစ်သင့်တာပေါ့ ကျွန်တော့်မှာ သူများမသိတဲ့ ဝှက်ဖဲရှိတယ်လေ”
ကျိုးမေ တံခါးဝသို့ ရောက်ချိန်တွင် အပြင်ဘက်တွင် ရပ်ထားသော ကားမှာ စက်နှိုးပြီး ဖြစ်ကာ ယာဉ်တန်းများထဲသို့ ရောနှောသွားခဲ့ပြီ ဖြစ်ပေ၏။
ကျိုးမေသည် လက်ကိုမြှောက်ကာ သူမ၏ နဖူးကို အသာအယာ ဖိလိုက်သည်။
‘ငါက အရူး ဖြစ်နေတာပဲ ယာဉ်မောင်းလိုင်စင်တောင် မရှိတဲ့သူကို ကားသော့ ပေးလိုက်မိတယ် ပြီးတော့ သူက အလွန် အန္တရာယ်များတဲ့ မျိုးရိုးဗီဇပြုပြင်ထားသူကို လိုက်လံ ဖမ်းဆီးဖို့ သွားနေတာ... မင်းမှာ သူများမသိတဲ့ အချက်အလက် ရှိတယ်ပေါ့ မင်းမှာ ဘာဝှက်ဖဲမျိုး ရှိတာလဲ ရှေးဟောင်းကိုယ်ခံပညာ ဆက်ခံသူနဲ့ အတူရှိနေရုံနဲ့ ရှေးဟောင်းသိုင်းပညာကို အမွေရတာ မဟုတ်ဘူး ပြီးတော့ ကျွန်မ လေ့လာမိသလောက်ဆိုရင် ရှင်တို့နှစ်ယောက် အတူတောင် မအိပ်ခဲ့ကြဘူး...’
သို့သော် လင်ရှောင်စုမှာ အစွမ်းအစ အနည်းငယ်တော့ ရှိပုံရလေသည်။
ဟောင်ဆန်နှင့် သူ၏ လူများ လမ်းကြားထဲတွင် သူ့ကို ချောင်းမြောင်းတုန်းက သူ အလွယ်တကူ လှဲချလိုက်တာမျိုး ပြီးတော့ မနေ့က မျိုးရိုးဗီဇပြုပြင်ထားသူ၏ ခေါင်းပေါ်မှ ဆံပင်တစ်ချောင်းကို တိတ်တဆိတ် ဆွဲနှုတ်လိုက်တာမျိုး သူမတောင် မျက်စိရှေ့မှာ ရှိနေပေမဲ့ သေချာ မမြင်လိုက်ရ လောက်အောင် မြန်ဆန်လွန်းသော လှုပ်ရှားမှုမျိုးပင် ဖြစ်နေလေတော့သည်။